အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Sunday, July 22, 2012

မိုင်တိုင်နံပါတ် ၂၅ (သို့မဟုတ်) အမှုန်တစ်ခုရဲ့ ကောက်ကြောင်း

ဒီနေ့ ၂၅နှစ်ပြည့်
ဖြတ်သန်းနေတဲ့ စက္ကန့်တွေမှာ
လှုတ်ခတ်လွန်းတဲ့အမှုန်တစ်ခုဟာ
ကျနော်ပါ

အသိဥာဏ်နဲ့ အရှိဟန်တွေရဲ့ကြား
ရိုးသားခြင်းငွေ့ရည်တွေ
ကျနော် အငမ်းမရ ရှာဖွေနေတယ်
ဟိုတစ်စ ဒီတစ်စ လွင့်မျောခြင်းများ
တိတ်ဆိတ်ငြိမ်သက်စွာ
ပြာယာခတ်နေကြလေရဲ့ ...

နံနက်စောစော ဘုရားသွားတယ်
ကိုယ့်ကိုယ်ကိုယ် ပြန်မိဖို့လဲ ကြိုးစားတယ်
ပါရမီတစ်ပါးကိုလဲ ဖြည့်ခဲ့တယ်
အမှုန်တစ်ချို့နဲ့လဲ အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တယ်
တော်လောက်ပါပြီ ..
အကြောင်းအကျိုးတွေနဲ့ စက်ဝိုင်းလည်နေသ၍
အကျိုးအကြောင်းတွေဟာ ရှည်လျားနေကြဦးမှာပါ  ...

ပေါ့ပါးလွတ်လပ်တဲ့ ရယ်သံလွင်လွင်များ
နုနယ်ပျိုမြစ်တဲ့ အပြုံးချိုချိုတွေကြား
ဒုတိယအရွယ်ဟာ ကျနော်ပါ
ငြိတွယ်ခြင်းတွေ ... နှောင်ဖွဲ့မှုတွေနဲ့
ကျနော့်ကိုယ်ကျနော် မွန်းကျပ်လှောင်ပိတ်
အခုထိကို ရုန်းမထွက်နိုင်ဘူး ...

ဒီကဗျာ ရေးနေတုန်း ..
ဟိန်းလတ်ဇော်ကို သတိရတယ် ..
သစ်ရွက်တွေမှာတောင် သင်္ခါရ ရှိတယ်လို့ သူ ပြောခဲ့ဖူးတယ် ..
ဒါဆို သစ်ရွက်တစ်ရွက်လို အဆုံးသတ်တတ်ဖို့
ကျနော်လဲ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ရဦးတော့မယ် ..
ဖြစ်တည်မှု ပဓာန၀ါဒီအကြောင်း
အဆုံးသတ်မဟုတ်တဲ့ အဆုံးသတ်အကြောင်း
အစ မဟုတ်တဲ့ စတည်ခြင်း အကြောင်း
သစ္စာအကြောင်း ... အနတ္တအကြောင်း
အကြောင်းပေါင်းများစွာ ...
တခုတ်တရ ငြင်းခုန်ခဲ့ရသမျှ ..
ဒီနံနက် ဗုဒ္ဓပလ္လင်တော်ရှေ့
ဟိန်းလတ်ဇော်
လတ်လတ်ဇော်
နှင်းဦးဇော်
နွေဦးလွင်
ရှိုင်းနေလင်းဦး
နာမတွေဟာ တစ်ခုနဲ့တစ်ခု တိုက်မိခဲ့ကြ
ဟိန်းလတ်ပြောတဲ့ သံသရာစက်ဝန်းဟာ
ဒါများလားကွယ် ....။

ကဲ ...
အဲ့ဒီလို ပြောနေရင်း ပြောနေရင်းနဲ့
(ဟိန်းလတ်ဇော်ရဲ့ ကဗျာထဲကလို ...)
ဒေါင်လိုက်ရှင်သန်နေတဲ့ ကျနော့်ဆီ
အလျားလိုက်အိပ်စက်ရမယ့် သေခြင်းတရားဟာ
တဖြည်းဖြည်းနီးလာခဲ့ပြီ။


ဇော်။




Thursday, July 19, 2012

မျှော်လင့်ခြင်းကို လက်နှက်ချလိုက်တဲ့အခါ ...

