အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Tuesday, December 15, 2009

အလင်းမဲ့

ငါ .. မှားခဲ့လို့လား ..
မိုးပြိုမှာကြိုသိခဲ့ရင်တောင်
ကောင်းကင်ရဲ့တေးကိုဆိုနေအုံးမှာ
စွဲလမ်းမှုက အချစ်မဟုတ်ဘူးလို့နင်ပြောလဲ
ငါကတော့ 'ဒဿ' ကိုပဲ အားကျတယ် ..
ရာမရဲ့ မြားချက်က သူ့ချစ်ခြင်းကို
မဖေါက်ထွင်းနိုင်ခဲ့ပါဘူး
နင်သာပါမယ်ဆို ဒီဇာတ်လမ်းမှာ
ငါကလူကြမ်း ဖြစ်ဖြစ်ပေါ့ ...
ကျေးဇူးပြုပြီး အရှုံးသမားလို့ မခေါ်ကြပါနဲ့
ငါ့စာမေးပွဲကို ကိုယ်တိုင် အအောင်ပေးချင်လို့ပါ ..
ဆွံအ နားမကြား နှလုံးသားမှာတော့
နင်က ဘုရင်မတစ်ပါးပေါ့..
စက်တင်ဘာတွေသာ ကုန်သွားပြီ
ငါ့ရင်ခွင်မှာ မိုးမရွာသေးဘူး..
ဆေးစက်ကျတိုင်းလည်း
စိတ်ကူးတွေက အရုပ်မထင်နိုင်တော့
ငါ့အတ္တတစ်ချို့ကို
အဖြူရောင်ကန့်လန့်ကာဖွင့်
ခင်းကျင်းအသုံးတော်ခံဖူးတယ်
အလွမ်းဆိုတာ
တေလေတစ်ကောင်ရဲ့ အိမ်ပြန်လမ်းမှာ
တောင်ဇလတ်ပန်းတွေလို လတ်ဆတ်နေလေရဲ့
ပိုးဖလံတစ်ကောင်လို
အလင်းကိုပွေ့ဖက်ထားချင်လဲ
ပျောက်ဆုံးနေဆဲ နံနက်ခင်းတွေထဲမှာ
နာမည်တစ်ခုကို အကြိမ်ကြိမ်ခေါ်နေမိတယ်
နင်သိသိ မသိသိပေါ့ ……………။

( သူကိုယ်တိုင်ရေးပြီး သူကိုယ်တိုင်ပြန်မကြိုက်တဲ့ ကျနော့်အတွက် မင်းရဲ့ ကဗျာလေးပါ။ )

Saturday, December 12, 2009

လမ်းမသင့်တဲ့အလွမ်း

ညကမေးတယ်
သူ့အတွက်အိပ်ရာဝင်ဖို့
ဘယ်သူပုံပြင်ပြောမှာလဲတဲ့…..

တစ်ရက်ရှင်လိုက်
တစ်ရက်သေလိုက်နဲ့
အလင်းတွေကို ချုပ်သိမ်းဖို့
အပ်တစင်းလိုတယ်….

နှင်းဆိပ်သင့်နံနက်ခင်းတွေအတွက်
ဇာတ်မပေါင်းရတဲ့ အဆုံးသတ်ခြင်းအတွက်
မျဉ်းဖြောင့်တစ်ကြောင်းဆွဲပေးပါ….

အဲ့ဒီညက လမသာဘူး…။

( ကဗျာလေးက တိုတိုလေးပါပဲ .. ဒါပေမယ့် မင်း ကျနော့်အတွက် ရေးပေးတဲ့ကဗျာမို့
ကျနော် အမှတ်တရ တန်ဖိုးထားမိတယ်ဗျာ .. )



Wednesday, December 9, 2009

ဒီဇင်ဘာအလွမ်း

ရနံ့တလွှာခြွှေကျဖို့
ငံ့လင့်ခဲ့ဖူးတယ်
စောင့်စားခဲ့ဖူးတယ်
တမ်းတခဲ့ဖူးတယ်။

မေးကြည့်ပေးကြပါ
ကျွန်တော့်ချစ်သူဟာ
..... အိပ်မက်ထဲမှာ
ပျောက်ဆုံးခဲ့တာ .....။

...... ဒီလိုအသက်မဲ့နေတုန်း
လေပြည်လည်း တ၀ုန်းဝုန်းကြွေ

ငါဟာလည်း
ပင်လယ်ဆန်ခဲ့တယ်
ညနေဆန်ခဲ့တယ်
..................။
လွမ်းလိုက်တာလို့
.................... မပွင့်တစ်ပွင့်တော့ ပြောပါရစေ။

ရောင့်ရဲမှုတစ်ဆုပ်နဲ့
ဘ၀ကို သိမ်းထုတ်လိုက်ပါတယ်
ရသမျှ ဒဏ်ရာကိုကြေနပ်
ပေးဆပ်ခဲ့သမျှကို အမှတ်တရလုပ်ပြီး
ဘ၀ကို ဖြတ်သန်း
ဒီဇင်ဘာ အလွမ်းနဲ့။

လင်းစက်ရာ


Monday, December 7, 2009

သမိုင်း၏ သေးငယ်သော အစိတ်အပိုင်း၌

ရုတ်တရက်လန့်နိုးလာလို့ ပြတင်းရဲ့ အပြင်ကိုလှမ်းကြည့်လိုက်တော့ အမှောင်ထုက ကြီးစိုးဆဲ။
နံဘေး စားပွဲပေါ်က နာရီလေးကတော့ တိကျစွာ နံနက်၂နာရီကို ညွှန်ပြလို့။
ကျွန်တော် အိပ်ယာက အသာအယာပဲ ထဖြစ်ခဲ့လိုက်တယ် .. အိပ်ချင်စိတ်မှ မရှိတော့ဘဲလေ။
အခန်းထဲမှာ လွှတ်ထားတဲ့ လေးအေးစက်ရဲ့ အရှိန်နဲ့ ချမ်းအေးမှုက တစ်ကိုယ်လုံးကို လွှမ်းခြုံထားလေရဲ့။
ကော်ဖီတစ်ခွက်ကို (တကူးတကမဟုတ်ဘဲ) ယူပြီး ၀ရန်တာတံခါးကို ဖြေးညင်းစွာ ဖွင့်လို့ အပြင်ဘက်လောကကို နှုတ်ဆက်လိုက်မိတယ်။
မြူတွေတောင် ဆိုင်းလို့ ..

သြကာသလောကရဲ့ ညချမ်းအချိန်အလှတရားကို ခံစားကြည့်မိတော့ ရောင်စုံမီးလုံးတွေ ထွန်းညှိထားတဲ့ တိုက်မြင့်မြင့်ကြီးတွေ၊ နောက် မီးမှိန်မှိန်လေးတွေအောက်မှာ တိတ်ဆိတ်ငြိမ်သက် အိပ်မောကျနေတဲ့ ကားပါကင်တွေ ..
အပြင်မှာ နှင်းတော့မကျပါဘူး။ ဒီဇင်ဘာဆိုပေမယ့် ကျွန်တော်တို့ဆီက နှင်းကျတဲ့ အရပ်ဒေသမှ မဟုတ်တာ။ ဒါပေမယ့် နေ့ပူညချမ်းဆိုတဲ့ စကားရပ်နဲ့အညီ ခုလိုအချိန်မှာ မြူတွေ ဆိုင်းနေတာများ နှင်းကျတာထက်တောင် လှနေသလားလို့ ကိုယ့်ဟာကိုယ် ထောက်ခံနေမိတယ်လေ။

ဟိုးခပ်ဝေးဝေးကို ငေးကြည့်မိတော့ မြို့လယ်ခေါင်ကို ပတ်စီးနေတဲ့ အင်္ဂလန်က သိမ်းမြစ်လောက်သာ ရှိတဲ့ Creek ငယ်လေးတစ်ခု။
သူ့ကမ်းနားတစ်လျှောက်မှာ ရောင်စုံတိုက်တွေ အစီအရီ။ မဲနက်နေတဲ့ ကောင်းကင်ထက်မှာတော့ ပြည့်ရွှန်းလဲ့နေတဲ့ လမင်းရဲ့ အရိပ်အာဝါသက လှပမှုအပေါင်းကို သရဖူဆောင်းနေတယ်ဆိုတဲ့ စကားအတိုင်း ပုံဆောင်လို့။
အစစ အစီအစဉ်တကျ အသေအချာ ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ရဲ့ သက်ဝင်ထင်ပြန်မှုလို လှပလွန်းတဲ့ ဒီလောကကြီးကို ဘယ်သူများ ဖန်တီးထားခဲ့သလဲလို့ ကျွန်တော် ပါးပါးလေး တွေးဖြစ်လိုက်မိသေးတယ်။
အဲ့လို တွေးမိလိုက်တဲ့ခဏ .. ကျွန်တော့်စိတ်အာရုံထဲကို တလောဆီက ( ကြာတော့ကြာခဲ့ပါပြီ ) ဒေါ်လေးနင်း ( နှင်းနဲ့မာယာ ) တက်ဂ်ထားခဲ့တဲ့ တက်ဂ်ပိုစ့်တစ်ခုက ၀င်ရောက်လာခဲ့တယ်။ အမှန်ဆို ကျွန်တော်အဲ့ပိုစ့်ကို မရေးချင်လို့ ရှောင်နေခဲ့တာ.. မသိချင်ယောင်ဆောင်ခဲ့တာ .. လနဲ့ကို ချီလို့.. ဒေါ်လေးနင်းကလဲ ကျွန်တော့်ကို အပြစ်မတင်ခဲ့ပါဘူး။ စကားတောင် အစမဖော်ပေးခဲ့ဘူး။

ဒါပေမယ့်ဗျာ ရုတ်တရက်ကြီး ကျွန်တော့်ခေါင်းထဲကို အဲ့ဒီ ကမ္ဘာမပျက်ခင် တစ်လအလိုဆိုတဲ့ ခေါင်းစဉ်နဲ့ အကြောင်းအရာက ၀င်ရောက်လာတော့ ခုနက လှပနေတဲ့အရာအားလုံးအတွက် နှမြောတသဖြစ်မိတဲ့စိတ်က ဘယ်ဘက်ရင်အုံကနေ တစ်ရိပ်ရိပ်ဆောင့်တက်လာနေတယ်။ ခေါင်းကိုတောင် ခပ်ဖြေးဖြေးခါယမ်းလိုက်မိတယ် ..။

ကျွန်တော်တို့လူသားတိုင်းအတွက် တစ်နေ့မလွဲမသွေ ကြုံရမယ့်အရာက သေခြင်းတရားဆိုတာ လူတိုင်းသိထားပြီးသားအရာပါ။ လူတိုင်း မွေးကတည်းက သေခြင်းကိုပါ တစ်ခါတည်း စရံသတ်လာခဲ့ပြီးသားဆိုတာ ပြောနေဖို့တောင် မလိုဘူးထင်ပါရဲ့။ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဟာ ကပ်နေတဲ့ အိမ်နီးချင်းတွေလဲ ဖြစ်တယ်လေ။ သေတယ်ဆိုတာကို စိတ်ဝင်စားသည်ဖြစ်စေ မ၀င်စားသည်ဖြစ်စေ ငါတစ်နေ့သေမယ်လို့ စိတ်အတွင်းသန္တာန်မှာ လက်ခံထားရင်ကိုပဲ ဒါဟာ အပြုသဘောဆောင်နေပါပြီတဲ့။ ဘုန်းဘုန်းဆန္ဒာဓိကရဲ့ ဆုံးမစကားလေးကို သွားအမှတ်ရလိုက်မိတယ်။

ဟင့်အင်း .. တကယ်က အဲ့ဒီ ကမ္ဘာမပျက်ခင် တစ်လအလိုမှ မဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့ရဲ့ တစ်စက္ကန့်တိုင်းမှာ ကျွန်တော်တို့မေ့လျော့နေခဲ့လို့ ကျွန်တော်တို့ အကြိမ်ကြိမ်အခါခါ သေဆုံးနေခဲ့ပြီးပါပြီ။ (ဘုန်းဘုန်းဦးဇောတိကရဲ့ ဆုံးမစကားလေးပါ)
ကျွန်တော် နံနက်ဖြန်မှာ ဘာဖြစ်မယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်မသိပါဘူး။ အဲ့လိုပဲ (ပုထုဇဉ် လူသားတွေအနေနဲ့ ) ဘယ်သူမှလဲ သိနိုင်မယ်မထင်ဘူး။ နံနက်ဖြန် ကျွန်တော်သေသွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ ဒါမှမဟုတ် နောက်တစ်နာရီမှာ ကျွန်တော်သေသွားခဲ့ရင်ရော။ အခုကျွန်တော်က အသက်ရှိနေပြီး နောက်တစ်နာရီမှာ ကျွန်တော်သာ ဖြုတ်ဆို ပျောက်ကွယ်သွားခဲ့ရင် ဆိုတဲ့ အတွေးနဲ့ ကျွန်တော် စဉ်းစားကြည့်ခဲ့မိဖူးတယ်။ ဒါဟာ အမှန်တရားဆိုပေမယ့် သိပ်ကို လက်ခံရခက်ခဲလွန်းတဲ့ အမှန်တရားတစ်ခုဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော်လက်ခံလိုက်မိတယ်။

ဒေါ်လေးနင်းပြောတဲ့ ခေါင်းစဉ်တွေနဲ့ ကျွန်တော်မစဉ်းစားပါဘူး။ ပြီးတော့ ကမ္ဘာပျက်တာ မပျက်တာ အသာထားပါဦးလေ။ (ကျွန်တော်က အဲ့ဒါကို စိတ်ကူးထဲကို မရှိခဲ့တာဗျ။) ကျွန်တော်ရဲ့ နံနက်ဖြန်ကိုတောင် ကျွန်တော်မပိုင်တဲ့နောက်မှာ ကျွန်တော်ဘာကိုများ သွားမျှော်လင့်နေဦးမလဲနော်။ အဲ့လိုအတွေးမျိုး လွန်ခဲ့တဲ့ နှစ်တွေဆီထဲက ကျွန်တော့်နှလုံးသားထဲမှာ အမြစ်တွယ်ခဲ့လို့ ကျွန်တော့်ဆီမှာ နံနက်ဖြန်တွေသေဆုံးခဲ့တာ ကြာပါပြီ။ ကျွန်တော်က ဒီနေ့အတွက်ပဲ ရှင်သန်နေခဲ့တယ်။ တိတိကျကျပြောရရင် ကျွန်တော့်မှာ နံနက်ဖြန်ဆိုတဲ့ အနာဂတ်မျှော်လင့်ချက် ပါးပါးလေး ဖြစ်တည်နေပေမယ့် အဲ့ဒီရဲ့ ဆန့်ကျင်ဖက် ငါသေသွားခဲ့ရင်ဆိုတဲ့ ခံယူချက်တစ်ခုကလဲ အုံနဲ့ကျင်းနဲ့ ရပ်တည်နေပြန်တယ်။

ကျွန်တော် သေရင် ကျွန်တော်နောင်တမရချင်ဘူးဗျာ။ ကျွန်တော်သေပြီးနောက်မှာ ဘာဖြစ်မယ်ဆိုတာကို ကျွန်တော်မသိပါဘူး။ သိလဲမသိနိုင်ဘူး။ ကျွန်တော်မှ မသေဖူးတာ။ ငရဲနဲ့ နတ်ပြည်ဆိုတာလဲ ကျွန်တော်မမြင်ဖူးဘူး။ ရောက်လဲမရောက်ဖူးဘူး။ သိလဲမသိဘူးလေ။ အမေရိကရှိတယ်ဆိုတာတော့ ကျွန်တော်သိပါတယ်။ ဒါပေမယ့် အဲ့ဒီ အမေရိက ဘယ်လိုပုံစံဆိုတာ ကျွန်တော်မရောက်ဖူးလို့ ကျွန်တော်မှ မသိနိုင်တာ။ အမှန်က သေပြီးနောက် ငါဘာဖြစ်မယ်ဆိုတာထက် မသေခင် ဆိုတဲ့ ပစ္စုပန်ကာလ ကျွန်တော်ထိတွေ့ရှင်သန်နိုင်တဲ့ ကာလအပိုင်းအခြားကိုပဲ ကျွန်တော် ပိုပြီး စိတ်ဝင်စားမိတယ်။

ဒေါ်လေးနင်းက (သူ့တက်ဂ်ပိုစ့်မှာ ) မေးတယ်။ မသေခင် တစ်လအလို ဘာလုပ်မလဲတဲ့။ ကျွန်တော်က ဒီလိုပြန်ဖြေချင်ပါတယ်။ နံနက်ဖြန်မသေခင် ဘာလုပ်မလဲဆိုတာ။

ကျွန်တော်ရှင်သန်ခွင့်ရတဲ့ ဒီနေ့တစ်နေ့တာအတွက် ကျွန်တော်အကောင်းဆုံး ရှင်သန်ချင်ပါတယ်။ ကျွန်တော် ဘယ်လိုအကြောင်းအရာမျိုးကိုမှ စိတ်မတိုချင်ဘူး။ စိတ်ရှည်သည်းခံတာမျိုးလဲမဟုတ်တဲ့ ဥပေက္ခာပြုမှုမျိုးနဲ့ ကျွန်တော်ဖြစ်တည်ကြည့်တယ်။ အေးလေ.. သူလဲလေ လောကီသားပေမို့ဆိုတဲ့ စိတ်အတွေးလေးနဲ့ ကျွန်တော့်ရဲ့ စိတ်တိုဒေါသထွက်မှု မခံချင်မှုတွေ ဖြစ်တည်လာတဲ့အခါတိုင်းဖြစ်တတ်တဲ့ ဘယ်ဘက်ရင်အုံဆီက ပူလာတဲ့ခံစားချက်လေးတစ်ခုကို သတိထားပြီး ကြည့်မိတယ်။ ဒေါသဖြစ်တဲ့အခါတိုင်း စိတ်တိုတဲ့အခါတိုင်း ကျွန်တော့်ရဲ့ ဘယ်ဘက်ရင်အုံ ( နှလုံးသား) ဆီက ရုတ်တရက် ပူလာတယ်။ နောက် တစ်ခုခုကို အလိုမကျသလို ရင်ခုန်သံမြန်လာတယ်။ နောက် လူက (နည်းနည်းလေး) ကတုန်ကယင် ဖြစ်လာတယ်။ သူများကို ပြန်ပြောဖို့မကြိုးစားသေးပါဘူး။ အဲ့ဒီ ဖြစ်တည်မှုလေးကိုပဲ ကျွန်တော်အရင် လေ့လာကြည့်မိတယ်။ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်က တွေးလိုက်လိမ့်မယ်။ ဘာမှမဟုတ်တဲ့အရာအတွက် ငါ့စိတ်ကို ငါပူလောင်စေတော့မှာလားလို့။ အဲ့ဒီအချိန်မှာလေ.. ကျွန်တော့်ရဲ့ ခုနက နှလုံးသားဆီက ပူလောင်မှုလေး ခနချင်း ငြိမ်းသွားတယ်.. နောက် တဖြည်းဖြည်းအေးလာတယ်။ နောက် ရင်တုန်နေတာငြိမ်သွားပြီးတော့ ကျွန်တော် ပြုံးနိုင်လာတယ်။ နောက် ခေါင်းကို နည်းနည်းလောက်ခါလိုက်တယ်။ အားလုံးပြီးသွားပြီဆိုတဲ့သဘောပေါ့။

ကျွန်တော် တတ်နိုင်သလောက် သူများကို ကူညီပေးဖို့ ကြိုးစားလာတယ်။ ဒါဟာ နာမည်ကောင်းလိုချင်လို့မဟုတ်ပါဘူး။ အနစ်နာခံပေးတာမှန်ပေမယ့် ချီးကျူးမှုကို လိုချင်လို့လဲ မဟုတ်ပြန်ဘူး။ ခင်ဗျားသတိထားကြည့်ပါ။ ငါ့ကြောင့်မို့ သူသက်သာပါစေ.. ဒါမှမဟုတ် .. ငါ့ကြောင့်မို့ သူအဆင်ပြေပါစေ.. ဆိုတဲ့စိတ်တစ်ခုနဲ့ ခင်ဗျားရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ကူညီကြည့်လိုက်ပါဗျာ။ ခင်ဗျားစိတ်ရဲ့ ( တိတိကျကျ ပြောရရင် .. နှလုံးသားရဲ့ ) အလယ်ဗဟိုကနေ ဖြေးဖြေးလေးစီးဝင်သွားတဲ့ နွေးထွေးမှုလေးတစ်ခုကို ခင်ဗျားသွေးလည်ပတ်မှုကနေ ခံစားလိုက်ရလိမ့်မယ်။ နောက် ဦးနှောက်ကနေ ခင်ဗျားကိုလှမ်းပြောနေတယ်.. မင်းလုပ်တာ သိပ်မှန်တာပဲကွာဆိုတဲ့ အတွေးမျိုး ခင်ဗျားဆီကို ၀င်ရောက်လာတယ်။ နောက်ခင်ဗျား ပင်ပန်းလို့ ပင်ပန်းမှန်းမသိတော့ဘူး။ ခင်ဗျား ပင်ပန်းနေပါတယ်။ ဒါပေမယ့် အဲ့ထဲမှာ ကျေနပ်မှုတွေ ပျော်ဝင်နေတယ်။ ၀မ်းမြောက်မှုတွေ စီးဆင်းနေတယ်။ ခင်ဗျားရဲ့ ပင်ပန်းမှုဟာ သိပ်ကို အဓိပါယ်ရှိလာတယ်။ ဒီလိုနဲ့ ခင်ဗျားရဲ့ အပြုံးဟာ တောက်ပလာတယ်။
ပင်ပန်းမှာကို မကြောက်ပါနဲ့ဗျာ။ ကျွန်တော်တို့က နံနက်ဖြန်တောင် သေသွားနိုင်တာပဲ မဟုတ်လား။

ဒီနေ့အတွက်ပဲ ကျွန်တော်ရှင်သန်နေတာမို့လို့ ပြန်လာမယ့်တုံ့ပြန်မှုတွေကို ကျွန်တော်မမက်မောပါဘူး။ မျှော်လဲမမျှော်လင့်ခဲ့ဘူး။ အဲ့လိုရှင်သန်တဲ့အတွက် ကျွန်တော့်အချိန်တချို့ကို ကျွန်တော် မဖြုန်းတီးမိတော့ဘူးလို့ ကျွန်တော်ယူဆမိတယ်။ (အချိန်တင် မဟုတ်ပါဘူး။ အရာတိုင်းပါပဲ။) နောက် ကျွန်တော်အတတ်နိုင်ဆုံး တာဝန်ကျေချင်လာတယ်။

သင်သေသွားသော်

ဪ လူ့ပြည်လောက လူ့ဘဝကား

အို ရနာရ သေရဦးမည် မှန်ပေသည်တည့်
သို့တပြီကား သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့မြေသည်
အခြေတိုးမြှင့် ကျန်ကောင်းသင့်၏ ။
သင်၏ မျိုးသား စာစကားလည်း
ကြီးပွါးတက်မြင့် ကျန်ကောင်းသင့်၏ ။
သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့်
သစ္စာအရောင် ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက် ကျန်စေတည်း ။

ဇော်ဂျီ (ဒီဇင်ဘာ ၁၉၃၅)

တဲ့..။ ဒီကဗျာလေးဟာ ကျွန်တော်တို့ အခုထိ ဆယ်တန်းသင်ပုန်းကြီးဖတ်စာ ကဗျာကဏ္ဍမှာ ထည့်သွင်းထားတုန်းဖြစ်တယ်ဆိုတာ ခင်ဗျားရော ကျွန်တော်ရော သိပြီးသားပါ။ ဒီကဗျာလေးကို ခုကြားတိုင်း ခုတစ်ခါပြန်ပြီး တန်ဖိုးထားမိခဲ့ရတဲ့အထိ ကျွန်တော် ဆရာဇော်ဂျီကိုလေးစားခဲ့မိတယ်။ ဟုတ်တာပေါ့။ ကျွန်တော်ဘာကိုမှ ကြီးကြီးကျယ်ကျယ် မလုပ်ဆောင်နိုင်သေးပါဘူး။ ကျွန်တော်တစ်ယောက်ကြောင့်လဲ ကျွန်တော့်နိုင်ငံကြီး တိုးတက်ကြီးပွားဖို့ရာ လမ်းမမြင်သေးဘူး။ ကျွန်တော်တစ်ယောက်ကြောင့်လဲ ၀ိသာခါ ကျောင်းအမကြီးလို ဖြစ်မလာသေးဘူး။ ဒါပေမယ့်ဗျာ။ ကျွန်တော်တစ်ယောက်ကြောင့် ကျွန်တော်နဲ့ ဆက်ဆံနေရတဲ့ ပတ်ဝန်းကျင်ကလူတွေအပေါ် အဆင်ပြေပြေ နေပေးခဲ့မယ်ဆိုပါစို့..။ ငြူစူစောင်းမြောင်းခြင်းမရှိ၊ ရှုံ့ချပြစ်တင်ကဲ့ရဲ့ခြင်းမရှိ၊ မနာလိုမုန်းထားခြင်းမရှိဘဲ၊ ဖြစ်နေသမျှ ခံစားချက်တိုင်းအပေါ် ကိုယ့်စိတ်လေးကိုယ်သိပြီးသာနေမယ်ဆိုရင် ကျွန်တော်တစ်ယောက်ကြောင့် ကျွန်တော်နဲ့ ဆက်စပ်သမျှလူတိုင်းမှာ ကောင်းကျိုးချမ်းသာရကြလိမ့်မယ်လို့ ကျွန်တော်အပြည့်အ၀ယုံကြည်ထားမိတယ်။ ဒါဟာ ဘာသာရေးတော့ဖြင့် မဟုတ်ခဲ့ပါဘူးလေ။

