အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Monday, April 27, 2009

ခံစားချက် ( ၁ )

ကျွန်တော်ဗျာ ပြီးခဲ့တဲ့ရက်က အလုပ်ထဲမှာ အရမ်းဒေါသထွက်ခဲ့ရတယ်။ ကျွန်တော်ရဲ့ အထက်လူကြီးက ရာထူးတိုးပြီး ပြောင်းသွားတော့ နောက်ရောက်လာတဲ့ အထက်လူကြီးက ကျွန်တော်တို့ လုပ်ငန်းအခြေအနေကို သိပ်နားမလည်ပဲ ကျွန်တော်တို့ကို ဆရာလုပ်ချင်တယ်ဗျ။ အဲ့ဒါနဲ့ ကျွန်တော်တို့လဲ သူလုပ်တာနဲ့ ကမောက်ကမတွေဖြစ်ပြီး အကုန်ရှုပ်ကုန်တော့တာပေါ့။ အဲ့ဒါကို ကျွန်တော်က ပြောတော့ ကျွန်တော့်ကို သူပြောတာကို နားမထောင်လို့တဲ့လေ။ ကွိုင်ရှာတယ်။ အဲ့ဒါနဲ့ ကျွန်တော်လဲ စိတ်တိုတိုနဲ့ ပြန်အော်ပစ်လိုက်တယ်ဗျာ။ ရှင်းရော။

လူသားရယ်လို့ဖြစ်လာရင် ဒေါသနဲ့မကင်းတတ်ကြပါဘူး။ ကျွန်တော်လဲ လူထဲက လူတစ်ယောက်ပေမို့ စိတ်တိုဒေါသဖြစ်တဲ့ အကြိမ်ပေါင်းဟာ သည် ၂၁ နှစ်အတွင်းမှာ ရေတွက်မရနိုင်အောင် ရှိခဲ့ဖူးပါပြီ။

ဘာ့ကြောင့် ကျွန်တော် ဒေါသဖြစ်ခဲ့သလဲ။ ပြန်စဉ်းစားမယ်ဆိုရင် စိတ်အလိုမကျလို့၊ လိုချင်တာမရလို့၊ ကိုယ့်ပြောစကား မအောင်လို့ ၊ သူများအထင်သေးမှာ ကြောက်လို့၊ အို .. အစုံပါပဲဗျာ။ ( ထပ်ပြောရင် အရှက်ကွဲတော့မယ်။ )

ကျွန်တော် ဒေါသဖြစ်တဲ့ အချိန်တိုင်း ကျွန်တော့်စိတ်ကို ကျွန်တော်ထိန်းနိုင်ခဲတယ်ဗျ။ တစ်ခုခုပေါက်ကွဲလိုက်ရမှ ကျေနပ်တယ်ဆိုတဲ့ စိတ်မျိုးနဲ့ပေါ့ဗျာ။ အခုမှ စိတ်အေးအေးထားပြီး ပြန်စဉ်းစားကြည့်မိတော့ အဲ့ဒီအချိန်တွေတုန်းက ကျွန်တော့်ကို သူများတွေက စိတ်ကြီးတယ်လို့ပြောရင် မသိစိတ်က ဂုဏ်ယူနေတာကလား။ တော်တော်လဲ ဆန်းကြယ်တဲ့စိတ်ပဲနော်။

တစ်နေ့ဗျာ။ ကျွန်တော် ဆရာတော် ရဝေနွယ်ရဲ့ ရွှေစကားတို့မြစ်ဖျား စာအုပ်ထဲမှာ မစိုးရိမ်ဆရာတော်ဘုရားကြီးက သာသနာရေးဝန်ကြီး ဦးကျော်ညွန့်ကို ပြောထားတဲ့ စကားလေးကို သွားဖတ်မိလိုက်တယ်။
အဲ့ဒီနေ့က ဦးကျော်ညွန့်က မြို့တော်ဝန်နဲ့ အကြီးအကျယ်စကားများကြပါတယ်။ ဒီသတင်းကို မစိုးရိမ်ဆရာတော်ဘုရားကြီးကြားတော့ မျက်နှာကြီးနီပြီး ဒေါသတွေအရမ်းထွက်နေတဲ့ ဦးကျော်ညွန့်ကို ခေါ်ပြီး ဆုံးမစကားဆိုပါတယ်။ ဒီအခါမှာ ဦးကျော်ညွန့်က တပည့်တော် မဟုတ်ရင် မခံချင်ဘူးဘုရားလို့ ပြန်လျှောက်တာကို မစိုးရိမ်ဆရာတော်က
" အေး၊ မင်းက မဟုတ်ရင် မခံချင်ဘူးကိုး။ ဟုတ် ဟုတ်၊ မဟုတ် ဟုတ် သည်းခံမှပေါ့။ မင်းနေတဲ့လောကကြီးကိုက ဟုတ်မှ မဟုတ်တာကွ။ မဟုတ်တိုင်းသာ မခံချင်ဘူးဆိုရင် တစ်လောကလုံးနဲ့ တစ်ယောက်သာ ရန်ဖြစ်နေပေတော့"
လို့ ပြန်မိန့်လိုက်ပါတယ်။
ဒီစကားက ကျွန်တော့်ကို တိုက်ရိုက်ပြောနေသလို ခံစားရပါတယ်။ ကျွန်တော်လဲ တစ်လောကလုံးနဲ့ ရန်ဖြစ်နေတဲ့သများဖြစ်နေပြီလားနော်။

နောက်ပြီး ဆရာတော်ဦးဇောတိက ကလဲ ဒေါသထွက်နေတဲ့အချိန်မှာ ဥာဏ်နဲ့ယှဉ်တဲ့ အလုပ်တွေကို လုပ်လို့မရနိုင်ပါဘူးတဲ့။ စိတ်ဆိုးဆိုးနဲ့ ကြမ်းတိုက်ရင်တော့ ပိုပြီးပြောင်သတဲ့။ ဒါပေမယ့် စာရေးဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူးတဲ့။ ဟုတ်လိုက်လေဗျာ။ ကျွန်တော်စိတ်အရမ်းတိုနေချိန်မှာ ဘာအလုပ်မှ လုပ်မရတာတော့ အမှန်ပဲဗျ။

ဒီတော့ ကျွန်တော်စဉ်းစားကြည့်မိတယ်။ ကျွန်တော်တို့က သေရမယ့်သူတွေချည်းပါ။ ဘယ်နေ့သေမယ်ဆိုတာ မပြောတတ်ပေမယ့် နံနက်ဖြန်တောင် သေသွားနိုင်တယ်လေ။ ဒီတော့ ဘာဖြစ်လို့များ အချင်းချင်း စိတ်ဆိုးဒေါသထွက်နေကြမလဲနော်။ သေသွားတဲ့နောက်မှာ ကိုယ်နဲ့အတူ ဘာမှပါမှာ မဟုတ်မှတော့ ကျွန်တော်စိတ်တိုနေတာ ဘာအဓိပါယ်ရှိတော့မလဲလေ။ ဒီတော့ရနေတဲ့လူ့ဘ၀မှာ စိတ်အေးချမ်းသာစွာနဲ့ နေချင်တဲ့ကျွန်တော် .....
ဒေါသကို ဂလုကနဲနေအောင် ပြန်မျိုချရင်း ..... ။

Thursday, April 23, 2009

တမ်းချင်း ( ၂ )

ခွဲရက်ကယ် ရှည်ကြာ
အိပ်မက်ကို အဖော်ပြုလို့
ပျိုလေးရင်မှာ...
မျှော်ကာသာ၊ ပေါ်မလာတော့လဲ
နွေဂိမာန၊် ပိတောက်ဖူးတွေနဲ့
ရာသီကုန၊် နှစ်သစ်ကူးပါပေါ့
ပျို့ချစ်သ၊ူ မောင်ကြီးကိုလ
လွမ်းမိတယ်လေး ...။

