အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Sunday, August 30, 2009

ငွေ့ရည်ဖွဲ့ ပြတင်းတံခါးများ

တစ်စုံတရာတိုးဝှေ့ဖြတ်သန်းအသွား
ကျန်ရစ်ခဲ့တဲ့
ရနံ့တစ်စွန်းတစ်စကြောင့်
သွေးပျက်
ခြောက်အိပ်မက်တွေ တစ်နင့်တစ်ပိုးအစား
လရောင်တစ်ချို့တစ်ဝက်
လိုချင်ခဲ့မိတာ အမှန် ...။

တကူးတကမဟုတ်ခဲ့လည်း
တစ်ဦးတစ်ယောက်ကို
ရည်စူးပြီးတဲ့နောက်
တသီးတသန့် မျှော်လင့်ခြင်းတွေနဲ့
တယုတယ စိုက်ပျိုးမိခဲ့တာ အမှန်...။

မှော်စက်သင့်နေ့ရက်တွေကို
တစ်ခါတရံ တမ်းတ
တစ်ခါတစ်ခါ နာကျည်း
အလွမ်းအကြောင်းစကားလုံးတွေ
တမေ့တမောရေးဖြစ်ခဲ့ဖူးတာ အမှန်...။

ကံကြမ္မာရဲ့ လက်သည်းချွန်တွေကြား
စုတ်ပြဲသွားတဲ့ ဒိုင်ယာရီတစ်အုပ်ရဲ့
သိုသိပ်ခြင်း မျက်ရည်စက်တွေနဲ့
စုစည်းဖွဲ့တည်ထားတဲ့ တိမ်တိုက်တစ်ခုအဖြစ် ..
......... ( ကြယ်စင်လိုမင်းကို ) ..........
............. ( ငါက ) ...............
တမြတ်တနိုး ငေးကြည့်ရုံ .................
.................................................
.................................................။

လင်းစက်ရာ
၁၇၊၇၊၀၉

Friday, August 28, 2009

အဖြူရောင် ဆုံမှတ်တစ်ခု ..

သာသာယာယာရှိတဲ့နေ့တစ်နေ့မှာ ကျွန်တော် ( မမျှော်လင့်ဘဲ ) သူ့ကို ကောက်ရခဲ့တယ်။ သူ့နဲ့ဆုံဖြစ်ပုံက သိပ်တော့ကဗျာမဆန်ပါဘူး။ သာမန် သူလိုကိုယ်လို နှုတ်ဆက်ရုံပေါ့။

ဒါပေမယ့် တစ်ခု ထူးခြားခဲ့တာက သူဟာ အတော်ငြိမ်တယ်.. နောက် အတော်ကို အေးအေးဆေးဆေးနိုင်တယ်ဆိုတာကိုတော့ ကျွန်တော်သတိပြုမိခဲ့လိုက်တယ်။ ဒီလိုနဲ့တစ်စစ ကျွန်တော်တို့ ကြိုးတစ်စဆီ ဆန့်ထုတ်မိခဲ့ကြတယ်။

လွဲချော်ခြင်းများ

ယနေ့ နေသာ၏
ထီးမပါတဲ့ အပြန်လမ်းမှာ ရွှဲရွှဲစိုလို့ …
ယနေ့ မိုးအုံသည်
အနွေးထည် ထူထူနဲ့ ချွေးအပြိုင်းပြိုင်း … ။

အဲ့ဒီလိုနေ့တွေမှာပဲ
စိုစွတ်မည်ဟု ယုံကြည်ထားသူများက
ခြောက်သွေ့ကြတယ်
ခြောက်သွေ့မည်ဟု မျှော်လင့်ထားသူများက
စိုစွတ်ကြတယ်
အစစ်လို့ထင်တဲ့ အရာတွေမှာလည်း
အရောအနှောတွေတွေ့
ရင်တွင်းဖြစ်တွေကလည်း
အတ္တရနံ့တွေ လှိုင်လို့ ..
ဂုဏ်သရေရှိမျက်နှာဖုံးတွေအောက်က
စဉ်းလဲတဲ့အပြုံးတွေလည်းရှိ … ။

နားလည်မှုခြုံလွှာပါးလေးနဲ့
ရုန်းကန်နေရတဲ့လောက
အတိအကျသေချာတဲ့လွဲချော်ခြင်းတွေ
နေ့စဉ်မိုးလင်းလို့နေ့စဉ်မိုးချုပ်
တပ်မက်ခြင်း ထမင်းလုတ်အတွက်တော့
အပိုတွေမလုပ်စမ်းပါနဲ့ ..
ခံယူချက်တွေစူးရှလို့
အလွဲတွေနဲ့ အံဝင်နေတဲ့ကမ္ဘာမှာ
တစ်ယောက်ထဲ မတ်မတ်ထွက်ရပ်
ကျုပ်ဟာလည်း လွဲနေတဲ့ကောင်ပါပဲ ………… ။
မင်း

ကျွန်တော့်ရဲ့ ၂၂နှစ်ပြည့်မွေးနေ့အတွက် ကျွန်တော့်စိတ်ထဲရှိတဲ့သူငယ်ချင်းတွေထဲမှာ သူက ပထမဆုံးမှတ်မှတ်ရရ နှုတ်ဆက်ခြင်းနဲ့အတူ သူရေးတဲ့ကဗျာတစ်ပုဒ် ကျွန်တော်လက်ဆောင်ရခဲ့ဖူးတယ်။ တကယ်တော့ သူနဲ့ကျွန်တော့်အတွက် ဆက်သွယ်မှုပေါင်းကူးတံတားဟာ စာတွေနဲ့ ကဗျာတွေ သီချင်းတွေပဲ ဖြစ်တည်ခဲ့ကြတယ်။
ရပ်တည်မှုတိုင်းအတွက် အင်အားဟာ နူးညံ့မှုဆိုရင် သူ့ကိုသာ ကျွန်တော် လက်ညှိုးထိုးပြလိုက်ချင်ပါတယ်။

အစောပိုင်းကာလတွေဆီတုန်းက ကျွန်တော်သူ့ကို ခင်မင်ဖို့စိတ်ကူးတစ်စုံတရာ မရှိခဲ့ရိုးအမှန်ပါ။ သူကတော့ ကျွန်တော့်ကိုတွေ့တိုင်းနှုတ်ဆက်ဖော်ရခဲ့တယ်။ စာပေတွေအကြောင်း ဆွေးနွေးဖော်ရခဲ့တယ်။ သူရေးခဲ့တဲ့ စာမူတစ်ပုဒ်ကို ကျွန်တော့်ကိုပေးဖတ်ခဲ့တယ်။
( အဲ့စာမူကိုတောင် ကျွန်တော်မေးလ်ကနေ ဖောဝက်လုပ်ပြီး ရှဲလိုက်ပါသေးတယ်။ လင်္ကာဒီပချစ်သူကို ခံစားပြီး သူရေးထားခဲ့တဲ့ စာမူလေ။ သိပ်ကောင်းတယ်။ )


နောက်တော့ သူက သူရေးထားတဲ့ကဗျာလေးတွေ ကျွန်တော့်ကို ပေးဖတ်လာတယ်။ သူရေးတဲ့ကဗျာတိုင်းဟာ နူးညံ့မှုရဲ့ အင်အားတစ်ချို့စီးဝင်လို့။

လူတိုင်းမှာ ဘုရားသခင်ပေးထားတဲ့ ဆုတစ်ခုရှိတယ်။ အဲ့ဒါက ချစ်ခွင့် ပဲလေ။ လူတိုင်းက ဘ၀ မှာ တစ်ကြိမ်တော့ မြတ်မြတ်နိုးနိုးချစ်ခွင့် .. ကျရှုံးခွင့် ရှိတယ်ဟ.. ဒါပေမယ့် အဲ့ဒါကိုလူတိုင်း လက်မခံနိုင်ကြဘူး.. တစ်ချို့ကလဲ အဲ့ဒီအချိန်ကို မစောင့်နိုင်ကြဘူး.. အဲ့ဒါက အရမ်းတန်ဖိုးရှိတယ်.. ငါလဲတစ်ယောက်ယောက်ကို အဲ့လိုမျိုး ချစ်ဖူးချင်တယ်.. အတုအယောင်တွေ ရင်ထဲကမပါပဲနဲ့လုပ်ရတဲ့ ကိစ္စတွေကို ငါစိတ်မပါဘူး.... သိလား

ကျွန်တော်က နင်ဘာလို့ ရည်းစားမရှိရတာလဲ .. နင့်သူငယ်ချင်းတွေမှာတော့ ရည်းစားကိုယ်စီနဲ့ လို့ ပြောမိတော့ သူပြန်ပြောခဲ့တဲ့မှတ်မှတ်ရရ စကားလေးတစ်ခွန်းပါ။ ကျွန်တော် အံ့သြတကြီးနဲ့ ကြည့်မိခဲ့ရတယ်။
သူ့ဘေးမှာ လေပြည်တို့ ကောင်းချီးပေးနေမလားမသိ။ သေချာတာကတော့ ကောင်းကင်ဘုံရဲ့ လက်ခုပ်သံကို ကျွန်တော်တစ်စွန်းတစ်စ ကြားလိုက်မိတယ် .. သူ့အတွက်ပါ။

စကားပုံတစ်ခုတော့ မဟုတ်ဘူးဟ..
ငါပြောပြမယ်သိလား
လူတိုင်းဟာ ၂၄ လုံးလုံး မရိုးသားနိုင်ကြဘူး.. လို့ငါထင်တယ်.. ဘုရားက လွဲလို့ပေါ့
အဲ့ဒါကြောင့် ၁ စက္ကန့်ဖြစ်ဖြစ် .. အခိုက်အတန့်လေးတစ်ခုဖြစ်ဖြစ် ရိုးသားခြင်းနဲ့ သန့်ရှင်းနေရတာလေးကို ငါတန်ဖိုးထားတတ်လာတယ် ..ငါအရင်ကအဲ့လို မတွေးတတ်ဘူးဟ ... ဘာမှ မဟုတ်ပါဘူး
စိတ်ထဲမှာ ပေါ်လာလို့ပြောတာ

ကျွန်တော်တို့ ညတိုင်းနီးပါး စကားစမြည်ပြောတတ်ခဲ့ကြဖူးပါတယ်။ ကျွန်တော်ကို အိပ်မအိပ် ၀င်ချောင်းတတ်ပြီး ကျွန်တော် အိပ်နေတယ်ဆို တိတ်တိတ်လေး ပြန်ထွက်သွားတတ်တဲ့သူ့ကို ကျွန်တော် အတော်ကို ခင်တွယ်မိခဲ့တယ်။ စကားပြောရင် အေးအေးဆေးဆေး သိမ်သိမ်မွေ့မွေ့နဲ့ ပြောတတ်တဲ့ သူ့ကို ကျွန်တော့်သူငယ်ချင်းအဖြစ် ကျွန်တော်ကောက်ရခဲ့တာကို ကျွန်တော် ကျေးဇူးတင်မိတယ်။

ကျွန်တော့်ဓါတ်ပုံကို ကြည့်ပြီး မှတ်မှတ်ရရ ပိုးတုံးလုံးနဲ့ တူတယ်လို့ မှတ်ချက်ချခဲ့ဖူးတဲ့ သူဟာ ကျွန်တော့်ရှေ့မှာ အလံဖြူတစ်လက်လို အရောင်စွန်းထင်းမှုကင်းတဲ့ ငြိမ်းချမ်းရေးသင်္ကေတအဖြစ် ရပ်တည်နေခဲ့တယ်။
ကျွန်တော့်ကို ပိုးလို့ ခေါ်တဲ့သူဟာ သူကိုယ်တိုင်ကတော့ အဖြူရောင်တစ်ခုရဲ့ ကိုယ်စားလှယ်ဖြစ်နေပြန်ပါတယ်။

သူနဲ့ကျွန်တော် စကားပြောလိုက်တိုင်းမှာ မမြင်နိုင်တဲ့ စိမ့်ဝင်မှုအင်အားတစ်ခု စီးဆင်းနေတယ်လို့ ကျွန်တော် အမြဲလို ခံစားနေရတတ်ခဲ့တယ်။ သူ့ကိုကြည့်ရတာ .. သူနဲ့ စကားပြောရတာ ကျွန်တော့်အတွက်တော့ အေးဆေးတဲ့ မှန်သားပြင်ကို ကြည့်နေပြောနေရတာနဲ့ တူနေသလိုပါပဲ။ သူ့ဆီမှာ ငြိမ်းအေးမှုတစ်ချို့ ပျော်ဝင်နေတယ်ဆိုတာ ကျွန်တော်လက်ခံလာရတယ်။

ကျွန်တော့်ဆီကို သူကိုယ်တိုင် ဂစ်တာတီးပြီး ဆိုထားတဲ့သီချင်းတစ်ချို့ ပို့ပြီးချိန်မှာတော့ ကျွန်တော့်အံ့သြမှုက အတိုင်းအဆမရှိ ဖြစ်တည်ခဲ့တယ်။
မင်း .. နင့်လို တိုက်ခိုက်ရေးကျောင်းဆင်း တိုက်ခိုက်ရေးသမားတစ်ယောက်မှာ ဒီလို ခံစားမှုမျိုးတွေရှိနေတာ ငါသိပ်အံ့သြတယ် လို့တောင် ပြောမိရတဲ့အထိပါပဲ။
သူက အသံကောင်းသလို အဆိုလဲ ပိုင်နိုင်တယ်။ ဂစ်တာတီးလဲ ကျွမ်းကျင်မှုရှိတယ်။
ကျွန်တော်ထင်မြင်ယူဆထားတာက တိုက်ခိုက်ရေးကျောင်းဆင်း တိုက်ခိုက်ရေးသမားတွေဟာ နူးညံ့တဲ့စိတ်ထား မရှိနိုင်ကြဘူးလို့လေ။
( ကျွန်တော်တင်မဟုတ်ပါဘူး။ ခုလူတော်တော်များများလဲ အဲ့လိုပဲ လက်ခံထားကြပါတယ်။ ဒါကို အိမ်တိုင်းလိုလိုမှာ တွေ့နိုင်ပါတယ်။ ကျွန်တော်ပြောတဲ့ တိုက်ခိုက်ရေးသမားဆိုတာ စစ်သားကို ဆိုလိုတာပါ။ )
ဒါပေမယ့် သူနဲ့အတွေ့မှာ ကျွန်တော့်အတွေးတွေက ဓါးထက်ထက်နဲ့ အခုတ်ခံရသလိုပါပဲ။ ပြတ်တောက်သွားခဲ့ဖူးတယ်။

ငါ့မှာသာ နင့်လိုညီမရှိရင် ငါစိတ်ချမ်းသာရမယ့် အီးမေးလ်မျိုး ငါလဲရမှာနော် လို့ ပြောတတ်ခဲ့တဲ့ ကျွန်တော့်သူငယ်ချင်း သူ့ကို ကျွန်တော့်အကိုတစ်ယောက်ဖြစ်လာဖို့ ကျွန်တော်တိတ်တိတ်လေး မျှော်လင့်ခဲ့မိဖူးတယ်။

အင်းး..
ငါ ဒီလိုပြောမယ်ဟ.. ဘုရားကို ...
အချိန်တိုင်းအတွက်... ရိုးသားသန့်ရှင်းတဲ့ စိတ်အသိဥာဏ် တစ်စုံလောက် ငါ့ကို ပေးပါလို့.. ငါတစ်ဘ၀လုံး အဲ့ဒီစိတ်နဲ့ ပဲ အသက်ရှင်သွားချင်လို့ ....
ကျန်တာတွေကတော့ ဖြစ်ရင်လည်း ဖြစ်မယ်
မဖြစ်ရင်လည်း မဖြစ်ဘူးပေါ့ဟာ..
ကောင်းတာနဲ့ ဆိုးတာနဲ့ တွဲနေတဲ့လောကကြီးမှာ ကောင်းတာတွေပဲမလိုချင်သလို .. ဆိုးတာတွေကြီးပဲလဲ မလိုချင်ဘူးလေ
ဘယ်သူတွေကောင်းကောင်း မကောင်းကောင်း ဘာတွေဘယ်လိုဖြစ်ဖြစ် ငါ့စိတ်က အရာအားလုံးအတွက် ဖြူဖြူစင်စင်ပဲနေနိုင်ရင် အရမ်းကောင်းမှာ..
ငါ အဲ့ဒီလိုမှ မလုပ်နိုင်သေးတာ
အဲ့ဒါကြောင့် ငါ့ကို အဲ့ဒီအရာပေးပါလို့...
လူတွေအားလုံးက စိတ်ကြောင့် ပျော်ရွှင်နေကြသလို.. စိတ်ကြောင့်ပဲ ဒုက္ခတွေ အဆင်မပြေတာတွေနဲ့တွေ့နေကြရတာလေ..
လူတိုင်းကိုယ်စီ ကိုယ့်စိတ်ကို တတ်နိုင်သလောက် ဖြူစင်နိုင်မယ်ဆိုရင် ..
အောင်မြင်ခြင်း ကျဆုံးခြင်းတွေကလည်း အဓိကမကျပါဘူးဟာ.. ခုန ငါတောင်းတဲ့ဆုသာ ပြည့်မယ်ဆို.. ငါ အသက်ရှင်နေသမျှ ငြိမ်းချမ်းနေမှာ..
အသက်ရှင်ခြင်းရဲ့ ဟိုဘက်ကို ရောက်သွားရင်လည်း .. အဆင်ပြေမယ်လို့ ငါထင်တယ်
ငါတောင်းတဲ့ဆုက နည်းနည်းများသလိုတော့ ဖြစ်မှာပေါ့ဟာ.. ဒါပေမယ့် ဘုရားဆီမှာ တောင်းရတဲ့ဆုဆိုတော့.. ငါတစ်ကယ်လိုချင်နေတာကိုပဲတောင်းရမှာပေါ့..
ငွေတွေ.. အောင်မြင်ခြင်းတွေ.. ခမ်းနားခြင်းတွေ.. ဂုဏ်အရှိန်ဝါတွေ .. ပျော်ရွှင်မှုနဲ့ ချစ်ခြင်းတရားတွေအတွက် တောင်းတဲ့ဆုဆိုရင်လည်း ဘုရားက ပေးမှာပဲ..
ဒါပေမယ့် ..
အဲ့ဒါတွေကို ဘုရားကတစ်ကယ်ပေးလဲ ငါရတယ်လို့ မထင်ဘူး..
ဘာဖြစ်လို့လဲ ဆိုတော့.. အဲ့ဒါတွေက ငါ့ရဲ့ အပြင်ဘက်မှာလေ
ငါတစ်ကယ်မှ မပိုင်တာ.. ဘုရားပေးလဲ ငါတစ်ကယ်မပိုင်တော့ ရလဲ ခဏပေါ့ဟာ..
အဲ့ဒါကြောင့် ငါ့ရဲ့ အပြင်ဘက်မှာ မဟုတ်တဲ့ အတွင်းက စိတ်အသိဥာဏ် အဆင့်မြင့်ဖို့ပဲ ငါလိုချင်တာဟ..

