အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Monday, June 29, 2009

သဂြိုလ်ခြင်း



မှောင်မိုက်နေတဲ့ ညယံအလယ်
ကျဉ်းမြောင်းတဲ့ အခန်းငယ်လေးထဲက
ငါ ...။

အိပ်မက်တို့ ပြိုကျ
ဗလောင်ဆူနေတဲ့ ရင်ခွင်တစ်စုံ
နက်ရှိုင်းတဲ့ တံခါးတစ်ချပ်
ဝုန်းဒိုင်းရိုက်ခတ်
ငါ... ကူကယ်ရာမဲ့နေတယ်
နင် ဘယ်မှာလဲ ချစ်သူ။

နာကျင်တဲ့ ရင်အစုံနဲ့
ဒီမြို့ဟောင်းကို ငါဝင်လိုက်တယ်။

စုတ်ပြတ်သတ်နေတာပဲ
နောင်တဆိုတာ မရှိချင်ဘူး။
ငါ့ကို ပြန်မပြောပြပါနဲ့လားဟာ
ဓါးနဲ့သာ ထိုးလိုက်ပါ
ဒီရင်ကို ဖွင့်ပေးထားပြီးပြီပဲ။

သွေးစက်စက်ကျနေတဲ့
နှလုံးသားကိုမှ
ထပ်ပြီး မွှန်းနေတဲ့ ဒီစကားသံတွေ
ခပ်ဝေးဝေးကို ထွက်သွားစမ်းပါ
မှောင်မိုက်ခြင်းအကွယ်ကနေ
ငါ .. နောင်တနဲ့ ရှင်သန်နေရပြီရော။

ရင်တွင်းမီးစတို့
တမြေ့မြေ့လောင်ကျွမ်း
ခပ်ပြင်းပြင်းခါလိုက်တဲ့ ဆံပင်တစ်ချို့
လေထဲကို လွင့်ပျံ။

တစ်ရှိုက်မက်မက် မြိုချလိုက်မိတဲ့
ခါးသက်လွန်းတဲ့ ကော်ဖီတစ်ခွက်ရဲ့ အရသာ
လည်ချောင်းထဲမှာ စူးရှနေတယ်
လျှာဖျားတို့ အဆိပ်သင့်ကုန်ပြီ။

မရည်ရွယ်ခဲ့ပါဘူး ချစ်သူ
မနာကျင်စေချင်ခဲ့မိပါဘူး
နင့်စကားတစ်ခွန်းနဲ့တင်
အရာအားလုံးကို လက်မြှောက်အရှုံးပေးလိုက်တယ်။

ငါ့နေ့ရက်တွေ ... သေဆုံး ...။

အဲ့ဒီကတည်းက
ငါ့အတွက် မှတ်တိုင်တစ်ခု
ဘ၀ရဲ့ အုတ်ဂူတွေကြားမှာ
ယိုင်နဲ့နဲ့ အခြေစိုက်လို့ ...

ငါ့ ဈာပနကို ငါ့ဟာငါ
ချလိုက်တယ် ..
နင် .. မြင်နိုင်စေ...။

( ကျွန်တော် စိတ်ကူးပေါက်လို့ မော်ဒန်ကဗျာ တစ်ပုဒ်ကို ကောက်ရေးလိုက်မိတယ်ဗျာ။
ခင်ဗျား ဖတ်ပြီး ခံစားရတာ ဘယ်လိုနေမယ်တော့မသိဘူးနော်။ ကျွန်တော်က သိတဲ့အတိုင်းပဲ။ မော်ဒန်ကဗျာ သိပ်မရေးတတ်သေးလို့ပါ။
ခံစားလို့မရရင်တော့ ခွင့်လွှတ်ပါဗျာ။ အဟဲ။ =) )

Tuesday, June 23, 2009

ထိုသောညမှာ ...

ဒီနေ့ ကျွန်တော့်ချစ်သူလေးက ကျွန်တော့်ကို အဖြေပေးမယ်လို့ ပြောထားတယ်ဗျ။
ကျွန်တော့်ချစ်သူလေးကို ကျွန်တော်ချစ်ခွင့်ပန်ခဲ့ရတာ ၃နှစ်တောင်ကြာခဲ့ပြီပဲ။ ပြီးတော့ ထူးထူးခြားခြား ဒီနေ့က ကျွန်တော့်မွေးနေ့။ ဒီနေ့လိုနေ့မျိုးမှာမှ ချစ်သူလေးဆီကလဲ
အဖြေရမယ်ဆိုတော့ ထူးခြားတဲ့နေ့တစ်နေ့အဖြစ် ကျွန်တော်သတ်မှတ်လိုက်မိသည်။
ကျွန်တော်သိတယ်လေ။ ကျွန်တော့်လို ချောမောလှပတဲ့ ရုပ်ရည်ပိုင်ရှင်ကို ဘယ်မိန်းကလေးကများ ငြင်းမှာလဲနော်။
ကျွန်တော်က သူ့ကို သိပ်ချစ်လွန်းလို့သာ သူ ကျွန်တော့်ကို ကြိုးရှည်ရှည်နဲ့ ဆွဲသမျှ ငြိမ်ခံနေခဲ့ရတာ
သုံးနှစ်တောင် ကြာသွားတယ်။ ကျွန်တော်ထင်ပါတယ်။ မိန်းကလေးဆိုတော့ မူမှာပေါ့။ ဒါတွေက ကိစ္စမရှိပါဘူး။
အဓိက က ချစ်သူလေးကို ချစ်ရဖို့မဟုတ်လား။

မေမေနှင့် ဖေဖေ့ကို ကန်တော့ပြီးပြီမို့ ရေမိုးချိုး ရှယ်ရွှိုင်းလိုက်သည်။
ပျော့ပျောင်းတဲ့ ဆံပင်တွေကို LAMCOME ဆံပင်လိမ်းဆီလေးနဲ့ သေချာလိမ်း၊ မျက်နှာကို
CHRISTIAN DIOR Milk Lotion လေးနဲ့ နေပူထဲသွားရမှာမို့ ပါးပါးလူးလိုက်သည်။
ပြီးတော့ ပေါ့ပေါ့ပါးပါးဖြစ်အောင် HUGO BOSS အကျီနဲ့ ဘောင်းဘီ၊ ခါးပတ်ကိုတော့ ကျွန်တော့်အကြိုက် LACOST ခါးပတ်ကိုပတ်။ ဖိနပ်ကိုလဲ ကျွန်တော်အကြိုက်ဆုံး LACOST ကိုပဲ ရွေးပလိုက်သည်။

GIVENCHY ရေမွှေးကို တစ်ကိုယ်လုံး သေချာဆွတ်၊ RADO နာရီကိုပတ်၊ HARMES' လက်စွပ်လေးကို ဘယ်ဘက်လက်သူကြွယ်မှာစွပ်၊ DANIEL SWAROVSKI ဆွဲကြိုးလေး လည်ပင်းမှာဆွဲလိုက်တော့ ကျွန်တော့်ပုံစံက လိုလေသေးမရှိ။ ကျွန်တော်ကိုင်နေကျ MONT BLANC သားရေပိုက်ဆံအိတ်လေးကို ယူ၊
PORCHE DESIGN နေကာမျက်မှန်ကို ခေါင်းပေါ်မှာတင် ESCADA ဦးထုပ်လေးကိုဆွဲပြီး ကျွန်တော်အခန်းထဲမှ ထွက်လိုက်သည်။ ကျွန်တော်တံခါးဝရောက်မှ မေမေက ကျွန်တော့် PORCHE DESIGN လက်ကိုင်ဖုန်းလေးနှင့် PORCHE Car သော့လေး ယူလာပေးသည်။ ဟုတ်တာပေါ့။ ကျွန်တော်က စိတ်စောနေတာနဲ့ မေ့သွားတော့တာ။ ကျွန်တော်က PORCHE DESIGN အသဲစွဲဆိုတော့ မျက်မှန်တို့ ဘောပင်တို့ ဖုန်းတို့ ကားတို့က အစ PORCHE DESIGN ကိုပဲ သုံးဖြစ်ခဲ့တာလေ။

ဒီလိုနဲ့ ချစ်သူလေးဆီရောက်တော့ ရွှေမျက်နှာတော်လေးက နှင်းဆီဖူးငုံလေးလို ဆူပုပ်ပုပ်။ နောက်ကျတယ်ဆိုပြီး လက်ကနာရီကို ကြည့်လို့ ပြောလာတဲ့ အိသဲမွန် ဆိုတဲ့ ချစ်သူလေးကို ကျွန်တော်တစ်ချက် ပါးဆွဲ လိမ်ပစ်လိုက်မိသည်။
ချစ်လိုက်ရတာဗျာ။
ဒီလိုရာသီဥတုသာယာနေပုံထောက်တော့ ကျွန်တော့်အတွက် ဂုဏ်ထူးနဲ့အောင်တယ်ဆိုတာ သွားကြည့်စရာတောင်မလို။ သေချာနေပေပြီ။
ကျွန်တော် ချစ်သူ၏လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။ အဟိ။ နူးညံ့လိုက်သည့်ဖြစ်ခြင်း။

"ဇော်၊ ချစ်သူတွေဖြစ်တဲ့အထိမ်းအမှတ်နဲ့ သဲကို ကာတီးယားစိန်တိုက်မှာ စိန်တစ်ဆင်စာ ၀ယ်ပေးကွာ။ နော်။ "

ချွဲနွဲ့စွာ ပြောလာတဲ့ ချစ်သူလေးအတွက် ကျွန်တော့်ဆီမှာ ငွေက အဆင်သင့်။ ကားကို ကာတီးယားစိန်တိုက်သို့ မောင်းပစ်လိုက်သည်။ ထို့နောက် အကောင်းဆုံး ရတီအပြည့် စိန်တစ်ဆင်စာကို ချစ်သူလေးအတွက် ၀ယ်ပေးလိုက်သည်။
( ကျွန်တော့်အတွက် ဒီလောက်ကတော့ ပါးပါးလေးပါဗျ။ ဟဲဟဲ။ )
( ထက်ထက်မိုးဦးရဲ့ ပြုံးစိစိနဲ့ ကာတီးယားစိန်တိုက်မှာလာဝယ်နော် ဆိုတဲ့ မျက်နှာကိုတောင် မြင်ယောင်လိုက်မိသေး။ ဒါပေမယ့် ချစ်သူ့မျက်နှာ ပြုံးဖြီးဖြီးက ပိုကြည့်ကောင်းပါတယ်လေ။ )

ကျွန်တော်တို့ နေ့လည်စာကို ကုန်သည်ကြီးများ ဟော်တယ် ( TRADERS HOTEL ) မှာ သီးသန့်ခန်းဖြင့် စားလိုက်ကြသည်။ ထို့နောက် HITACHI အပေါ်ဆုံး အထပ်နှစ်ဆယ်တွင်ရှိသော သီရိပစ္စယာစကိုင်းတွင် ရန်ကုန်မြို့အလှကို ရှုစားရင်း ကော်ဖီသောက်ကြသည်။ တစ်ဆိုင်လုံးကို အပြတ်ငှားပလိုက်သည်မို့ တီးဝိုင်းကအစ အလွန်ငြိမ့်ညောင်းနေလေသည်။ ရန်ကုန်မြို့ရဲ့ အမြင့်ဆုံး HITACHI အပေါ်ဆုံးထပ်မှာရှိတာမို့လဲ အပေါ်စီးမှာမြင်နေရသော ရန်ကုန်မြို့သည် လှချင်တိုင်းလှနေလေသည်။

" သဲ၊ ဇော့်ကို မွေးနေ့လက်ဆောင် ဘာပေးမှာလဲဟင်။ "

" ဇော်ရယ်၊ သဲက ဇော့်လို ချမ်းသာတာမဟုတ်တော့ တန်ဖိုးကြီးကြီး မပေးနိုင်ပါဘူး။ ဒါပေမယ့် သဲပေးမယ့်အရာက သဲအတွက်တော့ တကယ်ကို တန်ဖိုးကြီးပါတယ်လေ။ "

" အာ၊ သဲရာ။ ဇော်က သဲဘာပေးပေး တန်ဖိုးထားပြီးသားပါဗျာ။ အဓိက က သဲက အမှတ်တရပေးဖို့ပဲမဟုတ်လားလေ။ နော်။ "

" အင်း၊ ဒါဆို သဲပေးမယ်လေ။ ဇော်က မျက်စိမှိတ်ထား။ အိုကေ။ "

ကျွန်တော်သိလိုက်ပြီ။ ချစ်သူလေး ကျွန်တော့်ကို နမ်းတော့မည်ဟု။
အဟိ။ ရင်ခုန်လိုက်တာဗျာ။ ချစ်သူရဲ့ နှုတ်ခမ်းဖူးဖူးလေးက ကျွန်တော့်မျက်နှာရဲ့
ဘယ်အစိတ်အပိုင်းကို လာထိမှာပါလိမ့်နော်။
လေပြည်ညှင်းတို့ သွဲ့သွဲ့ရယ်မောသွားကြသည်။ ညနေခင်းက ကောင်းချီးပေးလေပြီ။

ထိုသို့ဖြင့် ချစ်သူလေး ကျွန်တော့်ကို နမ်းတော့မည်။ နမ်း ............. တော့ ................မည် ..............။

.......................... ။ .................................. ။

ဝုန်း ... ဒုန်း ... ဒုန်း ...

