အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Friday, May 29, 2009

တစ်ခါတုန်းက လွမ်းပုံပြင်

တစ်ခါတုန်းကပေါ့။ ပုံပြင်တစ်ပုဒ်ရှိခဲ့ဖူးပါတယ်။ ပုံပြင်ရဲ့အစမှာ.....

( ခန့် >> ရှင်း )
အပြင်မှာ နှင်းတို့ဝေနေပြန်ပါပြီ။ ဒီလို နှင်းတွေဝေတိုင်း ရှင်းကို ကျွန်တော် တကယ်ပဲ သတိရမိပါရဲ့ဗျာ။ ဒီလို နှင်းတွေ ဝေနေတဲ့ညတစ်ညမှာ ရှင်းကို ကျွန်တော် ကောက်ရလိုက်တာပါ။ ရှင်းဆိုတာ တစ်ချိန်တုန်းကတော့ ကျွန်တော်ရဲ့ချစ်သူပေါ့နော်။ ခုတော့ ကျွန်တော့်ဆီကနေ ပျောက်ဆုံးသွားခဲ့တာ ရက်တို့ ရေတွက်မရနိုင်တော့ပါဘူး။

ရှင်း လို့ ကျွန်တော်က တိုးတိတ်စွာ ခေါ်ခဲ့ရတဲ့ ဖြူစင်ရှင်းဆိုတဲ့ သူမကို ကျွန်တော်ရဲ့ ပညာသင်နှစ် အစမှာပဲ စတင် စုံစည်းခဲ့ရပါတယ်။ ကျွန်တော်က ဟော့ဒီ နှင်းတွေ အမြဲလိုကျတတ်တဲ့ နိုင်ငံတစ်ခုမှာ လာပြီး ကျောင်းတက်ခဲ့ရတယ်။ ကျွန်တော့်ရဲ့ ကုသိုလ်ကံလို့ပြောရလေမလား။ ကျွန်တော် ခုလိုကျောင်းတက်ခွင့်ကို ရခဲ့တော့ လူပဲဗျာ။ အနဲနဲ့ အများဆိုသလို ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတဲ့စိတ် ဖြစ်ခဲ့မိတယ်။ နောက်ပြီး သွေးကြီးမိခဲ့တယ်ဆိုလေမလားပဲ။ ရောက်ရောက်ချင်းမှာတော့ ကျွန်တော့်ပုံစံက မြောက်ကြွကြွဖြစ်နေခဲ့မှာကို မြင်ယောင်နေပါသေးတယ်ဗျာ။ အဲ့ဒီလို အချိန်မှာပေါ့။

ကျွန်တော်တို့ ခုလို ရောက်လာတဲ့ သူတွေတိုင်းက အင်တာနက်ဆိုတာကို ထိတွေ့ခွင့်ရပြီး အွန်လိုင်းမှာ ကောင်မလေးတွေနဲ့ စကားပြောဖြစ်ကြတဲ့သူတွေချည်းပါပဲ။ အဲ့ဒီမှာ ကျွန်တော်လဲ ကောင်မလေးပေါင်းများစွာနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ မထင်မှတ်ပဲ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကြောင့် ကျွန်တော် ကောင်မလေးတစ်ယောက်နဲ့ ခင်မင်ခွင့် ဆုံစည်းခွင့်ရခဲ့တယ်။ သူက စကားပြောကောင်းတယ်။ တစ်ခါတစ်ခါကျ လူကြီးလိုမျိုးဖြစ်နေပေမယ့် သူ့ပုံစံက ကလေးတစ်ယောက်နဲ့လဲ တူနေတတ်ပြန်ပါတယ်။ ဆရာလုပ်တတ်တာလဲ လွန်ပါရော။ ဒါပေမယ့် ကျွန်တော် သူ့ကို ချစ်မိသွားခဲ့ပါတယ်။

အဲ့ဒီ ချစ်ခြင်းက အစမှာတော့ တကယ်ဟုတ်မဟုတ် ကျွန်တော်ကိုယ်တိုင် သေချာ မသိခဲ့သေးပါဘူး။ ကျွန်တော် သူ့ကို ချစ်တယ်လို့တော့ ထင်ခဲ့တယ်။ ထင်ချင်စရာကောင်းအောင်လဲ သူက ကျွန်တော့်ကို ဂရုစိုက်ခဲ့တယ်။ ကျွန်တော်ကတော့ ဘာရယ်မဟုတ်ပဲ စိတ်ထဲမှာ ဒီလိုပဲ ချစ်တယ်လို့ ထင်မြင်ယူဆခဲ့မိတယ်။ ကျွန်တော့်တို့က အွန်လိုင်းမှာ တွေ့ခဲ့ကြတာ မဟုတ်လား။ ဒီတော့ ကျွန်တော့်စိတ်ထဲမှာ အပျော်လို့ပဲ သတ်မှတ်နေခဲ့မိတယ်။ ဒါပေမယ့် သူက ကျွန်တော်ထင်မှတ်မထားခဲ့လိုက်နိုင်အောင်ကို ကျွန်တော်ဆိုးသမျှကို သည်းခံပေးခဲ့တယ်။ နောက် စိတ်လဲမကောက်တတ်ပြန်ဘူး။ ကျွန်တော်သူ့ကို ရှေ့ထားပြီး တစ်ခြားကောင်မလေးတွေနဲ့ စကားပြောနေလဲ သူက ဒီတိုင်း ငြိမ်ငြိမ်လေး ထိုင်ကြည့်ပေးနေတတ်ခဲ့တာ ကျွန်တော်တကယ်ကို အံ့သြခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်မထင်မှတ်ခဲ့တဲ့ ရှင်းရဲ့ ထိုးနှက်ခြင်းက ပြင်းထန်လွန်းနေခဲ့တယ်။ ကျွန်တော့်ရဲ့အပြစ်တွေမှန်း သိခဲ့ပေမယ့် ရှင်းပေးလာတဲ့ အပြစ်ဒဏ်က ကျွန်တော့်ကို အလဲလဲအပြိုပြိုဖြစ်သွားစေတယ်။ သြော်.. ကျွန်တော့်အတွက်ကတော့လေ...။

အဲ့ဒီတုန်းကပေါ့။ အွန်လိုင်းဆိုတော့ အွန်လိုင်းတွေရဲ့ ထုံးစံအတိုင်း ကျွန်တော့်ရဲ့ အီးမေးလ် လျှို့ဝှက် နံပါတ်တွေကို ရှင်းသိခဲ့သလို ရှင်းရဲ့ အီးမေးလ် လျှို့ဝှက်နံပါတ်တွေကိုလဲ ကျွန်တော် သိခဲ့တယ်။ ကျွန်တော်က ရှင်းကို ဖြူစင်တယ်လို့ ထင်ခဲ့မိပါတယ်ဗျာ။ တကယ်လဲ ရှင်းက အဲ့လို ထင်ချင်စရာကောင်းလောက်အောင်ကို ပိရိခဲ့တာပါ။ ကျွန်တော်က ရှင်းရဲ့ အီးမေးလ်မှာ ရှင်းနဲ့ သူ့သူငယ်ချင်းတွေ ချက်တင်ထိုင်သမျှကို သေချာ လိုက်ဖတ်တတ်တဲ့ အလေ့အကျင့်တော့ ရှိခဲ့ပါတယ်။ တစ်နေ့မှာပေါ့ဗျာ။ အဲ့ဒီတစ်နေ့ကို ကျွန်တော်ခုထိ မမေ့နိုင်သေးပါဘူး။

အဲ့ဒီနေ့ကလေ ကျွန်တော်က ရှင်းမေးလ်ထဲကို ထုံးစံအတိုင်းပေါ့ ၀င်သွားခဲ့တယ်။ နောက်ပြီး ရှင်းနဲ့ သူ့သူငယ်ချင်းမတစ်ယောက် ချက်ထားတာကို ကျွန်တော် ဖတ်လိုက်မိတယ်။ ဒီမှာ ရှင်းရဲ့ သူငယ်ချင်းမက ရှင်းကို တစ်ခြားယောက်ျားတစ်ယောက်နဲ့ အကြောင်းတွေ မေးနေတာကို ကျွန်တော်တွေ့လိုက်ရတယ်။ ကျွန်တော် ကိုယ့်မျက်လုံးတောင် ကိုယ်မယုံကြည်လိုက်နိုင်သလိုပါပဲ။ ကျွန်တော် လုံးဝ ထင်မှတ်မထားခဲ့မိပါဘူး။ ရှင်းက ကျွန်တော့် အချစ်ဦးပါ။ ကျွန်တော် ပထမဆုံးချစ်တယ်လို့ပြောခဲ့ဘူးတာ ရှင်းပါ။ ဒါပေမယ့် ကျွန်တော်ချစ်သူ ရှင်းမှာ ကျွန်တော်နဲ့ အပြိုင် တစ်ခြားတစ်ယောက်ရှိနေခဲ့တယ်တဲ့။ ကျွန်တော့်ရင် တစ်ခုလုံး တင်းကျပ်လာတယ်။ ကျွန်တော်လေ ကွန်ပြူတာရှေ့မှာ နာရီပေါင်းများစွာ မလှုပ်မယှက်ထိုင်နေခဲ့မိတယ်။ ဟုတ်မှ ဟုတ်ရဲ့လားလို့လဲ အကြိမ်ကြိမ် ကိုယ့်ဘာသာကိုယ် ပြန်မေးနေခဲ့မိတယ်။

ရှင်း အွန်လိုင်းတက်ပြီး ကျွန်တော့်ကို လာတွေ့တဲ့အချိန်မှာလေ ကျွန်တော်တကယ်ကို မထိန်းနိုင်ပဲ ပေါက်ကွဲခဲ့မိတယ်။ ရှင်းကတော့ အေးဆေးသက်သာစွာနဲ့ပဲ ကျွန်တော့်ကို စကားပြောခဲ့တယ်။ ဒါကတော့ ရှင်းရဲ့ ပင်ကိုယ်ထုံးစံပါပဲ။ ကျွန်တော်ကသာ တစ်ဖက်သတ် အရူးကြီးတစ်ယောက်လို ဖြစ်လို့ပေါ့။ ဒါနဲ့ ကျွန်တော် စိတ်ညစ်ညစ်နဲ့ အွန်လိုင်းမှာ နောက်ထပ် ကောင်မလေးတွေနဲ့ စကားပြောဖြစ်ခဲ့တယ်။ ရှင်းရှေ့မှာပေါ့။ ဒါပေမယ့် ရှင်းက ကျွန်တော်လုပ်သမျှ ဘာဆို ဘာမှ မပြောခဲ့ပါဘူး။ ကျွန်တော်သာ တစ်ခြားမြို့ ကျွန်တော့်ထက်ကြီးတဲ့ အမတစ်ယောက်ရဲ့ပုံကို ကျွန်တော်တို့ နှစ်ယောက်ပဲ သုံးတဲ့ နစ်မှာ တင်ပြီး ရှင်းကို လက်စားချေဖို့ကြိုးစားခဲ့မိတယ်။ ဒါပေမယ့် ကျွန်တော် အမှားကြီးမှားသွားခဲ့တယ်ဗျာ။ ရှင်းက ကျွန်တော့်ကိုထားသွားတဲ့ အချိန်ကျမှ ကျွန်တော်သိလိုက်ရတာက ရှင်းကို ကျွန်တော် တကယ်ကိုပဲ ချစ်မိနေခဲ့ပြီဆိုတာ။ ဒါပေမယ့် ကျွန်တော်ရလိုက်တဲ့ နောင်တက နှောင်းနောင်တ ဖြစ်ခဲ့ပါပြီ။ ရှင်းကတော့ ကျွန်တော့်ရဲ့ အဝေးမှာပေါ့။ ကျွန်တော်ရှင်းကို သိပ်ချစ်ခဲ့မိပါတယ်ဗျာ။

( ရှင်း >> ခန့် )

ဆောင်းရာသီဝင်လာပေမယ့် ဒီနှစ်အအေးဒဏ်က ထင်သလောက် မပြင်းထန်ခဲ့ဘူးနော်။ ကျွန်မဘ၀မှာ ဆောင်းတွင်းရောက်လာတိုင်း ကြုံခဲ့ရတဲ့ စာမေးပွဲပေါင်းများစွာကလဲ အဆင်သင့် ဆီးကြိုလို့။ အေးသည်ဖြစ်စေ မအေးသည်ဖြစ်စေ ကျွန်မအတွက်ကတော့ စာမေးပွဲတွေနဲ့ နပမ်းလုံးနေကြမို့ ချွေးတို့ပျံတတ်နေခဲ့ပါပြီ။ ကျွန်မရဲ့ အပမ်းဖြေရာဆိုလို့ ကျွန်မရဲ့ ကျောင်းအားချိန်တွေနဲ့ နားချိန်တစ်ချို့တို့မှာ ခေတ်လူငယ်ပီသစွာ အွန်လိုင်းကိုဝင်ပြီး ချက်တင် ထိုင်မိတတ်ပါတယ်။ ဒါပေမယ့် ကျွန်မအတွက်ကတော့ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောတာလောက်ထက် မပိုခဲ့ပါဘူး။ ဒါပေမယ့်ပေါ့လေ... မမျှော်လင့်ခဲ့မိတာကတော့...။

ဆောင်းတစ်ညနေခင်းမှာပေါ့။ ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်ကြောင့် လူတစ်ယောက်နဲ့ စတင်ဆုံစည်းခဲ့ပါတယ်။ မဟာခန့်ပါလို့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရင်း ကျွန်မရဲ့ နစ်ကို အပ်လာတဲ့ ထိုလူကို ကျွန်မတစ်ခါမှ မသိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မဆီကို ရောက်လာတဲ့ လူတိုင်းကို ရိုးသားစွာ ခင်ချင်တတ်ခဲ့တဲ့ ကျွန်မရဲ့ ပင်ကိုယ် အကျင့်အတိုင်း ထိုလူကို သူငယ်ချင်းအဖြစ် သတ်မှတ်ခဲ့မိတယ်။

ဒီလိုနဲ့ စကားတွေ ပြောကြရင်း၊ ဓါတ်ပုံ အပြန်အလှန်ပို့ကြရင်း၊ ၀က်ဘ်ကမ်မရာနဲ့ တစ်ယောက်နဲ့တစ်ယောက်ကြည့်ကြရင်း၊ ခင်မင်မှုတွေ ပိုလာတဲ့နောက် ခန့်လို့ ကျွန်မက ခေါ်ရတဲ့သူဟာ ကျွန်မကို ချစ်ခွင့်ပန်ပါတော့တယ်။ အွန်လိုင်းတို့ ထုံးစံ တစ်နေ့ ဒီလို ဖြစ်မယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမယ့် ကျွန်မကိုယ်တိုင်က ခန့်ကို အွန်လိုင်းမှာ မြင်မြင်ချင်း နှလုံးသားထဲကနေ ချစ်မိခဲ့တာမို့ ခန့်က ခုလို ဖွင့်ပြောလာတော့ ကျွန်မတကယ်ကို ၀မ်းသာပျော်ရွှင်ခဲ့ရတယ်။ ဒါပေမယ့်လည်းလေ ... အဲ့ဒီ ၀မ်းသာပျော်ရွှင်မှုတွေက နာကျင်ရမှုတွေသာ ဖြစ်လာခဲ့မယ်ဆိုတာ သိခဲ့မယ်ဆိုရင် ကျွန်မခန့်ကို မချစ်မိဖို့ ကြိုးစားခဲ့မိလိမ့်မယ် ထင်ပါရဲ့။ ခုတော့လည်းလေ...။

ခန့်နဲ့ ကျွန်မ ချစ်သူတွေဖြစ်ပြီးတဲ့နောက်မှာ ကျွန်မလေ ပိုပြီး သိသိလာရတာက ခန့်က ကျွန်မကို အပျော်တမ်း ဆော့ကစားခဲ့တယ်ဆိုတာကိုပါ။ ကျွန်မရဲ့အချစ်ကို တန်ဖိုးမထားခဲ့တဲ့ခန့်က ကျွန်မကို တကယ်မချစ်ခဲ့ပါဘူး။ ကျွန်မကို ရှင်းလို့ခေါ်တတ်ခဲ့တဲ့ ကျွန်မရဲ့ခန့်ဟာ ကျွန်မကို ရှေ့မှာထားပြီး ( ကမ်မရာနဲ့ သူ့ရုပ်ကို ပြထားပေမယ့် ) သူကတော့ တစ်ခြားမိန်းမတစ်ယောက်နဲ့ စကားပြောနေတတ်ခဲ့ပါတယ်။ အဲ့ဒါကို ထိုင်ပြီး ကြည့်နေခဲ့ရတဲ့ ကျွန်မ...။ ဆေးလိပ်မသောက်ပါနဲ့လားခန့်ရယ်၊ ကျန်းမာရေးအတွက်မကောင်းဘူးလေ၊ လျှော့သောက်နော်လို့ ကျွန်မပြောကာမှ ကျွန်မရှေ့မှာ ဆေးလိပ်ဖွာပြခဲ့တဲ့ ခန့်ကို ကြည့်ပြီး ရင်နာခဲ့ရတဲ့ကျွန်မ...။ အို ... အမျိုးမျိုးပါပဲလေ။

ခန့်ကြောင့် ကျွန်မနာကျင်ရသမျှကိုလေ ကျွန်မကိုသိပ်ချစ်တဲ့ ကိုကိုတစ်ယောက်သာ နားလည်ပေးနိုင်ခဲ့တယ်။ ကျွန်မ ပထမနှစ်တက်တဲ့ အချိန်ကတည်းက ကျွန်မကို ချစ်ခွင့်ပန်ခဲ့တဲ့ကိုကို့အချစ်ကို စဉ်းစားဆဲကျွန်မဟာ ခန့်နဲ့ တွေ့တဲ့အချိန်မှာတော့ ကိုကို့ကို အပြတ်ငြင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ခန့်ရဲ့ ရက်စက်မှုတွေနဲ့ ကျွန်မရဲ့ အချစ်ကို တန်ဖိုးမထားမှုတွေဟာ ကျွန်မကို ပိုလို့နာကျင်စေခဲ့ရင်းက ကိုကို့အချစ်တွေကို အသိအမှတ်ပြုလာစေဖို့ ဖြစ်လာခဲ့တယ်ဆိုတာ ခန့်တစ်ယောက် သိမှသိပါလေစနော်။

ကျွန်မကိုကို့ကို ရွေးချယ်တော့မယ်လို့ ဆုံးဖြတ်ချိန်မှာ ကျွန်မနှလုံးသားတစ်ခုလုံး နာကျင်အေးစက်နေခဲ့တာ ဘယ်သူများ သိနိုင်မလဲလေ။ ခန့်တစ်ယောက်ကတော့ ကျွန်မရဲ့ခံစားချက်ကို လစ်လျူရှုလို့ ကျွန်မအမြတ်တနိုးရှိခဲ့တဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ သီးသန့်နစ်မှာ အမကြီးတစ်ယောက်ရဲ့ပုံကိုတောင် တင်လိုက်ပါသေးတယ်။ ကျွန်မလေ နားလည်ပေးနိုင်ဖို့ အမြဲကြိုးစားခဲ့ပေမယ့် တစ်ကြိမ်ထက် တစ်ကြိမ်ဆိုသလို ပိုပိုပြီး နာကျင်လာရတာကတော့ ရင်နဲ့ အမျှပါပဲ။ မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ချစ်သူရဲ့ ယုယကြင်နာ မြတ်နိုး တန်ဖိုးထားခြင်းကို အနဲနဲ့အများဆိုသလို ခံယူချင်ကြတာချည်းပါပဲ။ ဒါပေမယ့် ခန့်က ကျွန်မကို မချစ်ခဲ့သလို တန်ဖိုးလဲ မထားခဲ့ပါဘူး။ ကျွန်မကို မချစ်ခဲ့တဲ့ ကျွန်မရင်နှင့်အမျှ ချစ်ရတဲ့ချစ်သူကို ကျွန်မလွတ်လပ်ခွင့်ပေးလိုက်ချင်ပါတယ်။
နောက်ပြီး ကျွန်မကို သိပ်ချစ်ပြီး တန်ဖိုးထားလွန်းတဲ့ ကိုကို့ကို ကျွန်မ ကိုယ်ချင်းစာမိတယ်။ ဒါ့ကြောင့် ကျွန်မကို ချစ်တဲ့ ကိုကို့ဆီကိုပဲ သွားဖို့ ကျွန်မဆုံးဖြတ်လိုက်တဲ့နေ့ကစပြီး ကျွန်မနှလုံးသားဟာ သေဆုံးသွားခဲ့ပါပြီ။ ချစ်သောခန့်နဲ့ အတူပေါ့။

တစ်သက်မှာ တစ်ကြိမ်ပဲ ချစ်ခဲ့ဖူးပါတယ်။ အဲ့ဒီတစ်ကြိမ်မှာကတည်းက ကျဆုံးခဲ့ရတဲ့ ကျွန်မ... နာကျင်ခြင်းတွေကို ရင်မှာ ပိုက်ရင်း နှလုံးသားကို သဂြိုလ်လိုက်တယ်။ ချစ်သောခန့်တစ်ယောက် ... သိပါစေ။

နိဂုံး၏နောက်ဝယ် ...