ကျွန်တော်က မွေးနေ့မတိုင်ခင်ညမှာ ဘုရားက ဆုတစ်ခုကိုတောင်းဖို့ အမြဲခွင့်ပြုကြောင်းနဲ့ အဲ့ဆုကို ဘုရားက အပြည့်အ၀ပေးမှာဖြစ်တဲ့အကြောင်း ပြောမိတော့ သူက ကျွန်တော့်ကို ပြန်ပြောခဲ့တဲ့စကားစုလေးဟာ ကျွန်တော့်အတွက်တော့ အလင်းတန်းတစ်ခု ဖြာကျလာသလိုပါပဲ။ ကျွန်တော့်သူငယ်ချင်း သူ့ကို ကျွန်တော် ပိုတန်ဖိုးထားလာမိခဲ့တယ်။
ပြီးတော့ ကျွန်တော် သူနဲ့စကားပြောရတာ သိပ်စိတ်ချမ်းသာရသလို ခံစားလာရတယ်။ သူဟာ လရဲ့ ဆွဲငင်အားနဲ့များ ရပ်တည်နေရော့သလားလေ ...။

နင့်မွေးနေ့ ဘာလိုချင်လဲ မင်း လို့ ကျွန်တော်က မေးဖြစ်ခဲ့တော့

နင်အဲလိုမေးတာထဲက ငါဘာမှ မလိုချင်တော့ဘူး..
ငါ နောက်ပြောတာ မဟုတ်ဘူး
သေသေချာချာစဉ်းစားပြီးမှ ပြောတာ
ဘာဖြစ်လို့လဲသိလား
နင်အဲလို မေးထဲက နင့်ဆီက တစ်ခုခု ရပြီးပြီလို့ ငါခံစားရလို့ပေါ့...
ငါ့ကို အဲ့လိုမေးမယ့်သူတစ်ယောက်မှ မရှိဘူး...
ငါ့မွေးနေ့မှန်း မှတ်မိတဲ့သူတောင် မရှိပါဘူးဟ.. ငါ့မေမေက လွဲလို့ပေါ့..

ကျွန်တော်စိတ်ထဲမှာ တစ်စုံတစ်ခု ပါးပါးလေး စီးဆင်းသွားခဲ့ဖူးတယ်။ အဲ့ဒီ ပါးပါးလေးမှာ ကျွန်တော့်ရဲ့ ခင်မင်မှုနဲ့ တန်ဖိုးထားမှု အနက်ရှိုင်းဆုံး ပါဝင်နေခဲ့တယ်။ ကျွန်တော့်ကို ဒီလိုသူငယ်ချင်းတစ်ယောက်ကို လက်ဆောင်ပေးခဲ့လို့ ဘုရားကို ပိုပြီးကျေးဇူးတင်ခဲ့မိတယ်။

သေချာတာတစ်ခုကတော့ ငါဟာ လွန်ခဲ့တဲ့ ၂၃ နှစ်လောက်က လောကထဲကို ရောက်လာတာပါလားလို့ သတိရပြီး.. အဖေ နဲ့ အမေတို့ ကို ကျေးဇူးတင်မိမှာပဲ..ဟ
အဲ့ဒါက ပထမဆုံးလေ..
နောက်ပိုင်း အဲ့ဒီတစ်နေ့လုံး .. ကောင်းမယ်ထင်တာတွေ ငါလုပ်မယ်..
နင်ပြောတာတွေလဲ လုပ်မယ်..
အဲ့ဒီနေ့မနက်မှာ နင်ပြောသလိုဆုတောင်းမယ်..
ပြီးရင် ဆုတောင်းပြည့်တယ်လို့ ငါ့ကိုယ်ငါ သဘောထားပြီ.. တစ်နေ့လုံး.. ငါ အရိုးသားဆုံးဖြစ်အောင်နေမယ်..
ငါ့စိတ်ကို အသန့်ရှင်းဆုံးဖြစ်အောင် ထားမယ်လေ ..

နံနက်ဖြန် နင်ဘာလုပ်မလဲ မင်း လို့ ကျွန်တော်မှတ်မှတ်ရရမေးခဲ့မိတော့ သူကျွန်တော့်ကို ဖြေပေးခဲ့တဲ့ အဖြေဟာ သိပ်ကို ပြည့်စုံပါတယ်။ ပြီးတော့ ကြည်လင်မှုကိုလဲ ကျွန်တော်ခံစားလိုက်ရတယ်။ ကျွန်တော့်သူငယ်ချင်းဟာ သိုးဖြူလေးတစ်ကောင်ကို ကိုယ်စားပြုနေတယ်လို့ ကျွန်တော် မှတ်ချက်ချလိုက်မိတယ်ဆိုရင် လွန်မယ်မထင်ပါဘူး။

ခုတော့လဲလေ .. ကျွန်တော်ခင်မင် တန်ဖိုးထားရတဲ့ ကျွန်တော့်သူငယ်ချင်း မင်း (မင်းအောင်ခိုင်) ရဲ့ ၂၃နှစ်ပြည့် မွေးနေ့ကျရောက်လို့လာခဲ့ပါပြီ။ လူတိုင်းကို ဘုရားက ဖန်ဆင်းတယ်ဆိုရင် .. (ကျွန်တော့်ရဲ့ သူငယ်ချင်း) သူ့ကို ဖန်ဆင်းထားခဲ့တဲ့ ဘုရားကို ကျွန်တော်သိပ်ကျေးဇူးတင်ပါတယ်။ သူဟာ ကျွန်တော့်အတွက် ငြိမ်းချမ်းခြင်းသင်္ကေတ ဖြစ်နေခဲ့လိုပါ။

မွေးနေ့မှာ ပျော်ရွှင်ပါစေ မင်း ... အရာအားလုံးကိုယ်စား ငါ လှိုက်လှဲစွာ ဆန္ဒပြုလိုက်ပါတယ်။
နင်ပျော်ရွှင်စေဖို့ ...



Wednesday, August 26, 2009

တော်ဝင် သစ်ပင်

လေအချို့တိုးဝှေ့ကျီစယ်သွားလို့ တစ်ဖျတ်ဖျတ်လွင့်နေတဲ့ ပ၀ါစိမ်းလေကို ခြုံရင်း တစ်ရွေ့ရွေ့လှမ်းလာနေတဲ့ ခပ်ဝေးဝေးက အစိမ်းနဲ့ အဖြူရောင် အရိပ်လေးတစ်ခု ...။
အုံ့မှိုင်းရီဝေနေတဲ့တောင်ပတ်လည် ၀န်းရံခတဲ့ ဒီမြေဒီရေနဲ့များ လိုက်လျောညီထွေ ရှိပါရဲ့လားလို့ ငါ .. ပြေးမေးလိုက်ချင်ပါရဲ့။
နုငယ်လွန်းလှတဲ့ အရိပ်လေးတစ်ခု။

ပင်ပန်းတကြီးနဲ့ လှမ်းလာနေရတဲ့ ခြေလှမ်းတိုင်းမှာ အားသစ်တွေ သွန်းလောင်း .. ရှေ့ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ ကြယ်ပွင့်လေးတွေဆီ အရောက်သွားနေလေရဲ့။

နုငယ်တဲ့နှလုံးသားလေးတစ်စုံနဲ့ ကြမ်းတမ်းတဲ့ လေထုထဲမှာ မျောလွင့်ရင်း ကြယ်တွေကို အလင်းပေးဖို့ နင် ... ထွန်းလင်းခဲ့တာလား လမင်းငယ် ...
ခပ်ဖြေးဖြေးလေး သွားနေတယ်ဆိုပေမယ့် မဝေးတော့တဲ့ အနာဂါတ် တစ်ခုမှာ နင့်အတွက် အလင်းတို့ ခင်းကျင်းထားခဲ့ပြီ။

မောပန်းလို့ နွမ်းလျနေပေမယ့် နင့်အပြုံးတိုင်းမှာ အသက်ရှိနေတယ်ဆိုတာ ငါ့ ရင်ရဲ့ တစ်နေရာမှာ မှတ်တမ်းတင်လိုက်မိပါတယ် လမင်းငယ် ...
ပြုံးလိုက်တိုင်း အရည်လဲ့လာတဲ့ မျက်ဝန်းလေးတစ်စုံကို သောက်ရှူးကြယ်အလား ငါ ထင်မှတ်မိပါရဲ့ ...
နှုတ်ခမ်းဖျားက သကြားမထည့်ပါပဲ ချိုမြိန်နေတဲ့ စကားသံတွေနဲ့အတူ ကြယ်တွေကို အားမငယ်စေဖို့ နင် ရပ်တည်နေခဲ့တယ် ...

မြူတို့ မှိုင်းဝေနေပါတယ် လမင်းငယ် ... ဒါပေမယ့် နင် တောက်ပလျက်ရှိဆဲဆိုတာ ... ကြယ်ပွင့်တိုင်းရဲ့ ရင်ထဲမှာ ငါ .. လှမ်းမြင်နေရလေရဲ့ ..
ဟိုးတစ်နေရာမှာတော့ ငါ .. ရှိနေပါတယ် ... ကောင်းကင်ကိုမော့ကြည့်ရင်း နဲ့...

ရာသီစက်ဝိုင်းတို့ ကူးပြောင်းလို့ မိုးမခပင်တွေတောင် အားသစ်လောင်းခဲ့တာ အကြိမ်ကြိမ်...
နင့်ကို ခွဲသွားလဲ အပြုံးမပျက် ဂုဏ်ယူနေတတ်ခဲ့တာ ...
ခပ်လှမ်းလှမ်းက လှေကားလေးတစ်စင်းကိုများ အားကျနေလေရော့သလား လမင်းငယ် ...

အပျံသင်စ ငှက်ငယ်တိုင်းရဲ့ နွေးထွေးခိုလှုံရာ ကောင်းကင်ရင်ခွင်အဖြစ် နင် ရပ်တည်နေခဲ့တာ ရာစုနှစ် ဘယ်နှစ်ခုထိများပါလိမ့် ...
ဟောဒီချင်းတို့တောင်တန်းမှာ .. နင့်ရဲ့ သမိုင်းကို နင်ကိုယ်တိုင် ရေးထိုးနေခဲ့တာ .. လတ်ဆတ်တဲ့ နံနက်ခင်းတွေတောင် မှိန်ဖျော့ကုန်ပြီ ...

တောင်တစ်တောင်ကနေ တစ်တောင်ကို ကူးဖို့ နင့်မှာ ဘယ်လိုအင်အားတွေကိုများ သောက်သုံးခဲ့တာလဲလို့ ငါ မေးစမ်းကြည့်ပါရစေ ...
ရင်တစ်ခုကို စတေးလို့ မြူတို့ဆိုင်းနေတဲ့ တောင်ခြေကျေးရွာထဲမှာ နင် ရင်းနှီးထားခဲ့ရတဲ့ အရင်းအနှီးတွေကို ငါမြင်နေရတယ် လမင်းငယ် ...

အချိန်တန်လို့ နင့်ရင်ကို ခြေစုံကန် ... အပင်တွေ ခုန်ကူးတာတောင် ... အေးချမ်းစွာ ၀မ်းမြောက်နိုင်တဲ့ နင့်နှလုံးသားထဲ ငါ ... ခနလောက် ၀င်ကြည့်ပါရစေလား ..

မာနနဲ့ရယူလိုမှုတွေကို ခ၀ါချ .. မွှေးမြမြ သင်းပျံ့နိုင်တဲ့ ပန်းတစ်ပွင့်အဖြစ် ငါ မခိုင်းနှိုင်းရက်ခဲ့ပါဘူး။ ပန်းဆိုတာ အချိန်တန်တော့ မြေခ ကြွေကျရပေမယ့် နင် ဆိုတဲ့ ကျောက်တိုင်တစ်ခုကတော့ လှေချည်းပဲကျန်တောင် အလံလှဲပါဦးမလားဟင် ...

သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်တယ် ဆိုတဲ့ စကားပုံကို နင့်အတွက် ငါ သတိရလိုက်မိတယ်။ ဒါပေမယ့် နင့်သစ်ပင်မှာ နားခဲ့တာ ငှက်တစ်သောင်းမှ မကတော့တာ။ နင်ကတော့ မတ်မတ် ရပ်တည်နေဆဲပါ ...

ပန်းတစ်ပွင့်ရဲ့ရာဇ၀င်ကို သူတို့တွေ ပြုစုကြတယ်ဆိုရင် .. ငါကတော့ နင်ဆိုတဲ့ သစ်တစ်ပင်ကို ရေလောင်း ပေါင်းသင်လိုက်ချင်ပါတယ်။
ငှက်တို့ ဆက်လက်နားခိုနိုင်ဖို့ ...


( ကျွန်တော် ရန်ကုန်တက္ကသိုလ်တောင်တက်အသင်းနဲ့အတူ ချင်းပြည်နယ်ကိုရောက်ခဲ့စဉ်တုန်းက နံနက်ခင်းတစ်ခုရဲ့ လတ်ဆတ်ခြင်းနဲ့အတူ တွေ့လိုက်ရတဲ့ တောင်ပေါ်ရွာရဲ့ ကျောင်းဆရာမလေးတစ်ယောက်ကို အမှတ်ထင်ထင် လှမ်းကြည့်ဖြစ်ခဲ့တဲ့ မြင်ကွင်းလေးကို သတိရစွာ ရေးဖွဲ့လိုက်မိပါတယ်။ )




Sunday, August 23, 2009

ကောင်းကင် ကြွေချိန်

ကျွန်တော် ပထမဆုံး ကျောင်းသွားအပ်တဲ့နေ့။ အဲ့ဒီနေ့က မိုးမရွာဘူး။ ကောင်းကင်တစ်ခုလုံးက ကြည်ကြည်လင်လင်ပါပဲ။ အနောက်တောင်က တိုက်ခတ်လာတဲ့လေတစ်ချို့ကတော့ ပင့်သက်ကို ရှိုက်နေတယ်။ သစ်ပုပ်ပင်ကြီးအောက်မှာ ကျွန်တော် ခနတော့ သွားထိုင်လိုက်မိတယ်။ လမ်းပေါ်မှာ သွားလာနေကြတဲ့ ကျောင်းသူ ကျောင်းသားတွေကို ကျွန်တော် အတိုင်းအဆမရှိ ငေးကြည့်ချင်မိတယ်။ လွတ်လပ်စွာ ပျံသန်းဖို့ ပြင်နေကြတဲ့ လိပ်ပြာတောင်ပံရိုက်သံကို နားထောင်ရင်း ဟိုးခပ်ဝေးဝေးကနေ လွင့်လာနေတဲ့ စံပယ်တစ်အုပ်ကတော့ လေနဲ့အတူ ယိမ်းကနေလေရဲ့။ ကျွန်တော့်ပတ်ဝန်းကျင်မှာ အလင်းတို့ စူးရှနေခဲ့ပြီ။

ကျွန်တော် လက်ကနာရီကို မြှောက်ကြည့်လိုက်တော့ နံနက်၁၀နာရီခွဲ။ သူငယ်ချင်းတွေနဲ့ ဦးချစ်မှာ ချိန်းထားတာကို သတိရလို့ စိတ်ကူးတွေ လွင့်မျောနေရာကနေ ထလိုက်ပြီး ဦးချစ်ရှိရာကို လှည့်ထွက်လိုက်မိတော့ ကျွန်တော့်ရှေ့ကနေ ကျောင်းသူသုံးယောက် ဖြတ်သွားကြတယ်။ ဘာရယ်မဟုတ် ကျွန်တော်လဲ သူတို့နောက်က လိုက်သွားမိသလို ဖြစ်သွားတယ်။ ဘာဆိုင်တာမှတ်လို့။ သူတို့လဲ သူတို့ခြေထောက်နဲ့ သွားတာ။ ကျွန်တော်လဲ ကျွန်တော့်ခြေထောက်နဲ့ ကျွန်တော်။ လမ်းမကြီးကတော့ ရပ်မလိုလိုနဲ့ ဆန့်ဆန့်ကြီး။

သွားနေရင်းက ရှေ့ကကောင်မလေးအုပ်စုရဲ့ အစွန်က ကောင်မလေးက ရုတ်တရက် ထိုင်ချလိုက်တယ်။ ကျွန်တော် လန့်သွားမိတယ်။ လမ်းမကြီးလဲ လန့်သွားပုံပဲ။ ကျွန်တော့်ကို ခပ်မော့မော့ မျက်လုံးလှန်ကြည့်တယ်။ ကျွန်တော်လဲ မသိဘူးလေ။ ကောင်မလေးက လမ်းမပေါ်ကျနေတဲ့ ( သူ့လက်ကိုင်ပ၀ါလေး ထင်ပါရဲ့ ) ကို ကောက်ပြီး ပြန်ထလိုက်တယ်။ ဆံနွယ်တို့က ၀ဲကနဲ။
လမ်းမကြီးက သက်ပြင်းချပြီး ကျွန်တော့်ကို မျက်စိတစ်ဖက် မှိတ်ပြတယ်။ ဘယ်လိုလဲဆိုတဲ့ သဘော။ ကျွန်တော်ကတော့ ပခုံးတစ်ချက်ပဲ တွန့်ပြလိုက်တယ်။ ဒီလိုနဲ့ သူတို့က သူတို့ ခြေထောက်နဲ့ သူတို့ဆက်သွားတယ်။ ကျွန်တော်လဲ ကျွန်တော့်ခြေထောက်နဲ့ ကျွန်တော် ဆက်လျှောက်လာခဲ့တယ်။ ဦးချစ်ကိုတောင် လှမ်းမြင်ရပေါ့။
ဦးချစ်ရောက်တော့ ကျွန်တော်သူငယ်ချင်းတွေ ရောက်နေကြပြီ။

လာကွာ သီဟ။ ငါတို့က မင်းနောက်ကျနေလို့ ဘာများဖြစ်နေလဲလို့။ အဆင်ပြေလားကွ။

ခုံတစ်လုံးကို ဆွဲပြီး ကျွန်တော်ဝင်ထိုင်လိုက်တယ်။ ကိုကိုအောင် အမေးကို ဘာမှပြန်မဖြေအား။ စားပွဲထိုးကို လှမ်းခေါ်ပြီး ကျွန်တော်သောက်နေကျ ကော်ဖီမစ်ပလိမ်း တစ်ခွက်ကို လှမ်းမှာလိုက်တယ်။ ပြီးမှ ကျွန်တော်သူ့ကို ကြည့်လိုက်တော့ သူက ကျွန်တော် လုပ်သမျှ လိုက်ကြည့်နေတာနဲ့ ကြုံတယ်။ ကျွန်တော် တစ်ချက် ပြုံးပြလိုက်တယ်။