ခင်ဗျားလူတစ်ယောက်ကို မနာလိုဖြစ်ဘူးလားလို့ ကျွန်တော်မေးကြည့်ချင်ပါတယ်။ ကျွန်တော်ကတော့ ကိုယ့်စိတ်ကိုယ် သတိထားစောင့်ကြည့်နေလို့လားမသိဘူး။ မနာလိုဖြစ်တဲ့အခါတွေရှိတယ်ဆိုတာ သိလာရတယ်။ ဥပမာ.. ကျွန်တော့်ငယ်သူငယ်ချင်းမလေးတစ်ယောက်က ဆရာဝန်ဖြစ်နေပြီ။ သူက သူ့နာမည်ကို Facebook မှာ ဒေါက်တာဆိုပြီး တင်ထားတယ်။ ကျွန်တော်နဲ့ဆွေမျိုးနီးစပ်တော်တဲ့ အဲ့ဒီ မူလတန်းထဲက ပေါင်းလာတဲ့ သူငယ်ချင်းမလေးရဲ့ အဲ့ဒီဒေါက်တာဆိုတဲ့စကားလုံးကို မြင်ရတိုင်း ကျွန်တော့်ရင်ထဲမှာ မနာလိုမှုက အရှိန်အဟုန်ပြင်းပြင်းနဲ့ကို ဖြစ်တည်တယ်။ အဲ့ဒီမနာလိုမှုကလေ .. ခုနက ဒေါသဖြစ်တဲ့အတိုင်းပဲ .. နှလုံးသားဆီကနေ တစ်စိမ့်စိမ့်နဲ့ကို ပူလောင်လာတာဗျ။ အဲ .. ဒေါသနဲ့ မတူတာက ဒီမနာလိုဖြစ်ပြီဆိုတာနဲ့ ဗိုက်ထဲကရော ရင်ခေါင်းထဲကရော တစ်ကိုယ်လုံးက သွေးကြောတွေရော အကုန်ပူတော့တာ။ နောက်ဆုံး ရင်ထဲမှာ မနှစ်မြို့ခြင်းဆိုတဲ့ ရလာဒ်အနေနဲ့ ပူလောင်မှုက မီးငွေ့လိုကို ဖြစ်လို့။ ဒါ သူ့ဟာသူနေတဲ့သူတစ်ယောက်ကို ကျွန်တော်မနာလိုဖြစ်မိတဲ့အကြောင်းလေးပါ။
အဲ့လိုဖြစ်တော့ ကျွန်တော်ဘာလုပ်လဲသိလား။ သူ့ရဲ့ ဆိုက်ဒ်ကို ကျွန်တော်နေ့တိုင်းလို သွားတယ်။ သူ့ရဲ့ ဒျူတီကုတ်ဖြူဖြူလေးနဲ့ရိုက်ထားတဲ့ပုံတွေကို ကြည့်တယ်။ နောက် လှလိုက်တာ။ သူသိပ်တော်တာပဲ။ သူ့လိုသမီးလေးတစ်ယောက်ရှိလို့ သူ့မိဘတွေ ဘယ်လောက်တောင် ဂုဏ်ယူလိုက်ကြမလဲဆိုတဲ့စိတ်နဲ့ ကသိုဏ်းရှု ရှုပစ်လိုက်တယ်။ နောက်တော့ ကျွန်တော် အဲ့ဒီ သူငယ်ချင်းမလေးကို မြင်ရင် စိတ်က ဗလာနတ္တိဖြစ်နေရော။ ရင်ထဲမှာ အေးနေတယ်ဆိုတဲ့ ခံစားမှုက နေရာအပြည့်အ၀ကို ယူတယ်။
ဒါ ကျွန်တော်နံနက်ဖြန်သေဖို့အတွက် ပြင်ဆင်ထားတာပါ။

စိတ်ကောင်းစေတနာဆိုတာကို ကျွန်တော်သေချာမသိပါဘူး။ ဒါပေမယ့် ကျွန်တော့်ထက် အသက်တစ်နှစ်ကြီးရင်ကိုပဲ ကျွန်တော်လေးစားဖို့ အဆင်သင့်ပြင်ထားလိုက်တယ်။ အသက်ကြီးတဲ့သူပြောတဲ့စကားတစ်ခွန်းကို ကျွန်တော်နာယူမှတ်သားနိုင်အောင် ကျွန်တော်ကြိုးစားနေတယ်။ ကျွန်တော်က ခေါင်းသိပ်မာတဲ့သူ၊ ပြန်မပြောနားမထောင် ဂျစ်ကန်ကန်နဲ့ဆိုတော့ ကျွန်တော်သေသွားရင် ကျွန်တော်နောင်တရနေမှာဆိုတဲ့အတွေးနဲ့ ကျွန်တော်တတ်နိုင်သလောက် နားထောင်ပေးဖို့ ကြိုးစားနေခဲ့တယ်။ ကျွန်တော့်အတွက် သိပ်မထူးဘူးလေ။ သူစိတ်ချမ်းသာရင်ပဲ သူ့အတွက် အေးချမ်းနေမယ်မဟုတ်လား။ ကျွန်တော်က နံနက်ဖြန်မှာ သေကောင်း သေနိုင်မယ့်သူဆိုတော့ သူပြောနေတဲ့စကားတွေကို ခနလောက် သူ့အတွက်အချိန်ပေးပြီးနားထောင်ပေးလိုက်တာ သူ့ကို ကူညီရာလဲ ရောက်တယ်။ သူ့ကို စိတ်ချမ်းသာစေရာလဲရောက်တယ်ဆိုတဲ့အတွေးနဲ့ ကျွန်တော်နားထောင်ပေးလိုက်တယ်။

ကျွန်တော်က ဘာသာရေးမှာလဲ ထူးချွန်ပြောင်မြောက်တဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး။ အလှူအတန်းဆိုတာလဲ ကျွန်တော့်အတွက် မှတ်မှတ်ရရ ကဗ္မည်းထိုးလောက်တဲ့အထိ အရာမ၀င်ခဲ့ဘူး။ (ကြုံသလိုလှူလိုက်တာပါပဲ။) သီလဆိုတာလဲ အထူးတလည် ရွတ်ဆိုခံယူနေရတာမျိုး ကျွန်တော်မလုပ်ခဲ့ဘူး။ ဘုရားတောင် နေ့စဉ်မရှိခိုးဖြစ်တဲ့ကျွန်တော့်မှာ ဘာသာရေးဆိုလို့ ကိုယ့်စိတ်ကိုယ် သတိနဲ့ စောင့်ကြည့်ယူခြင်းဆိုတဲ့ အလေ့အထတစ်ခုပဲ ဖြစ်တည်ခဲ့တယ်။ ကျွန်တော့်ရဲ့ ဘာသာရေးက ကျွန်တော်မအိပ်ခင် နဲ့ အိပ်ယာနိုးချိန်မှာ ရတနာသုံးပါး၊ ဖေဖေ မေမေ၊ သင်ဆရာ မြင်ဆရာ ကြားဆရာ၊ ခင်ပွန်းကြီးဆယ်ပါးနဲ့ ကျွန်တော်ချစ်တဲ့ ကို့ကို စိတ်ထဲကနေ ရည်မှန်းပြီး ကန်တော့မယ်။ ပြီးရင် ကျွန်တော့်စိတ်ထဲမှာ နည်းနည်းကြည်လင်သွားအောင် တိုတောင်းတဲ့ ဘုရားစာတစ်ခုကို ကျွန်တော် ဆက်တိုက်အာရုံပြုပြီး ရွတ်ရင်းနဲ့ အလုပ်လုပ်ဖို့စမယ်။ (အချိန်နည်းနည်းရသေးတယ်ဆိုရင်တော့ မျက်လုံးခနလောက်မှိတ်ပြီး အသက်ရှူတာကို ကျွန်တော်ခံစားကြည့်မယ်။) နောက် ဘုရားစာရွတ်တာကို ရပ်ပြီး ကျွန်တော်ထိတွေ့ကိုင်တွယ်သမျှ နဲ့ စိတ်ကို သတိထားပြီး စောင့်ကြည့်မယ်။ ခံစားရသမျှကို စောင့်ကြည့်ရတာ၊ သိနေရတာလောက် စိတ်ဝင်စားဖို့ကောင်းတာ .. ငြိမ်နေတာ မရှိတော့ပါဘူး။ ကျွန်တော့်မှာ အကြီးအကျယ်ဝမ်းနည်းတာနဲ့ အကြီးအကျယ်ဝမ်းသာတာမျိုး မရှိတော့တာ အဲ့လိုစိတ်ကြောင့်ထင်ပါရဲ့။

ကျွန်တော့်မိသားစု၊ ကျွန်တော့်ချစ်သူနဲ့ ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေ၊ ကျွန်တော်တန်ဖိုးထားတဲ့ သူငယ်ချင်းတွေကို ကျွန်တော်သိပ်ချစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်နံနက်ဖြန် သေသွားရင်ဆိုတဲ့အတွေးနဲ့ သူတို့ကိုလဲ ကျွန်တော်ဆက်ဆံနေခဲ့တယ်။ ဒါဟာ ကိုယ့်ဟာကိုယ် ပြင်ဆင်ထားခြင်းတစ်မျိုးလို့ ယူဆမိတယ်။

ကမ္ဘာမပျက်ခင်တစ်လ အလိုဆိုတာထက် .. ကျွန်တော်နံနက်ဖြန်သေသွားတဲ့အခါ .. ငါ မလုပ်လိုက်ရလေခြင်း၊ ငါ မှားခဲ့လေခြင်းဆိုတဲ့စိတ်မျိုးနဲ့ နောင်တအစုံက ရင်ကို ၀င်ဆောင့်တာမျိုး ကျွန်တော် မဖြစ်ချင်ပါဘူး။ တိတ်တိတ်ဆိတ်ဆိတ် အေးအေးဆေးဆေးပဲ ကျွန်တော့်ကမ္ဘာကို ဆိတ်သုဉ်းစေလိုက်ဖို့ ကျွန်တော်မျှော်လင့်ထားတယ်။ အဲ့ဒီနေ့မှာ ဘယ်သူ့ကိုမှ ကျွန်တော် နှုတ်ဆက်ဖြစ်မယ်မထင်ဘူး။ နှုတ်ဆက်စရာလဲ မလိုဘူးလို့ထင်တယ်လေ။
ကျွန်တော်မသေခင် အကောင်းဆုံး ရှင်သန်ခဲ့ပြီးပြီမဟုတ်လား။

( ဒီပိုစ့်လေးဟာ ဒေါ်လေးနင်း (နှင်းနဲ့မာယာ) တက်ဂ်တဲ့ ကမ္ဘာမပျက်ခင် တစ်လအလိုဆိုတာကို သတိတရနဲ့ ရေးဖွဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်ဘယ်စာအုပ်ကမှ ကူးမချထားပါဘူး။ ကျွန်တော့်ရဲ့ ခံစားချက်အစစ်အမှန်တွေကိုပဲ ချပြထားတာပါ။
အမှန်က ဒီနေ့ဟာ ဒီဇင်ဘာ၇ရက်နေ့ ကျွန်တော်နဲ့ ကိုတို့ ချစ်သက်တမ်း ၅နှစ်တိတိပြည့်တဲ့နေ့ပါ။ ဒီနေ့မှာ ကျွန်တော်ဒီလိုပိုစ့်မျိုးကို အမှတ်တရအနေနဲ့ ရေးမိခြင်းပါ။
စာဖတ်သူအနေနဲ့ ကျွန်တော့်စိတ်ခံစားမှုနဲ့ပတ်သတ်ပြီး တစ်ခုခုရမယ်ဆိုရင် ကျွန်တော်ကျေနပ်ပါတယ်ဗျာ။ =] )


Friday, December 4, 2009

ကျွန်တော်တို့ ကဗျာ

ညတဲ့ ..
သာယာမှုတွေ ရှိပါရဲ့ .. ခါးသီးမှုကတော့ ပါးပါးလေး ပျော်ဝင်နေတယ် ..
သူငယ်ချင်းရေ ..
နင့်ကိုသတိရတဲ့စိတ်နဲ့ လောင်ကျွမ်းနေတဲ့ ငါ့နှလုံးသားထဲ
စကားတွေ ချော်ရည်ဖြစ်ကုန်ကြပြီ
တိုးတိတ်ပါးလျတဲ့ စကားသံလေးတွေနဲ့
ငါ့ကိုချည်နှောင် ..
ရုန်းထွက်မရအောင်များ ဖမ်းစားထားသလား သူငယ်ချင်း ..

အိပ်မပျော်တဲ့ညတိုင်းမှာ .. သတိရတတ်တာ
စကားသံတိုးတိုးလေးတွေဆိုရင်
ငါ့ကို ၀ိုင်းလှောင်ကြလေမလား ..
တကယ်က ငါ့ဝေဒနာကို ဘယ်သူမြင်နိုင်မလဲလေ ..
ရင်ဘတ်ခြင်းတူသူတွေမို့ .. ခိုင်မြဲကြသလားဆိုတဲ့အတွေးမျိုးနဲ့
ငါ မနှစ်သိပ်ချင်ပါဘူး
အမြဲတမ်းဆိုတဲ့ အတွေးနဲ့ ငါ နဲနဲလောက် ရူးသွပ်ချင်တယ် ..

ငါက တစ်မြတ်တစ်နိုးသိမ်းထုပ်
သံယောဇဉ်တွေကို အကျင့်လုပ်နေမိတာလား..
လိုတာမရလို့ အော်ငိုလိုက်ရင် အဆင်ပြေတတ်တဲ့
ကလေးငယ်တစ်ယောက်လိုသာဆို
တစ်ညလုံး ငါငိုပါရစေ..
ဒီအိမ်မက်ကို မနိုးချင်တော့ဘူး..
ဒါပေမယ့်.. ...............
မနက်ခင်းကို ရောက်မှာ ဘယ်သူမှမပြောလဲ
ငါကြိုသိနေပါတယ်..
တိတ်..တိတ်..လေး ....... မသိချင်ယောင်ဆောင်နေယုံ.......။

မင်းနဲ့ ကျနော်

Tuesday, December 1, 2009

အဓိပါယ်ဖွင့်ဆိုချက်

အချစ်ဆိုတာ
အမြစ်မရှိတဲ့ သစ်ပင်
ရေမရှိဘဲစီးတဲ့ မြစ်
ကြယ်မကြွေဘဲလှတဲ့ ည

အချစ်ဆိုတာ
ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း
အမှန်တရားကို လိမ်လည်ခြင်း
ဒဏ်ရာတွေနဲ့ အယားဖြေခြင်း

အချစ်ဆိုတာ
ဖိနပ်မပါတဲ့ ခြေထောက်
ချိုင်းထောက်မရှိတဲ့ ဒုက္ခိတ
ပန်းပွင့်မရှိတဲ့ ဥယျာဉ်
အချစ်ဆိုတာ
................
.................
ဖွင့်ထားတဲ့ရင်ခွင် ထဲက
ပိတ်ထားတဲ့ တံခါး။

လင်းစက်ရာ


Wednesday, November 25, 2009

ရက်စွဲမရှိသော အိပ်မက်များအကြောင်း

နှင်းတွေကျနေတဲ့ တိတ်ဆိတ်ခြင်းရဲ့ညတွေကို
ငါအိပ်စက်ပစ်ရမှာ နှမြောမိတယ် ..
သတိရခြင်းဆိုတာ ဆောင်းဦးလေပြည်တွေလိုပဲ ..
ခြောက်သွေ့တိတ်ဆိတ်ပြီး အေးမြမှုန်ရီနေကြတယ်တဲ့ ..
နင် ပြောခဲ့တဲ့စကားလေ ..
အဲ့ဒီနေ့တွေရဲ့ အသံမဲ့ကဗျာတွေကို နင်ဘာသာမပြန်တတ်ခဲ့သလို
ငါလဲ ဘာသာမပြန်တတ်ခဲ့ဘူး သူငယ်ချင်း
ငါတို့က အရောင်မဲ့ နှောင်ကြိုးတွေရဲ့ အစွန်းတစ်ဖက်မှာ
ရပ်တည်ချင်ခဲ့ကြတယ် ..

ငါတို့ရဲ့(တူညီတဲ့)
အိပ်မပျော်တဲ့ညတွေမှာ ငါတို့ကဗျာစပ်လိုက်ရအောင်လား ..
အဲ့ဒီကဗျာမှာ ဘာတားမြစ်ချက်ဥပဒေမှ ငါတို့မပြဌာန်းဘူး ..
စည်းမျဉ်းတွေနဲ့ မချုပ်နှောင်ဘူး ..
ပိုင်ဆိုင်ခြင်းနဲ့ တွယ်တာခြင်းကိုလဲ ငါတို့စွန့်လွှတ်ကြစို့ရဲ့ ..
နားလည်ဖို့မလိုပါဘူး ..
နှလုံးသားနဲ့ နားထောင်ပြီး နှလုံးသားနဲ့ပဲ ခံစားကြမယ် ..
တိမ်တွေတောင် ကောင်းချီးပေးကုန်ပြီ ..

နာမည်မထိုးထားတဲ့ ဒီကဗျာကို ငါတို့နှလုံးသွေးနဲ့အက္ခရာစီရအောင် ..
အထူးသဖြင့် ခေါင်းစဉ်မလိုဘူး ..
ကာရံညီဖို့မညီဖို့ထက် ကဗျာဆိုတာ နှလုံးသွေးတို့ စီးဆင်းရာ
အရောင်တူတဲ့ ခံစားချက်တစ်ခု
ချစ်ခြင်းတွေမြှုပ်နှံရာ ရာသီတစ်ခုလဲဖြစ်ရဲ့ ..
မြောက်လေကိုစောင့်တဲ့ ဆောင်းဦးရွက်လို
စိတ်တွေကို ကြွေဆင်းဖို့ ညွှတ်ကွင်းတစ်ခုလည်း ဖြစ်ရဲ့..
အလွမ်းတွေစိုက်ပျိုးရာ ဥယျာဉ်လဲ ဖြစ်ရဲ့ ..
တမ်းတခြင်းတို့မျိုးစေ့ချ ..
မျက်ရည်နဲ့ သွန်းလောင်း
ငါတို့ နှလုံးသားနဲ့ ပေါင်းသင်လိုက်ကြစို့ ..
ကဗျာရဲ့ ရေသောက်မြစ်တို့ စီးဆင်းကုန်ပြီ ..

ပန်းတစ်ပွင့်အတွက် ဥယျာဉ်မှူးရဲ့ ခံစားချက်မျိုး
ငါတို့ကဗျာကိုလဲ ငါတို့ယစ်မူးကြစို့ရဲ့
ကဗျာဟာ ပန်းတစ်ပွင့်ဆို
နင့်အတွက် ကဗျာတိုင်းကို ငါဖူးပွင့်စေမယ် ..
ငါ ရေးထိုးတဲ့ကဗျာတိုင်းကို ငါ့ဝိဥာဉ်နဲ့
ငါ ပူဇော်လိုက်မယ် ..
ငါတို့ အတူခံစားဖို့ ..။

ဇော်။


Monday, November 23, 2009

အကယ်၍ နံနက်ဖြန်သာ ...

ညသည် မှောင်မဲတိတ်ဆိတ်နေသည်။
အဝေးက သဲ့သဲ့မောင်းသွားသော ကားသံနှင့် မီးအလင်းရောင်မှတစ်ပါး အရာအားလုံးသည် ငြိမ်သက်လျှက်။ သူ့ရှေ့တွင် ရှိနေသည်က ဖြူလွလွ ကင်းဗက်ပြားတစ်စ။
လက်ထဲမှာတော့ ဓါးတစ်ချောင်းပမာ ထက်မြက်လှသော စုတ်တံ ..
သူ့ဝိဥာဉ်သည် ညနှင့်အတူ ယိမ်းနွဲ့လေပြီ ..။

ကင်းဗက်ပြား၏ နောက်တွင် ဖွင့်ထားသော ပြတင်းတံခါးမှ အပြင်ဘက်ကောင်းကင်သို့ သူစိုက်ငေးကြည့်နေမိသည်။ ကောင်းကင်သည် နက်ပြာရောင်ပြေးနေသည်။ ဆန်းသစ်စလခြမ်းကွေးလေးသည်သာ အားဖျော့စွာ လင်းချင်းလျှက်။ ကြယ်တာရာတို့ ဘယ်သို့ပုန်းလျှိုးနေသည်မသိ။ သူ့အတွေးတို့ ပျောင်းညွှတ်လာသည်။

စုတ်ချက်တစ်ခုအောက်တွင် ကခုန်နေသော ကဝေကြိုးတစ်ခု သူဖန်တီးလိုက်သည်။
စုတ်တံသည် လေနှင်ရာသို့ လွင့်မြောနေသည့်နှယ်။
လေ၏ ပင့်သက်ရှိုက်မှုမျိုးနှင့် သူ့လက်ကို အညင်သာဆုံး လှုပ်ရှားလိုက်သည်။
အဖြူရောင်ထက်တွင် အရောင်ခပ်ပါးပါးလေးပြေးသွားပြီ။
အရာရာသည် ညဥ့်ဦးနှင့်အတူ ပိုလှလာခဲ့သည်။

ခန်းစီးလိုက်ကာတို့ လေအနော့မှာ တရွေ့ရွေ့မျောသွားချိန်
သူ့အာရုံတို့သည်လည်း ပျော့ပျောင်းယိမ်းနွဲ့စွာ လှုတ်ခတ်သွားသည်။
ရင်၌ သိမ့်ခနဲဖြစ်တည်၏။ ည၏ လတ်ဆတ်ခြင်းသည် သူ့ကို ပို၍ ယစ်မူးစေခဲ့ပြီ။
သူ.. တိတ်ဆိတ်ခြင်း၌ ပျော်ဝင်၏။

အတောက်ပဆုံး သောက်ရှူးကြယ်တို့ထက် ပိုတောက်ပသော မျက်ဝန်းတစ်စုံကို
သူ့နှလုံးသည်းပွတ်နှင့် ဆွဲပြီးချိန်၌ အရာရာသည် လက်ဖြာ၏။
ပထမဆုံးသော အပြုံးတစ်ချက် သူ့နှုတ်ခမ်းပါး၌ ခိုတွယ်ခဲ့ပြီ။ သို့သော် ထိုအပြုံးသည် ပီပြင်မှုမရှိခဲ့။ လေပြေနှင့်အတူ ဝေ့လွဲပျောက်ကွယ်သွားခဲ့ပြန်သည်။

သူတစ်ချက် ပင့်သက်ရှိုက်ရင်း ပြတင်းမှ တဆင့် အပြင်ဘက် ခပ်ဝေးဝေးကို
လှမ်းကြည့်လိုက်မိပြန်သည်။ ကောင်းကင်သည် ခုနကအတိုင်း ဘာမှ မပြောင်းလဲ။
သို့သော် တိမ်တို့ရွေ့လျားနေပြီ။ ထို့အတူ သူ့စိတ်သည်လဲ ...