" အား ။"

တင်ပါးဆီမှ နာကျင်သောခံစားချက်နဲ့အတူ ကျွန်တော် လန့်နိုးလာသည်။ လက်ဆက်သတ်တော့ ကုတင်ပေါ်မှ ကျွန်တော်ပြုတ်ကျခြင်းပေကိုး။

" ဟာကွာ။ ကျွတ်။ ကောင်းခန်းရောက်မှများ။ "

စိတ်တိုစွာနဲ့ နာနေသော တင်ပါးကိုပွတ်ရင်း နာရီကို ယူပြီး ကြည့်လိုက်တော့ နံနက် ၅နာရီ။

ဟိုက်..။ အလုပ်နောက်ကျပြီဗျ။ အီး ....။

Wednesday, June 17, 2009

ကွက်လပ် .. ဖြည့်ပါ ...။

လူရယ်လို့ဖြစ်လာရင် လူသားတိုင်းမှာ မျိုးနွယ်အဖြစ် ဘိုးဘွားဘီဘင်ဆိုတာ ရှိတတ်ကြစမြဲပါ။ ဒါဟာလဲ လောကနိယာမ တစ်ခုပဲ ထင်ပါရဲ့။
လောကမှာ လူသားအဖြစ် မွေးဖွားလာတဲ့အချိန် အဖိုးအဖွားမရှိတဲ့သူရယ်လို့ မရှိခဲ့ပါဘူး။ လူတိုင်းမှာ အမှတ်တရ အနေနဲ့ပဲဖြစ်ဖြစ်၊ အမှတ်တမဲ့အနေနဲ့ပဲ ဖြစ်ဖြစ် အဖိုးအဖွားဆိုတဲ့ ဝေါဟာရကို ထိတွေ့ခဲ့ကြဖူးပါတယ်။ နောက် အဲ့ဒီ ဝေါဟာရတွေနဲ့ ပတ်သတ်နေတဲ့ လူသားတွေနဲ့လဲ ဆက်ဆံခဲ့ကြဖူးပါတယ်။
တန်ဖိုးထားတာခြင်းသာ ကွာခြားကောင်း ကွာခြားနိုင်ပေမယ့် အဖိုးအဖွားဆိုတာ လူတိုင်းမှာ ရှိခဲ့ကြဖူးပါတယ်။
အဲ့ဒီထဲမှာ ကျွန်တော်လဲ တစ်ယောက်အပါအ၀င် ဖြစ်တယ်ဆိုတာ ... ။


မြန်မာသက္ကရာဇ် ၁၃၄၉ ခုနှစ်၊ ၀ါဆိုလဆုတ် ၁၂ရက်၊ ၁၉၈၇ ခုနှစ် ဂျူလိုင်လ ၂၂ရက် ဗုဒ္ဒဟူးနေ့ ညနေ၄နာရီနဲ့ ၂၀မိနစ် ..
မိုးတွေ သည်းထန်စွာ ရွာသွန်းနေတဲ့အချိန် ..
လူ့လောကထဲကို ကျွန်တော်ဆိုတဲ့ လူသားတစ်ဦး ရှင်သန်ဖို့ရာ ၀င်ရောက်လာခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်တော်နဲ့ ပတ်သတ်တဲ့
သမိုင်းစာမျက်နှာ စတင်ပါတော့တယ်။
လူသားတိုင်းမှာ ကိုယ်တိုင်ရေး သမိုင်းကိုယ်စီရှိတတ်ကြပါတယ်။ ကိုယ့်သမိုင်း ကိုယ်ရေးတယ်ဆိုတဲ့ စကားဟာ မွေးဖွားတဲ့အချိန်ကနေ စတင်တယ်လို့ ကျွန်တော်ကတော့ ယူဆမိတယ်။ အဲ့ဒီ သမိုင်းစာမျက်နှာတိုင်းရဲ့ မျက်နှာပြင်ပေါ်မှာ ကိုယ်နဲ့ပတ်သတ်တဲ့သူတိုင်းရဲ့ ကဏ္ဌတစ်ခုဆီ ပါဝင်နေမယ်ဆိုတာ မလွဲပါဘူးလေ။
ကျွန်တော့်ဘ၀ရဲ့ အစောပိုင်း စာမျက်နှာတစ်ချို့မှာတော့ ကျွန်တော့်အတွက် မရှိမဖြစ်အရေးပါခဲ့တဲ့ သူနှစ်ယောက်ရှိခဲ့ဖူးပါတယ်။ အဲ့ဒါကတော့ ...


ကျွန်တော့်ကို မွေးဖွားတဲ့နေ့က စပြီး ကျွန်တော့်မေမေက ကျွန်တော့်ကို သိပ်ဂရုမစိုက်ခဲ့ပါဘူး။ ဒါပေမယ့် သူမ ကျွန်တော့်ကို ချစ်တယ်ဆိုတာတော့ ကျွန်တော်ယုံကြည်ပါတယ်။ ဖေဖေက အလုပ်တစ်ဖက် မေမေကလဲ အလုပ်တစ်ဖက်နဲ့ဆိုတော့ မိဘတွေနဲ့ ကျွန်တော် မရင်းနှီးခဲ့ဘူး။
အဲ့ဒီအချိန်မှာ ကျွန်တော့်အတွက် အားကိုးရာက မေမေ့ရဲ့ အဖေနဲ့အမေဖြစ်တဲ့ ကျွန်တော့်ရဲ့ အဖိုးအဖွားကသာ ကျွန်တော့်နဲ့ အနီးကပ်ဆုံးမှာ ရှိနေခဲ့တာပါ။

ကျွန်တော့်ရဲ့ အရာအားလုံးက အဖိုးအဖွားပဲ ဖြစ်ခဲ့ဖူးပါတယ်။ ဘယ်လောက်ထိလဲဆိုရင်လေ.. အဖေနဲ့ အမေကို အဖေ အမေရယ်လို့ မသိဘဲ အဖိုးအဖွားကိုသာ အဖေ အမေလို့ ခေါ်ပြီး အသိအမှတ်ပြုတဲ့အထိကို ငယ်ဘ၀မှာ ဖြစ်ပျက်ခဲ့ဖူးပါတယ်။ ကျွန်တော့်ရဲ့ အရာအားလုံးမှာ ဖိုးနဲ့ဖွားပဲ ရှိခဲ့ဖူးတာဟာ ကျွန်တော်ရှစ်တန်းနှစ်ရောက်တဲ့အထိပါပဲ။ ကျွန်တော့်အဖေနဲ့ ကျွန်တော် ဖေဖေအားတိုင်း စကားတွေပြောရင်း အချိန်ကုန်ခဲ့ဖူးပါတယ်။ မေမေနဲ့ ကျွန်တော် စာသင်ချိန်တွေမှာ ထိတွေ့ဆက်ဆံခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ကျန်တဲ့အချိန်တော်တော်များများမှာတော့ ကျွန်တော့်အတွက် အဖော်တွေဟာ ဖိုးနဲ့ဖွားပဲ ဖြစ်နေတတ်ခဲ့ပါတယ်။

ကျွန်တော်ငယ်ငယ်က သူများကလေးတွေတန်းတူ အိမ်ပြင်ထွက်ဆော့ခွင့် မရှိခဲ့ဘူး။ နောက်ပြီး သူများကလေးတွေလိုမျိုးလဲ ကျွန်တော်နေခွင့်မရှိခဲ့ပါဘူး။ ကျွန်တော့်ဖေဖေက ကျွန်တော်မြေကြီးပေါ်မှာဆော့တာကို မကြိုက်ခဲ့ဘူး။ ကျွန်တော့်အားလပ်ချိန်တွေမှာ သူများတွေနဲ့ ရောနှောပြီးဆော့နေတာမျိုးလဲ မကြိုက်ဘူးလေ။ အဲ့ဒီတော့ ကျွန်တော်က အိမ်ပေါ်မှာပဲ ဆော့ခဲ့ရတယ်။ ကျွန်တော်က မိန်းကလေးသာဆိုတာနော်။ ကျွန်တော့်ရဲ့ဖိုးက ကျွန်တော့်ကို မိန်းကလေးပီပီ အိုးပုတ်တွေ အရုပ်တွေနဲ့ ဆော့တာကို မကြိုက်ဘူး။ ယောက်ျားဆန်ဆန် သူနဲ့ စစ်တိုက်တမ်းကစားရတယ်။ နောက်ပြီး သူနဲ့ အပြိုင် ကျွန်တော်တို့ အရုပ်ဆက်ကြတယ်။

ကျွန်တော်မှတ်မိပါသေးတယ်။ ကျွန်တော် ၄တန်းနှစ် ကျွန်တော့်ရဲ့ ၈နှစ်မြောက် မွေးနေ့မှာ ကျွန်တော့်ဖေဖေက ကျွန်တော့်ကို လက်ဆောင်တစ်ခု ပေးလာပါတယ်။ ချက်စ် ထိုးတဲ့ အရုပ်လေးတွေနဲ့ ချက်စ်ခုံတစ်ခုပဲ ဖြစ်ပါတယ်။ ဖေဖေ့ရဲ့ရည်ရွယ်ချက်က သူများထက် တစ်ကွက်ကြိုမြင်အောင်ပါတဲ့။ ကျွန်တော့်ဖေဖေက ပေးခဲ့တဲ့ အဲ့ဒီလက်ဆောင်ဟာ ကျွန်တော်နဲ့ ကျွန်တော့်ဖိုးအတွက် အဖော်ကောင်းတွေ ဖြစ်လာခဲ့တယ်။ ဖေဖေက ပေးခဲ့ပေမယ့် တကယ်တမ်း သင်ပေးခဲ့တာက ဖိုးပါပဲ။ နောက် .. ဘောလုံးပွဲကြိုက်တတ်တဲ့ ဖိုးက ကျွန်တော့်ကို ဘောလုံးပွဲတွေနဲ့ ရင်းနှီးစေခဲ့ပြန်တယ်။ ပြီးရင်တော့ သူနဲ့ နှစ်ယောက် နဖူးတောက်ကြေး လောင်းကြတယ်။

တစ်ခုတော့ရှိတယ်ဗျ။ ဖိုးက ကျွန်တော့်ကို မေးခဲ့ဖူးတယ်။ ချက်စ်ထိုးတာနဲ့ ဘောလုံးပွဲမှာ ကျွန်တော်ဘယ်ဟာကို ပိုကြိုက်သလဲတဲ့။ ခင်ဗျားရော ကျွန်တော့်ကို ဘယ်လိုမြင်လဲဗျာ။ ကျွန်တော်ဘယ်ဟာကို ပိုပြီး နှစ်သက်မယ်ထင်ပါသလဲ။
လူတော်တော်များများက အသဲအသန်ပြေးလွှားပြီး လူ၂၂ယောက်က ၀ိုင်းလုနေကြရတဲ့ ဘောလုံးတစ်လုံးရဲ့ လှုပ်ရှားမှုကို ပိုပြီး ကြိုက်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော်ကိုယ်တိုင် ခင်းကျင်းနိုင်တဲ့ စစ်မြေပြင်ကို ပိုပြီး စိတ်ဝင်စားမိတယ်။ ကျွန်တော့်မှာ ကိုယ်ပိုင် စစ်တပ်ရှိတယ်။ နောက်ပြီး ကျွန်တော်က ညွှန်ကြားရတဲ့သူ။ ကျွန်တော်က ဦးဆောင်ပြီး တစ်ဖက်က စစ်မျက်နှာပြင်ကို ကြိုတင်ခန့်မှန်းရတာမျိုး။ အဲ့ဒါကို ပိုပြီး ကြိုက်မိတယ်လို့ ကျွန်တော်ပြန်ဖြေခဲ့တော့ ဖိုးက ကျွန်တော့်ကို ပြန်ပြောခဲ့တဲ့ စကားတစ်ခွန်းရှိတယ်ဗျ။

ခင်ဗျား စိတ်ဝင်စားမိလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တစ်ခုလောက် မေးပါရစေ။ ခင်ဗျားတို့ရော ဘောလုံးပွဲကို ဘယ်လိုစိတ်မျိုးနဲ့ ကြည့်တတ်ခဲ့ကြပါသလဲ။ ကျွန်တော့်အဖိုးကတော့ ကျွန်တော့်ကို သူကြည့်တတ်ခဲ့တဲ့ ဘောလုံးပွဲနဲ့ ပတ်သတ်တဲ့ ယူဆချက်တစ်ခုကို ချပြခဲ့ဖူးပါတယ်။ ကျွန်တော်ငယ်ငယ် အသက်၈နှစ်အရွယ်မှာပါပဲ။

ဘောလုံးပွဲတစ်ခုမှာ စည်းမျဉ်းဆိုတာတွေ ရှိတယ်။ ဘောင်ထဲမှာ ၀င်အောင်ကန်ရတယ်။ နောက်ပြီး မျှတတဲ့ အခြေအနေနဲ့ အခွင့်အရေးတစ်ခုကို သူများဆီက လုယူရတယ်။ အဲ့လိုမှ မဟုတ်ပဲ သူများကို ထိခိုက်မိပြီဆိုရင်တော့ ဒိုင်လူကြီးရဲ့ ၀ီစီအောက်မှာ ကိုယ်ကျဆုံးရလိမ့်မယ်။ နောက်ပြီး ပန်းတိုင်ဆိုတာ ရှိတယ်။ အဲ့ဒီ ပန်းတိုင်ရောက်ဖို့ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ရတယ်။ ပင်ပန်းကြီးစွာနဲ့ ရန်သူပေါင်းများစွာ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီးမှ အဲ့ဒီ ပန်းတိုင်ကိုရောက်တယ်။ အဲ့ဒီ စပ်ကြားမှာတော့ ကိုယ့်ဆီရောက်လာတဲ့အခွင့်အရေးရှိသလို ကိုယ့်ဆီက လုယူခံလိုက်ရတဲ့ အခွင့်အရေးဆိုတဲ့ ဘောလုံးလဲ ရှိခဲ့တယ်။ နောက်ပြီး ကိုယ့်ပတ်ဝန်းကျင်ဖြစ်တဲ့ ကိုယ်နဲ့ တူတူ တစ်သင်းထဲ ကစားနေတဲ့ ကစားသမားတွေနဲ့လဲ အပေးအယူ အချိတ်အဆက်ရှိရဦးမယ်။ ကိုယ်တစ်ယောက်ထဲ ရပ်တည်လို့ မရဘူး။ အဲ့ဒီလိုမှပဲ ပန်းတိုင်ဆိုတာကို အောင်အောင်မြင်မြင်ရောက်မယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်နော်။ အဲ့ဒီပန်းတိုင်မှာလဲ အခက်အခဲက ကြိုတင်စောင့်နေပြန်ရော။ ( အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့ မရဘူးပေါ့ဗျာ။ ) ဘောလုံးပွဲဟာ လောကနိယာမ တစ်ခုနဲ့တူတယ်။ ဒီဘောလုံးပွဲကပဲ လူ့ဘ၀လို ဖြစ်နေပြန်ပါရောတဲ့။