တစ်နေ့ပြီးတစ်နေ့ ခရီးဆက်နေရတာကိုက
ကျိန်စာမိခံနေရသလို
နေ၀င်တာနဲ့ မိုးချုပ်တာဟာ တူတူပါပဲ
အလင်းလာမယ်လို့ အားမပေးကြပါနဲ့တော့
သစ္စာတရားဟာ ဒီအရပ်မှာ ခေါင်လွန်းလှတယ်။

ဝေးကွာခြင်းတွေဟာ ကျနော်နဲ့ ကျနော်ကြားမှာ
သီချင်းတစ်ပုဒ်စာလောက်ပဲ ရှိခဲ့တာပါ
မေ့တဲ့အခါလဲ မေ့ .. သိတဲ့အခါလဲ သိ
ကျနော်ဟာလဲ ကြိုးတွေနဲ့ ငြိငြိနေတယ်
ငါသိပါတယ် .. ငါသိပါတယ် လို့ ပြောနေရင်းနဲ့
ကျနော် ပျောက်ဆုံးနေတာတွေ များနေခဲ့ပြီ

မိုးရွာပြီးရင် နေပူမယ် .. နေပူပြီးရင် မိုးရွာမယ်
ဒါပါပဲ ..
အားလုံးက သူ့အလုပ်သူ လုပ်နေကြတဲ့အချိန်
ကျနော်သာလျှင် သင်းကွဲနေခဲ့တာ ...

လိုချင်တယ် ဖြစ်ချင်တယ် ရချင်တယ် ..
... ချင်တယ် .. ချင်တယ် .. ချင်တယ် ..
ဘယ်တော့ရပ်မှာတဲ့လဲ
ငြီးငွေ့စရာကောင်းတဲ့ လေထုထဲမှာ
မှားယွင်းစွာ ရပ်နေမိသမျှ
ကျနော် ဒီလိုပဲ အသက်ရှူကျပ်နေရဦးတော့မှာပါ

မထူးဆန်းပါဘူး ..
ကျနော်နဲ့ ကျနော်ဟာ အလှမ်းဝေးနေပါသေးတယ်
ဒါပေမယ့်ဗျာ ...
ဒီအရပ်မှာတော့
သစ္စာတရားဟာ ခေါင်လွန်းလှတယ်။


ဇော်။

Saturday, January 21, 2012

ကြယ်တွေကြွေနေတဲ့ တိုင်းပြည်

ပြောပါ
ဘယ်သူ့မှာ တာဝန်ရှိလဲ
ဟော့ဒီကောင်းကင် ကျယ်ကျယ်ကြီးထဲ
ထွန်းလင်းသင့်တဲ့ ကြယ်တွေ တဖြုတ်ဖြုတ်ကြွေ
နာကြည်းငိုညည်းသံတွေ ဘ၀င်မှာ သဲ့ညံနေတယ်

တချို့တွေအတွက် ပျော်စရာပေမယ့်
တချို့တွေအတွက် မသာယာခဲ့ဘူး
တချို့တွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ကြွေခဲ့ရတယ်
တချို့တွေက ငယ်ငယ်ရွယ်ရွယ်နဲ့ နိုက်ကလာပ်တက်တယ်
ပြောပါ
ဘယ်သူ့မှာ တာဝန်ရှိလဲ

လက်တစ်ဆုပ်စာ ကြယ်တချို့ထွန်းလင်းနေချိန်
ကြယ်အများစုက တဖြုတ်ဖြုတ်ကြွေနေရတယ်
နာကျင်ခံခက် ဒဏ်ရာသွေးစက်တွေနဲ့
ရင်ထဲမှာ လှိုက်လှိုက်ပြီးငို
ကြယ်တို့ရဲ့ နှလုံးသားမှာ
မျက်ရည်တွေ အချိန်တိုင်း စိုလူးနေခဲ့
ပြောပါ
ဘယ်သူ့မှာ တာဝန်ရှိလဲ