Wednesday, April 22, 2009

ခြောက်ခြားဖွယ်ရာ တစ်ညတာ...။

ပြောရဦးမယ်ဗျ။ ကျွန်တော်ငယ်ငယ်တုန်းကပေါ့။ ကျွန်တော်ငယ်ငယ်တုန်းကဆိုလို့ အဲ့ဒီတုန်းက ၉တန်းနွေရာသီကျောင်းပိတ်လို့ ၁၀တန်း တက်မယ့်နှစ်ပေါ့။ မှတ်မှတ်ရရ ကျွန်တော် ရည်းစားစထားတဲ့နှစ်။ ကျွန်တော့် ရည်းစားကောင်မလေးကလဲ တစ်ကျောင်းလုံးမှာ အလှဘုရင်မဘွဲ့ရထားလေတော့ ကျွန်တော်ဆိုတဲ့ကောင် မျက်နှာပန်း အတော်ပွင့်ကိုး။ ကျွန်တော်ကလဲ ဒီလိုအလှပဂေးလေးတွေကိုမှ ရွေးကြိုက်ခဲ့တာကလား။ ဒီလောက်တော့ရှိမှာပေါ့နော။

အဲ့ဒီနေ့က ကောင်မလေး တားနေတဲ့ကြားက ကျွန်တော်ဆိုတဲ့ကောင် ကျွန်တော့်အဖိုးဦးဆောင်တဲ့ ကျွန်တော့်အကို ၆ရက်နဲ့အတူ တောကိုလိုက်လည်ခဲ့မိတယ်ဗျာ။ ကျွန်တော့်အကို ၆ယောက်က အရင်းတွေတော့မဟုတ်ကြဘူးဗျ။ ကျွန်တော်နဲ့ အသက်မတိမ်းမယိမ်းသာ ကွာတဲ့ တစ်ဝမ်းကွဲတွေပေါ့။ ပြီးတော့ ကျွန်တော်တစ်ယောက်တည်း မိန်းကလေးပါတာ။ ဒီတော့ ကျွန်တော့် အကိုတွေက ကျွန်တော့ကို ယောက်ျားလေးလိုပဲ ဆက်ဆံကြတယ်ဗျာ။ ကျွန်တော်ကိုယ်တိုင်ကလဲ မိန်းကလေးကျောင်းထွက်ဆိုတော့ ယောက်ျားလေးတစ်ယောက်လိုပဲ နေတတ်တော့တာကိုး။

သြော် ပြောရင်းနဲ့ လမ်းလွဲသွားပြန်ပါပကော။ ပြောနေတဲ့အကြောင်းကို ပြန်ကောက်ရရင်ဖြင့် ကျွန်တော်တို့တွေ သာယာဝတီခရိုင် သုံးဆယ်မြို့နယ်ထဲက လက်ပံတုန်းကျေးရွာကို ရောက်ခဲ့ပါလေရော။ အဲ့ဒီတုန်းက မိုးရွာသီဗျ။ အဲ့ဒီရွာက ကျွန်တော်တို့အဖိုးရဲ့ တပည့်ရွာပေါ့ဗျာ။ သူကဖိတ်လို့ အဖိုးကသွားလည်ရင်း ကျွန်တော်တို့မျောက်လောင်းအုပ်စုပါ ပါသွားရတော့တာပေါ့။

ဒီလိုနဲ့ အဲ့ဒီရွာရောက်တော့ ဖိုးလုံး၊ သာပေါ၊ ကြွက်ပုတို့နဲ့ ခင်မိကြတယ်။ ရွယ်တူတွေကိုး။ ချိုမတို့ ၀ိုင်းစိန်တို့လည်းပါပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူတို့ကို ငမ်းလွန်းတော့ သူတို့က လေဒီတွေ ပီသစွာ ပဲပေးကြတာပေါ့နော်။

တိုတိုနဲ့ လိုရင်းပြောရရင် ကျွန်တော်တို့ရောက်ပြီး မိုးသည်းသည်းမဲမဲရွာတဲ့ တစ်ညမှာ ကွန်တော်တို့အုပ်စု ဖားရိုက်ထွက်ခဲ့ကြတယ်ဗျ။ ရန်ကုန်မှာ လေဒီတွေအိမ်ရှေ့ ဂစ်တာတီးလာတဲ့ ကျွန်တော်တို့လက်တွေဟာ အခုတော့ ဖားရိုက်တုတ်ကို စွဲကိုင်လို့ပေါ့။ ဒီလိုနဲ့ ကျွန်တော်တို့ ညမှောင်မှောင်မဲမဲ မိုးသည်းသည်းမှာ လယ်ကွင်းတွေအကြား မီးအုပ်ဆောင်းကိုယ်စီနဲ့ ဖားရိုက်ကြရင်း တဖြေးဖြေး ရွာနဲ့ဝေးတဲ့ နေရာ ရွာသချိုင်္င်းအစပ်ကို ရောက်လာတယ်။ ဒီအချိန်ည ၁၂နာရီကျော်နေပြီဗျ။ ကျွန်တော်တို့ခြေထောက်တွေက အုတ်ဂူမြေပုံတွေကို တက်နင်းမိတော့မှ သချိုင်္င်းအထိ နယ်ကျွံလာပြီမှန်း သိကြတော့တာ။ အဲ့ဒါ ကြောက်ကြောက်နဲ့ အိမ်ပြန်မယ်လုပ်တော့ သာပေါက သူတို့အိမ်ပြန်လမ်းကို မမှတ်မိတော့တဲ့အကြောင်း ပြောလာပါတယ်။ ဒါနဲ့ ကျွန်တ်ေတို့လဲ ဘာလုပ်ရမယ်မသိဖြစ်ပြီး ကြံရာမရတဲ့အဆုံး အဲ့ဒီသချိုင်္င်းက ဇရပ်ပေါ်မှာ တစ်ညတာနေကြဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ ဒီလိုနဲ့ဇရပ်ပေါ်မှာ မီးဖိုကြရင်း အချင်းချင်းစုထိုင်ကြရတာပေါ့။ အေးကလဲအေး၊ ကြောက်ကလဲ ကြောက်နဲ့ပေါ့ဗျာ။ အပြင်မှာကလဲ မိုးတွေက ၀ုန်းဒိုင်း။ ဒီအချိန်မှာပဲ ကျွန်တော့်ထက် ၆လပဲကြီးတဲ့ ကျွန်တော့်အကိုက ကျွန်တော့်ကို လက်ကုတ်ပြီး ဟိုမှာကြည့်စမ်းဆိုပြီးပြပါတယ်။ ဒါနဲ့ ကျွန်တော်လဲ ဇရပ်အပြင် သူပြတဲ့နေရာကို ကြည့်လိုက်တော့ အောင်မြတ်လေး လိပ်ပြာလွင့်မတတ်ပါပဲလားဗျာ။ မိန်းမကြီးတစ်ယောက် ဆံပင်ဖားလျားချပြီး ငုတ်တုတ်ကြီးထိုင်လို့ ကျွန်တော်တို့ကို ကြည့်နေလေရဲ့။ ကျွန်တော်ဖြင့် လန့်ဖျန့်ပြီး ထအော်မိမတတ်ဖြစ်သွားလို့ ကျွန်တော့်အကိုက ကျွန်တော့်ပါးစပ်ကို လှမ်းပိတ်တယ်။ ကျွန်တော်တို့ ၂ယောက်ဖြစ်နေတဲ့ ပုံစံကို ကျန်တဲ့သူတွေကပါ သတိထားမိပြီး မေးကြတော့ ကျွန်တော်တို့လဲ ပြလိုက်တာပေါ့။ လူအားလုံးပဲ အရမ်းကြောက်နေခဲ့ကြတယ်။ အချင်းချင်းတိုးဝှေ့ပူးကပ်ထိုင်ပြီး အဲ့ဒီနေရာကိုပဲ စိုက်ကြည့်နေခဲ့ကြတာဗျ။ အဲ့ဒီမိန်းမကြီးကလဲ ကျွန်တော်တို့ကို ပြန်ကြည့်နေလေရဲ့။ တစ်ခါတစ်ခါ သူ့ခေါင်းကို ကုတ်လိုက်သေးတယ်။ ကြောက်လိုက်တာဆိုတာဗျာ။ ခုပြန်တွေးရင် ခုကြက်သီးထမိတာ အမှန်ပါ။