ဒါဟာ ကျွန်တော့်အဖိုးက သင်ပေးခဲ့တဲ့ ဘောလုံးပွဲ ကြည့်နည်းတစ်ခုပေါ့။ အဲ့ဒီ အချိန်ကစပြီး ကျွန်တော့်ဘ၀မှာ ဘောလုံးပွဲပေါင်းမြောက်မြားစွာကို ကြည့်ဖြစ်ခဲ့တိုင်း ဖိုးရဲ့ အဲ့ဒီစကားဟာ ရင်ထဲမှာ အမြဲတမ်းကြားယောင်နေတတ်ခဲ့တာ၊ နောက်ပြီး အခက်အခဲပေါင်းများစွာနဲ့ ကြုံတိုင်း ဘောလုံးပွဲတစ်ခုကို ကြည့်ရသလိုမျိုး ကျွန်တော်ကြည့်တတ်လာခဲ့တော့တာ ကျွန်တော့်ဖိုးရဲ့ ကျေးဇူးပေါ့ဗျာ။

ကျွန်တော့်ဖွားကတော့ ကျွန်တော့်ကို မိန်းကလေးပီသစေချင်တယ်။ ဇာထိုးပန်းထိုးကအစ သင်ပေးတာဗျ။ ဒါပေမယ့် ကျွန်တော့်ဖိုးက မရဘူး။ ကျွန်တော့်ကို လ္ဘက်ရည်ဆိုင်ကအစ ခေါ်တယ်။ ပြီးတော့ မြေးအဖိုးနှစ်ယောက် ဘောလုံးပွဲအကြောင်းတို့ ချက်စ်အကြောင်းတို့ တောင်ပြောမြောက်ပြော ဆွေးနွေးကြတယ်။ ကျွန်တော်ငယ်ငယ်က တော်တော် အူကြောင်ကြောင်နိုင်ခဲ့တာဗျ။ အဖိုးက ယောက်ျားလေးလို ဆက်ဆံပြီး အဖွားက မိန်းမပီသစေချင်တဲ့ နှစ်မျိုးကြားမှာ ကျွန်တော်က လုံးလည်ချာလည်ကို လိုက်လို့။
ဒါပေမယ့် ကျွန်တော်ကျေနပ်ခဲ့ပါတယ်။ ကျွန်တော့်ကို တကယ်ချစ်ကြတဲ့ ကျွန်တော့်ဆီက ဘာမှ ပြန်မမျှော်လင့်ပဲ ချစ်မြတ်နိုးခြင်းတစ်ခုကိုသာ ပေးခဲ့တဲ့ အဖြူရောင်သက်သက် အဖိုးနဲ့အဖွားရဲ့ ချစ်ခြင်းမေတ္တာကိုရလို့ ကျွန်တော့်ငယ်ဘ၀မှာ ပြီးပြည့်စုံခဲ့ဖူးပါတယ်။

ဒါပေမယ့်ဗျာ။ လူသားတိုင်းမှာ မျှော်လင့်ချက်ပျောက်ဆုံးသွားသလိုမျိုး ခံစားလိုက်ရတဲ့နေ့တွေ ရှိကောင်းရှိခဲ့ဖူးကြပါလိမ့်မယ်။ ရင်ဘတ်ထဲမှာ ဘာမှ မရှိတော့သလိုမျိုး ခံစားချက်မဲ့တဲ့ အခြေအနေမျိုး ရောက်ဖူးခဲ့ကြပါလိမ့်မယ်။ ကျွန်တော့်အတွက်ကတော့ ဘာနဲ့မှ မတူနိုင်လောက်အောင် နာကျင်ခဲ့ရတဲ့ နေ့ရယ်လို့ ဘ၀မှာ နှစ်ကြိမ်ကြုံတွေ့ခဲ့ရပြီးပါပြီ။ ကျွန်တော်သာ တန်ခိုးရှင်တစ်ယောက်ဆိုရင်လေ .. အချိန်တွေကို ရပ်တန့်လို့ အဲ့ဒီလို နေ့ရက်မျိုးတွေနဲ့ ရင်မဆိုင်ရအောင် ရှောင်မိမှာပါပဲ။ ဒါပေမယ့်ပေါ့ .. ဗျာ ..။

ကျွန်တော် ၈တန်းတက်တဲ့နှစ်မှာပဲ ကျွန်တော့်ရဲ့ ရွှေတောင်ကြီးတစ်လုံး ပြိုလဲသွားခဲ့ရတယ်။ ကျွန်တော့်ဖွား ဆုံးသွားတယ်လေ။ ကျွန်တော်မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရဖူးတယ်။ ကျွန်တော်ဖွားရဲ့ ရုပ်ကလာပ်ကို ကြည့်ပြီး အရာအားလုံးဆုံးရှုံးသွားရသလို ခံစားခဲ့ရဖူးပါတယ်။
ကျွန်တော့်ရင်ဘတ်ထဲမှာ ဟာလာဟင်းလင်းနဲ့ပေါ့။ ကျွန်တော့်ရှေ့မှာ ကာရံပေးမယ့် တံတိုင်းမရှိတော့ဘူး။
မေမေက ဆူတိုင်း၊ မေမေက မွေးစားသမီးလို့ပြောတိုင်း၊ မေမေက နင် ဒီစာလေးတောင် မရဘူး၊ ငါ့သမီး မဟုတ်ဘူး လို့ပြောတိုင်း၊ မေမေက ကျွန်တော့်ကို လူကြားထဲမှာ ကျွန်မသမီးက သိပ်ညံ့တာ အဆင့်၂ ပဲရတယ်လေ။ အမသမီးကတော့ သိပ်တော်တယ်နော် အမြဲတမ်း ၁ ကကို မဆင်းဘူး လို့ပြောလို့ ကျွန်တော်တစ်ယောက်ထဲ အခန်းထဲမှာ ကြိတ်ငိုရတိုင်း ကျွန်တော့်ကို ကာကွယ်ပေးတတ်ခဲ့တဲ့ ကျွန်တော့်ရဲ့ တံတိုင်းကြီး ပျောက်ဆုံးသွားခဲ့တယ်။ ကျွန်တော့်ရဲ့ ရွှေတောင်ကြီး ပြိုလဲသွားခဲ့ရတယ်။ ကျွန်တော့်ရင်တစ်ခုလုံး မွမွကြေလို့ပေါ့။

အဲ့ဒီအချိန်ကစပြီး ကျွန်တော့်ရဲ့နေ့ရက်တွေဟာ ခြောက်သွေ့သွားခဲ့တယ်။ မေမေနဲ့ ကျွန်တော်ပိုပြီး စိမ်းသွားခဲ့တယ်။ မေမေက ကျွန်တော့်ကိုချစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ချစ်ခြင်းဟာ မြေကြီးအောက်မှာ မြှုပ်နှံပြီး အပေါ်က ဂူဆောက်ထားတဲ့ င်္သချိုင်းမြေတစ်ခုနဲ့ တူတယ်။
ကျွန်တော့်ဘ၀မှာလေ အဖွားနဲ့ အမေဆိုရင် အဖွားကိုပဲ ရွေးချယ်မိလိမ့်မယ် ထင်ပါရဲ့ဗျာ။

ဒုတိယအကြိမ် ကျွန်တော်ပြိုလဲခဲ့ရတာကတော့ ကျွန်တော် ၁၀တန်းဖြေတဲ့နှစ်မှာပါပဲ။ ကျွန်တော့်အဖိုး ဆုံးသွားတဲ့နေ့ကပေါ့။ ကျွန်တော့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်၊ ပခုံးဖက်ပေါင်းရတဲ့သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရသလိုပါပဲ။ ကျွန်တော့်ရဲ့ အယုံကြည်ရဆုံး တိုင်ပင်ဖော်တစ်ယောက်ကို ကျွန်တော် ပျောက်ဆုံးသွားခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်တော် ချက်စ်မထိုးဖြစ်ခဲ့တော့ဘူး။ ဘောလုံးပွဲလဲ သေချာမကြည့်ဖြစ်ခဲ့တော့ပါဘူး။

သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှာ တူညီစွာ လောကကို ထာဝရ လှည့်မကြည့်တမ်းကျောခိုင်းထွက်ခွာသွားခဲ့တဲ့ ဖိုးနဲ့ဖွားတို့ရဲ့ သေဆုံးချိန်နဲ့ နေ့ရက်တွေဟာ တစ်ထပ်တည်း နှစ်ခြားပြီး ကျရောက်နေတာကတော့ တိုက်ဆိုင်လွန်းတယ်ဗျာ။ ဒါပေမယ့် ဖိုးမဆုံးခင် ကျွန်တော့်စိတ်ကို သိတဲ့ဖိုးက သတိတရနဲ့ မှာခဲ့သားဗျ။ တစ်ယောက်တည်း ရပ်တည်နိုင်အောင် ကြိုးစားပါဆိုပဲ။ ဘ၀ဆိုတာ နံနက်ခင်းလမ်းလျှောက်ထွက်တာနဲ့ တူတယ်တဲ့။ အေးအေးဆေးဆေး လျှောက်တာ အကောင်းဆုံးပဲတဲ့လေ။

ကျွန်တော့်ဘ၀မှာ အစားထိုးမရနိုင်တဲ့ ကွက်လပ်နှစ်ခုရှိပါတယ်။ လူသားတိုင်းမှာလဲ ကွက်လပ်ကိုယ်ဆီ ဘ၀ရဲ့ အစိတ်အပိုင်းတိုင်းမှာ ရှိခဲ့ကြဖူးမှာပါ။ အဲ့ဒီ ကွက်လပ်တွေကို သူတို့ ဖြည့်ကောင်းဖြည့်နိုင်ခဲ့ကြပါလိမ့်မယ်။
ဒါပေမယ့် ကျွန်တော့်ရဲ့ရင်ထဲက ကွက်လပ်နှစ်ခုကတော့ ဘာနဲ့မှ အစားထိုးမရနိုင်ခဲ့တဲ့ ကွက်လပ်လေးတွေပါ။
ကျွန်တော့်ကို ရူးနေတယ်လို့ ခင်ဗျားထင်ကောင်းထင်ပါလိမ့်မယ်။ ကျွန်တော်က နှလုံးသားထဲက ဖြည့်ဖို့ မဖြစ်နိုင်တဲ့ ကွက်လပ်တွေကိုမှ တမ်းတစွာနဲ့ ဖြည့်ချင်နေခဲ့မိတာကိုးလေ ...။ဒီလိုနဲ့ပဲ ကျွန်တော်လဲ ... ။


( ကျွန်တော့်အဖိုးနဲ့ အဖွားအကြောင်းကို တက်ဂ်ထားခဲ့တဲ့ ကိုည ( တလနွန် ) ကို ကျွန်တော် အရေးနောက်ကျသွားခဲ့ရလို့ အနူးအညွတ်တောင်းပန်ပါတယ်ဗျာ။ ကျွန်တော့်ရင်ထဲက ကွက်လပ်တွေအကြောင်း ကျွန်တော်ချပြလိုက်ပါပြီ။ ရာမညတိုင်းကမို့ မွန်နာမည်ပေးထားခဲ့ပါတယ်ဆိုတဲ့ ကိုတလနွန်ကို ကျွန်တော်က အကိုတစ်ယောက်လိုခင်လို့ ကိုညလို့ သူများနဲ့မတူအောင်ခေါ်တတ်ခဲ့တဲ့ ကိုည တစ်ယောက် ... ကျေနပ်နိုင်မယ်ထင်ပါတယ်ဗျာ။ )

Monday, June 15, 2009

ရင်ထဲက ... လူ ။

အပြင်တွင် မိုးတို့ သည်းသည်းထန်ထန် ရွာသွန်းနေခဲ့ပြီ။
မန္တလေး ဆေးရုံကြီး၏ သီးသန့် သားဖွားဆောင် အထူးခန်းရှေ့ ထိုင်ခုံ၌ ထိုက်လိုက် ထလိုက်ဖြင့် စိတ်လှုပ်ရှားနေသော
လူတစ်ယောက်။

ထိုအချိန် သူ့စိတ်ထဲတွင် ဘာတွေ တွေးနေမည်လဲ။ သားလေးလား၊ သမီးလေးလား။ ဘာပဲဖြစ်ဖြစ်ချစ်လိုက်မည်ဟူသော ဖခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာ။

သားဖွားဆောင် ခွဲစိတ်ခန်းအတွင်းမှ ဆရာဝန်ကြီးများ ထွက်လာကြပြီ။
သမီးလေးဗျ။ အသားလေးက ဖြူဆွတ်နေတာပဲ။

သူ...
ရင်တို့ လှိုက်ခနဲ ...။ ထိုသို့ဖြင့်...။
။ .............................. ။ ..................................။

