အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Sunday, December 25, 2011

ဘ၀၏ မမေ့နိုင်သော ဖြစ်ရပ်များ

ကျနော်သည် အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခု၏ ရုံးတစ်ရုံးတွင် အလုပ်လုပ်ရသည့် ၀န်ထမ်းတစ်ယောက်ဖြစ်ပါသည်။ ကျနော်တို့ ရုံးခန်းက အခန်းအကျယ်ကြီး တစ်ခန်းထဲတွင် ဌာနတွေ ခွဲထားပြီး တစ်ရုံးတည်းအဖြစ် သတ်မှတ်ထားသည့် ရုံးခန်းကြီးတစ်ခုလဲ ဖြစ်နေပါသည်။ Merchandising Department, Admin Department, Display Department, Cyber Finest Department, Online Sales စသည်ဖြင့် သူ့ဆိုင်ရာ ဆိုင်ရာ စားပွဲခုံတွေကို ကန့်ပြီး ဌာနတွေ ခွဲထားသည့် ရုံးခန်းကျယ်ကြီးတစ်ခုလဲ ဖြစ်ပါသည်။

တစ်နေ့တော့ ကျနော်တို့ရုံးကို Display ဌာနက လက်ထောက်မန်နေဂျာတစ်ယောက် ပြောင်းလာပါသည်။ အမှန်က အသစ်တော့မဟုတ်။ ရုံးချုပ်က ပြောင်းလာတဲ့ သူဖြစ်သည်။ လေဆိပ်မှာသူက ရုံးထိုင်တော့မယ်ဆိုသည့် ပုံစံမျိုးဖြစ်သည်။ ကျနော်က Merchandising ဌာနက ၀န်ထမ်းဆိုတော့ ကိုယ်နဲ့မဆိုင်လို့ သိပ်တော့ဖြင့်လဲ အရေးမလုပ်မိခဲ့ပါ။ သူ့လဲ ကိုယ်မသိ၊ ကိုယ့်လဲ သူမသိဆိုသည့် ပုံစံမျိုးသာ ရှိခဲ့ကြသည်။

ထိုလက်ထောက်မန်နေဂျာ၏ စားပွဲနေရာကို ရှိုးကေစ့်တွေနှင့် ကာပြီး ရုံးခန်းအဖြစ် ဖွဲ့ထားပါသည်။ အဲ့ဒီ ရုံးခန်းက ကျနော့်စားပွဲနဲ့ မျက်နှာချင်းဆိုင်မှာ ရှိနေခဲ့သည်။ သူက ခရစ်ယာန်ဘာသာဝင် ဖိလစ်ပိုင်လူမျိုးပါ။ နာမည်က Second ဟုခေါ်သည်။ အစောပိုင်းကာလ သူပြောင်းလာကာစတုန်းက ကျနော်ဖြင့် သတိကို မထားမိပါ။ သူ ဖြူသလားမဲသလားဆိုတာတောင် မသိတဲ့အထိကို သတိမထားဖြစ်ခဲ့တာပါ။ သို့သော် သူပြောင်းလာပြီး နောက်ပိုင်း သူက သူ့စားပွဲကို ရုံးခန်းအဖြစ် ကာထားသည့် နှစ်ဘက်ပွင့် ရှိုးကေစ့်ထဲတွင် စာအုပ်တွေ၊ အခြား အလှဆင် ပစ္စည်းတွေနှင့် အလှဆင်ပါတော့သည်။ သူက အလှဆင်ရတဲ့ ဌာနက မန်နေဂျာဆိုတော့လဲ အဲ့လိုတွေ အလှဆင်တာ မဆန်းပါဘူးလေ လို့ ကျနော်က ရိုးရိုးသာမန်ပဲ တွေးဖြစ်ခဲ့ပါသေးသည်။ သို့သော် နောက်တစ်နေ့မှာတော့ သူက ရုံးကို ဗုဒ္ဓရဲ့ ဦးခေါင်းတစ်ဝက်ပုံ ရုပ်ထုတစ်ခု ယူလာပြီး အဲ့ဒီ ရှိုးကေ့စ်ထဲမှာ ထည့်ထားခဲ့သည်။ ထည့်ထားပုံကလဲ သူ့ဘက်ကို လှည့်ပြီး ထည့်တာမဟုတ်ဘဲ အပြင်ဘက်က လူတွေမြင်အောင် လှည့်ထားတဲ့ပုံစံမျိုးပါ။