ဒီလိုနဲ့ ကျွန်တော်တို့တွေ မအိပ်ဖြစ်ပဲ အဲ့ဒီမိန်းမကြီးနဲ့ နှစ်ပါးသွားပြီး မိုးလင်းပါလေရော။ မိုးလင်းတော့ မိုးကလဲတိတ်သွားပြီ။ ဒါပေမယ့် အဲ့ဒီမိန်းမကြီးက ဘယ်မှမသွားပဲ အဲ့ဒီနေရာမှာပဲ ရှိတုန်းဗျ။ အဲ့ဒါနဲ့ ကျွန်တော်တို့လဲ ဒီလောက်ဖြစ်လှတာ သွားကြည့်မယ်ဟာဆိုပြီး ရှိစုမဲ့စု သတ္တိကိုထုတ်လို့ သွားလိုက်တာ အနားရောက်တော့ လားလား မီးလောင်ထားတဲ့ ၀ါးရုံအုပ်ကြီးကိုးဗျ။ အဝေးက ကြည့်တော့ မိန်းမကြီးတစ်ယောက် ဆံပင်ဖားလျားချပြီး ထိုင်နေတဲ့ပုံစံပေါက်နေတာကိုး။ နောက်ပြီး လေအတိုက်မှာ ၀ါးရုံကိုင်းတွေက ညွှတ်တော့ ခေါင်းကုတ်တဲ့ပုံစံ ပေါက်နေတာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့မှာတော့ တစ်ညလုံး အသဲပေါက်မတတ် ကြောက်ခဲ့ရတာဗျ။
ကျွန်တော်တို့က အဲ့လောက်ထိ သတ္တိကောင်းခဲ့တဲ့သူတွေပါ။
သြော် ... သရဲရယ်... ဟင့်။

Monday, April 20, 2009

ရက်စက်တယ်... ဟင့် ။

ဒါကတော့ ကျွန်တော်ချစ်တဲ့ ကျွန်တော့်ရဲ့ ရိပ်သာဝင်ဖေါ်ဝင်ဖက် ကျွန်တော့်ရဲ့မောင်လေးက ပို့ပေးတဲ့ စာလေးပါ။ ကျွန်တော်တကယ်ပဲ ကြိုက်နှစ်သက်မိလို့ တင်ပြလိုက်ခြင်းဖြစ်ပါတယ်။ ခံစားကြည့်ကြပါဦးဗျာ။


မောင်..


အဲဒီနေ့က ကျမဘ၀အတွက် အပျော်ဆုံးနေ့လေးပေါ့.....ကျမ အချုစ်ကို
ရှာဖွေတွေ့ရှိတဲ့နေ့ လို့ ပြောရင်မမှားဘူးပေါ့.....မှတ်မိ
ပါသေးတယ်။ စိုင်းစိုင်းသီချင်းထဲကလို အဲဒီနေ့က မိုးမရွာဘူး။...

သူ...ကျမတို့ ကျောင်းကို စပြောင်းလာတဲ့နေ့လေးပေါ့.....အဲဒီနေ့က သူအကျီင်္
အဖြူလေးကို ၀တ်ထားတာလေးက နိုင်းနိုင်းတို့ သန့်သလို ချောသလို သူက
သန့်သန့်ချောချောလေးနဲ့ ဒီရင်ဘတ်ကြီးကို စွဲဆောင် သွားတာပေါ့။

ကျမနဲ့က မေဂျာပါတူတာဆိုတော့ တက်ရတဲ့ အခန်းချင်းလည်းတူတယ်။ ကျမလေ ဆ၇ာတွေ
စာသင်ချိန်မှာတောင် သူ့ကို ငေးကြည့်ရင်း ရင်ထဲတိုးတိုးချစ်လာရသူပါ....

သူကတော့ ကျမကိုရှိတယ်လို့တောင်မထင်ဘူး။ ကျမကိုမှ မဟုတ်ပါဘူး။
ဘယ်မိန်းကလေး ကိုမှ ရှိတယ်လို့ မထင်တာ။ ကျမလည်း ဒါလေးကိုပဲ ချစ်နေရတာ။

သူ့ကိုလေ...တခြားမေဂျာက ကောင်မလေးတွေကတောင် လာလာကြောင် ကြသေးတယ်။
မြွေမြေါချင်းဆိုတော့ ခြေမြင်တာပေါ့။ သူတို့ကလည်း ကျမရင်ထဲက မောင်ရဲ့
အချစ်ကို လိုချင်နေကြတာလေ...ကျမ မသိဘူးများ ထင်နေကြလား။

ကျမလက်ဦးမှကိုဖြစ်မှာပေါ့။ ကျမဘယ်လိုလုပ်ရမလဲ။
အင်း...ရေလာမြောင်းပေးရမှာ ပေါ့။ မိန်းကလေးတန်မဲ့ သူ့ကို
ရေလာမြောင်းပေးလုပ်မိပါတယ်။ နေ့ခင်းဘက်ဆို သူထိုင်တဲ့ ကင်န်တင်းရဲ့ သူ့အ
ရှေ့ စားပွဲဝိုင်းမှာထိုင် သူ့မျက်နှာလေးကို ငေးကြည့်။ ဒါကျမ
နေ့စဉ်လုပ်နေကြ လုပ်ငန်းစဉ်လေးပေမယ့် သူကတော့ သတိထားမိပုံကို မပေါ်ပါဘူး။

ဒီလိုနဲ့ စာသင်နှစ် တစ်နှစ်ကုန်ခါနီးတော့မယ်။ အခြေအနေက တိုးတက်လာမှုကို မရှိဘူး။

ကျမချစ်ရတဲ့ မောင်ရေ.....မောင့်မှာ ချစ်တတ်တဲ့ နှလုံးသားကောရှိရဲ့လား။
မောင်..မိန်းကလေး ဘ၀ကိုရော အားမနာတော့ဘူးလား။ မောင့်ကိုချစ်တယ် မောင်ရယ်။

@@@@@@@@@@@@@@@@@@@@@@@@@@

ဘာပဲဖြစ်ဖြစ် မောင်ရယ်...မောင့်ရဲ့အချစ်ကို ကျမရမှ ဖြစ်လိမ့်မယ်။ ဒီနေ့
ကျောင်းတက် ရမှာ နောက်ဆုံးနေ့လေ။ ဒီနေ့ကျောင်းတက်ပြီးသွားရင်
နောက်ရက်တွေစာမေးပွဲဖြေ၊ နောက်ဆုံးနှစ်ဆိုတော့ မောင့်မျက်နှာလေးကို
တွေ့နိုင်ဖို့အတွက် မောင့်အချစ်ကို ကျမရမှဖြစ်တော့မယ်။
မောင်ဖွင့်မပြောရင် ကျမမောင့် ကို ချစ်ပါတယ်လို့
မိန်းကလေးတန်မယ့်လာပြောတော့မယ်။ မောင်ရေ......

ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ဖို့ မောင်...လာတတ်တဲ့ လမ်းကလေးကနေ မောင့်
ိကို ကျမစောင့်နေလိုက်တယ်...ဒီနေ့မှ
မောင်ရယ်..နောက်ကျလိုက်တာ.....လာပါတော့....

ဟော...ဟိုမှာ...မောင်လာနေပြီ...အရင်က မောင်လာရင်ဘေးမှာ အဖေါ်တယောက်ပါနေ
ကြ။ အခု ကံကြမ္မာက ကိုယ့်ဘက်ကို လိုက်နေလို့လားမသိ။ မောင်တယောက်တည်း။

မောင်ရေ....မောင်ကို ချစ်တယ်...ကျမဘယ်လို ဖွင့်ပြောရမှာလဲ၊ ကျမ
တခုခုဖြစ်နေဟန် ဆောင်လိုက်တယ်။

"ဟိတ်...တို့ကို တခုကူညီပါလား"

မောင်..လှည့်ကြည့်တယ်။ ကျမနှလုံးသားတွေ အရည်တွေ
ပျော်ကုန်ပါပြီ..မောင်ရယ်... ဒါပေမယ့် မောင်က ဒီအတိုင်းပဲ
လှည့်ထွက်သွားတယ်။ မောင်ရယ်...ရက်စက်လိုက်တာ....၊၊

ဘာပဲဖြစ်ဖြစ် မောင့်ကို ကျမချစ်နေကြောင်း မောင်သီအောင် ဖွင့်ပြောရမယ်။

"မောင်"

အရဲစွန့်ပြီး ကျမလှမ်းခေါ်လိုက်တယ်။ မောင်လှည့်ကြည့်တယ်။ ကျမ..မောင့်ကို
အပြုံး တခုလက်ဆောင်ပေးလိုက်တယ်။ မောင်...ကျမကို ရက်ရက်စက်စက်
စကားတခွန်းပြောပြီး လှည့်ထွက်သွားတယ်။

မောင်ရယ်..ရက်စက်လိုက်တာ.....မောင်...လုပ်ရက်တယ်။
မောင်....မောင်...ကျမကို ဒီ လိုမျိုး မပြောသင့်ပါဘူး။

"ကျောင်းနောက်ကျနေရတဲ့အထဲ ဒီအခြောက်ကတမျိုး"

မောင့်..စကားသံတွေ...ကျမနားထဲက မထွက်တော့ဘူး။ ကျမအသည်းတွေကို ခွဲသွားတဲ့
မောင်ပြောခဲ့တဲ့ ဒီစကားလေးကို ...................