အဲ့ဒီအချိန်ကစပြီး လောကထဲကို ကျွန်တော်ဆိုသော မိန်းကလေးတစ်ယောက် ၀င်ရောက်လာခဲ့ပါတယ်။ ကျွန်တော့်ကို မွေးတော့ အဲ့ဒီနေ့က ညနေ၄နာရီ ၂၀မိနစ်အချိန်။ မိုးတို့သည်းထန်စွာ ရွာသွန်းနေခဲ့တဲ့ ဂျုလိုင်လရဲ့ ၂၂ရက်နေ့။ အဲ့ဒါကြောင့်များလားမသိ။ ကျွန်တော် မိုးရွာတာကို
အရမ်းကြိုက်တတ်ခဲ့မိတယ်။ ဒါပေမယ့် ၀တ္တုတွေ၊ ဇာတ်လမ်းတွေထဲကလို ဖေဖေက ကျွန်တော့်နာမည်ကို မိုးလို့ မပေးခဲ့ပါဘူး။ တကယ်တော့
ကျွန်တော့်နာမည်က ဖေဖေပေးတဲ့နာမည်လဲ မဟုတ်ပါဘူး။ အဖိုးက ပေးခဲ့တဲ့ နာမည်ပါ။ ဒါပေမယ့် ကျွန်တော့်ကိုတော့ ဖေဖေ သိပ်ချစ်ခဲ့ပါတယ်။

ပြောရင် ယုံမလားဗျာ။ ကျွန်တော့်ကို မွေးတော့လေ.. မေမေက ကျွန်တော့်ကို လှည့်တောင် မကြည့်ခဲ့ပါဘူးတဲ့။ ဒါကို သတိရတိုင်း အဖွား ( မေမေ့ရဲ့ အမေ ) က ပြောပြတတ်ခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ မေမေက ကျွန်တော့်ကို သားဦး ဖြစ်စေချင်ခဲ့လို့ပါတဲ့။
ကျွန်တော့်အဖေရဲ့ အသိုင်းအ၀ိုင်းက အရှိန်အ၀ါ အရမ်းကြီးတယ်။ ကျွန်တော့်အဖေရဲ့ အမေကိုလေ ကျွန်တော်တို့ ငယ်ငယ်က မယ်မယ်ဘုရားလို့ ခေါ်ခဲ့ရတယ်။ တော်သေးတာပေါ့ သူသေတာ မြန်လို့။ နို့မို့ ခုထိ မယ်မယ်ဘုရားတုန်းဆို ကျွန်တော်နဲ့ သိပ်ပြီး ကီးကိုက်မှာ မဟုတ်ဘူး။ ကျွန်တော်က အဲ့လို ကိန်းကြီးခန်းကြီးနိုင်တဲ့ ကျွန်တော့်အဖေရဲ့ အမျိုးတွေကို ကြည့်မရဘူး။ အဟက်။

မေမေ့ကို သူ့ယောက်ခမ ( မယ်မယ် ) က ပြောခဲ့တယ်။ သားဦးလေး မွေးပေးရမယ်တဲ့။
ဖေဖေက မောင်နှမ ၇ယောက်ထဲမှာ အငယ်ဆုံး။ မယ်မယ့်ရဲ့ အလိုလိုက် အကြိုက်ဆောင်မှုကို ခံခဲ့ရတဲ့ တော်ဝင်မင်းသားတစ်ပါးလိုပါပဲ။ အဲ့လောက်ထိ မယ်မယ်က အာဏာပြင်းတယ်။ သူမွေးထားတဲ့ သားသမီး ၇ယောက်လုံးကလဲ ခု မြန်မာပြည်မှာ ထိပ်တန်း အာဏာရ ပုဂ္ဂိုလ်တွေချည်းပဲကိုး။ နောက်ပြီး သူ့ရဲ့ မွေးချင်းတွေကလဲ အဲ့ခေတ်က ရန်ကုန်မြို့ မြို့တော်ဝန်ကအစ၊ နိုင်ငံခြားရေး ၀န်ကြီးအထိ အကုန်လုံးက သူ့အကိုအရင်းခေါက်ခေါက်တွေဆိုတော့ မာန်တက်တာလဲ ပါတာပေါ့။
( အဲ့ဒါကြောင့်ထင်ပါ့။ ကျွန်တော့် ဦးလေးတွေ အကိုတွေ အမတွေက အဲ့ခေတ်က အကုန် အမေရိကားရောက်ကုန်ပြီး ခုထိ ပြန်ကိုမလာကြတော့ဘူး။ ကောင်းတယ်။ မြန်မာပြည်ကြီး မျက်စိနောက်သက်သာတယ်။ နို့မို့ ပြိုင်ဆိုင်နေကြတာနဲ့တင် အမြင်ကပ်လို့ ကျွန်တော်နဲ့ ရန်တွေဖြစ်နေကြမှာ အမြဲ။ အဟက်။ )

ဖေဖေက မေမေ့ကိုရဖို့ ၇နှစ်တိတိ ပိုးခဲ့ရတယ်။ မေမေက ရန်ကုန်တက္ကသိုလ်မှာ လေးနှစ်လုံးလုံး အလှဘုရင်မ ဘွဲ့ကို ရခဲ့တာပေါ့။ ရန်ကုန်တက္ကသိုလ် ဥပဒေဌာနကနေ မေမေ့ရဲ့ ဘီအီးဒီ အဆောင်ရှေ့ကို အမြဲသွားခဲ့ရတဲ့ ဖေဖေ့ရဲ့ခြေရာတွေကို ကျွန်တော် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ အထူးပြု မဟာသိပံ တက်တော့ ဖေဖေက ဦးချစ်ဆိုင်မှာထိုင်တိုင်း အမြဲပြောပြခဲ့တယ်။ ဖေဖေ့ရဲ့ အချစ်အကြောင်းကို။
နောက် ကျွန်တော် နိုင်ငံခြားဘာသာ တက္ကသိုလ်တက်တော့လဲ ဖေဖေက မျက်နှာချင်းဆိုင်မှာရှိတဲ့ ရန်ကုန်တက္ကသိုလ်ကို ကြည့်ပြီး သူ့ရဲ့ အချစ်ဇာတ်လမ်းကို ပြောပြတတ်ပြန်ပါသေးတယ်။
ကျွန်တော့်ဖေဖေက အချစ်ကြီးတဲ့သူတစ်ယောက်ပဲ ဆိုတာ ကျွန်တော်ငယ်ငယ်ထဲက ရင်းနှီးခဲ့ရတယ်။

သြော်.. ဆက်ပြောပါဦးမယ်လေ။ အဲ့ဒီလို ဖေဖေချစ်တဲ့ မေမေဟာ ရန်ကုန်မြို့ရဲ့ သာမာန် ပုံနှိပ်တိုက်ပိုင်ရှင် အမိအဘက မွေးလာတဲ့ သမီးတစ်ယောက်ပေါ့။ အဲ့ဒါကြောင့်မို့ မန္တလေးမှာ ကျိကျိတက်ချမ်းသာတဲ့နေရာမှာ ပြိုင်ဘက်မရှိတဲ့၊ အာဏာရ မိသားစုက မွေးဖွားလာတဲ့ ဖေဖေက ရန်ကုန်မြို့မှာ တက္ကသိုလ်လာတက်ရင်း မေမေ့ကိုကြိုက်မိခဲ့တော့ မယ်မယ်က သဘောမတူခဲ့ဘူး။ ဟဟ။
( အဲ့ဒါကြောင့်မို့ ကျွန်တော်နဲ့ မတည့်တာ။ )
ဒါပေမယ့် ဖေဖေက အရမ်းချစ်နေတော့ သားကို စိတ်ချမ်းသာစေချင်တဲ့စိတ်နဲ့ မေမေနဲ့ ပေးစားခဲ့တယ်။ အဲ့လို ပေးစားခဲ့ပေမယ့် မေမေ့ကို ယောက္ခမလုပ်သူက အမြဲနှိမ်ခဲ့တယ်။ ကျွန်တော့်အဖိုး ဖေဖေ့ အဖေကတော့ အရမ်းအေးပါတယ်။ တိုင်းတရားရုံးချုပ် တရားသူကြီးတစ်ယောက်ဆိုတော့ ခပ်အေးအေးပါပဲ။ ခက်နေတာက အဲ့ဒီ မယ်မယ်ပေါ့။
အဲ့ဒါကြောင့်မို့ မေမေက ကျွန်တော့်ကို မွေးတော့ သားဖြစ်စေချင်ခဲ့တယ်။ ယောက္ခမနှိမ်တာက လွတ်အောင်ပေါ့။ ဒါပေမယ့် ကျွန်တော်က မိန်းကလေးဖြစ်နေခဲ့တယ်။
ဒါ့ကြောင့်မို့ ကျွန်တော့်ကိုမွေးတော့ မေမေက ကျွန်တော့်ကို လှည့်မကြည့်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်ယုံကြည်ပါတယ်။ မိခင်တစ်ယောက်အနေနဲ့ မေမေ ကျွန်တော့်ကို ချစ်နေလိမ့်မယ်ဆိုတာ။

ကျွန်တော့်ရဲ့ သက်တမ်းတစ်လျှောက်မှာ မေမေက ကျွန်တော့်ကို မျက်နှာသာပေးတယ်ဆိုတာ သိပ်ရှားပါတယ်။ ကျွန်တော်နဲ့ သုံးနှစ်ပဲ ကွာတဲ့မောင်လေးနဲ့ ယှဉ်လာရင် ကျွန်တော်အမြဲ နာကျင်ရအောင် မေမေက လုပ်တတ်တယ်။ ကျွန်တော့်အတွက် မိခင်တစ်ယောက်ဆိုတာ ဘာမှန်းမသိတဲ့ ငယ်ဘ၀မှာ ကျွန်တော့်ရဲ့ အသိဥာဏ်တွေကို ဖေဖေက ပေးခဲ့တာပါ။

ကျွန်တော်က သိပ်ဥာဏ်ကောင်းတယ်လို့ ဖေဖေ အမြဲပြောခဲ့ဘူးတယ်။ နောက်ပြီး သိပ်တော်တယ် ဖေဖေ့သမီးကလို့လဲ အမြဲချီးကျူးခဲ့ဖူးတယ်။
ကျွန်တော့်ဘ၀မှာလေ ဘယ်သူကမှ ကျွန်တော့်ကို မချီးကျူးချင်နေပါစေ။ ကျွန်တော့်ဖေဖေရဲ့ ချီးကျူးမှုကိုတော့ ကျွန်တော် အမြဲလိုချင်ခဲ့တာချည်းပါပဲ။

ကျွန်တော်ငယ်ငယ် ၂တန်း( ၆နှစ်အရွယ် )ကျောင်းသားဘ၀မှာပေါ့။ ( ကျွန်တော်က ဥာဏ်ကောင်းလို့တဲ့ ကျောင်းကို ၃နှစ်ခွဲနဲ့ သူငယ်တန်းထားတယ်.. မေမေက။ ကျွန်တော်ကလဲ တစ်ခါမှ စာမေးပွဲမကျခဲ့ဖူးဘူး။ ) ကျွန်တော့်ကို ဖေဖေက စာဖတ်တာ ၀ါသနာပါဖို့ လမ်းကြောင်းပေးခဲ့တယ်။
ကျွန်တော်က အလုပ်က ပြန်လာတဲ့ ဖေဖေ့ကို ပုံပြင်ပြောပြပါလို့ သွားတောင်းဆိုခဲ့တော့ ဖေဖေက ကျွန်တော့်ကို သမီးက ပုံပြင်နားထောင်ချင်တာလားတဲ့။ ခေါင်းငြိမ့်ပြတဲ့ ကျွန်တော့်ကို ဖေဖေက စာကြည့်ခန်းကို ခေါ်သွားခဲ့ပြီး
သမီး.. ကိုယ်လိုချင်တာကို ကိုယ်ကိုယ်တိုင် ရယူတတ်ရတယ်။ သူများကို တောင်းဆိုမယ့်အစား သမီးလုပ်နိုင်တဲ့ကိစ္စကို သမီးကိုယ်တိုင် ရယူရမယ်။ နောက်ပြီး ရကို ရ ရမယ်ဆိုတဲ့ စိတ်မျိုးရှိရတယ် ..
ဆိုပြီး ကျွန်တော့်ကို ရတနာပန်းခင်း ကလေးပုံပြင်စာအုပ်တစ်အုပ်ကို ပေးပါတယ်။
အဲ့ဒီအချိန်ကစပြီး ကျွန်တော့ရင်ထဲမှာ နှလုံးသားထဲမှာ စာဖတ်ဝါသနာတင်မကပါဘူး။ ရကို ရ ရမယ်ဆိုတဲ့ စိတ်မျိုးလဲ ၀င်သွားပါတယ်။ နောက်ပြီး ကျွန်တော်မှန်တယ်လို့ ထင်တဲ့ကိစ္စတိုင်းကို ကျွန်တော်ဘယ်တော့မှ နောက်မဆုတ်တတ်ခဲ့တော့ပါဘူး။

ဒီလိုနဲ့ ကျွန်တော် ၆တန်းနှစ်ကို ရောက်လာတဲ့အခါ ပထမဆုံး လပတ်စာမေးပွဲကို ကြုံပါတယ်။
အဲ့ဒီနှစ်ကမှ စပြီး သင်္ချာ (၂)လို့ ကျွန်တော်တို့က ခေါ်ရတဲ့ ကုဗပိုင်းဆိုင်ရာ တွက်ချက်ရတဲ့ သင်္ချာဘာသာရပ်က ပါဝင်လာခဲ့တယ်။ ကျွန်တော် အဲ့ဒီဘာသာရပ်ကိုလေ တကယ်ပဲ လန့်ခဲ့မိတယ်။ အဲ့ဒီတုန်းကပေါ့။ အရမ်းခက်ခဲတယ်လို့ ထင်ခဲ့တဲ့ အဲ့ဒီဘာသာရပ်ကို ပထမဆုံး လပတ်စာမေးပွဲမှာ ကျွန်တော် ၄၀နဲ့ ကပ်အောင်ခဲ့တယ်။ ကျွန်တော်အဲ့ဒီလက Report Card ကို ကိုင်ရင်း ဖေဖေနဲ့ မျက်နှာချင်းမဆိုင်ရဲခဲ့ဘူး။ ကျွန်တော့်စိတ်ထဲမှာ ဖေဖေ ကျွန်တော့်ကို အထင်သေးလိုက်မှာ ကျွန်တော်ကြောက်တယ်။ ဒါနဲ့ ကျွန်တော် ဖေဖေ့လက်မှတ်အတုထိုးပြီး ဆရာမကို ပြန်ပေးခဲ့လိုက်တယ်။ ဒါပေမယ့် နောက်နေ့ ဖေဖေ ပြန်သိသွားတယ်။