သူ့အာရုံသည် သူ့ကို ပြန်၍ ဆွဲဆောင်ပြန်သည်။ သူ .. ခေါင်းကို ခပ်လေးလေးတစ်ချက်ခါ၍
ပိတ်ဖြူပေါ်မှ အရောင်များဆီ ပြန်လှည့်လိုက်သည်။ ပိတ်ဖြူသည် အဖြူရောင်ပင် မပီပြင်ချင်တော့။
သူ့အခန်းသည် ဆီမီးတို့၏ ယိမ်းထိုးလှုပ်ခတ်မှုဖြင့် နတ်သမီးတို့ ကကြိုးသီနေပုံ ..
သူ့ကမ္ဘာသည် သီးသန့်ဖြစ်လာသည်။ သူ့ရင်သည် ဟာလာဟင်းလင်းဖြစ်လာသည်။ သူ့စိတ်ဝိဥာဉ်တို့ ပန်းချီနှင့်အတူ စီးမျောနေသည်။ သူ့အာရုံတို့ နူးညံ့လာသည်။

နံနက်ဖြန်သည် သူ့နှလုံးသည်းပွတ်တို့ ကြေမတတ် ချစ်ခဲ့ရသော ချစ်သူလေး၏ လက်ထပ်ပွဲ။
ဒီညသည် သူ၏ နောက်ဆုံးည။
နံနက်ဖြန်တွင် ချစ်သူ၏ ထားခဲ့ခြင်းနှင့်အတူ သူဝိဥာဉ် သဂြိုလ်ခံရတော့မည်။
သူ နောက်ဆုံးအချိန် တောက်ပချင်ခဲ့မိသည်။

ဟက်ခနဲ ရယ်သံနှင့်အတူ သူ့မျက်လုံးအိမ်တို့ စိုစွတ်လာ၏။
သူ့ရယ်သံသည် ခြောက်ကပ်ခြင်းနှင့်အတူ နာကျင်မှုကို ဖြစ်တည်စေပြီ။ သူမတွေးချင်။
သူ၏ ရင်နှင့်ဖန်ဆင်းအပ်သော ဒီပန်းချီကားသည် သူ့ကိုယ်စား ချစ်သူခြေရင်း၌ ရှိနေစေရမည်။
ချစ်သူ၏ ကိုယ်ပွားဖြစ်နေစေရမည်။

ရုတ်တရက် သူ့လက်တွေ ခပ်မြန်မြန်လေး လှုပ်ရှားသွားကြသည်။
ပန်းချီသည်လည်း ရုပ်လုံးကြွလာခဲ့ပြီ။ သူ့ရင်ထဲက ချစ်သူမယ် ..
ပန်းချီနှင့်အတူ လှပနေခဲ့သည်။ ရင်၌ အဆမတန်နာကျင်လာသည့်ခန၀ယ် နောက်ဆုံး စုတ်ချက်ကို သူအားတင်း၍ ရေးခြစ်လိုက်ချိန် ဘယ်ဘက်ရင်အုံ၌ စူးခနဲ တစ်ချက်ဖြစ်တည်၏။

ပြီးဆုံးသွားသော ပန်းချီကားကို သူ စိုက်ကြည့်လိုက်ရင်း သူ့ခြေထောက်တို့ ပျော့ခွေညွှတ်ကျလာခဲ့ပြီ။ သူလဲမကျသွားခင် ပန်းချီကားဘောင်ကို ကိုင်ရင်း အောက်ခြေ၌ သူ့လက်မှတ်ကို ထိုးဖြစ်ခဲ့သည်။
ထို့နောက် သူအပြီးတိုင် ပြိုလဲသွားခဲ့ပြီ။ သူ့အာရုံ၌ မှောင်အတိ။
သူ့တွင် နာကျင်ခြင်းသည်သာ အဖော်အဖြစ်ရှိနေဆဲ ..

လေပြည်သည် အခန်းအတွင်းသို့ ညှင်သာစွာဝင်ရောက်၍ ပန်းချီကားကို တစ်ချက်ရှုစားပြီး ပြန်ထွက်သွားပုံရသည်။ ပြတင်းခန်းစီးလိုက်ကာတို့က လှုပ်ခတ်၍ နှုတ်ဆက်လိုက်ကြလေသည်။
ညသည် ပို၍ နက်ရှိုင်းလာခဲ့ပြီ။
လခြမ်းကွေးလေး၏ နောက်ဆုံးနှုတ်ဆက်သံသည် သူ့အတွက် သာယာဖွယ် မဖြစ်ခဲ့တော့ပါပေ။
သူ ..
နှလုံးတို့ ကြေမွခဲ့ပြီ။


Friday, November 20, 2009

ပျော်ဝင်ခြင်း (၂)

အဖျားခတ်ရနံ့အငွေ့အသက်တွေစိုဖို့
ရင်တစ်ခွင်လုံး ယဇ်ခင်းပူဇော်
သွေးပျက်ခြင်း လက်ဖျားများ
အေး ခဲ ဆွံ့ အ .....။

အရုဏ်ဦးလို လင်းသစ်တဲ့
သူမရဲ့ ခြေလှမ်းတွေ ဖြန့်ကျက်တိုက်စား
ရင်ဝှက်စကားများ
ပိုင်သတဲ့သူ ။

မှော်စက်သင့်နေ့ရက်တွေထဲ
လင်း ဖြာ မှုန် ရီ
လက်တွေ့မဆန်တတ်တဲ့စိတ်က
ဒိုင်ယာရီဟောင်းတစ်အုပ်ရဲ့
စာသားတစ်ချို့တစ်ဝက်မျှသာ .... ။

ဒီလိုနဲ့
နာရီတွေ လည်တယ်
ရာသီတွေ ပတ်တယ်
သူမသိဘဲ
(ဘယ်သူမှမသိဘဲ)
ယုံတမ်းဟာသတစ်ပုဒ်ကို
ငါကိုယ်တိုင်
ရယ်(ရီ)ချင်ယောင်ဆောင်နေလိုက်တယ် ....။ ။

လင်းစက်ရာ


Tuesday, November 17, 2009

သူ........စိမ်း

မျက်လွှာတစ်ခို ၊ ပွင့်စက်စိုလိမ့်
ရှက်ဖြာပန်းခက် ၊ ပင့်သက်ဆောင်ယူ
ကလူ၏သို့ ၊ စို့စို့ရင်မော
မြကြောရှိန်းရှိန်း ၊ ပင်နွယ်စိမ်းတို့
ညှို့သိမ်းတိုင်းသာရတော့၏...။

ညို့ညို့ဆံဝဲ ၊ ကဝေ့သည်းသို့
လေနော့လေပြေ ၊ သော့ထွေညင်းပြောင်း
အကြောင်းကြောင်းလျှင်
ဖိုမိနှလုံး ၊ ပိုက်ယူကျုံးခဲ့
ပျို့ယိမ်းတိုင်းသာလှတော့၏...။

အတုံ့အတင် ၊ ချစ်လိုချင်လည်း
မမြင်မမှု ၊ မရှုပြင်ပြင်
သူစိမ်းသွင်မို့ ၊ မျက်ရည်စို့တို့
သို့စိမ်းတိုင်းသာကျတော့၏....။ ။

လင်းစက်ရာ
၁၉.၉.၀၈



Saturday, November 14, 2009

အလင်းမြစ်

နေခြည်ရဲ့စုတ်ချက်တွေ တပ်ပျက်ကုန်ပြီ
ဆည်းဆာတွေ အပြစ်မကင်းလို့
အတောင်ပံတွေ စီးချင်းထိုးနေခဲ့ရ၊
အသိုက်မဲ့တေလေရဲ့ အိမ်ပြန်ချိန်ဟာ
ဘယ်လောက်များ ချိုမြိန်နိုင်အုံးမှာလဲ…

လမ်းဆိုတာက ချောက်ကမ်းပါးတွေလည်းရှိရဲ့
မနက်ဖြန်တွေ မကုန်မချင်းပေါ့
ရင်ခွင်ကိုခင်း သခင်နင်းဖို့တံတားဖြစ်ဖြစ်ပါ
ခြေရာထက်က ၀တ်မှုံတစ်ချို့
ပန်းပွင့်လာဖို့အထိ ငါစောင့်ချင်တယ်..

လွင့်စင် ပျောက်ပျက်
ရပ်တန့်လို့မရတဲ့အဆုံးမှာ ရပ်တန့်ခဲ့ကြ
ဖွဲ့သီဖူးသော မျက်ဝန်းကဗျာ
ဝေးကွာခြင်းသာ တစ်ရွေ့ရွေ့နီးလာဆဲ
အရောင်ပြယ် မနက်ခင်းထဲမှာ
ငါ့လွမ်းချင်းတွေက သခင့်အရပ်မှနေထွက်ခဲ့တယ်..

အံ့သြမိပါရဲ့
ငါ့နှလုံးအိမ်ကို ထောင့်ဖြတ်မျဉ်းဆွဲဖို့
ချစ်ခြင်းလို့ (သခင်)အမည်တပ်ထားတဲ့
အစိမ်းရင့်ရင့်ကျိန်စာတွေကို ဖတ်ပြခဲ့တုန်းက
မျှော်လင့်ခြင်းတွေ တစ်ရှိုက်မက်မက်
သခင့်စိတ်နဲ့ အသက်ဆက်ခဲ့ဖူးတယ်…

မိုးကရွာတာလား ငါကရွာတာလား
နိမ့်ရာသို့ စီးရင်းနဲ့
လမ်းမသင့်တဲ့ အမှောင်ရာသီထဲမှာ
သခင့်အတွက်အလင်းဖြစ်ဖို့
ငါ့ခန္ဒာကို လောင်တိုက်သွင်း
မီးလိုတောက်ချင်တဲ့ မြစ်တစ်စင်းပေါ့…..။

မင်း

Wednesday, November 11, 2009

ဆုတောင်းခြင်းများ မတိုင်မီ

အပိုင်း (၁)

မြတ် .. မောင်တို့လက်ထပ်ကြရအောင်ကွာ .. မောင်လဲကျောင်းပြီးလို့ အလုပ်ထဲရောက်တာ ၄နှစ်ကျော်ပြီ .. မြတ်လဲ မောင်နဲ့တူတူပဲလေ .. မောင်တို့မှာ စုသင့်သလောက် စုဆောင်းထားခဲ့ကြပြီပဲ .. ဒီတော့ မောင်တို့ ဘာကို ဆက်ပြီး စောင့်နေကြဦးမှာလဲနော် .. မောင် .. မြတ်နဲ့ အတူနေချင်ပြီ မြတ်ရယ် ..

ဒီလိုမောင်က စပြီးတောင်းဆိုလာတော့လဲ မြတ် မောင့်မျက်နှာလေးကို ကြည့်ပြီး မငြင်းရက်တော့။ တက္ကသိုလ်ပထမနှစ်ကစပြီး ရိုးသားအေးဆေးတဲ့မောင်ဟာ မြတ်တစ်ယောက်တည်းကိုသာ ချစ်ခဲ့သူ။ မြတ်က ဒုတိယနှစ်ရောက်တော့မှ ဇွဲကြီးတဲ့မောင့်ကို ချစ်အဖြေပေးခဲ့မိသည်။ သည်လိုနှင့် မြတ်နဲ့မောင် ဆိုတာ တက္ကသိုလ်ရဲ့ ချစ်နယ်မြေတွေမှာ စားအတူ သွားအတူ စာကြည့်အတူ ခြေဆန့်ခဲ့ကြသည်မှာ အခုဆိုလျှင် မောင်သည်ပင် ကွန်ြ့ပူတာ ပရိုဂရမ်မာတစ်ယောက်ဖြစ်နေခဲ့ပြီ။ မြတ်သည်ပင် အေးဆေးစွာ ကွန်ပြူတာ စာစီစာရိုက်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားဖြစ်ခဲ့သည်ပဲ။

မြတ်နဲ့မောင်ရဲ့ မင်္ဂလာပွဲက အေးဆေးစွာပြီးဆုံးသွားခဲ့သည်။
ကဲကဲ .. ဒီလင်ဒီမယား အိုအောင်မင်းအောင် ပေါင်းရပါစေကွယ် .. မောင်နိုင်ဝေကလဲ သမီး မြတ်ကို သီးခံပါ .. သမီးမြတ်ကလဲ မောင်နိုင်ဝေကို ကိုယ့်ခင်ပွန်းအဖြစ် ရိုသေပါကွယ် .. မေမေတို့ကတော့ ၀တ္တရားရှိတဲ့အတိုင်း တာဝန်ကျေခဲ့ပြီ။ သားတို့သမီးတို့က ကိုယ်တည်ထောင်ထားတဲ့ ဘ၀လေးကို သာယာအောင် တိုးတက်ကြီးပွားအောင် နှစ်ယောက်တိုင်တိုင်ပင်ပင် ကြိုးစား တည်ဆောက်ကြပေါ့ကွယ် ..
မြတ်မေမေရဲ့ စကားအဆုံးမှာ မောင်က မြတ်ကို လှည့်ကြည့်၍ နွေးထွေးစွာ ပြုံးပြခဲ့သည်။ မြတ်သည်လည်း မောင့်မျက်နှာကို အားကိုးကြီးစွာ ချစ်မြတ်နိုးစွာ ပြန်ကြည့်လိုက်မိသည်။ မြတ်တို့၏ အိမ်ထောင်ဦးသည် အေးဆေးစွာ ချစ်ခြင်းမေတ္တာဖြင့် ထုံမွှမ်းခဲ့သည်။

သားဦးလေးကို မြတ်ကိုယ်ဝန်စဆောင်စဉ်က မောင်ပြာယာခတ်နေပုံကို ခုထိ မြတ်မျက်လုံးထဲက မထွက်။
မြတ်နော် .. မတည့်တာတွေ လျှောက်မစားပါနဲ့ကွာ.. မောင်စိတ်ပူရလွန်းလို့ပါ .. မောင့်မိန်းမ ပင်ပန်းနေတာကို မောင်က ကြည့်ရက်နေတယ်များထင်လို့လား .. ဖြစ်နိုင်ရင် မောင်သာ ကိုယ်ဝန်ဆောင်လိုက်ချင်တာ .. မောင့်မိန်းမကို မောင်က ခုလို ပင်ပန်းရတာမျိုး မြင်ရတာ မောင်လေ .. ကလေးလဲ လိုချင်ပါရဲ့ .. လိုလဲ မလိုချင်တော့သလို ဖြစ်ဖြစ်သွားတယ် .. အဟုတ် ..
မြတ်က မောင့်စကားအဆုံး ဟက်ဟက် ပက်ပက်ရယ်မိတော့ မောင်က မျက်နှာနီပြီး မြတ်ကိုယ်လုံးလေးကို အတင်းဖက်၍ မွတ်သိပ်စွာ ရှိုက်နမ်းခဲ့တာကို မြတ်ခုထိ ရင်ခုန်ရဆဲ။
သားသား နဲ့မီးမီး အမွှာမောင်နှမကို အောင်မြင်ချောမောစွာ မွေးဖွားပြီးတဲ့နောက်ပိုင်းရက်တွေတွင် မောင်သည် အလုပ်ကို အင်တိုက်အားတိုက် ပို၍ ကြိုးစားလာခဲ့သည်။ မြတ်တို့သားအမိတစ်တွေ မောင့်ကြောင့် မျက်နှာငယ်ရတာမျိုး မရှိခဲ့။ မောင်သည် အိမ်ထောင်ဦးစီးကောင်း ခင်ပွန်းကောင်း ပီသလွန်းခဲ့သည်။

မြတ် .. သိလား .. မောင်တို့ကုပ္မဏီက စင်ကာပူကနေ ရုံးခွဲလာဖွင့်တာလေ .. သိတယ်ဟုတ် .. အဲ့ဒါ အခု မောင်ရေးတဲ့ ပရိုဂရမ်တွေကို ကြိုက်လို့တဲ့ .. မောင့်ကို စင်ကာပူက ရုံးချုပ်က ရုံးချုပ်မှာလာလုပ်ဖို့ ခေါ်နေတယ် .. မောင်သွားချင်တယ် မြတ်ရာ .. နော် .. မောင့်သားနဲ့သမီးကိုလဲ အဲ့မှာပဲ မောင်က ကျောင်းထားပေးချင်တာ မြတ်ရဲ့ .. မောင်တို့မိသားစု အတူသွားကြရအောင်နော် .. နော် မြတ် ..
မြတ်ရင်ခွင်ထဲကို တိုးဝင်ပြီး ကလေးတစ်ယောက်လို ပူဆာချွဲနွဲ့ခဲ့သည့် ခင်ပွန်းသည်ကို မြတ် အပြုံးနဲ့ပဲ ခေါင်းညိတ်ပြခဲ့ရသည်။ အမှန်က မြတ် သည်မြေသည်ရေက မခွာချင်။ သည်မြေတွင် မြတ်ကို မွေးဖွားခဲ့သည်။ သည်ရေတွင် မြတ် ကြီးပြင်းလူလားမြောက်ခဲ့ရသည်။ လှပသော အမိမြေတွင် မြတ် လွပ်လပ်စွာ ရှင်သန်ကြည့်ချင်ခဲ့သည်။ သို့သော် .. ခင်ပွန်းသည်၏ အဆိုကို မြတ် ဇနီးကောင်းပီသစွာ လိုက်လျောမိခဲ့ပြီပဲလေ။

မြတ်တို့မသွားခင် မေမေတို့ကို သွားကန်တော့တော့ မေမေက မျက်ရည်တွေ ဝေ့သီစွာနဲ့ ဆုတွေ တစ်သီကြီးပေးခဲ့သည်။ သားသားနဲ့မီးမီးကိုလဲ မခွဲနိုင်သလို တင်းတင်းဖက်ထားခဲ့သည်။ ထို့နောက် မေမေ ရှိုက်ကြီးတငင်ငိုခဲ့သည်။ ဖေဖေကတော့ ယောက်ျားပီသစွာ အံကိုသာ ကြိတ်ထားသည်။ သူတို့လဲ မြေးဦးတွေကို ချစ်ရှာမည်ပေါ့။ နောက်တော့ မေမေက
အေးလေ .. တရားနဲ့ပဲ ဖြေရမှာပေါ့ကွယ် .. မိသားစု တိုးတက်ဖို့အတွက်ပဲ .. ကလေးတွေ နောင်ရေးကလဲ ရှိသေးတာကိုးလေ .. ခွင့်ရတော့ အလည်ပြန်ခဲ့ပေါ့ကွယ် ..
လို့ တိုးတိတ်စွာ မှာအပြီး ဘုရားခန်းထဲသို့ ၀င်သွားခဲ့သည်မှာ မြတ်တို့ပြန်သည်အထိ ထွက်မလာခဲ့တော့။
အပြန်လမ်းမှာ မြတ်က ၀မ်းနည်းစွာ ငိုကြွေးမိတော့ မောင်က မြတ်ပခုံးလေးတစ်ဖက်ကို ပွေ့ဖက်၍ နှစ်သိမ့်ခဲ့သည်။ သည်လိုနှင့် မြတ်တစ်ယောက် မိသားစုနှင့်အတူ ချစ်သောအမိမြေကို ခွဲခွာခဲ့ရသည်။

မြတ်တို့ စင်ကာပူကိုရောက်တော့ မြတ်တို့အတွက် ပေးထားသော အိမ်အသစ်တွင် မြတ်သားနဲ့သမီးက ပျော်ပြီး ပတ်ပြေးနေကြသည်။ အေးလေ .. သူတို့လေးတွေက ခုမှ ၄နှစ်ကျော်သာသာဆိုတော့ ဘာသိဦးမှာလဲ .. လို့ ဖြေတွေးတွေးဖြစ်ခဲ့မိသည်။
မောင်ကတော့ သူ့အလုပ်အတွက် သူအကောင်းဆုံး ကြိုးစားနေခဲ့ပြီ။ မြတ်တစ်ယောက်ကတော့ မောင်၏အိမ်ရှင်မအဖြစ်သာ ရှိနေခဲ့သည်။
မြတ်ရယ် .. အိမ်မှာ မြတ်ရော မောင်ရော အလုပ်လုပ်မယ်ဆိုရင် သားနဲ့သမီးကို ဘယ်သူက စောင့်ရှောက်မှာလဲနော် .. ရန်ကုန်မှာလို အဖိုးအဖွားအိမ် ပို့ထားလို့လဲ ရတာမဟုတ်ဘူးလေ .. ဒီတော့ မြတ် သားနဲ့သမီးအတွက် အလုပ်မလုပ်ဘဲ နေပါကွာ .. မောင့်လစာက လောက်တဲ့အပြင် ပိုတောင် ပိုနေသေးတာ မြတ်လဲအသိပဲကို ... နော် မြတ် ..
ဆိုတဲ့ မောင့်စကားအဆုံးမှာ မြတ်လဲ သားနဲ့သမီးအတွက် အလုပ်လုပ်ဖို့ စိတ်ကူးကို စွန့်လွှတ်ရင်း မိသားစုအတွက် အိမ်ထောင်ရှင်မ အဖြစ်သာ ရပ်တည်ခဲ့မိသည်။ ဒါတွေဟာ မောင်တို့ သားအဖကို ချစ်မြတ်နိုး၍ပါ။

ညညတွေဆို မောင်က ညဥ့်နက်တဲ့အထိ မအိပ်ဘဲ ကွန်ပြူတာရှေ့မှာ တကုတ်ကုတ် အလုပ်လုပ်နေစမြဲမို့ မြတ်က စိုးရိမ်စွာ
မောင် .. ကျန်းမာရေးကိုတော့ ဂရုစိုက်နော် .. မောင် အဲ့လို အကြာကြီးထိုင်ပြီး အာရုံစူးစိုက်လွန်းရင် မောင့်အတွက် ရေရှည်မှာ မကောင်းဘူးမောင်ရဲ့ .. မြတ်က မောင်နေမကောင်းဖြစ်မှာကို စိတ်ပူတယ် ..
လို့ မောင့်ဆံပင်လေးတွေကို ကိုင်ရင်း မောင့်အနောက်က ရပ်ပြီးပြောမိတော့
အင်းပါ မြတ်ရ .. မောင်တို့အခု အစီအစဉ်အသစ် လုပ်ဖို့ ရေးဆွဲနေလို့ .. ဒီ အလုပ်ပြီးရင် မောင်တို့အတွက် သပ်သပ် ဆုကြေးငွေပါရမှာ .. မောင့်မိန်းမကို စိန်အစစ် နားကပ်သေးသေးလေး တစ်ရံလောက် မောင်တို့ နှစ်ပတ်လည်နေ့မှာ အမှတ်တရ ၀ယ်ပေးချင်တယ်ကွာ ..
မောင်က မြတ်ဘက်ကို လှည့်၍ မောင့်နောက်တွင် ရပ်နေသော မြတ်ရင်ခွင်ထဲကို ခေါင်းတိုးဝင်ပြီး ပြုံးရွှင်စွာ ပြောလာပြန်တော့လဲ မြတ်တစ်ယောက် လက်လျှော့လိုက်ရပြန်တယ်လေ။ မောင်ခေါင်းမာတာ မြတ်အသိပဲမဟုတ်လား။

အပိုင်း (၂)

ဟင်းချက်နေရင်း ဗိုက်ထဲက စူးနစ်စွာ အောင့်လာမှုကြောင့် မြတ် ရုတ်တရက် အသံထွက်၍ပင် ညည်းလိုက်မိသည်။ ခုတလော ဒီလို ခနခန အောင့်နေကျ ဖြစ်နေသည်။ မောင့်ကို ပြောပြမိတော့ မောင်က မြတ်ကို အစားမှားလို့ဖြစ်တာနေမှာ .. ဂရုစိုက်နော် .. လို့သာ ပြောခဲ့သည်။ မြတ်ကိုယ်တိုင်လဲ သာမန်သာ ထင်ထားခဲ့မိသည်ပဲ။ ခုတော့ ဘယ်လိုမှ ခံနိုင်စွမ်းမရှိစွာ စူး၍ ထိုးအောင့်လာခဲ့ပြီ။ မြတ် ဟင်းချက်နေရာမှ ကိုင်ထားသော ပန်းကန်ခွက်ယောက်တွေကို ချ၊ မီးဖိုကို ပိတ်၍ အားတင်းပြီး ဧည့်ခန်း ဆိုဖာပေါ်သို့ ဖြေးညှင်းစွာ လာခဲ့လိုက်သည်။ ဧည့်ခန်းသို့ရောက်တော့ ဆိုဖာပေါ်သို့ အရုပ်ကြိုးပြတ် လဲကြသွားတော့သည်။ မြတ်သည် အသက်ကို ခဲယင်းစွာ ရှူရင်း ခုန်ပေါ်တွင် တင်ထားသော အိမ်ဖုန်းဖြင့် မောင့်ကို ခေါ်ဖို့ ကြိုးစားမိသည်။ သို့သော် မောင်က ဖုန်းမကိုင်။ ဖုန်းပိတ်ထားပါသည်ဆိုတဲ့ မက်ဆေ့ဂ်ျကို ကြားရတော့ ပို၍ပင် နာကျင်လာသလို။ ကြည့်ရတာ မောင် အစည်းအဝေးခန်းတွင် ရောက်နေပုံရသည်။ မောင်က ဒီလိုပါပဲ။ အစည်းအဝေးခန်းဝင်ရလျှင် ဖုန်းကို အမြဲပိတ်ထားနေကျ လို့ မြတ်ကို ပြောထားသည်။
မြတ် မောင့်ဖုန်းကို မခေါ်တော့ဘဲ မောင့်သူငယ်ချင်း ဆရာဝန်တစ်ယောက်ထံ လှမ်း၍ ဖုန်းဆက်လိုက်ရသည်။ သူကတော့ ချက်ချင်းကိုင်ခဲ့သည်။

ဟဲလို ..
သူ့ထူးသံအဆုံး မြတ် အသက်ကို ပြင်းပြင်းရှူ၍ အားတင်းလိုက်ပြီး
ဟဲလို .. ကိုထူးမော် .. ကျွန်မ မြင့်မြတ်ရည်ပါ .. ကိုနိုင်ဝေ ဇနီးပါ .. ခု ကျွန်မ ဗိုက်ထဲက အရမ်းအောင့်နေတယ် .. ကျွန်မကို ကယ်ပါဦး .. ကိုနိုင်ဝေအစည်းအဝေးခန်းထဲမှာလား မသိဘူး .. ဖုန်းခေါ်လို့မရလို့ .. အခု ကျွန်မ အိမ်မှာပါ .. ကျွန်မ ဘယ်လိုမှ မခံစားနိုင်တော့ဘူး .. အား ...
မြတ် စကားပြောနေရင်း ဗိုက်ထဲက စူးရှစွာ နာကျင်လာတာမို့ အားခနဲ တစ်ချက်အော်ရင်း မျက်နှာကို ရှုံ့မဲ့ပစ်လိုက်မိသည်။
ဟဲလို .. ဟဲလို .. မမြင့်မြတ်ရည် .. ရသေးလားဗျာ .. ကျွန်တော်ခုလာခဲ့မယ် .. ဟိုကောင် နိုင်ဝေကိုလဲ ကျွန်တော် ဖုန်းဆက်ကြည့်ပေးဦးမယ် .. မမြင်မြတ်ရည် ခနလောက်စောင့်ပါ .. ကျွန်တော် အခုလာနေပြီ ..
သူပြောတဲ့ စကားကို မြတ်ဆုံးအောင်တောင် နားမထောင်နိုင်တော့ပါ။ သူ့အသံက ဆူညံစွာ ဖုန်းထဲကနေ လွင့်ပျံလျှက်ရှိနေသည်။ သို့သော် မြတ်အသိဥာဏ်တွင် အမှောင်ဖုံးခဲ့ပြီ။

မြတ်သတိရလို့ ကြည့်လိုက်တော့ ဆေးရုံတစ်ခု၏ အရေးပေါ်ခန်းဖြစ်နိုင်မှန်း စိတ်ထဲက အလိုလို သိလိုက်မိသည်။ ရုတ်တရက်ဘေးကို လှည့်ကြည့်မိတော့ မောင့်သူငယ်ချင်းက မြတ်ကို ကြည့်ပြီး ဆရာဝန်ကြီးနှင့် စကားပြောနေတာကို တွေ့လိုက်ရသည်။ မောင့်သူငယ်ချင်းသည်လဲ ဒျူတီကုတ် အဖြူနှင့်ပင်။ မြတ်နားထဲတွင်တော့ ဘာမှ သိပ်မကြား။ ခေါင်းအနည်းငယ် မူးနေသလို ခံစားရတာမို့ မျက်စိကို ပိတ်လိုက်မိသည်။

မမြင့်မြတ်ရည် .. သက်သာရဲ့လား .. အခု ဘယ်လိုနေသေးလဲဗျ.. ကျွန်တော်တို့ စစ်ဆေးစရာရှိတာတွေ စစ်ဆေးထားပါတယ် .. ဆေးစစ်ချက်အဖြေ တော်ကြာနေရင် ရလိမ့်မယ် .. နိုင်ဝေကိုလဲ ကျွန်တော် ဖုန်းဆက်ထားပါတယ် .. သက်သာတယ်ဆိုရင် မမြင့်မြတ်ရည်ကို အပြင်ခန်းကို ပြောင်းပေးပါ့မယ် ..