(မရီနဲ့နော်။။။။)

သတိရတယ်

သတိရတယ်
ကောင်းကင်တခို၊ အုပ်မှိုင်းရီဝေ
နေရောင်ပြိုးပြောက်၊
တိမ်အတောက်၌ ...။

သတိရတယ်
အိပ်မက်တစ္ဆေ၊ ချိန်ရာသီခွင်
ဘယ်လိုပြောင်းပြောင်း
အတိတ်နှောင်းကို ...။

သတိရတယ်
ညှို့မျက်ဝန်းရှင်၊ ပုံရိပ်သွင်ကို
တိုးတိတ်ရင်မော
လွမ်းဆွတ်ခိုက်မှာ ...။

သတိရတယ်
တွေ့ခွင့်မရှိ၊ ချစ်ခွင့်မကြုံ
ရင်ခွင်ဦးကို
မျှော်မှန်းတမ်းတ ...။

သြော်
သတိရလိုက်တာဗျာ ...။

Sunday, April 19, 2009

အလှူ

တိုက်ဆိုင်မှုတွေရှိတိုင်း မေ့မရနိုင်တဲ့ အဖြစ်လေးတစ်ခုပါ။ နှဖူးက အမာရွတ်ကို မြင်တိုင်း မဟောသဓကို သတိရတတ်တဲ့ ကေးဝဋ်ပုဏားလို ကျွန်တော်လဲ ပြန်တွေးမိတိုင်း ရှက်လွန်းလို့။ ဟင့်။

ဟိုနေ့က ဗျာ။ ကျွန်တော့်မေမေနဲ့ ကျွန်တော် စကားပြောဖြစ်တော့ မေမေက ကျွန်တော့်ကို အလှူတစ်ခုအကြောင်း စကားဆက်မိလို့ ပြောတယ်။ သမီးက အလှူငွေထည့်ပါလို့လဲ ကျွန်တော့်ကို အလှူခံပါတယ်။ အလှူခံတာကို ကြုံရတိုင်း ကျွန်တော်ကလဲ အဲ့ဒီ အဖြစ်ကို ပြန်ပြန်သတိရပြီး စိတ်ထဲတနုံ့နုံ့နဲ့ပေါ့ဗျာ။

ဖြစ်ပုံက ဒီလိုဗျ။ ကျွန်တော် ၁၀တန်းဖြေပြီးတဲ့ တစ်ပတ်မြောက်နေ့မှာ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးတွေကို ကျောင်းနဲ့ ရပ်ကွက်ရုံးက ပညာပေးလက်တွေ့ကွင်းဆင်းရှိတယ်။ မလာမနေရလို့ အကြောင်းကြားပါတယ်။ ကျွန်တော်က ၈တန်းနှစ်ထဲက ကျွန်တော်တို့ မိန်းကလေးကျောင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း ကြက်ခြေနီတပ်ဖွဲ့က အစုခေါင်းဆောင်ငယ် တစ်ယောက်ပါ။ နောက်ပြီး ဘင်ခရာတီးတဲ့အထဲမှာလဲ ကျွန်တောက အလံကိုင် နဲ့ ဘင်ဂျို ၂မျိုးတွဲ၊ နောက် အက်စ် ( S ) ခန်းကလဲ ဖြစ်ပြန်၊ စော်ကလဲ ကြည်ဆိုတော့ တစ်ကြောင်းလုံးမသိတဲ့သူ မရှိပေါ့။ ( ဟိ )။ အတန်းထဲမှာလဲ မောနီးထရက်စ် ဆိုတော့ ဆရာသမားတွေရဲ့ ခိုင်းဖက်။ ဟိုဆရာမကလဲ ဇော်၊ ဒီဆရာမကလဲ ဇော် နဲ့နောက်ဆုံး အမေကြီး ( ကျောင်းအုပ်ကြီး) က အစ ဇော်တာ ကလား။ နယ်နယ်ရရ ဇော်တော့ဟုတ်ဖူး။ အဟိ ( ကြုံကြွား ) ။

အဲ့ဒါဗျာ စောစောက ပြောတာကို ပြန်ဆက်ရင်း တိုတိုပြောရရင် ကျွန်တော်တို့ အဖွဲ့ ပဲခူးတိုင်း၊ လှည်းကူးမြို့နယ်တစ်ခွင် ပြဲပြဲစင် ရွာစဉ်လှည့် ပြည်ခိုင်ဖြိုး ကြက်ခြေနီအဖွဲ့ ပညာပေး ဟောပြောပွဲ လုပ်ရတော့တာပေါ့။ ဖြစ်ချင်တော့ အဲ့ဒီအခေါက် ကျောင်းသူအုပ်စုမှာ ကျွန်တော်က ဒုတိယ ခေါင်းဆောင်ဗျ။ ဆရာမရဲ့ ဒုတိယ စကတ်ထရီပေါ့နော်။ အဲ့ဒီတော့ နဲနဲပေါ်ပြူလာဖြစ်သား။ ကောင်မလေးတွေဆို ၀ိုင်းလို့။ ဟိ။ အဲ့ဒါနဲ့ လှည်းကူးကနေ မိုင်၃၀ ဝေးတဲ့ရွာ (နာမည် မမှတ်မိတော့ပါ) ကိုရောက်တော့ အလှူခံမဏ္ဍပ် တစ်ခုနဲ့ကြုံပါတယ်။ အားလုံးလဲ ၀ိုင်းထည့်ကြပေါ့။ ကျွန်တော်လဲ သဒ္ဒါတရားပေါက်စွာ လှူမယ်ဆိုပြီး အိတ်ထဲနှိုက်လိုက်တော့ ကံဆိုးစွာနဲ့ပဲ ထောင်တန် တစ်ရွက်နဲ့ ကျပ်တန်တစ်ရွက် ထွက်လာတယ်။ ကျွန်တော်လဲ ပုထုဇဉ်ပဲနော့။ ထောင်တန်ကို ခေါက်၊ အိတ်ထဲပြန်ထည့်။ ကျပ်တန်ကိုပဲ ဖလားထဲ ထည့်လိုက်တယ်။

အဲ့ဒီမှာဗျာ။ ကျွန်တော့်ကို အလှူခံလူကြီးမင်းက မိုက်ကရိုဖုန်းနဲ့ အော်ပါလေရောလား။
" အလှူ့ဒါယကာမကြီး မလတ်လတ်ဇော်ကလဲ ဇရပ်ဆောက်တဲ့နေရာမှာ စေတနာ သဒ္ဒါတရားထက်သန်စွာနဲ့ တစ်ကျပ်တိတိကို လှူဒါန်းသွားပါတယ်ခင်ဗျာ။ သာဓု သာဓု သာဓုပါ " တဲ့။
ဘာပြောကောင်းမလဲဗျာ။ ကျွန်တော့်လေဒီတွေဆိုတာ ရယ်လိုက်ကြတာ ၀က်ဝက်ကွဲ။ ကျွန်တော်ဖြင့် ရှက်လိုက်တာ ဆိုတာလေ။ ခုထိ ဒီမျက်နှာကြီးကျောင်းမှာ ပြန်ပြရဲဘူး။ ဟင့်။ ခုပြောရင် ခုမျက်ရည်ဝိုင်းတယ်ဗျာ။ အိ။