ခင်ဗျားထင်တယ်ဟုတ်.. ကျွန်တော့်ကို ဖေဖေက အရမ်းဆူပြီး ရိုက်တော့မယ်လို့လေ။ အဟက်။ လွဲတယ်ဗျ။ ကျွန်တော်ကိုယ်တိုင်လဲ အဲ့လိုပဲ ထင်ခဲ့တာ။
ဒါပေမယ့် ဖေဖေ ကျွန်တော့်ကို တစ်ခွန်းနဲ့ တစ်အုပ်ပဲ ပေးခဲ့တယ်။ တစ်ခွန်းက
သမီး တဲ့။ လိမ်တယ်ဆိုတာ ကိုယ့်အတွက် တကယ်တမ်း အကျိုးရှိမှ လိမ်ရတယ် တဲ့။ ခု ကိစ္စက သမီးအတွက် ဘာမှ သိပ်ပြီး အကျိုးမရှိပဲ သမီးလိမ်တော့ အမြတ်မရှိဘူးပေါ့ကွာ တဲ့။ လိမ်တယ်ဆိုရင်လဲ လိမ်မှန်းမသိအောင် ပိပိရိရိ လုပ်တတ်ရတယ်။ မလိမ်ရင်လဲ လုံးဝ မလိမ်နဲ့ တဲ့။ ဟစ်တလာကို သမီးအားရင် အချိန်ယူပြီး လေ့လာကြည့်လိုက်ပါဦး တဲ့။
ကျွန်တော့်ကို ဟစ်တလာရဲ့ အတ္တုပတ္တိစာအုပ် တစ်အုပ် ပေးခဲ့တယ်။ ခုထိ အဲ့ဒီ စာအုပ် ကျွန်တော့်ဆီမှာ ရှိနေခဲ့တုန်းပါပဲ။

ဖေဖေက ဆက်ပြောခဲ့တယ်။ ဒါပေမယ့် လိမ်တာရဲ့ နောက်ဆက်တွဲကလဲ ဟစ်တလာလိုပဲ နဂုံးချုပ်ရတတ်တယ်နော် တဲ့။ အဲ့ဒါလေးလဲ မမေ့နဲ့ပေါ့ကွာ တဲ့။
ပြောပြီး ဖေဖေ ကျွန်တော့်အနားက ထွက်သွားခဲ့တယ်။ ဖေဖေ့မျက်နှာက တည်တည်ငြိမ်ငြိမ်ပါပဲ။

အဲ့ဒီနေ့ကလေ။ ကျွန်တော် ဘာစာမှ မကျက်ပဲ တစ်ညလုံး အဲ့ဒီ ဟစ်တလာစာအုပ်ကို သဲကြီးမဲကြီး ဖတ်ဖြစ်ခဲ့တယ်။ ၆တန်းကျောင်းသားဘ၀။ အသက်(၉)နှစ်အရွယ်။ ဟစ်တလာမပြောနဲ့ ၀ိတိုရိယ ဘုရင်မကြီးတောင် ဘာမှန်းမသိသေးတဲ့ အချိန်။ ဖေဖေ ကျွန်တော့်ကို ဂျူးတို့ရဲ့ စစ်ပွဲကို ပေးသိခဲ့တယ်။ နောက်ပြီး တစ်ကမ္ဘာလုံးကို အကြီးအကျယ် လိမ်ညာခဲ့တဲ့ သူတစ်ယောက်နဲ့လဲ မိတ်ဆက်ပေးခဲ့တယ်။
အဲ့ဒီ ၆တန်းနှစ်မှာပါပဲ။ ကျွန်တော် တစ်နိုင်ငံလုံး ထူးချွန်ထက်မြက် စာမေးပွဲမှာ ဒုတိယနဲ့ ပါခဲ့လို့ ပညာသင်စရိတ်ရခဲ့တယ်။ ကျွန်တော့်အဖေ ကျွန်တော့်ကို ပြုံးပြီး ကြည့်ခဲ့တယ်။
လူဆိုတာ ကိုယ့်တာဝန် ကိုယ်ယူတတ်ရတယ် သမီးရ။ လူရယ်လို့ဖြစ်လာပြီး ကိုယ့်တာဝန်လေးလောက်မှ ကိုယ်မယူနိုင်ရင် သူများနဲ့ ပတ်သတ်တဲ့ တာဝန်တွေ တစ်နေ့ယူလာရတဲ့အခါမျိုးမှာ လူမပီသနိုင်တော့ဘူး။ ဒါ့ကြောင့်မို့ ဘယ်အလုပ်ကိုမဆို ကိုယ့်တာဝန် ကိုယ်ကျေအောင် လုပ်ရတယ် သမီး
လို့ အဲ့ဒီနေ့ ပြန်လာတော့ ကားပေါ်မှာ ပြောခဲ့တဲ့ ဖေဖေ့ရဲ့ စကားသံကို ခုထိ ကျွန်တော့်နားထဲက မထွက်ခဲ့ဘူး။

ကျွန်တော် ၈တန်းရောက်တော့ ရသစာပေတွေနဲ့ ပေးတွေ့ပေးခဲ့တယ်။ ချစ်ဦးညို။ ဒေါက်တာမင်းတင်မွန်။ ဂျာနယ်ကျော်မမလေး။ မစန္ဒာ။ မြသန်းတင့်။ ဒဂုံရွှေမျှား။ ရွှေဥဒေါင်း။ အစုံပါပဲ။ နောက် ကျွန်တော့်ရဲ့ ၈တန်း ၁၁နှစ်ပြည့်မွေးနေ့မှာ ဖေဖေ ကျွန်တော့်ကို တစ်ခုပဲ လက်ဆောင်ပေးခဲ့တယ်။ ဈေးက သိပ်ပေါပါတယ်။ အဲ့ခေတ်ငွေနဲ့ ၈၀၀ကျပ်တဲ့။ စာအုပ်တစ်အုပ်ပါပဲ။ မြသန်းတင့်ဘာသာပြန်တဲ့ လူလေးသို့ပေးစားများ စာအုပ်လေ။
ယဉ်ကျေးသိမ်မွေ့တဲ့ သားကောင်းတစ်ယောက်ဖြစ်ဖို့ ဂျာမနီမှာ နေခဲ့ရတဲ့ အဖေလုပ်သူ နိုင်ငံခြားရေး ၀န်ကြီးက အင်္ဂလန် ၀ိတိုရိယ ဘုရင်မကြီးလက်အောက်က တက္ကသိုလ်မှာ ကျောင်းသွားတက်နေတဲ့ သားဖြစ်သူဆီကို လှမ်းရေးခဲ့တဲ့ စာတွေပါ။ ဖေဖေက အဲ့ဒီ စာအုပ်ကို မျဉ်းတွေတားပြီး ပေးခဲ့တယ်။ ကျွန်တော် ခုထိ မှတ်မိနေပါသေးတယ်။
သား.. လိမ္မာယဉ်ကျေးတဲ့သူတစ်ယောက်ဟာ အပြောအဆိုကအစ သိမ်မွေ့တယ်။ လူကြီးလူကောင်းဆန်တယ်။ ဘယ်တော့မှ သူများကို မကဲ့ရဲ့ဘူး။ အပြစ်မတင်ဘူး။ နှိမ့်ချတတ်တယ်။ ရိုသေလေးစားတတ်တယ်။ ကိုယ့်ဂုဏ်သိက္ခာကို တန်ဖိုးထား မြတ်နိုးတတ်တဲ့သူတစ်ယောက်ဖြစ်တယ် တဲ့။
အဲ့ဒီ စာသားကို ဖေဖေက ကွင်းခတ်ပြီး လိုင်းကို ထူထူ တားထားတာပါ။ ဖေဖေက တစ်ခါတလေ ကျွန်တော့်ကို စကားတစ်ခွန်းမှ မပြောပဲ အဲ့လိုမျိုး စကားထက် ထိရောက်တာမျိုးကို လုပ်တတ်ပါတယ်။

ကျွန်တော်ငယ်ငယ် ( ခုထိပါပဲ ) ရန်ကုန် မန္တလေး မီးရထားစီးပြီး ခရီးသွားရရင် သိပ်ပျော်ပါတယ်။ လမ်းမှာ ဖေဖေနဲ့ စကားတွေ အေးအေးဆေးဆေး ပြောရလို့လေ။
ကျွန်တော့်အသက် ၁၈နှစ်မှာ ဖေဖေ့ရဲ့ အသက်၅၀ အတွေ့အကြုံကို ရနေခဲ့ပါပြီ။ ဘ၀မှာ နောက်ကျောကို ဓါးနဲ့ ထိုးနေတဲ့သူတွေ၊ ချောက်တွန်းတဲ့သူတွေ၊ ကိုယ့်ဖို့တစ်ခုထဲပဲ သိပြီး လှေကားလို နင်းချင်တဲ့သူတွေ၊ အဲ့လိုလူတွေကို ကျွန်တော် လက်တွေ့မကြုံခဲ့ရသေးပေမယ့် ကျွန်တော်စာတွေ့တော့ ဖေဖေ့ဆီက သင်ခဲ့ရပြီးပါပြီ။
နူးညံ့စရာရှိရင်လဲ သူများနဲ့ မတူအောင် နူးညံ့သိမ်မွေ့ပြီး ရက်စက်စရာရှိရင်လဲ သွေးအေးအေးနဲ့ နောက်ပြန်လှည့်မကြည့်စတမ်း ရက်စက်တတ်ဖို့ ဖေဖေက ကျွန်တော့်ကို သင်ပေးခဲ့တယ်။
အမှန်တော့ လက်ဦးဆရာ မြည်ထိုက်စွာ ဆိုတဲ့ အမိအဘမှာလေ.. ကျွန်တော့်အတွက်ကတော့ ဖေဖေသာလျှင် တကယ့်ကို ကျွန်တော့်ရဲ့ စာကြည့်တိုက်၊ ကျွန်တော့်ရဲ့ ဘ၀တက္ကသိုလ်၊ ကျွန်တော့်ရဲ့ အလေးစားဆုံးဆရာ၊ ကျွန်တော့်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်း၊ ကျွန်တော့်ရဲ့ လမ်းပြ မီးအိမ် ဖြစ်ခဲ့တာပါ။

အရက်မသောက်၊ ဆေးလိပ်မသောက် တတ်ခဲ့တဲ့ ဖေဖေဟာ မေမေ့ကို သိပ်ချစ်တယ်။ စကားမာမာတောင် မေမေ့ကို မပြောခဲ့ဖူးဘူး။ ဖေဖေ့ကြောင့် ဘယ်တုန်းကမှ ကျွန်တော်တို့ မျက်နှာမငယ်ခဲ့ရဖူးဘူး။ အဲ့လိုမျိုး ချစ်သူအပေါ်ရော မိသားစုအပေါ်မှာပါ တာဝန်ကျေတတ်ခဲ့တဲ့ ဖေဖေက ကျွန်တော့်ကိုလဲ တာဝန်ကျေစေချင်တယ်လေ။ ဖေဖေက ပြောခဲ့ဖူးတယ်ဗျ။ ကိုယ့်ရဲ့ ချစ်ခြင်းကိုလဲ တန်ဖိုးထား မြတ်နိုးရမယ်ဆိုပဲ။
ကျွန်တော့်ကို ( ကျွန်တော် ကိုနဲ့ စကြိုက်တာ သိတော့ ) ချစ်တတ်အောင်လဲသင်ပေးခဲ့တယ်။ ချစ်သူကို တန်ဖိုးထားတတ်အောင်လဲ သင်ပေးတယ်။ ကျွန်တော်က ကိုနဲ့ ပတ်သတ်ပြီး ဘာပြောပြော ဖေဖေက သေချာနားထောင်တယ်။ နောက် ကျွန်တော့်ကို ဝေဖန်တယ်။ နောက် ကျွန်တော့်ကို သေချာပြန်စဉ်းစားခိုင်းတယ်။ အဲ့လိုမျိုး ဖေဖေ အမြဲလုပ်တယ်။ ကျွန်တော့်အတွက်ကတော့ ဖေဖေက ကျွန်တော့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဗျ။ အဟဲ။

ဘ၀မှာလေ.. ကျွန်တော်အခက်အခဲတစ်ခုကို ကျော်ဖြတ်နိုင်တိုင်း၊ ကျွန်တော့်ကို ကျွန်တော်နဲ့ ရင်းနှီးတဲ့သူတစ်ယောက်ယောက်က ဇော်က သိပ်တော်တယ်။ စဉ်းစားဥာဏ်ရှိတယ်။ ထက်မြက်တယ်။ အသက်ငယ်ပေမယ့် အရမ်းတော်တယ်လို့ အပြောခံရတိုင်းမှာ ကျွန်တော်အရင်ဆုံး ဖေဖေ့ကို သတိရမိတယ်။ ပြီးတော့ ကျေးဇူးတင်မိတယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံတွေဟာ ဖေဖေ့ဆီက ရတာပါ။ ကျွန်တော်တကယ် ကိုယ့်ဟာကိုယ် စဉ်းစားတတ်ခဲ့လို့ မဟုတ်ပါဘူး။