မဟုတ်ပါဘူး ကိုအောင်ရာ။ ငါက သစ်ပုပ်ပင်အောက်မှာ ခနထိုင်နေတာပါ။
ကျောင်းအပ်တာက အကုန်အဆင်ပြေပါတယ်။ မင်းတို့ရော။ ဟိုကောင် စိုင်းလင်းထွန်း မလာသေးဘူးလား။

ကျွန်တော်တို့ သူငယ်ချင်းအုပ်စုက လေးယောက်။ အကုန်လုံးက ငယ်သူငယ်ချင်းချည်းမို့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်တော့ အတော်ခင်တွယ်မိကြတယ်။ ကျွန်တော့်ရှေ့ရောက်လာတဲ့ ကော်ဖီတစ်ခွက်ကို ကျွန်တော့်အကျင့်အတိုင်း ဖြေးဖြေးချင်း သောက်ရင်း ကိုကိုအောင်၊ ပိုင်စိုး တို့နဲ့ ရောက်တတ်ရာရာ ပြောရင်း စိုင်းလင်းထွန်းအလာကို စောင့်နေမိကြတယ်။

ကြက်သား မပါတဲ့ ထမင်းကြော်တစ်ပွဲ။

ကျွန်တော့်မျက်စောင်းထိုးက အသံလေးတစ်သံကြောင့် ကျွန်တော် ရုတ်တရက်လှမ်းကြည့်ဖြစ်လိုက်တော့ စားပွဲထိုးလေးကို လက်ညှိုးလေးတစ်ချောင်းထောင်ပြီး မှာနေတဲ့ လက်ကိုင်ပ၀ါ ကောက်တဲ့ကောင်မလေးကို ကျွန်တော်တွေ့လိုက်ရတယ်။ မှာပုံကလဲ ကြက်သားမပါတဲ့ ထမင်းကြော်တဲ့။ စားပွဲထိုးလေးက ဒါဆို ၀က်သားနဲ့လားလို့ ပြန်မေးတာကို သူမက မဟုတ်ဘူးတဲ့ ကြက်သားမပါတဲ့ ထမင်းကြော်တဲ့။ စားပွဲထိုးလေးက ဒါဆို အသဲအမြစ်နဲ့လား ကြက်ဥနဲ့လား ဆိတ်သားနဲ့လား အသီးအရွက်နဲ့လား စုံနေအောင် မေးတာကို သူမက ခေါင်းလေးတစ်ခါခါနဲ့ ကြက်သားမပါတဲ့ ထမင်းကြော်ပဲ မှာနေတယ်။ စားပွဲထိုးလေး အတော်ကို စိတ်ရှုပ်ပြီး ငိုချင်နေမှန်း သိသာတယ်။ ကျွန်တော် သဘောကျသွားမိတယ်။

နောက်တော့ သူတို့ ဘယ်လိုပြေလည်သွားမှန်းမသိပါဘူး။ စားပွဲထိုးလေးက သူမရှေ့မှာ ထမင်းကြော်တစ်ပန်းကန်လာချပေးလိုက်တာကို တွေ့လိုက်ရတယ်။ သူမကတော့ ခပ်တည်တည်ပါပဲ။ ချပေးတဲ့ ထမင်းကြော်ကို ဟန်ဆောင်ခြင်းကင်းစွာ စားနေတယ်။ ကျွန်တော် သူမကို မျက်စိမလွှဲမိဘဲ ငေးမိသွားတယ်။ ဒါကို ရိပ်မိလိုက်တဲ့ ပိုင်စိုးက

အဲ့ဒါ ငါတို့နဲ့ မေဂျာတူတဲ့ မေလငယ် လေ။

ကျွန်တော် ပိုင်စိုးကို ရုတ်တရက်လှည့်ကြည့်မိလိုက်တော့ ပိုင်စိုးက ကျွန်တော့်ကို ပြုံးစိစိနဲ့ ကြည့်နေတာ မြင်လိုက်ရတယ်။ ကျွန်တော် နဲနဲတော့ ရှက်သွားမိတယ်။ ကျွန်တော်ကတော့ သူမကို စံပယ်လို့ပဲ ရင်ထဲက တိုးတိတ်စွာ ခေါ်လိုက်မိတယ်။ သူမပုံစံက စံပယ်တစ်ပွင့် လေအပင့်မှာ လွင့်မျောလာသလို ပရမ်းပတာဆန်တယ်။ ဒါပေမယ့် လှပမှုနဲ့ ၀ဲလွင့်မှုက သိပ်ဟန်ချက်ညီတော့ သစ်ပင်တွေတောင် ခစားရမယ့် လေလွင့်စံပယ်လေးပေါ့။ ကျွန်တော် ပြုံးလိုက်မိတယ်။
ကော်ဖီတွေတောင် ချိုကုန်ပြီ စံပယ်။


ဒီလိုနဲ့ ကျွန်တော်တို့ အတန်းတွေ စတက်ကျတော့ စံပယ်က အခန်းရဲ့ ရှေ့၊ ၀င်ပေါက်ရဲ့ ထောင့်ဆုံးမှာ ထိုင်သလို ကျွန်တော်က အခန်းရဲ့ နောက် အတွင်းပိုင်း ထောင့်ဆုံးမှာ ထိုင်ခဲ့မိတယ်။
ဟိုးအနောက်ဆုံးကနေ ဟိုးအရှေ့ဆုံးကို လှမ်းကြည့်ရတာ မသက်သာပါဘူး စံပယ်။ ဘေးစောင်းလေးမြင်နေရတဲ့ နင့်ရဲ့မျက်တောင်လေးတွေ အပင့်က လေအရူးမှာ ဝေ့လူးနေတဲ့ လိပ်ပြာလေးတွေလိုပါပဲလားစံပယ်။

ကျွန်တော် ကဗျာတစ်ပုဒ်ကို စာအုပ်ရဲ့ နောက်ဆုံးမှာ ချရေးလိုက်မိတယ်။

လေအရူး နွေဦးနဲ့
ငါ့ရင်ကို ၀င်ရိုက်
နင်ပိုင်စိုးသွားသလား
မိစံပယ်။

ကျွန်တော်တို့ ကျောင်းစာသင်နှစ်တွေ ကုန်ဆုံးသွားတဲ့အထိ ကျွန်တော်ရဲ့ စံပယ်ကို ကျွန်တော် အဝေးကနေပဲ လှမ်းငေးနေခဲ့မိတယ်။ ကျွန်တော့်ရဲ့ စံပယ်ကတော့ လန်းဆန်းစွာ ပွင့်အာလို့ ပျားပတုန်းတွေတောင် ၀ိုင်းလည်လို့။
ဥယျာဉ်မှူးတစ်ယောက်ရဲ့ မြတ်နိုးခြင်းနဲ့ နင့်ကိုငါ ချစ်မိပါတယ် စံပယ်။
ကျွန်တော့်အိမ်ဘေးမှာ စံပယ်ပင် စိုက်ခဲ့မိတယ်။ ကျောင်းကပြန်လာတိုင်း ရေလောင်းရင်း ကျွန်တော် အိပ်မက်တွေ မက်ခဲ့ရတယ်။ ပန်းပင်လေးကတော့ အပြုံးမပျက်။

ငါ့ရဲ့ ပန်းတွေလဲ ပွင့်ခဲ့ပါပြီ စံပယ်။ သူငယ်ချင်းတွေ တိုက်တွန်းချက်နဲ့ ဖွင့်ပြောဖို့ကြိုးစားတိုင်း နင့်ရဲ့ အေးစက်စက် မျက်ဝန်းတစ်စုံကြောင့် ငါ့မှာ စကားလုံးတို့ပျောက်ဆုံး အသံတို့ စွံအခဲ့ရတာ အကြိမ်ကြိမ်။ ဒီလိုနဲ့ ငါလဲ နေမြင့်လို့ အရူးရင့်ခဲ့ရပါတယ် စံပယ်။ ငါ့ရဲ့နှလုံးသားမှာတော့ စံပယ်ရုံရဲ့ အမြစ်တို့ ရစ်တွယ်လို့။

သီဟမျိုးဆက် .. နံနက်ဖြန် ငါတို့အိမ်မှာ ငါ နှုတ်ဆက်ပွဲလုပ်စရာရှိတယ်။ တစ်ခန်းလုံးကို
ဖိတ်တာ။ ငါ စင်ကာပူကို ပညာတော်သင်သွားတော့မှာမို့။ နင်လာဖြစ်အောင်လာပါ။

ကျွန်တော့်ရှေ့ကို ဖိတ်စာတစ်ခုရောက်လာတယ်။ ပြောပြီးလှည့်ထွက်သွားတဲ့ စံပယ် .. ကျွန်တော့်နန်းကိုတောင် ကွန်းခိုမသွားခဲ့ပါဘူး။ ရှေ့မှာရောက်နေတဲ့ စာအိတ်အပြာလေးထဲက ဖိတ်စာဆိုတာချည်းကို ကျွန်တော်မုန်းလိုက်မိချင်ပါတယ် စံပယ်။ ကျွန်တော့်နှလုံးသားကို ကားစင်တင်ဖို့ ကြေငြာလိုက်တဲ့စာလိုပါပဲ။
နင့်နှလုံးသားထဲ ငါခနလောက် ၀င်နေပါရစေလားစံပယ်။ ဟိုးခပ်ဝေးဝေးမှာကျနေတဲ့ စံပယ်တွေကို ဖွဲ့သီလို့ နင့်နှလုံးသားမှာ ပန်ပေးကြည့်ချင်ခဲ့မိတယ်။

အဲ့ဒီနေ့က ကျွန်တော် ပိုင်စိုးနဲ့အတူ စံပယ့်အတွက် လက်ဆောင်အဖြစ် ကျွန်တော်ကိုယ်တိုင် ကျွန်တော်စိုက်ထားခဲ့ရတဲ့ စံပယ်ပင်က စံပယ်ပွင့်လေးတွေကို ခူးလို့ သီကုံးထားရတဲ့ စံပယ်ပန်းကုံးတွေနဲ့ အတူ ကျွန်တော့်ကဗျာတစ်ပုဒ် စံပယ့်ဆီ ပို့ပေးလိုက်တယ်။ ကျွန်တော်ကတော့ မသွားတော့ပါဘူး။

မခမ်းနားချင် နေပါစေ ငါ့ကျဆုံးခန်းမှာ အလွမ်းအကြောင်း လေသံမှကို မဟချင်ခဲ့မိပါဘူး။ ဒီလိုနဲ့ နွေဦးမှာ လေရူးနဲ့အတူ ၀င်ရောက်အမြစ်တွယ်ခဲ့တဲ့ စံပယ်ဆိုတဲ့ပန်းတစ်ပွင့် ဝေးလွင့်လို့ သွားတော့မှာလားစံပယ်။ ငါ့ကောင်းကင်မှာတော့ အစိမ်းရင့်ရင့်ဖြာလို့။

(တကယ်ပါကောင်မလေးရယ်)
နင်မချစ်တတ်လို့
ရူးတယ်ပဲဆိုဆို
(ငါက)
မချစ်ရက်လောက်အောင်ကို
ချစ်တတ်ခဲ့ဖူးတယ်။

Thursday, August 20, 2009

အစိမ်းသက်သက် ကဗျာ

ရင်ဖွင့်စကားဆိုစရာ
နာခံသူ့နားတစ်စုံဟာ
ငါနဲ့ အစိမ်းသက်သက် ... ၊
အိပ်မက်တွေ ပြိုချိန်
အားပေးမယ့်လက်တစ်စုံဟာ
ငါနဲ့ အစိမ်းသက်သက် ... ၊

သမုဒယတွေချိုဖို့
တုန့်လှည့်ကြည့် မျက်ဝန်းတစ်စုံဟာ
ငါနဲ့ အစိမ်းသက်သက် ... ၊
ရင် ရင်ချင်းခတ်အောင်
ပြောတတ်တဲ့ စကားတွေဟာ
ငါနဲ့ အစိမ်းသက်သက် ... ၊

လူပြောသူပြောများတဲံ
ပိုင်ဆိုင်မှုတွေဟာ
ငါနဲ့ အစိမ်းသက်သက် ... ၊
ခြေလှမ်းတွေတိုးဖို့
ယုံကြည်မှုတွေဟာ
ငါနဲ့ အစိမ်းသက်သက် ... ၊

နှလုံးသွင်းတတ်ဖို့
" ယောနိသော မနသိကာရ " က
ငါနဲ့ အစိမ်းသက်သက် ... ၊

ငါမဟုတ်တဲ့ ငါ့ကိုယ်ငါ
စကားစမြည်ပြောကြည့်တယ် ...
အသိခေါက်ခက်နဲ့
အကြည့်နက်နက်တွေကို
လွမ်းတဲ့အကြောင်း ... ။
သူက
........... အလွမ်းဆိုတာ
အလိုရမ္မက်မပြည့်ခြင်းတစ်ခုရဲ့
အမည်ပြောင်းနာမအဖြစ်
ခေါင်းစဉ်တပ်တယ် ....
ရွက်ပုန်းသီးမီးတစ်စက
ပြဿာဒ်ကို လောင်သလိုပေါ့ ...။

ငါ့အတ္တနဲ့ ငါသွန်းဆစ်
( ဇွတ်အတင်း )
အချစ်အဖြစ် ကြေငြာပစ်လိုက်တယ်
..........................................
..........................................
..........................................
..........................................

အရုဏ်တွေလင်းဖို့
ကယ်တင်ခြင်းသီချင်းလည်း
ငါနဲ့ အစိမ်းသက်သက် ... ။

ပန်းဖွဲ့စကား
ပြောမယ့်နှုတ်ခမ်းပါးလည်း
ငါနဲ့ အစိမ်းသက်သက် ... ။ ။

လင်းစက်ရာ
၂၅၊၆၊၀၉

Tuesday, August 18, 2009

လွမ်းလို့စောင့်မျှော်နေသောကြယ်

ကျွန်တော့်တွင် တိတ်ဆိတ်သောညများစွာရှိပါသည်။
တိတ်ဆိတ်မှုအောက်တွင် တိုးတိတ်စွာ ဖွင့်ထားမိသည့် အတိုးတိတ်ဆုံး သီချင်းသံ တစ်စုံတရာရဲ့ ချော့သိပ်မှုအောက် ကျွန်တော် နတ်သမီးအိပ်မက်ကို မက်ချင်ခဲ့သည်။
ရုတ်တရက် လန့်လန့်နိုးတိုင်း ကွန်ပြူတာရဲ့ ထောင့်တစ်နေရမှာ ကပ်ပြီး ဖွင့်ထားခဲ့တဲ့ သူ့နစ်လေးဆီ ကျွန်တော် လှမ်းကြည့်မိတတ်စမြဲ။
သူဝင်မလာနိုင်မှန်းသိပေမယ့် ကျွန်တော့်တွင် လူမရှိသော ထိုနစ်ကလေးအတွက် မျှော်လင့်ချက်တွေ မီးထလောင်ခဲ့ဖူးသည်။
ကျွန်တော့်ဥယျာဉ်တွင် မပွင့်သေးသော ပန်းပေါင်းများစွာ ရှိနေခဲ့သည်။
အေးစက်စွာ အိပ်မပျော်တဲ့ညတွေကို ဖြတ်သန်းရလေတိုင်း ကျွန်တော့်တွင် တွယ်တာစရာ တစ်စုံတရာသည် ထိုနစ်ကလေးသာ ဖြစ်နေတတ်ခဲ့သည်။
ထိုနစ်ကလေးသည် ကျွန်တော့်ချစ်သူ၏ ကိုယ်စားလှယ် ဖြစ်ပြီး ကျွန်တော်၏ သစ်ပင်လဲ ဖြစ်သည်။ ကျွန်တော့်တွင် ပိုင်ဆိုင်ရာ သိပ်မရှိခဲ့ပါ။
အဝေးတစ်နေရာက ကြားလိုက်ရတဲ့ အရာတိုင်းစီအတွက် ကျွန်တော့်တွင် ပြန်ထူးစရာ အသံတို့ မရှိခဲ့တာ အတော်ကြာခဲ့ပြီ။
ကျွန်တော်က တိတ်ဆိတ်စွာ ပျောက်ဆုံးချင်နေသူ။
ကျွန်တော်ဘာကိုမှ မက်မောတွယ်တာခြင်း သိပ်မရှိပါ။
ကျွန်တော့်တွင် တွယ်တာစရာ တစ်ခုသာ ရှိခဲ့သည်။
နစ်ကလေး ဘယ်တော့ လင်းလာမည်နည်း။ သက်ရှိတိုင်း ပိုင်ဆိုင်ရာ ကိုယ်စီရှိကြသည်ဆိုလျှင် ကျွန်တော့်တွင်တော့ နစ်ကလေးနှင့်ပတ်သတ်၍ မျှော်လင့်ချက်တစ်စုံတရာသာ ရှိသည်။
ကျွန်တော်အိပ်မပျော်နိုင်စွာ စောင့်ကြည့်နေရင်းမှ နစ်ကလေးများ စူးရှစွာလင်းလာမည်လားလို့ စောင့်မျှော်ခဲ့ရသည်မှာ ကုဋေနှင့်ချီပြီး အချိန်တွေကြာနေသလို။
နှောင်တွယ်မှုတွေကင်းတဲ့ သစ်တစ်ပင်ဖြစ်ချင်တယ်လို့ ကြွေးကြော်မိတဲ့ ကျွန်တော့်ရဲ့ ရေသောက်မြစ်ဟာ အဲ့ဒီနစ်ကလေး ဖြစ်လာခဲ့လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဖူးပါ။
တစ်ကြိမ်တစ်ခါလောက်တော့ေ၀၀ါးစွာ စဉ်းစားမိခဲ့ဖူးသည်။
ငါ့ကို ဂရုသိပ်စိုက်တာဆိုတဲ့ ဆန္ဒတစ်စုံတရာကြောင့်များ မျှော်လင့်ခြင်းတွေနဲ့ တည်ဆောက်ခဲ့တာလားဟု။
အချစ်ဆိုတာ လိုအပ်မှုတွေ ပါးပါးလေးပျော်ဝင်နေတဲ့ ဆန္ဒများလားလို့ပင်။
တကယ်က အချစ်ဆိုတာ သိပ်နက်ရှိုင်းတဲ့ ပင်လယ်တစ်ခုပဲဖြစ်သည်။
သူဟာ သစ်တစ်ပင်လဲ ဖြစ်သည်။
သံခင်းတမန်ခင်း အသုံးအနှုန်းတွေလဲ ငါမသုံးနှုန်းတတ်ခဲ့ပါဘူးချစ်သူ။ နစ်လေးတစ်ခုကို ရူးသွပ်စွာ လင်းလာစေဖို့ပဲ မျှော်လင့်နေတတ်ခဲ့တာ ငါ့အတွက် အမှားတစ်ခုလိုများလားကွာ။
ကျွန်တော် ကွန်ပြူတာရဲ့ ဒေါင့်စွန်းလေးကို ကြည့်ရင် ခပ်ညည်းညည်းပြောမိတော့ ကျွန်တော့်ရဲ့ကွန်ပြူတာလေးက ကျွန်တော့်ကို ပြုံးပြီးကြည့်နေသည်။
လွမ်းနေပြီလား ကလေးရာ တဲ့။
လွမ်းတာပေါ့ဗျာ။ မတွေ့ရတာ ၃ရက်ရှိနေပြီ။ စိတ်ပူတယ်ဗျာ လို့ပြောမိတော့ ကွန်ပြူတာက ဟက်ဟက်ပက်ပက် ရယ်ပါလေတော့သည်။
ကျွန်တော် နဲနဲတော့ ရှက်သွားမိသည်။
သို့သော် ကျွန်တော် မရှက်တော့ပါ။
အရှက်သည် ဖုံးကွယ်ထားသော အမှန်တရားဖြစ်သည်။
ဖြူလဲ့လဲ့ အလင်းရောင်အောက်မှာ ကျွန်တော်ငြိမ်ငြိမ်လေး လှဲနေမိသည်။
ကျွန်တော့်အတွးထဲတွင်တော့ ဘယ်အချိန်မှာ ဒီနစ်လေး လင်းလာမှာပါလိမ့်လို့ ...။