ဟုတ်ကဲ့ ကိုထူးမော် .. ကျေးဇူးအများကြီးတင်ပါတယ်ရှင် .. ကိုထူးမော်ကို ဒုက္ခပေးသလိုဖြစ်နေပြီ ..
မှိတ်ထားမိတဲ့ မျက်ဝန်းတွေကို ဖြည်းညှင်းစွာ ဖွင့်ရင်း သူ့ကို ပြုံးပြ၍ ပြောလိုက်မိသည်။ မြတ် အားနာလိုက်သည့်ဖြစ်ခြင်းရယ်ပါ။

ရပါတယ် မမြင့်မြတ်ရည် .. ခုလို ရေခြားမြေခြားမှာ သူငယ်ချင်း အချင်းချင်း ဖေးမကူညီရမှာပဲ မဟုတ်လား .. နိုင်ဝေက ကျွန်တော့်သူငယ်ချင်း အရင်းခေါက်ခေါက်ဆိုတော့ ပြောနေရမယ့်သူတွေ မဟုတ်ပါဘူးဗျာ ..

ဟုတ်ကဲ့ ကျွန်မကို မြတ်လို့ပဲ ခေါ်ပါ ကိုထူးမော် .. ကျေးဇူးတင်ပါတယ်ရှင် .. ကျွန်မဘာမှမဖြစ်ဘူးဆိုရင် ဒီအခန်းကြီးကနေ အပြင် သက်သက်သာသာ အခန်းကိုပဲ ပြောင်းချင်ပါတယ် .. ဒီအခန်းထဲမှာ နေရတာ ကျွန်မ စိတ်မွန်းကျပ်နေသလို ခံစားရလို့ပါ ..

ကောင်းပါပြီဗျာ ..

သူကပြုံး၍ ပြောပြီး ထွက်သွားလေသည်။
မြတ်တစ်ယောက်တည်း မောင်ရယ် .. အားငယ်လိုက်တာ ..
စိတ်ထဲက တိုးတိုးလေး ရေရွတ်လိုက်မိသည်။ တော်သေးတာပေါ့။ သားနဲ့သမီးက မူကြိုကျောင်းမှာမို့။
သည်အချိန်တွင် မောင်တစ်ယောက် အူယားဖားယားရောက်ချလာပြီး မြတ်ကို စိုးရိမ်ကြီးစွာ လက်ကိုကိုင် နဖူးကိုစမ်းပြီး
မြတ်ရယ် ဘယ်လိုများဖြစ်ရတာလဲကွာ .. မောင်က အစည်းအဝေးခန်းမှာမို့ ဖုန်းပိတ်ထားမိတာ .. တော်သေးတာပေါ့ မောင့်မိန်းမ ဘာမှမဖြစ်လို့ .. မောင်စိတ်ပူလိုက်ရတာ မြတ်ရယ် .. ဟိုကောင် ဖုန်းဆက်ဆက်ချင်း ချက်ချင်း ပြေးချလာတာ .. မောင် ဘာကိုမှ မမြင်နိုင်တော့လောက်အောင်ပဲ .. ခု ဘယ်လိုနေသေးလဲဟင် မြတ် .. နေသာရဲ့လား .. ဗိုက်ကရော အောင့်သေးလား .. မောင်ဘာလုပ်ပေးရမလဲဟင် မြတ် ..
မြတ် မောင့်ကို မော့ကြည့်ရင်း မြတ်လက်ကို ကိုင်ထားသော မောင့်လက်ကိုသာ ပါးဖြင့် အပ်လိုက်မိသည်။
မြတ်အတွက် ပြည့်စုံပါပြီ မောင်ရယ် ..

နိုင်ဝေ .. ဆရာဝန်ကြီးခေါ်နေတယ် .. မင်းကို မြတ်အကြောင်း ပြောတော့မယ်ထင်တယ် ..
ကိုထူးမော်က အသာအယာ တံခါးကိုတွန်းဖွင့် ၀င်လာရင်း တိုးတိတ်စွာ လှမ်းပြောအပြီး မောင့်ကို စောင့်နေသလိုမျိုး အခန်းဝတွင် ရပ်နေလေသည်။
ခဏနော် မြတ် .. မောင် ခုပြန်လာမယ် .. သိလား ..
မောင်က မြတ်ပါးလေးကို အသာပွတ်ရင်း ပြောတော့ မြတ် မောင့်လက်တစ်ဖက်ကို အားပြုရင်း ကုတင်ပေါ်ကနေ ကုန်းထလိုက်မိသည်။
ဟင့်အင်းမောင် .. မြတ်လဲလိုက်မယ် .. ဘာပြောမလဲဆိုတာ မြတ်လဲ နားထောင်ချင်တယ် .. မြတ်ကိုယ်တိုင် မြတ်ဘာဖြစ်တယ်ဆိုတာ သိချင်တယ်မောင် ..
မောင်က မြတ်ကို တစ်ချက်ကြည့်သည်။ မြတ်၏ မျက်ဝန်းတွေက နောက်မဆုတ်တော့စတမ်း လင်းလက်နေသည်ကို မြင်တော့ သက်ပြင်းတစ်ချက်ချပြီး မြတ်ကို ခေါ်ဖို့အတွက် အခန်းထောင့်က တွန်းလှည်းကို ယူပြီး မြတ်ကို ပွေ့တင်ပေးသည်။ မြတ်ရင်တွေကတော့ တဒိတ်ဒိတ်ခုန်လျှက်။

သြော် .. မမြင့်မြတ်ရည်နော် .. ဒီက လူနာရှင် ကိုနိုင်ဝေနော် .. ကျွန်တော် အခုပြောမှာက သိပ်အရေးကြီးပါတယ် .. မမြင့်မြတ်ရည်က နားထောင်ချင်တဲ့ဆန္ဒရှိနေတယ်ဆိုတော့လဲ ကျွန်တော် မမြင့်မြတ်ရည်ရှေ့မှာပဲ ပြောလိုက်ပါ့မယ် .. ကျွန်တော်တို့ အပြန်ပြန် အလှန်လှန် စစ်ဆေးထားချက်အရ အဖြေက တစ်ခုထဲပဲ ထွက်လာခဲ့ပါတယ် .. အဲ့ဒါကတော့ မမြင့်မြတ်ရည်မှာ အစာအိမ်ကင်ဆာဖြစ်နေတယ်ဆိုတာပါပဲ .. ပြီးတော့ နောက်ကျနေမှ သိရတာမျိုး ဖြစ်နေတဲ့အတွက် မမြင့်မြတ်ရည်အဖို့ အခွင့်အရေး အရမ်းနည်းနေပါပြီ .. ဒီတော့ဗျာ .. မမြင့်မြတ်ရည်မှာ အချိန် ၃လလောက်ပဲ ကျန်တော့မယ်လို့ ကျွန်တော်တို့ခန်းမှန်းခဲ့ကြပါတယ် .. ကျွန်တော် တကယ်စိတ်မကောင်းပါဘူးဗျာ ...

လေးလေးနဲ့ မှန်မှန်ပြောသွားတဲ့ ဆရာဝန်ကြီးရဲ့ စကားအဆုံးမှာ မောင့်မျက်နှာကို မြတ်အရင်ဆုံး လှမ်းကြည့်လိုက်မိသည်။ မောင့်မျက်နှာသည် ဆရာဝန်ကြီးပြောသွားသည်ကို နားမလည်သည့်ပုံ။ မကြားလိုက်သည့်ပုံ။ စိတ်နှင့်လူနှင့်မကပ်တော့သည့်ပုံမျိုး ဖြစ်နေသည်။ မြတ်ရင်ထဲတွင်တော့ ဟာလာဟင်းလင်း ဖြစ်နေခဲ့ပြီ။

ကိုထူးမော်က မောင့်ပခုံးတစ်ဖက်ကို လက်နှင့်လာညှစ်ပြီး အခန်းထဲမှ အရင်ဆုံး ထွက်သွားခဲ့သည်။ ထို့နောက် မောင်က ဆရာဝန်ကြီးကို ကြိုးစားကုပေးဖို့၊ ဘယ်လောက်ကုန်ကုန် သူအကုန်ခံမည်ဟု အတင်းတောင်းပန်နေခဲ့ပေမယ့် ဆရာဝန်ကြီးရဲ့ စိတ်မကောင်းစွာ ခါယမ်းနေသည့်ဦးခေါင်းကို ကြည့်ပြီး မြတ်အနာဂတ်ကို မြတ် အသေအချာပင် သိလိုက်ရပြီ။ မြတ်အတွက် နေ၀င်ချိန်သည် အနီးကပ်ဆုံးမှာ ရှိနေခဲ့ပြီ။
အပြန်လမ်းတစ်လျှောက်တွင် တစ်မုတ်ဟုတ်ချင်း အိုဆာသွားသောမောင်သည် အသက် ၃၀ ဆိုသည့် အရွယ်နှင့်ပင် မလိုက်။ ဘာစကားတစ်ခွန်းမှ မပြောတော့သော မောင့်ကို မြတ် ဘယ်လိုနှစ်သိမ့်ရမယ်မှန်းမသိတော့။ မြတ်ကိုယ်တိုင်က ခွဲခွာသွားရတော့မယ့် သူရယ်လေ။ ဟင့်အင်း။ မြတ် သည်အတွေးကို ဘယ်လိုမှ တွေးလို့မရ။
မြတ်ဆိုတာ ငယ်ငယ်လေးရှိသေးတာ။ နောက်ပြီး မြတ်မှာ ခုမှ ၅နှစ်တောင် မပြည့်သေးတဲ့ လူမမယ် ကလေးလေး နှစ်ယောက်ရှိနေတယ်လေ။ သူတို့အတွက် မြတ်ရှိနေမှဖြစ်မှာ။ နောက်ပြီး မြတ်ချစ်တဲ့မောင်။ မောင့်အတွက် အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် မြတ်ရပ်တည်ရဦးမယ်လေ။ အိုး .. မြတ်မသေချင်သေးဘူး။ မြတ်မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်။ မြတ်သားသမီးတွေကို ကြီးပြင်းအောင်၊ ပညာတတ်ကြီးဖြစ်အောင် စောင့်ရှောက်ရဦးမယ်။ နောက်ပြီး မြတ်တို့ဇနီးမောင်နှံနှစ်ယောက် ရှေ့ခရီးကို ဆက်ချင်သေးတယ်။ မြတ်ကို မခေါ်ပါနဲ့ဦးလား သေမင်းရယ်။

မြတ်အတွေးတို့ ချာချာလည်ရင်း မျက်ရည်တို့စီးကျလာသည်။ သတိထားမိသည့်ခဏ၌ မောင်က မြတ်ခြေရင်းတွင် ဒူးထောက်လျှက် မြတ်ရဲ့ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးရင်း သူကိုယ်တိုင် မြတ်ရဲ့ ဘီးတပ်ကုလားထိုင်ပေါ်ထိုင်နေတဲ့ ပေါင်တွေပေါ်ကို မျက်နှာမှောက်ချ၍ ငိုလေပြီ။ မောင်ငိုတာကို တစ်ခါမှ မမြင်ဖူးသော မြတ်၊ မောင့်ရဲ့ ရှိုက်ကြီးတငင် ငိုသံတွေကြားမှာ အသက်ရှူဖို့ မေ့လျော့နေခဲ့ပြီ။
လေပြည်တို့က ခြောက်သွေ့စွာ တိုက်ခတ်ဆဲ။ ရော်ရွက်တို့ လေပြည်နဲ့အတူ လွင့်သွားခဲ့ပြီ။ ပတ်ဝန်းကျင်တွင် မောင်၏ ရှိုက်သံမှ တပါး။

မြတ် မောင်နှင့်အခြေအတင် ငြင်းခုန်ရင်း ၃ရက်မြောက်နေ့တွင် ဆေးရုံမှ မရမက ဆင်းလာခဲ့သည်။ ဟုတ်သည်လေ။ မြတ်ရဲ့နောက်ဆုံးအချိန်တွေကို ဆေးရုံလို ကိုယ်နှင့်ဘာမှမဆိုင်သောနေရာတွင် အကုန်မခံနိုင်။ နောက်ဆုံးအချိန်တွေကို အဓိပါယ်ရှိစွာ ဖြတ်သန်းချင်သည်။ မြတ်ဆန္ဒကို မောင်က နောက်ဆုံးတော့ အသေအချာစဉ်းစား၍ လိုက်လျောခဲ့သည်။ ထိုနေ့က ဆေးရုံကအပြန် အိမ်ပြန်လမ်းတွင် မောင်က မြတ်ကို ဘယ်သွားချင်လဲ ဟု မေးတော့ မြတ် တိတ်ဆိတ်စွာ စဉ်းစားခန်းဝင်နေခဲ့မိသည်။ ထို့နောက် စူပါမားကတ်ကို မောင်း မောင် .. မြတ် ဈေးနည်းနည်း ၀ယ်ချင်တယ် .. လို့ မောင့်ကို ပြောမိတော့ မောင်က မြတ်ကို တစ်ချက်သာ လှည့်ကြည့်ရင်း ကားကိုသာ ဂရုတစ်စိုက်မောင်းခဲ့သည်။
ဈေးရောက်တော့ မြတ်ပထမဆုံး လုပ်မိသည့်အလုပ်မှာ အသံသွင်းစက်လေးတစ်ခု ၀ယ်ခြင်းပါ။ ထို့နောက် မြတ် ဒိုင်ယာရီ စာအုပ်တွေ ၀ယ်သည်။ နောက် မြတ် သိုးမွှေးအပ်နဲ့ အပ်ချည်ဝယ်သည်။ မြတ်လုပ်သမျှကို မောင်သည် ဘာမှမပြော။ တိတ်ဆိတ်စွာ မြတ်နောက်ကနေ အသာအယာ လိုက်ပေးခဲ့သည်။

အိမ်ရောက်တာနှင့် မြတ် မြင်လိုက်ရသော မြင်ကွင်းက စိတ်မချမ်းသာစရာပင်။ မြတ်မရှိသည့် သုံးလေးရက်အတွင်း ရှုပ်ပွနေသည့်ဧည့်ခန်းနှင့်မီးဖိုချောင်က အိမ်ရှင်မ မြတ်ကို ဆီးကြိုနေသည်။

ဆောရီးပဲ မြတ်ရယ် .. မောင် စိတ်ရှုပ်လို့ မလုပ်ဘဲ ထားလိုက်မိတာပါ .. အခု မောင်လုပ်ပေးမယ်နော် .. မြတ်က ခဏထိုင်နေဦးနော် .. မြတ်စားချင်တာရှိရင် မောင့်ကိုပြောလေ .. မောင်လုပ်ပေးမယ် ..

မောင်က မြတ်အကြည့်ကို နားလည်သည့်အလား မြတ်ကို လှမ်းပြောသည်။ မြတ်တစ်ချက်တော့ ပင့်သက်ရှိုက်လိုက်မိသည်သာ။ မောင်လုပ်နေတာကို တစ်ချက်ကြည့်ပြီး မြတ်လဲ နိုင်သလောက်လေး ဧည့်ခန်းကို ကူရှင်းပေးမိသည်။ ဟုတ်သည်လေ။ မြတ်တွင် အိမ်ရှင်မ ဆိုသည့်မာနက ပါးပါးလေး စီးဝင်နေသည်ပဲ။ ထိုနေ့က ညစာကို အထူးတလည်မောင်က ချက်ကျွေးခဲ့သည်။ မောင်သည် ကျောင်းသားဘ၀ထဲက ကျောင်းပိတ်ရက်များဆိုလျှင် သူစိတ်ကူးပေါက်သလို ချက်စားနေကျမို့ ဟင်းချက်ကောင်းသူတစ်ယောက်လဲ ဖြစ်နေပြန်သည်။ မောင်ချက်ကျွေးသောညစာမှာ အတော်ကို လက်ရာကောင်းသဖြင့် သားနဲ့သမီးက တစ်ယောက် နှစ်ပန်းကန်စီ စားပစ်ကြသည်ကို ကြည့်ရင်း မောင့်မျက်နှာက ပြုံးနေသည်။
မြတ် သည်မိသားစုကို ဘယ်လိုအင်အားမျိုးနဲ့ ခွဲရမှာလဲမောင် ...။

မြတ်တစ်ယောက်တည်း ဟုဆိုကာ မောင်က မေမေနဲ့ဖေဖေကို လှမ်းခေါ်ပေးခဲ့သည်။ တစ်လအတွင်း စင်ကာပူကို လိုက်လာနိုင်ခဲ့သော မေမေသည် မြတ်ကို မြင်သည်နှင့် ငိုပါလေတော့သည်။ မြတ်သည် သူတို့၏ တစ်ဦးတည်းသော သမီးမို့ ဖေဖေဆိုလျှင် မြတ်ရှေ့တွင်ပင် မျက်ရည်ကျခဲ့သည်။ မောင်က အလုပ်က ထွက်လို့ မဖြစ်တာရယ်၊ သားနဲ့သမီး၏ ကျောင်းရယ်ကြောင့် မြတ်သည်လဲ မွေးရပ်မြေ အမိနိုင်ငံသို့မပြန်ဖြစ်ခဲ့တော့ပါ။ ထို့ကြောင့်မောင်က ဖေဖေနှင့်မေမေကို ဗီဇာလုပ်ပြီးလှမ်းခေါ်ပေးခြင်းပင်။ ထို့အတွက်မောင့်ကို ကျေးဇူးတင်မိရသေးသည်။

နောက်ပိုင်းရက်များတွင်တော့ မြတ်တစ်ယောက် အလုပ်မအားပါလေတော့။ နံနက်ခင်း မောင်စီစဉ်ပေးသော နံနက်စာသည် မြတ်အတွက် ချိုမြိန်လွန်းလှပါသည်။ ကလေးတွေကို ကျောင်းပို့ဖို့နှင့် အလုပ်သွားဖို့ ထွက်သွားသော မောင်နှင့် ကလေးတွေကို အိမ်တံခါးပေါက်ကနေ လှမ်းကြည့်ရင်း လက်လှမ်းပြရသော အခြေအနေသည် အကန့်အသတ်နှင့်သာ ကျန်တော့သည်ဆိုသည်ကို မချိစွာ မေ့ထားပစ်ခဲ့လိုက်သည်။
နေ့ခင်းချိန်တွေတွင် မေမေဖတ်ပြသော တရားစာနှင့် ဖေဖေဖွင့်ပြသော တရားခွေတို့ကို နာကြားရင်း မောင်နှင့် ကလေးတွေအတွက် အမှတ်တရ သိုးမွှေးထိုးဖြစ်ခဲ့သည်။ ညနေခင်းတွင် အိမ်ရှေ့အုတ်ခုံလေး၌ ထိုင်လို့ မောင်တို့ပြန်အလာကို စောင့်မျှော်ရင်း အသံဖမ်းစက်လေးနှင့် သားနဲ့သမီးကို မှာချင် ပြောချင်တာတွေ အသံသွင်းဖြစ်ခဲ့သည်။ မြတ်မရှိတော့သည့်နောက် သားနဲ့သမီးအတွက် ညအိပ်ယာဝင်ပုံပြင်သည် မြတ်၏ အသံသွင်းထားသော ဆုံးမချက် အမှာစာများသာ ဖြစ်စေရလိမ့်မည်ဟု မြတ်တွေးထားဖြစ်ခဲ့သည်။
ညဖက် မောင်က ကွန်ပြူတာတစ်လုံးနှင့် အလုပ်ရှုပ်နေချိန်တွင် မြတ်ကလဲ မောင့်အတွက် မြတ်ရင်ထဲက ဆန္ဒတွေကို ဒိုင်ယာရီ ချရေးဖြစ်ခဲ့သည်။ မြတ်အတွက် နောက်ဆုံးအချိန်တွင် မြတ် သည်မိသားစုအတွက် တစ်ခုခုချန်ထားခဲ့ချင်သည်မှာ မြတ်၏ ဖြတ်မရသော သံယောဇဉ်ပင်။

မြတ်ခေါင်းက ဆံပင်တွေ တဖြည်းဖြည်းနဲ့ ကျွတ်လာခဲ့ပြီ။ မြတ် ခနခန အန်ခဲ့ပြီ။ မောင်ကတော့ မြတ်ကွယ်ရာမှာ မြတ်ကိုကြည့်ပြီး တိတ်တိတ်လေး ငိုနေခဲ့သည်ကို မြတ်ခနခန မြင်နေခဲ့ရပြီ။ မြတ်၏ ထွက်ခွါရာ နေ့ရက်သည် ကပ်၍ လာခဲ့လေပြီ။ မြတ်တွင် အင်အားတို့ မရှိတော့။

အဲ့သည့်နေ့က စနေနေ့။ နောက်ဆုံးနေ့ရက်တိုင်ခဲ့ပြီဟု မြတ်အလိုလို နားလည်လိုက်မိသည်။ ထိုနေ့တစ်နေကုန် အိမ်တွင် မိသားစု အစုံအလင်ရှိနေခဲ့သည်။ ဖြူဖျော့စွာ ဆိုဖာပေါ်တွင် လဲလျောင်းနေသော မြတ်အနားတွင် အိမ်သားတွေ တစ်ယောက်ပြီးတစ်ယောက် ပျော်ရွှင်စွာ စကားစမြည်ပြောနေကြသည်။ ကလေးတို့ ပြေးလွှားဆော့ကစားနေကြသည်။ သူတို့ဟန်ဆောင်ကာ ပြုံးပျော်ပြနေကြသည်ဆိုတာကို မြတ်မသိမဟုတ်။ သို့သော် .. သူတို့၏ ထိုအပြုံးများသည်ပင် မြတ်အတွက် ခွန်အားဖြစ်ခဲ့သည်။ ထိုညက မြတ်တို့အိမ်သားတွေအားလုံး ညစာ စားပြီးချိန်တွင် ဖေဖေနှင့်မေမေက စိတ်မကောင်းစွာ ဆိုဖာပေါ်တွင် မောင့်ရင်ခွင့်၌ ခေါင်းမှီ၍ လှဲနေမိသော မြတ်ကို နွမ်းလျသော အပြုံးတို့ဖြင့် ပြုံးပြ နှုတ်ဆက်၍ သူတို့အိပ်ခန်းဆီသို့ ၀င်သွားခဲ့သည်။ မေမေက မြတ်လက်လေးတစ်ဖက်ကို ဆုပ်ကိုင်သွားခဲ့သည်။ သားနဲ့သမီးက မြတ်၏ပါးနှစ်ဖက်ကို တစ်ယောက်တစ်ဖက်ဆီ နမ်း၍ အပေါ်ထပ်သို့ တက်သွားခဲ့ပြီ။ သားနဲ့သမီးသည် သူတို့အမေ သူတို့ကို မကြာခင် ခွဲခွာသွားတော့မည်ကို မသိသည့်အလား အပူအပင်ကင်းစွာ လန်းဆန်းလျှက်ပါပေ။