အဲ့ဒီအချိန်ကစပြီး ခန့်ရှင်းဆိုတဲ့ စုံတွဲလေး အွန်လိုင်းပေါ်ကနေ ပျောက်ကွယ်သွားခဲ့တာ ခုဆိုရင် ပြက္ခဒိန်တချို့တောင် လွင့်ပျယ်ကုန်ခဲ့ပါပြီ။
သုံးနဲ့ လေးလို နီးနေပေမယ့် ကျောခိုင်းအနေအထားဖြစ်နေခဲ့တဲ့ သူတို့နှစ်ယောက်ကတော့ တစ်ယောက်နဲ့ တစ်ယောက် မမြင်နိုင်တဲ့ အဝေးတစ်နေရာစီကနေ
သတိရလွမ်းဆွတ်ခြင်းတွေနဲ့ အတူ...။

Friday, May 22, 2009

ကျွန်တော်နှင့် ကျွန်တော်ချစ်သော စာဆိုတော်...။

( အပိုင်း ၁ )


" သမီး၊ စာအုပ်တွေက ပြောတဲ့စကားသံကို သေချာနားထောင်ကြည့်ပါ။ စာအုပ်တွေဆိုတာ သမီးအတွက် စစ်မှန်တဲ့ မိတ်ဆွေကောင်းဖြစ်တယ်။ "
တဲ့ ကျွန်တော့်ဖေဖေ ပြောခဲ့ဖူးတဲ့စကားလေး တစ်ခွန်းပါ။
ကျွန်တော်က ငယ်ငယ်ကတည်းက စာဖတ်ဝါသနာ အတော်ကို ထုံခဲ့ပါတယ်။ ထုံရခြင်း အကြောင်းကလဲ ဖေဖေ့ကြောင့်ထင်ပါရဲ့။ ငယ်ငယ်တည်းက ကျွန်တော့်ဖေဖေက ကျွန်တော့်ရဲ့ စာဖတ်ဝါသနာကို မြေတောင်မြှောက်ပေးခဲ့လို့ ကျွန်တော်ဒီအသက် ဒီအရွယ်မှာ မဖတ်ဖူးတဲ့စာဆိုတာ မရှိသလောက်ကို ရှားခဲ့ပါပြီ။ စာအုပ်တစ်အုပ်သာ ကျွန်တော့်လက်ထဲမှာ ရှိနေခဲ့ရင် ကျွန်တော် အရာအားလုံးကို မေ့နေတတ်ခဲ့တယ်ဗျ။ ငယ်ငယ်တုန်းက ကစားတာနဲ့ စာဖတ်တာဆိုရင် စာဖတ်တာကိုပဲ ရွေးခဲ့မိဘူးတာကို မှတ်မိနေပါသေးတယ်။

ဒီလိုလူသား ကျွန်တော်တစ်ယောက် .. အမိမြန်မာပြည်နဲ့ ခွဲခွာလာရတဲ့အချိန်မှာ ဘာစာအုပ်မှ သယ်မလာနိုင်ခဲ့တော့ ကျွန်တော့်အတွက် ခက်ပြီပေါ့ဗျာ။ ပျင်းလိုက်တာဆိုတာ အရည်ပျော်မတတ်ပါပဲ။ စာအုပ်တွေ ၀ယ်မယ်ဆိုပြန်တော့လဲ ဈေးတွေက ခေါင်ခိုက်နဲ့။ ကျွန်တော်တကယ်ကို စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရဖူးပါတယ်။ ရောက်ကာစကပေါ့။

အဲ့ဒီအချိန်မှာပဲ ကျွန်တော့်အတွက် ရေရှားတုန်း သမုဒ္ဒရာထဲ လက်ပစ်ကူးရတဲ့အဖြစ်ကို ကြုံခဲ့ရတာကတော့ ကျွန်တော် ကွန်ပြူတာ ၀ယ်ပြီးတဲ့ အချိန်မှာစတာပါ။ ကျွန်တော် ကွန်ပြူတာဝယ်ပြီး တစ်လ နှစ်လလောက်အထိက ကျွန်တော့်အတွက် ဘာမှ လုပ်စရာမရှိခဲ့ပါဘူး။ ခနတဖြုတ် ဂျီတော့ဝင် ဟိုလူနဲ့ ခန စကားပြော၊ ဒီလူနဲ့ ခန စကားပြော။ ပြီးရင် အိမ်နဲ့ တစ်ပါတ်ကို ၂ရက်လောက် ဆက်သွယ်။ ဒါပါပဲ။ ကျွန်တော်က သိပ်မချက်တော့လဲ ပိုပြီး ပျင်းစရာကောင်းခဲ့တာပေါ့လေ။

တစ်နေ့ပေါ့။ အဲ့ဒီတစ်နေ့ကို ကျွန်တော် တကယ်ပဲ မေ့မရတော့ပါဘူးဗျာ။ အဲ့ဒီတစ်နေ့မှာ ကျွန်တော် အလုပ်မသွားခင် အွန်လိုင်းကို ခန ၀င်လိုက်မိတယ်။ ကျွန်တော့် ဖေဖေဆီကို မက်ဆေ့ဂ်ျ ပို့ချင်လို့ပါ။ အဲ့ဒီမှာ ကျွန်တော့်ရဲ့ အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့တဲ့ ဆရာ ကိုစိုးမင်းထိုက် ( တောင်ပေါ်သား ) ကိုတွေ့တော့တာပါပဲ။ ပျောက်ဆို မြန်မာပြည်မှာတုန်းက သူကလဲ အလုပ်များ ကျွန်တော်ကလဲ လက်လျားလက်လျားဆိုတော့ အွန်လိုင်းမှာ တော်ရုံမဆုံမိခဲ့ကြဘူးလေ။ အဲ့ဒါ အဲ့ဒီနေ့ကတော့ သူကလဲ မီးနီပြပြီး အွန်လိုင်းဝင်လာလေရဲ့။ သူဝင်လာတော့ ၀မ်းသာအားရ နှုတ်ဆက်မယ်ဆိုပြီး သူ့နစ်ကို ကြည့်လိုက်တော့ www.soeminhtike.com ဆိုတဲ့ သူ့ရဲ့ အိမ်လေးကို ကြော်ငြာထားတာကို သွားတွေ့တယ်။ ဒါနဲ့ အင်း စပ်စုရချေသေးရဲ့ဆိုပြီး စကားတောင် မပြောနိုင်သေးဘူး အရင် စပ်စုလိုက်တာမှာ ဘလော့ရောဂါက စတော့တာပါ။ ဆရာ ကိုစိုးမင်းထိုက်ကို ပြောတော့ သူက သူ့အိမ်မှာ ၀င်ရေးလို့ပြောရှာပါတယ်။ ကျွန်တော်ကလဲ ဘယ်ရမလဲ။ ရေးပါဘူး။ ကိုယ့်ဟာကိုယ်ဆောက်မှာပေါ့။ အဟက်။ အဲ့ဒါနဲ့ အိမ်ကလေးတစ်လုံး ဆောက်လိုက်လေသတည်းပေါ့။ ကျွန်တော် အိမ်စဆောက်တော့ ကျွန်တော်က မလုပ်တတ်ခဲ့ဘူး။ အဲ့ဒီမှာ ကျွန်တော်ချစ်တဲ့ ကျွန်တော့်ရဲ့ ဂျစ်ကို အိုက်ခီလောက် ( ယမကာ လုလင် )က ကျွန်တော့်ကို အိတ်သွန်ဖာမှောက် အတင်းတုတ် ( အဲလေ ) ကူညီတော့တာပါပဲ။ လုပ်ပုံလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေကိုပေါ့။ ကျွန်တော့်ရဲ့ အခြေခံအုပ်မြစ်က သူချပေးတာပေါ့။ အဲ့ဒါကြောင့် ကျွန်တော် အုန်းပွဲ ငှက်ပျောပွဲ နဲ့ ကန်တော့ရမယ့်သူတွေထဲမှာ သူလဲပါတယ်။ ဟီး။

ဒါတွေကတော့ ကျွန်တော့်ရဲ့ ဘလော့စဖြစ်ပုံ ဇာတ်ကြောင်းပေါ့နော်။ နိဒါန်းပျိုးလိုက်တာ တော်တော်တော့ ရှည်သွားတယ်။ အဟဲ။
လိုရင်းကို ပြန်ဆက်ရရင်တော့ပေါ့။ ကျွန်တော် အဲ့ဒီတုန်းက ဆရာပေါ်ရဲ့ အိမ်မှာ ရှိသမျှအိမ်တွေကို လိုက်စပ်စုခဲ့ဖူးတယ်။ သူကတော့ ကျွန်တော့်ဆရာဆိုတော့ ကျွန်တော့်ကို သူ့တပည့်ဖြစ်ဖူးတယ်ဆိုတဲ့မျက်နှာနဲ့ ဘာမှပြောမှာ မဟုတ်ပါဘူးဆိုပြီး အဲ့ဒီရတဲ့အခွင့်အရေးနဲ့ သူ့အိမ်ကို မွှေချင်တိုင်းမွှေဖြစ်ခဲ့တယ်ဗျ။ အဟက်။ မြင်ယောက်ပါသေးတယ်။ သူ့အိမ်ကို ကျွန်တော်ဝင်မွှေနေတာကို ဆရာပေါ်က သိသိကြီးနဲ့ စူပုပ် စူပုပ်နဲ့ ငြိမ်ခံနေခဲ့ရတာကိုလေ။ အဟိ။

အဲ့ဒီမှာ ကျွန်တော်တစ်ခုသွားတွေ့ခဲ့ရတာကတော့ ဆရာပေါ်အိမ်ကပဲ စတာပါ။ ကျွန်တော်က ကျွန်တော်ရောက်ဖြစ်တဲ့ ဘလော့တိုင်းကို ဘာပဲရေးထားကြပါစေ။ သေချာဖတ်ပါတယ်။ ပြီးရင် ဒီစာရေးဆရာ မဆိုးဘူး။ အင်း... ဒီစာရေးဆရာကတော့ ဘာတွေ ရေးထားမှန်းလဲမသိဘူး။ ဒီစာရေးဆရာကတော့ ဒိုင်ယာရီနဲ့ ဘလော့ ရောနေတယ်ထင်ပါရဲ့ စသည်ဖြင့် ကိုယ့်ဟာကိုယ် တိတ်တိတ်လေး မှတ်ချက်ချပြီး ဒီအိမ်ကတော့ ငါအကြိုက်ဆုံး အိမ်၊ ဒီအိမ်ကတော့ ငါ သိပ်မကြိုက်ဘူး။ ဒီအိမ်ကတော့ ငါ လုံးဝကို မကြိုက်တာဆိုပြီး ၃မျိုးခွဲခြားလို့ သိမ်းဖြစ်ခဲ့ပါတယ်။

အဲ့ဒီမှာ ကျွန်တော်တကယ်ကို နှစ်သက်ပြီး တကယ်ကို တန်ဖိုးထားခဲ့ရတဲ့ စာရေးဆရာတစ်ယောက်ရဲ့ ရိုးရှင်းတဲ့ အိမ်လေးကို တွေ့လိုက်ရတာပါ။ သူကတော့ ရောက်ပြီးသူတိုင်း နောက်ထပ် ခနခန ပြန်လာချင်နေအောင် ဆွဲဆောင်ထားနိုင်လွန်းပြန်ပါတယ်။ သူ့ရဲ့စာတွေဟာ တစ်ခါတစ်ခါ သိပ်ပြီးခံစားရတယ်။ တစ်ခါတစ်ခါ ရယ်မောပျော်ရွှင်ရတယ်။ တစ်ခါတစ်ခါတော့ ဗဟုသုတဖြစ်နေပြန်ရော။ တစ်ခါတစ်ခါတော့ စိတ်ခံစားချက်လေးတွေလဲ ဖတ်ရတတ်ပြန်ပါတယ်။ လူငယ်ဆန်တဲ့ ရသမျိုးစုံကို ပေးတတ်ခဲ့တဲ့ အိမ်လေးပေါ့။

ကျွန်တော်ထင်ပါတယ်။ သူက အပြင်မှာ စာရေးတဲ့ စာရေးဆရာတော့ ဟုတ်ပုံမရပါဘူး။ ဒါပေမယ့် သူ့ရဲ့ ရေးနည်းရေးဟန်နဲ့ စာအသွားအလာကို ကြည့်ခြင်းအားဖြင့် သူဟာ ဘယ်လောက်စာဖတ်အားကောင်းခဲ့မယ်ဆိုတာကို ခန့်မှန်းလို့ရကြမှာပါ။ ရိုးရှင်းတဲ့ဇာတ်လမ်းတစ်ပုဒ်တောင် သူ့ဆီရောက်ရင် ဆန်းပြားအောင် အရောင်ခြယ်နိုင်ခဲ့တဲ့ သူ့ရဲ့ ကလောင်စွမ်းကတော့ ထက်မြက်နေတဲ့ဓါးတစ်ချောင်းလိုပါပဲ။ သူစာရေးတိုင်း ကျွန်တော်စောင့်ကြည့်နေခဲ့ဖူးတာ တစ်ခုရှိတယ်ဗျ။ အဲ့ဒါကတော့ သူဘယ်လောက် ရေးနိုင်စွမ်းရှိသလဲဆိုတာကိုပါပဲ။ ကျွန်တော်က ဝေဖန်ရေးနဲ့ လေကန်ရေးတော့ မဟုတ်ဖူးဗျ။ အလကားနေရင် မနာလိုစိတ်နဲ့ ကောင်းပါရက်ကယ်နဲ့ လိုက်ပြီး ဟိုဟာလေးကတော့ ဘယ်လို၊ ဒီဟာလေးကတော့ ဘယ်ဝါဆိုပြီး လိုက်ပြောတတ်ခဲ့တဲ့ သူတွေထဲမှာ ကျွန်တော်မပါ ပါဘူး။ ဒါပေမယ့် ကျွန်တော့်ဆီမှာ အကျင့်တစ်ခုရှိတာက မကောင်းမှန်းသိရက်နဲ့ မကောင်းတာကို ကောင်းပါတယ်လို့ ကျွန်တော် မလုပ်တတ်ခဲ့တာပါ။ နောက်ပြီး ကောင်းနေရက်ကယ်နဲ့ မကောင်းပါဘူးလို့ ကျွန်တော် မလုပ်ရဲခဲ့ပါဘူး။ ကျွန်တော်တကယ် အားကျမိတဲ့အရာတစ်ခုကို စောင့်ကြည့်တတ်တဲ့စိတ်လေးတော့ ကျွန်တော့်မှာ ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ သူဘယ်လိုများ ဘာတွေများ ဆက်ရေးမှာပါလိမ့်။ သူရေးတဲ့စာတွေက ငါ့ကို ဘယ်လိုစကားတွေ ပြောမှာပါလိမ့်ဆိုတဲ့ စိတ်ခံစားချက်မျိုးနဲ့ ကျွန်တော်ကြိုက်တဲ့စာရေးဆရာတွေကို ကျွန်တော် အမြဲပဲ စောင့်ကြည့်နေခဲ့မိတာပါ။
ခင်ဗျားတို့လဲ ဒီလိုခံစားမှုမျိုးကို ခံစားမိကြလိမ့်မယ်ထင်ပါရဲ့နော်။ တကယ် စာပေကို တန်ဖိုးထားတတ်တယ်ဆိုရင်ပေါ့။ ဟုတ်ပါတယ်။ သူ့အိမ်ဟာ သူရေးပြီးတိုင်းမှာ သူရေးတာကို စောင့်ဖတ်နေကြတယ်ဆိုတဲ့ သူတွေနဲ့ ပြည့်နှက်နေခဲ့တာပါ။ ကြည်နူးမိပြန်ပါရဲ့ဗျာ။

ဒီနေရာမှာ ကြုံလို့ ကြော်ငြာဝင်တယ်ပဲ ပြောပြောပါ။ ကျွန်တော့်ချစ်သူပြောဖူးတဲ့ စကားတစ်ခွန်းရှိခဲ့ဖူးတယ်။
" တေး၊ စာရေးတယ်ဆိုတာ နှစ်မျိုးရှိတယ်။ တစ်ခုက ကိုယ့်အတွက်ကို ကြည့်ပြီး ကိုယ်စိတ်ပြေရာ ပြေကြောင်းဖြစ်ဖို့အတွက် ရေးတာ။ နောက်တစ်ခုကတော့ ကိုယ်ရေးတဲ့စာတွေဖတ်ပြီး သူ့ရင်ထဲမှာ တစ်ခုခုကျန်သွား ခံစားသွားစေတဲ့ ရသကျန်အောင်ရေးတာက သူများအတွက်ရေးတာ။ ကိုကတော့ တေးကို ကိုယ့်အတွက် ကိုယ်ရေးတာထက် သူများအတွက် ရေးတာပဲ ဖြစ်စေချင်တယ်။ စာရေးတယ်ဆိုတာ ကိုယ့်အတွက်ထက် သူများအတွက်ကို ကြည့်ပြီးရေးရတယ်။ "
တဲ့လေ။
ကျွန်တော်စဉ်းစားကြည့်မိဖူးပါတယ်။ ကျွန်တော်တို့ ဘလော့တွေမှာ ဘာလို့ စာရေးကြတာလဲနော်။ အဓိက အချက်ကတော့ ပျင်းရိငြီးငွေ့ကြတာကနေ စမယ်ထင်ပါရဲ့။ သူတစ်ပါးနိုင်ငံမှာ နေကြရတဲ့ကျွန်တော်တို့တွေက နေ့စဉ်လူနေမှုဘ၀မှာ မိခင်ဘာသာစကားမဟုတ်တဲ့ တစ်ခြားဘာသာစကားကိုပြောရင်း စိတ်မော လူမောဖြစ်ခဲ့ရသမျှ ဘလော့လေးထဲမှာတော့ မြန်မာလိုရေးရင်း ကိုယ့်စိတ်ကိုယ် အပန်းဖြေတတ်ကြတာ ဖြစ်မှာပါ။ ဒါကတော့ ကျွန်တော့်အမြင်ပေါ့။ အဲ့ဒီလိုတွေထဲမှာမှ တကယ်စာရေးတာကို ၀ါသနထုံ စာဖတ်တာကို ၀ါသနာထုံတဲ့သူတွေလဲ ရှိကြပါတယ်။ အဲ့ဒီလို လူမျိုး စာရေးဆရာ တွေရဲ့အိမ်မှာတော့ ခုန ကျွန်တော်ပြောခဲ့သလို ရသတစ်မျိုးမျိုးကို ခံစားတတ်ရစမြဲပါ။ မှန်ပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီလိုလူမျိုးကိုမှ စာရေးဆရာလို့ခေါ်ချင်ပါတယ်။ ကျွန်တော်ချစ်တဲ့ သူ့အိမ်လေးမှာတော့ သူရေးထားတာတွေဟာ သူများတွေကို ရသတစ်ခုခု ပေးလိုက်တာချည်းပါပဲ။ သူဟာ တကယ့်ကို စာရေးဆရာကောင်းပီသပါပေတယ်လို့ ကျွန်တော်ချီးမွမ်းပါရစေ။ ဒါကို သူ့အိမ်ကို ရောက်ဖူးသူတိုင်း လက်ခံကြလိမ့်မယ် ထင်ပါရဲ့ဗျာ။
( ကျွန်တော့်ချစ်သူတောင် ကျွန်တော့်ကို သူနဲ့ပတ်သတ်ပြီး ကောင်းကြောင်း ချီးမွမ်းခန်းဖွင့်ခဲ့ဖူးတယ်ဗျ။ ကျွန်တော်တစ်ယောက်တည်း ဟုတ်ဖူး။ အဟက်။ )

ကျွန်တော်က သူနဲ့ မရင်းနှီးပါဘူး။ ဒါကြောင့် သူ့စိတ်အခြေအနေ ဘယ်လိုရှိတယ်ဆိုတာကိုလဲ ကျွန်တော် မခန့်မှန်းတတ်ခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ နှုတ်ဆက်စကားသံကို အိမ်သစ်လေးတွေ တက်သစ်စလေးတွေရဲ့ အိမ်မှာ အမြဲလို တွေ့နေရတာကို ကြည့်ခြင်းအားဖြင့် သူက တက်သစ်စတွေကိုလဲ အားပေးတတ်တယ်လို့ သိရပါသေးတယ်။ သူ့အိမ်မှာ သူတင်သမျှလေးတွေဟာ သူတစ်ပါးကို မထိခိုက်အောင် သူတစ်ပါးကို မနာကျင်အောင် ကွန်းမန့်လေးတွေကအစ ပျော်ရွှင်ဖွယ်ဖြစ်နေအောင် ၀ိနည်းလွတ် စီမံထားနိုင်ပြန်ပါသေးတယ်။ အမှန်က သူ့အိမ်လေးမှာ လှပမှု အဆင်တန်ဆာတွေ မရှိခဲ့ပါဘူး။ ယောက်ျားလေးပီပီ ရိုးရိုးရှင်းရှင်းပဲ နေတတ်ပုံရပြန်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အဲ့ဒီ ရိုးလွန်းတဲ့ အဆင်အပြင်ရဲ့နောက်ကွယ်မှာ ဆန်းပြားတဲ့ မှော်အတတ်နဲ့ စီမံထားသလားမှတ်ရတဲ့ စာပေရဲ့ စကားပြောသံကတော့ သာယာစွာ အမြဲထွက်ပေါ်နေစမြဲပါ။ သြော် ... ရေးတတ်လွန်းပေစွ စာရေးဆရာငယ် ...။

သူက စာပေတင် တန်ဖိုးထားတာ မဟုတ်ဘူးထင်ပါ့။ ချစ်ရတဲ့ ချစ်သူကိုလဲ တန်ဖိုးထားတတ်ပြန်ပါသေးတယ်။ ဘာလို့ ဒီလိုပြောနိုင်ရသလဲဆိုတော့ သူဘယ်သူ၊ သူ့ချစ်သူ ဘယ်သူဆိုတာကို မသိ၊ မမြင်ဖူး၊ စကားမပြောဖူး၊ မရင်းနှီးဖူးပေမယ့် သူ့ရဲ့ စာတွေကတော့ အမြဲသက်သေပြတတ်နေခဲ့လို့ပါ။ " ဒီစာကို ကျွန်တော့်ချစ်သူရေးပေးပါတယ် " ဆိုတာမျိုးလို စာသားလေးတွေဟာ တကယ့်ကို လှပမှုနဲ့ ထုံးဖွဲ့ထားတာပါ။ ရင်ထဲမှာ သူ့ချစ်သူအတွက် ၀မ်းသာခြင်း ကြည်နူးခြင်းဖြစ်မိရပါရဲ့ဗျာ။ မိန်းမတစ်ယောက်အဖို့ ဂုဏ်အယူရဆုံး အရာဟာ သူ့ချစ်သူ ယောက်ျားက သူ့ကို ဘယ်လောက်ချစ်မြတ်နိုး တန်ဖိုးထားသလဲဆိုတဲ့ အပေါ်မှာ မူတည်တာ မဟုတ်လား။ ဒါ့ကြောင့် တန်ဖိုးထားတတ်လွန်းတဲ့သူ့ကို ကျွန်တော် လေးစားမိရပြန်ပါတယ်။

"ကျွန်တော်ကသာမန်လူငယ်တယောက်ပါ.အများကြီးမသိသလို အများကြီးလည်းမတတ်ပါဘူး. ဘ၀ကို ကံပစ်ချထားသလိုပဲရှင်သန်ချင်ခဲ့ပေမဲ့ အတ္တကိုမချိုးနှိမ်နိင်သေးတဲ့သူတယောက်ပါ။ အခုလက်ရှိတော့ကျွန်းနိုင်ငံတခုမှာရှင်သန် နေထိုင်တယ်.ဘ၀တခုလုံးကိုပူလောင် အေးစက်စေတဲ့ချစ်သူရဲ့ အနားမှာပေါ့.ထိုင်လွမ်းနေရင်အကောင်းသားထလာမှပဲ ရင်ကျိုးရတဲ့သူပါ။"
လို့ သူ့အိမ်လေးမှာ ပြောတတ်ခဲ့တဲ့ သူဟာ ခုအချိန်မှာတော့ မွေးနေ့မင်္ဂလာကို ပျော်ရွှင်ခြင်းနဲ့ အတူ ဆင်နွှဲနေလောက်ပါပြီ။
မွေးနေ့မှာ ပျော်ရွှင်ပါစေ လို့ လေးလေးနက်နက် ဆန္ဒပြုလိုက်ပါတယ် ကျွန်တော်ချစ်သော ကျွန်တော်၏ စာရေးဆရာ ကိုမြစ်ကျိုးအင်းရယ်...။
ဒီစာနဲ့ အတူ အကိုမြစ်ကျိုးအင်းကို မွေးနေ့လက်ဆောင် ပေးပါတယ်ဗျာ။ ကျေနပ်နိုင်ပါစေ။
ချစ်ညီမ
ဇော်...။


( ကျွန်တော်နှင့် ကျွန်တော်ချစ်သော စာဆိုတော် ဆိုတဲ့ ခေါင်းစဉ်ကို အကိုမြစ်ကျိုးအင်းရဲ့ မွေးနေ့မှာ ဂုဏ်ပြုရင်းနဲ့ စလိုက်ပါတယ်။ နောက်ဆက်တွဲ ကျွန်တော် ဘယ်သူ့အိမ်ကို ချီးမွမ်းမယ်ဆိုတာကို ကြိုးစားပြီး တင်ပြပါဦးမယ်။ ကျွန်တော်ရေးတဲ့ ဒီခေါင်းစဉ်နဲ့ ပတ်သတ်ပြီး ကျွန်တော့်မှာ ဘယ်သူ့ ဘယ်သူကိုမှ စော်ကားလိုစိတ်မရှိခဲ့ပါဘူးဗျာ။ ကျွန်တော် ကြိုက်နှစ်သက်ရတဲ့စာရေးဆရာတွေနဲ့ ပတ်သတ်တဲ့ခံစားမှုမျိုးကို မျှဝေချင်ရုံလောက်ပါပဲ။ ဒါကိုတော့ ကျွန်တော် ရဲရဲကြီး ပြောပါရစေ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ )

Thursday, May 21, 2009

အလွမ်းနှင့် အတူ




နာရီတွေ ရွေ့လျား
အချိန်တို့ ကျော်လွန်လို့
တစ်နေ့သစ်ခဲ့ပြန်ပြီ
ချစ်သူ ...။

မာနကိုခင်း
စိတ်ကိုတင်းပြီး
တိတ်တဆိတ် စောင့်မျှော်လျှက်နဲ့
တစ်ရက်ပြီး တစ်ရက်
ခရီးဆက်နေခဲ့ပြီ
ချစ်သူ...။

သြော်...
ဘယ်ဆီဘယ်ဝယ်
မသေချာ မရေရာ
မင်းမရှိတဲ့ အထီးကျန် နေ့တွေမှာ
နေလဲမရှိ လကမသာ
မှောင်မိုက်ခြောက်ကပ်ရင်း
ငါ ဘယ်လိုများ ရပ်တည်ရမှာလဲ
ချစ်သူရယ် ...။

ဇော်

Wednesday, May 20, 2009

ရူးတဲ့ကြယ်




ငါ ..
မျှော်လင့်ခြင်းတွေနဲ့
တိတ်တိတ်လေး ထွန်းလင်းခဲ့ဖူးတယ် ..