Sunday, August 16, 2009

စစ်မှန်သော အရိပ်၌

နွေဦးက လေရူးနဲ့အတူ ဖြန်းခနဲ ကျွန်တော့်မျက်နှာကို လာရိုက်တယ်။ ကျွန်တော် ခပ်ဖြေးဖြေးပဲ ငေးနေလိုက်မိတယ် အဝေးက ကြွေလွင့်သွားတဲ့ သစ်ရွက်တွေကို။

အေးချမ်းလိုက်တာ

ရင်ထဲမှာ တိုးတိုးလေး ညည်းမိတော့ စိတ်က အလန့်တကြားပြန်ကြည့်နေလေရဲ့။ ခံစားမှုတွေ နက်ရှိုင်းနေတာမျိုး တစ်ကြိမ်တစ်ခါမှ မကြုံခဲ့ဖူးဘူးလေ။ ငြိမ်းချမ်းရာ ဆိုတာကို တွေးကြည့်မိတော့ တစ်စစ ၀င်ရောက်လာတာက ဆည်းလည်းသံ တိုးတိုးလေးတွေ။
ဒီကို ရောက်နေခဲ့တာ ဒီနေ့နဲ့ပါဆိုရင် ၃ရက်ရှိနေပြီ။ စရောက်တဲ့နေ့ကတော့ ဘယ်လိုမှ နေသားမကျဘူး။ စိတ်ထဲမှာ အိမ်ပြန်ချင်လိုက်တာ အရမ်းပဲ။ ပြီးတော့ စိတ်က ခုဆိုရင် .. ဆိုတဲ့ အတွေးနဲ့မောလျ နွမ်းနယ်နေတယ် ထင်ပါရဲ့။ ကြည်နူးမှုဆိုတာ မြူတစ်မှုန်တောင် မရှိခဲ့ပါဘူးလေ။

ဇော် .. ငါတို့ သင်္ကြန်လည်မို့။ ငါတို့ ဦးလေးဂျစ်ကားနဲ့ လည်မှာ။ ငါ့အမတွေ အကိုတွေပါမယ်ဟ။ နင့်ကိုခေါ်ချင်တယ်။ လိုက်ခဲ့ပါလား။ စရိတ်ငြိမ်း။ သိလား။

ကျွန်တော် ၀မ်းသာသွားမိတယ်။ ကျွန်တော့်ဘ၀မှာ တစ်ခါမှ ရေမကစားဖူးတာမို့ ရေသိပ်ကစားချင်နေမိတယ်။ ဘာပဲပြောပြောလေ နန္ဒာဆိုတာ ကျွန်တော့်အချစ်ဆုံးသူငယ်ချင်း။ သုံးတန်းထဲက ပေါင်းလာတာဆိုတော့ သူ့အိမ်မှာ ကျွန်တော်မသိတဲ့သူ တစ်ယောက်မှ မရှိဘူး။ သူ့အမေက ကျွန်တော့်ကို သမီးအရင်းတစ်ယောက်လို ချစ်သလို မေမေကလဲ သူ့ကို သမီးအရင်းတစ်ယောက်လို ချစ်နေတာ သိတာပေါ့။ သူနဲ့သာ သွားမယ်ဆိုရင် မေမေမငြင်းလောက်ပါဘူးလေလို့ ကိုယ့်ဟာကိုယ် အပိုင်တွက်ပြီး ကြိုပျော်ထားလိုက်မိသေးတယ်။ သင်္ကြန်ကျဖို့က ၃ရက်ပဲ လိုတော့တာ။ ရင်တောင်ခုန်မိပါရဲ့။

မလိုက်ရဘူးသမီး။ မေမေ ခွင့်မပြုနိုင်ဘူး။ အကြောင်းပြချက်မရှိဘဲ မေမေ ခွင့်မပြုတာ။ ဘာလို့လဲလို့ မေမေ့ကို ထပ်မမေးနဲ့။ မေမေက မလိုက်ရဘူးဆိုရင် မလိုက်ရဘူးဘဲ။ နောက်ထပ် အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး ထပ်မကြားချင်တော့ဘူး။ သွားတော့။

မေမေ့ရဲ့ တစ်ချက်လွှတ်ငြင်းဆိုမှုအောက်မှာ ကျွန်တော် မေမေ့ကို နှုတ်ခမ်းကိုက်ပြီး ကြည့်လိုက်မိတယ်။ မေမေဟာ ကျွန်တော့်ကို ဘယ်တုန်းကမှ သင်္ကြန်ဆော့ဖို့ အားမပေးခဲ့ဘူး။ ပြီးတော့ ခွင့်လဲ မပြုခဲ့ဘူး။ ကျွန်တော် မေမေ့ကို မကျေနပ်ဘူး။ ကျနော်လဲ လူငယ်ပဲ။ ရေဆော့ချင်တာပေါ့။ ဒါပေမယ့် မေမေက ကျွန်တော့်ကို သင်္ကြန်မှာ မူးရူးပျော်ပါးကြတာမျိုးကို အားကျမှာ သိပ်စိုးရိမ်နေပုံရတယ်။ သင်္ကြန်မှ မဟုတ်ပါဘူးလေ။ အော်ဟစ်ပြီး ပျော်ပါးကခုန်ရတဲ့ ပွဲမျိုးဆို မေမေ ဘယ်တော့မှ ကျွန်တော့်ကို ခွင့်မပြုခဲ့ပါဘူး။
ကျွန်တော် စိတ်ဓါတ်အရမ်းကျသွားတယ်။ လူတစ်ယောက် သိပ်လုပ်ချင်နေတာကို မလုပ်ရတဲ့အခါမျိုးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ တုန့်ပြန်မှုတစ်ခုပါပဲ။ ကျွန်တော် စိတ်ဓါတ်ကျပြီး ပြန်အရွဲ့တိုက်ချင်လာတယ်။ ထွက်ပေါက်ကို ရှာဖွေလာမိတယ်။

ညလေးဇော် .. မ အကောင့် တို့ ဒီနှစ်သကြန်မှာ ရိပ်သာဝင်မို့။ သထုံမှာလေ။ လိုက်မလား။ လူနှစ်ယောက်လိုနေတယ်။ မိန်းကလေးတွေချည်းပဲ။

ကျွန်တော် ၀မ်းသာသွားမိတယ်။ မေမေ့ကို အရွဲ့တိုက်ဖို့ လမ်းစရပြီလေ။ မအကောင့်ဆိုတာ ( သူ့နာမည်ရှိပေမယ့် ကျွန်တော်က သူ့ရဲ့ accountance အလုပ်ကို အစွဲပြုပြီး သူ့ကို မ account လို့ နာမည်ပြောင်ခေါ်ရာက သူ့နာမည် မအကောင့် ဖြစ်သွားတော့တာ ) ကျွန်တော်နဲ့ သိပ်ခင်တဲ့ကျွန်တော့်ထက် ၁၀နှစ်လောက် ကြီးတဲ့အမကြီးတစ်ယောက်ပါ။ သိပ်အေးချမ်းတယ်။ သိပ်ပြီးချောတယ်။ စိတ်က ( တရားထိုင်တာများပြီး ) ဖြူစင်လို့လားမသိဘူး။ သူ့မျက်နှာလေးက သိပ်ပြီးကြည်မွေ့ချောမောနေသလို ကျွန်တော် အမြဲခံစားရတယ်။ ( သူ့ချစ်သူကတော့ ကံကောင်းတာ။ အဲ့တုန်းက သူ့ချစ်သူက မလေးရှားမှာ အလုပ်လုပ်နေတယ်လေ။ ) သူနဲ့ကျွန်တော်နဲ့ စသိတော့ ရှိုင်းဟုပ်ကုပ္မဏီမှာ သိတာ။ သူက ရောင်းသူ။ ကျွန်တော်က ၀ယ်သူ။ ကျွန်တော်က ကျန်းမာရေးမကောင်းတော့ လင်ဇီးနဲ့ ပိုလန်ကို အမြဲစားရတယ်။ ၅နှစ်တိတိ စည်းစိမ် ပြုတ်မတတ် စားရတာ။
ကျွန်တော့်ကို သူတစ်ယောက်ပဲ ညလေးဇော်လို့ ခေါ်ဖူးတယ်။ သူက အဲ့လို ပြောလာတော့ ကျွန်တော်လဲ ၀မ်းသာအားရ လက်ခံလိုက်တယ်။

ဒီတစ်ခါတော့ မေမေ့ကို ခွင့်မတောင်းဘူး။ ခွင့်တောင်းစရာလဲမလိုဘူး။ ကျွန်တော်လုပ်ချင်ရာကို ကျွန်တော်လုပ်မယ်။ ကျွန်တော့်မှာ ဖေဖေရှိတယ်။ ကျွန်တော် ခပ်တင်းတင်းပဲ တွေးပလိုက်တယ်။ အဲ့လို စိတ်မျိုးနဲ့ ကျွန်တော် ခေါင်းမာခဲ့တယ်။ ကျွန်တော်က ခေါင်းသိပ်မာတယ်။ ပြောစကားနားထောင်မလိုလိုနဲ့ နားထောင်ချင်မှထောင်တယ်။ ကျွန်တော်မှန်တယ်လို့ စိတ်ထဲမှာ ထင်လိုက်တဲ့အရာဆိုရင် ကျွန်တော် ဘယ်သူမှ သိပ်ဂရုမစိုက်တတ်ဘူး။ ပြန်ပြောမှာလဲ မဟုတ်ဘူး။ ဒါပေမယ့် နားထောင်မယ်လို့လဲ မမျှော်လင့်လိုက်နဲ့။ အဲ့လိုမျိုးစိတ်ဓါတ် ကျွန်တော့်မှာ ရှိနေတာ သိပ်တော့မကောင်းဘူးဆိုတာ သိပေမယ့် ကျွန်တော် ခုထိ မပြင်နိုင်သေးဘူး။ အတတ်နိုင်ဆုံး ထိန်းနေတဲ့ကြားထဲက တစ်ချက်တစ်ချက် ပြန်ပြန်ပေါ်လာနေသေးတယ်။

အဲ့ဒီညက ကျွန်တော် မေမေ့ကိုခွင့်မတောင်းဘူး။ ဖေဖေ့ကို ကျွန်တော်သွားမယ်ဆိုတဲ့ အကြောင်းပဲ အသိပေးတယ်။ ဖေဖေက ကျွန်တော် ဘာလုပ်လုပ် စဉ်းစားပြီး သင့်တော်တယ်ဆိုရင် ခွင့်ပြုနေကျပဲ။ နောက်ပြီး ဒီကိစ္စမှာ ကျွန်တော် သိပ်စိတ်ပါနေမှန်းသိတော့ ဖေဖေက ကျွန်တော့်ကို ပိုက်ဆံထုတ်ပေးတယ်။ ဂရုစိုက်ဖို့မှာတယ်။ ဒီလောက်ပဲ။ နောက် သူကိုယ်တိုင် ကားနဲ့ ကားဂိတ်ကို လိုက်ပို့တယ်။ ကျွန်တော်တစ်ခု အံ့သြတာက မေမေက ကျွန်တော့်ကို လုံးဝ မတားတာဘဲ။ ကျွန်တော် သင်္ကြန်လည်မယ်ဆိုတော့ ရန်ကုန်မြို့တွင်းဖြစ်တာတောင်၊ ညနေ အိမ်ပြန်လာမှာကိုတောင် ခါးခါးသီးသီးနဲ့ မလည်နဲ့လို့ တားခဲ့တဲ့မေမေက ခု ကျွန်တော် သူများသူစိမ်းတွေနဲ့ သထုံလို ရန်ကုန်မြို့နဲ့ ဝေးတဲ့နေရာကို တစ်ယောက်တည်းသွားမယ်ဆိုတော့ ဘာမှကို မပြောဘဲ ပြုံးကြည့်နေတယ်။ ကျွန်တော် မေမေ့ကို နားမလည်ခဲ့ပါဘူး။ ကျွန်တော် ၇တန်းနွေရာသီကျောင်းပိတ်ရက်ဆိုတော့ ၁၉၉၉ ခုနှစ်တုန်းကပါ။

တကယ်တမ်း သထုံကိုရောက်တော့ သထုံမြို့ပေါ်မှာမဟုတ်ဘဲ မြို့နဲ့ ဝေးတဲ့ ကေလာသတောင်နဲ့ နေမိန္ဒရတောင်ခြေက တောရကျောင်းလေးတဲ့။ အဲ့အနီးတစ်ဝိုက်မှာ ရွာနဲ့ လူနေအိမ်မရှိဘူး။ မြို့ကို သွားချင်ရင် ဂျစ်ကားနဲ့ သွားရတယ်။ ကေလာသတောင်နဲ့ တောင်ရိုးဆက်နေလို့သာ တောင်နှစ်တောင်ရဲ့ နာမည်ကို ထည့်ပြောရတာ။ အမှန်က နေမိန္ဒရတောင်ခြေမှာ ရှိတာပါ။ ဘုန်းဘုန်းက နေမိန္ဒရတောင်ပေါ်မှာ နေတယ်။ သူတောင်အောက်ကို တရားဟောဖို့ ကြွလာရင် နံနက် အစောကြီး ၅နာရီထဲက ထလာရတာတဲ့။ တောင်အောက်ကျောင်းကို ရောက်တော့ နံနက် ၉နာရီ။ အဲ့ဒါကို သူတစ်ပါးထဲ ဓါတ်မီးမပါ ဘာမပါ ကြွတာနော်။ နေမိန္ဒရတောင် ဆိုတာ ချောမွေ့တဲ့လမ်းတော့မဟုတ်ပါဘူး။ တောင်တစ်ခုလုံး သစ်ပင် ၀ါးပင်တွေနဲ့ ဖုံးအုပ်နေပြီး လူသွားလမ်းကျဉ်းကျဉ်းလေးကိုမှ တစ်ခါတလေ ကျောက်တုံးကြီးတွေနဲ့ ပြည့်နေတတ်သေးတယ်။ ကျွန်တော်တို့ နံနက်ခင်း အလင်းရောင် စူးစူးအောက်မှာ သွားရင်တောင် မြွေပါးကင်းပါးကြည့်ပြီး ခလုတ်မတိုက်အောင် မနဲကြည့်သွားနေရတဲ့လမ်းတွေကို ဘုန်းဘုန်းက နံနက်၅နာရီနဲ့ ည၉နာရီ ကို သွားလာနေတာဟာ အံ့သြစရာပဲ ထင်ပါရဲ့။

လေတစ်ချက်အဝေ့မှာ အဝေးက ထန်းပင်တွေ လှုပ်ခတ်သွားတာ မြင်လိုက်ရတော့ ဒီအချိန် ရန်ကုန်မှာ နန္ဒာတို့ ကားနဲ့ လည်နေကြလောက်ပြီဆိုတဲ့အသိက ရင်ကို ခပ်ပြင်းပြင်း ၀င်ဆောင့်လာသလိုပါပဲလား။ ရုတ်တရက် ၀မ်းနည်းမှုက ကြီးစိုးလာနေတယ်။ ကျွန်တော်ဘာလို့ မလွတ်လပ်ရတာလဲ။
ရုတ်တရက်တောင်ပေါ်ကို လှမ်းမျှော်ကြည့်လိုက်တော့ ဥဒေါင်းတွန်သံကို ကြားလိုက်ရတယ်။

သာယာလိုက်တာ ...