တဖြေးဖြေးနဲ့ ညဉ့်နက်လာသည်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်လျှက်ရှိနေသည်။
မောင် ..
မြတ် မောင့်ကို ဧည့်ခန်းဆိုဖာပေါ်တွင် ရှိနေလျှက်နှင့်ပင် တိုးတိုးလေး ခေါ်လိုက်မိသည်။ မောင်က ခေါင်းကိုသာ အသာငဲ့စောင်းပြသည်။
မြတ် ဖေဖေနဲ့မေမေကို သွားကန်တော့ချင်တယ်။ နောက်ပြီးရင် သားနဲ့သမီးကို နှုတ်ဆက်ချင်တယ်မောင် ..
မြတ်၏ တိုးတိတ်မောလျသော အသံလေးအဆုံး မောင်က မြတ်ကို ရုတ်တရက် ကောက်ယူချီပွေ့လိုက်သည်။ ထို့နောက် ဖေဖေနှင့်မေမေ၏ အခန်းထဲသို့ဝင်၍ နှစ်ခြိုက်စွာ အိပ်ပျော်နေကြသော မိဘနှစ်ပါးကို မြတ် မောင့်ရင်ခွင်မှပင် လက်အုပ်ချီ၍ ဦးချကန်တော့လိုက်သည်။ ထို့နောက် သားနှင့်သမီးအခန်းသို့ဝင်၍ ငြိမ်းချမ်းစွာ အိပ်ပျော်နေကြသော သားနဲ့သမီးတို့ကို တစ်ချက်စီ နမ်းလိုက်မိသည်။
ထို့နောက် မောင်က မြတ်ကို ဧည့်ခန်းဆိုဖာပေါ်သို့ပြန်ခေါ်သွားခဲ့သည်။ မောင်သည် မြတ်ကို စကားတစ်ခွန်းမှ မပြောဘဲ မြတ်ခေါင်းလေးကိုသာ သူ့ရင်ခွင်ထဲတွင် ထွေးပွေ့ထားခဲ့သည်။ မောင်၏ မျက်လုံးတို့သည် တစ်နေရာတည်းကိုသာ စိုက်ကြည့်နေခဲ့ကြသည်။ အရာအားလုံးသည် တိတ်ဆိတ်နူးညံ့စွာ ဖြစ်တည်နေခဲ့ပြီ။ မြတ် မောင့်ပါးလေးကို တစ်ချက်လှမ်းနမ်းလိုက်တော့ မောင်က မြတ်ကို တိုး၍ ပွေ့ဖက်ရင်း မြတ်နဖူးကို မောင့်နှုတ်ခမ်းတို့နှင့် ဖိကပ်လိုက်သည်။ မြတ်နှုတ်ခမ်းတို့ ပြုံးသွားကြရင်း မြတ် မောင့်ရင်ခွင်တွင် ငြိမ်းချမ်းစွာ အပြီးတိုင် အိပ်ပျော်သွားခဲ့လေပြီ။

ဖေဖေ ..
နံနက်အာရုဏ်ဦးနှင့်အတူ လှေကားပေါ်မှနေ သားနဲ့သမီး သမ်းဝေ၍ ဆင်းလာသောအချိန်တွင် ဧည့်ခန်းထဲ၌ မြတ်ကို ဖက်ပြီး မလှုပ်မယှက်ထိုင်နေသော သူ့ကို တွေ့သွားပြီး လှမ်းခေါ်ကြသည်။ သူ ခပ်ဖြေးဖြေးပင် လှမ်းကြည့်ုလိုက်သည်။ တစ်ညလုံး မအိပ်ထား၍ သူ့မျက်လုံးတွေ နီရဲပြီး စိုစွတ်နေကြမည်မှာ အမှန်။ သူ အေးဆေးစွာပင် လှမ်းပြောလိုက်မိသည်။

သားနဲ့သမီးကို မေမေက မသွားခင် နှုတ်ဆက်သွားပါတယ်ကွယ် ...

သို့သော် .. သူ့ရင်တွင်တော့ တိုးတိတ်စွာ ရေရွတ်လိုက်မိသည်။ မြတ်သည် သူ့နှလုံးသားတွင် ထာဝရ တည်ရှိနေမည်သာ ...။

ဇော်။


Sunday, November 8, 2009

ခရမ်းရောင်

ငါ့ရဲ့ တိမ်တစ်ဆုပ်ကို နင်ခိုးယူသွားတုန်းက
ငါ့ဘယ်ဘက်ရင်အုံ နွေးကနဲဖြစ်သွားတာကို နင်သာသိနိုင်မယ်ဆိုရင်
ငါကျေနပ်တယ် ချစ်သူ

ရော်ရွက်တို့ တစ်ရွက်ချင်းကြွေမွခဲ့ပြီချစ်သူ
မကုန်နိုင်တဲ့ ဆောင်းကတော့ ငါ့ရင်မှာ ချမ်းစိမ့်မှုကို ဖြစ်တည်တုန်း
အပြင်မှာတော့ ပြုံးလျှက်ပေါ့
ရင်ထဲမှာ မိုးရွာတာ ဘယ်သူသိမလဲလေ

ငါတို့စသိခဲ့တာ ရာစုနှစ်တွေတောင် အတော်သစ်ကုန်ရောပေါ့
ခုထိ သာမန်အခြေအနေကနေ မပြောင်းလဲ့ခဲ့တာကတော့
စမ်းချောင်းတို့ သမားရိုးကျ စီးဆင်းနေသလိုမျိုး
ငယ်ငယ်က နင်ပြောတော့ ငါ့ကိုသာ အတွယ်တာဆုံးဆို

အဝေးခပ်လှမ်းလှမ်းဆီက ကြားလိုက်ရတဲ့ ကြက်ဖတွန်သံကလဲ
အချိန်တွေကို စစ်ကြေငြာနေသလိုမျိုး
လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ
ကမ္ဘာပေါ်မှာ ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခု
လူသားတိုင်းအတွက် နေ့စဉ် အလကားရနေခဲ့တယ်
အဲ့ဒါ အချိန်ပဲဆိုတာ နင်လဲအသိ ငါလဲအသိပါ ချစ်သူ

ငါတို့တန်ဖိုးရှိတဲ့အချိန်တစ်ချို့ကို ကုန်ဆုံးစေပစ်ခဲ့ပြီးပါပြီ
ငါ့ရဲ့ မျှော်လင့်ခြင်းတွေတောင်မှ အရောင်တွေ နဲနဲ မှိန်ကုန်ပြီ
နင်နဲ့အတူ လျှောက်ခဲ့ဖူးတဲ့လမ်းတွေတောင်မှ ငါတို့ခြေရာတွေကို
မှတ်မိနေခဲ့ပြီ
ငါတို့ရဲ့ ပြောင်းလဲ့ခြင်း သက္ကရာဇ်ကို နင်ဘယ်တော့ မှတ်ကျောက်တင်မှာလဲဟင်

အော်စကာဝိုင်းဒ်ကတော့ ပြောဖူးသားဟ
အချစ်ဆိုတာ တစ္ဆေလိုပဲ
လူတိုင်းက ကြားဖူးကြပေမယ့် တကယ်မြင်ဖူးတဲ့သူရှားတယ်တဲ့
ငါ့မှာရော တကယ်မြင်ခွင့်မရှိတော့ပြီတဲ့လား
ငါ့ရဲ့ဘုန်းကံတွေ အဲ့လောက်မမြင့်ချင်ခဲ့မိဘူးချစ်သူ
ငါက နင့်ခြေရင်းမှာ ၀ပ်ဆင်းဖို့ အသင့်ဖြစ်နေခဲ့တာ ကြာပြီ

ပန်းဝတ်မှုန်တို့ရဲ့ ချိုမြိန်ခြင်းကို ပျားပတုန်းတို့သိတယ်တဲ့
ငါ အတတ်နိုင်ဆုံး ပွင့်လန်းခဲ့ပါတယ် ချစ်သူ
ငါ့ရဲ့ချိုမြိန်ခြင်းကိုတော့ နင် မသိချင်ယောင်ဆောင်ခဲ့တယ်

အိပ်မက်တို့ အခါခါနိုးထ
ဘေးတစ်ဖက်တစ်ချက်ကို ကြည့်လိုက်တိုင်း နင့်အရိပ်ကိုပဲ ငါမြင်ချင်ခဲ့တယ်
အမှန်က ငါ ရူးသွပ်ခဲ့မိတာပါ
နင်ကတော့ ငါနဲ့ ခပ်လှမ်းလှမ်းမှာ ရယ်ပြနေလေရဲ့

တောက်ပမှုတိုင်းနဲ့ ဆုံစည်းဖို့ ငါ မ၀ံ့ခဲ့ပါဘူး
ငါ့ဆန္ဒကိုသာ ချပြခွင့်ရမယ်ဆိုရင်လေ
သရဖူလဲ ငါမမက်မောပါဘူး
ဟောဒီကောင်းကင်နဲ့ ကမ္ဘာမြေကို ပိုင်ဆိုင်ရမယ်ဆိုရင်တောင်မှ
ငါငြင်းမိမယ်ထင်ရဲ့
ငါက နင်ရှိနေတဲ့ အိပ်ခန်းလေးရဲ့ ထောင့်တစ်နေရာမှာသာ
တိတ်တိတ်လေး ထိုင်နေချင်ခဲ့သူရယ်ပါ

အချစ်ကိုဖွဲ့ဆိုတဲ့ စကားလုံးပေါင်းများစွာ ပေါ်ထွန်းခဲ့ကြဖူးပါတယ် ချစ်သူ
တစ်ချို့က ဆိုကြတယ်
ကြယ်တွေ ဘယ်လောက်ရှိတယ်ဆိုတာကို သတိမထားမိပါဘူးတဲ့
ဒါပေမယ့် ချစ်သူရဲ့ ဆံပင်လေးတွေ ဘယ်လောက်ရှိတယ်ဆိုတာတော့ အတိအကျ သိတယ်ဆိုပဲ
ငါ့မှာ အဲ့အခွင့်အရေးလေးတောင်မှ မရနိုင်တော့ဘူးလားလို့
ငါတမ်းတမ်းတတ ဖြစ်မိဖူးပါရဲ့

ဟိုးငယ်စဉ်ကလေးဘ၀ထဲက လှိုက်မောစွာ တမ်းမက်ခဲ့ရတဲ့
နင့်မျက်နှာတော်ကို မော်ဖူးဖို့အခွင့်အရေးက
တဖြေးဖြေးနဲ့ ငါ့ကို အိုစာသွားစေခဲ့ပြီချစ်သူ
မိန်းကလေးတစ်ယောက်မို့ အချစ်ကို ဖွင့်မချပြရဲလို့
ပျိုမြစ်စွာ သိမ်းထုပ်လိုက်ရတဲ့ ပန်းဖူးတို့ ဘယ်နှစ်ဖူးရှိခဲ့ပြီလဲ

ဒီလိုနဲ့
ငါတို့ နေ့ရက်တွေ လွင့်ကြွေသွားခဲ့တယ်

ဒီလိုနဲ့
ငါတို့ နောက်ဆုံးအချိန်မှာ ခွဲခွာဖို့ စောင့်ဆိုင်းနေခဲ့တယ်

ဒီလိုနဲ့
ငါတို့အရင်းနှီးဆုံး ခင်မင်းရင်း ဝေးသွားခဲ့ပြီ ချစ်သူ။

ဇော်။

Tuesday, October 27, 2009

မနေ့က ညများ

(၁)
..................
မနေ့ညက
ငါအိပ်မက်မက်တယ်
.......................
အိပ်မက်ထဲထိ
အစိမ်းရောင် အတိနဲ့
ဒဏ်ရာတွေကို တစ်ခါပြန်တူးဆွ
နွေဦးဆန်ဆန်မျက်ဝန်းများထဲ
တစ်တောလုံး ဥပေက္ခာတွေဝေလို့...........။ ။

(၂)
..................
မနေ့ညက
ငါအိပ်မက်မက်တယ်
.......................
ကံကြမ္မာက ရင်လွှဲလိုက်ပုံများ
အိပ်မက်ထဲအထိတောင်
ငါ မင်းနဲ့လွဲတုန်း ၊
အဲဒီ နှုတ်ခမ်းပါးမှာ
ကျိန်စာတွေမန်းမှုတ်ထားသလိုမျိုး
မြင်ခွင့်မသင့်တဲ့ ငါ
အလွမ်းတစ်ရက်ရင့်ရဲ့......။ ။

(၃)
..................
မနေ့ညက
ငါအိပ်မက်မက်တယ်
.......................
ချစ်မက်တဲ့မင်းကို
တစ်မြတ်တစ်နိုးငေးကြည့်ရုံမျှ...
အဲဒီရှင်သန်ခွင့် ခဏကို
ငါတမ်းတမ်းတတ မက်မောရဲ့...၊

(၄)
..................
မနေ့ညက
ငါအိပ်မက်မက်တယ်
.......................
ငါ့ ကမ်းပါးမှာ
လမင်းအစင်းတစ်ရာသာသလို
အလွမ်းသင့်နေ့တွေထဲ
ပန်းတစ်ပွင့်ပျိုးခဲ့မိပေါ့....၊
မျက်နှာတော်ကို မော်ဖူး
ရည်စူးရင်းချစ်မိ
မေ့ကြည့်ဖို့ကြိုးစားရင်းပဲ
ငါ
အိပ်မက်တိုင်းစူး
မြင်တိုင်းရူးရဲ့.........။ ။

လင်းစက်ရာ


Saturday, September 26, 2009

ကျွမ်းလောင်ခြင်း

ညနေတွေထဲမှာ ငါမနေချင်ဘူး..
အသက်ရှုလိုက်တိုင်း သေဆုံးသွားရတဲ့
လေပြည်တွေကို အားနာတယ်.. ။

ပွင့်တဲ့ပန်းတိုင်းက အခူးခံချင်လို့မှ မဟုတ်တာ..
အိမ်မက်ခါးခါးတွေထည့်ဖျော်ထားတဲ့
အမှောင်တံဆိပ်နဲ့ ကော်ဖီတစ်ခွက်လောက်သောက်ချင်တယ်..
လမ်းလို့ထင်ရတဲ့ ဖြောင့်ဖြောင့်ဖြူးဖြူးအရာတွေထဲလျှောက်သွားရင်း
အဆုံးဟာ အစဖြစ်နေပြန်တယ်
အဲ့ဒီညထဲမှာတော့……
ငါက ဘယ်သူဆွဲထားမှန်းမသိတဲ့ စက်ဝိုင်းတစ်ခုပေါ့ ။


အလင်းနဲ့ အမှောင်ကမျှတသတဲ့
တစ်ရက်မှာ နှစ်ဆယ့်လေးနာရီပြည့်အောင်
ဘယ်သူကများ တစ်ကူးတစ်ကဆုတောင်းဖူးလို့လဲ
စိမ့်ဝင်စီးဆင်းနေတဲ့ စကားလုံးတွေက
ဟော့ဒီလက်တစ်ဆုပ်စာ မှတ်ဥာဏ်ကျဉ်းကျဉ်းလေးထဲမှာ
အပြည့်အသိပ်နေရာယူလို့
တိုးတိုးတိတ်တိတ် ကြိတ်မှိတ်အဖြေထုတ်
ဘ၀ဟာ သင်္ချာတစ်ပုဒ်ပဲလား..။

ငါ့နောက်ကိုပြန်လှည့်ကြည့်တိုင်း
သင်းကွဲခြေရာတွေပဲတွေ့နေခဲ့ရတယ်..
လိုက်ဖမ်းရင်းနဲ့ဝေးကွာလွန်းကြတယ်၊
မီးခိုးငွေ့တွေလိုပဲ ပျံသန်းရင်းပျောက်ကွယ်ကုန်ကြတယ်၊
ဖန်မီးအိမ်မှိန်မှိန်အောက်က နေ့အတုတွေလား
အသိမဲ့တဲ့ မနက်ခင်းတွေလား ငါမခွဲခြားတတ်တော့၊
ကမ္ဘာက သူ့ဟာသူနေတာပါ
ငါကသာ ၂၄ ဒီဂရီတိမ်းစောင်းလို့…………။

မင်း


Tuesday, September 22, 2009

တစ်ကိုယ်ရည်လွမ်းချင်း

လမင်းကို စွဲလန်း
ရင်ခွင်တစ်ခြမ်းပဲ့
အလွမ်းတွေလှုပ်နှိုးတော့
သန်းခေါင်မှာနိုးခဲ့
မြူခိုးတွေဆိုင်းလို့.....။

ကြယ်စင်ကိုတိတ်တခိုး
မှော်ရုံတောတိုးဝင်
နွမ်းနယ်တဲ့ဝိညာဉ်လည်း
အမှောင်မှာ အိပ်စက်
လိပ်ပြာတွေ တောင်ပံခတ်လို့.....။

သက်တန့်ကိုကျော်ဖြတ်
မိုးစက်တွေအိပ်မက်မက်လည်း
ရွှေအိုရောင်နံနက်တိုင်းမှာ
တော်ဝင်တဲ့အလှ
တိမ်တွေတောင်လွမ်းနာကျလို့......။ ။

လင်းစက်ရာ

ဒီနေ့ (Sept 22nd) လင်းစက်ရာရဲ့ မွေးနေ့မှာ သူ့ရဲ့ကဗျာတွေထဲက ဇော်အကြိုက်ဆုံး ကဗျာတစ်ပုဒ်နဲ့ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။
သြော် .. မျက်စိတမှိတ်လျှပ်တစ်ပြတ်အတွင်းမှာ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က အတန်းရဲ့ ညာဘက်အရှေ့ဆုံးတန်းက နံရံနဲ့ ကပ်နေတဲ့ ထောင့်မှာသာထိုင်တတ်ခဲ့ပြီး.. သွားလေးနှစ်ချောင်းကိုပဲ မြင်နေရလို့ ယုန်ကလေးလို့ ဇော်တို့သူငယ်ချင်းတွေ ချစ်စနိုးခေါ်ခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက် ၂၂နှစ်တောင် ပြည့်သွားခဲ့ပြီ။ မထင်မှတ်မိပါဘူး။ ဒီလောက်နှစ်တွေ ကြာညောင်းခဲ့တာတောင် ခင်မင်မှုတွေ ခိုင်မြဲနေကြဆဲဆိုတာ။ မထင်မှတ်ခဲ့မိပါဘူး။ ပိန်ပိန်ပါးပါးလေးနဲ့ အမြဲအေးအေးဆေးဆေးနေတတ်ခဲ့တဲ့ သူငယ်ချင်းက ကွန်ပြူတာနဲ့ ကျောင်းပြီး ဘွဲ့ရခဲ့ပေမယ့် ကဗျာတွေ(အပျော်တမ်း) ရေးနေခဲ့လိမ့်မယ်ဆိုတာ .. လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလက မထင်မှတ်ခဲ့ပါဘူးလေ။ ဖုန်အလူးလူးနဲ့ ကျောင်းရှေ့မှာ ဘောလုံးကန်တတ်တဲ့ သူငယ်ချင်းကို သတိရမိပါရဲ့။

Monday, September 21, 2009

မရွာပါနဲ့မိုးရယ် ..

အဝေးက လွင့်လာတဲ့ မိုးစက်ပွင့်လေးတွေကို ကြည့်ရင်း ခေါင်းကို ဖြေးညှင်းစွာ ခါလိုက်မိတော့ မျက်ရည်စတစ်ချို့ လွင့်စင်သွားခဲ့တယ်။ ရင်တစ်ခုလုံး တင်းကျပ်စွာ ဆုပ်ချေထားသလို။ ဖြေမဆည်နိုင်တဲ့ ခံစားချက်တစ်ချို့ကို ဆုပ်ကိုင်လို့ အနာဂတ် မလှမပဖြစ်ရမှုကို ဘယ်လိုများ ကဗျာဖွဲ့သီနိုင်တော့မှာလဲလေ။
ကလေးရယ် .. ငါ့နံရိုးတစ်ချောင်းကိုထုတ် .. နင့်ကို ဖန်ဆင်းခဲ့တာတောင် .. ငါ့ခန္ဒာကိုယ်တစ်ခြမ်းသာ ပြာကျသွားခဲ့တယ် .. နင်ကတော့ ပြန်ရှင်သန်မလာနိုင်တော့ဘူးနော်..

ရေဝေးသုသာန်က ထွက်လာတဲ့ ကားတန်းရှည်ကြီးကို ကြည့်ရင်း ရင်မှာစို့နစ်လာမှုနဲ့အတူ မီးခိုးဖြူဖြူတွေကို ကြည့်နေမိပြန်ပါတယ်။ ခပ်ဝေးဝေးမှာတော့ တိမ်တွေ မှောင်ကုန်ပြီ။
...........

ငါ နင့်ကို စောင့်နေတာဟ .. ငါခုထိ မအိပ်ရသေးဘူး.. သိလား ..

ချိုသာတဲ့ စကားသံတစ်ချို့နဲ့အတူ နားစည်ကို အသာရိုက်ခတ်သွားတဲ့ ဆည်းလည်းသံလေးကြောင့် ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ အမောတို့ ပြေပျောက်ခဲ့ရပါတယ် ကလေးငယ်။ တစ်နေကုန် ပင်ပန်းခဲ့သမျှ နင်နဲ့ တွေ့ရမယ့်အချိန်လေးကို စောင့်စားရင်း ငါ့ရင်တို့ လှုပ်ခတ် .. စည်းချက်တို့ မမှန်ခဲ့တာ ကာလတို့ ကြာညောင်းနေခဲ့ပြီ။
ညဘက်ပုံမှန် ဖုန်းပြောကြရင်း နင်နဲ့ငါရဲ့ သံယောဇဉ်ကြိုးတို့ ပိုပြီးခိုင်မာလာခဲ့တယ်။ ကျောင်းတက်ရင်းတောင် မတွေ့ဖြစ်ကြတဲ့ ငါတို့နှစ်ယောက်အတွက် ညဘက်ဖုန်းပြောချိန်တွေဟာ တန်ဖိုးဖြတ်မရတဲ့ ကာလတိုလေးတွေ ဖြစ်လာကြတယ်ဆိုတာ နင်ရော ငါရော မသိစိတ်နဲ့အတူ လက်ခံထားမိခဲ့ကြတာပဲလေ။

ငါ ဒီနေ့ နင်ကြိုက်တယ်ဆိုတဲ့ ကြက်သားနဲ့ ဘူးသီး ကာလသားချက် ချက်စားဖြစ်တယ်သိလား။ နင့်ကို သတိရတယ်ဟာ ..

ငါ့ရင်ထဲမှာ တစ်သိမ့်သိမ့်စီးမြောခြင်းနဲ့အတူ ဘာနဲ့မှ မတူတဲ့ ခံစားမှုတစ်ခု ဖြစ်ထွန်းခဲ့တယ်။ ဒါဟာ အချစ်လို့ဆိုရင် နင့်ကို ဘာနဲ့မှမတူအောင် တန်ဖိုးထား မြတ်နိုးမိနေတဲ့ ငါ့နှလုံးသားထဲ ခနလောက် ၀င်ကြည့်ပေးလို့ရနိုင်မလား ကလေးငယ် ..
ပိုးလို့ ငါတယုတယ ခေါ်ခဲ့ရတဲ့ နင့်ကို ငါဘယ်လောက်ထိ ချစ်မြတ်နိုးခဲ့ရပါသလဲ ..
အဖြူရောင် ချစ်ခြင်းတွေနဲ့ပါ ကလေးရယ် ..

ငါတို့ကျောင်းမှာဆုံတိုင်း ငါ့ကို အသာအယာလှမ်းပြုံးပြတတ်ခဲ့ပေမယ့် ဖုန်းထဲမှာလောက် စကားမကြွယ်ခဲ့တဲ့ နင်ဟာ ဖုန်းထဲမှာတော့ ငါ့ကိုကလေးဆန်စွာ တွယ်တာလွန်းတာ ငါ သိနေတယ် ပိုး။

ဟဲ့ .. ဒီနေ့လေ .. ငါတို့အခန်းထဲက တရုတ်ကြီးလေ .. သိပ်ရီရတယ်သိလား .. ငါ့သူငယ်ချင်း သီတာ့ကို ရည်းစားစာလိုက်ပေးတာဟယ် .. သူ့မှာ ငါတို့ညှင်းသမျှ ခံလိုက်ရတယ်သိလား .. မျက်နှာကြီးကို ရှုံ့မဲ့နေတာပဲ .. ဟားဟား ..