လူတိုင်းမှာ လေးစားရတဲ့ ပုဂ္ဂိုလ်တွေ ရှိကြပါတယ်။
ကျွန်တော်ငယ်ငယ်တုန်းက နပိုလီယံကို သိပ်ကြိုက်ခဲ့ဖူးတယ်။ နပိုလီယံရဲ့ စစ်မြေပြင်ကနေ ချစ်ဇနီးဆီကို ပို့တဲ့စာတွေကို စပြီးလေ့လာရာကနေ နပိုလီယံရဲ့ မာကျောတယ်လို့ထင်ရတဲ့ နှလုံးသားထဲက နူးညံ့တဲ့ချစ်ခြင်းကြောင့် စိတ်ဝင်စားသွားမိတာပါ။ အဲ့ဒါလဲ ဖေဖေပဲ ကျွန်တော့်ကို လက်ဆောင်ပေးခဲ့တာဗျ။
မဖြစ်နိုင်ဘူးဆိုတဲ့ စကားလုံးကို အရူးတွေရဲ့ အဘိဓါန်မှာပဲ ရှာတွေ့နိုင်တယ် ( Impossible is a word to be found only in the Dictionary of Fools ) လို့ ပြောတတ်ခဲ့တဲ့ နပိုလီယံကို ကျွန်တော်တကယ်ပဲ ကြိုက်ခဲ့မိတယ်။

ဒါပေမယ့် ကျွန်တော် အခုအသက်အရွယ် တစ်ယောက်ထဲ မိသားစု အသိုင်းအ၀ိုင်းနဲ့ ဝေးရာမှာ ရပ်တည်နေရတဲ့အချိန် ကျွန်တော် ရင်ထဲ နှလုံးသားထဲက ပိုပြီး သိလာရတာကလေ ... ကျွန်တော့်ရဲ့ အလေးစားရဆုံးနဲ့ အားအကျမိဆုံး ပုဂ္ဂိုလ်ဟာ ကျွန်တော့်ဖေဖေပါပဲဗျာ...။

Monday, June 8, 2009

မငိုပါနဲ့ ... ကလေးရယ်

အကို
ဝေ မလားဘူးလားဗျာ။
အေး ညီမလေး။ ဝေ မလာဘူးကွ။ ဘာဖြစ်လဲတော့ အကိုလဲ မသိဘူး။


ခပ်ပြတ်ပြတ်ပြောလာတဲ့စကားသံကြားရတော့ ရင်ထဲမှာ ဘာကိုမှန်းမသိ ကျွန်တော် အလိုမကျသလို ခံစားလိုက်ရတယ်။ ဘာတုန်းဟ။ သူက ဝေရဲ့ ချစ်သူမဟုတ်ဘူးလား။ ဒါကို ပြန်ဖြေတဲ့လေသံက အချိုးမပြေဘူး။ ကျွန်တော် တင်းသွားတယ်။ နေပေါ့ဟာ။ မဖြေချင် မမေးဘူး။ ဒါနဲ့ ကျွန်တော် သူ့ရှေ့က လှည့်ထွက်လာခဲ့လိုက်တယ်။

အလုပ်ပြီးတဲ့အချိန် လေဆိပ်ကအထွက် အဆောင်ပြန်မယ့် ဖယ်ရီကားပေါ်မှာ နိုက်ဒျူတီ ဆင်းခဲ့တာမို့ တစ်ညလုံး ပင်ပန်းလာခဲ့ရသမျှကို ပျော့ပျောင်းနူးညံ့တဲ့ ဆိုဖာထိုင်ခုံနောက်မှီကို မှီလို့ အနားယူမယ်အလုပ် ကျောပိုးအိတ်ထဲက ဖုန်းသံမြည်လာတယ်။ ကျွန်တော်စိတ်တိုသွားမိတယ်။ ကျွန်တော်က လက်ကိုင်ဖုန်းသာကိုင်ပေမယ့် များသောအားဖြင့် အသံကို ပိတ်ထားတတ်တာများတယ်။ နားညည်းတာရယ် စိတ်အနှောင့်အယှက်ဖြစ်ရတာရယ်ကြောင့်လေ။ ဒါပေမယ့် မစ်စ်ကောပေါ်အောင်လို့တော့ အသံပဲပိတ်တယ်။ ပါဝါကိုတော့ မပိတ်ပါဘူး။ အဲ့ဒီ မစ်စ်ကောကိုကြည့်ပြီး အရေးကြီးကိစ္စရှိတယ်လို့ထင်ရတဲ့သူဆိုရင် ကျွန်တော် ပြန်ခေါ်ပေးလိုက်တယ်။ မက်ဆေ့ဂ်ျတိုင်းကိုလဲ ကျွန်တော်က မပြန်တတ်ပါဘူး။ ဟုတ်တယ်လေ။ အလကား ပိုက်ဆံကုန်တယ်ဗျ။

ကျွန်တော်မေ့ပြီး ဖုန်းမပိတ်လိုက်မိတာ ခုတော့ အနှောင့်အယှက်က စပြီ။ ကျွန်တော်ဖုန်းကို ယူကြည့်လိုက်တော့ ဝေ့ဆီက။ ဒါနဲ့ ကျွန်တော်လဲ ချက်ချင်းပဲ ဖုန်းကိုင်လိုက်တော့ ကလျာ။

ဆု .. ဝေလေ သွေးတွေ အန်နေတယ်။ လူက မျော့မျော့လေးပဲ ကျန်တော့တယ်။ ငါ ဘာလုပ်ရမလဲ မသိတော့ဘူး။ ခု အိပ်ယာပေါ်မှာ သတိ ကောင်းကောင်းမရဘူး။ ငါက နေ့လည် ဒျူတီရှိသေးတယ် တဲ့။
ကျွန်တော် စိတ်ပူသွားမိတယ်။
ဟ ဘယ်လိုဖြစ်ရပြန်ပြီတုန်း။ ကိုမင်းဟန်ကို ဖုန်းဆက်လေဟာ။ ချက်ချင်းလာခိုင်းချေ။
မဟုတ်ဘူးဆု။ ကိုမင်းဟန်ကို ဖုန်းဆက်ပြီးပြီ။ သူက အဆောင်ပြန်ဦးမယ်တဲ့။ ပြီးမှ လာမယ်တဲ့။ ပြောတယ်။ နေ့လယ်ကို ဆေးခန်းလိုက်ပို့ပေးမယ်လို့ပြောတယ်။ အဲ့ဒါ ငါဘာလုပ်ရမလဲ။


ကျွန်တော် ဘာပြန်ပြောရမလဲ မသိတော့ပါ။ ဝေနဲ့ ကိုမင်းဟန်ဆိုတာ ဒီကို ရောက်မှ ကြိုက်ကြတဲ့ စုံတွဲ။ ကျွန်တော်တို့ ဒီကို ရောက်တာ ၉လပဲ ရှိသေးတယ်။ သူတို့ကြိုက်တာ အလွန်ဆုံးရှိ ၆လပေါ့။
ကျွန်တော် ကပ်စီးကုတ်သမျှကို ဖြုန်းတီးဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဟုတ်တယ်။ ကျွန်တော်ပြောမှ ဖြစ်တော့မယ်။ ဝေ လမ်းမှားရောက်နေပြီလေ။ ကျွန်တော့်စိတ်ထဲတော့ အဲ့လိုပဲ ထင်တယ်။

ကျွန်တော် အိမ်ရောက်တော့ ဝေ့ဆီဖုန်းဆက်လိုက်တယ်။ ဝေက ဖုန်းကိုင်ပါတယ်။ ကျွန်တော့်အသံကြားတော့ ရှိုက်ကြီးတငင် ငိုပါတော့တယ်။

ဆု.. သူငါ့ဆီ မလာဘူးဟာ။ သူငါ့ကို မချစ်တော့ဘူးနဲ့ တူတယ်နော်။ သူ ငါ့ကို စိတ်ကုန်နေပြီနဲ့တူတယ်။ ဆုရယ် ငါ သူ့ကို မခွဲနိုင်ဘူး။ သူ့ကို ငါ အရမ်းချစ်တယ်ဟာ။

ကျွန်တော် ကြောင်သွားမိတယ်။ ပြီးတော့ ရုတ်တရက် ဘာပြန်ပြောရမလဲ မသိတော့ပါ။

ဆု နင်ကလဲ ငါ့ကို ပစ်ထားတယ်။ နင် ငါ့ဆီကို မလာဘူးနော်။ နင်လာချင်ရင် အလွယ်လေးပါဟာ။

ကျွန်တော် ရင်ဆို့သွားမိတယ်။ ကျွန်တော် ပြောချင်ရာကို ပြောချတော့မယ်။ ကျွန်တော့်ရင်တစ်ခုလုံး တင်းကျပ် မွန်းနစ်လို့။

ဝေ.. ငါပြောတာကို သေချာနားထောင်နော်။ အရင်ဆုံး မငိုပါနဲ့ဦးဟာ။ နင့်မျက်ရည်တွေကို သိမ်းလိုက်ပါ။ နင်ဘာ့ကြောင့် မျက်ရည်ကျရတာလဲ ဝေရယ်။ နင် သူ့အတွက်ကျတဲ့မျက်ရည်က တကယ်ရော ထိုက်တန်ရဲ့လားလို့ နင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါဦး ကလေးမရယ်။

ခနလေး ငါ့ကို ဘာမှ ပြန်မပြောပါနဲ့ဦး။ ငါပြောတာကိုပဲ အရင်ဆုံး နားထောင်ပေးပါ။
မှန်ပါတယ် ဝေ။ နင်သူ့ကို သိပ်ချစ်တာကို ငါသိပါတယ်။ ဒါပေမယ့် ဝေရယ်။ အချစ်ဆိုတာ လုပ်ယူလို့မရဘူး။ သူက နင့်ကို ချစ်တယ်မချစ်ဘူးဆိုတာထက် နင်က သူ့ကို ချစ်တယ်ဆိုရင် ချစ်နေဖို့ပဲ လိုတယ်။ ကျန်တာကို မစဉ်းစားပါနဲ့ဝေ။
ချစ်သူကို သိပ်ချစ်လို့တော့ ရပါတယ်တဲ့။ သိပ်တော့မမျှော်လင့်ပါနဲ့တဲ့။

ဟုတ်တယ် ဝေရဲ့။ ချစ်သူကို ချစ်တယ်ဆိုတာနဲ့တင် လုံလောက်နေပါပြီ။ ငါတို့ ဘာလို့ လောဘတွေကြီးပြီး ပြန်မျှော်လင့်နေကြမလဲနော်။ ချစ်သူကိုချစ်တယ်ဆိုရင် ငါတို့ လွတ်လပ်ခွင့်ပေးသင့်တာပေါ့။ သူ စိတ်ချမ်းသာမယ်ဆိုရင် လမ်းမှားမရောက်အောင်၊ သူ့ကို မထိခိုက်အောင် ငါတို့ ကာကွယ်စောင့်ရှောက်တာက လွဲရင် ကျန်တာအားလုံးကို ဖြစ်စေသင့်တယ်လို့ ငါကတော့ ယူဆတယ်။ ဘာလို့လဲသိလား။ ငါတို့ချစ်သူတွေက အရုပ်ကလေးတွေမှ မဟုတ်တာ။ ခံစားတတ်တဲ့ နှလုံးသားရှိတဲ့သူ၊ စဉ်းစားတတ်တဲ့ ဦးနှောက်ရှိတဲ့သူတွေလေ။ ဒါကို နင်ရော ငါရော သဘောပေါက်ထားဖို့တော့ လိုတယ်။


ရင်တို့ တင်းကျပ်သထက် တင်းကျပ်လာသည်။ စက္ကန့်တိုင်းတွင် အသက်ရှူမှုတို့ ပို၍ မြန်ဆန်လာခဲ့ပြီ။

ငါနင့်ဆီကို မလာချင်လို့ မလာတာမဟုတ်ပါဘူးဝေ။ ငါနင့်ကို ပစ်ထားတာလဲ မဟုတ်ပါဘူး။ အခု အပြင်မှာ နံနက်ခင်းပေမယ့် သိပ်ပူတယ်ဆိုတာ နင်အသိပါ။ ငါတစ်ညလုံး အလုပ်လုပ်ခဲ့ရတယ်ဝေ။ ငါသိပ်ပင်ပန်းနေတယ်။ ဒီလိုအချိန်မှာမှ ငါ နေပူထဲထွက် နင့်ဆီကို တက္ကစီ စီးပြီးလာ။ ပြီးရင် နင်နဲ့ စကားပြော စသည်ဖြင့် ငါလုပ်ရင် ငါ ဘယ်အချိန်မှာ အနားယူရမလဲ။ ငါ လဲကျသွားလိမ့်မယ်။ နှလုံးရောဂါအခံရှိတဲ့ငါဟာ ဒီလိုမျိုးသာ မိုက်မိုက်မဲမဲလုပ်လိုက်မယ်ဆိုရင်...။
ငါ မလုပ်နိုင်ဘူးဝေ။ ဘာလို့လဲဆိုတော့ ငါ့ရဲ့အနောက်မှာလေ ငါ့ကို ရင်နဲ့အမျှ စိတ်ပူစိုးရိမ်နေကြရမယ့် ငါ့ မိဘနဲ့ ငါ့ချစ်သူရှိနေတယ်။ ငါ သူတို့ကို သိပ်ချစ်တယ်ဝေ။ ဘာ့ကြောင့်များ ငါချစ်တဲ့သူတွေကို ငါ့အတွက်နဲ့ စိုးရိမ်စိတ်ပူစေမလဲနော်။ ဒါကြောင့်မို့ ငါမလာနိုင်ခဲ့တာကို နင်နားလည်ဖို့ ငါမျှော်လင့်ပါတယ်ဟာ။


အသံတို့ တိမ်ဝင်လာသည်။ လေညှင်းရဲ့ ပူလောင်မှုကို ခံစားလိုက်ရသည်။ သြော် … အေးစက်တဲ့လေအေးစက်ရဲ့ လေတောင် ခုတော့ ပူလောင်နေပြီပဲလေ...။