( ကျွန်တော်တို့က ရင်ဘတ်မှာ နာမည်ကတ်ပြားတွေ ချိတ်ထားရတော့ နာမည်သိပြီးအော်တာပေါ့ဗျာ။ ရှက်လိုက်တာ။ အီးးး။ )


ငယ်ငယ်တုန်းက ကမြင်းခဲ့တာတွေကို လွမ်းဆွတ်ရင်းဖြင့် ... ။

ကိုတိုးပဲပုပ်

ကျွန်တော်ငယ်ငယ် ၉ တန်းတုန်းက ရတနာပန်းခင်း ကလေးပုံပြင်စာအုပ်ထဲမှာ ဖတ်ခဲ့ရပြီး ခုထိ မေ့မရနိုင်တဲ့ ပုံပြင်လေးပါဗျာ။ ရေးတတ်သလိုရေးပြီး ပြောပြလိုက်ပါတယ်။

တစ်ခါတုန်းက ရွာတစ်ရွာမှာ ကိုတိုးနဲ့ မမိုးဆိုပြီး လင်မယားနှစ်ယောက် ရှိခဲ့ပါတယ်။ ကိုတိုးက ကုန်သည်အလုပ်ကို လုပ်ပြီး မမိုးကတော့ အိမ်ရှင်မပေါ့။ တစ်နေ့မှာ ကိုတိုးက ကုန်သွယ်ဖို့အတွက် ဟိုဘက်ရွာကို သွားဖို့ပြင်ပါလေရော။ အဲ့ဒီမှာ မမိုးက ကိုတိုးကို ဒီလိုမှာပါတယ်။
" ကိုတိုး၊ ကျွန်မဖို့ ဟိုဘက်ရွာကနေ အပြန်လက်ဆောင် ၀ယ်ခဲ့ပါ" တဲ့။
ကိုတိုးကလဲ အေးအေး ဆိုပြီး ထွက်သွားပါလေရော။ ဒီလိုနဲ့ ဟိုဘက်ရွာမရောက်ခင် တောအုပ်ကို အဖြတ် ကိုတိုးတစ်ယောက် ဗိုက်နာပါတော့တယ်။
" မမိုးချက်ကျွေးလိုက်တဲ့ ဘဲဥချဉ်ရေဟင်းနဲ့ ချဉ်ပေါင်ရည်ကတော့ အစွမ်းပြပြီဟေ့ " လို့ ရေရွတ်ရင်း အခင်းသွားဖို့ ပြင်ရတော့တာပေါ့။ ဒါပေမယ့် ဖြစ်ချင်တော့ အဲ့ဒီတောအုပ်က နတ်ကြီးတယ်ဆိုပြီး နာမယ်ထွက်နေတဲ့တောအုပ်ပါ။ အဲ့ဒီတော့ ကိုတိုးခမျာ အခင်းကို ချုံတွေကြားမှာ မသွားရဲဘူးပေါ့။ ဒါနဲ့ ကိုတိုးလဲ ကြံရာမရဖြစ်ပြီး လှည်းနောက်က မမိုးထည့်ပေးလိုက်တဲ့ သောက်ရေကျည်တောက်ကိုဖြုတ်၊ သောက်ရေတွေကို သွန်ပြီး အဲ့ဒီထဲကို အခင်းသွားလိုက်ပါတယ်။ နောက်လမ်းမှာ မစွန့်ရဲတာနဲ့ ဟိုဘက်ရွာရောက်မှပဲ စွန့်မယ်ဆိုပြီး လှည်းနောက်က တိုင်မှာ ပြန်ချိတ်ထားလိုက်ပါတယ်။
ဒီလိုနဲ့ ဟိုဘက်ရွာရောက်ပြီး ကုန်သွယ်ရင်း ပြန်လာတာပေါ့။ အိမ်လဲရောက်ရော မမိုးက ကိုတိုးရဲ့ လှည်းကိုရှင်းရင်း သူ့အတွက်ဘာများပါမလဲဆိုတဲ့ အတွေးနဲ့ ရှာဖွေလိုက်တဲ့အခါ လှည်းနောက်က ကျည်တောက်ကို တွေ့သွားပြီး
" ဟယ်၊ ကိုတိုးက ငါ့အတွက် ငါကြိုက်တတ်တဲ့ ပဲပုပ်တွေ ၀ယ်လာတယ်တော့ "
ဆိုပြီး အားရ၀မ်းသာနဲ့ ချက်ပြုတ်ဖို့ပြင်ပါတော့တယ်။ အဲ့ဒီအချိန်မှာ အိမ်နီးချင်း ဒေါ်ညိုကရောက်လာပြီး " မမိုးရေ ဘာတွေချက်မို့တုန်း "
" အယ်၊ ဒေါ်ညို၊ ဒီမှာလေ ကိုတိုးပေါ့။ ကျွန်မကြိုက်တဲ့ ပဲပုပ်တွေ ၀ယ်လာတာမှ အများကြီးပဲ။ ကျည်တောက်အပြည့်ရယ်။ အဲ့ဒါ ချက်မလို့လေ။ တစ်ဝက်ယူသွားပါဦး "
ဆိုပြီး တစ်ဝက်ခွဲပေးလိုက်လေရဲ့။
ဒီလိုနဲ့ ညနေ ထမင်းဝိုင်းရောက်တော့ ပဲပုပ်ဟင်းမွှေးမွှေးလေးနဲ့ ကိုတိုးတစ်ယောက် ထမင်းစားမြိန်ပေါ့။
ထမင်းစားပြီးသွားတဲ့အခါကျတော့မှ ကိုတိုးက
" မိန်းမရယ်၊ ထမင်းစားကောင်းလိုက်တာကွာ။ ဒါနဲ့ ပဲပုပ်က ဈေးက ၀ယ်လာတာလား။ နောက်နေ့ရရင်လဲ ၀ယ်ချက်စမ်းပါဦး" တဲ့။
ဒီတော့ မမိုးက
" အလိုတော်။ ကျွန်မက ဘယ်ဈေးကိုသွားရမှာတုန်း ကိုတိုးရဲ့။ အဲ့ဒါ ရှင်ပဲ ဟိုဘက်ရွာက ကျွန်မအတွက် ၀ယ်လာပြီးတော့။ ဟွန်း " ဆိုပြီး ပြန်ပြောလိုက်တော့ ကိုတိုးက မျက်လုံးကြီးပြူးပြီး
" နေပါဦး မမိုးရဲ့။ ကျုပ်လဲ ၀ယ်မလာရပါလား။ ဘယ်က တွေ့တာတုန်း " တဲ့။
ဒီမှာ မမိုးက
" ရှင်ပဲ လှည်းနောက်မှာ ချိတ်ထားတာလေ။ ကျည်တောက်တစ်လုံး အပြည့်ပဲ" တဲ့။
ကိုတိုးခင်မျာ ချက်ချင်းရေကပြင်ကို ပြေးထွက်ပြီး အန်လိုက်တာဆိုတာ လူက မြော့မတတ်ပါပဲ။ ဒါနဲ့ မမိုးကလဲ ပြေးလိုက်လာပြီး " ဘာဖြစ်ရတာတုန်းကိုတိုးရယ် " ဆိုတော့
" ဘာဖြစ်ရမတုန်းဟဲ့။ အဲ့ဒါ ပဲပုပ်တွေမဟုတ်ဘူး။ ငါဟိုဘက်ရွာကို အသွား လမ်းမှာစွန့်ထားတဲ့ အခင်းကြီးတွေ။ မေ့ပြီး မပစ်မိတာဟဲ့" တဲ့။
ဒီအချိန် ကိုတိုးတို့ ဘာပြောလဲဆိုတာ နားစွင့်နေကြတဲ့ ဒေါ်ညိုတို့ မိသားစုခင်မျာမှာလဲ ... ။

ရယ်မောရင်းနဲ့ စိတ်အမောပြေနိုင်ကြပါစေဗျာ။

( မှတ်မိသလောက် ပြန်ရေးရတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။ )