ပျော့ညံတဲ့သူပါ ..

မသွားခင်က ပြန်
မပြိုင်ခင်က ရှုံး
စိတ်ကူးတွေနဲ့ ပြုံးခဲ့ဖူးတယ် ..

အရူးအိမ်မက်တွေမက်
မျက်တွင်းဟောက်ပက်နဲ့
အိပ်ရေးတွေလည်း ပျက်ခဲ့ဖူးတယ် ..

နင်မရောက်ဖူးတဲ့ ငါ့ပန်းခင်းထဲ
ရင်ခုန်ခြင်းတွေ စိုက်ထားဖူးတယ် ..

နင်မကြားဖူးတဲ့ ငါ့စကားသံထဲ
ကဗျာတွေလည်း ဖတ်ပြဖူးတယ် ..

အညတရကြယ်တစ်စင်းပါ
ငါ့ချစ်ခြင်းတွေနင့်ဆီရောက်ဖို့ .
အလင်းနှစ်ပေါင်းများစွာလိုသေးတယ်လေ ..…..

နင်သိခဲ့မယ်ဆိုရင်ပေါ့ ..

ငါ ..
မျှော်လင့်ချက်တွေမဲ့
တိတ်တိတ်လေး ကြွေပျက်ခဲ့ဖူးတယ် …. ။

ဇော့်သူငယ်ချင်း မင်း


( မှတ်ချက် >>> ကျွန်တော့်ရဲ့ မမျှော်လင့်ဘဲ ခင်ခဲ့ရတဲ့ ကျွန်တော်ချစ်တဲ့ ကျွန်တော့်ရဲ့သူငယ်ချင်း မင်း ဟာ ကျွန်တော်နဲ့ စာပေ၀ါသနာပါတာချင်း အတော်လေးတူညီနေခဲ့တာကတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ ခင်မင်မှုကို ပိုပြီးတိုးစေတယ်ထင်ပါရဲ့ဗျာ။ မင်းက ကဗျာတွေလဲ ရေးတတ်ပြန်ပါသေးတယ်။ သူရေးတဲ့ကဗျာတွေကို ကျွန်တော်နှစ်သက်တဲ့အတွက် သူ့ရဲ့ခွင့်ပြုချက်နဲ့ သူ့နာမည်ကိုသုံးပြီး ကျွန်တော့်အိမ်မှာ အကိုတွေ အမတွေကို ဝေမျှပေးလိုက်ပါတယ်ဗျာ။ ကျေးဇူးတင်ပါတယ်။
ချစ်တဲ့... ဇော်...။
)

Monday, May 18, 2009

သောင်းတန် ... အလှူ

လွန်ခဲ့တဲ့နှစ်ပေါင်း၂၀လောက်က ကျွန်တော်တို့ ရပ်ကွက်လေးမှာ ရေချိုရှားပါးခဲ့ပါတယ်။ အိမ်တိုင်းမှာ ရေတွင်းတူးပေမယ့် အားလုံးက ရေငန်တွင်းတွေချည်းပဲ ဖြစ်နေတတ်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ရပ်ကွက်သူ ရပ်ကွက်သားတွေ စုပေါင်းပြီး ရေချိုလက်ယက်တွင်းလေးတစ်ခု ကျွန်တော်တို့ရပ်ကွက်ရဲ့ထိပ်မှာ ပြုလုပ်ထားခဲ့ပါတယ်။ ရပ်ကွက်ထဲက လူတွေဟာ ညနေဆိုရင် တစ်အိမ်တစ်ယောက်နှုန်းနဲ့ ရေခပ်ထွက်ကြရတယ်။

ကျွန်တော်တို့ ရပ်ကွက်ထဲမှာ နေထိုင်ကြတဲ့ ဘကြီးမှုံနဲ့ ရီးလေးမြတို့ နှစ်ယောက်ဟာ အသက်အရွယ်ကြီးတာတောင်မှ ကျောထောက်နောက်ခံ သားသမီး မရှိလို့ အိုကြီးအိုမနဲ့ လုပ်ကိုင်စားသောက်နေရတယ်။ ဘကြီးမှုံက ရေစည်တွန်းပြီး ရီးလေးမြက ရပ်ကွက်ထဲ လိုက်ပြီး နင်းနှိပ်ပေးရတဲ့ အနှိပ်သည်အနေနဲ့ ပေါ့။ ကျွန်တော်တို့ ရပ်ကွက်က လူတွေက ဘကြီးမှုံတို့ကို သနားလဲ သနား ချစ်လဲချစ်တော့ ရေတစ်စည် ၁ကျပ်မို့ အနည်းငယ် ဈေးကြီးတယ်လို့ဆိုရပေမယ့် ဘကြီးမှုံနဲ့ အရီးမြကို ချစ်ကြ သနားကြတာမို့ ရပ်ကွက်က လူတွေက အိမ်တိုင်းလိုလို ဘကြီးမှုံဆီက ၀ယ်ကြပါတယ်။ ဘကြီးမှုံကလဲ လူတိုင်းအပေါ် စေတနာထားတယ်လေ။ ဘကြီးမှုံတင် မဟုတ်ပါဘူး။ အရီးမြလဲ တူတူပါပဲ။ ဒီရပ်ကွက်လေးမှာတော့ ဘကြီးမှုံနဲ့ အရီးမြဆိုရင် အိမ်တိုင်းက အတော်ကို စေတနာရှိကြတယ်။ ဘကြီးမှုံမို့ ရေထည့်ပြီးတာနဲ့ ရေဖိုးတင် မဟုတ်ဘူး ထမင်းပါ ကျွေးတော့တာ။ ဘကြီးမှုံကလဲ ကျွေးရင် ဘယ်တော့မှ ငြင်းတယ်မရှိဘူး။ အမြဲပဲ ၀င်စားလေ့ရှိတယ်။ ဘကြီးမှုံမို့ ထမင်းဝင်စားပြီဆိုရင်လဲ အဲ့ဒီအိမ်မှာရှိတဲ့ ကလေးတွေအကုန်လုံး ဘကြီးမှုံနားကို ၀ိုင်းလာတော့တာပါပဲ။ ဘကြီးမှုံက ကလေးအရမ်းချစ်တတ်တယ်လေ။ ဘကြီးမှုံလမ်းသွားပြီဆိုရင်လဲ သူ့နားမှာ လမ်းထဲက ကလေးတွေက ၀ိုင်းလို့။

တစ်ခါတလေ သူ့ကို ကလေးတွေနဲ့ အတူ သရေပင်ပစ်တာ၊ ဂေါ်လီရိုက်နေတာတောင် တွေ့ရတတ်သေးတယ်။
" ဟ..ဟ .. မင်းတို့ ငါ့ကို ညစ်ပြီ။ ခေါင်ထိတာ ငါလေကွာ။ ဘယ့်နှယ် ငါ့အကောင်တွေကို သိမ်းသွားရတာတုန်း "
ဆိုတဲ့ ဘကြီးမှုံရဲ့ အူမြူးနေတဲ့ အသံကို နေ့လည်ခင်း ရပ်ကွက်ထိပ် လက်ယက်တွင်းလေးနဘေးက သစ်ပင်ရိပ်အောက်ကနေတဆင့် လွင့်ပျံလာတာကို ကြားရတတ်ပါသေးတယ်။ ကိုရင် သာလှတို့ သားကလေးမွေးတော့ ဘကြီးမှုံပဲ ငါတော့ အဖော်တိုးပြီဆိုပြီး အဖေနဲ့ အပြိုင်ဝမ်းသာခဲ့သေးတာကို လူတိုင်း မှတ်မိနေဆဲပါ။
ကိုရင်သာလှကိုတောင် ဘကြီးမှုံက ပြောသေးတယ်။ ငါပိုက်ဆံစုနေတယ်တဲ့။ ပိုက်ဆံပြည့်ရင် နင့်သားကလေး ဖိုးတုတ်အပါအ၀င် လမ်းထဲက ကလေးတွေကို စုပေါင်းရှင်ပြုလုပ်ပေးမှာတဲ့။ လမ်းထဲမှာကလဲ လက်လုပ်လက်စားတွေပဲများတော့ ဘယ်သူမှ ရှင်ပြုအလှူကို ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးလေ။ ကြွက်တိုးတို့ ကလေးတစ်သိုက်ဆိုရင် ယောက်ျားကလေးတွေဖြစ်ပြီး လူပျိုပေါက်တောင် ရောက်တော့မယ်။ ခုထိ ရှင်မပြုနိုင်ကြလို့ ကိုရင်တောင် မ၀တ်ရသေးဘူးရယ်။ ဒါကို ကြည့်ကြည့်ပြီး ဘကြီးမှုံက စိတ်မကောင်းဖြစ်တယ်လို့ ခနခန ပြောနေကျရယ်လေ။
ဒါပေမယ့် ရပ်ကွက်ထဲမှာက ဘကြီးမှုံနဲ့ ရီးလေးမြက အဆင်းရဲဆုံးဆိုတာ လူတိုင်းသိထားလေတော့ ဘယ်သူကမှ စိတ်ထဲမထားကြဘူး။ ဒီအဖိုးကြီး အဖွားကြီးလုပ်စာကဖြင့် နှစ်ယောက်စာ ညမနက်ကိုတောင် မနဲနပ်မှန်အောင် စားနေကြရတာမဟုတ်လား။ ဒီတော့ ဘကြီးမှုံက ဒီလိုပြောပြီဆိုရင်ဖြင့် အားလုံးက အင်းအင်း ဘကြီးမှုံ ရှင်ပြုကျရင်တော့ အိမ်ကသားတွေကို ထည့်ရချေသေးရဲ့လို့ ပြုံးပြီး ဘကြီးမှုံစိတ်ချမ်းသာအောင် ပြန်ပြောတတ်ခဲ့ကြတယ်။ ဒါပေမယ့် ဘကြီးမှုံကတော့ သူ့အိပ်မက် သူ့စိတ်ကူးနဲ့သူဆိုတော့ တစ်ပြုံးပြုံးနဲ့ပေါ့။

ဘကြီးမှုံမို့ ရေစည်တွန်းရင်လဲ သူ့ကို ၀ိုင်းကူတွန်းပေးမယ့် ကလေးတစ်သိုက်က ကြွက်ကြွက်ကို ညံလို့။ ဘကြီးမှုံက ကလေးတွေကို ပုံတိုပတ်စလေးတွေနဲ့လဲ ဆုံးမတတ်တော့ ကလေးရှင်တွေကလဲ ဘကြီးမှုံကို ကလေးတွေနဲ့ ရှိစေချင်ကြတယ်။ ကလေးတွေက ဘကြီးမှုံနဲ့ဆိုရင် ရန်မဖြစ်ကြတဲ့အပြင် ပိုပြီးတောင် လိမ္မာလာတယ်လေ။

ဘကြီးမှုံကတော့ ရပ်ကွက်ထဲက ကလေးတွေကို သူ့သားသမီး မြေးအရင်းကလေးတွေလို ချစ်တာ စောင့်ရှောက်တတ်တာကလား။ ရီးလေးမြကတော့ ဘကြီးမှုံစိတ်ချမ်းသာနေတယ်ဆိုရင် သူကတော့ တပြုံးပြုံးရယ်ပေါ့။ တစ်ခါတလေ ဘကြီးမှုံက ကလေးတစ်သိုက်နဲ့ ဂေါ်လီရိုက်ကောင်းနေလို့ ထမင်းစားပြန်ဖို့မေ့နေရင် ရီးလေးမြပဲ တဘက်ကြီးခေါင်းကိုပေါင်း ထမီကို တိုတိုဝတ်လို့ ရပ်ကွက်ထိပ် သစ်ပင်အောက်ကို အရောက်လာပြီး ထမင်းစားခေါ်ရတာရယ်။ သူတို့လင်မယား ရန်ဖြစ်တာကို ရပ်ကွက်ထဲမှာ တစ်ခါမှကို မတွေ့ဖူးကြဘူး။ သိပ်ပြီး ချစ်ခင်ကြတဲ့ အတွဲလို့ပြောရမယ်။ အလုပ်တွေ ပင်ပန်းပေမယ့် တစ်ခါမှ ညည်းညူသံမကြားရဘူး။ တကယ်ကို အေးချမ်းတဲ့ လင်မယားပါပဲ။

တစ်နေ့ပေါ့။ အဲ့ဒီနေ့က ဘကြီးမှုံထမင်းစားပြန်မလာလို့ ရီးလေးမြက ထုံးစံအတိုင်း လက်ယက်တွင်းဘေးက သစ်ရိပ်ကို လိုက်ခေါ်တယ်လေ။ သစ်ရိပ်ရောက်တော့ ဘကြီးမှုံရယ် ပင်ပန်းတယ် ထင်ပါ့။ သစ်မြစ်ဆုံကို ခေါင်းအုံးလို့ အိပ်ပျော်နေလေရဲ့။ ဒါနဲ့ ရီးလေးမြက သြော် နေပူတော့ အေးတဲ့သစ်ရိပ်မှာ တစ်မှိန်းမှိန်းနေတယ်ထင်ပါ့ဆိုပြီး သွားနိုးလိုက်တော့မှ ဘယ်အချိန်ထဲက ဆုံးနေမှန်းမသိ ဖြစ်ရတော့တာရယ်။ ပုရွက်ဆိတ်လေးတွေတောင် မျက်နှာပေါ်ကို တက်လို့ပေါ့။ အေးချမ်းစွာနဲ့ လောကကြီးထဲက ဘယ်သူ့ကိုမှ နှုတ်မဆက်ဘဲ ထွက်ခွာသွားခဲ့တဲ့ ဘကြီးမှုံရယ်ပါ။ ရီးလေးမြဆိုတာလေ ခြေမကိုင်မိ လက်မကိုင်မိတွေဖြစ်ပြီး မျက်ရည်လည်ရွှဲ ဖြေမဆည်နိုင်ပေါ့။ ရပ်ကွက်ကလဲ ထိတ်ထိတ်ပျာပျာ အဲ့ဒီတော့မှ ဖြစ်ကြ သိကြတော့တာရယ်။

" အောင်မြတ်လေး ကိုမှုံရဲ့။ သွားတာ စောလှချေလားတော့။ ပြောတော့ဖြင့် ရှင်ပြုအလှူလုပ်ဦးမှာဆို။ ခုတော့ ကျုပ်တို့အိမ်မြေအောက်မှာ မြှုပ်ထားတဲ့ စုဘူးထဲမှာ ငွေရှစ်ထောင်ကျော်နေတော့မှ ရှင်က မပြောမဆိုနဲ့ သွားလိုက်ရသလားတော်။ တစ်သောင်းပြည့်ရင်တော့ ရှေ့နှစ်ခါ သီတင်းကျွတ်ကို ရှင်ပြုအလှူလုပ်နိုင်ပါပြီလို့ ရှင်ပဲ ၀မ်းသာအားရ ပြောခဲ့သေးတာမို့လား ကိုရင်ရဲ့။ ကျုပ်ပြောပါတယ် ခုငွေရှစ်ထောင်နဲ့လဲ လုပ်နိုင်ပါတယ်လို့ဆိုတာကို လောဘတက်ပြီး ကောင်းကောင်းမွန်မွန်ဖြစ်အောင် တစ်သောင်းပြည့်အောင် စောင့်ချင်သေးတာလို့ပြောခဲ့တာလေ။ ခုတော့ ကျုပ်တစ်ယောက်ထဲ ဘာလုပ်ရမှာလဲ။ အီး ဟီး ဟီး။ "
ဆိုပြီး အော်ငိုလိုက်တဲ့ ရီးလေးမြရဲ့ စကားအဆုံးမှာ လူတိုင်း အံ့သြခြင်းကြီးမက ကြီးသွားခဲ့ရတယ်။ ဟုတ်တယ်လေ။ တစ်နေ့ လုပ်မှ တစ်နေ့စားရတဲ့ အိုကြီးအိုမနဲ့ ဒီအဖိုးကြီး အဖွားကြီးမှာ ခုလို အလှူလုပ်ဖို့ ငွေရှစ်ထောင် ရှိခဲ့လိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲနော်။ ခုတော့ လူအားလုံး စိတ်မကောင်းဖြစ်ခဲ့ကြရတယ်။ တစ်ချို့စိတ်မထိန်းနိုင်တဲ့သူတွေဆို ယောက်ျားကြီးတွေတန်မဲ့ မျက်ရည်ကျခဲ့ကြတယ်။

ဘကြီးမှုံရဲ့ အသုဘဟာ အတော်ကို စည်ကားခဲ့ပါတယ်။ ရပ်ကွက်ထဲ ကလေးလူကြီးမကျန် အကုန်ပဲ ဘကြီးမှုံကို လိုက်ပါ နှုတ်ဆက်ခဲ့ကြတယ်။ ဘကြီးမှုံရက်လည်ပြီးတော့ ရီးလေးမြက သူ့အိမ်ကလေးကိုရောင်း ရတဲ့ပိုက်ဆံရယ် သူတို့စုထားတယ်ဆိုတဲ့ ငွေရှစ်ထောင်ရယ် နောက် အသုဘအကူငွေက ပိုတဲ့ဟာလေးတွေရယ်ကို ပေါင်းလိုက်တာ တစ်သောင်းအတိရတာကို ရပ်ကွက်လူကြီးတွေကို ၀ကွက်အပ်လိုက်ပါတယ်။ သူ့အဆိုကတော့ သွားလေသူ ဘကြီးမှုံအတွက် သူဖြစ်ချင်ခဲ့တဲ့ အလှူကို လုပ်ပေးဖို့ပါပဲ။ သူကတော့ ဖွားသီလရင် အပြီးဝတ်ဖို့ရယ်လေ။ အဲ့ဒီမှာ ရပ်ကွက်လူကြီးတွေက သေချာစဉ်းစားပြီး ဘကြီးမှုံအတွက် ရပ်ကွက်ထိပ် သူရေစည်တွန်းခဲ့တဲ့ လက်ယက် ရေချိုတွင်းကလေးရဲ့ မလှမ်းမကမ်း လောက်မှာရှိတဲ့ သစ်ရိပ်အောက်မှာ ရေတွင်းကလေး တစ်ခုတွင်းဖို့ စီစဉ်ခဲ့ကြတယ်။ ရေတွင်းကလေး ပြီးတော့ ရီးလေးမြကို အလှူရှင်အနေနဲ့ ဘယ်လိုနာမည်တပ်ချင်လဲလို့မေးတဲ့အခါမှာ ရီးလေးမြက နာမည်တွေကိုတော့ အထွေအထူးမတပ်ချင်ပါဘူးတဲ့။ ဘကြီးမှုံလှူချင်ခဲ့တဲ့ တစ်သောင်းပြည့် အလှူမို့ တစ်သောင်းတန်... အလှူ လို့ပဲစာတန်းထိုးပေးပါတဲ့လေ။ အားလုံးကတော့ ဘကြီးမှုံအတွက်ရော ရီးလေးမြအတွက်ပါ တကယ်ကို စိတ်မကောင်းဖြစ်ခဲ့ကြရတာရယ်ပါ။ ဘကြီးမှုံတို့ရဲ့ စေတနာ မှန်ခဲ့တယ် ထင်ပါရဲ့။ ကံကောင်းစွာနဲ့ အဲ့ဒီ တစ်သောင်းတန်အလှူရေတွင်းကလေးကနေ ရေချိုတွေ စိမ့်ထွက်နေတာပါပဲ။ လူအားလုံးလဲ သည့်အတွက်တကယ်ကို စိတ်ချမ်းသာခဲ့ရပါတယ်။