ပထမဆုံး အဲ့ဒီ ရုပ်ထုကို စမြင်ရတော့ ကျနော် နိုက်ဂျူတီကျတဲ့ ရက်ဖြစ်နေခဲ့သည်။ သူက နေ့စဉ်နံနက်ခင်းဂျူတီပဲ ဆင်းပြီး ရုံးခန်းမှာထိုင်တာလဲ ရှားပါသည်။ စစ မြင်မြင်ချင်းမှာ ကျနော့်တစ်ကိုယ်လုံး ထူပူပြီး မျက်စိတွေ ပြာသွားသလိုတောင် ဖြစ်ရသည်။ ဒေါသထွက်လိုက်တာဆိုတာလဲ ပြောစရာမရှိတော့အောင်ပါပဲ။ စိတ်ထဲကနေလဲ စော်ကားလိုက်လေခြင်းရယ်လို့ ဒေါသတွေဖြစ်၊ သူ့ရုံးခန်းနံရံမှာ ချိတ်ထားတဲ့ သူ့ဓါတ်ပုံကို ကြည့်ပြီးတော့လဲ အဲ့ဒါကြောင့် ရုပ်က ကျက်သရေကို မရှိတာ ဘာညာ နဲ့ ကျနော်တစ်ယောက်တည်း ဒေါသ ဒေါင်ချာဆိုင်းနေခဲ့ပါတော့သည်။ တွေ့လို့ကတော့ ရန်ဖြစ်ပြီပဲလို့လဲ စိတ်ထဲမှာ တေးထားလိုက်ပါသေးသည်။ သို့သော် ကျနော်နဲ့ အဲ့ဒီ လူနဲ့ တစ်ပတ်လုံးလုံး မတွေ့ဖြစ်ခဲ့ပါ။ သူက အလုပ်ရှုပ်ပြီး ရုံးမလာတာရယ်၊ ကျနော်က ဂျူတီချိန် ပုံမှန်မရှိတာရယ်ကြောင့်ပဲ ကျနော်တို့တွေ မျက်နှာချင်းဆိုင် မတွေ့ဖြစ်ပဲ ရှိခဲ့ကြပါသည်။ ကျနော်လဲ တစ်ပတ်လုံးလုံး အဲ့ဒီ ရုပ်ထုကို မြင်တိုင်း သူ့ကို ပက်ပက်စက်စက် ပြောပစ်ချင်စိတ်တွေ ဒုနဲ့ဒေးကို ဖြစ်လို့ပေါ့။

ဒီလိုနဲ့ နောက်တစ်ပတ် ညဂျူတီကို ရောက်လာခဲ့ပါသည်။ တစ်ယောက်တည်း ရုံးခန်းထဲမှာ လက်ပေါ် မေးတင်ပြီး ကျနော် အဲ့ဒီ ဗုဒ္ဓရုပ်ထုကို ငေးနေခဲ့တဲ့အချိန် ကျနော်နဲ့ ဂျူတီချိန်တူပြီး ရွယ်တူချင်းလဲ ဖြစ်တဲ့ swatch နာရီရဲ့ Dedicated staff ဆုရည်က ကျနော်တို့ ရုံးခန်းထဲက Admin ဌာနကို သူ့ရဲ့ ကိုယ်ရေးကိုယ်တာ လျှောက်လွှာတစ်ရွက် လာတင်တာနဲ့ ကြုံပါသည်။ သူက ကျနော့်ကို " ဇော် .. တစ်ယောက်တည်းလား " လို့နှုတ်ဆက်တော့မှ ကျနော်လဲ သူ့ကို မြင်ပြီး " ဟုတ်တယ် ဆုရည် .. တစ်ယောက်တည်းပဲ "
ဆုရည်က ရုံးခန်းအသစ်ဖြစ်နေတာကို မြင်ပြီး " ဒါ ဘယ်သူ့ရုံးခန်းလဲ ဇော် "
လို့ ကျနော့်ကို မေးတော့ ကျနော်လဲ " အလှဆင်တဲ့ ဌာနက ဖားကောင် (ဖိလစ်ပိုင်လူမျိုး) ရဲ့ ဟာ " လို့ မာထန်ထန်ပြောလိုက်မိသည်။ စိတ်ထဲမှာ မကြည်တဲ့စိတ်၊ မုန်းတီးတဲ့စိတ်တွေက လှိုင်းထနေတော့ ဘယ်လိုမှကို အမြင်မကြည်တော့တာပါ။
ဆုရည်က ရုံးခန်းကို ကြည့်ပြီး ရှိုးကေစ့်ထဲက ဗုဒ္ဓရုပ်ထုကို မြင်တော့ " သြော် .. ဗုဒ္ဓရုပ်ထုကို သူက ရှိုးကေစ့်ထဲ ထည့်ထားတာဆိုတော့ သူက ဗုဒ္ဓဘာသာလား ဇော် " လို့ ကျနော့်ကို မေးလာပါသည်။ ကျနော်က မျက်နှာကို ရှုံ့မဲ့ပြီး " ဘယ်ကလာ .. သူက ခရစ်ယာန်.. အဲ့ဒါ သူ့ရှိုးကေစ့်ကို အလှဆင်ထားတာ " လို့ ဆောင့်အောင့်ပြီး အသံကျယ်ကျယ် ပြောလိုက်မိသည်။
ဆုရည်က ကျနော်ဖြစ်နေပုံကိုကြည့်ပြီး တစ်ချက်ပြုံးလိုက်သလိုပါပဲ .. ( အမှန်တော့ ဆုရည်ရဲ့ မျက်နှာက အမြဲ ပြုံးနေတတ်တဲ့ပုံစံကလေးပါ။ )
ပြီးတော့မှ ဆုရည်က အေးအေးဆေးဆေး ကျနော့်ကို ပြန်ပြောပါသည်။
" သြော် .. ဇော်ရယ် .. အဲ့ဒီတော့လဲ ဇော် ကြည်ညိုလို့ရတာပေါ့ " တဲ့။