မျက်နှာမှာ အပြုံးတစ်ခုပေါ်လာတော့ အတွေးကလဲ ၀င်လာတယ်။ ကျွန်တော်သာရန်ကုန်မှာဆိုရင် ဒီလိုမျိုး စိတ်ချမ်းသာနိုင်ပါ့မလား။ စိတ်အေးချမ်းတဲ့ ပျော်ရွှင်မှုမျိုး ကျွန်တော် ရနိုင်ပါ့မလား။ လူတွေက ရေတွေနဲ့ ၀ိုင်းပက်ကြလို့ တစ်နေကုန် စိုနေပြီး ချမ်းကလဲ ချမ်းဦးမယ်။ ပြီးတော့ ရေပက်အားကိုလဲ ခံရဦးမယ်။ နားလဲညည်းဦးမယ်။ လူငယ်ပီပီ ပျော်တော့ပျော်မှာပါ။ ဒါပေမယ့် ဒီလိုမျိုး စိတ်ရော လူရော အရာခပ်သိမ်း အေးချမ်းတာမျိုး ရှိနိုင်ပါရဲ့လား။ ကျွန်တော့်ရင်ထဲမှာ အတွေးပေါင်းစုံတို့ ခိုတွဲလာတယ်။ လွတ်လပ်မှုအစစ်အမှန်က ဘာပါလိမ့်။

နံနက်ခင်းကနေ နေ့လည်ခင်းကို ကူးပြောင်းတော့မှာမို့ နေလုံးနီနီက ခပ်ဝေးဝေးကနေ တောင်ခါးပန်းတွေဆီကို တစ်ဖြေးဖြေးချည်းကပ်နေတယ်။ တောင်ထိပ်ဆီကို စိတ်က လှမ်းကြည့်လိုက်မိတော့ တိမ်တစ်ဆုပ်ကို အရှိန်နဲ့ ၀င်တိုက်လိုက်သလို ဖြစ်သွားလို့ ကမန်းကတန်း တောင်းပန်လိုက်ရသေးတယ်။ ကျွန်တော်လဲ အဲ့လို လွင့်မျောလိုက်ရရင် ကောင်းမှာ။ စိတ်က အဲ့ဒီတိမ်တစ်ဆုပ်ကို စီးပြီး တောင်နှစ်တောင်ကို ပတ်လိုက်မိတယ်။

သြော် ... ကေလာသနဲ့ နေမိန္ဒရရဲ့ ရာဇ၀င် ... ရာဇ၀င်တွေနဲ့ ဖွဲ့တည်၊ မျက်ရည်တွေ သွန်းဖြိုး သွေးတို့ စီးဆင်းခဲ့ဖူးရာ ...
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဟောဒီ ကျွန်တော်ရပ်နေတဲ့ တောင်ခြေ စေတီလေးဆီထက်ကနေ အနော်ရထာတို့ လူစု တောင်ပေါ်ကို အလုအယက်တက်ဖို့ ကြိုးစားနေခဲ့ဖူးတာပဲ။ ဟိုးအဝေးဆီက တောင်ခါးပန်းမှာ တည်ထားတဲ့ ဘုရားနဲ့ ကျောင်းမှာ မနူဟာ ငိုနေခဲ့တယ်လေ။ မျက်ရည်တို့ တစ်သွင်သွင်စီးဆင်းရင်း ကျမ်စာထုပ်ကို ရင်မှာပိုက်လို့ ကျမ်းစာထားရာ အခန်းမှာ ငိုကျွေးနေခဲ့တာ သိပ်ချစ်ရတဲ့ မိဖုရားကြီးတောင် မနှစ်သိမ့်နိုင်တော့တဲ့အထိ။ ကေလာသနဲ့ နေမိန္ဒရကြားက တောင်ခါးပန်းငယ်မှာ မနူဟာရဲ့ မျက်ရည်တို့ သွန်းလောင်းခဲ့ဖူးတယ်။ မနူဟာရဲ့ သစ္စာဆိုသံတွေ ပဲ့တင်ထပ်ဖူးတယ်။ အနော်ရထာရဲ့ ဓါး နေရောင်မှာ ၀င့်ခနဲ လက်သွားခဲ့ဖူးတယ်။ အဲ့ဒီလိုပဲ လူပေါင်းများစွာလဲ ကမ္ဘာပေါ်က ပျောက်ကွယ် .. သူတို့သွေးနဲ့ အပင်တို့ ရေသောက်မြစ်တွေ ဖွဲ့တည်ခဲ့ဖူးတယ်။

သြော် ... မနူဟာရယ် .. မင်းရင်ခွင်ကို ငါ လှမ်းငေးကြည့်နေပါတယ် ...
မင်းရဲ့ ငိုကြွေးသံနဲ့ တပ်မဟာမှူး ကိုယ်ရံတော်ရဲ့ အနော်ရထာတို့ ကျမ်းစာခန်းထိ ၀င်လာနေပြီလို့ လျှောက်တင်သံအဆုံး မင်းရှိုက်လိုက်တဲ့ ရှိုက်သံဟာ ငါ့ရင်ကို ရိုက်ခတ်နေတယ် မနူဟာ။ တင်းကျပ်လွန်းတဲ့ စိတ်တစ်ခုနဲ့ မင်း အမြတ်တနိုးဖက်တွယ်ထားခဲ့တဲ့ ဒီကျမ်းကို မင်းတစ်ရှိုက်မက်မက် နမ်းလိုက်တယ်ဆိုတာ ငါ ခံစားမိလိုက်ပါတယ် ချစ်သော မနူဟာ။

စိတ်အစဉ်က မနူဟာကို လှမ်းသတိရလိုက်မိတယ်။ ဒီမြေဒီရေမှာပဲလေ။ မနူဟာ နန်းတည်ခဲ့တာ။ မနူဟာက ကေလာသကို ဘယ်လောက်ချစ်သလဲဆိုရင် သထုံမှာတောင် နန်းမတည်ပဲ ကေလာသတောင်မှာ နန်းတည်ခဲ့တယ်။ ခုလို နံနက်ချိန်ခါတွေမှာ သူ နန်းရင်ပြင်တံခါးဝကနေ သထုံကို ဘယ်နှစ်ခါလောက်များ လှမ်းကြည့်နေခဲ့မှာပါလိမ့်။ သူ့မျက်ဝန်းမှာ သာသနာ ( အဆုံးအမ ) နဲ့အတူ ရပ်တည်နေတဲ့ မွန်တို့ ဌာနေကို ဘယ်လောက်များ ဂုဏ်ယူနေမှာပါလိမ့်။ မနူဟာရဲ့ နူးညံ့တဲ့စိတ်တစ်ချို့ ရင်ထဲ တစ်စိမ့်စိမ့်စီးဝင်လာသလို။

တောင်နဲ့ ပင်လယ် ဘယ်ဟာကို ပိုကြိုက်သလဲ လို့ ကျွန်တော် သိပ်ချစ်ရတဲ့ နန္ဒာ့ကို မေးခဲ့ဖူးပါတယ်။ သူက ပင်လယ်ကမ်းခြေကိုပဲ ကြိုက်တာတဲ့။ ရေလဲ ဆော့ရသလို ကမ်းခြေမှာ အပမ်းဖြေရတာ သိပ်နှစ်သက်ဖို့ ကောင်းတယ်ဇော်ရဲ့တဲ့။ နောက် ကျွန်တော် သိပ်ချစ်တဲ့ဆရာမကို အလားတူမေးခွန်း မေးကြည့်ခဲ့ဖူးပါတယ်။ ဆရာမကလဲ ကမ်းခြေပါပဲတဲ့။ ကျွန်တော် နဲနဲတော့ အံ့သြမိတယ်။ ဒီလောက်မာယာများတဲ့ ပင်လယ်ကို လူတွေ ဘာ့ကြောင့်ချစ်ကြသလဲဆိုတာကို။ သူက သိပ်လှပါတယ်။ လူရဲ့စိတ်ကို နွေးထွေးစေတယ်။ ဒါပေမယ့် လှသလောက် သိပ်မာယာများတယ်။ ဒါပေမယ့် လူတွေက နှစ်သက်ကြတယ်။ ဒါလူ့သဘာဝများလား။

ကျွန်တော်ကတော့ တောင်ကိုပဲ နှစ်သက်မိတယ်။ ကျွန်တော့်ကို ခရီးတစ်ခုထွက်ဖို့ လာခေါ်တိုင်းတောင်ဆိုရင် လိုက်တတ်ပြီး ကမ်းခြေဆိုရင်တော့ အခုထိ ကျွန်တော် ငြင်းဆန်နေဆဲပါပဲ။ ( ဒီမှာတောင် ကျွန်တော် ကမ်းခြေတစ်ခါမှ မသွားဖူးဘူး။ ၁နှစ်ရှိပြီ။ )
တောင်ပေါ်ကနေ တောင်အောက်ကို လှမ်းကြည့်လိုက်လို့ မြင်လိုက်ရတဲ့ မြင်ကွင်းတွေ.. ဟိုးခပ်ဝေးဝေးမှာ စီးဆင်းနေတဲ့ မြန်မာ့မြေရဲ့ သွေးကြောဖြစ်တဲ့ မြစ်ငယ်တွေ ... အရာရာဟာ ကဗျာဆန်လွန်းလှတယ်။ ကျွန်တော့်သက်တမ်းတစ်လျှောက် တောင်ပဲ တက်ခဲ့ဖူးတယ်။ ပင်လယ်ကို မသွားဖူးခဲ့ဘူး။ ကျိုက်ထီးရိုးတောင်၊ သာမညတောင်၊ ချင်းတောင်၊ ခါကာဘိုရာဇီ၊ ကေလာသ၊ နေမိန္ဒရ၊ မိတ္ထီလာတောင်၊ ပုဂံက တောင်လေးတောင်၊ ပုပါး၊ မန္တလေး အစုံပါပဲ။

အတွေးနယ်ချဲ့နေတာ ဘယ်လောက်တောင် ကြာသွားလဲ မသိ။ ကျွန်တော့်ခြေထောက်တွေ ရပ်တာ ကြာလွန်းသွားလို့ တင်းကျပ်လာတော့မှ သတိထားလိုက်မိတယ်။ နေလုံးတောင် တောင်ထိပ်ရောက်ဖို့ အားယူနေပြီကိုး။ ကျွန်တော့်ဘေး ခရေပင်ပေါ်က ဥသြငှက်တစ်ကောင်က ပီပီသသကြီး ကျွန်တော့်ကို နှုတ်ဆက်လာတယ်။ တစ်ခါမှ မကြားဖူးခဲ့တဲ့ကျွန်တော် ... နဲနဲတော့ လန့်သွားမိတယ်။ ပြီးမှ ကျွန်တော်လဲ သူ့ကို ပြုံးပြီး နှုတ်ဆက်လိုက်တယ်။
မင်္ဂလာရှိတဲ့ နံနက်ခင်းလေးပါဗျာ ... ။


ကျွန်တော့်အာရုံထဲမှာတော့ အေးချမ်းလွန်းတဲ့ ခံစားမှုတွေကြောင့် လတ်ဆတ်နေသလိုပါပဲ။ ငြိမ်းချမ်းချင်းဆိုတာနဲ့ လွတ်လပ်မှုဆိုတာကို တပြိုင်နက် ခံစားလိုက်ရတဲ့ခန အရာအားလုံးကို တွယ်တာမဲ့ဖြစ်လာတာ မဆန်းဘူးထင်ပါရဲ့။ ဟိုးမိုးကုတ်စက်ဝိုင်းဆီ ကျွန်တော် အတားအဆီးမရှိ ပျံသန်းသွားချင်ပါတယ်။ အနှောင်အဖွဲ့တွေ ကင်းရာဆီပေါ့။

ကျွန်တော်စိတ်ကူးတွေနဲ့ လွင့်မျောနေတုန်း နောက်ဘက်ဆီက ခပ်ဖြေးဖြေးလှမ်းလာနေတဲ့ ခြေသံနဲ့အတူ ကျွန်တော့်အနားကို ကပ်လာတဲ့အရိပ်တစ်ခုကြောင့် တောင်တွေကို ငေးနေရာကနေ လှည့်ကြည့်လိုက်မိတော့ တိုးတိတ်ပြီး ပီသအေးဆေးတဲ့အသံနဲ့အတူ ဝေယျာဝစ္စတွေ ကူလုပ်ပေးနေတဲ့ အမကြီးရဲ့

ယောဂီလေး ... ဆွမ်းစားချိန်ရောက်ပြီမို့ ဆွမ်းစားကြွပါဘုရား ... တဲ့။

( ဒီစာမူလေးကို ကျွန်တော်ချစ်သော ကျွန်တော်၏အကို ကိုချမ်း ( ချမ်းလင်းနေ )ရဲ့
သြဂုတ်လ ၁၆ရက် မှာကျရောက်တဲ့ မွေးနေ့အတွက် မွေးနေ့လက်ဆောင် ပေးပါတယ်ခင်ဗျာ။ ကိုချမ်းမှာ ကျွန်တော်နဲ့ တူနေတာတစ်ခုက တရားထိုင်တာကိုပါပဲ။ အေးချမ်းမှုကို ကြိုက်နှစ်သက်တဲ့ စိတ်ဓါတ်တူ အကိုတစ်ယောက်မို့ ကျွန်တော် လေးစားချစ်ခင်မိပါတယ်။ ဒီ့အတွက် ကျွန်တော့်ရဲ့ ဘ၀မှာ ပထမဆုံး တရားစခန်း စ၀င်ဖြစ်တဲ့ ၁၉၉၉ ခုနှစ် ဧပရယ်လ သင်္ကြန် ဘုန်းဘုန်း ဦးဆန္ဒာဓိကရဲ့၁၀ရက် တရားစခန်း ရွှေပါရမီတောရ ( နေမိန္ဒရတောင်ခြေ ) မှာ တွေ့ကြုံခဲ့ရတဲ့ စိတ်ခံစားချက်တစ်ခုကို တတ်သလောက် ရေးဖွဲ့ပြီး လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်။ ကိုချမ်း မွေးနေ့မှသည် ဘ၀တစ်ခု ချုပ်ငြိမ်းသည်အထိ ချစ်သော ဇနီးသည် ( ကိုဝင်းကြည် ) ၊ မိသားစုနဲ့အတူ စိတ်အေးချမ်းကြည်လင်စွာ ရှိနိုင်ပါစေလို့ ဆန္ဒပြုရင်း ...။ )

Thursday, August 13, 2009

တစ်စုံတရာ

မောင် မလေးကို ချစ်လို့ လက်ထပ်ခဲ့တာ မဟုတ်ဘူး ဆိုတာကို မလေးအစထဲက သိပါတယ်။ မလေးကို မောင်က မောင့်မေမေရဲ့ သဘောဆန္ဒတစ်ခုကို မလွန်ဆန်နိုင်လို့ လက်ထပ်ခဲ့တယ်ဆိုပေမယ့် မလေးတို့ မြန်မာဓလေ့ထုံးတမ်းစဉ်လာအရ အကြင်လင်မယားဖြစ်ပြီးတဲ့နောက် မလေးဟာ မောင့်ရဲ့ အိမ်သူသက်ထားဖြစ်တယ်ဆိုတာလောက်တော့ အသိအမှတ်ပြုဖို့ကောင်းပါတယ်မောင်။ ခုတော့ ...

မလေးက မောင့်မေမေရဲ့ အကိုအကြီးဆုံး မောင့် ဘဘရဲ့ မိန်းမ ကြီးမေပြုံးရဲ့ ညီမ အငယ်ဆုံးက မွေးတဲ့တူမတစ်ယောက်၊ ငယ်လေးထဲက အဖေနဲ့ အမေ ဘုရားဖူးသွားရင်း ကားမှောက်ဆုံးပါးခဲ့တာမို့ ကြီးမေကပဲ တာဝန်ယူစောင့်ရှောက်ခဲ့ရတာ မလေး ဆယ်တန်းရောက်တဲ့အထိ။ မလေးဆယ်တန်းရောက်တဲ့နှစ်ကြတော့ ကြီးမေပြုံးနဲ့ ဘဘတို့နေထိုင်ရာ မန္တလေးကနေ ရန်ကုန်က မောင့်မေမေတို့ အိမ်ကို ဆယ်တန်းတက်ဖို့ ပို့ခြင်းခံခဲ့ရတယ်။ ကလေးမရခဲ့တဲ့ ဘဘနဲ့ ကြီးမေပြုံးတို့ရဲ့ သမီးအရင်းပမာ ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာ အေးဆေးတည်ငြိမ်စွာ နေတတ်လာတဲ့ မိန်းကလေးတစ်ယောက်မို့ မောင့်မေမေ ကြီးကြီးက မလေးကို သမီးတစ်ယောက်လို သိပ်သဘောကျ နှစ်သက်ခဲ့တယ်ဆိုတာ မလေးသိပါတယ်မောင်။ ဒါ့ကြောင့်မို့လဲ မလေးလို မိမရှိ ဘမရှိ မိန်းကလေးတစ်ယောက်ကို မောင့်မေမေက မောင့်လိုတစ်ဦးတည်းသောသားနဲ့ လက်ထပ်ပေးဖို့ စီစဉ်ခဲ့တာပေါ့။

မလေး ဆယ်တန်းကို ဂုဏ်ထူးလေးခုနဲ့ အောင်တော့ ဘဘတို့ ကြီးမေပြုံးတို့ မောင့်မေမေ ကြီးကြီးခင်တို့ ပြုံးပျော်နေကြတာကို မြင်ရတော့ မလေး စိတ်ချမ်းသာလိုက်တာ မောင်ရယ်။ မောင်ကိုယ်တိုင်တောင် မလေးကို တော်လေးဝင်က တော်သားပဲလို့ ချီးကျူးခဲ့တာကို အမှတ်ရမိပါသေးတယ်။ မလေး ဆေးတက္ကသိုလ်တက်တော့ မလေးကို မောင့်မေမေကပဲ ကြီးမေပြုံးနဲ့ ဘဘက ကျောင်းဆရာ အစိုးရ၀န်ထမ်းတွေမို့ ကျောင်းစရိတ်ကို သူတာဝန်ယူမယ်ဆိုပြီး အကုန်လုံးအစစ အရာရာ တာဝန်ယူခဲ့တယ်ဆိုတာ မောင်အသိပါ။ မလေးအတွက်ကတော့ မောင့်ဖေဖေနဲ့ မေမေဟာ မလေးရဲ့ ကျေးဇူးရှင်တွေ ဖြစ်ခဲ့ရတာကြောင့် မလေးကို မောင်နဲ့ လက်ထပ်ပေးချင်တယ်လို့ စကားစလာတော့ မလေးဘယ်လိုငြင်းရမလဲ မောင်ရယ်။ နောက်ပြီး မလေးကိုယ်တိုင်ကလဲ မောင့်ကို ....

မလေးရဲ့ တက္ကသိုလ်ကာလတစ်လျှောက်လုံး ဖြူစင်ခဲ့တယ်ဆိုတာကို အကိုတစ်ယောက်ပမာ တခါတရံ ကျောင်းပို့ကျောင်းကြို လုပ်ပေးတတ်တဲ့ မလေးမသိတဲ့ အင်္ဂလိပ်စာတွေကို ရှင်းပြပေးတတ်တဲ့ မလေးက ကိုလေးလို့ အမြတ်တနိုးခေါ်ခဲ့ရတဲ့ မောင် သိမှာပါလေ။ မလေးထက် ၂နှစ်ပဲ ကြီးပေမယ့် မလေးကိုအမြဲတမ်း အကိုကြီးတစ်ယောက်လို စာပဲ ကြိုးစားနော် တော်လေးဝင်။ စာသင်နေတဲ့အချိန်မှာ ဘာသံညာသံမှ ငါမကြားချင်ဘူး ဆိုပြီး ပြောတတ်ခဲ့တဲ့ကိုလေးကို မလေး ကြိတ်ပြီး တိတ်တိတ်လေး သဘောကျနေခဲ့မိတယ်ဆိုတာကို မောင်မသိတတ်နိုင်ခဲ့ဘူးမဟုတ်လားမောင်။
မလေးကိုဆို လူတိုင်းက မလေးလို့ ချစ်စနိုးခေါ်တတ်ကြပေမယ့် မောင်တစ်ယောက်သာ တော်လေးဝင်လို့ နာမည်အပြည့်အစုံ ခေါ်တတ်ခဲ့တာ မလေး မောင်တို့ အိမ်ကို ရောက်ကတည်းကဆိုတာ မလေး သတိပြုမိပါတယ်။ မလေးကိုဆို ခပ်တည်တည်နဲ့ နေတတ်ခဲ့တဲ့ မောင်ဟာ သူတစ်ပါးအပေါ်မှာတော့ ချိုသာ ဖော်ရွေလွန်းပြန်ပါတယ်။

မလေး ဆမ လက်မှတ်ရတဲ့အချိန်မှာ မထင်မှတ်ဘဲ မောင့်မေမေနဲ့ ဖေဖေက မလေးကို မောင်နဲ့ နေရာချထားပေးချင်တယ်ဆိုပြီး စကားစလာတော့ မောင်က မလေးရှေ့မှာတောင် ဟန်မဆောင်နိုင်စွာ ခါးခါးသီးသီးငြင်းခဲ့တယ်။ မလေးနေရာက ၀င်ကြည့်ပါဦး မောင်ရယ်။ မလေးက မိန်းကလေးပါနော်။ တစ်သက်လုံးဖြူဖြူစင်စင်နဲ့ နေလာခဲ့တဲ့ မိန်းကလေးပါ။ မောင့်ရဲ့ အဲ့လို ခါးခါးသီးသီးဖြစ်မှုဟာ မလေးရင်ကို ထိရှစေတယ်ဆိုတာ မောင်သတိပြုမိဖို့ကောင်းပါတယ်နော်။ မောင် မလေးကို မလိုချင်လဲ မလေးကွယ်ရာမှာ မောင့်မေမေတို့ကို ပြောလို့လဲ ရရဲ့နဲ့ မလေးကိုတမင်များ ထိခိုက်အောင်လုပ်တာလားလို့ မလေး မိုက်မဲစွာ တွေးမိခဲ့ဖူးပါတယ်။ ဒါပေမယ့်မောင်ရယ် .. မလေးဆိုတာ မောင့်ကိုသာ ချစ်ခဲ့မိဖူးတဲ့သူမို့ ....