ပေါ့ပေါ့ပါးပါးနဲ့ ပြောတတ်ခဲ့တဲ့ နင့်အသံလေးကို နားထောင်ရင်း ဖုန်းခွက်ကို လက်နဲ့ အသာဖွဖွကိုင်လို့ နင့်မျက်နှာလေးကို ငါ မှန်းဆ လွမ်းဆွတ်ကြည့်နေမိတတ်ရင်း ညတွေကို ကုန်ဆုံးဖြတ်သန်းခဲ့ရတာ ဟောဒီ တတိယနှစ်ရောက်လာတဲ့အထိပဲနော် ပိုး။ ဒီနှစ်ကုန်ရင် ငါတို့ ကျောင်းတွေပြီးပြီနော်။ ငါတို့ခုလိုပဲ ဖုန်းဆက်ပြောခွင့်ရှိနေဦးမှာလားလို့ ငါတစ်ခါတစ်ခါ စိုးရိမ်မိပါရဲ့။
ဖုန်းထဲမှာ ရင်းနှီးသလောက် အပြင်မှာတော့ ငါတို့နှစ်ယောက်ဟာ သာမန်သူငယ်ချင်းအဆင့်ထက် ဘာမှမပိုခဲ့ဘူးဟာ။ အမှန်က ငါက မ၀ံ့ရဲသလို နင်ကလဲ သိပ်ကို အရှက်အကြောက်ကြီးသလို ဖြစ်နေတာကိုးလေ။ ဒါပေမယ့် ငါတို့ရင်ထဲက သံယောဇဉ်တွေကတော့ အတိုင်းအဆမရှိနော်။ ဒါကိုနင်လဲ သိတယ်ဟုတ်။

ရဲ .. ငါလေ .. အခုတလော သိပ်မောတာပဲဟာ .. အသက်ရှူရတာလဲ မ၀ဘူး.. ဒါပေမယ့် နင်နဲ့ စကားပြောရရင်တော့ သိပ်ပျော်တာပဲ .. သိလား .. ငါဘာဖြစ်လို့ ဖြစ်နေမှန်းမသိဘူးဟာ .. ရင်ထဲမှာ တစ်မျိုးကြီးပဲ .. နေလို့မကောင်းဘူး..

ငါအတော်တော့ စိုးရိမ်ခဲ့ရပေမယ့် စိတ်ထဲမှာ သာမန် အားနည်းလို့ဖြစ်တာနေမှာပါဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ်ရော နင့်ကိုပါ ငါအားပေးခဲ့မိတယ်ပိုးရယ်။ ဒါပေမယ့် မထင်မှတ်တဲ့အချိန်မှာပဲ နင့်ကို ဆေးရုံတင်လိုက်ရပြီဆိုတဲ့သတင်း ငါကြားလိုက်ရတယ်။ ငါ့ရင်ထဲကို ၀င်ကြည့်လိုက်စမ်းပါ။ နင်မမြင်နိုင်လောက်တဲ့ သောကအားတို့ ထုထည်ဖွဲ့ တည်ရှိနေခဲ့သလို ချစ်ခြင်းအားတို့ကလဲ အပြည့်အသိပ်ဖြစ်တည်နေခဲ့ပြီ။
ဆေးရုံရဲ့ အခန်းဝကနေ နင့်ရဲ့ ဖျော့တော့တော့မျက်နှာလေးကို ငါ တရှိုက်မက်မက်ကြည့်နေခဲ့မိတယ်။ အရင်လို ဖုန်းခေါ်လို့မရနိုင်တော့ပေမယ့် နင်အိပ်နေတဲ့ ကုတင်ဘေး စားပွဲခုံပုလေးပေါ်မှာ
မဆူနဲ့နော် .. ပိုးလေး အိပ်နေလို့
ဆိုတဲ့ စာတမ်းလေးကို ဖိုတိုစတန်းလေးနဲ့ထောင်ပေးထားတော့ နင့်မျက်နှာလေးပြုံးပြီး ငါ့ကို မော့ကြည့်နေတာကို ငါ့နှလုံးသားမှတ်ဥာဏ်ထဲက ဘယ်လိုထုတ်ရမလဲ။
တကယ်တော့ ငါက ဆောင်းတွင်းအိပ်မက်လို ကယောင်ကတမ်းနိုင်နေခဲ့ပါတယ် ပိုးရယ်။

ရဲ .. ငါသေရင် နင်ငိုမှာလားဟင် ..

ဖြူဖျော့ဖျော့နှုတ်ခမ်းအစုံနဲ့ နင်ဖျော့တော့စွာမေးလာတော့ ငါ့မျက်ဝန်းမှာ မိုးဖွဲတွေ သည်းနေခဲ့ပြီ။ ဟိုးရှေ့ကောင်းကင်မှာ မိုးတွေ အုံ့မှိုင်းနေသလို ငါ့မျက်ဝန်းမှာလဲ ပြိုတော့မလို..။

နင်သေရင် .. ငါသိပ်နှမြောမိမှာပါ ပိုးရယ် .. ပြီးတော့ ငါ ၀မ်းပမ်းတနည်းကို ငိုကျွေးမိမှာပါ ..

ငါ့ရဲ့ အဖြေတစ်ခုကိုရအပြီးမှာ ပြုံးသွားတဲ့နင့်မျက်နှာလေးရယ် .. မှေးမှိတ်သွားတဲ့ နင့်မျက်တောင်လေးတွေရယ် .. ငါဘယ်လိုဖြေရမှာလဲ ပိုးရယ်။
အဖြူရောင်ချစ်ခြင်းမေတ္တာနဲ့ ထုံမွှန်းဆဲ နင်နဲ့ငါ့ကြားက အခြေအနေကို ငါ မပြောင်းလဲရက်တော့ပါဘူးပိုး။ နင်မရှိတော့တဲ့နောက်မှာ ငါ့အတွက် ဘယ်အရာမှ အသစ်ပြန်မဖြစ်နိုင်တော့ဘူးဆိုတာ .. နင့်နေရာမှာ ငါ အစားထိုးမရနိုင်တော့ဘူးဆိုတာတွေကိုလဲ နင်စိတ်ချမ်းသာအောင် ငါမပြောပြဖြစ်တော့ပါဘူး။ ဒါပေမယ့်ပိုးရယ် .. ငါအခုငိုနေတယ်လေ .. ကောင်းကင်နဲ့ အပြိုင်ပေါ့။
.................

နောက်ဆုံးကြည့်ခြင်းနဲ့အတူ မျက်နှာကို လွှဲလိုက်တော့ မျက်ရည်စက်တို့ ပါးပြင်ပေါ် ခပ်ကြမ်းကြမ်း ပြိုကျလာတယ်။ ဘယ်လိုမှ ထိန်းမရစွာ ရှိုက်ကြီးတငင် ငိုကြွေးခြင်းရဲ့ အဆုံးမှာ ပိုးပြန်လာနိုင်မှာလား။
ဟင့်အင်း ပိုး။ ငါ ရှိုက်ကြီးတငင်မငိုချင်ပါဘူး။ ငါ့မျက်ရည်စက်တွေကို အသာအယာပဲ ကျဆင်းစေလိုက်မယ်။ ငါ့ရင်ထဲမှာ နာကျင်မှုတွေ ပေါ့ပါးမသွားစေချင်ဘူးလေ။ နင့်ကိုချစ်တဲ့ ချစ်ခြင်းနဲ့အတူပေါ့။

ရှင်ဆုပြည့်
00:55a.m


Friday, September 18, 2009

ခရီးဖော်

သူငယ်ချင်းရေ ...
ဟိုးခပ်ဝေးဝေးမှာ မြစ်တစ်စင်း စီးဆင်းနေလေရဲ့

အလင်းရောင်မှိန်ဖျော့ဖျော့နဲ့အတူ
ဘ၀ရဲ့မုန်တိုင်းတွေ ရိုက်ခတ်လာရင်
ငါတို့လက်တွေ မဖြုတ်စတမ်းနော်။

ကျွန်တော့်မှာ မမျှော်လင့်ဘဲ ရိုးသားတဲ့ သူငယ်ချင်းတစ်ယောက် ကောက်ရခဲ့ဖူးပါတယ်။ အဲ့ဒီသူငယ်ချင်းကို ကျွန်တော်က တိုက်ရိုက်မဟုတ်တဲ့ သွယ်ဝိုက်တဲ့နည်းနဲ့ ခင်မင်ရင်းနှီးခဲ့ရတာပါ။ ကျွန်တော်သူ့ကို တစ်ခါမှကို မမြင်ဖူးပါဘူး။ သူ့ပုံစံဘယ်လိုရှိတယ်ဆိုတာ ကျွန်တော်မသိပါဘူး။ အမြဲတမ်းလဲ စကားတွေ မပြောဖြစ်ခဲ့ကြပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရင်ထဲမှာ ကျွန်တော်တို့တွေဟာ သူငယ်ချင်းတွေ ဖြစ်နေကြတယ်ဆိုတာ သူရော ကျွန်တော်ရော အသေအချာကို သိနေပါတယ်။

စိမ်းမြမြတောင်တွေကို ကြည့်လိုက်စမ်းပါဟာ
ငါတို့လှမ်းလျှောက်ဖို့ ရှေ့မှာ ကာစီးနေခဲ့ရင်တောင်
ငါတို့ခိုင်မြဲစွာလက်ကိုတွဲလို့
အနာဂတ်ကိုယ်စီနဲ့
အချင်းချင်း ဖေးမလိုက်ကြရအောင်။

ကျွန်တော်တို့ဟာ ရည်မှန်းချက်ချင်းလဲ မတူပါဘူး။ ပန်းတိုင်လဲ ထပ်တူမကျခဲ့ဘူး။ သူကသူဖြစ်ပြီး ကျွန်တော်က ကျွန်တော်ပဲ ဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျဉ်မြောင်းလာနေတဲ့ ကမ္ဘာ့ရွာထဲမှာ သူနဲ့ကျွန်တော် မတော်တဆ ခလုတ်တိုက်မိခဲ့ကြတယ်။ ထင်မှတ်မထားမိခဲ့ပါဘူး။

တိမ်တစ်ဆုပ် လေတစ်အုပ်နဲ့ လွင့်မျောချိန်မှာ
ငါတို့ရှေ့ဆက်ဖို့
မှိန်ပြပြ အလင်းတစ်ချို့ ငါမြင်လိုက်ရတယ်
နင်ရော .. ငါရော ..
အဲ့ဒီကို အရောက်လှမ်းဖို့ အားယူကြတဲ့အချိန်
ငါတို့ တစ်ယောက်နဲ့တစ်ယောက် ပြုံးပြခွင့်ရလိုက်ချင်ရဲ့။

အမှန်က ကျွန်တော်တို့ သူငယ်ချင်းတွေဖြစ်နေကြတယ်၊ ဖြစ်ခဲ့ကြတယ်ဆိုပေမယ့် သူ့အကြောင်းကို ကျွန်တော် သေချာမသိပါဘူး။ သူက ကျွန်တော်နဲ့ တစ်နယ်တည်းသားမို့ ကျွန်တော်က နယ်သားလို့ခေါ်တာရယ်.. သူက အငယ်ဆုံးဖြစ်တယ်ဆိုတာရယ်ကလွဲရင် ကျွန်တော့်မှာ သူနဲ့ပတ်သတ်ပြီး ချရေးစရာ သမိုင်းဝင်မှတ်တမ်း သိပ်မရှိခဲ့ပါဘူး။ ဒါပေမယ့် ခင်မင်မှု ပြယုဂ်မှာ သမိုင်းမလိုဘူးမဟုတ်လား။ ကျွန်တော် မှတ်မှတ်ရရ အမြဲရှိနေတာကတော့ သူ့ရဲ့ အေးဆေးတဲ့စိတ်နဲ့ ရိုးသားမှုပါပဲ။ ကျွန်တော့်မှာ သူ့လိုသူငယ်ချင်းရှိလို့ သူ့ရိုးဂုဏ်နဲ့ ဂုဏ်တက်ခဲ့ဖူးတယ်ထင်ပါရဲ့။

မှိတ်တုတ်တုတ်လက်နေတဲ့ ကြယ်တွေကို
ကောင်းကင်အဆုံးအစမရှိ ငါမြင်တိုင်း
နင့်ကို သတိရတယ် သူငယ်ချင်း။
ဟော့ဒီကောင်းကင်ရဲ့ အောက်
ကမ္ဘာမြေကြီးတစ်နေရာမှာ
အိပ်မက်တို့ ငံ့လင့်လို့ လွမ်းဆွတ်ခြင်းနဲ့အတူ
နင် ရှင်သန်နေတယ်ဆိုတာ ...။

သူ့မှာ ဘယ်လို သူငယ်ချင်းတွေ ရှိသလဲဆိုတာတော့ ကျွန်တော်မသိပါဘူး။ ကျွန်တော်ကလဲ စိတ်ဝင်တစား သိပ်မမေးဖြစ်ခဲ့ဘူး။ ကျွန်တော်က ကျွန်တော့်စိတ်ထဲ နှစ်လိုစွာ ခင်မင်ခွင့်ရှိနေတယ်ဆိုရင် လုံလောက်တယ်လို့ ခံစားရတတ်စမြဲမို့ ကျွန်တော်နဲ့ မသက်ဆိုင်တဲ့ ဘ၀ရဲ့ ကျန်မျက်နှာတစ်ခြမ်းကို လိုက်ခံစားလေ့မရှိခဲ့တာ အလေ့အထတစ်ခုလိုပါပဲ။ ဒါပေမယ့် သူကိုယ်တိုင်လဲ ကျွန်တော့်ကို အတော်ခင်တယ်ဆိုတာ ကျွန်တော်ခံစားလို့ရနေတာကတော့ သူငယ်ချင်းတွေကြားထဲက အဖြူရောင်ကြိုးတစ်ချောင်းပဲ ထင်ပါရဲ့။

ဟိုးအဝေးကို ကြည့်လိုက်စမ်းပါ့ သူငယ်ချင်း
ငါတို့အိပ်မက် အရောက်တက်ဖို့
ခြေလှမ်းသွက်သွက် လှမ်းကြစို့။
အားငယ်မှုတွေနဲ့ စိတ်ဓါတ်တော့မကျလိုက်ပါနဲ့
ငါတို့လက်တွေ နွေးထွေးခြင်းနဲ့ ခိုင်မြဲနေကြတယ်လေ

တွေ့ဆုံခြင်းပြီးရင် ခွဲခွါခြင်းက ရောက်လာတတ်စမြဲဆိုတာ လောကရဲ့ နိယာမလို့ဆိုပေမယ့် ကျွန်တော်ကတော့ ဖြူစင်စွာ ခင်မင်ရင်းနှီးခွင့်ရခဲ့တဲ့ကံကြမ္မာကို ကျေးဇူးတင်မိပါတယ်။ တကယ်တော့ ကျွန်တော့်မှာ အသွင်မတူတဲ့သူငယ်ချင်းသုံးယောက်ကို မတူညီတဲ့အချိန်တွေမှာ တူညီစွာ ကောက်ရခဲ့ဖူးပါတယ်။ သူတို့သုံးယောက်စလုံးမှာ တူညီတာတစ်ခုက အလုပ်အကိုင်နဲ့ ပညာရေး လက်ရှိအနေအထားတွေပါ။ နက်ရှိုင်းစွာတူညီနေတာ နောက်တစ်ခုကတော့ သုံးယောက်စလုံးရိုးသားမှုကို အခြေခံလို့ ဖြူစင်တဲ့စိတ်ဓါတ်ကိုယ်စီရှိကြတဲ့ ယောက်ျားကောင်းတွေဆိုတာပါပဲ။ ယောက်ျားကောင်းတစ်ယောက်ကို သူတို့ရဲ့ စိတ်ဓါတ်၊ အမူအကျင့်၊ ကိုယ်ကျင့်သိက္ခာနဲ့ တိုင်းတာတယ်ဆိုတာ ကျွန်တော်ပြောဖို့တောင် မလိုဘူးထင်ပါရဲ့။

လေပြင်းတွေတိုက် လှိုင်းတွေပုတ်လဲ
သူငယ်ချင်းရေ.. မကြောက်လိုက်ပါနဲ့
နင့်ဘေးမှာငါရှိ၊ ငါ့ဘေးမှာနင်ရှိလို့
ငါတို့ဘ၀ လွတ်မြောက်ဖို့က
လက်တစ်ကမ်းမှာကွဲ့။
ကူးခတ်လိုက်ပါ့ သူငယ်ချင်း
နင်လိုတဲ့အချိန် ဖြူစင်တဲ့ချစ်ခြင်းမေတ္တာနဲ့
ငါ
ဒီနေရာမှာ ရှိနေလေရဲ့။

ကျွန်တော်တို့ခင်မင်မှုကာလ ဘယ်လောက်ကြာကြာရှိခဲ့လဲဆိုတာ ကျွန်တော် သေချာ မမှတ်မိ၊ မသိရှိခဲ့သလို ကျွန်တော့်သူငယ်ချင်းလဲ မှတ်မိသိရှိနိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် အသေအချာသိပါတယ်။ ကျွန်တော်တို့က စိတ်ထဲက တစ်ယောက်နဲ့တစ်ယောက်ခင်ကြတဲ့သူတွေမို့ နေ့စွဲတွေနဲ့ အချိန်ကာလတွေကို မှတ်ထားစရာမလိုလောက်ပါဘူးလေ။ ဒါပေမယ့် မှတ်မှတ်ရရပေါ့။
ဒီနေ့ ( စက်တင်ဘာလ ၁၈ရက်) ဟာ သူ့ရဲ့ မွေးနေ့အဖြစ် ပြက္ခဒိန်တစ်ရွက်သစ်ခဲ့ပြန်ပြီလေ။

ကောင်းကင်မှာ ကြယ်တွေလင်းသလို
မြေပြင်မှာလဲ ပန်းတွေပွင့်တဲ့ ဥယျာဉ်တွေနဲ့
ရှင်သန်ခြင်းကို လှပစွာ ကဗျာဖွဲ့သီနေကြတဲ့အချိန်
ငါလဲ နင့်အတွက် ကဗျာတစ်ပုဒ်ကို
နှလုံးသားနဲ့ သီကုံးလိုက်တယ် သူငယ်ချင်း
အိပ်မက်ဆိုးက နိုးထလို့
နံနက်အလင်းရောင်နဲ့အတူ
ရင်ခွင်တံခါးကို ဖွင့်ကြည့်လိုက်စမ်းပါ
နင့်အိမ်ရှေ့ တံခါးဝမှာ
(နင့်သူငယ်ချင်းငါ )
တံခါးခေါက်နေခဲ့တာကြာခဲ့ပြီ။


ကျွန်တော့်ထက် အသက်၂နှစ်စီကြီးတဲ့ ကျွန်တော့်သူငယ်ချင်းသုံးယောက်ကို ကျွန်တော်သိပ်တန်ဖိုးထား မြတ်နိုးပါတယ်။ ထို့အတူ ကျွန်တော့်ရဲ့ ပန်းသုံးပွင့်မှာ တစ်ပွင့်ရဲ့ ရှင်သန်ခြင်း မှတ်တိုင်အဖြစ် ကျရောက်လို့ လာခဲ့ပါပြီ။ ကျွန်တော့်ထက် ကြီးပေမယ့် ကျွန်တော်တို့ ရိုးသားစွာ နင်နဲ့ငါ လို့ သုံးနှုန်းခဲ့ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် လဒလို့ ခေါ်ခဲ့ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အားမနာတမ်း ပစ်ပစ်နှစ်နှစ် ပြောခဲ့ကြဖူးတယ်။ တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်ခဲ့ကြဖူးတယ်။ ဒါပေမယ့် စိတ်မကောင်းစွာ အမြဲတမ်းတော့ မဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့ကိုယ်စီမှာ တာဝန်တွေ ၀တ္တရားတွေနဲ့ မွန်းကျပ်နေခဲ့ကြတာမဟုတ်လား။

လှမ်းကြည့်လိုက်ပါ့ သူငယ်ချင်း
ရင်တစ်ခုဖြစ်ဖို့ နှလုံးသားတစ်ခုလိုတယ်ဆိုရင်
ငါ့ဘ၀ရှင်သန်ဖို့ နင့်လို သူငယ်ချင်းမျိုး ငါသိပ်တမ်းတမိတယ်
ငါတို့တွေ ရှင်သန်နေကြတုန်း
နင့်မွေးနေ့ပေါင်းများစွာမှာ ငါ လက်ဆောင်ပေးပါရစေ ...
တောက်ပတဲ့ ကောင်းကင်တစ်ခု နဲ့ သစ်လွင်တဲ့ နံနက်ခင်းတစ်ခုကို ...
ငါ့ရင်နဲ့ ဖန်ဆင်း နှလုံးသားနဲ့ လမ်းခင်းလို့
နင့်ဆီအရောက် ပို့လိုက်တယ်
မွေးနေ့မှာ ပျော်ရွှင်စေဖို့ ..။

( ကဗျာတွေ စာတွေ ဖတ်ရမှာ ပျင်းတယ်ဆိုတဲ့ ကျွန်တော့်သူငယ်ချင်း မျိုးမြင့် မွေးနေ့မှာ ပျော်ရွှင်ပါစေ။ )


Thursday, September 17, 2009

ဝေး .. လွင့် .. တမ်း .. တ ..