ကျနော့်မှာ ပြောစရာ စကားမရှိတော့ပါ။ တဒင်္ဂဆွံ့အသွားမှုအချိန်ပိုင်းအတွင်းကလေးက ကျနော့်ကို အကြီးအကျယ် အရှက်ရစေပါသည်။ ဆုရည်က ပြောပြီး ကျနော့်ဆီက စကားပြန်မစောင့်ဘဲ သူ့ဟာသူ ရုံးခန်းထဲက ထွက်သွားခဲ့သည်။ ကျနော့်မှာသာ တစ်ယောက်တည်း တိတ်ဆိတ်စွာ ..။

အရှက်ရသော လုပ်ရပ်များတွင် သူများကို ရှက်ရတာထက် ကိုယ့်ကိုယ်ကိုယ် ရှက်ရတာက အဆိုးရွားဆုံးဖြစ်သည်ဟု ကျနော်ထင်ပါသည်။
ရိုးရိုးကလေး တွေးလိုက်လျှင်ဖြစ်သည့်ကိစ္စ၌ ကျနော် တစ်ပတ်လုံးလုံး အကြီးအကျယ်ပူလောင်ခဲ့ရမှုသည် ကျနော့်အတွက် အကြီးမားဆုံး ဆုံးရှုံးမှုလဲ ဖြစ်သည်။
နောက်ထပ် ကျနော်သတိပြုခဲ့မိသည်မှာ ကျနော်တို့ နေ့စဉ် ပြောဆိုနေကျ စကားလုံးများသည် တစ်ဖက်လူအပေါ် အနည်းနှင့်အများဆိုသလို အကျိုးသက်ရောက်မှု ရှိနေခဲ့ကြသည်ဟုထင်ပါသည်။ ကိုယ်ကတော့ ဘာရယ်မဟုတ် ပြောလိုက်သော်လည်း တစ်ဖက်လူကိုမူ သိသာစွာ ပြောင်းလဲသွားစေနိုင်ကြသည်။
အခု ဆုရည်ပြောလိုက်သော စကားလေးတစ်ခွန်းက ဘာရယ်တော့မဟုတ်ခဲ့ပါ။ (သူကိုယ်တိုင်လဲ သိမည်မထင်ပါ။) သို့သော် ကျနော့်ကို စိတ်ရောကိုယ်ပါ ပြောင်းလဲစေခဲ့ပါသည်။

ထိုနေ့မှစ၍ ရုံးခန်းတွင်းသို့ ၀င်လေတိုင်း ထိုဗုဒ္ဓရုပ်ထုအား ကြည်လင်စွာ ကျနော် ကြည့်နိုင်ခဲ့ပါသည်။


ဇော်။

(လွန်ခဲ့သော တစ်နှစ်ခန့်က ဖြစ်ခဲ့သော မမေ့နိုင်သည့် အဖြစ်အပျက် တစ်ခု။)

3 comments:

လင်းခေတ်ဒီနို said...

အကို ပြုံး သွားတယ် ငဇော် . . .း) တခါတလေ color ဆိုတဲ့ အရောင်ဟာ ကိုယ်ကြည့်နေရင်းတောင် အရောင်ပြောင်းတတ်သေးတာပဲ . . . စိတ်ဆိုတာလည်း ဒီလိုပေါ့ . . တခါတလေ အရာတစ်ခုကို အမြင်ပြောင်းပြီး မြင်သွားတတ်တာပဲလေး))

အကိုတော့ ပြုံးသွားတယ် ငဇော်း)


ငဇော်မေ့နေတဲ့ ငဇော်ရဲ့ အကို
ဗညားရှိန်
( နာမည်မေ့မှာစိုးလို့ ပြန်ရေးပေးသွားပါကြောင်း )

အဖြူရောင်နတ်သမီး said...

ရောက်တယ် ဇော်ရေ..

aungaung said...

different people and different point of view , better to thinking with positive way , appreciated that