Saturday, April 18, 2009

ချစ်သောမြန်မာပြည်

ကျွန်တော်တို့ရဲ့ မြန်မာပြည်ဟာ ရှေးရှေးမှတ်တမ်းတွေရဲ့ အဆိုအရ မြန်မာပြည်အရှေ့မြောက်ပိုင်း တိဘက်ဒေသကနေ ဆင်းသက်ဖြစ်တည်လာတာပါတဲ့။ ရေကြည်ရာ မြက်နုရာကို ရှာဖွေနေထိုင်ကြရင်း နောက်ဆုံးမှာ ပြည်ထောင်စု မြန်မာနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ အခုလို ပြည်ထောင်စု မြန်မာနိုင်ငံရယ်လို့ ရုပ်လုံးမပေါ်ခင်မှာ စစ်ပွဲပေါင်းများစွာနဲ့လဲ အကျည်းတန်ခဲ့ဖူးပါပြီ။ လှပါတဲ့ ရိုးရာယဉ်ကျေးမှု အခမ်းအနားတို့နဲ့လဲ တန်ဆာဆင်ခဲ့ဖူးပါပြီ။ တကယ်တော့ နှစ်ပေါင်းများစွာ ဖြတ်သန်းလာပြီးတဲ့နောက်မှာ မြန်မာပြည်ဟာ ခုဆိုရင် တည်ငြိမ်အေးချမ်းစွာနဲ့ မျက်လွှာချ လှပလို့နေပါတယ်။

ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုကို ကြည့်မယ်ဆိုရင် ရှေးခေတ်အဆက်ဆက်ကတည်းက ရှက်ကြောက်ရိုသေမှုနဲ့အတူ မိဘဆရာသမားများရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းလာခဲ့ကြတဲ့ သားကောင်းသမီးကောင်းတွေချည်းပဲ ပေါများခဲ့ပါတယ်။
ညီအကို မောင်နှမစိတ်ဓါတ်၊ လူကြီးသူမကို ရိုသေလေးစားတတ်သော စိတ်ဓါတ်၊ ဖြူစင်ရိုးသားသော စိတ်ဓါတ် တို့က တစ်ဦးစီရဲ့ ရင်ထဲ နှလုံးသားထဲမှာ အမြစ်တွယ်တည်ရှိပြီးသားပါ။ အဲ့ဒီအထဲမှာ ဆိုးသွမ်းလူမိုက်၊ ယဉ်ကျေးမှု အဆင့်အတန်းကို နားမလည်သောသူ ရှိမယ်ဆိုရင်တောင်မှ သူ့မှာ အခြေခံအနေနဲ့ ဒီစိတ်ဓါတ်တွေရှိပြီးသားဆိုတာ ပြောစရာတောင်လိုမယ် မထင်ပါဘူး။

မြန်မာပြည်ဟာ လှပသာယာလွန်းပါတယ်။ တောတောင် ရေမြေ သဘာဝအလှတွေနဲ့ ပြည့်စုံသလို လူတို့စိုက်ပျိုးဖန်တီးထားတဲ့ လယ်ကွင်းတောင်ယာတွေနဲ့လဲ တစ်မျိုးလှပလို့နေပြန်ပါတယ်။ ဘယ်နေရာကြည့်ကြည့် မြတ်နိုးဖွယ်ရာ အေးချမ်းတဲ့ အလှတရားတို့နဲ့ ပြည့်ဝနေတဲ့ မြန်မာပြည်ပါ။ ဒီလိုသာယာလှပလွန်းတဲ့ မြန်မာပြည်မှာ ချစ်စရာ အလေ့အထလေးတွေကလဲ ရှိနေပြန်ပါတယ်။ ၀ါဆိုလမှာ ဥပုပ်စောင့်၊ တန်ခူးလမှာ မဟာသင်္ကြန်၊ ကဆုန်လမှာ ညောင်ရေသွန်း၊ သီတင်းကျွတ်မှာ လူကြီးမိဘများကို ကန်တော့ရင်း မုန်းဖိုးတောင်း ( ကျွန်တော်အကြိုက်ဆုံးက သီတင်းကျွတ်ပဲ၊ မုန့်ဖိုးအများကြီးရလို့၊ ဟိ။) အိုး အစုံပါပဲဗျာ။ ( ကျန်တာက မမှတ်မိတော့လို့။ ဟီးး ။)

မြန်မာမိန်းကလေးစစ်စစ်တွေဟာ အိနြေ္ဒသိက္ခာ အပြည့်ရှိကြပါတယ်။ စကားပြောတဲ့အခါ၊ ကိုယ်အမူအယာ နှုတ်အမူအယာအားဖြင့် လိမ္မာယဉ်ကျေးကြပါတယ်။ အကိုအရွယ် အကို၊ အမအရွယ် အမ နဲ့ ယဉ်ကျေးချိုသာစွာ ပြောတတ်ကြပါတယ်။ အရှက်အကြောက်ကို ရှေ့တန်းတင်လို့ မိမိတို့ရဲ့ ဂုဏ်သိက္ခာကိုလဲမြှင့်တတ်ကြပါသေးတယ်။ မိဘရဲ့ပြောဆိုဆုံးမမှုအောက်မှာ ကြီးပြင်းနေထိုင်ရင်း ဘ၀ကို လှပစွာဖြတ်သန်းကြသူချည်းပါပဲ။ ဒီလိုပဲ မြန်မာအမျိုးသားစစ်စစ်များဟာလဲ ကိုယ်အမူအယာ၊ နှုတ်အမူအယာအားဖြင့် ပွင့်လင်းရိုးသားတတ်ကြပြန်ပါတယ်။ ရဲရင့်ပြီး ကူညီတတ်ကြသလို စာနာရိုင်းပင်းတတ်တဲ့စိတ်လဲ ရှိကြပါတယ်။ မိန်းကလေးများအပေါ်မှာလဲ မိမိရဲ့ နှမကလေး၊ အမ နဲ့ အမေလိုမျိုး စောင့်ရှောက်တတ်ကြပါသေးတယ်။ တကယ်ကို အေးချမ်းတဲ့ ရိုးရာဓလေ့တွေကို မြန်မာစစ်စစ်တွေဆီမှာ တွေ့ကြရမှာ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ ထုံးတမ်းအစဉ်အလာတွေဟာ တကယ်ကို ရိုးသားဖြူစင်တဲ့ အလေ့အထတွေပါ။ မိမိတို့ကိုယ် မိမိတို့ တန်ဖိုးထားတတ်ကြတဲ့ သူတိုင်း ချစ်သောမြန်မာပြည်နဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုတို့ကို မေ့မှာမဟုတ်ပါဘူး။ ဘ၀ကို တန်ဖိုးရှိရှိ ရှင်သန်ခြင်းဟာ အမြင့်မြတ်ဆုံး အရာပါ။ ဒီစာလေးနဲ့အတူ ကျွန်တော်ချစ်သော မြန်မာပြည်သူ၊ ပြည်သားများကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။

မင်္ဂလာပါခင်ဗျာ။
နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

Friday, April 17, 2009

ကျေနပ်စရာ..