သြော်... ခုတော့လဲလေ..။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ တစ်သောင်းတန်အလှူလို့ ချိတ်ထားတဲ့ ဆိုင်းဘုတ်ကလေးမှာလဲ ဆေးတွေပျက်ပြယ်နေခဲ့ပါပြီ။ တစ်ဆိုတဲ့ စာသားလေးတောင် မပီပြင်တော့လို့ သောင်းတန် အလှူလို့ပဲ မထင်မရှားကျန်နေခဲ့တော့တာပါ။ မသိရင်တော့ ကိုသောင်းတန်ဆိုတဲ့လူကပဲ လှူသလိုလိုပေါ့လေ။ နောက်ပြီး ကျွန်တော်တို့ ရပ်ကွက်ကလေးကို မြူနီစပါယ်က လာပြီးပြုပြင်တည်ဆောက်ရေးတွေ လုပ်နေခဲ့ပါပြီ။ အဲ့ဒီအချိန်မှာပဲ အဲ့ဒီ ဘကြီးမှုံရဲ့ ရေတွင်းကလေးကို ပြုပြင်မယ့် အလှူရှင် ရပ်ကွက်ထဲမှာ ပေါ်ပေါက်လာခဲ့ပါတယ်။ တကယ်ကို သပ်သပ်ရပ်ရပ် ပြန်ပြင်ခဲ့တာပါ။ ရေချိုးဖို့ နေရာလေးတွေ အ၀တ်လျှော်ဖို့နေရာလေးတွေ နောက် ရေခပ်ဖို့နေရာလေးတွေ ရေတံလျှောက်လေးတွေ လက်ရမ်းလေးတွေနဲ့ တကယ့်ကို ကျကျနန ပါပဲ။ ပြီးတော့ သောင်းတန် အလှူဆိုတဲ့ မပီမသ ဆိုင်းဘုတ်ကိုဖြုတ်လို့ ကိုဖိုးအောင်+ မမယ်မ မိသားစုတို့မှ ခုနစ်ရက်သားသမီး လူအများအတွက် ရည်စူး၍ ဆိုတဲ့ ၀ံ့ကြွားခန့်ညားတဲ့ ဆိုင်းဘုတ်ကြီးက နေရာယူလို့ထားခဲ့ပါပြီ။ ဒါပေမယ့် တစ်ခုရှိခဲ့တာကတော့ ဘကြီးမှုံအတွက် ရည်စူးပြီး ရီးလေးမြလှူခဲ့တုန်းက ရေချိုတွေစိမ့်ထွက်နေခဲ့တဲ့ ရေတွင်းကလေးဟာ ခု ကိုဖိုးအောင်၊ မမယ်မတို့ပြန်လည်ပြုပြင်ပြီးခဲ့တဲ့နောက်မှာတော့ ရေငန်တွင်းအဖြစ်ပြောင်းလဲသွားခြင်းပဲဖြစ်ပါတယ်။ ဒါကိုတော့ ဘယ်သူမှ မစဉ်းစားတတ်အောင်ဖြစ်ခဲ့တာ ခုထိပါပဲဗျာ...။

( မှတ်ချက် >>> ဒီအကြောင်းအရာလေးကို ကျွန်တော့်ကို ဘယ်သူလဲ မသိဘူးပြောဖူးတာလား၊ ဒါမှမဟုတ် ကျွန်တော်ပဲ တစ်နေရာရာမှာ ဖတ်ခဲ့မိတာလားဆိုတာ အသေအချာမမှတ်မိတော့ပေမယ့် ကျွန်တော့်စိတ်ထဲမှာ စွဲကျန်ခဲ့စေတဲ့ အကြောင်းအရာလေးမို့ ကျွန်တော့်စိတ်ကူးနဲ့ ဇာတ်လမ်းမှတ်မိသလောက်ကို မပျက်ရအောင် ပြန်လဲ ရေးသားလိုက်ခြင်းဖြစ်ပါတယ်။ အားပေးကြတဲ့ အကို အမများကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ )

Sunday, May 17, 2009

ဒဏ်ရာ

အဲ့ဒီနေ့ကပေါ့
ခွဲခွါခြင်းမှတ်တိုင်
နှုတ်ဆက်ခြင်း ပြယုဂ်
ခြောက်သွေ့ဆဲ နှုတ်ခမ်းပါးတို့
ဒီရင်ကို တမြေ့မြေ့လောင်ကျွမ်း

အဲ့ဒီနေ့ကပေါ့
ကျလုလုမျက်ရည်
ထိန်းချုပ်ခြင်းကမ်းပါး
ဟန်ဆောင်ရိပ် အပြုံးတို့
မျက်နှာပြင်ထက် ရိုက်ခတ်

အဲ့ဒီနေ့ကပေါ့
ပြောမထွက်တဲ့ စကားလုံးအချို့
နင့်ခနဲ မြိုချ
နာကျင်ခြင်း ရင်အစုံ
အရာအားလုံးကို ကျောခိုင်း

သြော် ...
အဲ့ဒီတစ်နေ့ မှောင်မိုက်လိုက်ပုံများလေ...
တိမ်တွေတောင် ပြိုလို့ ...။

( စာကြွင်း >> အလဲ့။ တယ်ဟုတ်တဲ့ငါပါလားနော်။ မော်ဒန်ကဗျာဆိုပြီး ဖောထည့်လိုက်တာ အလုပ်ဖြစ်သားဟ။ အဟီးး။ ဒီခံစားချက်က ကျွန်တော်မြန်မာပြည်က စထွက်တဲ့နေ့ စက်တင်ဘာ ၁ ရက်နေ့ ရန်ကုန်လေဆိပ်မှာ ကျွန်တော့်မိသားစုနဲ့ ချစ်သူကို ကြည့်ပြီး ကျွန်တော် နာကျင်ခဲ့ရတာကို ရေးသားထားတာပါ။ မော်ဒန် ဟုတ် မဟုတ် မှန် မမှန်တော့ မသိပါဘူးဗျာ။ ကိုကျိုးရဲ့ အရူးဘုံမြှောက်ပေးမှုနဲ့ ဒီအရူး ကျွန်တော်က တင်လိုက်ပါတယ်။ ကောင်းရင်တော့ ကျွန်တော့်ကိုသာ ချီးကျူးစေချင်ပါကြောင်း နဲ့ မကောင်းရင်တော့ ကျွန်တော့်ကို မြှောက်ပေးတဲ့ ကိုကျိုး ( မြစ်ကျိုးအင်း ) ကိုသာ ၀ိုင်း၍သမကြပါရန်။ ဟီးဟီး။ )

Saturday, May 16, 2009

ဖြောင့်ချက်

ငါ့ မျက်လုံးတွေကို မမှိတ်ပစ်ချင်ဘူး
ချစ်သူ
အိပ်မောလဲ မကျပါရစေနဲ့
မင်းကို လွမ်းလို့ပါ
( ပြီးတော့ )
မင်းနဲ့ ပတ်သတ်တဲ့ ခံစားချက်မှန်သမျှ
ငါ မဆုံးရှုံးချင်ဘူး။

အိပ်မက်တွေကနေ နိုးထခွင့် မရချင်ဘူး
ချစ်သူ
မနိုးထပါရစေနဲ့
အိပ်မက်ထဲမှာ မင်းရှိနေခဲ့လို့ပါ
မင်းနဲ့ ပတ်သတ်သမျှ ငါဘာတစ်ခုမှ
မဆုံးရှုံးချင်ဘူး။

မင်းရဲ့ အနားမှာပဲ ရှိနေခွင့်ကို ပေးပါ
ချစ်သူ
ခွဲခွါ မသွားပါရစေနဲ့
ငါ ... မင်းနဲ့ ပတ်သတ်သမျှ တစ်ခုလေးတောင်
မဆုံးရှုံးချင်ပါဘူး
ချစ်သူရယ်...။


( စကားချပ် >>> ကျွန်တော့်ကိုဗျာ ကျနော့်ရဲ့ အကိုလို ခင်ရတဲ့ ကဗျာဆရာ ဘလော့ဂါတစ်ယောက်က အကြံပေးတယ်။ ကဗျာတွေက ရှေးဆန်လွန်းတယ်တဲ့။ မော်ဒန်ကျကျ ရေးပါတဲ့လေ။ ကျနော်က တကယ်ကို မရေးတတ်ခဲ့တာဗျ။ အခု သူ့အကြံကို လေးစားတဲ့အနေနဲ့ ကျနော် စမ်းပြီး ကြိုးစားပြီး ချရေးကြည့်လိုက်မိပါတယ်။ စာဖတ်တဲ့ အကိုတွေ အမတွေတော့ ဘယ်လိုနေလဲ မသိပါဘူး။ ကျွန်တော်ကတော့ ကိုယ့်ဟာကိုယ်ပြန်ဖတ်ပြီး ဘယ်လိုကြီးမှန်းကို မသိပါဘူး။ အီးး။ ကျွန်တော်လဲ ရေးတတ်ချင်တယ်ဗျာ။ ကိုနေမင်းသံစဉ်ရေ... ကျွန်တော့်ကို သင်ပေးပါဦးဗျ။ အိ ... )

Thursday, May 14, 2009

လွမ်းဆွတ်... စဉ်တွင်

ပင်မြင့်ယံ သဇင်ခက်လိုပ
ဂုဏ်ဝင့်စွာ မထည်ဝါနိုင်လောက်ပါဘု
သခင်ရယ်...
နှိုင်းတုလို့ ဘယ်မှမမြင်။

ပင်ခြေမှာကြွေ မြေပြင်မှာ လှကာပ
ရနံ့ထုံဝေ ကြည်သင်းသော်လည်း
ဝတ်လွှာဖြူ စကားပန်းမှာဖြင့်
ဂုဏ်ဝင့်စွာ မထည်ဝါနိုင်လောက်ပါဘု
သခင်ရယ်...
နှိုင်းတုလို့ဘယ်မှမယှဉ်။

တော်ဝင်မင်းသမီးရယ်လို့
ခေါ်တွင်ကာ နန်းဆောင်ထဲကိုဖြင့်
လက်ဆွဲလို့ခေါ်ကာဝင်
မယ့်သခင် ထားချင်ပါသော်လည်း
အားငယ်သူ အိမ်နိမ့်စံမေ့မှာဖြင့်
ကြေကွဲစွာ လက်ကို မကမ်းသာဘု
သခင်ရယ်...
နှိုင်းတုလို့ဘယ်မှမယှဉ်။

ကြေကွဲစွာ လှိုင်းခတ်လူးပါတဲ့
မေ့ရဲ့ရင် မျက်ရည်များကိုဖြင့်
ပန်းဖြူလွင် ငွေစင်ပန်းတွေပဲ
စာနာစွာမြင်နိုင်လောက်ပါရဲ့
သြော်...
လွမ်းဘွဲ့ဖြစ်အင်...။

Monday, May 11, 2009

မုန်းမာန်ဖွဲ့သော မိုး

နိဒါန်း၏ အစ

မိုးသည် အပြင်၌ တစ်စိမ့်စိမ့်ရွာနေသည်။ ချောင်ကျကျထိုင်ခုံတွင် ထိုင်၍ တစ်ယောက်တည်းသောက်နေသော ထိုလူသည် ဥာဥ့်နက်လာသည့်တိုင် ပြန်မည့်ပုံမပေါ်သေးပေ။ သည်လူသည် ဆိုင်သို့လာ၍ သောက်နေသည်မှာ အပတ်တိုင်းလိုလိုပင်။ လာတိုင်းလဲ တစ်ယောက်တည်း။ ဖြည်းညှင်းစွာ သောက်ရင်း အပြင်သို့ ရီဝေစွာ ငေးကြည့်နေတတ်ခဲ့သော ထိုလူကို သူ သတိထားခဲ့မိသည်မှာ ကြာပြီ။ ဒီရပ်ကွက်တွင် သူဒီဆိုင်ကို ဖွင့်ခဲ့သည်မှာ မကြာသေး။ သူဖွင့်ပြီးနောက်ပိုင်း သည်လူသည် အပတ်တိုင်း ရောက်လာခဲ့ခြင်းဖြစ်သည်။ ဒီနေ့တော့ အပြင်တွင် မိုးတစ်စိမ့်စိမ့်ရွာနေသဖြင့် ဆိုင်ထဲတွင် လူရှင်းနေသည်။ ထို့ကြောင့် သူလဲ ပျင်းပျင်းရှိသည်နှင့် ထိုလူ၏ စားပွဲသို့ သွားကာ စကားစမြည်ပြောဖြစ်ခဲ့သည်။

" ဘယ်လိုလဲဗျ။ အပြင်မှာက မိုးတစ်စိမ့်စိမ့်ဆိုတော့ သောက်ရတာ အဆင်ပြေရဲ့လား "
ထိုလူက သူ့ကို တစ်ချက်မော့ကြည့်သည်။ ထို့နောက် တင်ထားသောခွက်ထဲမှ လက်ကျန်အရက်ကို ယူ၍ တစ်ချက်မော့လိုက်သည်။ ပြီးမှ
" အေးဗျာ။ ထိုင်ပါဦး။ စကားပြောကြရအောင်ပါ။ "
သူလဲ ရေငတ်တုန်း ရေတွင်းထဲ ကျဆိုသလို ခုံတစ်လုံးကို ယူ၍ ဆွဲထိုင်လိုက်သည်။ ထို့နောက်
" ကိုယ့်လူက ဒီရပ်ကွက်မှာနေတာ ထင်တယ်။ အပတ်တိုင်းလာတာကို သတိထားမိတယ်။ "
" ဟုတ်တယ်။ ကျွန်တော်က ဒီလမ်းရဲ့ အဆုံးက လမ်းထောင့်မှာ နေတာလေ။ ဒီဆိုင်က တိတ်ဆိတ်အေးချမ်းလို့။ ကျွန်တော်က တစ်ယောက်တည်းပဲ အေးအေးဆေးဆေး ထိုင်ချင်တာပေါ့ဗျာ။ "
သူငြိမ်နေလိုက်မိသည်။ လူတိုင်းမှာ သူ့အကြောင်းနှင့်သူ မဟုတ်လား။
ထိုလူမှပင် စတင်၍
" ခင်ဗျား အချစ်ကို ဘယ်လို သဘောထားလဲဗျ။ "
သူ ရုတ်တရက်မို့ ကြောင်သွားသည်။ နောက်မှ
" အချစ်ဆိုတာကို ကျွန်တော် သိပ်နားမလည်ဘူးဗျ။ ကျွန်တော်က အဲ့ဒါတွေနဲ့လဲ မရင်းနှီးပါဘူးဗျာ။ "
သူပြန်ဖြေသံအဆုံး၌ ထိုလူက သူ့စကားကို သဘောကျသည့်အလား ဟက် ခနဲ တစ်ချက်ရယ်လိုက်သည်။ ပြီးနောက်
" ခင်ဗျားကို ကျွန်တော် ပုံပြင်တစ်ပုဒ်ပြောပြမယ်။ ခင်ဗျား စိတ်ဝင်စားမယ်ဆိုရင်ပေါ့ "
သူဘာမှ ပြန်မပြောလိုက်မိ။ သည်လူ၏ မျက်နှာသည် ကြေကွဲခြင်းတို့ဖြင့် ပြည့်နှက်နေခဲ့သည်ပဲ။
။ xxxxxxxxxxxxxxxxxxxxxxx ။ xxxxxxxxxxxxxxxxxxxxxxx ။ xxxxxxxxxxxxxxxxxxxxxxx ။

ခိုင်နှင့်ချိန်းထားသည့် နေရာကိုရောက်တော့ နံနက် ၁၀နာရီ ထိုးခဲ့ပြီ။ ခိုင်ကတော့ သူ့ကို ပွစိပွစိ ဖြစ်နေတော့မှာ သေချာသည်။ ဒီလိုပါပဲ။ ခိုင်နှင့်ချိန်းတိုင်း အမြဲနောက်ကျတတ်တာ သူ့အကျင့်။ ခိုင်ထိုင်နေသော စားပွဲကို သူဝင်ထိုင်လိုက်တော့ ခိုင်က နှုတ်ခမ်းစူ၍ ဟိုဘက်လှည့်သွားသည်။ ခိုင်သည် သူ့အတွက်တော့ ကလေးတစ်ယောက်နှင့် တူပါပေ၏။
" ခိုင်၊ ဆောရီးကွာ၊ မောင်နောက်ကျသွားတယ်။ အဟဲ။ ညက ဘောလုံးပွဲကြည့်လိုက်မိလို့ကွ။ ပွဲက ကောင်းနေတာနဲ့။ အဟဲ။ "
သူ မျက်နှာချိုသွေးလိုက်သည်။ ခိုင်က
" ဟွန်း၊ အမြဲတမ်း အကြောင်းပြချက်နဲ့ချည်းပဲ။ မောင် အဲ့ဒီအကျင့်တွေကို ဘယ်တော့ပြင်မှာလဲ။ ခိုင်က မိန်းကလေးနော် အမြဲတမ်းမောင့်ကိုစောင့်နေရတာ။ ခိုင့်ကို သနားပါဦး။ "
သူပြုံးလိုက်မိသည်။ သူနောက်ကျတိုင်း ခိုင်အမြဲ သည်လိုပြောနေကျ။
" အင်းပါ ခိုင်ရာ။ နောင်ကို မောင် ဆင်ခြင်ပါ့မယ်။ ခုတော့ အတန်းနောက်ကျနေမယ်။ သွားကြရအောင်။ "
" နေဦးမောင်ရဲ့။ ခိုင့်သူငယ်ချင်း တစ်ယောက်ကို စောင့်ရဦးမယ်။ သူကလဲ ခိုင်တို့နဲ့အတူ ကျောင်းအပ်ချင်လို့တဲ့။ အဲ့ဒါကြောင့် သူ့ကိုပါ ချိန်းထားတာ။ သူကလဲ နောက်ကျနေတယ်ဟာ။ "
နှုတ်ခမ်းတစ်စူစူနှင့် ပြောနေသော ခိုင့်ကို ကြည့်ကာ သူပြုံးချင်သွားရသည်။ ထိုသို့ပါပဲ။ ခိုင်သည် သူ့ရှေ့တွင်တော့ ကလေးတစ်ယောက်လိုပင်။
" ဘယ်သူများလဲ ခိုင်ရ။ မောင်နဲ့သိတဲ့ သူလား။ "
" ဟုတ်ဘူးမောင်ရဲ့။ သူက ခိုင်နဲ့ အထက်တန်းတုန်းက ကျောင်းနေဖက် သူငယ်ချင်းလေ။ နောက်တော့ သူ့အဖေက မြို့နယ် ဆရာဝန်ကြီးဆိုတော့ သူ့အဖေပြောင်းတဲ့နောက်လိုက်ရင်း ခိုင်တို့ကွဲသွားကြတာ။ ပြီးခဲ့တဲ့ အပတ်ကမှ ဗိုလ်ချုပ်ဈေးကို ခိုင် အကျီင်္သွားအပ်ရင်း သူနဲ့ ပြန်တွေ့တာ။ အဲ့ဒါ ခိုင်က နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ဘာသာစကားပြော ဒီပလိုမာတက်ဖို့ အစီအစဉ်လုပ်နေတဲ့အကြောင်း စကားစပ်မိပြီး ပြောဖြစ်တော့ သူကပါ တက်ချင်တယ်တဲ့လေ။ အဲ့ဒါကြောင့် ခိုင်လဲ ခေါ်လိုက်တာ။ "
ခိုင်ပြောသမျှ ခိုင့်မျက်နှာလေးကြည့်ရင်း နားထောင်နေသောသူသည် သူ့နားသို့ ရောက်လာသော သူမကို သတိမထားလိုက်မိပါချေ။
" ဆောရီးဟယ်။ မြတ်နိုး လမ်းမှာ ကား ဆီဝင်ထည့်နေလို့ နောက်ကျသွားတယ်။ စောင့်နေရတာ ကြာပြီလားဟင် နှင်းဆီ။ "
ခိုင်ရဲ့ နာမည်က နှင်းဆီခိုင် ရယ်ပါ။ သူတို့အားလုံးက ခိုင်လို့ခေါ်တတ်ခဲ့ပေမယ့် ခိုင့်ကို နှင်းဆီလို့ခေါ်ပြီး ၀င်ထိုင်လိုက်တဲ့ ထိုအမျိုးသမီးကို သူရုတ်တရက် လှည့်ကြည့်လိုက်မိသည်။
" ရပါတယ် မြတ်နိုးရဲ့။ ခိုင်တို့လဲ ခုပဲရောက်တာပါ။ သြော် ဒါနဲ့ မိတ်ဆက်ပေးရဦးမယ်။ ဒါက ခိုင့်ချစ်သူ မင်းထယ်ဝါတဲ့။ ဘူမိဗေဒ နောက်ဆုံးနှစ်လေ။ မောင် ဒါက မေမြတ်နိုးတဲ့။ မြန်မာစာနောက်ဆုံးနှစ်က။ ခိုင်ပြောတဲ့ သူငယ်ချင်းဆိုတာပေါ့။ "
သူ့ဘက်ကို စူးစူးစိုက်စိုက်ကြည့်၍ ပြုံးပြလာသော ထိုအမျိုးသမီးကို သူလဲ ပြန်ပြုံးပြလိုက်မိသည်။ ထိုနေ့က မေမြတ်နိုး ကားနှင့်ပင် သူတို့ ကျောင်းသွားဖြစ်ခဲ့ကြသည်ပဲ။

ထိုမှစ၍ သူတို့သုံးယောက်သည် စာသင်နှစ်တလျှောက်လုံး တစ်ပူးတွဲတွဲ ဖြစ်လာခဲ့လေတော့သည်။ အထူးသဖြင့် တိုက်ဆိုင်မှုဟုပဲ ဆိုလေမလား။ မြတ်နိုးသည် သူနှင့် တစ်လမ်းထဲနေသူဖြစ်နေလေသည်။ မြတ်နိုးတွင် မေမေမရှိတော့ပါ။ ထို့ကြောင့် မြတ်နိုးသူ့အိမ်သို့ စာမေးရန်ဟူသော အကြောင်းပြချက်ဖြင့်ရောက်လာလေတိုင်း မေမေနှင့် အမြဲစကားလက်ဆုံကြနေကြရယ်ပါ။ တစ်ခါတရံ သူအိမ်သို့ပြန်လာချိန်တွင် မြတ်နိုးကို မီးဖိုချောင်၌ မေမေနှင့် အတူ ချက်ပြုတ်နေသည်ကို တွေ့နေရမြဲ။ သူ့မေမေကလဲ သူ့တစ်ယောက်ထဲ ရှိတာဆိုတော့ မြတ်နိုးကို သမီးမိန်းကလေးအဖြစ် တွယ်တာတော့တာ မဆန်း။ ထိုအကြောင်းနှင့် ပတ်သတ်၍ ခိုင်က သူ့ကို ပြောခဲ့ဖူးသည်။
" မောင်နော်။ မြတ်နိုးက မောင့်အိမ်ကို သိပ်ပြီး ၀င်ထွက်လွန်းတယ်။ ခိုင်တော့ တကယ် စိတ်ပူတယ်သိလား။ "
" သြော် ခိုင်ရယ်။ မြတ်နိုးက အိမ်ချင်းနီးလို့ လာလည်တာပါ။ နောက်ပြီး သူ့မှာ အမေမှ မရှိတာပဲ။ အဲ့ဒါကြောင့် မောင့်မေမေကို သူက လာပြီး အဖေါ်လုပ်တာနေမှာပေါ့။"
သူကတောင် ခိုင့်ကို ပြန်ပြောဖြစ်ခဲ့သည်ပဲလေ။