ငါ နောက်တစ်ခုပြောမယ်နော် ဝေ။ ငါတို့အခုရနေတဲ့ လက်ရှိအခြေအနေဟာ အရမ်းကို ကောင်းမွန်တယ်ဆိုတာ နင်ရော ငါရော ဒီမှာရှိသမျှလူအားလုံးရော အကုန်လုံးသိကြတယ်။ ဟော့ဒီတစ်နိုင်ငံလုံးမှာလေ .. ဟော့ဒီကမ္ဘာမှာ အလုပ်လုပ်နေကြတဲ့ မြန်မာတွေ အားလုံးထဲမှာလေ.. ငါတို့ရဲ့ အထက်မှာ ငါတို့ထက် သာတဲ့ Emirates Flight Crew ကလွဲရင် ငါတို့က အသာဆုံးဆိုတာ နင်သိပါတယ်။ လစာအနေနဲ့ရော.. နေထိုင်ရတဲ့ အဆင့်အတန်းအနေနဲ့ရော.. ရရှိတဲ့ အခွင့်အရေးတွေ အနေနဲ့ရော အစစ အရာရာမှာ ငါတို့က အသာဆုံးဆိုတာ နင်သိပါတယ်။ နင်တင်မဟုတ်ပါဘူး။ ဒီမှာ လုပ်နေသမျှ မြန်မာ အားလုံး သိကြပါတယ်။

ဒါကို ငါ ရန်ကုန်ပြန်တော့မယ် ဆုရယ်လို့ နင်လွယ်လွယ်နဲ့ ပြောထွက်ရက်တယ်နော်။ နောက်ပြီး နင်အလုပ်ကို မလေးစားဘူး။ ချစ်သူနဲ့ ရန်ဖြစ်စိတ်ကောက်တာနဲ့ နင် အလုပ်ကို မလာတော့ဘူး။ ခွင့်မယ့်ပျက်ကွက်တယ်။ နောက် နေမကောင်းဘူးဆိုပြီး MC Sick Leave တွေ ယူတာလဲ နင်များနေပြီ။ ဝေ .. နင် အဲ့လို လုပ်မယ်ဆိုရင်လေ အစထဲက ဒီစာမေးပွဲကို ၀င်မဖြေသင့်ခဲ့ဘူး။ နင် တစ်ယောက် အောင်ခဲ့လို့ နင့်အနောက်မှာလေ တကယ်ကို အလုပ်လိုအပ်နေတဲ့သူ၊ တကယ်ကို တော်တဲ့သူ၊ တကယ်ကို ပိုက်ဆံရှာပြီး အိမ်ကို ထောက်ပံ့ချင်တဲ့သူ၊ သူ့ဘ၀ကို သူ့လုပ်အားနဲ့ ရက်တည်ချင်တဲ့သူ တစ်ယောက် ကျန်ခဲ့ရတယ်ဆိုတာ နင်သိရဲ့လား ဝေ။ နင့်ကို ငါ သိပ်တစ်ကိုယ်ကောင်းဆန်တယ်လို့ မပြောရက်ပါဘူး။ ဒါပေမယ့် နင်စဉ်းစားသင့်တယ်။


ရှိုက်သံတို့ ပို၍ ပြင်းထန်စွာ နားစည်သို့ရိုက်ခတ်၏။ သနားလိုက်တာ ဝေရယ်..။ ရင်တွင် နက်ရှိုင်းခြင်းက စတင် ၀င်ရောက်၏။ လေညှင်းတို့ သြဘာပေးလေပြီ။

နင်ဘာလို့ ဒီကို လာခဲ့တာလဲ ဝေ။ ဒီကို ဘာရည်ရွယ်ချက်နဲ့ လာခဲ့တာလဲ။ နင့်အိမ်မှာ နင့်အဖေက ပေးတဲ့မုန့်ဖိုး အပြည့်အစုံ၊ နင့်အမေက ချက်ကျွေးတဲ့ ဟင်းကောင်းထမင်းကောင်းတွေစားပြီး နေလို့ရတဲ့နေရာကနေ နင်ဘာလို့ ဒီလို နေရာမျိုးကို တစ်ယောက်ထဲ ထွက်လာခဲ့ရတာလဲ။ အဲ့ဒါကို ပြန်စဉ်းစားပါချော။
ဒီမေးခွန်းတွေရဲ့ အဖြေကို ငါအရင်ဖြေပြပါ ဟုတ်လား ဝေ။ အဟက်။


( နာကျင်ရလွန်းလို့ ရယ်သံနှင့်မတူ။ ညည်းညူသံနှင့်တူနေမှာ သေချာပါတယ် သူငယ်ချင်းရယ်။ )

ငါပြောပြမယ် သေချာနားထောင်ပေးပါ ဝေ။ နင့်ကိုမေးခဲ့တဲ့ ငါ့ရဲ့မေးခွန်းတွေကို ငါကိုယ်တိုင် ဖြေပေးပါ့မယ်။ ငါဘာလို့ ဒီကို တစ်ယောက်ထဲ လာခဲ့ရသလဲသိလား။ ငါ တာဝန်ကျေချင်တယ် ဝေ။ ငါ့အတွက် ငါ့မိဘတွေကို ငါ တာဝန်ကျေချင်လို့ပါ။ ငါ့ရဲ့ ချွေးနဲစာနဲ့ ငါ ပင်ပင်ပန်းပန်း ဒုက္ခအရောက်ခံ၊ ဟင်းမချက်တတ်လို့ ဖြစ်သလို ကြိတ်မှိတ်သည်းခံ၊ အထီးကျန်ရလွန်းလို့ ခနခန တိတ်တိတ်လေး မျက်ရည်အကျခံလို့ ရလာတဲ့ ဟောဒီ လစာကိုလေ ငါ့အဖေနဲ့ ငါ့အမေကို ငါလတိုင်း ကန်တော့ချင်ခဲ့လို့ ငါဒီကို မျက်စိစုံမှိတ်လို့ လာခဲ့တယ်ဝေ။ ဒီ့အတွက် ငါနောင်တ မရပါဘူး။

ခနလေး… ငါ့ကို သမီးအလိမ္မာလေးလို့ မထင်လိုက်ပါနဲ့။ ပြီးတော့ ဆုက လိမ္မာလိုက်တာလို့လဲ မချီးမွမ်းပါနဲ့။ ငါက သမီး အလိမ္မာတစ်ယောက်ဖြစ်ရတာထက် တာဝန်ကျေတဲ့ သမီးကောင်းတစ်ယောက်ပဲ ဖြစ်ချင်ခဲ့တယ်။ အဲ့ဒါကြောင့် ငါတာဝန်ကျေဖို့အတွက် ငါ ဒီကို လာခဲ့တာပဲ ဝေ။ ငါ့မိဘတွေက ငါ ဒီလိုမလုပ်လဲ သူတို့ စားနိုင်သောက်နိုင် နေနိုင်တယ်ဆိုတာ ငါသိတယ်။ နင့်မိဘတွေလဲ အတူတူပါပဲ။ အိုဗျာ။ မိဘတိုင်းက ဒီလိုချည်းပါပဲ။

မိဘတွေကလေ ပါးစပ်ကတော့ ပြောတတ်ကြတယ်။ သားသမီးဆီက ဘာကိုမှ မမျှော်လင့်ပါဘူးတဲ့။ ဒါပေမယ့် ဝေရယ် .. နင်သိရဲ့လား။ မိဘတွေကလေ သားသမီးတွေဆီက မျှော်လင့်ခြင်း ငါးမျိုးနဲ့ အစဉ်သဖြင့် မျှော်လင့်နေတတ်ကြပါတယ်တဲ့။
သားသမီးတွေရဲ့ လိမ္မာသိတတ်ခြင်းကို
သားသမီးတွေရဲ့ ခြေဆုပ်လက်နယ်ကို

သားသမီးတွေရဲ့ ကန်တော့တာကို
သားသမီးတွေ အိမ်ထောင်ကျတဲ့အထိ မိဘနဲ့ အတူနေတာကို
သားသမီးတွေရဲ့ မြေးမြစ်တွေကို
ပါတဲ့။ အဲ့ဒီ မျှော်လင့်ခြင်း ငါးမျိုးကို မြတ်စွာဘုရားကိုယ်တော်တိုင် ဟောကြားသွားခဲ့တာ ဝေရဲ့။

ငါကလေ ငါ့မိဘအတွက် ဆိုးဝါးတဲ့ မွေးရကျိုးမနပ်လေခြင်း ဆိုတဲ့ အတွေးမျိုးကို ၀င်စေတဲ့ သမီးဆိုးတစ်ယောက်တော့ မဖြစ်ချင်ခဲ့ဘူး ဝေ။ ရတနာနဲ့ ရ တာ နာ မှာ ငါ ရတနာမဖြစ်ချင်နေပါစေ၊ ငါ့အမေအတွက်လေ ငါ ရ တာ နာ တဲ့ သမီးတစ်ယောက်တော့ မဖြစ်ချင်ဘူး။ ငါ့ကြောင့်မို့ ငါ့အမေမှာ စိုးရိမ်စိတ်ပူရလွန်းလို့ မျက်ရည်ကျတာမျိုး ငါမဖြစ်စေချင်ဘူး။ ငါ့အဖေမှာ အိပ်မပျော်ရတာမျိုး ငါမဖြစ်စေချင်ဘူး။
နင်သိရဲ့လားဝေ။ နင်ပြောခဲ့တယ်နော်။ ဒီမှာ ငါတစ်ယောက်ထဲ ဘယ်လိုနေရမှာလဲ ဆုရယ်လို့လေ။

ငါတို့ဒီကိုတောင် တစ်ယောက်ထဲ မိဘရင်ခွင် အိမ်ဦးခန်းကနေ ထွက်လာခဲ့ပြီးပြီ။ ဘာလို့ တစ်ယောက်ထဲမနေနိုင်ရမှာလဲဝေရဲ့။ အဲ့လိုမနေနိုင်တာနဲ့ပဲ၊ အဲ့လို စိတ်အားငယ်တယ် ဆိုတာကို အကြောင်းပြပြီး နင် ချစ်သူထားတော့ရော နင့်ချစ်သူက နင့်မိဘလောက် ကောင်းရဲ့လား။ နင့်ချစ်သူက နင့်ကို ရာခိုင်းနှုန်းပြည့်ချစ်ရဲ့လား။ နင့်ကို စိတ်ချမ်းသာအောင် ထားလို့လား။ ငါတော့ မထင်ဘူးဝေ။ နင့်ချစ်သူကြောင့် နင် ခနခန နေမကောင်းဖြစ်နေတယ်။ နင့်ချစ်သူကြောင့် နင် ခနခန ငိုနေရတယ်။ နင့်ချစ်သူကြောင့် နင် ခနခန စိတ်ဓါတ်တွေကျ စိတ်ညစ်နေရတယ်။ ဒါဟာ ကောင်းတဲ့ လက္ခဏာလားဝေရယ်။
မချစ်နဲ့လို့ ငါမပြောပါဘူး ဝေ။ ငါကိုယ်တိုင်လဲ ငါ့မှာ ငါသိပ်ချစ်ရတဲ့ ချစ်သူရှိနေတယ်လေ။ ငါဆိုလိုချင်တာက သူ့စည်းနဲ့ သူ ရှိနေဖို့ကိုပါ။

နင် ငါ့ကို ပြောခဲ့တယ်နော်။ သူ့မွေးနေ့ကို Laptop ကွန်ပြူတာ လက်ဆောင်အဖြစ် ၀ယ်ပေးချင်တယ်လို့လေ။
ဝေ .. ငါတစ်ခုပြောမယ်ဟာ။ ကွန်ပြူတာကလေ ၁လုံးကို မြန်မာငွေ ၁၀သိန်းလောက်ရှိတယ်နော်။ ငါ့ရဲ့ HP လိုမျိုးလိုချင်ပါတယ်လို့ ပြောခဲ့တဲ့နင်.. ငါ့ရဲ့ HP Pravillian DV 6zSeries ကလေ ဒီနိုင်ငံမှာ မြန်မာငွေ ဆယ်သိန်းကျော်တယ် ဝေရဲ့။ နင် သေချာ ပြန်စဉ်းစားကြည့်ပါဦး။ နင့်မိဘတွေဆီကိုတော့ ပိုက်ဆံ ပြန်မပို့ဘဲ နင်က ဒီလို လုပ်မယ်ဆိုရင်လေ... ငါတကယ် ရင်နာတယ် ဝေ။ နင်သာ ငါ့ရင်က ဖြစ်တဲ့ ငါ့သမီးဆိုရင်လေ ငါ ရင်နာရလွန်းလို့ ဘာလုပ်မိမလဲ မသိဘူးဟာ။

နင်လေ .. အဲ့ဒီ ပိုက်ဆံဆယ်သိန်းကို မေမေနဲ့ ဖေဖေတို့ မြန်မာပြည်အနှံ့ဘုရားဖူးထွက်ဖို့ သမီး ကန်တော့လိုက်ပါတယ်။ သီတင်းကျွတ်ကို ဘုရားဖူးသွားကြနော်လို့ ပြောလိုက်ရင်လေ.. အဲ့လိုလုပ်လိုက်မယ်ဆိုရင်လေ... နင့်အမေနဲ့ အဖေမှာ ဘယ်လောက်များ ကြည်နူးလိုက်မလဲနော်။ ငါတို့သမီးလေး ပို့တဲ့ပိုက်ဆံနဲ့ ငါတို့ ဘုရားဖူးရပြီ။ မွေးရကျိုးနပ်လိုက်တာ သမီးရယ်လို့ ဖွင့်မပြောရင်တောင်မှ ရင်ထဲ နှလုံးသားထဲမှာ ဖြစ်ပေါ်နေမယ်ဆိုတာ ငါရဲရဲကြီးပြောရဲပါတယ်ဝေ။ နင်အခု ပေးမယ်လို့ လုပ်နေတဲ့ အဲ့ဒီလူကလေ နင် အဲ့လို ပေးတာတောင်မှ တန်ဖိုးထားရဲ့လားဟင်။ နင် ဒီလို အမိုက်ခံပြီး ပေးမှာကိုတောင်မှ သူက သိပ်အလေးအနက်ထားတဲ့ပုံမျိုးမဟုတ်ဘူးနော်။ နင် .. နင့်ရဲ့ ပေးဆပ်ရမှုနဲ့ ထိုက်တန်ရဲ့လားလို့ ပြန်ကြည့်ပါဦးဟာ။