ခုချိန်မှာဖြင့် ကျွန်တော်တို့ရဲ့ရွှေပြည်မြန်မာမှာ နှစ်သစ်ကိုရောက်လို့ မင်္ဂလာရှိစွာနဲ့ အိပ်စက်နေကြမှာ အမှန်ပါ။ မြန်မာလူမျိုးတို့ရဲ့ရိုးရာယဉ်ကျေးမှုကို တကယ်သာ လေ့လာစမ်းစစ်မယ်ဆိုရင်ဖြင့် ချစ်စရာကောင်းတဲ့ နူးညံ့တဲ့အလေ့အထလေးတွေကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒါတွေကတော့ ခင်မင်ရင်းနှီးမှု၊ ဖေးမကူညီမှုတွေနဲ့ တစ်ဦးနဲ့တစ်ဦးစောင့်ရှောက်တတ်မှုတို့ပဲဖြစ်ပါတယ်။ ဒီလိုချစ်စရာကောင်းတဲ့ ဓလေ့စရိုက်လေးကို ထိန်းသိမ်းရင် ကျွန်တော့်ရဲ့အိမ်မှ ကျွန်တော့်ရဲ့ချစ်လှစွာသော အကို၊ အမများကို နွေးထွေး ရိုကျိုးစွာ နှုတ်ဆက်လိုက်ပါတယ်။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ခညောင်းပါစေဗျာ။
ကျွန်တော် ခုတင်လိုက်တဲ့ပိုစ့်လေးက ကျွန်တော်တို့ဘ၀တွေအတွက် တကယ်ကို အကျိုးရှိမယ့် ဘုန်းဘုန်းဆရာတော် ဦးဇောတိက ရဲ့ စိတ်ထားလေးကို နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ပိုခညောင်းသွားအောင် တင်ပြပေးလိုက်ပါခြင်း ဖြစ်ပါတယ်ဗျာ။

။ .................................... ။ ............................... ။

ငါ့စိတ်ထဲမှာ မြင့်မြတ်တယ်လို့ ခံစားရတဲ့ ကိစ္စတွေအတွက် ငါ့အချိန်တွေ ငါ့အင်အားတွေ ငါ့စွမ်းရည်တွေကို သုံးလိုက်ရတာ သိပ်ကျေနပ်စရာ ကောင်းတယ်။
ငါ့ဘ၀ ကံဆိုးလိုက်တာလို့ ငါ ဘယ်တော့မှ မညီးညူဘူး။ သဘာဝတရားကပေးတဲ့ စွမ်းရည်တွေ ငါ့မှာ အများကြီးရှိတယ်။
ငါ့ဘ၀ဟာ ငါ့တစ်ယောက်ထဲအတွက် မဟုတ်ဘူး။ ငါဟာ ဒီအသိုင်းအ၀ိုင်းထဲမှာ မွေးဖွားကြီးပြင်းလာတဲ့သူ ဖြစ်တယ်။ ဒီအသိုင်းအ၀ိုင်းဟာ ငါ့နေရာ။ ဒီအသိုင်းအ၀ိုင်းဟာ ငါ့လောက။ ဒီအသိုင်းအ၀ိုင်းကောင်းမှ ငါ့လောက ကောင်းမယ်။
ငါတစ်ယောက်ထဲ ကောင်းစားရုံနဲ့ ငါ့ဘ၀ဟာ ကျေနပ်စရာ မဖြစ်သေးဘူး။ ငါ့ကြောင့် ငါ့အသိုင်းအ၀ိုင်းမှာ ကောင်းတာတွေ အများကြီး ဖြစ်လာအောင် ငါ အတတ်နိုင်ဆုံး ကြိုးစားရမယ်။ ဒါမှ ငါဟာ တကယ် အစွမ်းအစ ရှိတဲ့သူ ဖြစ်မယ်။
ငါလုပ်နိုင်တာကို ပိုလုပ်ပေးရလေလေ ငါ့ဘ၀ဟာ ပိုပြီး တန်ဖိုးရှိလေလေ၊ ကျေနပ်စရာ ပိုကောင်းလေလေပဲ။ ဘာမှ မပေးလိုက်ရပဲ သေသွားရင် ငါ့ဘ၀ဟာ ဘာတန်ဖိုးရှိမလဲ။ ငါ့ဘ၀ ဘယ်လောက် အောင်မြင်တယ်ဆိုတာ ငါ့အသိုင်းအ၀ိုင်းအတွက် ငါ ဘယ်လောက် အကျိုးများအောင် လုပ်နိုင်သလဲ ဆိုတာနဲ့ပဲ တိုင်းတာချင်တယ်။
တစ်ကိုယ်ကောင်းဆန်ဆန် ငါ့တစ်ယောက်ထဲ အကျိုးအတွက် နေသွားရင် သေခါနီးမှာ ငါ့ဘ၀ကို ငါ မကျေမနပ် ဖြစ်ရလိမ့်မယ်။
ငါရတာတွေ အားလုံးကို ထားခဲ့ရမှာ သေချာတယ်။ ငါလုပ်ပေးခဲ့တာတွေဟာ ငါသေသွားပြီးနောက်မှာလည်း အများအတွက် ဆက်ပြီး အကျိုးပြုနေဦးမယ်လို့ သိရတာ ကျေနပ်စရာ သိပ်ကောင်းတယ်။
ငါ့ကြောင့် အများ စိတ်ချမ်းသာတာကို သိရတာ သိပ်စိတ်ချမ်းသာစရာ ကောင်းတယ်။ ငါ့ကြောင့် အများဒုက္ခရောက်တယ်၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရတယ်ဆိုရင် ငါ့ဘ၀ဟာ အဓိပါယ်မရှိတော့ဘူး။
ဘာသာရေးအလုပ်တွေကို ငါ များများ မလုပ်နိုင်ပါဘူး။ ဒါပေမယ့် နေ့စဉ် ငါ့စကားလေး တစ်ခွန်းကြောင့် လူတစ်ယောက် စိတ်ချမ်းသာသွားတယ်ဆိုရင် ငါ့ဘာသာရေး ကျင့်ဝတ်ဟာ ပြည့်စုံပြီလို့ ငါခံစားရတယ်။ ငါ့စကားတစ်ခွန်းကြောင့် စိတ်ဓါတ်ကျနေတဲ့လူတစ်ယောက် စိတ်အားတတ်လာတယ်ဆိုရင် အဲ့ဒီနေ့ဟာ အလကားဖြစ်မသွားတဲ့နေ့ပဲလို့ ခံစားရတယ်။
ငါဟာ ချမ်းသာတဲ့သူမဟုတ်လို့ လူတွေကို ပစ္စည်းတွေ ငွေတွေမပေးနိုင်ပေမယ့် စိတ်ထားကောင်းကောင်းနဲ့ ဆက်ဆံနိုင်တယ်။ အကျိုးရှိတဲ့ စကားကို ပြောနိုင်တယ်။ မေတ္တာကို ပေးနိုင်တယ်။ ကိုယ်ချင်းစာပေးနိုင်တယ်။ အဲ့ဒါတွေကို နေ့စဉ်ပေးမယ်။ ပေးလိုက်လို့ ကုန်သွားမယ့်အရာတွေ မဟုတ်လို့ ဘာမှ ပူစရာလည်း မရှိဘူး။
တကယ်တော့ ပေးလေလေ တိုးလာလေလေပဲ။ မပေးဘဲထားလေလေ ခြောက်ခမ်းသွားလေလေပဲ။ ဒါလောက်တော့ ငါလုပ်နိုင်ပါတယ်။ လူတိုင်းလည်း လုပ်နိုင်ပါတယ်။

တဲ့..။ နာယူမှတ်သားနိုင်ပါစေဗျာ။။။

Thursday, April 16, 2009

တမ်းချင်း

ရင်နင့်စွာ ချစ်ခဲ့မိတာကြောင့်
တိုးတိတ်စွာ တမ်းတမိပါတဲ့
ပျိုလေးရဲ့ မှူးသခင်
လှည့်ကြည့်ပါရှင် ...
မြင်နိုင်ရင် ဒီရင်မောကိုလ
ကြင်နာစွာ ဖေးကူမစေဖို့
တောင့်တမိတာ အမှန်ပါပင်
မြတ်နိုးရသူ အရှင် ...
ပျို့သခင် မောင်ကြီးရယ်က
မသိဟန် ဥပေက္ခာတွေကြောင့်
မျှော်ရသူ ပျိုလေးမှာဖြင့်
သြော် သခင်ရယ်..
လွမ်းသူ့စိတ်ထား။

Wednesday, April 15, 2009

အလင်္ကာ

ချစ်ခြင်းမေတ္တာကို ဖွဲ့ဆိုတဲ့
စကားလုံးပေါင်းများစွာ ရှိပါတယ်။
လေပြည်ရယ်၊ ပန်းတွေရယ်
တိမ်တိုက်ရယ်၊ ကောင်းကင်ရယ်
မြတ်နိုးခြင်းရယ်၊ တမ်းတခြင်းရယ်
ရင်ခုန်မှုရယ်၊ နွမ်းလျမှုရယ်
ပျော်ရွှင်ခြင်းရယ်၊ လှိုက်မောမှုရယ်
(အဲ့ဒါတွေထက်)
ကျွန်တော့်အတွက်ကတော့
ချစ်သူကို
ချစ်နေခွင့်ပါပဲ။