သို့သော် သူ မမျှော်လင့်ခဲ့မိသည်က ကျောင်းပြီး၍ ခိုင့်ကို အိမ်ခေါ်သွားပြီး မေမေနှင့် မိတ်ဆက်ပေးရာက စလေသည်။ မေမေက ခိုင့်ကို သဘောမကျဟု ဆိုသည်။ ခိုင်တို့မျိုးရိုးကို မကြိုက်ဟုဆိုသည်။
" သားရယ်။ ဆင်းရဲတာ ချမ်းသာတာ အကြောင်းမဟုတ်ပါဘူး။ ဒါပေမယ့် မေမေကတော့ အမျိုးကို ကြည့်စေချင်တယ်။ လူမှာ အမျိုး ကြက်မှာ အရိုးတဲ့လေ။ မေမေကတော့ နှင်းဆီခိုင်ထက်စာရင် မြတ်နိုးလေးကိုပဲ ပိုသဘောကျတယ်သား။ "
ပြောပြီး ထထွက်သွားသော မေမေသည် တကယ်ကို ပြတ်သားလွန်းသည်ပဲ။ ဖေဖေ့ကို သူအားကိုးတကြီး ကြည့်မိလိုက်တော့ ဖေဖေက မင်းမေမေသဘော ဆိုသည့်အဓိပါယ်ဖြင့် ပခုံးတွန့်ပြသည်။ သူရင်မောသွားရသည်။

နောက်အပတ် သူခိုင်နှင့်တွေ့တော့ ခိုင်က သူ့ကို လက်ထပ်ခိုင်းသည်။
" မောင့်မေမေ ခိုင့်ဆီလာသွားတယ်။ မောင်နဲ့ သဘောမတူကြောင်းကို ပရိယာယ်နဲ့ ပြောသွားတယ်လေ။ ခိုင်ကတော့ မောင်နဲ့ မခွဲနိုင်ဘူး။ မောင် ခိုင့်ကို တကယ် ချစ်တယ်ဆိုရင် ခိုင်နဲ့ လက်ထပ်ဖို့ စီစဉ်ပါ" တဲ့။
သူတကယ် ရင်မောသွားရသည်။ သူသည်လဲ ခိုင့်ကို ချစ်သည်ပါပဲလေ။ ဒီတော့ ထုံးစံအတိုင်း ခိုင့်ကို ခိုးပြေးရတော့မည် ထင်ပါ့။

သူခိုးပြေးမည့်အကြောင်း သူငယ်ချင်း မင်းသူကို တိုင်ပင်တော့ မင်းသူက သူ့ကို မြတ်နိုးနှင့် တိုင်ပင်ရန် အကြံပေးသည်။ မြတ်နိုးမှာက ကားရှိသည်လေ။ သူ့မှာကတော့ ဆိုက်ကယ်သာလျှင်ရှိသည်ပဲ။ ထို့ကြောင့် သူမြတ်နိုးကို ဖွင့်ပြောလိုက်သည်။ သူ့အကြံက မြတ်နိုးကားဖြင့် ခိုင့်ကို သွားခေါ်မည်။ ထို့နောက် သူတို့ အဝေးပြေးကားဂိတ်သို့သွားမည်။ ထိုမှတဆင့် သူနှင့် ခိုင်တို့ တစ်နေရာရာသို့ သွားမည်။ မြတ်နိုးကလဲ အလွယ်တကူပင် သဘောတူသည်။ သြော် .. အရာအားလုံး အဆင်ပြေမှာပါလို့ သူမျှော်လင့်ခဲ့သည်ပါပဲလေ။

ခိုင်ကိုသွားခေါ်မည့်နေ့တွင် ခိုင်က မိုးချုပ်မှလာရန်မှာသည်။ ခိုင့်အဖေက အမြဲသောက်တတ်လေတော့ ရန်ရှာမှာ ဆိုးလို့ပါတဲ့လေ။ ထို့ကြောင့် သူနှင့်မြတ်နိုးတို့ မိုးချုပ်မှပဲ အိမ်မှ ထွက်ဖြစ်ခဲ့သည်။ ခိုင်သည် မှော်ဘီတွင် နေသူဖြစ်လေသည်။ မှော်ဘီနှင့်ရန်ကုန် မဝေးပါသော်လဲ သူ့စိတ်ထဲတွင် တစ်ကမ္ဘာကြာသလို ထင်နေမိလေသည်။ လမ်းတွင် မြတ်နိုးနှင့်တောင် စကားမပြောမိ။ မြတ်နိုးကလဲ တိတ်နေသည်ပဲလေ။

ထိုစဉ် မိုးတို့ ရုတ်တရက် အသဲအသန် ရွာချလေသည်။ မိုးသည်းသည်းအကြား ကားမောင်ေးနေသော မြတ်နိုးကိုတောင် သူမောင်းပေးရမလားဟု သူမေးဖြစ်ခဲ့သည်။ မြတ်နိုးက ရပါတယ် ဟုသာဖြေ၍ ရှေ့သို့သာ ဂရုတစိုက် မောင်းလေသည်။ မမျှော်လင့်မိသည်က ရန်ကုန်က အထွက်တွင် မြတ်နိုး၏ကားသည် ဆီကုန်သွားလေတော့သည်။ ထိုသို့ပါပဲ။ မြတ်နိုးသည် ကားကိုဆီဖြည့်ဖို့ အမြဲမေ့နေကြရယ်ပါ။ သူစိတ်ရှုပ်သွားမိရသည်။ မြတ်နိုးကိုကြည့်တော့လဲ မျက်နှာလေးက ငိုမဲ့မဲ့ရယ်။
" မြတ်နိုးရာ။ နင်ကတော့ လုပ်ချလိုက်ပြန်ပါပြီ။ အရေးကြီးပါတယ်ဆိုမှ ခု ဘယ်လိုလုပ်မလဲ။ နင့်ဟာလေ။ တကယ်ပါပဲ။ အမြဲတမ်း ရှပ်ပြာ ရှပ်ပြာနဲ့။ ဟိုဟာမေ့ ဒီဟာမေ့နဲ့။ ခု ဘယ်လိုလုပ်ကြမလဲ။ မိုးတွေက အရမ်းရွာနေတော့ ကားအသွားအလာကလဲ ရှင်းနေတယ်။ နင်လုပ်တာနဲ့ဟာ။ ဘာမှန်းကို မသိဘူး။ "
သူ စိတ်ရှုပ်ရှုပ်နှင့် မြတ်နိုးကိုပြောမိတော့ မြတ်နိုးသည်လဲ မျက်နှာငယ်လေးဖြင့် ရှိနေခဲ့သည်ပဲလေ။ သူကားနောက်ခန်းထဲမှာ ထည့်ထားသော ထီးတစ်ချောင်းကို ဆွဲယူ၍ အပြင်ထွက်လိုက်သည်။ ကားတား၍ ရလို့ရငြားပေါ့လေ။
" ထယ်ဝါ။ နင်ကားတားလို့ရရင် အဲ့ဒီကားနဲ့ မှော်ဘီကို လိုက်သွားလိုက်နော်။ နှင်းဆီက စောင့်နေတာရယ်။ ငါကဘာမှမဖြစ်ဘူး။ ငါ့ကိုထားခဲ့ပါ။ "
သူမြတ်နိုးကို လှည့်ကြည့်လိုက်မိသည်။ သူဘယ်လိုထားခဲ့ရက်ပါ့မလဲလေ။ ညမှောင်မှောင် မိုးသည်းသည်းမှာ မြတ်နိုး တစ်ခုခုဖြစ်သွားမှဖြင့် သူ့တစ်သက်နောင်တရ၍ ဆုံးမည် မထင်။ ခုလောလောဆယ် ဆီရအောင် ရှာရမည်။ နောက်ကျ၍ ခိုင်စိတ်ကောက်လဲ ခနပေါ့ဟု သူဖြေတွေး တွေးလိုက်မိသည်။

သို့သော် သူပဲ ကံဆိုးချင်၍လားမသိ။ ထိုညက သူတို့ ဆီလုံးဝ ရှာမရပေ။ မိုးကလဲ တစ်ညလုံးကောင်းနေခဲ့သည်။ ထို့ကြောင့်သူတို့ နှစ်ယောက်လုံး ကားပေါ်မှာတင်ပဲ မိုးလင်းခဲ့ရလေသည်။ ခိုင်ရယ်.. မောင့်ကိုတစ်ညလုံး မအိပ်ပဲများ စောင့်နေလေရော့သလားနော်။ မောင့်ကို ခွင့်လွှတ်ပါခိုင်။ ကံကြမ္မာက မောင့်ကို မျက်နှာသာ မပေးခဲ့ပဲကိုးလေ။ သူတစ်ညလုံး ဆိုဖာနောက်ကို လှန်ချ၍ အိပ်မရစွာ ခိုင့်ကိုပဲ တွေးနေမိသည်။ မြတ်နိုးသည်လဲ သူ့လိုပါပဲလေ။

နံနက်မိုးလင်း၍ မိုးတိတ်သွားပြီးနောက် ကားဆီလဲ ကံအားလျော်စွာ ရလေတော့သည်။ ထို့နောက် သူတို့ ခိုင့်အိမ်ကို ရောက်တော့ ခိုင်က သူ့ကို စိတ်ဆိုး၍ ထွက်မတွေ့တော့ပေ။ ခိုင်စိတ်ကောက်နေသဖြင့် မြတ်နိုးကိုလဲ အားနာသဖြင့် သူတပ်ခေါက်ပြန်ခဲ့ရလေတော့သည်။ နောက်နေ့မှ ခိုင့်ကို ချော့၍ သူထပ်ကြိုးစားမည်ဟု ဆုံးဖြတ်ပါသော်လည်းလေ... ။

အဲ့ဒီနံနက်က သူတို့နှစ်ယောက် အိမ်ပြန်အရောက်၌ ပြဿနာက စလေတော့သည်။ မြတ်နိုး၏ ဖေဖေသည် မြတ်နိုးတစ်ညလုံး ပျောက်သွားသည့်အတွက် စိတ်ပူကာ သူ့အိမ်သို့ လှမ်းမေးသည်။ သူ့အိမ်ကလဲ သူပါတစ်ညလုံးပြန်မလာသဖြင့် စိတ်ပူနေကြသည်။ နောက် နံနက်ရောက်တော့ မြတ်နိုးနှင့်သူက ကားတစ်စီးထဲ အတူပြန်လာလေတော့ နှစ်ဘက်မိဘများ၏ စစ်မေးခြင်းကို ခံရပါလေတော့သည်။ သူရော မြတ်နိုးပါ ရိုးသာဖြူစင်သည်မို့ သူ့တွင် စိုးရိမ်စိတ်မရှိခဲ့ပါသော်လည်း မြတ်နိုး၏ " သမီးတို့ နှစ်ယောက် တစ်ညလုံး အတူရှိနေခဲ့ပါတယ် ဖေဖေ " လို့ ဖြေကြားသံကို သူကြားလိုက်ရသည့်အချိန် ... သူ့ရင်သည် အံ့သြခြင်းတို့ဖြင့် ပြည့်နှက်လျှက် မြတ်နိုးကို အလန့်တကြားကြည့်လိုက်မိသည်။ မြတ်နိုး၏ မျက်နှာကမူ တည်ငြိမ်လျက်ပါပေ။

" ကျွန်တော်တို့ တူတူရှိခဲ့ပေမယ့် ကျွန်တော်တို့ ဘာမှ မဖြစ်ခဲ့ကြဘူး အန်ကယ်။ ကျွန်တော်တို့ နှစ်ယောက် ကားဆီကုန်ပြီး မိုးအရမ်းရွာနေလို့ ပြန်လာမရတာပါ။ ကျွန်တော်တို့ ဘာဆို ဘာမှ မဖြစ်ခဲ့ကြပါဘူးဗျာ။ မြတ်နိုး နင့် အဖေကို ရှင်းပြလေဟာ။ ငါတို့ ဘာမှ မဖြစ်ခဲ့တဲ့ အကြောင်းကို "
သူကြိုးစား၍ ရှင်းပြအပြီး သူ့ဖေဖေ၏ လက်သီးက သူ့မေးရိုးပေါ်သို့ ကျရောက်လာခဲ့လေတော့သည်။ သူအံ့သြခြင်းမက အံ့သြခဲ့ရသည်။ ဖေဖေနှင့် မေမေသည် သူ့ကို တစ်ဦးတည်းသောသားမို့ ရိုက်ဖို့နေနေသာသာ ဆူတောင် မဆူရက်ခဲ့ပါပေ။ ခုတော့ သူ့ကို ဖေဖေ ထိုးခဲ့လေပြီ။

" ထယ်ဝါ ... မင်း ငါ့သားမဟုတ်ဘူးလား။ ကိုယ့်ကြောင့် သူများသမီးမိန်းကလေး အိနြေ္ဒမဲ့ရတဲ့အဖြစ် မင်းမှာတာဝန်ရှိတယ်ဆိုတာ မင်းသိဖို့ကောင်းတယ်။ ခုတော့ မင်းကြောင့် မြတ်နိုး ပတ်ဝန်းကျင်မှာ ဘယ်လိုမျက်နှာပြမလဲ။ မင်းတို့ဘာမှ မဖြစ်ခဲ့ဘူးပဲထား။ မြတ်နိုးက မိန်းကလေးကွ။ ပတ်ဝန်းကျင်ကို သူဘယ်လို လိုက်ရှင်းပြမလဲ။ ဒီတော့ ဖေဖေနောက်ဆုံးပြောမယ်သား။ မင်း မြတ်နိုးကို လက်ထပ်ပါ။ တစ်လက်စတည်းနဲ့ ဒီက အကိုကြီးကိုလဲ ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ်ဗျာ။ မြတ်နိုးကို ကျွန်တော့်သားနဲ့ လက်ထပ်ခွင့်ကိုပေးပါ။ အစစ အရာရာ ကျွန်တော်တို့ဘက်ကပဲ တာဝန်ယူပါတယ်ဗျာ။ "
သူအရာအားလုံးကို အိပ်မက်ပမာ ခံစားလိုက်ရသည်။ မြတ်နိုးသည်လဲ ခေါင်းကိုငုံ့၍ ငိုရှိုက်နေသည်ပဲလေ။ သူဘယ်လိုမှ ရှင်းပြမရ။ ဖေဖေ၏ တစ်ချက်လွှတ် အမိန့်အောက်၌ မြတ်နိုးကို ထိုနေ့တွင်ပင် တရားရုံး၌ လက်မှတ်ထိုး၍ လက်ထပ်လိုက်ရလေတော့သည်။ သူ့ရင်ထဲတွင်တော့ ...
ခိုင်ရယ် ... ။

ထိုနေ့မှစ၍ သူ၏ဖေဖေ လက်ဖွဲ့သော အိမ်နှင့်ခြံတွင် သူတို့ ပြောင်းနေခဲ့ရလေသည်။ သူကတော့ လက်ထပ်ပြီးနေ့မှ စ၍ မြတ်နိုးနှင့် ကင်းနိုင်သမျှ ကင်းအောင် နေခဲ့မိသည်။ သူ့စိတ်ထဲတွင် ခိုင်နှင့်သူ့ကို ဝေးအောင်လုပ်သော မြတ်နိုးကို မုန်းခဲ့မိသည်။ မြတ်နိုးက အိမ်ဖော်ကောင်မလေး ခေါ်ထားမယ်ဆိုတာကိုတောင်မှ သူက လက်မခံခဲ့ပေ။ သူနှင့် မြတ်နိုးအကြောင်းကို ဘယ်သူမှ မသိစေချင်၍ ဖြစ်သည်။ သူကတော့ မြတ်နိုးက အစစ ဂရုစိုက်တာတောင်မှ ကင်းကင်းနေနိုင်အောင် ကြိုးစားခဲ့မိသည်ပဲလေ။ ဟုတ်သည်။ သူ့ရင်တွင် ခိုင်နှင့်သူ့ကို ဝေးအောင် လုပ်သော မြတ်နိုးကို ....။

သူအလုပ်ဝင်သော အခါ ခိုင်နှင့်ပြန်ဆုံခဲ့ရသည်။ ခိုင်ကတော့ သူ့ကိုခွင့်လွှတ်တယ်ဟု ဆိုခဲ့သည်ပဲ။ သြော် ခိုင်ရယ်။ သူကတော့ အိမ်ထောင်သည်ပီသစွာ လူမှုကျင့်ဝတ်ကို မဖောက်ဖျက်ခဲ့။ ခိုင့်ကို ချစ်သော်ငြားလည်း သူ့တွင် လူသိရှင်ကြား ဇနီးရှိခဲ့ပြီ။ ထို့ကြောင့် သာမန် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းအဆင့်ထက် ပိုပြီး ခိုင့်ကို မဆက်ဆံခဲ့။ ဒါကို ခိုင်ရော ပတ်ဝန်းကျင်ကရော သိခဲ့သည်ဟု သူထင်သည်။

သို့သော် တစ်နေ့။ ထိုတစ်နေ့သည် သူ့အဖို့ တကယ်ကို ဆိုးရွားလွန်းပေစွ။

ခိုင်သည် သူ့ကို တစ်နေရာ၌ အေးအေးဆေးဆေး တွေ့ချင်ပါသည်ဟု ချိန်းခဲ့သည်။ ထို့ကြောင့်သူ ခိုင်ချိန်းသည့်နေရာသို့ သွားဖြစ်ခဲ့သောအခါ ခိုင်က သူ့ကိုငိုပြီး
" ထယ်ဝါ၊ ခိုင်လေ ထယ်ဝါ လက်ထပ်ပြီးထဲက ထယ်ဝါနဲ့ ကင်းကင်းနေတာ ထယ်ဝါ သိပါတယ်နော်။ အဲ့ဒါကို ဟိုနေ့က ခိုင်နေမကောင်းချင်လို့ဆိုလို့ ထယ်ဝါက ခိုင့်ကို ကားနဲ့ အိမ်ပြန်လိုက်ပို့တာကို မြတ်နိုးမြင်သွားပြီး ခိုင့်ဆီကိုလာတယ်။ နောက် ထယ်ဝါနဲ့ ဖြစ်နေရင်လဲ ရပ်တန်းက ရပ်ဖို့ပြောသွားတယ်။ ခိုင် အရမ်းရှက်တယ် ထယ်ဝါရယ်။ ခိုင့် ဂုဏ်သိက္ခာတော့ ရစရာမရှိတော့ပါဘူး။ " ဆိုပြီး ပြောလေတော့သည်။ သူ့ရင်တွေ တင်းကျပ်သွားသည်။ မြတ်နိုးသည် သူ့ကို ဘာမှ မပြော မမေးခဲ့ပါ။ သူစိတ်တိုသွားမိသည်။ ထိုနေ့က သူ အိမ်သို့ ချက်ချင်းပြန်ခဲ့မိသည်။

အိမ်ရောက်တော့ မြတ်နိုးကို ရုတ်တရက် ရှာမတွေ့။ သူအိမ်ပေါ်တက်သွားမိတော့ မြတ်နိုးသည် သူ့အိပ်ခန်းထဲက ကုတင်ပေါ်တွင် စာဖတ်နေလေသည်။ သူရုတ်တရက် မြတ်နိုးကို ဆွဲထူမိလိုက်သည်။
" ထစမ်း မေမြတ်နိုး။ နင်ဘာလို့ ခိုင့်ကို ဒီလို သွားပြီး အရှက်ခွဲခဲ့ရတာလဲ။ ငါနဲ့ ခိုင်က နင်လုပ်လို့ ကွဲသွားပြီးတဲ့နောက်မှာ သူငယ်ချင်းအဖြစ်ပဲ ဖြူဖြူစင်စင် ရှိခဲ့တာကွ။ တောက် ။ နင်တော်တော် မိုက်ရိုင်းပါလားဟင်။ နင် ဘယ်လိုမိန်းမမျိုးလဲ မေမြတ်နိုး။ ပြောစမ်းပါဦး။ "
မြတ်နိုးသည် သူ့ကို ထိတ်လန့်တကြားကြည့်၍ ကြောင်နေခဲ့သည်။ ပြီးမှ
" ထယ်ဝါ၊ မြတ်နိုးက ထယ်ဝါတို့ကို ပတ်ဝန်းကျင်က ပြောနေခဲ့တာကို ဒီတိုင်းလက်ပိုက်ပြီးနားထောင်နေခဲ့တာပါနော်။ ခုက မြတ်နိုး မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့ရတာပါ။ အဲ့ဒါကြောင့် မြတ်နိုးက နှင်းဆီကို သွားပြီး ရှင်းအောင် မေးကြည့်ချင်ရုံပဲရှိခဲ့တာ။ မြတ်နိုးဘာမှ ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ခဲ့မိဘူးနော်။ "
" မင်းက ရှင်းအောင်မေးချင်ရင် ငါ့ကိုမေးပါလားကွ။ ခုတော့ မဆိုင်တဲ့ခိုင့်ကို ဘာကိစ္စ သွားစော်ကားရတာတုန်း။ မင်းအဲ့လိုလုပ်ပုံက ခိုင့်ကို စော်ကားရာရောက်တယ်ဆိုတာရော မင်းခေါင်းက သိရဲ့လား။ "
သူဒေါသတွေ အရမ်းထွက်နေမိသည်။ စိတ်ထဲတွင် ဘာကို ဒေါသထွက်မိလို့ ထွက်မိမှန်းလဲ မသိတော့ပါချေ။
" သြော်၊ ကိုမင်းထယ်ဝါ။ ရှင့်ကိုမေးရအောင် ရှင်က ကျွန်မကို တစ်နေကုန်နေလို့မှ စကားကောင်းကောင်းပြောခဲ့ဖူးလို့လား။ ကျွန်မက ရှင်နဲ့ ပြောဖို့ လာရင်တောင် ရှင်က ကျွန်မအနားကနေ ရှောင်သွားတတ်ခဲ့တာလေ။ ကျွန်မကို ရှင်က စကားပြောခွင့်မှ မပေးခဲ့ဘဲ။ လက်ထပ်ထားတဲ့ ဇနီးမယားတစ်ယောက်အနေနဲ့ ကျွန်မ ဒီလိုလုပ်လိုက်မိတယ်။ အဲ့ဒါ ဘာဖြစ်လဲ။ ရှင်က ရှင့်ဟာမ ထိတော့ နာတယ်ပေါ့လေ။ ဟုတ်လား။ "
သူအံ့သြသွားမိရသည်။ မြတ်နိုးသည် သူ့ကို ခုလို တစ်ခါမှ ပြန်မပြောခဲ့ဖူးပါပေ။ အံ့သြခြင်းနှင့်အတူ ဒေါသတို့ ရင်၌ ဖြစ်တည်၏။
" လက်ထပ်ထားတဲ့ ဇနီးမယား။ ဟုတ်လား။ မင်းက စာချုပ်နဲ့ပဲ လက်ထပ်ထားတဲ့ မိန်းမပါကွ။ "
သူပြောပြောဆိုဆို ဘီရိုကို ဖွင့်၍ လက်ထပ်စာချုပ်ကို ဆွဲထုတ်လိုက်သည်။
" ဟောဒီစာချုပ်သာ မရှိရင် မင်းက ငါ့ဇနီးမှ မဟုတ်တော့ဘဲ။ ဟဟ ။ "
သူခြောက်ကပ်စွာ ရီ၍ စာချုပ်ကို မြှောက်လိုက်သည်။ ထို့နောက် သူဖြဲဖို့ဟန်ပြင်လိုက်သည်။