အမုန်း(၁)

သူနဲ့ကျွန်တော်စသိတာ သိပ်မထူးဆန်းပါဘူး။ ကျွန်တော်က အင်္ဂလိပ်စာ အထူးပြုဖြစ်ပြီး သူကလဲ အင်္ဂလိပ်စာ အထူးပြုဖြစ်နေတာကြောင့် တစ်တန်းတည်းသားချင်း သူ့ကို ကျွန်တော်သိလာတာကတော့ မထူးဆန်းဘူး ထင်ပါရဲ့။
ကျွန်တော် သူထိုင်နေတဲ့အတန်းရဲ့ အနောက်က ခုံကို တမင်ရွေးထိုင်ပြီး သူ့ရဲ့ ဘေးတစ်စောင်းမြင်နေရတဲ့ မျက်နှာလေးကို ငေးကြည့်ခဲ့မိဖူးတယ်။ သူ့ဆံပင်ရှည်ရှည်တွေကို ဖြန့်ချထားလို့ ကျွန်တော့်စာအုပ်ပေါ်ကို လာလာထိနေတာလေးကို ကျွန်တော် သိပ်မြတ်နိုးနေခဲ့ဖူးပါတယ်။ အဲ့ဆံပင်အဖျားလေးတွေကို လက်လေးနဲ့ ဖွဖွ (သူမသိအောင်) အသာထိကိုင်ပြီး ချစ်လိုက်ရတာ ကောင်မလေးရယ်လို့လဲ (ရင်ထဲက) တိုးတိတ်စွာ ရေရွတ်ခဲ့မိဖူးတယ်။
ကျွန်တော်က အဲ့ဒီ သူ့နောက်ကခုံမှာထိုင်ပြီး သူ့ဆံနွယ်လေးတွေကိုကြည့်ရင်းသာ ချစ်တဲ့အကြောင်း တိုးတိုးဖွဖွ ရင်ထဲကနေ ပြောရဲခဲ့တဲ့သူပါ။
အချစ်မှာ သတ္တိမရှိခဲ့တဲ့ကျွန်တော့်ကိုယ် ကျွန်တော် မုန်းခဲ့မိတယ်။

အမုန်း(၂)

ကျွန်တော့်ရဲ့ အနှစ်သက်ဆုံးအရာဟာ စာအုပ်ဖြစ်ပြီး ကျွန်တော်က စာချစ်သူတစ်ယောက်ဖြစ်နေခဲ့တာ
ကြောင့် ကျောင်းရဲ့ စာကြည့်တိုက်ဟာ ကျွန်တော့်အတွက် နားခိုရာတစ်ခု ဖြစ်လာခဲ့တာ သိပ်မထူးဆန်းပါဘူး။
ကောင်မလေးကတော့ စာကြည့်တိုက်ရဲ့ ဘုရင်မလေးကိုဖြစ်လို့။ အတန်းပြီးချိန်တိုင်း စာကြည့်တိုက်ကို သွားတတ်တဲ့ကောင်မလေးနဲ့ ကျွန်တော်တို့ အမြဲလို ဆုံဖြစ်ကြတာလဲ သိပ်မထူးဆန်းဘူး ထင်ပါရဲ့။
ကောင်မလေးရွေးဖတ်လေ့ရှိတဲ့ စာအုပ်တိုင်းကို ကျွန်တော်အလွတ်ရနေတတ်တာရယ် .. စာဖတ်ရင်း ကော်ဖီဗူးလေးကို ထုတ်ထုတ်သောက်တတ်တဲ့ ကောင်မလေးရဲ့ ကော်ဖီဗူးလေး ဖြစ်ချင်တယ်လို့ ညည်းညူမိတတ်ခဲ့တာရယ်ဟာ ကျွန်တော့်အတွက်ကတော့ ကဗျာတစ်ပုဒ်လိုပါပဲ။
ဒါပေမယ့် ကောင်မလေးကို တွေ့တိုင်း ကျွန်တော်ခေါင်းငုံ့နေခဲ့မိတာ။ ပြုံးပြဖို့ အင်အားမရှိခဲ့တာ။ မိတ်ဆွေဖွဲ့ဖို့ သတ္တိမရှိခဲ့တာတွေကိုတော့ ကျွန်တော် မုန်းခဲ့မိတယ်။

အမုန်း(၃)

ကျောင်းအပြန်တိုင်း စက်ဘီးစီး ပြန်လေ့ရှိတဲ့ ကောင်မလေးနောက်ကနေ ကျွန်တော့်ပြိုင်ဘီးလေးကို နင်းလို့ အမြဲလို သူမသိအောင် အိမ်ပြန်လိုက်ပို့တတ်ခဲ့ဖူးပါတယ်။ သူ့အိမ်ရှေ့ တစ်ဖက်လမ်းက ဗံဒါပင်အရိပ်အောက်မှာ စက်ဘီးကို ရပ်လို့ ကောင်မလေး တွန်းဖွင့်ဝင်သွားတဲ့ တံခါးပေါက်လေးကို လှမ်းကြည့်နေရတဲ့ ညနေခင်းတွေဟာ ကျွန်တော့်အတွက်တော့ သိပ်ကို သာယာလွန်းခဲ့ပါတယ်။ ကောင်မလေးကတော့ သူ့ရဲ့ ထီမထင်တဲ့ ပုံစံလေးနဲ့ ဘာကိုမှ ဂရုပြုမိလေ့မရှိတဲ့ပုံပါပဲ။ အဲ့ဒီ ဂျစ်ကန်ကန်ပုံစံကောင်မလေးကိုမှ ကျွန်တော်သိပ်ကို မြတ်နိုးခဲ့မိရတယ်။
နံနက်စောစော ကျောင်းမသွားခင် အဲ့ဒီ ဗံဒါပင်အရိပ်နောက်က လက်ဖက်ရည်ဆိုင်မှာ ကျွန်တော်ထိုင်ရင်း ကောင်မလေး ကျောင်းသွားဖို့ ထွက်အလာကို စောင့်နေရတာ .. ကောင်မလေး စက်ဘီးလေးတွန်းပြီး ထွက်လာမှ ကျွန်တော်လဲ နောက်ကနေ တိတ်တိတ်လေး အရိပ်လို လိုက်ခဲ့မိရတာတွေဟာ ရာဇ၀င်တစ်ခုလို သက်ဝင်လှုပ်ရှားခဲ့ဖူးတယ်။ ဒီလိုနဲ့ ...
ကျွန်တော့်အတွက်နားခိုရာဟာ အဲ့ဒီ ဗံဒါပင်အရိပ်လက်ဖက်ရည်ဆိုင်လဲ ဖြစ်ခဲ့ပြန်ပါတယ်။
ကျွန်တော် အချစ်မှာ ရိုးအစွာ ပျော်ဝင်နေခဲ့ဖူးတယ်။

အမုန်း(၄)

စာကြည့်တိုက်မှာ ဆံပင်လေးတွေ ရှေ့ကို ၀ဲကျနေတဲ့အထိ စာကို စူးစူးစိုက်စိုက်ဖတ်နေတတ်တဲ့ ကောင်မလေးရဲ့ ပုံကို ကျွန်တော် ခပ်လှမ်းလှမ်းကနေ ထိုင်ပြီး ခဲခြစ်ပန်းချီ ရေးခဲ့မိဖူးတယ်။ သူ့ရဲ့ မျက်ခုံးထူထူလေးကို .. သူ့ရဲ့ နှာခေါင်းသွယ်သွယ်လေးကို .. သူ့ရဲ့ ပါးလျလျ ဆေးမကူဘဲ ပန်းရောင်ပြေးနေတတ်တဲ့ နှုတ်ခမ်းလေးကို .. သွယ်မရောင်နဲ့ အနည်းငယ်ကားပြီး လုံးဝန်းနေတဲ့ မေးရိုးလေးနဲ့ မေးစေ့လေးကို .. အရာအားလုံးပါပဲ။ ကျွန်တော့်နှလုံးသားထဲမှာ ခဲခြစ်ပန်းချီနဲ့အတူ မှတ်တမ်းတင်နေမိတတ်ခဲ့ဖူးတယ်။ သူ့ရဲ့ ဖြူစင်ပြီး အပြစ်ကင်းစင်တဲ့ မျက်လုံး ၀ိုင်းဝိုင်းလေးတွေနဲ့ ဆုံလိုက်ရရင် ကျွန်တော့်အတွက် အရာအားလုံး ပြီးပြည့်စုံသွားသလိုပါပဲ။ သူဟာ ကျွန်တော့်အတွက်တော့ ပန်းလေးတစ်ပွင့်လိုလဲ နူးညံ့လွန်းနေပြန်ပါတယ်။
ကျွန်တော် .. တိုးတိတ်စွာ ရေရွတ်လိုက်မိတယ် ..
ဘယ်အချိန်ထိ ကျဆုံးနေရမှာလဲ ဟင် ...

အမုန်း(၅)

ဖွင့်ဟ၀န်ခံဖို့ ခက်ခဲနေဆဲ ကာလမှာ မထင်မှတ်ဘဲ ကောင်မလေး ကျွန်တော့်ရှေ့က ပျောက်သွားခဲ့တယ်။ ကျွန်တော် ဘာလုပ်လို့လုပ်ရမယ်မသိဖြစ်နေတုန်း ကောင်မလေးအိမ်က ကျောင်းရုံးခန်းကို စာရောက်လာတယ်ဆိုတဲ့အကြောင်းကို သူငယ်ချင်းဆီက သိရလို့ အရဲစွန့်ပြီး ဆရာကြီးဆီ ၀င်တွေ့မိတော့မှ ကောင်မလေး ဆေးရုံတတ်နေရတယ်တဲ့။ ရင်တစ်ခုလုံး အလဲလဲ အပြိုပြို။ အဲ့ဒီနေ့က အတန်းတောင် ပြီးအောင် မတတ်နိုင်ခဲ့ပါဘူး။ ကျွန်တော် တောက်လျှောက် မြို့နယ်ဆေးရုံကို အပြေးသွားခဲ့မိတယ်။ ကောင်မလေးကတော့ ကုတင်ပေါ်မှာ အရာအားလုံးကို မသိကျိုးကျွံပြုကာ မှေးစက်လှဲလျောင်းလျှက်...။
သူ့မိဘတွေကတော့ ကျွန်တော့်ကို ကောင်မလေးသူငယ်ချင်းအဖြစ် လက်ခံစကားပြောခဲ့ပေမယ့် ကောင်မလေးကတော့ သတိမရခဲ့သေးပါဘူး။
ဒီတော့မှ ကျွန်တော်သိလိုက်ရတာက ကောင်မလေးမှာ မွေးရာပါ နှလုံးရောဂါ ရှိနေပါတယ်တဲ့။
ဂျစ်ကန်ကန်နဲ့ သေးသွယ်နူးညံ့လွန်းတဲ့ ကျွန်တော့်ချစ်သူမှာ နှလုံးရောဂါဆိုတာချည်း ရှိနေခဲ့လိမ့်မယ်လို့ ကျွန်တော်ဘယ်တုန်းကမှ မမျှော်လင့်ခဲ့မိဖူးပါဘူး။
ကျွန်တော် အရာအားလုံးကို မုန်းတီးမိခဲ့ပါတယ်။

တကယ်ပါ ကောင်မလေးရယ် ..
တစ်လောကလုံး မှောင်ချင်မှောင်သွားပါစေ ..
နင့်ဘေးမှာ ထွန်းလင်းခွင့်ရတဲ့ ငါ ဖြစ်ချင်တယ် ..
နင့်ဘေးမှာ နင်အားငယ်တိုင်း ခိုဝင်ခွင့်ရတဲ့ ရင် .. ငါဖြစ်ချင်တယ် ..
နူးညံ့ပြီး သေးသွယ်ပျော့ပျောင်းတဲ့ နင့်လက်ကလေးကို ငါ့လက်နဲ့ ဆုပ်ကိုင်ပြီး
နင့်အတွက် အင်အားအဖြစ် စီးဆင်းစေချင်တယ် ..
ငါ့သွေးတွေဟာ နင့်အတွက်လည်ပတ်နေတယ်ဆိုတာပဲ ဖြစ်ချင်ခဲ့တဲ့ ကောင်ပါဟာ ...


အမုန်း(၆)

ကျွန်တော်အတန်းလဲ မတက်ဖြစ်တော့ပါဘူး။ ကောင်မလေးရှိနေတဲ့ ဆေးရုံခန်းလေးမှာပဲ ကောင်မလေးမိဘတွေကို တောင်းပန်လို့ အချိန်ပြည့်ရှိနေတတ်ခဲ့ပါတယ်။ ကောင်မလေးကတော့ ဘာမှ ထူးခြားမလာခဲ့ပါဘူး။
ကျွန်တော် သူ့ဘေးမှာ ထိုင်ရင်း သူ့လက်လေးကို ဆုပ်ကိုင်လို့ ကျွန်တော့်ရင်ထဲက ချစ်ခြင်းတွေကို သူကြားအောင် တိုးတိုးလေး ရေရွတ်နေခဲ့ဖူးပါတယ်။
ဖျော့တော့လွန်းတဲ့နှုတ်ခမ်းလေးတွေ ဘယ်တော့ပြုံးလာလေမလဲ ...
ဖြူလျနေတဲ့ မျက်ခွံပေါ်က မျက်တောင်စိပ်စိပ်လေးတွေ ဘယ်တော့များ အသက်ဝင်လာကြမလဲ ...
အေးစက်စက်လက်ဖ၀ါးလေးတွေ ဘယ်တော့များ နွေးထွေးလှုပ်ရှားလာလေမလဲ ..
ကောင်မလေးရယ် .. ပြန်လာပါကွာ .. ငါ့ချစ်ခြင်းနဲ့ နင့်ကမ္ဘာကို သက်ဝင်လှုပ်ရှားဖို့ ငါဖန်ဆင်းချင်တယ် ..။

အမုန်း(၇)

ရက်တွေတစ်ရွေ့ရွေ့နဲ့ ကုန်ဆုံးလာခဲ့ပေမယ့် ကောင်မလေးကတော့ ထူးခြားမလာခဲ့ပါဘူး။
ဒီလိုနဲ့ ရက်သတ္တပတ်ကုန်ဆုံးသွားတဲ့နေ့မှာ ကောင်မလေး ကျွန်တော့်ကို ခွဲသွားခဲ့ပါတယ်။
ဟင့်အင်း မဟုတ်ဘူး။ ကောင်မလေး ကျွန်တော့်ရင်ထဲမှာ အမြဲရှင်သန်နေဆဲပါ။
သူ့ရဲ့ အိပ်ပျော်နေတဲ့ အသက်မဲ့ခန္ဒာကိုယ်နဘေးမှာ သူ့မျက်နှာလေးကို ကျွန်တော်တစ်ညလုံး မလှုပ်မယှက် ထိုင်ကြည့်ခဲ့မိတယ်။ ကျွန်တော့်ရဲ့ စိတ်အစဉ်ကတော့ ကောင်မလေး ကျွန်တော့်ဆီကို ပြန်လာမှာပါလို့ ယုံကြည်ခဲ့တယ်။ ကျွန်တော်မငိုပါဘူး။ မျက်ရည်ကတော့ ကျွန်တော့်ပါးမှာ အပ်ထားမိတဲ့ သူ့လက်ဖမိုးလေးတွေပေါ်ကို စီးဆင်းနေလေရဲ့။ ဒါပေမယ့် ကျွန်တော်မငိုခဲ့ပါဘူး။
ရင်ထဲမှာတော့ တစ်ခွန်းထဲသော စကားကိုသာ ပြောဖြစ်နေခဲ့မိတယ်။
အဖဘုရား ... ကျွန်တော် သူ့ကို သိပ်ချစ်ခဲ့ပါတယ် ... ဤမှန်သော သစ္စာစကားကြောင့် ...

တကယ်ပါ ကောင်မလေးရယ် ...
နင်ငါ့ဆီ တစ်နေ့ပြန်လာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့တင်
အရာအားလုံးကို မေ့ထားလို့ရခဲ့ပြီ။
ငါ့အနာဂါတ်အတွက် ငါဆက်လျှောက်နေချိန်မှာ
နင့်ရဲ့ ခဲခြစ်ပန်းချီးလေးက ငါနဲ့အနီးဆုံးမှာ ..
နင့်ရဲ့ အသက်မဲ့ ဆံနွယ်လေးတွေက ငါ့ဒိုင်ယာရီစာမျက်နှာကြားမှာ ...
ကောင်မလေးရယ် ..
ငါ့ချစ်ခြင်းနဲ့ နင့်ကို သဂြိုလ်လိုက်ပါတယ် ...
ကောင်းကင်ကို မော့ကြည့်တိုင်း
ကောင်းကင်ရဲ့တစ်ဖက်မှာ နင်ရှိနေတယ်ဆိုတဲ့ မျှော်လင့်ချက်က
ငါ့အတွက် ရှေ့ဆက်လျှောက်ဖို့ အားသစ်တွေကို ဖြစ်စေခဲ့တယ် ..
နင့်ကို ငါ .. သိပ်ချစ်တယ် ကောင်မလေး ..

အဆုံးအစမရှိ အမုန်း

ရှိနေတုန်းကလဲ ကျွန်တော် မတောင်းဆိုခဲ့ဖူးပါဘူး။ ထားခဲ့တော့လဲ တိတ်တိတ်လေးပဲ ကျွန်တော် ကျန်နေခဲ့ဖူးပါတယ်။
ဒါပေမယ့် ကျွန်တော့်ရင်ထဲမှာတော့ နာကျင်ခြင်းနဲ့အတူ စောင့်မျှော်နေဆဲပါ။
သူ ပြန်လာမယ့်နေ့ကို ...


Sunday, September 13, 2009

နိစ္စဓူဝထဲက အပိုင်းအစတွေ

တစ်နေ့တစ်နေ့ ကြုံတွေ့နေရတဲ့ မရိုးနိုင်တဲ့ ပြောင်းလဲခြင်းတွေထဲမှာ ရှင်သန်နေရတဲ့ ကျွန်တော်တို့လူသားတွေအတွက် ဘယ်အရာကများ အထူးတလည် အံ့သြစေတတ်ခဲ့ပါသလဲ။

မသိလိုက်မသိဖာသာ တရွေ့ရွေ့ခရီးဆက်နေခဲ့တဲ့ အချိန်မှန် နာရီတစ်လုံးရဲ့ ရပ်တည်မှုမျိုးနဲ့ ကျွန်တော် နေထိုင်နေခဲ့တဲ့အချိန်မှာ ဖေးမသူရယ်လို့ မလိုအပ်ခဲ့ရိုးအမှန်ပါ။ ဖြူစင်မှုနဲ့အတူ အရောင်စွန်းထင်းခြင်း မရှိတဲ့ သူငယ်ချင်းလေး တစ်ယောက်လောက်ပိုင်ဆိုင်ရင်ကိုပဲ ကျေနပ်နေတတ်တဲ့ ကျွန်တော့်ရဲ့ နေ့တွေကတော့ သာမန်ထက် ဘာမှ ပိုထူးလာလေ့မရှိတာ ၀တ္တရားတစ်ခုလိုများဖြစ်နေတတ်သလားမသိ။

တကယ်တော့ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက အချိန်ကာလ အပိုင်းအခြားလေးမှာ ကျွန်တော်ဘာကို အကောင်းဆုံးလုပ်ဆောင်ခွင့်ရှိနေပါသလဲ။
အဲ့ဒီအချိန်ကာလ အပိုင်းအခြားလေးကသာလျှင် နိစ္စဓူဝ ဖြစ်နေခဲ့တယ်ဆိုရင်ရော။

မေးခွန်းပေါင်းများစွာနဲ့ ရှုပ်ထွေးနေရတဲ့သူတော့ မဖြစ်ချင်ခဲ့မိပါဘူး။ ဒါပေမယ့် နက်ရှိုင်းစွာပျော်ဝင်နေတဲ့ လေးနက်တဲ့ ရပ်တည်မှုမျိုးနဲ့တော့ ကျွန်တော်ဖြစ်တည်ချင်ခဲ့မိတယ်။

တာဝန်ယူတတ်တဲ့သူအဖြစ် ကိုယ့်ကိုယ်ကိုယ် မသတ်မှတ်လိုက်မိခင်မှာ အတိတ်နဲ့ ပစ္စုပန်အကြောင်းကို အတတ်နိုင်ဆုံး နားလည်ချင်မိတယ်။ အနာဂတ်ဆိုတာက အောင်စာရင်းလေ။

ကောင်းမွန်တယ်လို့ ယူဆမိတဲ့ ခံစားချက်တိုင်းကို ကော်ပီမချချင်ပါဘူး။ သာမန်ဖြစ်ရိုးဖြစ်စဉ်နဲ့ လူတိုင်းမှာ မတူညီတဲ့ ဘ၀ကိုယ်စီရှိကြတယ်ဆိုတဲ့ ခံယူချက်တစ်ခုနဲ့တင် ရှေ့ခရီးက ခရောင်းလမ်းကို ဖြတ်နင်းနေချင်မိတယ်။ အားအင်အဖြစ် ဖြူစင်တဲ့ သူငယ်ချင်းရဲ့ လက်အစုံကိုတော့ ဆုပ်ကိုင်ခွင့် ရှိပါရစေ။

တောင်းဆိုမှုတွေ များလွန်းနေတဲ့ နိစ္စဓူဝထဲမှာ အခက်အခဲပေါင်းစုံနဲ့ စိတ်ညစ်ညူးမှုအပြီး နောက်ဆုံးရလာဒ်က ဘာပါလိမ့်။
သေချာတာကတော့ ကျွန်တော်ဘာကိုမှ အတည်တကျ ဆုပ်ကိုင်ထားနိုင်စွမ်းမရှိခဲ့ဘူးဆိုတာပါပဲ။
ငါနဲ့ငါသာ ဖြစ်တည်ရာတဲ့။ တကယ်ရော အဲ့ဒီငါ ဆိုတဲ့ ငါပါ အမှန်တကယ်ဖြစ်တည်မှုထဲ ပါဝင်ခဲ့ရဲ့လား။
စိတ်တစ်ခု ခံစားမှုကို ကျွန်တော် မလေ့လာတတ်သေးတာ အမှန်။

ဆွံ့အစွာ တိတ်တဆိတ် ငံ့လင့်လို့အပြီးမှာ နေ့တစ်ဓူဝ ကြုံတွေ့နေရတဲ့ မရိုးအီနိုင်တဲ့ ရိုးအီမှုတွေအပြည့် သံသရာ ရထားကြီးကတော့ဖြင့် အချိန်မှန်ကို ဖြစ်လို့။

အိပ်ချင်မှုတွေနဲ့ ပြည့်သိပ်နေတဲ့မျက်ဝန်းတစ်စုံရဲ့ အညိုရင့်ရောင်ဖြစ်မှုဟာ ကဗျာဆန်နေမယ်ဆိုရင် အဲ့ကဗျာကို အပုဒ်ပေါင်းများစွာ နေ့စဉ် ကျွန်တော် ရေးစပ်သီကုံးနေမိတယ်ထင်ပါ့။
လက်တွေတောင် ညောင်းလို့။

အမှန်က ဘာရယ်ညာရယ်တော့မဟုတ်ခဲ့ပါဘူးလေ။ နိစ္စဓူဝကို သာမန်ဖြစ်ရိုးဖြစ်စဉ်အတိုင်း ဖြစ်ပျက်ရှုမှတ်ပြီးတဲ့နောက် ဆူညံနေတဲ့ပတ်ဝန်းကျင်မှာတောင် တိတ်ဆိတ်မှုက အာဏာပြနေလေရဲ့။ ကျွန်တော်က ဟန်ဆောင်အပြုံးကို အပီအပြင်ဖက်တွယ်ထားရလို့ ငိုဖို့အတွက် အားမရှိတဲ့သူပါ။
အထီးကျန်လွင်ပြင်မှာလေ။

နေ့စဉ်စားနေတဲ့ ဒီထမင်းကို ငြီးငွေ့ဖူးပါသလား။ နေ့စဉ်သောက်နေတဲ့ ဒီရေကို ငြီးငွေ့ဖူးပါသလား။ နေ့စဉ် အိပ်နေတဲ့ ဒီအိပ်ရာကိုရော ...

ဒါဖြင့် နေ့စဉ် လုပ်နေရတဲ့ ဟော့ဒီ ဒျူတီဆိုတဲ့ အကျဉ်းထောင်ကရော ..

ဆုတောင်းတိုင်းသာ ဖြစ်မယ်ဆိုရင် .. ဘုရားရေ .. အတောင်ပံသေးသေးလေးတစ်စုံနဲ့ နှင်တံသေးသေးလေး ကိုင်ရတဲ့ ပန်းဝတ်မှုန်တွေအကြား ပျော်မြူးရတဲ့ နတ်သမီးသေးသေးလေး ဖြစ်ပါရစေ ..

အိပ်မက်ကလန့်နိုးလာတော့ ဒျူတီသွားရဦးမယ်တဲ့။


( ကျွန်တော်အခုတလော မာဖီးယားနေတာရယ် မျက်စိက အောင့်အောင့်နေတာရယ်ကြောင့် ဘလော့ရွာထဲမှာ စာမရေး စာမဖတ်ဖြစ်ခဲ့မိဘူး။ အတော်တောင်ကြာသွားတယ်ထင်ပါ့။ ကျွန်တော့်ကို သတိတရရှိပေးကြလို့ သိပ်ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော် သိပ်ကို မြတ်နိုးတန်ဖိုးထားမိရပါတယ်။ တကယ်တော့ ကျွန်တော်က အဲ့လို အမှတ်တရဖြစ်ရလောက်အောင် မထွန်းတောက်တဲ့ အညတရတစ်ယောက်ပါ။ လူအချို့က ကျွန်တော့်ကို မှတ်မှတ်ရရရှိကြလို့ ကျွန်တော့်ရဲ့ ဖြစ်တည်မှုကို ကျွန်တော် နဲနဲတောင် ဂုဏ်ယူချင်လာမိသလိုပါပဲ။ ကိုသားကြီးနဲ့ ၀က်ကလေးကို ကျေးဇူးတင်ပါတယ်။ ကိုဂျီးရန်ကုန်လဲ ပါတယ်နော်။ နောက် စီပုံးကနေ သတိတရ မေးဖော်ရတဲ့ ဒေါ်လေးလွင်နဲ့ လူနည်းစုလေးကိုလဲ တကယ်ကို ကျေးဇူးတင်မိရတယ်။
သြော် ... ဂျစ်ကို ( အိုက်ခီလောက် ) ကတော့ ထူးပြီး ပြောစရာလိုတော့ဘူးထင်ပါ့။ =)

ဒီ ပိုစ့်ကို တက်ဂ်တဲ့ ဒေါ်လေးနင်း (နှင်းနဲ့မာယာ) ကတော့ ကျွန်တော့်ရဲ့ ပေါက်ကရ ချရေးမှုကို နှာခေါင်းမရှုံ့လောက်ဘူးထင်ပါရဲ့ဗျာ။
ကျွန်တော်လဲ ဆက်ပြီး ကိုလေးထက်အောင် (ဧရာဝတီသား) ကို ဒုက္ခပေးချင်ပါသေးတယ်။ =]
ရတယ်ဟုတ်။ )


Thursday, September 10, 2009

နာတာရှည်

ဖြစ်တည်ဆဲခဏတိုင်းမှာ
တငွေ့ငွေ့ အလံတော်တွေထူပါ ...၊
အပြီးသတ်ခြောက်သွေ့သွားတဲ့နောက်
........... "ကျိန်ဆိုတဲ့နှင်းဆီ" ......
အေးစက်စက် ရနံ့နဲ့ ထုံအီ
လွတ်မြောက်ဖို့အတွက်
ထာဝရအိပ်စက်ခြင်းမှတစ်ပါး .....။

မေ့လျော့ပစ်ဖို့ကို မေ့လျော့
အခမ်းနားဆုံး လက်တစ်ဆုပ်စာထဲ
သွေးစုပ်မျှော့တစ်ကောင်တွယ်သလို၊
အသေအချာကျူးတဲ့ ဒူးတစ်ဖက်ကြောင့်
ည .... ည ...
အိပ်ရမှာတောင် မသထာဘူး ...။

လိပ်ပြာပဲဖြစ်ဖြစ် ...
ဆည်းဆာပဲဖြစ်ဖြစ်...
အလင်းရင့်ရင့်တွေ တဒင်္ဂဖြန့်ခင်းဖို့
နှုတ်ခမ်းတော်ကို
နာကြားခွင့်ပြုပါ ...။

လင်းစက်ရာ

Sunday, August 30, 2009

ငွေ့ရည်ဖွဲ့ ပြတင်းတံခါးများ

တစ်စုံတရာတိုးဝှေ့ဖြတ်သန်းအသွား
ကျန်ရစ်ခဲ့တဲ့
ရနံ့တစ်စွန်းတစ်စကြောင့်
သွေးပျက်
ခြောက်အိပ်မက်တွေ တစ်နင့်တစ်ပိုးအစား
လရောင်တစ်ချို့တစ်ဝက်
လိုချင်ခဲ့မိတာ အမှန် ...။

တကူးတကမဟုတ်ခဲ့လည်း
တစ်ဦးတစ်ယောက်ကို
ရည်စူးပြီးတဲ့နောက်
တသီးတသန့် မျှော်လင့်ခြင်းတွေနဲ့
တယုတယ စိုက်ပျိုးမိခဲ့တာ အမှန်...။

မှော်စက်သင့်နေ့ရက်တွေကို
တစ်ခါတရံ တမ်းတ
တစ်ခါတစ်ခါ နာကျည်း
အလွမ်းအကြောင်းစကားလုံးတွေ
တမေ့တမောရေးဖြစ်ခဲ့ဖူးတာ အမှန်...။

ကံကြမ္မာရဲ့ လက်သည်းချွန်တွေကြား
စုတ်ပြဲသွားတဲ့ ဒိုင်ယာရီတစ်အုပ်ရဲ့
သိုသိပ်ခြင်း မျက်ရည်စက်တွေနဲ့
စုစည်းဖွဲ့တည်ထားတဲ့ တိမ်တိုက်တစ်ခုအဖြစ် ..
......... ( ကြယ်စင်လိုမင်းကို ) ..........
............. ( ငါက ) ...............
တမြတ်တနိုး ငေးကြည့်ရုံ .................
.................................................
.................................................။

လင်းစက်ရာ
၁၇၊၇၊၀၉

Friday, August 28, 2009

အဖြူရောင် ဆုံမှတ်တစ်ခု ..