ချစ်သူသို့

နှောင်ဖွဲ့တတ်တဲ့ကြိုးတို့က
နှလုံးသားကို ရစ်ပတ်နှောင်ခဲ့ပြီ
သံယောဇဉ်နဲ့မြတ်နိုးရမှုကို
ရင်မှာသိမ်းဆည်းရင်း
ခံစားရသမျှကို ဖွင့်ဟဖို့အတွက်
ဖွဲ့နွဲ့လို့မပြောတတ်ခဲ့ပါဘူး
အရှိကို အရှိအတိုင်း ပြောမယ်

သိပ် ... ချစ် ... တယ် ။

ဖြစ်ခဲ့သမျှအလွဲများ

ကျွန်တော်ဗျာ မပြောချင်တော့ပါဘူး။ မပြောချင်ဘူးဆိုမှ မနေနိုင် မထိုင်နိုင် ပြောချင်စိတ်တွေလွန်ကဲနေတယ်လေ။ ရှက်ရှက်နဲ့ပဲ ရှေ့မျက်နှာနောက်ထားပြီးပြောလိုက်ရရင်တော့ဖြင့် အဲ့ဒီနေ့ကပေါ့။ ကျွန်တော်ရယ် ကျွန်တော်သိပ်ချစ်ရတဲ့ ကျွန်တော့်ရဲ့သူငယ်ချင်းမ မီယာ (ဖိလစ်ပိုင်သူ) ရယ် ဈေးဝယ်ထွက်ဖြစ်ခဲ့ကြတယ်လေ။
ကျွန်တော်က သွားလေ့သွားထမရှိတော့ ၀ါသနာမပါပါဘူး။ ( ပိုက်ဆံက မရှိဘူးကိုး။ ဟီးဟီး။ ) ကျွန်တော်က အပျင်းထူနေခဲ့တာဗျ။ ဒါပေမယ့် သူက အဝေးကြီးကနေ ကျွန်တော့်အဆောင်အထိ တကူးတက တက္ကစီနဲ့လာခေါ်ရတဲ့သူဆိုတော့ အားနာပြီး ( အချောင် ဖရီး) ပါသွားရတော့တာပေါ့။
ဒီလိုနဲ့ ကျနော်တို့ ဈေးရောက်တော့ မီယာက၀ယ်၊ ကျနော်က အလကားရတိုင်း တောသူမြို့ရောက်ဆိုတော့ အပြတ်အသတ်လိုက်ငမ်းပေါ့။

ဒေါ်မီယာက ၀ယ်လို့အားရတော့ ကျနော့်ဘက်ကိုလှည့်လာပါလေရောလား။
ဇော်ပါ ၀ယ်ရမယ်တဲ့လေ။ ကပ်စေးကုပ်မနေပါနဲ့တဲ့။ သေရော၊ အဲ့ဒီမှာ။ ကျွန်တော့်မှာဖြင့် စားစရာတောင်မရှိ။ သူက ၀ယ်ခိုင်းနေသေး။ ဒါပေမယ့်လေ သိတဲ့အတိုင်းပဲ။ ကျွန်တော်ဆိုတဲ့ကောင်ကလဲ သူကိုစိတ်ချမ်းသာစေချင်လေတော့ တစ်ထည်လောက်တော့ဖြင့် ထမင်းအငတ်ခံပြီး ၀ယ်လိုက်ပါမယ်လေပေါ့။ ဒါနဲ့ ဖက်ရှင်ဆိုင်ရောက်တော့ အကျီ်ရွေးရပြီ။ ကျွန်တော်က ဘောင်းဘီပဲဝတ်တဲ့ကောင်ဆိုတော့ သူက စကတ်ဝယ်ခိုင်းတာတောင် ဘောင်းဘီပဲဝယ်မယ်ဆိုပြီး အတင်းငြင်းရသေးတာ။ ကျွန်တော်မှ စကတ်မကြိုက်ပဲလေနော်။ အဲ့ဒါနဲ့တစ်နေရာအရောက် ကျွန်တော်ကြိုက်တဲ့ဘောင်းဘီကိုတွေ့တော့ ၀ယ်မယ်ပေါ့။
ဒါနဲ့ အ၀တ်လဲခန်းမှာ စမ်းဝတ်ကြည့်တော့လဲ အတော်ပဲဗျ။ ကျွန်တော်ကလဲ ကြိုက်နေပြီ။ ဒါနဲ့ယူမယ်ဆိုပြီးကောင်တာကိုသွား ပိုက်ဆံရှင်းမယ်လုပ်တော့ ကောင်တာက ကောင်မလေးတွေက ပြုံးစိစိ။ ကျွန်တော်ကလဲ ငါ့ကို ပြုံးစိစိဆိုတော့ ငါပဲချောနေလို့လားဆိုပြီး ခပ်မြောက်မြောက်တောင် ဖြစ်သွားမိသေး။ ပြီးမှမီယာက ဇော်တဲ့ ဇော့်မှာ တူမရှိလို့လားတဲ့။ ၉နှစ်အရွယ်ကလေးဘောင်းဘီကို ၀ယ်ပြီး ဘာလုပ်မလို့လဲတဲ့။
ကောင်းကြသေးရဲ့လားဗျာ။ ရှက်လိုက်တာဆိုတာ။ ဒီမျက်နှာကြီး ခုထိဘယ်နားသွားဖွက်ရမယ်မှန်းမသိ။ အိ

..........................................................................
(ရှက်သာရှက်တာ ပိုက်ဆံကုန်သက်သာသွားလို့ ၀မ်းသာမိသေး။ ဟီးဟီး။)

Tuesday, April 14, 2009

တိတ်တခိုး

မျှော်လင့်ခဲ့မိဘူးပါတယ။်
ဒါပေမယ့်
ပိုင်ဆိုင်ခွင့်က မရှိခဲ့လေတော့ ...

တောင့်တခဲ့မိဘူးပါတယ်။
ဒါပေမယ့်
ရယူခွင့်က မရှိခဲ့လေတော့...

လွမ်းဆွတ်ခဲ့မိဘူးပါတယ်။
ဒါပေမယ့်
တွေ့ဆုံခွင့်က မရှိခဲ့လေတော့ ...

ချစ်သူရယ်
ဝဋ်ကြွေးရှိရင်
ဒီဘ၀ ဒီမျှနဲ့သာ ကြေပါစေ ...။

ကောင်းသောညပါ

ကောင်းသောညပါ
ချစ်ခြင်းအတိနဲ့ ထုံမွှန်း
နှစ်လိုစွာပြုံးရွှင်ရင်း
ငြိမ်းချမ်းစွာ ရှိစေချင်ခဲ့။

ကောင်းသောညပါ
တိမ်ကင်းစင်တဲ့ကောင်းကင်
လမျက်နှာပြင်ရဲ့အထက်
မင်းအတွက် ငါ ရှိနေမယ်။

ကောင်းသောညပါ
အိပ်မက်ကို လွန်မြောက်
သောကတို့ကင်းစင်
မျက်ဝန်းတံခါးကိုပိတ်

ကောင်းသောညပါ
အလင်းတန်းနဲ့အတူ နှုတ်ဆက်ပါတယ် ကလေးရယ်။

အထီးကျန်

မိုးတိမ်အုံ့ဆိုင်း
မှောင်မိုက်ခြောက်ကပ်
ပျော်ရွှင်ခြင်းတွေဆိတ်သုဉ်း
ငါဘာလုပ်ရပါ့ ...။

မှားပြီလို့နောင်တ မရချင်
တာဝန်ဆိုတဲ့ကျောပိုးအိတ်ကိုလွယ်
တစ်ကိုယ်တည်း ခရီးဆက်
အလဲလဲ အပြိုပြို ...။

နာကျင်ခြင်းတွေ သိမ်းပိုက်ရင်း
( သြော် ... ဘာလိုလိုနဲ့ )
ငါ့နေ့ရက်တွေ
အလင်းရောင်မရတာတောင်
ကြာပြီပဲ ...။

Sunday, April 12, 2009

စတင်နှုတ်ဆက်ခြင်း

ကောင်းသောနေ့ပါ။
ပျော်ရွှင်သော နေ့တစ်နေ့ဖြစ်ပါစေ။