" ထယ်ဝါ၊ မလုပ်ပါနဲ့။ မလုပ်ပါနဲ့ ထယ်ဝါ။ မြတ်နိုးကို သနားရင် မလုပ်ပါနဲ့။ ထယ်ဝါ့ကို မြတ်နိုးချစ်ခဲ့မိလို့ပါ။ မြတ်နိုးသိပ်ချစ်ခဲ့မိလို့ လက်ထပ်ဖို့ ကြိုးစားခဲ့ရတာပါ ထယ်ဝါရဲ့။"
သူမယုံကြည်စွာ မြတ်နိုးကို ကြည့်လိုက်မိသည်။ မြတ်နိုးသည် ပါးပြင်ပေါ်တွင် မျက်ရည်တို့ကျ၍ သူ့ကို လှမ်းအော်ကာ သူ့လက်ထဲမှ စာချုပ်ကို လှမ်း၍ လုလေတော့သည်။ သူတစ်ချက် မြတ်နိုးကို တွန်းထုတ်လိုက်မိသည်။ မြတ်နိုး ကုတင်ပေါ်သို့ လဲကျသွားလေသည်။ မြတ်နိုးက သူ့ကို အံ့သြစွာကြည့်နေသည်ကို သူတစ်ချက်အေးစက်စက် စိုက်ကြည့်လိုက်မိသည်။
ထို့နောက်
" ဒီစာချုပ်မရှိရင် မင်းဟာ ငါ့မိန်းမ မဟုတ်တော့ဘူး မေမြတ်နိုး။ မင်းငါ့ကို ဘယ်တော့မှ ပိုင်ဆိုင်ရလိမ့်မယ် စိတ်မကူးနဲ့။ ငါမင်းကို သိပ်မုန်းတယ်။ "
သူပြောလဲပြော စာချုပ်ကိုလဲ ဆွဲဖြဲလိုက်လေတော့သည်။ မြတ်နိုးသည် သူ့ကို စိုက်ကြည့်သည်။ ထို့နောက် သူပစ်ပေါက်လိုက်၍ လေထဲတွင် လွင့်ဝဲသွားသော စာရွက်အပိုင်းအစများကို မျက်ရည်စိုရွှဲနေသော မျက်လုံးအစုံဖြင့် လိုက်ကြည့်နေသည်။ မြတ်နိုး၏ ပုံသည် အသိစိတ်ကင်းမဲ့သူတစ်ယောက် အလား။

သူ မြတ်နိုးအခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ လှေကားကို ပြေးဆင်း၍ ကားပေါ်တက်ကာ ခပ်ကြမ်းကြမ်းမောင်းထွက်ခဲ့လိုက်မိသည်။ သူ့ရင်သည် ပူလောင်လွန်းပေစွ။ သူဘာလုပ်ရမည်မသိတော့။ မြတ်နိုးသည် သူ့ကိုချစ်ပါသည်တဲ့။ သူမယုံကြည်နိုင်။ မြတ်နိုးသည် အေးဆေးသည်။ လိမ္မာယဉ်ကျေးသည်။ အိမ်ရှင်မ ပီသသည်။ သူ့အပေါ်လဲ ဂရုတစိုက်ရှိခဲ့သည်။ သို့သော် သူနှင့်ခိုင့်အကြောင်းသိရဲ့နှင့် သူနှင့်ခိုင့်ကို ကွဲအောင်လုပ်ခဲ့သော မြတ်နိုးအပေါ် သူသိပ်မကြည်လင်။ သေချာပြန်စဉ်းစားကြည့်မိတော့ မြတ်နိုးတွင် ဘာအပြစ်မှ မရှိသလိုပင်။ သူစိတ်ရှုပ်ရှုပ်ဖြင့် သူငယ်ချင်းဖြစ်သူ မင်းသူဆီသို့ ထွက်လာခဲ့လိုက်မိသည်။ မင်းသူအိမ်တွင် အေးအေးဆေးဆေးနေမည်ဟု။

ရက်သတ္တပတ် တစ်ပတ်ကြာသွားခဲ့သည်။ အရာအားလုံးအေးဆေးလောက်ပြီဟု သူထင်မှတ်ခဲ့မိသည်။ သို့သော်...။

ထိုနေ့က မင်းသူ သူစာဖတ်နေရာသို့ ရောက်လာသည်။ မျက်နှာလုံးဝမကောင်း။ လက်ထဲတွင်လဲ ဒိုင်ယာရီစာအုပ်တစ်အုပ်နှင့်။
" ထယ်ဝါ။ မင်းသိပ်မှားသွားပြီ သူငယ်ချင်း။ ငါဒီနေ့ပဲ မင်းအမေနဲ့ လမ်းမှာတွေ့လို့ မင်းအမေခေါ်လို့ မင်းတို့အိမ်ကို ရောက်ဖြစ်ခဲ့တယ်။ အဲ့ဒါကြောင့် မြတ်နိုးအကြောင်းသိခဲ့ရတာပဲ။ ဟောဒီမှာ မင်းအမေက မင်းကို ပေးခိုင်းလိုက်တဲ့ မြတ်နိုးရဲ့ဒိုင်ယာရီ။ မင်းသိပ်ရက်စက်တယ်ကွာ။ အပြစ်မဲ့တဲ့ မြတ်နိုးကို မင်းမို့ လုပ်ရက်လေခြင်း သူငယ်ချင်းရာ။"
သူကြောင်နေမိသည်။ ပြောပြောဆိုဆို လက်ထဲက စာအုပ်ကို သူ့အားပေး၍ ထွက်သွားပါသော မင်းသူ၏ နောက်ကျောပြင်ကို ကြည့်ကာ သူ့တွင် စကားလုံးတို့ ဆွံ့အနေခဲ့မိသည်။ ထို့နောက်မှ မြတ်နိုး၏ စာအုပ်လေးကို ဖွင့်ကြည့်မိခဲ့သည်။ သူ့ရင်တစ်ခုလုံးသည် ... ။

ဒိုင်ယာရီထဲတွင် သူနှင့်စတွေ့သောနေ့ သူနှင့် လက်ထပ်သောနေ့ စသည်ဖြင့် ရက်တစ်ရက်စီတိုင်းအတွက် အမှတ်အသားတစ်ခုစီရှိခဲ့ပါသည်။ နောက်ဆုံးစာမျက်နှာအရောက်တွင်တော့

မောင်
ကျွန်မ မောင်နဲ့ စတွေ့တဲ့အချိန်မှာ မောင့်မှာ နှင်းဆီခိုင်ဆိုတာ ရှိနှင့်ခဲ့ပြီးပါပြီ။ ကျွန်မ အလိုက်သိစွာ ကျွန်မရဲ့ချစ်ခြင်းကို မြိုသိပ်ခဲ့ပါတယ်။ ဒါပေမယ့်မောင်ရယ်။
ကျွန်မလေ မောင်နဲ့ပတ်သတ်ပြီး အရာရာကို ဖြည့်ဆည်းပေးခဲ့ဖို့ ကြိုးစားခဲ့ပါတယ်။ မောင့်ကို ချစ်မြတ်နိုးရလွန်းလို့ လက်ထပ်ဖို့ ကြိုးစားခဲ့မိတာပါ။ လက်ထပ်ပြီးရင်တော့ မောင်ကျွန်မကို ချစ်လာမှာပါလို့ ရူးသွပ်စွာ မျှော်လင့်ခဲ့မိပေမယ့် မောင်က ကျွန်မထင်တာထက်ကို ပိုအေးစက်လွန်းပါတယ်လေ။ ကျွန်မ တကယ်ကို ရင်နင့်ခဲ့ရပါတယ်မောင်။ ကျွန်မရဲ့ချစ်ခြင်းမှန်ရင်လေ မောင့်ဆီက အချစ်ကို ရ ရပါလို၏လို့ ဆုတောင်းပေမယ့် ကျွန်မဆုတောင်းမပြည့်ခဲ့တာ ဘာ့ကြောင့်ပါလိမ့်နော်။
ကျွန်မကို ခွင့်လွှတ်ပါမောင်။ ကျွန်မ ဒီနေ့တော့ မောင်နဲ့ နှင်းဆီကို ကားတစ်စီးထဲ တူတူတွေ့လိုက်ရတော့ ရင်ထဲမှာ နေဆယ်စင်းမက ပူလောင်ခဲ့ရတယ်။ ရက်စက်လိုက်တာမောင်ရယ်။ ကျွန်မ နှင်းဆီနဲ့ သွားတွေ့ဖြစ်ခဲ့တယ်။ နောက် နှင်းဆီကို မောင့်ကို ချစ်နေတယ်ဆိုရင်တော့ မောင်စိတ်ချမ်းသာအောင် ကျွန်မ ကွာရှင်းပေးပါ့မယ်လို့ ပြောခဲ့မိတာ မောင် ကျွန်မကြောင့် စိတ်မဆင်းရဲစေချင်တော့လို့ပါ။ ဒါပေမယ့် ကျွန်မရင်ထဲမှာတော့ ...။

သူဆက်မဖတ်နိုင်တော့ပါ။ ခိုင်သည် သူ့ကို ညာခဲ့သည်။ ခိုင်၏ မာယာကြောင့် သူမြတ်နိုးကို ရက်စက်ခဲ့မိလေသည်။ သူမှားပြီ။ မြတ်နိုးသည် စိတ်ထားနူးညံ့ပါလေသော မိန်းကလေး။ သူ့အပေါ်လဲ ချစ်နိုင်လွန်းသည်။ အစစ ဂရုတစိုက်ရှိခဲ့သည်။ သူသည်သာ ခိုင်နှင့်ပတ်သတ်၍ မြတ်နိုးကို ရက်စက်ခဲ့မိတာပင်။ သြော်မြတ်နိုးရယ် ... ရင်တွင် နောင်တရခြင်းနှင့်အတူ ချစ်ခြင်းသည် ဖြစ်တည်၏။

သူ မင်းသူကိုတောင် မပြောနိုင်တော့ပဲ ချက်ခြင်း ကားပေါ်တက်၍ အိမ်သို့ ထွက်လာခဲ့မိလိုက်သည်။ သူ့ရင်သည် မြတ်နိုးကု တွေ့ချင်စိတ်ဖြင့် ပြည့်သိပ်နေခဲ့သည်ပဲလေ။ မြတ်နိုးနှင့်တွေ့လျှင် သူတောင်းပန်မည်။ သူသည်လဲ မြတ်နိုးကို ချစ်မိပါကြောင်း ၀န်ခံရမည်။ ထို့နောက် မြတ်နိုးကို သူ၏ချစ်ခြင်းဖြင့် ပျော်ရွှင်စေမည်။ သူအတွေးနှင့်အတူ ပြုံးလိုက်မိသေးသည်။

သူအိမ်ကိုရောက်တော့ မြတ်နိုးဖေဖေက ဆီး၍ သူ့ကိုထိုးသည်။ သူတစ်ချက်ယိုင်သွားကာ မြတ်နိုးဖေဖေကို တအံ့တသြ ကြည့်မိလိုက်သည်။
" မင်းပြန်လာသေးတယ်နော် မင်းထယ်ဝါ။ မင်းကြောင့် ငါ့သမီးလေး ... ။"
မြတ်နိုးဖေဖေသည် ယောက်ျားကြီးတန်မဲ့ မျက်ရည်ကျလေတော့သည်။ သူ မြတ်နိုးအတွက် စိတ်ပူသွားရသည်။ မြတ်နိုးများ မတော်တဆ သူ့ကြောင့် လူ့လောကမှ ထွက်သွားလျှင် ... အိုး ... မဟုတ်ပါစေနဲ့။ သူ့ရင်သည် တွေးရင်းဖြင့် ပူလောင်လာရသည်။ ဘုရား ဘုရား။ မြတ်နိုးဘာမှ မဖြစ်ပါစေနဲ့။
" မြတ်နိုးဘာဖြစ်လို့လဲ အန်ကယ်။ ကျွန်တော့်ကို ပြောပါဗျ။ မြတ်နိုး ခုဘယ်မှာလဲဗျ "
သူ ဟန်မဆောင်နိုင်စွာ အငမ်းမရမေးလိုက်မိသည်။ မြတ်နိုးဖေဖေက မျက်ရည်သုတ်လျက် အိမ်ပေါ်သို့ လက်ညှိုးညွှန်ပြလေသည်။ သူအိမ်ပေါ်ထပ် မြတ်နိုးအခန်းသို့ ပြေးတက်သွားလိုက်မိသည်။ မြတ်နိုးအခန်းရှေ့ရောက်တော့ သူအခန်းတံခါးကို ဖြေးညင်းစွာ ဖွင့်လိုက်မိသည်။

သူချစ်ရပါလေသော သူ၏မြတ်နိုးသည် ကြမ်းပြင်တွင် ထိုင်၍ ခေါင်းကို ငုံ့ထားသည်။ ဘေးတွင်လဲ သူနှင့် မြတ်နိုး သူငယ်ချင်းဘ၀က မြတ်နိုးမွေးနေ့တွင် သူဝယ်၍ လက်ဆောင်ပေးခဲ့ပါလေသော ၀က်ဝံရုပ်ကြီး ချထားသည်။ မြတ်နိုး၏ ရှေ့တွင်တော့ သူ စုတ်ဖြဲခဲ့ပါလေသော လက်ထပ်စာချုပ် အပိုင်းအစများကို တိပ်နှင့် တစ်ခုစီကပ်၍ ဆက်ထားပါလေသော အစိတ်စိတ်အမြွှာမြွာ စာချုပ်တစ်စောင်။
" မြတ်နိုး "
သူနာကျင်စွာဖြင့် ခေါ်လိုက်မိသည်။ မြတ်နိုး၏ ဦးခေါင်းသည် ဖြေးညှင်းစွာဖြင့် မော့လာသည်။ မြတ်နိုး၏ ပါးပြင်သည် မျက်ရည်များဖြင့်စိုစွတ်လျက်ရှိနေချေသည်ပဲ။ မြတ်နိုးသည် သူ့ကို ပြူးကြောင်၍ ကြည့်သည်။ ထို့နောက် ခေါင်းကို ပြန်ငုံ့သွားသည်။ သူ မြတ်နိုးရှေ့တွင် ထိုင်ချလိုက်မိသည်။
" အား။ မောင် ရေလုပ်ပါဦး။ ဒီမှာ ဘယ်သူကြီးလဲ မသိဘူး။ မြတ်နိုးရှေ့မှာ လာထိုင်ပြီး မြတ်နိုးကို ကြည့်နေတယ်။ မြတ်နိုးကို ကယ်ပါမောင်ရဲ့။ သွား သွား။ မြတ်နိုးကို လာမကြည့်နဲ့။ မြတ်နိုးမောင်က မကြိုက်ဘူးရယ်။ အော်ငိုလိုက်မှာနော်။ မောင် လုပ်ပါဦး။ သူ့ကို မြတ်နိုးမသိဘူး။ အီးး "
သူလန့်သွားမိသည်။ မြတ်နိုးသည် ၀က်ဝံရုပ်ကြီးကို ဖက်၍ သူ့ကို အတင်းအော်ထုတ်နေလေသည်။ ၀က်ဝံရုပ်ကြီးကိုလဲ မောင်ဟုခေါ်၍ သူ့ကို ပြူးကြောင်သော မျက်လုံးအစုံဖြင့်ကြည့်၍ ပြောနေပါသော မြတ်နိုးငယ်သည် အရာရာကို မေ့သွားခဲ့လေပြီပဲ။ ချစ်သူ၏ ရက်စက်ခြင်းကို ရင်နှင့်မဆန့်အောင် ခံစားလိုက်ရပြီးနောက်တွင်တော့ မြတ်နိုး၏ ခံစားတတ်သော စိတ်တို့သည် သွေးပျက်၍ နောက်သွားခဲ့ရလေပြီတကား။
သူ့ရင်သည် အပိုင်းပိုင်းအစစ ကွဲကြေသွားသလို ခံစားလိုက်ရသည်။
သူ၏ ရင်သည် နောင်တရခြင်းနှင့်အတူ မျက်ရည်တို့သည် ပါးပြင်ပေါ်သို့ .... ။

နိဂုံး၏ အဆုံး။

အပြင်တွင် မိုးတို့ ဖွဲရာမှ သဲလာလေပြီ။ သူ စိတ်မကောင်းခြင်းကြီးစွာဖြင့် ဘာပြောရမယ်မှန်းမသိအောင်ပင်။ သက်ပြင်းတစ်ချက်ကို လေးပင်စွာချလိုက်ကာ ထိုပုံပြင်ပြောသောလူကို ကြည့်လိုက်မိသည်။ လက်ကျန်ပုလင်းထဲမှ အရက်ကို အကုန်ဖန်ခွက်ထဲသို့လောင်းထည့်၍ ရေပင်မရော တစ်ရှိန်ုထိုး မော့သောက်လိုက်ပါလေသော ထိုလူ၏ ပါးပြင်ပေါ်တွင် အပြင်က မိုးနှင့်အပြိုင် ... ။

( ကျွန်တော် ၇တန်းကျောင်းသူဘ၀တုန်းက ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်း နန္ဒာစုမွန် ဆီက ကြားခဲ့ရတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို မှတ်မိသလောက် ပြန်ပြီး ခံစား ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။ သည်းခံပြီး ဆုံးအောင် ဖတ်ပေးကြသော အကို အမများကို ကျေးဇူးတင်ရှိပါကြောင်း...။ )

Sunday, May 10, 2009

အိုဘယ့်အရှင် မွေးမိခင်

ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း
ယောင်းမတို့ရှင်။

ဖ၀ါးလက်နှစ်လုံး၊ ပခုံးလက်နှစ်သစ်
ချစ်၍မ၀၊ ကြည့်၍မဆုံး
တပြုံးပြုံးဖြင့်
ရှိသည့်သူမှာ အဘယ်နည်း။

ငယ်စဉ်ခါက ရပ်ဝန်း
ဆာသည့်ချိန်ခါ၊ နို့ချိုတိုက်ကြွေး
ထွေးပွေ့ချော့မြူ၊ ဖေးကူမသည်
ဤသို့ဤနှယ် အထိန်းတည်း။

ကြီးစခါဝယ်၊ ကိုယ်ဟန်မူယာ
လိမ္မာယဉ်ကျေး၊ ပြုမူရေးဖို့
ဘယ်သို့ဘယ်ပုံ၊ ဘယ်၍ဘယ်က
ဆိုဆုံးမသည်
ဤသို့ဤနှယ် ဆရာတည်း။

နေထွက်ရယ်မှ နေ၀င်
မောပန်းနွမ်းလျ၊ ရှိစေကာမူ
သားတို့ရုပ်ရည်၊ သီတာမြည်သား
ရေကြည်ချမ်းမြ၊ ၁ပေါက်ကျက
ဆိုသည့်စာဝယ်၊ အပ်ကျမှန်သည်
ဤသို့ ဤနှယ် အဖော်တည်း။

ထိုထိုအရ၊ စိတ်ပြည့်ဝသည့်
လောကပင်လယ်၊ တုနှိုင်းမမြင်
ရှိပါချေချိမ့်၊ ဤသည့်သူမှာ
ရင်တွင်မြတ်နိုး၊ တစ်ဦးတည်းမို့
အကျွန်ဆိုသည်
မာတာမိခင် ဖြစ်ပေ၏။

သြော်...
မိခင်သည်သာ တစ်ဦးတည်း။


( စာကြွင်း >> ဒီကဗျာလေးက မေမေ့အတွက် ကျွန်တော် လက်တမ်းချရေးလိုက်တဲ့ အိုင်ချင်းကဗျာလေးပါ။ နှစ်တစ်နှစ်ရဲ့ အမေများနေ့နဲ့ အဖေများနေ့မှာ အမှတ်တရ မေမေနှင့်ဖေဖေကို ကန်တော့စရာနဲ့ ကန်တော့ခဲ့ပါသော်လည်း ဒီနှစ်မှာတော့ အဝေးကပဲ ဒီကဗျာနဲ့ ကျွန်တော်ချစ်သော ကျွန်တော်၏ မေမေကို ကန်တော့လိုက်ပါတယ်ဗျာ။
ပူဇော်ထိုက်သူကို ပူဇော်တတ်ကြတာ မြန်မာလူမျိုး ဗုဒ္ဒဘာသာဝင်တိုင်းရဲ့ မင်္ဂလာတရားပါ။ ထို မင်္ဂလာတရားနဲ့အညီ ကျွန်တော်သည်လည်းလေ...။
)

Thursday, May 7, 2009

အိပ်မက်၏ အလွန်

ပူပြင်းခြောက်သွေ့လွန်းတဲ့ နွေရာသီကို ကျော်လွန်၍ တစ်မိုးရောက်ခဲ့ပြန်ပါပြီ။ သည်လို မိုးဦးကျကို ရောက်တိုင်း ရင်ထဲ တစ်နေရာစီက ဒဏ်ရာဒဏ်ချက်တို့ကတော့ဖြင့် ခုထိ အနာမကျက်နိုင်သေးတာပါလား။ အပြင်တွင် မိုးတို့ဖွဲဖွဲစတင်၍ ရွာသွန်းနေလေပြီ။ သူ့ရင်တွင်လဲ ထိုမိုးနှင့်အတူ ...။

လွန်ခဲသော ငါးနှစ်ကျော်ကာလဆီသို့ သူ၏ စိတ်အာရုံတို့ ပျံ့လွင့်သွားကြပြန်သည်။ မတွေးချင်ပါဘူးဆိုမှ။ သြော် ... တိုက်ဆိုင်မှုတွေ ရှိတိုင်းလေ။