မောင့်မေမေရဲ့ တစ်ချက်လွှတ်အမိန့်အောက်မှာ သားလိမ္မာပီသစွာ
ဘယ်တုန်းကမှ ကလန်ကဆန် ပြန်မလုပ်ခဲ့ဖူးတဲ့ မောင်ဟာ မလေးကို စိတ်မပါဘဲ လက်ထပ်ခဲ့ရတယ်ဆိုတာ မလေး အစကတည်းက သိခဲ့ပေမယ့် မောင်ရယ် .. မလေး ဘယ်လိုငြင်းရမလဲနော်။ မောင့်မိဘတွေဟာ မလေးအပေါ်မှာ မိဘရင်းနဲ့မခြားစောင့်ရှောက်ခဲ့တာ။ မလေးဆရာဝန်ဖြစ်တဲ့အထိ မလေးကို တာဝန်ယူခဲ့တာတွေကို မလေး ကျေးဇူးကန်းလို့မရဘူးဆိုတာ မောင်သိသင့်ပါတယ်လေ။
မလေးတို့ မင်္ဂလာဆောင်မှာ မျက်ရည်လေးစမ်းစမ်းနဲ့ ပြုံးပျော်ပြီး စိတ်ချမ်းသာနေတဲ့ ကြီးမေပြုံးနဲ့ ဘဘကို မြင်ရတော့ မလေးရင်ထဲမှာလေ မလေးကို မမွေးခဲ့ပေမယ့် မိမဲ့ဘမဲ့ တစ်ကောင်ကြွက်ဘ၀ကို သမီးအရင်းတစ်ယောက်လို သူတို့ရဲ့ အစိုးရ၀န်ထမ်းလစာလေးနဲ့ လောက်ငှအောင် ပြုစုစောင့်ရှောက်ခဲ့တဲ့ ကျွေးမိဘတွေကို စိတ်ချမ်းသာအောင်လုပ်ပေးနိုင်ခဲ့လို့ မလေးပျော်ရွှင်ခဲ့မိပါသေးတယ်မောင်။

မလေးတို့ လက်ထပ်ပြီးတဲ့နောက်မှာ မောင့်မေမေက မလေးတို့ကို အိမ်ခွဲပေးခဲ့လို့ ဘောက်ထော်က အိမ်ဝိုင်းလေးကို မလေးတို့ ပြောင်းလာတဲ့နေ့ကို မလေးမှတ်မိနေပါသေးတယ်။ မလေးကို စိတ်ရှုပ်စွာနဲ့ တစ်ချက်ကြည့်ပြီး အိမ်အသစ်မှာ မလေးကို တစ်ယောက်ထဲထား ထွက်သွားတဲ့မောင်ဟာ အဲ့ဒီနေ့ ညဥ့်အတော်ကြီး နက်မှ အရက်တွေ မူးပြီး ပြန်လာခဲ့တယ်။ ပြီးတော့ မလေးကို မင်းကို ငါမချစ်ဘူးကွ တော်လေးဝင်။ မင်းကြောင့် ငါ့ချစ်သူနဲ့ ကွဲရတာ။ ငါတို့ ချစ်ခြင်းကို ခွဲတဲ့မင်းကို ငါမုန်းတယ် လို့ အော်ကြီးဟစ်ကျယ်ပြောရင်း မူးမူးနဲ့ အိပ်ပျော်သွားတဲ့ မောင့်ကိုကြည့်ရင်း မလေး တစ်ညလုံး မျက်ရည်ကျခဲ့ရတယ်ဆိုတာ မောင်သိမှ သိပါလေစ။

အိမ်ထောင့်သက်တမ်းတစ်လျှောက်လုံးမှာ မလေးဘက်က မောင့်အပေါ် မယားဝတ္တရားဆိုတာထက် သာလွန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ အစစ တာဝန်ကျေခဲ့ပေမယ့် မောင်ကတော့ မလေးကို စကားတောင် ဟဟမပြောတတ်ခဲ့တော့တာ။ တစ်အိမ်တည်းနေပြီး မျက်နှာချင်းမဆိုင်တာ။ အိမ်ကိုညဥ့်အတော်နက်မှ ပြန်တတ်ခဲ့တာ။ မလေးထိုင်တဲ့ မြောက်ဒဂုံက ဆေးခန်းကို ယောင်လို့တောင် လှည့်မကြည့်ခဲ့တာ။ မလေးကို ဘာလိုလဲ တစ်ခွန်းမှ မေးဖော်မရခဲ့တာ။
မလေးကို မောင် ဥပေက္ခာပြုခဲ့တာတွေဟာ မလေးရင်ကို ထိရှကြေကွဲစေပါတယ်မောင်။ မလေးက မိန်းမသားပါ မောင်ရယ်။ လက်ထပ်ထားပြီးပြီဆိုပေမယ့် ယောက်ျားတစ်ယောက်ကို ချစ်တယ်လို့ ဘယ်လို ပြောရပါ့မလဲနော်။ မလေးတို့ မိန်းကလေးတွေဆိုတာ ယောက်ျားလေးကို ချစ်နေလဲ လျှို့ဝှက်ထားခဲ့ရစမြဲမဟုတ်လား။ မလေးကျေနပ်ပါတယ်မောင်။ မလေးချစ်တဲ့မောင်နဲ့ ခုလို တစ်မိုးအောက်မှာ အတူရှိနေတယ်ဆိုတဲ့ ခံစားချက်ကတင် မလေးအတွက် အရာအားလုံးပြီးပြည့်စုံခဲ့ပါတယ်။ မလေး မောင့်ကိုချစ်တယ်။

မလေးတို့ အိမ်ထောင်သက် တစ်နှစ်ပြည့်ကာနီးလေးမှာပါပဲ။ မလေးမမျှော်လင့်ခဲ့မိပါဘူးလေ။ မောင်လုပ်နေတဲ့ ကုပ္မဏီကို မောင့်ရဲ့ ချစ်ဦးသူက မရ အရ အလုပ်လျှောက်ပြီး ခန့်ထားခံခဲ့ရတယ်။ ပြီးတော့ မောင့်ကို ပြန်ဆက်သွယ်တယ်။ မောင်ကလဲ အစပိုင်းက ခပ်တည်တည်ဆိုပေမယ့် ချစ်ဦးသူဆိုတဲ့ စိတ်ကြောင့် လိုက်လျောမှုတွေ ရှိလာတယ်။ ဒါတွေကို မလေးသိပါတယ်မောင်။ မလေးကို မောင့်အကြောင်း ပြောပြမယ့် ပြောချင်နေကြတဲ့ ပတ်ဝန်းကျင်က လူတွေ အများကြီးရှိတယ်ဆိုတာ မောင်သိဖို့ကောင်းတာပေါ့နော်။ အရင်ကထက် အိမ်ပြန်နောက်ကျတတ်လာတဲ့မောင်၊ အရက်တွေ မူးအောင်သောက်တတ်လာတဲ့မောင့်ကို မလေး ဘယ်လိုမှ မကြည့်ရက်ခဲ့တာ အမှန်ပါ။

ဆိုက်အင်ဂျင်နီယာ မောင်နဲ့ ပစ္စည်းအ၀ယ်စာရင်းကိုင် မောင့်ချစ်ဦးသူတို့ ဘယ်လောက်ထိ အဆက်ဆံရှိကြတယ်၊ အတူစား အတူသွား အတူလာဖြစ်နေကြတယ်ဆိုတာ မလေး တမင်မေ့ထားလဲ မသိချင်ယောင်ဆောင်လဲ မလေးသိသိနေရတာပါပဲ မောင်ရယ်။ မလေးနေရာက ၀င်ပြီး ခံစားကြည့်ပေးဖူးရဲ့လားလို့ မောင့်ကိုမေးလိုက်ချင်ပါတယ်။ မလေးမှာ အဲ့ဒီအခွင့်အရေး မရှိခဲ့ဘူးဆိုပေမယ့် မလေးက မောင့်ရဲ့တရားဝင် မယားတစ်ယောက်ပါလေ။ ဒါပေမယ့် မလေးကြောင့်မို့ ဘယ်သူမှ စိတ်မဆင်းရဲစေချင်ခဲ့လို့ မောင့်မေမေနဲ့ ကြီးမေပြုံးကိုတောင် မလေး ဖွင့်မပြောပြခဲ့ဖူးပါဘူး။ မလေးထိုက်နဲ့ မလေးကံလို့ပဲ မလေးခံယူထားခဲ့လို့ပါ။

ဒါပေမယ့် မောင်ရယ်။ မောင် ရှားရှားပါးပါး ပြန်စားခဲ့တဲ့ ညစာစားပွဲမှာ မလေးက မောင့်ကို ကိုလေး .. မခင်ဦးနဲ့ ပြန်ဆက်နေတယ်ဆို။ မလေးကို လူတွေပြောကြလို့ပါ .. လို့ ခပ်အေးအေး မေးခဲ့မိတာကို မောင်က ရုတ်တရက် ထမင်းစားပွဲကထပြီး ထွက်သွားတယ်။ မလေး လန့်ပြီး စိတ်မကောင်းလဲ ဖြစ်ခဲ့မိတယ်။ ဒါ့ကြောင့်နောက်ကနေ လိုက်ပြီး မလေးက တောင်းပန်တာကို မောင်က မလေးကို ထပ်ပြောလို့ဆိုပြီး တစ်ခါမှ ရွယ်တောင် မရွယ်ခဲ့ဖူးတဲ့ မလေးပါးကို ရိုက်ခဲ့တယ်။ နောက်ထပ်ပြောရင် မင်းနဲ့ ငါ လမ်းအခွဲပဲ တဲ့။ အဲ့စကားပြောပြီး လှည့်မကြည့်စတမ်းထွက်သွားခဲ့တဲ့ မောင့်ကျောပြင်ကို မလေး ခပ်ငေးငေးကြည့်နေခဲ့မိပေမယ့် မလေးရင်ထဲမှာ နာကျင်ရလွန်းလို့ ဘာဆိုဘာမှ မကျန်တော့လောက်အောင်ကိုပါပဲမောင်။

အဲ့ဒီနောက်ပိုင်းကစလို့ မောင်ဟာ အပြင်မှာတောင် အိပ်တဲ့ရက်တွေ ရှိလာခဲ့တယ်နော်။ တစ်အိမ်လုံးမှာ မလေးတစ်ယောက်တည်းပါမောင်။ မလေးလဲ အားငယ်တတ်တဲ့ မိန်းမတစ်ယောက်ပါ။ တစ်ညလုံး လင်ယောက်ျားပြန်အလာကို မိုးအလင်းစောင့်ရတဲ့ အချိန်တွေလောက် ရင်နာရတာ မရှိတော့ပါဘူးလေ။ မလေးကျတဲ့မျက်ရည်ကိုလူမြင်ရင် မောင့်ကို အပြစ်တင်ကြမှာစိုးလို့ မလေး တိတ်တဆိတ် ကြိတ်ငိုခဲ့ရတာတွေ မောင်မြင်နိုင်ခဲ့ရင် သိပ်ကောင်းမှာလို့ မျှော်လင့်ခဲ့မိပေမယ့် မောင်ကတော့ ပေါ်မလာခဲ့ပါဘူး။
မောင်ရယ် .. မလေးမှာ ၀ဋ်ကြွေးတစ်စုံတရာရှိခဲ့မယ်ဆိုရင် ကျေပါစေတော့လေ ...။

တစ်နေ့ညနေခင်းပေါ့မောင်ရယ်။ မလေးဆေးခန်းထိုင်နေတုန်း ဆေးခန်းမှာ မလေးတစ်ယောက်တည်းရှိနေတဲ့အချိန် မောင့်ချစ်ဦးသူရောက်လာခဲ့ပြီး
တော်လေးဝင် .. မင်းကို ဗညားမွန်က မချစ်ဘူးဆိုတာ မသိဘူးလား။ မင်းကြောင့် သူအမြဲစိတ်ဆင်းရဲရတယ်ဆိုတာ ငါ့ဆီမှာ အမြဲတမ်း ရင်ဖွင့်နေကျမို့ ငါမကြည့်ရက်နိုင်တော့လို့ ငါလာတွေ့ရတာပဲ။ မင်း ဘာလို့ ဗညားမွန်ဘေးမှာ ဆက်ရှိနေသေးတာလဲ တော်လေးဝင်။ မင်းကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေတဲ့ ဗညားကို ငဲ့ညှာသင့်တယ်။
ဒီလိုစကားမျိုးတွေကို မျက်နှာမာမာနဲ့ လာပြောသွားတဲ့ အဲ့ဒီ မောင့်ချစ်ဦးသူကိုလေ မောင့်မျက်နှာတစ်ခုတည်းနဲ့ မလေး ဘာဆိုဘာမှ ပြန်မပြောလိုက်ပါဘူးမောင်။ ဒါဟာ မလေး မောင့်ကို ချစ်လို့ပါ။ ဒါပေမယ့် မလေးဟာ ပညာတတ်အမျိုးသမီးတစ်ယောက်ဆိုတာ သိခဲ့ဖို့ကောင်းပါတယ်လေ။

အဲ့ဒီည မောင်ပြန်လာတော့ မလေးကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေရတယ်ဆိုတဲ့ မောင့်ကို မလေး တိတ်တိတ်လေး ငေးကြည့်ခဲ့မိတယ်။ မောင်ကတော့ မလေးကို သတိမပြုမိစွာပဲ အိပ်ယာဝင်သွားတယ်။ အဲ့ဒီညက မလေးတစ်ညလုံးမအိပ်ဘဲ မောင့်ကို ထိုင်ကြည့်နေခဲ့မိတယ်မောင်။ မလေးရင်ထဲမှာလေ ...

မောင် ..
အချစ်ဆိုတာ ကိုယ်မျှော်လင့်တိုင်းလဲ ပြန်ရနိုင်တာမဟုတ်မှန်း မလေးသိလိုက်ရတဲ့နောက်မှာ မလေးချစ်မိတဲ့သူကို မလေးကြောင့် စိတ်မဆင်းရဲစေချင်ပါဘူး။ မောင့်ကိုမပြောပြဖြစ်ခဲ့တဲ့ အရာတစ်ခု မလေးမှာ ရှိနေခဲ့ပါတယ်မောင်။ အဲ့ဒါကတော့ မလေးမှာ သွေးကင်ဆာဖြစ်နေခဲ့တယ်ဆိုတာပါပဲ။ မလေးသိထားခဲ့ပေမယ့် ဒါကို မလေးကုဖို့ မကြိုးစားခဲ့ပါဘူး။ မလေးမှာ ရှင်သန်လိုစိတ်မရှိခဲ့ပါဘူးမောင်။ မိဘမဲ့တစ်ကောင်ကြွက်မို့ မောင့်တစ်မျက်နှာ တစ်ရွာထင်ခဲ့မိတဲ့မလေးအဖို့ အရာအားလုံးဟာ ...