သာသာယာယာရှိတဲ့နေ့တစ်နေ့မှာ ကျွန်တော် ( မမျှော်လင့်ဘဲ ) သူ့ကို ကောက်ရခဲ့တယ်။ သူ့နဲ့ဆုံဖြစ်ပုံက သိပ်တော့ကဗျာမဆန်ပါဘူး။ သာမန် သူလိုကိုယ်လို နှုတ်ဆက်ရုံပေါ့။

ဒါပေမယ့် တစ်ခု ထူးခြားခဲ့တာက သူဟာ အတော်ငြိမ်တယ်.. နောက် အတော်ကို အေးအေးဆေးဆေးနိုင်တယ်ဆိုတာကိုတော့ ကျွန်တော်သတိပြုမိခဲ့လိုက်တယ်။ ဒီလိုနဲ့တစ်စစ ကျွန်တော်တို့ ကြိုးတစ်စဆီ ဆန့်ထုတ်မိခဲ့ကြတယ်။

လွဲချော်ခြင်းများ

ယနေ့ နေသာ၏
ထီးမပါတဲ့ အပြန်လမ်းမှာ ရွှဲရွှဲစိုလို့ …
ယနေ့ မိုးအုံသည်
အနွေးထည် ထူထူနဲ့ ချွေးအပြိုင်းပြိုင်း … ။

အဲ့ဒီလိုနေ့တွေမှာပဲ
စိုစွတ်မည်ဟု ယုံကြည်ထားသူများက
ခြောက်သွေ့ကြတယ်
ခြောက်သွေ့မည်ဟု မျှော်လင့်ထားသူများက
စိုစွတ်ကြတယ်
အစစ်လို့ထင်တဲ့ အရာတွေမှာလည်း
အရောအနှောတွေတွေ့
ရင်တွင်းဖြစ်တွေကလည်း
အတ္တရနံ့တွေ လှိုင်လို့ ..
ဂုဏ်သရေရှိမျက်နှာဖုံးတွေအောက်က
စဉ်းလဲတဲ့အပြုံးတွေလည်းရှိ … ။

နားလည်မှုခြုံလွှာပါးလေးနဲ့
ရုန်းကန်နေရတဲ့လောက
အတိအကျသေချာတဲ့လွဲချော်ခြင်းတွေ
နေ့စဉ်မိုးလင်းလို့နေ့စဉ်မိုးချုပ်
တပ်မက်ခြင်း ထမင်းလုတ်အတွက်တော့
အပိုတွေမလုပ်စမ်းပါနဲ့ ..
ခံယူချက်တွေစူးရှလို့
အလွဲတွေနဲ့ အံဝင်နေတဲ့ကမ္ဘာမှာ
တစ်ယောက်ထဲ မတ်မတ်ထွက်ရပ်
ကျုပ်ဟာလည်း လွဲနေတဲ့ကောင်ပါပဲ ………… ။
မင်း

ကျွန်တော့်ရဲ့ ၂၂နှစ်ပြည့်မွေးနေ့အတွက် ကျွန်တော့်စိတ်ထဲရှိတဲ့သူငယ်ချင်းတွေထဲမှာ သူက ပထမဆုံးမှတ်မှတ်ရရ နှုတ်ဆက်ခြင်းနဲ့အတူ သူရေးတဲ့ကဗျာတစ်ပုဒ် ကျွန်တော်လက်ဆောင်ရခဲ့ဖူးတယ်။ တကယ်တော့ သူနဲ့ကျွန်တော့်အတွက် ဆက်သွယ်မှုပေါင်းကူးတံတားဟာ စာတွေနဲ့ ကဗျာတွေ သီချင်းတွေပဲ ဖြစ်တည်ခဲ့ကြတယ်။
ရပ်တည်မှုတိုင်းအတွက် အင်အားဟာ နူးညံ့မှုဆိုရင် သူ့ကိုသာ ကျွန်တော် လက်ညှိုးထိုးပြလိုက်ချင်ပါတယ်။

အစောပိုင်းကာလတွေဆီတုန်းက ကျွန်တော်သူ့ကို ခင်မင်ဖို့စိတ်ကူးတစ်စုံတရာ မရှိခဲ့ရိုးအမှန်ပါ။ သူကတော့ ကျွန်တော့်ကိုတွေ့တိုင်းနှုတ်ဆက်ဖော်ရခဲ့တယ်။ စာပေတွေအကြောင်း ဆွေးနွေးဖော်ရခဲ့တယ်။ သူရေးခဲ့တဲ့ စာမူတစ်ပုဒ်ကို ကျွန်တော့်ကိုပေးဖတ်ခဲ့တယ်။
( အဲ့စာမူကိုတောင် ကျွန်တော်မေးလ်ကနေ ဖောဝက်လုပ်ပြီး ရှဲလိုက်ပါသေးတယ်။ လင်္ကာဒီပချစ်သူကို ခံစားပြီး သူရေးထားခဲ့တဲ့ စာမူလေ။ သိပ်ကောင်းတယ်။ )


နောက်တော့ သူက သူရေးထားတဲ့ကဗျာလေးတွေ ကျွန်တော့်ကို ပေးဖတ်လာတယ်။ သူရေးတဲ့ကဗျာတိုင်းဟာ နူးညံ့မှုရဲ့ အင်အားတစ်ချို့စီးဝင်လို့။

လူတိုင်းမှာ ဘုရားသခင်ပေးထားတဲ့ ဆုတစ်ခုရှိတယ်။ အဲ့ဒါက ချစ်ခွင့် ပဲလေ။ လူတိုင်းက ဘ၀ မှာ တစ်ကြိမ်တော့ မြတ်မြတ်နိုးနိုးချစ်ခွင့် .. ကျရှုံးခွင့် ရှိတယ်ဟ.. ဒါပေမယ့် အဲ့ဒါကိုလူတိုင်း လက်မခံနိုင်ကြဘူး.. တစ်ချို့ကလဲ အဲ့ဒီအချိန်ကို မစောင့်နိုင်ကြဘူး.. အဲ့ဒါက အရမ်းတန်ဖိုးရှိတယ်.. ငါလဲတစ်ယောက်ယောက်ကို အဲ့လိုမျိုး ချစ်ဖူးချင်တယ်.. အတုအယောင်တွေ ရင်ထဲကမပါပဲနဲ့လုပ်ရတဲ့ ကိစ္စတွေကို ငါစိတ်မပါဘူး.... သိလား

ကျွန်တော်က နင်ဘာလို့ ရည်းစားမရှိရတာလဲ .. နင့်သူငယ်ချင်းတွေမှာတော့ ရည်းစားကိုယ်စီနဲ့ လို့ ပြောမိတော့ သူပြန်ပြောခဲ့တဲ့မှတ်မှတ်ရရ စကားလေးတစ်ခွန်းပါ။ ကျွန်တော် အံ့သြတကြီးနဲ့ ကြည့်မိခဲ့ရတယ်။
သူ့ဘေးမှာ လေပြည်တို့ ကောင်းချီးပေးနေမလားမသိ။ သေချာတာကတော့ ကောင်းကင်ဘုံရဲ့ လက်ခုပ်သံကို ကျွန်တော်တစ်စွန်းတစ်စ ကြားလိုက်မိတယ် .. သူ့အတွက်ပါ။

စကားပုံတစ်ခုတော့ မဟုတ်ဘူးဟ..
ငါပြောပြမယ်သိလား
လူတိုင်းဟာ ၂၄ လုံးလုံး မရိုးသားနိုင်ကြဘူး.. လို့ငါထင်တယ်.. ဘုရားက လွဲလို့ပေါ့
အဲ့ဒါကြောင့် ၁ စက္ကန့်ဖြစ်ဖြစ် .. အခိုက်အတန့်လေးတစ်ခုဖြစ်ဖြစ် ရိုးသားခြင်းနဲ့ သန့်ရှင်းနေရတာလေးကို ငါတန်ဖိုးထားတတ်လာတယ် ..ငါအရင်ကအဲ့လို မတွေးတတ်ဘူးဟ ... ဘာမှ မဟုတ်ပါဘူး
စိတ်ထဲမှာ ပေါ်လာလို့ပြောတာ

ကျွန်တော်တို့ ညတိုင်းနီးပါး စကားစမြည်ပြောတတ်ခဲ့ကြဖူးပါတယ်။ ကျွန်တော်ကို အိပ်မအိပ် ၀င်ချောင်းတတ်ပြီး ကျွန်တော် အိပ်နေတယ်ဆို တိတ်တိတ်လေး ပြန်ထွက်သွားတတ်တဲ့သူ့ကို ကျွန်တော် အတော်ကို ခင်တွယ်မိခဲ့တယ်။ စကားပြောရင် အေးအေးဆေးဆေး သိမ်သိမ်မွေ့မွေ့နဲ့ ပြောတတ်တဲ့ သူ့ကို ကျွန်တော့်သူငယ်ချင်းအဖြစ် ကျွန်တော်ကောက်ရခဲ့တာကို ကျွန်တော် ကျေးဇူးတင်မိတယ်။

ကျွန်တော့်ဓါတ်ပုံကို ကြည့်ပြီး မှတ်မှတ်ရရ ပိုးတုံးလုံးနဲ့ တူတယ်လို့ မှတ်ချက်ချခဲ့ဖူးတဲ့ သူဟာ ကျွန်တော့်ရှေ့မှာ အလံဖြူတစ်လက်လို အရောင်စွန်းထင်းမှုကင်းတဲ့ ငြိမ်းချမ်းရေးသင်္ကေတအဖြစ် ရပ်တည်နေခဲ့တယ်။
ကျွန်တော့်ကို ပိုးလို့ ခေါ်တဲ့သူဟာ သူကိုယ်တိုင်ကတော့ အဖြူရောင်တစ်ခုရဲ့ ကိုယ်စားလှယ်ဖြစ်နေပြန်ပါတယ်။

သူနဲ့ကျွန်တော် စကားပြောလိုက်တိုင်းမှာ မမြင်နိုင်တဲ့ စိမ့်ဝင်မှုအင်အားတစ်ခု စီးဆင်းနေတယ်လို့ ကျွန်တော် အမြဲလို ခံစားနေရတတ်ခဲ့တယ်။ သူ့ကိုကြည့်ရတာ .. သူနဲ့ စကားပြောရတာ ကျွန်တော့်အတွက်တော့ အေးဆေးတဲ့ မှန်သားပြင်ကို ကြည့်နေပြောနေရတာနဲ့ တူနေသလိုပါပဲ။ သူ့ဆီမှာ ငြိမ်းအေးမှုတစ်ချို့ ပျော်ဝင်နေတယ်ဆိုတာ ကျွန်တော်လက်ခံလာရတယ်။

ကျွန်တော့်ဆီကို သူကိုယ်တိုင် ဂစ်တာတီးပြီး ဆိုထားတဲ့သီချင်းတစ်ချို့ ပို့ပြီးချိန်မှာတော့ ကျွန်တော့်အံ့သြမှုက အတိုင်းအဆမရှိ ဖြစ်တည်ခဲ့တယ်။
မင်း .. နင့်လို တိုက်ခိုက်ရေးကျောင်းဆင်း တိုက်ခိုက်ရေးသမားတစ်ယောက်မှာ ဒီလို ခံစားမှုမျိုးတွေရှိနေတာ ငါသိပ်အံ့သြတယ် လို့တောင် ပြောမိရတဲ့အထိပါပဲ။
သူက အသံကောင်းသလို အဆိုလဲ ပိုင်နိုင်တယ်။ ဂစ်တာတီးလဲ ကျွမ်းကျင်မှုရှိတယ်။
ကျွန်တော်ထင်မြင်ယူဆထားတာက တိုက်ခိုက်ရေးကျောင်းဆင်း တိုက်ခိုက်ရေးသမားတွေဟာ နူးညံ့တဲ့စိတ်ထား မရှိနိုင်ကြဘူးလို့လေ။
( ကျွန်တော်တင်မဟုတ်ပါဘူး။ ခုလူတော်တော်များများလဲ အဲ့လိုပဲ လက်ခံထားကြပါတယ်။ ဒါကို အိမ်တိုင်းလိုလိုမှာ တွေ့နိုင်ပါတယ်။ ကျွန်တော်ပြောတဲ့ တိုက်ခိုက်ရေးသမားဆိုတာ စစ်သားကို ဆိုလိုတာပါ။ )
ဒါပေမယ့် သူနဲ့အတွေ့မှာ ကျွန်တော့်အတွေးတွေက ဓါးထက်ထက်နဲ့ အခုတ်ခံရသလိုပါပဲ။ ပြတ်တောက်သွားခဲ့ဖူးတယ်။

ငါ့မှာသာ နင့်လိုညီမရှိရင် ငါစိတ်ချမ်းသာရမယ့် အီးမေးလ်မျိုး ငါလဲရမှာနော် လို့ ပြောတတ်ခဲ့တဲ့ ကျွန်တော့်သူငယ်ချင်း သူ့ကို ကျွန်တော့်အကိုတစ်ယောက်ဖြစ်လာဖို့ ကျွန်တော်တိတ်တိတ်လေး မျှော်လင့်ခဲ့မိဖူးတယ်။

အင်းး..
ငါ ဒီလိုပြောမယ်ဟ.. ဘုရားကို ...
အချိန်တိုင်းအတွက်... ရိုးသားသန့်ရှင်းတဲ့ စိတ်အသိဥာဏ် တစ်စုံလောက် ငါ့ကို ပေးပါလို့.. ငါတစ်ဘ၀လုံး အဲ့ဒီစိတ်နဲ့ ပဲ အသက်ရှင်သွားချင်လို့ ....
ကျန်တာတွေကတော့ ဖြစ်ရင်လည်း ဖြစ်မယ်
မဖြစ်ရင်လည်း မဖြစ်ဘူးပေါ့ဟာ..
ကောင်းတာနဲ့ ဆိုးတာနဲ့ တွဲနေတဲ့လောကကြီးမှာ ကောင်းတာတွေပဲမလိုချင်သလို .. ဆိုးတာတွေကြီးပဲလဲ မလိုချင်ဘူးလေ
ဘယ်သူတွေကောင်းကောင်း မကောင်းကောင်း ဘာတွေဘယ်လိုဖြစ်ဖြစ် ငါ့စိတ်က အရာအားလုံးအတွက် ဖြူဖြူစင်စင်ပဲနေနိုင်ရင် အရမ်းကောင်းမှာ..
ငါ အဲ့ဒီလိုမှ မလုပ်နိုင်သေးတာ
အဲ့ဒါကြောင့် ငါ့ကို အဲ့ဒီအရာပေးပါလို့...
လူတွေအားလုံးက စိတ်ကြောင့် ပျော်ရွှင်နေကြသလို.. စိတ်ကြောင့်ပဲ ဒုက္ခတွေ အဆင်မပြေတာတွေနဲ့တွေ့နေကြရတာလေ..
လူတိုင်းကိုယ်စီ ကိုယ့်စိတ်ကို တတ်နိုင်သလောက် ဖြူစင်နိုင်မယ်ဆိုရင် ..
အောင်မြင်ခြင်း ကျဆုံးခြင်းတွေကလည်း အဓိကမကျပါဘူးဟာ.. ခုန ငါတောင်းတဲ့ဆုသာ ပြည့်မယ်ဆို.. ငါ အသက်ရှင်နေသမျှ ငြိမ်းချမ်းနေမှာ..
အသက်ရှင်ခြင်းရဲ့ ဟိုဘက်ကို ရောက်သွားရင်လည်း .. အဆင်ပြေမယ်လို့ ငါထင်တယ်
ငါတောင်းတဲ့ဆုက နည်းနည်းများသလိုတော့ ဖြစ်မှာပေါ့ဟာ.. ဒါပေမယ့် ဘုရားဆီမှာ တောင်းရတဲ့ဆုဆိုတော့.. ငါတစ်ကယ်လိုချင်နေတာကိုပဲတောင်းရမှာပေါ့..
ငွေတွေ.. အောင်မြင်ခြင်းတွေ.. ခမ်းနားခြင်းတွေ.. ဂုဏ်အရှိန်ဝါတွေ .. ပျော်ရွှင်မှုနဲ့ ချစ်ခြင်းတရားတွေအတွက် တောင်းတဲ့ဆုဆိုရင်လည်း ဘုရားက ပေးမှာပဲ..
ဒါပေမယ့် ..
အဲ့ဒါတွေကို ဘုရားကတစ်ကယ်ပေးလဲ ငါရတယ်လို့ မထင်ဘူး..
ဘာဖြစ်လို့လဲ ဆိုတော့.. အဲ့ဒါတွေက ငါ့ရဲ့ အပြင်ဘက်မှာလေ
ငါတစ်ကယ်မှ မပိုင်တာ.. ဘုရားပေးလဲ ငါတစ်ကယ်မပိုင်တော့ ရလဲ ခဏပေါ့ဟာ..
အဲ့ဒါကြောင့် ငါ့ရဲ့ အပြင်ဘက်မှာ မဟုတ်တဲ့ အတွင်းက စိတ်အသိဥာဏ် အဆင့်မြင့်ဖို့ပဲ ငါလိုချင်တာဟ..

ကျွန်တော်က မွေးနေ့မတိုင်ခင်ညမှာ ဘုရားက ဆုတစ်ခုကိုတောင်းဖို့ အမြဲခွင့်ပြုကြောင်းနဲ့ အဲ့ဆုကို ဘုရားက အပြည့်အ၀ပေးမှာဖြစ်တဲ့အကြောင်း ပြောမိတော့ သူက ကျွန်တော့်ကို ပြန်ပြောခဲ့တဲ့စကားစုလေးဟာ ကျွန်တော့်အတွက်တော့ အလင်းတန်းတစ်ခု ဖြာကျလာသလိုပါပဲ။ ကျွန်တော့်သူငယ်ချင်း သူ့ကို ကျွန်တော် ပိုတန်ဖိုးထားလာမိခဲ့တယ်။
ပြီးတော့ ကျွန်တော် သူနဲ့စကားပြောရတာ သိပ်စိတ်ချမ်းသာရသလို ခံစားလာရတယ်။ သူဟာ လရဲ့ ဆွဲငင်အားနဲ့များ ရပ်တည်နေရော့သလားလေ ...။

နင့်မွေးနေ့ ဘာလိုချင်လဲ မင်း လို့ ကျွန်တော်က မေးဖြစ်ခဲ့တော့

နင်အဲလိုမေးတာထဲက ငါဘာမှ မလိုချင်တော့ဘူး..
ငါ နောက်ပြောတာ မဟုတ်ဘူး
သေသေချာချာစဉ်းစားပြီးမှ ပြောတာ
ဘာဖြစ်လို့လဲသိလား
နင်အဲလို မေးထဲက နင့်ဆီက တစ်ခုခု ရပြီးပြီလို့ ငါခံစားရလို့ပေါ့...
ငါ့ကို အဲ့လိုမေးမယ့်သူတစ်ယောက်မှ မရှိဘူး...
ငါ့မွေးနေ့မှန်း မှတ်မိတဲ့သူတောင် မရှိပါဘူးဟ.. ငါ့မေမေက လွဲလို့ပေါ့..

ကျွန်တော်စိတ်ထဲမှာ တစ်စုံတစ်ခု ပါးပါးလေး စီးဆင်းသွားခဲ့ဖူးတယ်။ အဲ့ဒီ ပါးပါးလေးမှာ ကျွန်တော့်ရဲ့ ခင်မင်မှုနဲ့ တန်ဖိုးထားမှု အနက်ရှိုင်းဆုံး ပါဝင်နေခဲ့တယ်။ ကျွန်တော့်ကို ဒီလိုသူငယ်ချင်းတစ်ယောက်ကို လက်ဆောင်ပေးခဲ့လို့ ဘုရားကို ပိုပြီးကျေးဇူးတင်ခဲ့မိတယ်။

သေချာတာတစ်ခုကတော့ ငါဟာ လွန်ခဲ့တဲ့ ၂၃ နှစ်လောက်က လောကထဲကို ရောက်လာတာပါလားလို့ သတိရပြီး.. အဖေ နဲ့ အမေတို့ ကို ကျေးဇူးတင်မိမှာပဲ..ဟ
အဲ့ဒါက ပထမဆုံးလေ..
နောက်ပိုင်း အဲ့ဒီတစ်နေ့လုံး .. ကောင်းမယ်ထင်တာတွေ ငါလုပ်မယ်..
နင်ပြောတာတွေလဲ လုပ်မယ်..
အဲ့ဒီနေ့မနက်မှာ နင်ပြောသလိုဆုတောင်းမယ်..
ပြီးရင် ဆုတောင်းပြည့်တယ်လို့ ငါ့ကိုယ်ငါ သဘောထားပြီ.. တစ်နေ့လုံး.. ငါ အရိုးသားဆုံးဖြစ်အောင်နေမယ်..
ငါ့စိတ်ကို အသန့်ရှင်းဆုံးဖြစ်အောင် ထားမယ်လေ ..

နံနက်ဖြန် နင်ဘာလုပ်မလဲ မင်း လို့ ကျွန်တော်မှတ်မှတ်ရရမေးခဲ့မိတော့ သူကျွန်တော့်ကို ဖြေပေးခဲ့တဲ့ အဖြေဟာ သိပ်ကို ပြည့်စုံပါတယ်။ ပြီးတော့ ကြည်လင်မှုကိုလဲ ကျွန်တော်ခံစားလိုက်ရတယ်။ ကျွန်တော့်သူငယ်ချင်းဟာ သိုးဖြူလေးတစ်ကောင်ကို ကိုယ်စားပြုနေတယ်လို့ ကျွန်တော် မှတ်ချက်ချလိုက်မိတယ်ဆိုရင် လွန်မယ်မထင်ပါဘူး။

ခုတော့လဲလေ .. ကျွန်တော်ခင်မင် တန်ဖိုးထားရတဲ့ ကျွန်တော့်သူငယ်ချင်း မင်း (မင်းအောင်ခိုင်) ရဲ့ ၂၃နှစ်ပြည့် မွေးနေ့ကျရောက်လို့လာခဲ့ပါပြီ။ လူတိုင်းကို ဘုရားက ဖန်ဆင်းတယ်ဆိုရင် .. (ကျွန်တော့်ရဲ့ သူငယ်ချင်း) သူ့ကို ဖန်ဆင်းထားခဲ့တဲ့ ဘုရားကို ကျွန်တော်သိပ်ကျေးဇူးတင်ပါတယ်။ သူဟာ ကျွန်တော့်အတွက် ငြိမ်းချမ်းခြင်းသင်္ကေတ ဖြစ်နေခဲ့လိုပါ။

မွေးနေ့မှာ ပျော်ရွှင်ပါစေ မင်း ... အရာအားလုံးကိုယ်စား ငါ လှိုက်လှဲစွာ ဆန္ဒပြုလိုက်ပါတယ်။
နင်ပျော်ရွှင်စေဖို့ ...