ရန်ကုန်တက္ကသိုလ်။ ဦးချစ်ဆိုင်။

သူအရောက်နောက်ကျသဖြင့် သူငယ်ချင်းအားလုံး ပွစိပွစိ ဖြစ်နေကြသည်။ သည်သူငယ်ချင်းတွေဆိုတာက သူနှင့် အလယ်တန်းကျောင်းသားဘ၀ထဲက အတွဲမပျက်ခဲ့သူတွေ။ သူ၏ အချစ်ဆုံးများဟုလည်း ပြောနိုင်သည်ပဲ။
" ဟေ့ရောင် စစ်၊ မင်းကွာ။ ချိန်းတုန်းက ချိန်းထားပြီးတော့ နောက်ကျတာ ဘာသဘောလဲ။ ပညာပြတာလားကွ။ ဟေ "
သူထိုင်ကာစတွင်ပင် ကျော်ကျော်က စတင်၍ အပြစ်တင်စကား ဆိုသည်။ ဟုတ်သည်။ သူကလဲ သူပဲလေ။
" အေးကွာ။ ငါတောင်းပန်တယ်။ နံနက်က အိပ်ယာထ နောက်ကျသွားလို့။ အဟဲ "
သူလေချိုသွေးလိုက်မိသည်။ ဒါကိုပင် သူငယ်ချင်းတို့က မကျေနပ်နိုင်သေး။
ညီညီက စတင်၍
" ကဲ၊ မင်းပြောမယ်ဆိုတာကို ပြောတော့။ ပြောစရာရှိတယ်ဆိုပြီး သူကလဲ စချိန်းသေးတယ်။ ပြီးတော့ သူပဲ နောက်ကျနေတယ်။ ဒီလက်ဘက်ရည်ဝိုင်း မင်းရှင်းရမယ် ဟေ့ရောင် "
သူပြုံးလိုက်မိသည်။ ဒီလိုပါပဲ။ သည်သူငယ်ချင်းတွေဆိုသည်က ပြောမနာ ဆိုမနာတွေကိုး။
" အေး။ ငါရှင်းပါ့မယ်ဟ။ မင်းတို့ကောင်တွေကလဲ။ ဒေါချည်းပဲ။ ငါကွာ ပြီးခဲ့တဲ့ရက်က ငါ့အကိုဝမ်းကွဲရဲ့ စာအုပ်စင်မှာ ကဗျာစာအုပ်တစ်အုပ် တွေ့လိုက်တယ်။ စာအုပ်ရဲ့ ခေါင်းစဉ်က တက္ကသိုလ်အမှတ်တရတဲ့။ အဲ့ဒါ ငါဖွင့်ကြည့်လိုက်တော့ စာအုပ်က သူငယ်ချင်းတွေစုပြီး ထုတ်ထားတဲ့ ကဗျာစာအုပ်ဖြစ်နေတယ်လေ။ ငါ အဲ့ဒီမှာ အိုင်ဒီယာတစ်ခုရတယ်ကွ။ ငါတို့ခြောက်ယောက်လဲ ပေါင်းပြီး ကဗျာစာအုပ်ထုတ်ရအောင်ကွာ။ တက္ကသိုလ်အမှတ်တရပေါ့။ ဘယ်လိုလဲ "
သူပြောရင်း သူငယ်ချင်းများ၏ မျက်နှာကိုကြည့်မိလိုက်သည်။ ထင်သည့်အတိုင်းပင်။ အားလုံးက စာရူးပေရူးများဖြစ်ကြသည့်အတိုင်း
" အာ ကောင်းလိုက်တဲ့အကြံကွာ။ မင်းခေါင်းကို ငါတို့ရွှေချထားပေးမယ်။ ထီ ဆယ်ခါပေါက်ရင်။ အဟက် "
ဗညားက ၀င်အရွှန်းဖောက်သည်။ ညီညီက
" ထုတ်တာကတော့ ဟုတ်ပြီ။ ငါတို့ဝိုင်းရေးမယ်ကွာ။ ဒါပေမယ့် အယ်ဒီတာတို့ ဖြန့်ချီရေးတို့၊ ပုံနှိပ်တို့ လိုတယ်ကွ။ အဲ့ဒါတွေရော မင်းစဉ်းစားပြီးပြီလား "
သူတစ်ချက်တော့ ငိုင်သွားသည်။ ဟုတ်သား။ ဒီကောင်ပြောမှ သတိရတယ်။ ဒါတွေကို သူစဉ်းစားရဦးမှာပဲ။ သူက ဖြစ်ချင်တာတစ်ခုကိုသာ ၀မ်းသာအားရပြောမိခြင်းဖြစ်သည်။ ဒါတွေကို မစဉ်းစားခဲ့မိပေ။

ထိုအချိန်တွင်ပင်
" ဟာ။ ကျွန်တော့်အကိုတွေက အချိန်တိကျလှချေလားဗျ။ ရောက်တာကြာပြီလား။ ကျွန်တော်က ဒီက မမထားနဲ့ မမလွင်ကို ၀င်ခေါ်နေလို့ နောက်ကျသွားတာ။ အကိုတို့နဲ့ တွေ့ပြီးရင် ကျွန်တော်တို့ ကျောင်းပြန်တက်ရမယ်လေ။ အဟက်။ "
အရွှန်းဖောက်မှုနှင်အတူ ၀င်ရောက်လာသော သူတို့ ညီမလေးတစ်ယောက်လို ချစ်ခင်ရသော ဆုပြည့်သည် သူတို့အတွက်တော့ ကလေးတစ်ယောက်လိုပင်။
သည်ညီမလေးကို သူတို့ တတိယနှစ်တွင် ဒဂုံတက္ကသိုလ် ဥပဒေဌာန၌ ကောက်ရခဲ့တာပင်။ ရှင်ဆုပြည့်ဟု သူတို့အားလုံးက ခေါ်ဆိုခဲ့သော ညီမလေးသည် ညီညီ့ ညီမ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်ကာ ညီညီမှ တဆင့် အားလုံးအတွက် ညီမတစ်ယောက်အဖြစ် ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်သည်။ ဆုပြည့်သည် သူတို့အားလုံးအတွက်တော့ တကယ့်ကို ပီဘိ ကလေးတစ်ယောက်နှင့် တူလွန်းပါပေစွ။

" အဟဲ။ အကိုတို့နဲ့ ကျွန်တော်မိတ်ဆက်ပေးရဦးမယ်။ ဒါက ကျွန်တော်တို့ နိုင်ငံခြားဘာသာကျောင်းမှာ ကျွန်တော်နဲ့အတူ ကိုးရီးယားဘာသာရပ်ကို သင်နေတဲ့ တစ်ခန်းထဲဖေါ် ကျွန်တော်နဲ့ အရမ်းခင်လာတဲ့ မမနှစ်ယောက်လေ။ သူက မမထားလို့ကျွန်တော်က ခေါ်တဲ့ ထားထားမေ။ သူက ကျွန်တော်က မမလွင်လို့ခေါ်တဲ့ လှဦးလွင်။ ဘယ်လိုလဲ ချောတယ်ဟုတ်။ အဟက်။ "
ပြောပြောဆိုဆို ကျွန်တော်တို့ဘက်ကိုလဲ လက်ညှိုးထိုးကာ
" မမထားနဲ့ မမလွင်။ သူက ကျွန်တော်တို့က စစ်လို့ ခေါ်တဲ့ မင်းစစ်မွန်။ ရှေးဟောင်းသုတေသနက မဟာတန်း ပထမနှစ်။ သူက မင်းညီညီမွန်။ ၀ိုင်အိုင်တီကျောင်းသား။ သူက ဆေးက မင်းဗညားစိုင်းမွန်။ သူက အင်္ဂလိပ်စာ မဟာတန်းက ကျော်သူရ။ သူက ဘူမိဗေဒက စိုင်းအိုက်ပီ နဲ့ မဟာခန့်။ ကျွန်တော်ကတော့ ဥပဒေ။ အဟက်။ သူတို့အားလုံးက ကျွန်တော့်အကိုတွေလိုပဲဗျ။ ဘော်ဘော်ကြီးတွေပေါ့ဗျာ။ ကျွန်တော် ပထမနှစ်မှာ သူတို့နဲ့စသိတာ။ ကျောင်းအပ်သွားရင်းနဲ့ပေါ့။ သူတို့က အတန်းတွေသာမတူတာ။ သိပ်ချစ်ကြတာဗျ။ သူတို့က အပတ်တိုင်း တနင်္ဂနွေနေ့နံနက်စောစောကို ဒီမိန်းထဲက ဦးချစ်ဆိုင်မှာ ချိန်းပြီး မဟုတ်တာလုပ်ဖို့တိုင်ပင်တတ်ကြတယ်။ ကျွန်တော်လဲ ကြံရာပါပေါ့။ အဟဲ။ "
ညလေးကတော့ သူတို့အားလုံးကို အချွန်နဲ့မသည်။ သူတို့ကလဲ သူတို့ပါပဲ။ အသက်တွေသာ ကြီးလာကြသည်။ ကလေးတွေလိုမျိုး ပျော်စေပျက်စေ လုပ်နေကြတုန်းရယ်။
သူကပင် စတင်၍
" အာ ဒီကလေးမ ပြောတာတွေ မယုံနဲ့နော်။ သူက ကျွန်တော်တို့ကို အချွန်နဲ့မနေကြရယ်။ သူ့တော့ ကျွန်တော်တို့အားလုံးက ကြောက်ရတယ်လေ။ အဟဲ။ တွေ့ရတာ ၀မ်းသာပါတယ်ဗျာ။ ကျွန်တော်တို့ကလဲ ခင်တတ်ပါတယ်။ သူငယ်ချင်းတိုးတယ်လို့ပဲမှတ်ပါတယ်။ ကျွန်တော်တို့ကိုလဲ သူငယ်ချင်းအရင်းတွေလိုပဲ မှတ်ပါဗျာ။ "
အားလုံးက သူ့စကားကို ၀ိုင်း၍ထောက်ခံခဲ့လေသည်။ အဲ့ဒီနေ့က ကဗျာစာအုပ်ထုပ်ရေးနဲ့အတူ သူတို့အားလုံး ပို၍ရင်းနှီးသွားကြလေသည်။ အိမ်အပြန်လမ်းတွင်တော့ အတွေးကိုယ်စီဖြင့်ပေါ့။

တကယ်တမ်း ကဗျာစာအုပ်ထုပ်တော့ အားလုံးက သူ့ခေါင်းပေါ်သို့သာပုံလေသည်။ ဗညားနှင့် အိုက်ပီက
" မင်းအရင်စတဲ့ဇာတ်လမ်း ဟေ့ရောင်။ မင်းအားလုံးတာဝန်ယူ။ ကုန်ကျစရိတ်တော့ ငါတို့အားလုံးပေါင်းပေါ့။ ဒါပေမယ့် အယ်ဒီတာကတော့ မင်းပဲလုပ်ရမှာပဲ" ဆိုပြီး သူ့အပေါ်ပုံချလေသည်။ ဒီလိုပါပဲ ဒီကောင်တွေက သူ့ကို သိပ်ချစ်ကြသည်လေ။ တော်သေးသည်က ထားက သူ့ဘက်က ကူညီခဲ့သည်။
" ထားက စာပေ ၀ါသနာပါတယ် ကိုစစ်ရဲ့။ ကိုစစ်တို့ စာအုပ်ထုပ်တာလေးမှာ ထားပါဝင် ကူညီခွင့်ရလို့ ထားက အရမ်းပျော်နေခဲ့တာ " လို့ပြောတတ်ခဲ့ပါလေသော ထားရယ်ပါ။
သြော် ထားရယ်...။ အမြဲလို နူးညံ့သိမ်မွေ့စွာနေတတ်ခဲ့ပါသော ထား။ အရာရာကို နားလည်တတ်ပါသောထား။ စိတ်ထားကောင်းမွန်စွာဖြင့် သူတစ်ပါးကို ကူညီတတ်ခဲ့ပါသောထားသည် သူ့ရင်တွင်းသို့ တစ်စစ ၀င်ရောက်လာပါတော့သည်။ ထား၏ အကူအညီဖြင့်ပင် သူတို့အားလုံး၏ နားခိုရာဟု အမည်ပေးထားသော ရင်တွင်းကဗျာစာအုပ်လေးသည် အကောင်အထည်ပေါ်လာခဲ့လေသည်။ ထိုနေ့က လူအားလုံးပျော်ရွှင်ခဲ့ကြသလို သူကိုယ်တိုင်လဲ ရင်ခုန်ခဲ့ရသည်ပဲ။
" ကျွန်တော့်ကဗျာ ပါတာတော့ ကျွန်တော်အပျော်ဆုံးပဲဗျ။ ကျောင်းမှာ သူငယ်ချင်းတွေကို ပြန်ကြွားရမယ်။ အဟဲ။ ကျွန်တော်ရောင်းဖို့ပါ တာဝန်ယူတယ်ဗျာ"
လို့ပြောခဲ့သော ညီမငယ်ဆုပြည့်သည်လဲ ထိုနေ့က အတော့်ကို ပျော်နေခဲ့သည်ပဲ။ သူတို့အားလုံး ဦးချစ်တွင်ပင် အောင်ပွဲခံခဲ့ကြပြီးနောက် အိမ်ပြန်ဖို့လမ်းခွဲလိုက်ကြသော ထိုနေ့က သူကိုယ်တိုင် ထားကို အိမ်လိုက်ပို့ဖြစ်ခဲ့သည်။ ထို့နောက် ထားတို့အိမ်ရှိရာ လမ်းထိပ်အရောက်တွင်ထားကို သူအရဲစွန့်၍
" ထားကို ကျွန်တော် တစ်ခုလောက်ပြောစရာရှိတယ်ဗျာ။ ကျွန်တော့်ကို စိတ်မဆိုးပါနဲ့နော်။ ကျွန်တော် ရင်ထဲမှာ သိမ်းမထားနိုင်တော့တဲ့စကားတစ်ခွန်းကို ထားသိအောင် ပြောပြချင်ပါတယ်။ ကျွန်တော်ထားကို သိပ်ချစ်မိပါတယ် "
သူပြောအပြီးတွင် ထားက ရှက်ပြုံးလေးပြုံး၍ ခေါင်းငုံ့သွားသော ပုံလေးသည် သူ့ရင်ထဲတွင် မနေ့တစ်နေ့ကလိုပင် အမြဲရှင်သန်နေလေတော့သည်။

ထိုနေ့မှစ၍ သူတို့နှစ်ယောက်ချစ်ခရီးသည် စတင်ခဲ့သည်ဟုဆိုရမည်။ အရာရာ အေးချမ်းလွန်းစွာဖြင့် ရှိခဲ့သော သူတို့နှစ်ယောက်၏ ချစ်ခြင်းသည် သာယာခဲ့ပါသည်။ ထား၏ စီးပွားရေးမဟာတန်း နောက်ဆုံးနှစ်စာမေးပွဲပြီးလျှင် အိမ်တွေကို ဖွင့်ပြောရန်လဲ တိုင်ပင်ထားခဲ့ပြီးဖြစ်သည်။ ထားရော သူရော အခြေအနေ အဆင့်အတန်းချင်းက သိပ်မကွာသည်မို့ အရာရာ အဆင်ပြေလိမ့်မည်ဟု နှစ်ယောက်စလုံးယုံကြည်ခဲ့မိသည်ကိုက သူတို့နှစ်ယောက်အတွက် ပိုပြီး စိုပြေစေခဲ့သည်ထင့်။ သြော်.. အခုတော့လဲလေ...။

ထား၏ နောက်ဆုံးနှစ်စာမေးပွဲအပြီးတွင် ထားပူဆာသဖြင့် ထားကို စာမေးပွဲအခန်းမှ ကြိုအပြီး ရွှေတိဂုံဘုရားသို သွားဖြစ်ခဲ့သည်။ ထိုနေ့တွင် မိုးတို့ ဖွဲဖွဲရွာနေသည်ပဲ။ မိုးဖွဲဖွဲတွင် ဘုရားရင်ပြင်တော်သည် အေးချမ်းလွန်းလှသည်။ ထားလက်ကလေးတွေက မိုးအေးလို့ထင့် အေးနေလေသည်။ ထားက သူ့ဘက်ကိုတိုး၍
" မောင်၊ ထားတို့ ဘယ်တော့မှ မခွဲရဖို့ဆုတောင်းရအောင်။ " အစိုးရိမ်ကြီးသောထားပါပေ။
" သြော် ထားရယ်။ မောင်တို့ ချစ်တာ ၂နှစ်ကျော်တောင် ကြာမှကို။ နောက်ပြီး တစ်ယောက်နဲ့တစ်ယောက်ကလဲ ဒီလောက်ချစ်မှတော့ မခွဲရပါဘူးထားရဲ့။"
လို့ သူပေါ့ပေါ့ပါးပါးပင် ပြန်ပြောဖြစ်ခဲ့သေးသည်။ ထားမျက်နှာလေးကတော့ မိုးရေစက်တွေကြား လမ်းဆန်းနေခဲ့သည်ပဲ။
အဲ့ဒီနေ့ ဘုရားမှအပြန်တွင် ထားက သူမအိမ်ကို သူတို့နှစ်ယောက်အကြောင်း အသိပေးလိုက်လေသည်။ ထားရဲ့မိဘများက သူ့ကို အိမ်လာတွေ့ဖို့ တောင်းဆိုတော့သည်။ သူမျှော်လင့်တွက်ဆထားပြီးသားမို့ ဘာကိုမှ စိုးရိမ်စိတ်မရှိဘဲ တနင်္ဂနွေတစ်ရက်တွင် ထားတို့အိမ်သို့လိုက်သွားဖြစ်ခဲ့သည်။
ထားဖေဖေနှင့် မေမေက သူ့အကြောင်းကို အေးဆေးသက်သာစွာမေးသည်။ ထားတို့အိမ်တွင် သူနေ့လည်စာ စားဖြစ်ခဲ့သည်။ ပြန်ကာနီးတွင်မှ ထားအဖေက ရုတ်တရက် သူ့ကိုကောက်မေးခဲ့သည်က
" မောင်မင်းစစ်မွန်ရဲ့ မိဘများက ပွဲရုံလုပ်ငန်းကို လုပ်တာနော်။ အဲ့ဒီပွဲရုံက ဘာနာမည်ပါလိမ့်။ "
" ဟုတ်ကဲ့ဦး၊ ကျွန်တော့်မိဘများရဲ့ ပွဲရုံလုပ်ငန်းက မေတ္တာပွဲရုံပါ။ ဘာဖြစ်လို့လဲခင်ဗျာ။ "
" သြော်၊ ဘာမှမဖြစ်ပါဘူး။ မေးကြည့်တာပါကွာ။ "
ထိုနေ့က သူစိတ်တော့ ပေါ့ပါးခဲ့ရသေးသည်ပဲ။

ဒါပေမယ့် သူမထင်မှတ်ထားခဲ့သောအကြောင်းအရာက ထိုနေ့ည သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေချိန် ၀င်လာသော ထား၏ဖုန်းခေါ်သံတွင် စလေသည်။ ဖုန်းထဲတွင် ထား၏ ငိုရှိုက်သံတစ်ဝက်နှင့် တိုးတိုးလေး ပြောသော အကြောင်းအရာက သူ့နားထဲတွင် ဗုံးတစ်လုံးကဲ့သို့ ပြင်းထန်လွန်းပေစွ။
" မောင်၊ အိမ်က ထားနဲ့ မောင့်ကို သဘောမတူနိုင်ဘူးတဲ့။ မောင့်မိဘများနဲ့ ထားမိဘများဟာ စီးပွားရေးနဲ့ပတ်သတ်ပြီး အကြိမ်ကြိမ် အတိုက်အခံဖြစ်ဖူးတာမို့ မောင့်ကို ထားနဲ့ သဘောမတူနိုင်ဘူးတဲ့။ မောင့်မိဘများနဲ့ ထားမိဘတွေက စကားမပြောချင်ဘူးတဲ့မောင်ရယ်။ ထားကိုလဲ တစ်နေရာရာ ပို့မယ်ဆိုပြီး စီစဉ်နေတယ်။ ထား မောင်နဲ့မခွဲနိုင်ဘူး။ "
ဆိုတဲ့ ထားရဲ့ တိုးလျတဲ့ အသံလေးဟာ သူ့ရင်ကို ဗြောင်းဆန်စေခဲ့ပါသည်။ သြော် ထားရယ်။ သူ့ကို ချစ်နိုင်လွန်းသောထားကို သူဘယ်လို ခွဲရက်နိုင်ပါမည်လဲလေ။
" ထား၊ မောင်လဲ ထားနဲ့ မခွဲနိုင်ပါဘူး။ မောင်က ထားကို တင့်တောင်းတင့်တယ်နဲ့ တောင်းရမ်းလက်ထပ်ယူချင်ပေမယ့် ဒီလိုမျိုး ကြုံလာရပြီဆိုရင်တော့ မောင်တို့ ရှေးလူတွေရဲ့ ထုံးစံအတိုင်း ခိုးပြေးကြတာပေါ့ကွာ။ ဒါပေမယ့် မောင်ကြိုးစားကြည့်ချင်ပါသေးတယ်။ ပြေလည်မယ့်နည်းကိုပေါ့။ ထားကို မျက်နှာမငယ်စေချင်ဘူးလေ။ "
လို့ပြောပြီးဖုန်းချအပြီးမှာ သူ့ရင်တွေ လှိုင်းထန်နေခဲ့လွန်းသည်ပဲ။

နောက်တစ်နေ့နံနက်၌ သူ့မိဘများကို ထားနဲ့ပတ်သတ်ပြီး ဖွင့်ပြောပြ အကူအညီတောင်းခဲ့ပေမယ့် သူ့မိဘများသည်လဲ ထားမိဘများနည်းတူ တင်းမာနေခဲ့သည်။
"ငါကတော့ လိုက်စကားမပြောနိုင်ဘူးကွ" လို့ပြောပြီး ထထွက်သွားတဲ့ ဖေဖေ့ရဲ့နောက်ကျောပြင်ဟာ သူ့အတွက်တော့ ပူလောင်လွန်းပေစွ။

သူတစ်ခုခုတော့ စဉ်းစားရပေတော့မည်။ ထားကို သူဘယ်လိုမှ မစွန့်လွှတ်နိုင်။ သူ့အတွက် ထားသည်သာ တစ်ဦးတည်းသော ချစ်မြတ်နိုးရာဖြစ်သည်။ ထို့ကြောင့် သူဆုံးဖြတ်ချက်တစ်ခုချဖြစ်ခဲ့သည်။ ထားကို သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း စိုင်းအိုက်ပီ၏ ဇာတိမြေဖြစ်သော ပင်လုံသို့ခေါ်သွားရန်ပင်။ အဲ့ဒီနေ့က မိုးဖွဲဖွဲရွာနေတာကြောင့် ခရီးလမ်းက မကောင်းခဲ့ပါ။ ထားလက်လေးတွေက မိုးရွာတိုင်းအေးနေတတ်ခဲ့တာ။ သူ့လက်တွေနဲ့ ထားလက်ကို သေချာဆုပ်ကိုင်ပေးနေကျဖြစ်ခဲ့တာဟာ ခုလိုမိုးရွာတိုင်းပါပဲလေ။
သူတို့၂ယောက် နံနက်အစောကြီး ကားဂိတ်ကိုရောက်တော့ အိုက်ပီက စောင့်နေခဲ့ပေးသည်။ သူနှင့်အတူ သွားရမှာလေ။ ဒီခရီးက။ ထားကတော့ သူ့ကိုသာ အားကိုးတကြီးပေါ့။ ကားဂိတ်တွင် သူငယ်ချင်းအားလုံး စုံလင်စွာရောက်နေခဲ့သည်။
" ကိုစစ်၊ မမထားကို စိတ်ချမယ်နော်။ ဂရုလဲစိုက်ပြီး သွားကြဦးနော်။ ကျနော်တို့ဆီကိုလဲ အကျိုးအကြောင်းဖုန်းဆက်ပါ။ ကျနော်က စိတ်ပူနေမှာဗျ။ " လို့ ပြောခဲ့ပါလေသော ညီမလေးဆုပြည့်သည်လဲ စိတ်ပူရှာသည်ပဲကိုး။