မလေးကြာကြာမနေရတော့ဘူးဆိုတာ သိနေတာမို့ မလေးအတတ်နိုင်ဆုံး မလေးရဲ့လူနာတွေကို မလေးဂရုစိုက်ခဲ့တယ်။ နောက်ပြီး မလေး မန္တလေးကို ခနပြန်ချင်တယ်လို့ မောင့်ကို ခွင့်တောင်းတော့ မောင်က ရှောရှောရှူရှူပဲ ခွင့်ပြုခဲ့တာမို့ ကြီးမေပြုံးနဲ့ ဘဘကို ကန်တော့ဖို့ အခွင့်အရေးရခဲ့တယ်။ ဒီအတွက် မောင့်ကို ကျေးဇူးတင်ပါတယ်မောင်။
သမီး မလေးရယ်။ ပိန်သွားလိုက်တာ။ နေမကောင်းဘူးလားကွယ်။ မျက်နှာကလဲ ဖြူဖတ်ဖြူရော်နဲ့။ ဒီကိုတစ်ယောက်တည်းလာရလားကွယ်။ မောင်ဗညားရော
လို့ မေးလာတဲ့ ကြီးမေရဲ့ အမေးကို မလေးကောင်းကောင်းပြန်မဖြေနိုင်ခဲ့ပါဘူး။ မလေး တစ်သက်နဲ့တစ်ကိုယ် ကြီးမေတို့အပေါ် ဒီတစ်ခါပဲ လိမ်ညာခဲ့လိုက်မိတယ်။ မောင်အလုပ်တွေများနေလို့ လိုက်ချင်ပေမယ့် မလိုက်နိုင်တဲ့အကြောင်း။ ကြီးမေကတော့ ဘာမှ ဆက်မမေးတော့ပေမယ့် စိတ်ထဲကောင်းပုံမရတာတော့ မလေးသိပါတယ်။ ဒါပေမယ့် မောင်ရယ်။ မလေးမှာ တကယ်ကို စကားလုံးမရှိခဲ့လို့ပါလေ။

မန္တလေးကပြန်လာပြီးတော့ မလေး မောင့်မေမေနဲ့ ဖေဖေကို သွားကန်တော့တယ်။ လူကြီးတွေရှေ့ အတတ်နိုင်ဆုံး မလေးရဲ့ ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့မျက်နှာကို ဖုံးဖိဖို့အတွက် မလေးတစ်ခါမှ မသုံးခဲ့ဖူးတဲ့ မိတ်ကပ်တွေ နှုတ်ခမ်းနီတွေ သုံးခဲ့မိတယ်။ မောင့်မေမေ ကြီးကြီးခင်ကတောင် အိမ်ထောင်ကျမှ အလှပြင်တတ်လာတယ်ဆိုပြီး မလေးကို ပြုံးလို့ စနောက်ခဲ့သေးတယ်။ လူကြီးတွေ စိတ်ကျေနပ်နေကြတာ မြင်ရတော့ မလေး စိတ်ချမ်းသာမိရတယ်မောင်။ ဘာဖြစ်ဖြစ် မလေးနောင်တမရပါဘူးလေ။ အရာအားလုံးဟာ မလေးရဲ့ကံပါပဲ။

မလေးကို မောင့်အပေါ်မှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် လုပ်ခဲ့မိသမျှတွေအတွက် ခွင့်လွှတ်ပါလို့ တောင်းပန်ရင်း ကန်တော့ပါတယ်။ ဘာပဲဖြစ်ဖြစ် မလေးကျေနပ်ပါတယ်။ မလေး မောင်နဲ့အတူ အချိန်တစ်ခုမှာ အတူရှိနေခွင့် ရခဲ့လို့ပါ။ ကျေးဇူးတင်ပါတယ်မောင်။
မလေးရဲ့ ဆေးခန်းကို ငွေကြေးမတတ်နိုင်တဲ့ လူသားတွေအတွက် မလေး မပိတ်ရက်နိုင်ခဲ့လို့ မလေးကျောင်းတုန်းက သိပ်ခင်ခဲ့ရတဲ့ သူငယ်ချင်း ငုဝါကို လွှဲပေးခဲ့ပြီးပါပြီ။ မလေးလုပ်စရာရှိတာ အကုန်လုပ်ပြီးတဲ့နောက်မှာ မလေး အရာအားလုံးနဲ့ဝေးရာ အေးမြတဲ့ တရားရိပ်ကိုရောက်နေခဲ့ပါပြီ။
မလေးအတွက် ၁လလောက်သာ ကျန်တော့တဲ့ အချိန်ကို မလေး အေးမြတဲ့အရိပ်တစ်ခုမှာ ခိုလှုံဖို့အတွက် မလေးအရာအားလုံးကို အနှောင်အဖွဲ့ကင်းစွာ ချန်ထားခဲ့ပါတယ်။ မလေးမှာ ပိုင်ဆိုင်ရာ ဘာမှ မရှိပါဘူးမောင်။ မလေးမှာ မောင့်ကိုချစ်ရတဲ့ အချစ်တောင် ပိုင်ဆိုင်ခွင့်မရခဲ့ပါဘူးလေ။

ဒီစာကို မောင် ဖတ်နေတဲ့အချိန်မှာ မလေး မောင်နဲ့ဘယ်တော့မှ ပြန်မဆုံနိုင်တော့မယ့် မောင့်ဆီ ဘယ်တော့မှ ပြန်လာလို့ မရတော့မယ့် ခရီးဝေးတစ်ခုကို အပြီးတိုင် ထွက်ခွါနေလောက်ပါပြီ။
ဘ၀တစ်ခုမှာ ချစ်ခွင့်တစ်ခါပဲ မလေး ကြုံခဲ့ဖူးပါတယ်။ အဲ့ဒီတစ်ခါမှာပဲ မလေးနှလုံးသားသေဆုံးခဲ့တယ်။ အဲ့ဒီနှလုံးသားရုပ်ကြွင်းကို ဒီစာနဲ့အတူ မောင့်အတွက် မလေးနောက်ဆုံးထားခဲ့တယ်။ မောင် ပျော်ရွှင်စေဖို့ ..

စာလေးအဆုံးသတ်တဲ့အထိ ကျွန်တော်ေ၀၀ါးစွာ ဖတ်နေမိသည်။ စာကြောင်းတွေ ပြီးဆုံးသွားတဲ့နောက် ကျွန်တော့်မျက်ဝန်းမှာ မြူတို့ ဖွဲ့သီ၏။ ထို့အတူ တစ်စုံတရာကလဲ ရင်ကို ပြင်းထန်စွာ ၀င်ရောက်၏။ ထိုအရာကား နောင်တနှင့်အတူ ချစ်ခြင်းတရား ...။

Wednesday, August 12, 2009

အညတရ အိပ်မက်များ

အလင်းတွေထဲ
အညတရဆန်ဆန် ငါနေမယ်။
အမှောင်ထုထဲ
အညတရဆန်ဆန် ငါနေမယ်။

ခြေလှမ်းတွေလည်း
အညတရဆန်ဆန် ငါနေမယ်။
အတွေးတွေထဲ
အညတရဆန်ဆန် ငါနေမယ်။

မင်းရှေ့မှာလည်း
အညတရဆန်ဆန် ငါနေမယ်။
ငါ့တစ်ယောက်တည်း
အညတရဆန်ဆန် ငါနေမယ်။

ချစ်ခြင်းမှာလည်း
အညတရဆန်ဆန် ငါနေမယ်။
ဒဏ်ရာတွေထဲ
အညတရဆန်ဆန် ငါနေမယ်။

ညနေကော်ဖီများနဲ့
အညတရဆန်ဆန် ငါနေမယ်။
စိတ်ချင်းနီးသူတွေထဲ
အညတရဆန်ဆန် ငါနေမယ်။

ငှက်တစ်စင်းရဲ့ ချစ်ခြင်းအားဖြင့်
အညတရဆန်ဆန် ငါနေမယ်။
ဧရာဝတီရဲ့ ရာဇ၀င်တွေထဲ
အညတရဆန်ဆန် ငါနေမယ်။

Globalization ထဲ
အညတရဆန်ဆန် ငါနေမယ်။
Global warming ထဲလည်း
အညတရဆန်ဆန် ငါနေမယ်။

လူငယ်တွေဟာ အနာဂတ်တဲ့
အညတရဆန်ဆန် ငါနေမယ်။
ပစ္စုပန်က နှုတ်ခမ်းနာနဲ့
အညတရဆန်ဆန် ငါနေမယ်။

ငြိမ်းချမ်းရေး ( လို့ဆိုတဲ့ ) စစ်ပွဲတွေထဲ
အညတရဆန်ဆန် ငါနေမယ်။
ငါမသိလိုက်တဲ့ သဘောထားတွေနဲ့
အညတရဆန်ဆန် ငါနေမယ်။

ရင်ကွဲနာကျ ကမ္ဘာထဲ
အညတရဆန်ဆန် ငါနေမယ်။
ကမ္ဘာပျက်ချိန်တောင်မှပဲ
အညတရဆန်ဆန် ငါနေမယ်။

တွေးရင်းတွေးရင်း
ငါ့ကိုယ်ငါလည်း ရယ်မိပါရဲ့
အညတရဖြစ်ဖို့
အညတရဖြစ်ကြောင်း
ခေါင်းစဉ် အကြီးကြီးတပ်လို့ရယ် ...၊
သူကိုယ်၌တောင်
( ငါနဲ့ လူတစ်ချို့ပဲ သိမယ့် )
အညတရဖြစ်မှန်း
ဒီကဗျာ မသိရှာဘူး ...။

လင်းစက်ရာ
၁၈၊၆၊၀၉

Sunday, August 9, 2009

ခုတလော

တွေးနေမိတာက
အသက်ဘယ်လို ရှူရမလဲဆိုတာကို... ( စိတ်တွေ စုစည်းမရလို့ )
ကျွန်တော့်ကိုယ်ပိုင်စိတ်ကူးတွေ ထွန်းလင်းချင်တယ်။
ကျွန်တော် ... အတောင်ပံသေးသေးလေးပိုင်တဲ့ နတ်သမီး ( Fairy ) သေးသေးလေး ဖြစ်ပြီး ပန်းဝတ်မှုံတွေပေါ် ပြန်သန်းလို့ရရင်ကောင်းမယ်။ လက်ထဲမှာလဲ လိုတရ နှင်တံသေးသေးလေး ကိုင်လို့ ...။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
ဇော် .. နင့်စိတ်တွေ ဟိုးအောက်ဆုံး နွံထဲအထိ နစ်မြုပ်ပျော်ဝင်နေပြီ။ ပြန်တင်းလိုက်စမ်း။ ရုန်းလိုက်စမ်းပါဟာ။ လွတ်မြောက်ရာကို။ ဒါတွေဟာ ဘာမှမဟုတ်တဲ့ အရာလေးတွေပါ။ အေးဆေးပေါ့။ နင်ဒီလောက်တော့ လုပ်နိုင်ပါတယ် ဇော်။ ဒါကို ငါ အသေအချာယုံကြည်တယ်။

ကျန်းမာရေး
မျက်စိက ပါဝါတိုးနေပြီ ဆိုတာ သေချာသလောက်ရှိနေပြီ။ မျက်မှန်တပ်ရမှာ ပျင်းတိုင်း မတပ်ပဲနေပြီး ကွန်ပြူတာကို ကြည့်ခဲ့သမျှ ခုတော့ လုံးပါးပါးပြီပေါ့။
အစည်းအဝေးရှိတယ်ဆိုတိုင်း ရင်ဘတ်ဖိရလွန်းလို့ နှလုံးရောဂါဖြစ်ဖို့က သေချာသလောက်ပဲ။
စာရင်းစာအုပ်ဆိုတဲ့ အသံကြားတာနဲ့ ကိုက်လိုက်တဲ့ခေါင်းက အချိန်မှန်ကို ဖြစ်လို့။ အရင်ဘ၀က ငါးစိမ်းသည်ဖြစ်ခဲ့ပြီး ငါးခေါင်းတွေ ထုခဲ့တယ် ထင်ပါရဲ့။ အခုတော့ စာရင်းစာအုပ်တွေရဲ့ ကျွန်တော့်ခေါင်းကို ၀ိုင်းထောင်းခြင်းခံနေရတယ်။
ဒီနေ့ မြေအောက်သုံးလွှာမှာ ကွန်ပြူတာနဲ့ ရီပို့တင်ရမယ်ဆိုရင်လေ အသက်ရှူမ၀တော့လို့ အရေးပေါ်ခန်းတောင် ရောက်မတတ်ဘဲ။
ဒီမှာသာ ကြာကြာနေရင် ဘယ်တော့ကြွမယ်မသိ။ အဲ့လောက်ကို ကျန်းမာရေးက ဒေါင်ဒေါင်မြည်တာ။ ဒီလောက် ကျန်းမာရေးကောင်းနေတာ တစ်ခါမှကို မကြုံဖူးသေးဘူး။
ဒီနေ့လား နံနက်ဖြန်လားတဲ့။

ဖတ်ဖြစ်တဲ့စာအုပ်တွေက
ဒေါ်လေးမေ ( မနော်ဟရီ ) ရဲ့ ကဗျာပြခန်း၊ ပြီးတော့ လင်းစက်ရာ။ ပြီးတော့ စာအုပ်တွေ .... စာအုပ်တွေ .... ( လူတစ်ကိုယ်လုံးကို နစ်မြုပ်လို့၊ မနားတမ်း ကူးခတ်နေတာလေ .. အဲ့ပင်လယ်ထဲမှာ။ )

ရောက်နေဖြစ်တာက
အွန်လိုင်း စာအုပ်စင်

ရေးဖြစ်နေတာက
ဝတ္တုတိုတွေ။ ကျွန်တော့်တို့အိမ်အတွက်လေ။ မေးလ်ထဲမှာ Draft နဲ့ Save လုပ်ထားတာတွေရော။ ကွန်ပြူတာထဲမှာ Ward နဲ့ သိမ်းတာတွေရော။ ဦးနှောက်ထဲမှာ အခန်းကန့်ထားတာတွေရော။ စုံလို့။ ပြီးရင် Schedule နဲ့ တင်ထားတယ်။ ဟဲဟဲ။

နားထောင်ဖြစ်နေတာက
လေတိုးသံ တိုးတိုးလေးတွေကို။ ( ကျွန်တော်အနှစ်သက်ဆုံး အသံပါပဲ။ )

ရွတ်နေမိတဲ့ကဗျာက
ကြယ်ကြွေတစ်စင်းလို အလင်းလက်လက်နဲ့ တရှိုက်မက်မက်ကျဆုံးလိုက်တယ်
မင်းတောင်းမယ့်ဆုတွေအတွက် တစ်ဘ၀လုံးရင်းပြီးတော့။
( လင်းစက်ရာရဲ့ ကဗျာ။ )

ဖြစ်ချင်နေတာက
စိတ်ကို အစိုးရသောသူ။
အရာအားလုံးရဲ့ လွတ်မြောက်ရာ ... ကိုယ့်စိတ်ကိုယ် ကိုယ်သိနိုင်တဲ့ နယ်မြေ ... အဲ့ကို သွားချင်တယ်။

စားဖြစ်နေတတ်တာက
စိတ်ကူးပေါက်ရာ

သနားနေမိတာက
ကိုယ့်ကိုယ်ကိုယ်။ အဆုံးအစမရှိမှန်း ( အဓိပါယ် မရှိမှန်း )သိရဲ့နဲ့ မက်မောတွယ်တာတတ်လွန်းလို့။

လွမ်းနေမိတာက
မွေးရပ်မြေ၊ ကေလာသ နဲ့ နေမိန္ဒရ တောင်ခြေ တောရကျောင်းကလေး။

မေ့လျော့ပစ်နေမိတာက
မဖြစ်နိုင်မှန်းသိရဲ့နဲ့ လိုချင်နေခဲ့မိတဲ့ ကျွန်တော့်အိပ်မက်တွေကို။
ပြီးတော့ ... အတိတ်က ( အမှားတိုင်းရဲ့ ) နောင်တ။

ခါးသက်နေမိတာက
ချွဲချွဲနွဲ့နွဲ့ ပြောတတ်တဲ့၊ လေယူရာတိမ်း ယိမ်းတတ်တဲ့ ဟိုးအဝေးက သက်ရှိလူသားလေးတွေအကြောင်း။
ပျော့ညံ့လွန်းတဲ့စိတ်။
ပြီးတော့ ... မရိုးဖြောင့်မှုရဲ့ နောက်ကွယ်က အတင်းအဖျင်း။

တမ်းတနေမိတာက
ဦးချစ်လက်ဖက်ရည်ဆိုင်က ကျစိမ့်တစ်ခွက်နဲ့ ဆရာဇော်ဂျီကဗျာတွေ။ ( အလကားရတဲ့ ရေနွေးကြမ်းအိုးတွေ ပါသေးတယ်။ စကားပြောကောင်းကောင်းနဲ့ သောက်ကြတာ။ )
ဒဂုံတက္ကသိုလ် ဆုံစည်းရာက စာပေလုလင်အဖွဲ့။ ရန်ကုန်တက္ကသိုလ် သစ်ပုပ်ပင်အောက်က ကဗျာ အစည်းအဝေး။
ကန်ဘောင်မှာ တစ်ယောက်တည်း အတွေးနယ်ချဲ့ရင်း သောက်နေကျ ကော်ဖီခါးခါးတစ်ခွက်။
( ခုလို ဘလော့နဲ့ စာရေးမိနေတဲ့ အချိန်မှာ သူတို့ကို ကျွန်တော် ပိုလွမ်းမိတယ်။ ကျွန်တော်တို့ အတိတ်က နေ့ရက်တွေမှာ အတူ ကဗျာတွေ စာတွေကို ရူးခဲ့ကြဖူးတယ်။ ပန်းချီတွေ ချယ်ခဲ့ကြဖူးတယ်။ သီချင်းတွေ ရေးခဲ့ကြဖူးတယ်။ စာအုပ်တိုက်တိုင်းကို ပို့ခဲ့ဖူးကြတယ်။ ဒါပေမယ့် အရွေးမခံခဲ့ရဖူးဘူး။ ခုလို အချိန်မှာ သူတို့ကို သိပ်သတိရတယ်။ )

ကြိတ်ပြီးချီးကျူးနေမိတာက
လုပ်မယ်လို့ ဆုံးဖြတ်ထားပြီး တကယ်လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ မိန်းမတွေ။
သွေးအေးပြီး ပြတ်သားတဲ့ မိန်းမတွေ။

ကြိတ်ပြီးအထင်သေးနေမိတာက
မိန်းမတစ်ယောက်လောက်တောင် သတ္တိမရှိတဲ့ အနှီ ထိုယောက်ျား။
လွတ်လပ်စွာ လုပ်ပိုင်ခွင့်တွေထဲမှာ သူတစ်ပါးကို ထိခိုက်စေတဲ့ အပြုအမူမျိုးကို မစဉ်းစားမဆင်ခြင်ဘဲ လုပ်တတ်တဲ့ အနှီ ထိုလူသား။

ဆန္ဒမရှိတဲ့နေရာ
ကပွဲ ( ပါတီ ) ခန်းမ။ ရောင်စုံတွေကြား နားကွဲမတတ် အော်ဟစ်နေကြတဲ့ အသံတွေနဲ့ ယစ်မူးနေကြတဲ့သူတွေကို ကြည့်ရတာ အန်ချင်လို့။

ဆန္ဒရှိနေတဲ့ကိစ္စ
ကေလာသတောင် နဲ့ နေမိန္ဒရ တောင်ခြေက တောကျောင်းလေးကို ပြန်ချင်တယ်။ ( အဲ့ဒီတောရကျောင်းရဲ့ နာမည်ကို တရားထိုင်တာကို ခုံမင်နှစ်သက်တဲ့သူတိုင်း သိကြမှာပါ။ ရွှေပါရမီတောရတဲ့။ )
တစ်ယောက်တည်း ဂျောင်တစ်ဂျောင်မှာ တိတ်တဆိတ် ထိုင်ပြီး ကော်ဖီတစ်ခွက်နဲ့ စာတစ်အုပ်နဲ့ ရှိနေရရင် ဘယ်လောက်ကောင်းမလဲ။

မုန်းတီးနေမိတာက
ငရုတ်သီး။ ( ကုလားအော်သီး )
( ပုံစံကြည့်တော့ ဟုတ်မလိုလိုနဲ့ သေးသေးလေးနဲ့တောင် အတော်စပ်တယ်။ လူကို ပူထူနေအောင် အတော်ကို ဒုက္ခပေးတတ်တဲ့ ဟာလေး။ )

ချစ်နေတာက
စာအုပ်တစ်အုပ်၊ ခဲတံတစ်ချောင်း။ စိတ်ရဲ့ ထွက်ပေါက်လေ။ ခဲတံဆိုတော့ ပြန်ဖျက်လို့ ရတာပေါ့။
ဘ၀ကိုလဲ အဲ့လိုပဲ ဖြစ်ချင်တယ်။ ဘောပင်နဲ့ သမိုင်းရေးတာထက်စာရင် ခဲတံနဲ့ ခဲဖျက်က အဆွေခင်ပွန်းကောင်းများ ဖြစ်မလားလို့။ နောင်တတွေကို ပြန်ပြင်ခွင့်ရှိမယ်ဆိုရင်ပေါ့။ ( စင်းလုံးချောမဟုတ်ပေမယ့် အနာသက်သာမယ် ထင်ပါရဲ့။ )