လက်တစ်ဆုပ်စာ ဘ၀သက်တမ်းတိုတိုလေးမှာ
ငါ့တစ်ဘို့စာ၊ ငါ့မိသားစု
ငါ့သမီးသား၊ ငါ့မယား ဆိုတဲ့ လူ့အန္ဓများ
ကျနော်တို့ကောင်းကင်မှာ ဖုံးလွှမ်းနေသ၍
ကြယ်တွေ ကြယ်တွေ တဖြုတ်ဖြုတ်ကြွေ
မြေကြီးအောက်က ငိုကြွေးသံတွေ
မြေပြင်ပေါ်က တောက်ခေါက်သံတွေ
လေထုထဲမှာ ပျံ့လွင့်နေတယ်
ပြောပါ
ဘယ်သူ့မှာ တာဝန်ရှိလဲ

ကိုယ်ချင်းစာစိတ်လေးတစ်ခုတော့ ထားကြစမ်းပါ
စကားဟာ စကားအဖြစ်ပဲ လေထဲ ဝေ့လွဲ
ဘယ်တော့မှ တစ်ကိုယ်ကောင်းဆန်တဲ့ သူတွေနားထဲ လွင့်မပျံ့ခဲ့ဘူး
လောကပါလ တရားစောင့်နတ်တို့
ဘယ်ချောင်မှာများ ရောက်နေကြသလဲ
ကျနော်တို့ကောင်းကင်မှာ
ကြယ်တွေ တဖြုတ်ဖြုတ်ကြွေ
စိန်ပွင့်တွေဟာ မြောင်းထဲမှာ ဝေနေရတယ်
ပြောပါ
ဘယ်သူ့မှာ တာဝန်ရှိလဲ
..............................
မေးခွန်းဟာ မေးခွန်းပဲ ဖြစ်ခဲ့ရတယ်

ပေးဆပ်ခြင်းနဲ့ ဘ၀ကို ရင်းခဲ့ရတဲ့ ကြယ်တွေမှ
တဖြုတ်ဖြုတ်ကြွေနေရလေသလားရယ်လို့
အံကိုကြိတ်
မချိတင်ကဲ
အနက်ရှိုင်းဆုံး နာကျင်ရလဲ
ကျနော်တို့ ဘာမှ မတတ်နိုင်ခဲ့
သားသမီးအိမ်ပြန်ချိန်ကို မျှော်နေတဲ့
အမေတစ်ယောက်ရဲ့ မျက်ရည်တွေနဲ့
ဟောဒီ တိုင်းပြည် တည်ဆောက်ထားတယ်

မတရားဘူးလို့ အော်နေတဲ့
မြေကြီးအောက်က အသံတွေ
နေနှင့်ဦးပေါ့ကွာဆိုတဲ့
မြေပြင်ပေါ်က ရင်တွင်းစကား
မုန်းတီးခြင်းများ ပြွတ်သိပ်
အားမတန် မာန်လျှော့နေရတဲ့ စိတ်တွေ
ဟော့ဒီတိုင်းပြည်မှာ အုံနဲ့ကျင်းနဲ့ ရှိနေကြတယ်

မပြောချင်တော့ပါဘူး အရပ်ကတို့ရယ်
လူတိုင်းမှာတော့ မျိုးချစ်စိတ်ရှိတယ်
ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့
ဝဋ်ကြွေးများရှိ ပြေပါစေလို့ ဆုမတောင်းလေနဲ့
ကမ္ဘာမကြေတဲ့သူတွေ တမလွန်မှာ ပြည့်နေလေရဲ့
ခင်ဗျားတို့ ရက်စက်မှုနဲ့ ကြွေလွင့်ခဲ့ရတဲ့ ကြယ်တွေ
ကောင်းကင်မှာ မရေနိုင်တော့ဘုး
မိုးကောင်းတုန်းကို ရွာထားပါ
ထမင်းဝတုန်း နားထားပါ
တစ်နေ့နေ့ ပြန်ဆုံတဲ့အခါ
အလှည့်ကျတော့ မနွဲ့စတမ်းပေါ့ကွာ

..................
..................
ပြောရင်း ပြောရင်း
ရင်ထဲ စို့နစ်
ကြယ်တွေ ကြယ်တွေ
တဖြုတ်ဖြုတ်ကြွေနေတဲ့ တိုင်းပြည်
................................
တော်ပြီ
ကျနော် ဒီကဗျာကို ဆက်မရေးချင်တော့ဘူုး။


ဇော်။