သူတို့ကားပေါ်တက်တဲ့အထိ လက်တပြပြနှင့် ကျန်ခဲ့သော သူငယ်ချင်းတစ်စုတို့သည် သူနှင့်ထားအတွက် ဆုတောင်းပေးနေကြမည်မှာ အသေအချာပင်။ သြော်.. ထားနဲ့ သူ့ရဲ့ ဘ၀ခရီးဟာ စခဲ့ပြီပဲလေ။ သူတို့ခရီးသည် အစအဆုံး အဆင်ပြေစွာနဲ့ ပြီးဆုံးသွားလိမ့်မည်ဟု သူမျှော်လင့်ခဲ့သည်။ တကယ်လဲ အိုက်ပီတို့ မြို့ရောက်တော့ အစစ အဆင်ပြေခဲ့သည်ပဲ။

တစ်နေ့ပေါ့။ အဲ့ဒီတစ်နေ့ကို သူ့တစ်သက် မေ့လို့ရတော့မည် မထင်ပါချေ။ အဲ့ဒီနေ့က သူနှင့်ထားတို့ နံနက်စောစော ဈေးဝယ်ပြီး ပြန်အလာ အိုက်ပီတို့အိမ်ရှေ့တွင် ထားတို့အိမ်က ကားရပ်ထားသည်ကို တွေ့လိုက်ရသည်။ သူရောထားရော တစ်ယောက်လက်ကို တစ်ယောက် ပိုမို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ ဘာပဲဖြစ်ဖြစ်ရင်ဆိုင်ရမည်လေ။ သူတို့အိမ်ပေါ်တက်လိုက်တော့ ထားအမေရော အဖေရောက မျက်နှာမကောင်းစွာဖြင့် ထားဒီမှာ ရှိနေကြောင်းကို လွင်လွင်ကို အတင်းမေးမှ သိရကြောင်း၊ ထားကို ပြန်ခေါ်သွားချင်ကြောင်း၊ အိမ်မှာလာတောင်းရန်သာ ပြောကြသည်။ သူလဲ ထားကိုစိတ်မချစွာ ထည့်ပေးလိုက်ရတော့သည်။ ထားက ပြန်လိုက်သွားဖို့ပြင်ချိန်တွင် သူတကယ် စိတ်မကောင်းပါ။ ထားကို သူမခွဲနိုင်တာ မခွဲချင်တာကတော့ ရင်ထဲမှာ ဖြစ်တည်နေခဲ့သည်။
" မောင်၊ ထားကို မြန်မြန်လာခေါ်ပါနော်။ ထား မောင်နဲ့ဝေးရရင် သေလိမ့်မယ်။ "
လို့ပြောခဲ့ပါလေသောထား။ သူတကယ်ကို နာကျင်ခဲ့မိရသည်။

ထားသွားမှတော့ သူလဲ ဒီမှာ မရှိချင်။ သူလဲ ပြန်ဖို့ စီစဉ်မိသည်။ ထားတို့ကားနှင့်တော့မဟုတ်။ သူက အိုက်ပီ၏ ဆိုက်ကယ်ဖြင့် တောင်ကြီးသို့ဆင်းမည်ဖြစ်ပြီး တောင်ကြီးမှ တစ်ဆင့် အဝေပြေးကားနှင့် ပြန်ရမည်ဖြစ်သည်။ ထို့ကြောင့် ထားတို့ကားထွက်သွားချိန်တွင် သူလဲ အိုက်ပီနှင့်အတူ ဆိုက်ကယ်နှင့် ထားတို့ကားနောက်မှ လိုက်လာခဲ့တော့သည်။ ထိုနေ့ကလဲ မိုးသည် ဖွဲနွဲ့စွာ ရွာစပြုနေခဲ့သည်ပါပဲ။

ပင်လုံအထွက် ကားလမ်းချိုးအကွေ့တောင်တက် လမ်းတွင် ထားတို့ကား ရုတ်တရက် ရပ်သွားသည်။ ထို့နောက် ကားတံခါး ဖွင့်၍ ထားပြေးဆင်းလာလေသည်။ သူပါလာမှန်း သိပုံမရ။ ထားပုံက ကမူးရှူးထိုးနိုင်လှသည်။ သူလဲ ရုတ်တရက် လန့်သွားကာ ဆိုက်ကယ်ကိုရပ်၍ ထားနောက်ကို ပြေးလိုက်မိသည်။ ထားမိဘများလဲ အလန့်တကြားဖြစ်၍ ထားနောက်ကို ပြေးလိုက်ကြသည်။ အဲ့ဒီမှာ သူမမျှော်လင့်မိသည်က လမ်းကွေ့မှ တက်လာနေသောကုန်ကားကြီးသည် ပြေးနေသော ထားကို ... ။

သြော်.. အဖြစ်အပျက်များသည် မနေ့တစ်နေ့ကလိုပါပဲလား။ ထားဆုံးပြီးနောက်မှ သူသိရသည်မှာ ထားမိဘများက ထားကို ကားပေါ်တွင် သူနှင့်ပေးစားမည်မဟုတ်ကြောင်း။ ထားကို နိုင်ငံခြားပို့မည်ဖြစ်ကြောင်းပြောသဖြင့် ထားက အပေါ့သွားချင်ဟန်ဆောင်၍ ကားပေါ်မှ ဆင်းပြေးခြင်းဖြစ်သည်တဲ့။ ထားရယ်။ သူ့ရင်တွေ မွမွကြေခဲ့ရသည်။ ထားဆေးရုံရောက်ပြီး သတိတစ်ချက်ပြန်လည်အလာတွင် သူ့ကိုသာ မေးခဲ့သောထားရဲ့ ချစ်ခြင်းသည် သူ့ရင်ကို တစ်စစီဖြစ်စေခဲ့သည်။
" မောင်၊ ထားကို လာခေါ်ပါ။ " လို့ ကယောင်ကတမ်းပြောအပြီး ထားအပြီးအပိုင် သူ့ကို ခွဲသွားခဲ့သည်မှာ ယနေ့အထိပါပေ။ ထား၏ မိဘများသည်လဲ နောင်တရခြင်းများစွာနှင့်ပေါ့။ သူကတော့ ထားအတွက် ယူကြုံးမရခြင်းများစွာဖြင့် ရှင်သန်ခဲ့ရသည်မှာ ...။


အပြင်မှာ မိုးတို့ ဖွဲရာမှ သည်းလာလေပြီ။ သူ၏ရင်သည်လဲ ထိုမိုးနှင့်အတူ ... ။


( ဖြစ်ရပ်မှန် ဖြစ်ပါသည်။ အမည်တွေအားလုံးသည်လဲ အမှန်များသာဖြစ်ပါသည်။ မမထားမှလွဲ၍ ကာယကံရှင်တွေအားလုံး ယနေ့ထက်တိုင် သက်ရှိထင်ရှားရှိနေပါသေးကြောင်း။ )
ို

Tuesday, May 5, 2009

ချစ်ခြင်းငယ်သီ မယ့်ကိုချီ

နှမလေး ပျိုမေ့အချစ်ကို
ရချင်ပါမူ
ချိန်ခါမလိုက်၊ ဆိုက်ဆိုက်မြိုက်၍
ပျိုမေ့ရင်ကို ကြည့်ပါလေ။

နှမလေး ပျိုမေ့မှာဖြင့်
ရာသီဖူးစ၊ ပန်းငုံလှသစ်
ပန်းဖူးတစ်ခြုံ၊ ပန်းရုံတစ်သွယ်
နုသစ်ငယ်သွေး၊ ယဉ်အစနှင့်။

နှလုံးသားမှ ဖြတ်သန်း
အချစ်ပန်းနှင့်၊ အလွမ်းငယ်ဖြေရာ
နှမလေး ပျိုမေစိုက်တဲ့
ပန်းဥယျာဉ်သာ
ပျို့ချစ်သူ စစ်သည်မောင်ကြီး မလာပါသည်
မလာကတဲ
ပျိုလေးမှာဖြင့် ၀မ်းမနည်း။

မျှော်ရေးငယ်မှ သာရည်
ပျိုလေးချစ်သူ၊ သားကောင်းစစ်သည်
စစ်ပြန်အောင်လျှင်
ပန်းစံပါယ်ကုံး၊ ဆွတ်ချူသုံး၍
အောင်ပန်းတစ်ခက်၊ လှမ်းချေဆက်ဖို့
ပျိုလေးရင်မှာ သီကုံးတယ်။

မိုးချုပ်ကယ်မှနေ၀င်
မတွေ့ရတာ၊ ကြာတောင်ကြာမှ
ရင်တွင်းတစ်နေရာ၊ တောင့်တကာဖြင့်
ညချမ်းချိန်ခါ၊ လေသာပြတင်း
ထိုင်ကာငေးမိ၊ ပန်းစံပါယ်ကုံး
ဝေေ၀ထုံးလျှက်၊ ပျို့ချစ်သူမောင်ကြီးအလာကို
မျှော်မိတယ်လေး။


ဇော်။

Sunday, May 3, 2009

ကျွန်တော်လဲလေ ပုထုဇဉ်လူသားပေမို့ ...

Saturday, May 2, 2009

ခုတလော ကျွန်တော် စာသိပ်မရေးဖြစ်တော့ပြန်ဘူး။ အလုပ်ထဲမှာ စိတ်ဖိစီးမှု သိပ်များလွန်းတယ်လို့ခံစားရတယ်ဗျာ။ စိတ်ရောလူရော ပင်ပန်းရတယ်။ ပြီးခဲတဲ့ရက်ကလဲ ဈေးအကြီးဆုံးပါဆိုတဲ့ ကျွန်တော်တို့ အီလက်ထရောနစ်က ကမ်မရာတစ်လုံးအခိုးခံရတယ်။ သိလိုက်တဲ့အချိန်မှာ ခရီးသည်က လေယာဉ်ပေါ်ရောက်နေပြီ။ ဘယ်လိုမှ မတတ်နိုင်တော့ဘူးလေ။ အဲ့ဒါနဲ့ ကျွန်တော်တို့က ရော်ရလေသတည်းပေါ့ဗျာ။ ကျွန်တော်တို့က သုံးယောက်ထဲရှိတာဗျ။ အဲ့ဒီတော့ အဲ့ဒီငွေပမာဏကို သုံးနဲ့ စားလိုက်တော့ ဘုရားဘုရား၊ တစ်ယောက်ကို မြန်မာငွေ ၃သိန်း၆သောင်းရော်ရမယ်တဲ့။ ရတဲ့လစာကဖြင့် ၈သိန်းရယ်။ ခုတော့ စားစရာမရှိ ရော်စရာရှိရတော့မယ်။ ပြန်တွေးတိုင်း စားမ၀င် အိပ်မပျော်ဖြစ်နေရတယ်လေ။ ဟင့်။

ခုတော့လဲ ချစ်သောမငုံအတွက် ကျွန်တော့်ရဲ့ ကောင်းတဲ့အကျင့်လေးတွေ ထုတ်ပြရတော့တာပေါ့နော်။ ရှက်လဲရှက်ပါရဲ့။ ဒီအရွယ်ကြီးရောက်နေပြီ။ ခုထိကလေးတစ်ယောက်လို ကိုယ့်စိတ်ကိုယ် မထိန်းနိုင်သေးဘူးလေ။ ရင့်ကျက်သင့်ပြီဆိုတာလဲသိပါရဲ့။ ဒါပေမယ့် ခုထိလူက ကလေးတစ်ယောက်လိုမျိုး စိတ်ဆိုးလွယ် ဒေါသဖြစ်လွယ်နေသေးတာတော့ မကောင်းဘူးပေါ့နော်။ ဒါကိုလဲ ကိုယ့်ဟာကိုယ်တော့သိပါရဲ့ဗျာ။ ဒါပေမယ့် ကျွန်တော်လဲလေ ပုထုဇဉ်ပေမို့ပေါ့ဗျာ။ ရှက်လဲမရှက်တော့ပါဘူး။ ကျွန်တော့်ကောင်းကြောင်းလေးတွေဆိုတော့လေ။ အဟက်။

ကျွန်တော်ကိုယ်တိုင် ပြင်ရမယ်လို့ သိတဲ့အချက်တော်တော်များများရှိပါတယ်။ ဒါပေမယ့် သိသာသိတာ ခုထိသေသေချာချာ မပြင်နိုင်သေးဘူးဗျာ။ အတတ်နိုင်ဆုံး သတိတော့ ထားနေရတယ်။ ကျွန်တော့်ကြောင့် သူများနာကျင်ရတာကိုတော့ ကျွန်တော်ကိုယ်တိုင်နာကျင်ရတာထက် ပိုပြီးကြောက်မိတယ်။ အဲ့ဒါကတော့ ကျွန်တော်ငယ်ကတည်းက ပါလာတဲ့မွေးရာပါ ဗီဇလို့ခေါ်မလား။

ကျွန်တော်က သိပ်စိတ်မရှည်ဘူးဗျ။ စိတ်တိုသိပ်လွယ်တယ်။ တုံ့ပြန်မှူက သိပ်များလွန်းတယ်။ စိတ်တော့ကျွန်တော် တစ်ခါမှ မကောက်မိဘူး။ မိန်းမဆန်တဲ့အလုပ်မျိုးတွေ ကျွန်တော်သိပ်လုပ်လေ့မရှိဘူးဗျ။ လူက မိန်းကလေးသာဖြစ်တာ။ မိန်းကလေးတစ်ယောက်ပုံစံတော့ ကျွန်တော်နေပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာမိန်းမဆန်တဲ့ စိတ်မျိုးသိပ်မရှိတာတော့ အမှန်ပဲ။ လောကမှာ ကျွန်တော်စိတ်ရှည်တာဆိုလို့ ကလေးဆိုတဲ့ သတ္တ၀ါလေးတွေပဲ ရှိမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် အချစ်ဆုံးအရာက ကလေးဖြစ်နေလို့ပါပဲ။ ကျွန်တော်က သိပ်စိတ်တိုလာရင် ဘယ်သူရယ်လို့ သိပ်မသိတော့ဘူးဗျာ။ ဒေါသထွက်ထွက်နဲ့ ပြောချင်ရာကို ပြောပစ်လိုက်တာ။ ပြီးရင် စိတ်ထဲဘာမှ မရှိတော့ဘူး။ အဲ့ဂလို။

နောက်တစ်ချက်က ကျွန်တော့်မှာ စိတ်ရောဂါလို့ပြောရမလားနော်။ ကျွန်တော့်ကို ကျွန်တော်ချစ်တဲ့သူတွေက မချစ်ဘူးလို့ အမြဲယုံကြည်နေတတ်တာ။ သူတို့က ကျွန်တော့်ကို ဘယ်လောက်ပဲ ချစ်တယ်ပြောပြော ကျွန်တော့်စိတ်ထဲမှာ သူတို့ ကျွန်တော့်ကို တကယ်မချစ်ဘူးလို့ပဲ အမြဲထင်နေတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကိုယ် ကျွန်တော် အရုပ်ဆိုးတယ်လို့ သိထားလို့ပါပဲ။ ကျွန်တော့်ရဲ့ အားနည်းချက်ပေါ့။ ကျွန်တော်သိထားတာက လူတွေက အဲ့ဒီလူ ရုပ်လှလို့ စာတော်လို့ ပိုက်ဆံရှိလို့ ထင်ပေါ်ကျော်ကြားလို့ တစ်ခုမဟုတ် တစ်ခုတော့ ရှိနေလို့ပဲဖြစ်တတ်ကြတယ်လေ။ ကျွန်တော်ကတော့ အဲ့ဒါတွေ တစ်ခုနဲ့မှ မပြည့်စုံဘူးဆိုတော့ ဘယ်သူမှ ကျွန်တော့်ကို မချစ်ဘူးလို့ခံစားရတာ မဆန်းဘူးထင်ပါရဲ့နော်။ ပြီးတော့ ကျွန်တော်က သူများကိုသာ ချစ်တတ်တယ်။ သူတို့က ကျွန်တော့်အပေါ်အချစ်ကိုတော့ မယုံဘူးဆိုပါတော့ဗျာ။

နောက်ပြီးကျွန်တော်က သိပ်ချစ်လွန်းရင်လဲ အဆုံးစွန်ထိ ချစ်တတ်တယ်။ ကျွန်တော်စိတ်နာမိပြီဆိုရင်လဲ ကျွန်တော်ဘယ်လောက်ချစ်ချစ် ကျွန်တော့်စိတ်ထဲမှာ သူဆိုတာ မရှိတော့ဘူး။ ဘယ်လိုမှ ခံစားလို့မရတော့ဘူး။ အဲ့ဂလိုမျိုး။
ကျွန်တော်ပြောတဲ့ အချစ်ဆိုတာက ယောက်ျားမိန်းမ မခွဲခြားတဲ့ ၅၂၈ ကိုဆိုလိုတာပါ။

ပြီးတော့ ကျွန်တော်က ကြိုက်မိပြီ စွဲလန်းမိပြီဆိုရင် အဲ့ဒါမှ အဲ့ဒါဗျ။ ဥပမာ သီချင်းတစ်ပုဒ်ကို ကြိုက်မိပြီဆိုရင် အဲ့ဒီသီချင်းကို အကြိမ်ကြိမ်အခါခါ နားထောင်တယ်။ ဒါပေမယ့် ရိုးမသွားဘူး။ ကျွန်တော်သိပ်ကြိုက်တဲ့စာအုပ်ဆိုရင်လဲ အဲ့ဒီအတိုင်းပဲ။ လေရူးသုန်သုန်ဆိုပါတော့။ ဆရာမြသန်းတင့်ရေးတဲ့ စာအုပ်ရော၊ သူ့မူရင်း မာဂရက်မီရှယ်ရဲ့ သဂွန်းဝစ်သယ်ဝင်းဒ် ( Magret Michell> The Gone With The Wind ) ရော ဖတ်တာ အားလုံးပေါင်း ၃နှစ်အတွင်း ၁၁ကြိမ်ရှိပြီ။ အဲ့ဒါတောင် သတိရတိုင်း ပြန်ဖတ်ချင်နေသေးတယ်။ အဲ့ဂလိုမျိုး။

ကျွန်တော့်ရဲ့အားနည်းချက်က အားနာတတ်တာဗျ။ အားနာတယ်ဆိုတာထက် ကျွန်တော့်ကြောင့်သူများ စိတ်မကောင်းဖြစ်သွားမှာ စိုးရိမ်တဲ့စိတ်က ကျွန်တော့်ဆီမှာ အမြဲရှိနေတော့ ကျွန်တော့်ကိုထိခိုက်တာပေါ့ဗျာ။ အားနာပြီး အရမ်းပင်ပန်းလိုက်ရတဲ့အဖြစ်တွေ၊ နာကျင်လိုက်ရတဲ့အဖြစ်တွေ၊ အိပ်ရေးပျက်ပြီး ဖျားတဲ့ဒဏ်တွေ ဒီ ၂၁နှစ်အတွင်း အကြိမ်ပေါင်းမနဲတော့ဘူး။ ဒါလဲမမှတ်သေးပါဘူးဗျာ။ ခုထိ အဲ့ဒီအကျင့်ကိုဖျောက်မရဘူး။

ကျွန်တော့်ရဲ့ နောက်ဆိုးရွားလွန်းတဲ့အချက်က သိပ်ခေါင်းမာတာ။ ကိုယ်မှန်တယ်လို့ ယုံကြည်ထားရင် ဘယ်သူဘာပြောပြော ကျွန်တော်နားမ၀င်ဘူး။ နားပဲထောင်တယ်။ ဒါပေမယ့် ကျွန်တော့်အယူအဆကိုတော့ လက်မလွတ်ဘူး။ ကျွန်တော့်ရဲ့ခေါင်းမာလွန်းတဲ့ဒဏ်ကို ကျွန်တော့်မိဘတွေတောင် တစ်ခါတလေ မခံနိုင်ကြဘူးလေ။ ပြီးရင် ကျွန်တော်က တစွတ်ထိုးရယ်။ ပြီးမှ နောင်တရတတ်တယ်။ အဲ့ဂလိုလူစားမျိုး ကျွန်တော်ရယ်။ နောက်ပြီး အရွဲ့တိုက်တတ်တာလဲလွန်ရော။ ပြောရမယ်ဆိုရင် ကျွန်တော်က အစွန်း၂ဘက်ကိုရောက်နေတဲ့လူစားမျိုးထင်ပါ့။ ဒါပေမယ့် ခုတော့ စိတ်ကို ကြိုးစားပြီး အလယ်ရောက်အောင် ပို့နေရတယ်။ တော်တော်တော့ ခက်တယ်ဗျ။ ဒါပေမယ့် သတိရတိုင်း သတိပဌာန်ကိုတော့ လုပ်ကြည့်နေတယ်။ မဆိုးဘူး။ တော်တော် စိတ်အေးချမ်းတယ် ပြောရမယ်။

ပြောရမယ်ဆိုရင်တော့ စိတ်နဲ့ပတ်သတ်ပြီး ပြောမကုန်ပေါ့ဗျာ။ ကျွန်တော်ကြိုက်တဲ့အချက်လေးတွေ ရှိသလို ကျွန်တော်မုန်းတဲ့အချက်တွေလဲရှိတာပဲ။ မကောင်းမှန်းသိပေမယ့် မပြင်နိုင်သေးတဲ့ကိုယ့်ကိုယ်ကိုယ်လဲ မုန်းမိပါရဲ့။ ဒါပေမယ့်လဲလေ ကျွန်တော်လဲ ပုထုဇဉ်လူသားပေမို. .... ။

နာကျင်ခြင်း

ချစ်မိသွားပြီတဲ့
ပဲ့တင်မြည်ဟည်း၊ နှလုံးသားတစ်စုံ
အိပ်မက်တို့ အခါခါပြိုကျ

" အချစ်ဆိုတာ တစ္ဆေလိုပဲ၊ ကြားဖူးသူ များပေမယ့်
တကယ်မြင်ဖူးတဲ့သူရှားတယ်" တဲ့
အော်စကာဝိုင်းဒ်ကတော့ပြောသားဗျ
ကျွန်တော်ကိုက မိုက်ခဲ့တာပါ
အဆိပ်သင့်နေတဲ့ကော်ဖီတစ်ခွက်ကို နှစ်ခြိုက်စွဲလန်းမိပြီးတဲ့နောက်
အဘယ်နတ်ဘုရား ကယ်တင်နိုင်ပါတော့မလဲ

လှည့်မကြည့်တမ်း စိမ်းကားလွန်းတဲ့အပြုအမူတွေက
ဒီရင်ကို သွေးအစက်စက် ကျစေတယ်

စိတ်ကူးယဉ်မှုတစ်ခုလို အခါခါမျှော်လင့်
ဘယ်တော့များ ကျွန်တော့်နှလုံးသားကို သူမြင်နိုင်မလဲ

ချစ်သူ
စကားလုံးမရှိတဲ့ခံစားချက်တစ်ခုကို
မြိုသိပ်ဖို့အတွက် ငါဘယ်လောက်ထိ
သူရဲကောင်းဆန်လိုက်ရတယ်ဆိုတာ
ငါသာအသိဆုံးပါ

တိုက်ဆိုင်မှုတွေရှိတိုင်းလေ
နှလုံးသားကလဲ မျက်ရည်လွယ်တတ်လိုက်တာ

သြော်...
ခုထိပါပဲ။