နေပါဦးဝေရဲ့။ နင့်ချစ်သူရှေ့ကနေ ငါ့ကို ဖြေရှင်းချက်တွေ လာမပေးပါနဲ့ဦး။ ငါက အပြင်လူပါ။ နင်တို့ကို ကြည့်လိုက်တာနဲ့ ဘယ်လိုအခြေအနေဆိုတာ ငါခန့်မှန်းနိုင်ပါတယ်။ နင် သူ့ကို ယူမှာ မဟုတ်ဘူးဆိုတာ သူကလဲ နင့်ကို ယူမှာ မဟုတ်ဘူးဆိုတာ နင်ကိုယ်တိုင် ဖွင့်ပြောထားလို့ ငါသိပြီးသားပါ။ နင် သေချာ စဉ်းစားပေါ့ဟာ။ နင့်မှာ စဉ်းစားတတ်တဲ့ ဦးနှောက်တစ်လုံး ပိုင်ဆိုင်နေတာပဲ။

နောက်ပြီး ထိပ်ထားဝေ ဆိုတဲ့ ထက်မြက်တဲ့ တော်တဲ့ သတ္တိရှိတဲ့နင်ကလေ ခုလိုမျိုး ကျရှုံးနေတာ ပျော့ညံ့နေတာကို ငါ မမြင်ရက်ဘူး။ ငါနင့်ကို နှမြောလိုက်တာ ဝေရယ်။ ပြီးတော့ နင့်ကြောင့်မို့လို့ နင့်အမေမှာလေ စိတ်ပူပြီး မျက်ရည်ကျနေရတာတွေ.. နင့်ကြောင့်မို့လို့ နင့်အဖေမှာ ပိုပြီး စိတ်ပင်ပန်းရတာတွေ။ ဒါတွေကို နင်ကြည့်နေရက်လားဝေ။

ငါလေ.. ငါ့ဘ၀မှာ အကြောက်ဆုံးက ငါခုလို အဝေးရောက်နေတဲ့အချိန် ငါ့မိဘက ငါ့ကြောင့် စိတ်ပူနေရမှာ မျက်ရည်ကျရမှာကိုပဲ ဝေ။ ဘာလို့လဲသိလား။ ငါတို့က အခု အန္တရာယ်ရဲ့ တံခါးဝမှာ နေထိုင်နေကြတာ။ အချိန်မရွေး ဒုက္ခရောက်နိုင်တယ်။ ဒီလိုအချိန်မျိုးမှာ မိဘတွေပို့သတဲ့ ကြည်လင်တဲ့… ငါ့သမီးလေး ကျန်းမာပါစေ ချမ်းသာပါစေ၊ မိဘကို သိတတ်တဲ့သမီးလေး မိဘကို စိတ်ချမ်းသာစေတဲ့သမီးလေး ဘေးကင်းပါစေဆိုတဲ့ မေတ္တာပို့သတဲ့ စူးရှတဲ့မေတ္တာဟာ ငါတို့တစ်ယောက်စီရဲ့ လမ်းခရီးမှာ မိုးပေးထားတဲ့ ထီးတွေ ဖြစ်တယ်ဝေ။ ကာကွယ်ပေးထားတဲ့ ဒိုင်းတွေဖြစ်တယ်။ ဒါကို နင်ခံစားမိရဲ့လား။ ဒါ့ကြောင့် ငါ ဆိုးရွားတဲ့ သမီးတစ်ယောက် မဖြစ်ချင်ဘူး။ တာဝန်ကျေတဲ့ သမီးကောင်းတစ်ယောက်ပဲ ဖြစ်ချင်တယ်လို့ ပြောခဲ့တာပါ။

ငါက တစ်နေ့ လက်ထက်ရမယ့်သူတစ်ယောက်ပါ ဝေရယ်။ တိတိကျကျ ပြောရရင် နောက်လေးနှစ်ရဲ့ ဒီဇင်ဘာလ ၇ရက်နေ့မှာ ငါလက်ထက်ရမှာပါ။ ငါ့မှာ တရားဝင် စေ့စပ်ထားတဲ့ ချစ်သူရှိနေခဲ့တယ် .. အဲ့ဒီချစ်သူက ငါ့ကို လေးနှစ်ပဲ အချိန်ပေးလိုက်တယ်ဆိုတာ နင်သိမှာပါနော်။ ဒီလေးနှစ်အတွင်းမှာ ငါ့မိဘအတွက် ငါကြိုးစားရမယ်။ ဒီလေးနှစ်အတွင်းမှာလေ ငါ တာဝန်ကျေရမယ်။ အဲ့လိုပဲ ငါ့အမျိုးသားအပေါ်မှာလဲ တာဝန်ကျေရမယ်ဆိုတဲ့စိတ်မျိုးနဲ့ ငါ့နေရက်တွေကို ငါ ကျော်ဖြတ်နေတယ်ဝေ။
လူတစ်ယောက်အဖြစ် ရှင်သန်နေတဲ့အချိန်မှာလေ .. ဘယ်အရာကိုမှ မဖြစ်မြောက်ရင်နေပါစေ။ ကိုယ့်တာဝန်တော့ ကိုယ် ကျေတာ အကောင်းဆုံးပါပဲဝေရယ်။ ဒါကို နင်နားလည်နိုင်ပါစေ လို့ ငါဆန္ဒပြုပါတယ်။

နင်ပြောခဲ့တယ်နော်။ နင်စိတ်ညစ်တိုင်း နင် စိတ်မချမ်းမသာဖြစ်ရတိုင်း ငါ့ကိုသတိရတယ်လို့လေ။ ငါက သိပ်ကို တည်ငြိမ်လွန်းတယ၊် အေးဆေးလွန်းတယ် လို့ နင်ပြောခဲ့တယ်နော်။
အမှန်က ငါက သိပ်ကို ကလေးဆန်ခဲ့တဲ့သူပါဝေရယ်။ ပြီးတော့ တစွတ်ထိုးလဲ အမြဲနိုင်ခဲ့တဲ့၊ ငါလုပ်ချင်ရာကို လုပ်တတ်ခဲ့တ၊ဲ့ ခေါင်းအရမ်းမာတဲ့ သူတစ်ယောက်ပါ။ ဒါပေမယ့်ဟာ..
အဲ့ဒါတွေက တစ်ခြားအရေးမပါတဲ့ ဘ၀ရဲ့ အစိတ်အပိုင်းတွေမှာသာ ထားတာကောင်းပါတယ်။ တကယ့် အရေးကြီးတဲ့အရာတွေမှာတော့ ငါတို့ ငြိမ်သက်အေးဆေးဖို့လိုတယ်။ လိုအပ်လာရင် သွေးအေးတတ်ရမယ်။ ကြုံလာသမျှကို မလှုပ်မယှက် ကြံ့ကြံ့ခံ အပြုံးနဲ့ ရင်ဆိုင်နိုင်ရမယ်။ ၀မ်းသာသည် ဖြစ်စေ ၀မ်းနည်းသည်ဖြစ်စေ စိတ်ထဲက အလွယ်တကူ ထုတ်နိုင်ရမယ်။ အဲ့လိုမှ မဟုတ်ရင် ငါတို့ တစ်ယောက်ထဲ ခုလို မိဘရင်ခွင်၊ ကိုယ့်ကို ချစ်ခင်တဲ့သူတွေရဲ့ ရင်ခွင်တွေနဲ့ ဝေးကွာနေတဲ့ သူစိမ်းတွေအလယ်မှာ ဘယ်လိုရပ်တည်ကြမလဲလေ။ ဒါကို နင်သိထားဖို့လိုအပ်ပါတယ်။ နင်က ဆယ်ကျော်သက်မှ မဟုတ်တော့တာ။ ငါတို့တွေရဲ့ အသက်တွေကလေ ၂၂ နှစ် ပြည့်ဖို့ လပိုင်းလောက်စီပဲ လိုကြတော့တာ မဟုတ်လား။ စိတ်ဓါတ်ရေးရာမှာ ရင့်ကျက်သင့်ပြီ သူငယ်ချင်း။

နောက်ဆုံးအနေနဲ့ ငါ ပြောလိုက်ပါရစေ ဝေ..။ နင်တစ်နေ့ သမီးလေးမွေးလာခဲ့လို့ရှိရင်လေ နင့်သမီးလေးက နင် အခုလုပ်နေသလိုမျိုး ပြန်လုပ်ခဲ့မယ် ဆိုရင် .. ဆိုတဲ့ အတွေးမျိုးနဲ့ နင် ခံစားကြည့်ပါ။ နင့် အမေကို နင် ကိုယ်ချင်းစာလာပါလိမ့်မယ်။ စိတ်မပျော့ပါနဲ့ သူငယ်ချင်း။ အချစ်နဲ့ တာဝန်ကျေတဲ့လူသားဆိုရင်လေ .. ငါတို့က ဆယ်ကျော်သက် ကလေးတွေမဟုတ်တော့တဲ့အတွက် တာဝန်ကျေတဲ့ လူသားတစ်ယောက်အဖြစ် သူ့ကို ချစ်ကြည့်လိုက်ပါ။
နင်ပျော်ရွှင်လာပါလိမ့်မယ် … ကလေးရယ်…။



( ကျွန်တော့်သူငယ်ချင်း အတွက်ပါ.. ဒီ အကြောင်းအရာက အဖြစ်မှန်ဖြစ်ပါတယ်။ ဆု ဆိုတာ ကျွန်တော်ကိုယ်တိုင်ပဲဆိုတာ စာရှုသူများ သိပြီးဖြစ်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့ နောက်နာမည်တစ်မျိုးက ရှင်ဆုပြည့်ဖြစ်နေခဲ့လို့ပါ။ ဒီဖြစ်ရပ်လေးကို အမည်နာမတွေ လွှဲရေးခဲ့ရတာကတော့ ကာယကံရှင်တွေကို အားနာတဲ့စိတ်ကြောင့်ပါပဲ။ ထိခိုက်နစ်နာပါစေတော့ဆိုတဲ့ ဆန္ဒ တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ တနင်္လာသမီး ငါ့ရဲ့သူငယ်ချင်းရေ.. နင် ခွင့်လွှတ်တယ်ဟုတ်။ =)
သူငယ်ချင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ တက်ဂ်တဲ့ အပျိုကြီးမနင်းလဲ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မနင်းကလဲ အတက်ဂ် ကျနော်ကလဲ ဒီပြဿနာနဲ့ အကြုံ တိုက်ဆိုင်သွားလို့ ကျွန်တော့်သူငယ်ချင်းအတွက် ကျွန်တော်ပြောချင်တဲ့စကားတွေကို ချရေးလိုက်ပါတယ်။ ရင်နှင့်အမျှပေါ့။ )

( သြော် .. မေ့တော့မို့.. ကျွန်တော်ကလဲ ပြန်တက်ဂ်ပါရစေဗျာ။ ကျွန်တော့်အကို ဂျစ်ကို အိုက်ခီလောက်။ နောက် ကျွန်တော့်ကို တက်ဂ်ထားလို့ ကျွန်တော် လက်စားပြန်ချေလိုက်မယ်နော် ကျွန်တော့်အကို ကိုည ( တလနွန် ) နဲ့ ကိုနေ ( နေညိုရင့် ) တို့ကို။ ကျွန်တော်နဲ့ ၇နှစ်တိတိ ကွာတဲ့ ကိုဂျီးစိန် ( ဖိုးစိန်) ၊ကျွန်တော်ချစ်ရတဲ့ မမမေ ( ဆုံနိုင်ခွင့် … နေ့ရက်လေးများ ) နဲ့ အပျိုကြီး မဖူးတဲ့ ငုံ၊ ပလုံးလေး ( ချစ်ပါးလုံး )၊ မြူး ( မြူးသျှရီ )
တို့ပဲ ဖြစ်ပါတယ် ခင်ဗျာ။ စိတ်မဆိုးကြေးနော်။ အဟိဟိ။ )

Monday, June 1, 2009

ရိုးရိုး လေး



ရိုးရိုးလေးပါ ...
အိမ်ရှေ့က မြေနီလမ်းဘေး
တောပန်းလေးတွေ နေ့တိုင်းမပွင့်ရင်တောင်
အိပ်ယာကနိုးတဲ့ မနက်ခင်းတိုင်းမှာ
နင့်မျက်နှာလေးကို အရင်ဆုံးလွမ်းနေခဲ့တာ ..။

ရိုးရိုးလေးပါ ...
ဘ၀ရဲ့လမ်းမတွေပေါ်
လောကဓံနဲ့ အပြေးပြိုင်နေပေမယ့်
ခက်ထန်တဲ့ နင့်စကားသံစိမ်းစိမ်းကိုတော့
ရင်ဆိုင်ဖို့ အမြဲကြောက်ရွံနေခဲ့တာ ..။

ရိုးရိုးလေးပါ ...
ဂျူလိုင်ရဲ့ ရက်စွဲတွေထဲ
မိုးရွာရင်ပျော်နေတတ်တဲ့ ငါက
နင့်မျက်ဝန်းညိုမှာ မိုးတွေစိုလာရင်တော့
အငိုတိတ်ဖို့ အမြဲနှစ်သိမ့်ပေးခဲ့တာ ...။

ကောင်မလေးရေ ...
နင့်ကိုမြတ်နိုးတဲ့ ငါ့အသိစိတ်
နင်နဲ့ပတ်သက်ရင် နာကြင်ကြေကွဲလွယ်တဲ့ ငါ့နှလုံးသား
ပြောခွင့်မရခဲ့တဲ့ ရင်ထွက်စကားတွေက
နင်သာမြင်နိုင်ခဲ့မယ်ဆိုရင် ရိုးရိုးလေးပါဟာ ......။

( ' မင်း ' ရေးသော ကဗျာ )