စိတ်ပျက်နေမိတာက
လေထုညစ်ညမ်းမှု။ အသက်ရှူမ၀ဘူး။
ကိုယ့်ကိုယ်ကိုယ် အထင်ကြီး ယစ်မူးနေတဲ့သူတွေ။ ( တစ်နေ့ ပြာဖြစ်ကြမှာကို မသိကြတဲ့အတိုင်းပဲ။ )

စွဲလန်းနေမိတာက
တိတ်ဆိတ်ခြင်း။
(ဘာသံမှ မရှိဘဲ လေတိုးသံလေးတစ်ခုပဲ နားစည်မှာ လာရိုက်နေတာကို ခံစားမိဖူးလား။ သိပ်ညင်သာတယ်။ ပြီးတော့ သိပ်နားထောင်လို့ကောင်းတယ်။ )

လိုအပ်နေတာက
စွဲလန်းတာတွေရဲ့ တစ်ဖက်ခြမ်းက လွတ်မြောက်မှု။ ပြီးတော့ ခံစားမှုမဲ့ ငြိမ်းအေးရာ။

တောင်းနေမိတဲ့ဆု
ငါသည်သာ ပန်းတစ်ပွင့်ဖြစ်၍ နောက်တစ်ကြိမ်ပြန်ပွင့်ခွင့်ရခဲ့သော် ... တဲ့။ အဲ့စာသားလေး သွားသတိရမိလိုက်တယ်။

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
စကားလုံးမဲ့ အသံမဲ့ ခံစားမှုတွေ
ဘ၀ဆိုတာ ဘာလဲ >>>

ဝန်ခံချင်တာက
ဒီတက်ဂ်ပိုစ့်ကို အစောကြီးထဲက တင်ချင်ပေမယ့် Schedule နဲ့ တင်ပြီးသား စာမူတွေ ရှိနေခဲ့လို့ ခုမှ တက်လာတာပါ။ ပြီးတော့ ဒီစာမူက ဒေါ်လေးမေ ( မနော်ဟရီ ) ကျွန်တော့်ကို တက်ဂ်ကတည်းက ရေးပြီးသား။ ကျွန်တော့်အိမ်မှာ Schedule နဲ့ ဆေ့ဖ်ထားလိုက်တာပါ။ နောက်ကျသွားခဲ့တဲ့အတွက် ဒေါ်လေးမေ ကို တောင်းပန်ပါတယ်။
ကျွန်တော်လဲ ဆက်တက်ဂ်ချင်ပါတယ်ခင်ဗျာ။

၁။ ကိုလေး ဧရာ ( ဧရာဝတီသား )
၂။ ကိုချမ်း ( ချမ်းလင်းနေ )
၃။ ကိုကြယ် ( လင်းကြယ်ဖြူ )
၎။ ကိုရန်ကုန် ( ရန်ကုန်သား )
၅။ အိမ်ကျယ် ( ဖြူစင်ကြယ် )
တို့ကို .... ။

( မရေးမချင်း ကျနော်က အကြွေးတောင်းသလို တောင်းနေမှာမို့ ခုတလောလို့ ဆိုတဲ့အတိုင်း မြန်မြန်လေးရေးပေးနိုင်ရင်ကောင်းမှာ။ =) )

Tuesday, August 4, 2009

တစ်ထောင့်တစ်ည ... ကဗျာ

ငယ်ငယ်က ရွတ်ဆိုခဲ့သောကဗျာများတဲ့။ ဒေါ်လေးနင်း ( နှင်းနဲ့မာယာ ) ကတက်ဂ်လိုက်တော့ ရုတ်တရက်မို့ အတော် ခေါင်းစားသွားမိတယ်။ ဒီအသက်အရွယ်ရောက်မှတော့ ဘယ်လိုလုပ် အလွယ်တကူ ငယ်ဘ၀က ရွတ်ဆိုခဲ့တာတွေကို မှတ်မိပါ့မလဲလေ။ ကျွန်တော်လဲ ပုထုဇဉ်လူသားပေမို့ မေ့လွယ်တာကတော့ သူများထက် တမူထူးတယ်ဆိုရလေမလားပဲ။

ဒါပေမယ့် ရှေ့က ကျွန်တော့်အကိုတွေ အမတွေ ရေးသွားကြတဲ့ သူတို့ငယ်တုန်းက ရွတ်ဆိုခဲ့တဲ့ ကဗျာလေးတွေကို မြင်ရဖတ်ရတော့ ကျွန်တော်လဲ အတော်လေး ငယ်ဘ၀ကို လွမ်းဆွတ်သွားမိပြန်တယ်။ ကလေးတွေဆိုတာ ဘာလုပ်လုပ်အပြစ်ကင်းတယ်။ ဖြူစင်ကြတယ်မဟုတ်လား။

ကျွန်တော်ငယ်ငယ်က ကဗျာရွတ်လေ့ရွတ်ထမရှိဘူးတဲ့။ ဒါပေမယ့် အဖွားက အိပ်ခါနီးချော့သိပ်တဲ့အနေနဲ့ ရွတ်ပြတဲ့ကဗျာတွေကိုတော့ ကြိုက်နှစ်သက်စွာ နားထောင်လေ့ရှိတယ်တဲ့။ အဖွားမသေခင်က ပြောပြခဲ့တာကို အမှတ်ရနေမိသေးတယ်။ ကျွန်တော်ငယ်ငယ်က အဖေ၊ အမေနဲ့ သိပ်မနေရဘဲ အဖိုးအဖွားနဲ့ပဲ ကြီးပြင်းခဲ့ရတာကိုးလေ။ ဒါ့ကြောင့် ကျွန်တော့်အတွက် အဖိုးအဖွားက မိဘအရင်းလို ဘ၀မှာ ရှိနေခဲ့ဖူးတယ်။

ကျွန်တော်အလယ်တန်းကျောင်းသားအရွယ် ရောက်တဲ့အထိ ( အဖွားနဲ့ အတူအိပ်တာမို့ ) အဖွားက ကျွန်တော့်ကို ကလေးတစ်ယောက်လို ချော့သိပ်စမြဲ၊ ကဗျာရွတ်ပြစမြဲပါ။ သူရွတ်တဲ့ ကဗျာလေးတွေကို ကျွန်တော်သိပ်နှစ်သက်ခဲ့မိလွန်းလို့ ( ငယ်ငယ်တုန်းကသာမဟုတ် ) အခုအချိန်အထိ အားတိုင်း သတိရမိတိုင်း ( သီချင်းညည်းရမယ့်အစား ) ရွတ်မိနေတတ်စမြဲပါ။

ကြာဖြူ ကြာနီ ကြာညိုနှောလို့
တို့လယ်တောမှာ ပွင့်ကြတယ်။
ကောက်စိုက်အပြန် ရေကန်ကြီး
ကြာတစ်စည်းလောက် ချိုးခဲ့ကွယ်။
ကြာပွင့် ကြာငုံ ထုံထုံမွှေးကို
မလေး ဘယ်သို့ သုံးပါ့မယ်။
ကြာရိုးကြာနွယ် ဘယ်ညာဆစ်လို့
ရွှေကြာဆစ်ကြိုး ဆွဲပါ့မယ်။
ဆွဲပါ့မယ် ဆွဲပါ့မယ်။

သာယာတဲ့အသံနေအသံထားနဲ့ သီချင်းဆိုသလိုမျိုး လုပ်ဆိုပြတတ်တဲ့ အဖွားရဲ့ အသံသာသာအောက်မှာ ကျွန်တော်အိပ်စက်ခဲ့ရတဲ့ညပေါင်းများစွာဟာ အတိတ်တစ်ချိန် ငယ်ဘ၀မှာ အသားတကျ ရှိနေခဲ့ဖူးပါတယ်။
ဖွားဆိုပြနေတာကို နားထောင်နေတဲ့အချိန် စိတ်ကူးထဲမှာလဲ လိုက်ပြီး တွေးဖြစ်ခဲ့ဖူးပါတယ်။ ကြာဆစ်တွေကို ကျွန်တော်ကိုယ်တိုင် ခူးယူပြီး ဆစ်နေသလို လည်ပင်းမှာလဲ ဆွဲနေခဲ့တယ်လို့ အိပ်မက်ပါ မက်ခဲ့ဖူးသလိုပါ။

ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန်နံနက် ကျောင်းထွက်မယ်။
မောင်လည်းလိုက်မယ် ချန်မထားနဲ့
အမေသွားတော့ ပျင်းလှတယ်။
ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့
ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ်။
မောင်မဆော့ပေါင် စိတ်ပုတီးနဲ့
ဘုန်းတော်ကြီးလို နေပါ့မယ်။
လိုက်မယ် လိုက်မယ်

ဘုန်ကြီးကျောင်းကို အဖွားနဲ့ လိုက်တိုင်း ကျောင်းပေါ်မှာ မျောက်ရှုံးအောင် ဆော့တတ်တဲ့ ကျွန်တော် .. ဒီကဗျာလေးကို ကြားတိုင်း အဖွားက နံနက်ဖြန် ဆွမ်းချိုင့်သွားပို့ရင် မခေါ်တော့ဘူးလားမသိဆိုပြီး စိတ်မဖြောင့်တမ်း ဖြစ်ခဲ့ရဖူးတယ်။ အဖွားရဲ့ လိုက်မယ် လိုက်မယ် ဆိုတဲ့ နေရာအရောက်မှာ ကျွန်တော်လဲ အဖွားကို တင်းတင်းဖက်ပြီး လိုက်မယ် လိုက်မယ်လို့ နောက်က လိုက်အော်ခဲ့ဖူးတာကို အခုထိ အမှတ်ထင်ထင်ရှိနေဆဲပါ။

ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့်ကောက်စို့ကွယ်။
ခရာ ဆူးချုံ ဟိုအထဲက
မျှော့နက်မည်းကြီး တွယ်တတ်တယ်။
မျှော့နက်ဆိုတာ ချိုနဲ့လားကွယ့်
မြွေနဂါးတောင် ကြောက်ဘူးကွယ်။
တို့လည်းကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်။
သွားကွယ် သွားကွယ်။

အိမ်အပြင်မှာ မိုးတွေရွာနေလို့ မိုးအေးအေး စောင်ခြုံထဲမှာ ကွေးရင်း နားထောင်ခဲ့ရတဲ့ အဖွားရဲ့ အဲ့ဒီကဗျာလေးဟာ စိတ်ကို တကယ်ကို အေးမြ လန်းဆန်းစေခဲ့တယ်။ ကျွန်တော့်ရဲ့ ညတွေဟာ အဖွားရဲ့ အေးချမ်းတဲ့ အသံသာသာရဲ့ အောက် ကဗျာတွေကြားမှာ ဆယ်စုနှစ်တစ်ခုစာ နစ်မွန်းပျော်ဝင်ခဲ့ဖူးတယ်။ မျှော့နက်မည်းကြီး တွယ်လိမ့်မယ်ဆိုတော့ ကလေးပီပီ ကြောက်လို့ အဖွားရင်ခွင်ထဲ တိုးဝင်ခဲ့သလို မြွေနဂါးတောင် ကြောက်ဘူးကွယ် ဆိုတော့ ငါလဲ ကြောက်ပါဘူးဆိုပြီး အဖွားကို သားလဲ မကြောက်ဘူး အဖွားရလို့ ရင်ခွင်ထဲကနေ ခေါင်းမော့ပြီး ပြန်ပြောခဲ့ဖူးတာကို လွမ်းမိပါသေးတယ်။ ( ကျွန်တော်ငယ်ငယ်က ကိုယ့်ကိုယ်ကိုယ် သားလို့ပဲ သုံးတတ်တယ်။ ကြီးလာမှ မနည်းပြန်ပြင်ထားရတာ အဲ့ဒီ အသုံးကို။ )

တကယ်တော့ ကျွန်တော်ငယ်ငယ်က အဖွားဆီကနေ နားထဲ လျှံထွက်သမျှ ကြားခဲ့ရပြီး ခုထိ အမြဲလို သတိရတိုင်း ရွတ်ဆိုမိနေတတ်တဲ့ အဲ့ဒီ ကဗျာတွေဟာ ဆရာကြီး မင်းသုဝဏ် ရေးစပ်ခဲ့တယ်ဆိုတာကို အထက်တန်းပြီးစ လက်လှမ်းမှီသမျှ စာပေတွေကို လေ့လာတော့မှ ကျွန်တော်သိခဲ့ရတယ်။ ဒါပေမယ့် အဲ့ဒီအချိန် အဖွားက ကျွန်တော်နဲ့ အဝေးဆုံးနေရာကို လှည့်မကြည့်စတမ်း သူအမြဲလို စိတ်မချတတ်တဲ့မြေးကို ထားပြီး ထွက်ခွာသွားခဲ့ပါပြီ။

ဘုရားငုတ်တို ရောင်တော်လွှတ်မှ
ပုံတော်ရှည် ၀တ်ကြပါစို့
မောင်ကြီးရေတော့
အောက်ပြည်ဆို လှေလှော်ထိုး
ပိုးမှာလိုက်တယ်လေးလေ့

သီချင်းဆိုပြပါ မေကြီးရာ လို့ အဖွားပေါင်ပေါ် ခေါင်းတင်အိပ်ရင်း အဖွားကို ပူဆာတိုင်း အဖွားက အဲ့ဒီ ရွှေချည်ငွေချည်ရက်ပါလို့ ဆိုတဲ့ သီချင်းလေးကို ကျွန်တော့်တင်ပါးကို ပုပ်ရင်း ဆိုပြခဲ့တာ ခုထိ ကျွန်တော့်မှာ မမေ့နိုင်စတမ်း အလွတ်ကို ရလို့။

လက်ခတ်သံ လက်ခတ်သံ
မလေး လက်ခတ်သံ ...
............
လက်ခတ်သံ ကျွန်းဖိုသား
သောင်းတိုင်က ကြားသလေ့လေး။

ဆိုပြီး ပါးစပ်ဆိုင်းတီးလို့ ကျွန်တော့်ကို အိပ်ပျော်စေခဲ့တဲ့အဖွားရဲ့ အသံချိုချိုအေးအေးလေးကို ကျွန်တော့်နှလုံးသားထဲမှာ ခုထိ စွဲထင်နေမိရဆဲပါဗျာ။
အဲ့ဒီ အပိုဒ်ကို ရောက်တိုင်း ကျွန်တော့်နားထဲမှာ ကျွန်တော်တို့ ယက်ကန်းရုံတွေက ယက်ကန်းရက်သံတွေကိုလဲ ပြန်ကြားယောင်မိခဲ့သေးတယ်။

ရွှေခြည်ငွေခြည် ရက်ပါလို့ ယက်ကန်းရွှေစင်
ပန်းရွှေစင်

တစ်ပိုဒ်တစ်ပိုဒ်ကို နှစ်ခါစီ ထပ်ထပ်ပြီးဆိုရတဲ့ ဒီသီချင်းဟာ ကျွန်တော့်အတွက်တော့ ကဗျာတစ်ပုဒ်လိုကို ဖြစ်လို့ပါ။ အတော်လဲ သီဆိုလို့ကောင်းတယ်ဆိုတာ ခုထိ မမေ့နိုင်ဘဲ သီဆိုနေမိတာကို ကြည့်ရင် သိနိုင်ပါတယ်လေ။

အမှန်က ကျွန်တော်တို့ငယ်ငယ်က ပေါက်ကရ ကဗျာတွေလဲ ကြားဖူးခဲ့ကြတယ်။ ရွတ်ဆိုဖူးခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်က သိပ်မမှတ်မိတော့တာရယ် နောက်ပြီး ကျွန်တော်ကြိုက်လွန်းလို့ အခုထိ အမှတ်ရတိုင်း ရွတ်နေမိဆဲဖြစ်တဲ့ ကဗျာလေးတွေနဲ့ သီချင်းလေးကို အဖွားကို သတိတရနဲ့ ရေးချင်တာရယ်ကြောင့် ကျွန်တော့်ရဲ့ စာမျက်နှာထက်မှာ ချရေးလိုက်ပါတယ်။
အမှတ်တရပေါ့ဗျာ။

Sunday, August 2, 2009

အသိ

မြူမှုန်ကမ္ဘာထဲက
ဘာမဟုတ်တဲ့ ငါ
အတ္တတွေနဲ့ တိုက်ခိုက်ဖူးရဲ့၊
မာနတွေနဲ့ မာကျောဖူးရဲ့၊
ဒေါသတွေနဲ့ ရိုင်းစိုင်းဖူးရဲ့၊
မောဟတွေနဲ့ တွေဝေဖူးရဲ့၊
ရလိုမှုတွေ အစိမ်းလိုက်မျိုချ
သမုဒယတွေ နှောင်ဖွဲတမ်းကစား
စွဲလန်းခြင်းများနဲ့ မီးပုံရှို့တယ်။


အခွံအလွတ်ကြီးထဲ
အခေါင်းပွ ဘ၀တွေကြီးပြင်း
နာမည်တစ်လုံးကျန်ဖို့
ငါတို့ ... အသက်ရှင်သန်ရမတဲ့လား။

အပရိကတွေကြား
တတိတိအစားခံနေရတာ
ခဏတိုင်းသေနေမှန်း
မေ့မေ့လျော့လျော့နဲ့
ငှားရမ်းယူထားတဲ့
သေခြင်းရဲ့ရှင်သန်မှုကို
တယုတယတွယ်ဖက်
အသက်ရှူနေရတာ
အဓိပါယ်တွေးရခက်တယ်။

ယထာဘူတကျကျ
အစအနတွေ ရသမျှစုနေမိ
အယူမှန်ဖို့
အမြင်သန်ဖို့လိုအပ်လို့
ငါ့အမှောင်တိုက်ထဲ
ငါ့ကိုယ်ငါ ထွန်းညှိဖို့က
ငါမရှိမှ အေးမယ်။

အရှုပ်တွေကို ထုပ်မှာလား
အရှုပ်တွေကို ထုတ်မှာလား

မေးခွန်းများစွာကြားမှာ
အမှန်အမှားသိသူ ဖြစ်ရစေ။
ခရီးသွားငါ့အား
အလင်းတရားတို့ လင်းရစေ။
အဖြစ်၊ အပျက်တို့
ငါ မျက်အပ်မြင်ရစေ။
ပညတ်တို့ကင်းလွတ်ရာ
ငါ့ခန္ဒာ မျက်မှောက်ပြုရစေ။

ငါ့အတွေးများထဲ
ငါ့ဟာငါပျောက်ရှနေမိ
နောက်ဆုံးပြန်ကြည့်တော့
ငါ က ကျန်ခဲ့ပြန်ရော ... ။ ။

လင်းစက်ရာ
၂၆၊၁၁၊၀၈
သူတစ်ယောက်ကိုချစ်တယ်ဆိုတာ
နှလုံးသားက အရှုံးပေးဖို့ အဆင်သင့်ဖြစ်သွားတာ။