အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Monday, April 26, 2010

မှားနေတဲ့ကဗျာ

ခေါက်သိမ်းထားတဲ့
နေ့ရက်အမှားတွေက
မဲ့ပြုံးတွေနဲ့ သိုသိုသိပ်သိပ်
လိပ်ပြာတစ်ကောင်လို
အတောင်ပိတ် နှုတ်ဆိတ်နေကြ
ညကိုသရုပ်ဆောင်ထားတဲ့
ဒီပြဇာတ်က
မိုးသောက်မှထွက်မယ်
မှားနေတဲ့နွေ
ဆောင်းရဲ့ ဒီညမှာ
ခဏလာနေခဲ့လား..
ခြောက်သွေ့
အက်ကွဲ
အသိဥာဏ်တွေမွဲလို့
စကားလုံးတစ်ချို့ရဲ့ အရိပ်ကို
အမှောင်မှာ ကုန်းရုန်းရှာ
သွေးတစ်စက်ရဲ့ ရင့်ကျက်ခြင်းလို
အတိမ်အနက်ကို နားမလည်
လှမ်းတတ်နေရင်း နိမ့်ကျခဲ့ရ
အ၀င်အထွက်တိုင်းမှာ
အသက်ရှုသံ အမှား
စည်းချက်တိုင်းမှာ
နှလုံးခုန်သံ အမှား
မှင်နီတွေတားထားရက်နဲ့
ဒီစာသားထဲမှာပဲ အကြိမ်ကြိမ်ထပ်မှား
တစ်ကွက်မှားတော့
ကိုယ်တိုင်စားဖို့ ထိုးကျွေးရမယ့်ကျား
ဘယ်ခြေနဲ့ အရင်သွားသွား
နာရီအကြီးအသေးပဲကွာမယ်
တစ်စက္ကန့်ရဲ့ အကွာအဝေးကတော့
မှားနေကျအတိုင်း
မှားမနေခဲ့ပါ
အသိမှားတွေသာ
စည်စည်ကားကား
လာရာလမ်းကို နောက်ပြန်သွားနေကြပြီ။

မင်း

Tuesday, April 13, 2010

ရေစိုအလွမ်း

အခုအချိန်ဆို
အဝေးက ရွှေရောင်ကောင်းကင်မှာ
မြို့မငြိမ်းရဲ့ သီချင်းသံတစ်ချို့
လွင့်ပျံနေလောက်ရောပေါ့..

ဥသြကတော့
သူလိုကိုယ်လို ငှက်ကလေးတစ်ကောင်ပါပဲ..
ဒီတိုင်းပြည်လေးရဲ့ နွေအလှကိုဖေါ်ညွှန်းပြဖို့
သူကတာဝန်ယူထားလေရဲ့..

လွမ်းတယ်..
လေရူးတွေကြားက လက်ဆေးမိုးရဲ့ရနံ့တွေကိုလွမ်းတယ်..
ပင်လုံးကျွတ်ပွင့်တော့မယ့် ရွှေဝါရောင်ပန်းလေးတွေကို လွမ်းတယ်..
လမ်းထိပ်က အုန်းလက်မဏ္ဍပ်လေးကို လွမ်းတယ်..
မုန့်လုံးရေပေါ်ကို လွမ်းတယ်..
ပါးထက်က ရေစိုနေတဲ့ပါးကွက်ကြားကြားလေးကို လွမ်းတယ်..

တာဝန်ဆိုတဲ့
ခေါင်းစဉ်ကြီးကြီးနဲ့ စာအုပ်ထူထူတွေကြားမှာ ညှပ်ထားတာတောင်
ဘ၀က ခေါက်ရိုးမကျချင်သေးဘူး..
ပိတောက်တွေရဲ့ အိပ်မက်မှာ
ဒီကောင်ပါခွင့်မရတာ
နွေအဆက်ဆက်တောင် ကြာပြီလေ...။

မင်း


Sunday, April 11, 2010

အလွမ်း ..

ဝန်းကျင်ဝဲယာမှာ
ပုံရိပ်တွေ အုပ်မိုးကြ..
သက်ပြင်းတစ်ရှိုက်တိုင်း
ဝိညာဉ်တစ်စိတ်တစ်ပိုင်း
ပျော်ဝင်ပျောက်ဆုံးသွားတာ..၊
ခြေရာတွေချန်ရစ်ပါ..
သိမ်ငယ်စွာ
နာရီတွေရေတွက်မိနေခဲ့
အလင်းတွေကိုစောင့်ရင်း
အသံမဲ့..
(တစ်နည်း)
ဆူညံပေါက်ကွဲစွာ
ငါ.....
လွမ်းလို့.....။ ။


လင်းစက်ရာ

Tuesday, April 6, 2010

ရိုးသားစွာ ငါယုံကြည်ခဲ့တယ်

ဇန်န၀ါရီတွေဟောင်းလို့ ဧပြီကိုတောင် ခုန်ကူးခဲ့ပြီ
နှင်းငွေ့တွေပျောက်လို့ ရော်ရွက်ဝါတွေတောင် ကြွေခဲ့ပြီ
အိမ်ပြန်လမ်းကိုမျှော်လင့် စောင့်စားခဲ့တဲ့နေ့ရက်တွေလဲ
တစ်နေ့ထက် တစ်နေ့ ပြောင်းခဲ့ပြန်ပြီ
ပုပ်သိုးဟောင်းနွမ်းမသွားတဲ့ အရာတွေထဲ အချိန်ဆိုတဲ့ ဒြပ်တစ်ခုကတော့
အပေါ့ဆုံးလို့ လူတိုင်းယူဆနေတဲ့ အလေးဆုံးအရာဆိုတာ
ပါးပါးလေး သဘောပေါက်မိပြန်ပါရဲ့

ဟော .. ဆောင်းခိုငှက်တွေ အိမ်ပြန်ချိန်
ဥသြငှက်တွေ ပျော်ပွဲစားထွက်ဖို့ပြင်နေကြပြီ
ကျီးတွေအာရင် ဧည့်သည်လာမယ်တဲ့
မျှော်သာမျှော် ပေါ်မလာတဲ့ ဧည့်သည်အတွက်
ရောင်နီရေးရေးလေးတောင် ထွန်းလင်းခွင့်မရခဲ့ပါလား
သည်းသည်းမဲမဲရွာတတ်တဲ့မိုးတွေတောင် (တစ်ချိန်ချိန်မှာ) စဲခွင့်ရကြသေးတယ်..
သက်တန့်ပေါ်ချိန်မှာ ရှိနေခွင့်တော့ ရချင်သေးတာပေါ့

မိုးတွေရွာတိုင်း နင့်ကိုလွမ်းတယ် ..
လွမ်းတိုင်း ငါ့မျက်ဝန်းမှာ မိုးတွေရွာတတ်ခဲ့တယ် ..

ခံစားချက်ကိုသာ ဥယျာဉ်ထဲမှာ စိုက်ပျိုးခွင့်ရမယ်ဆိုရင်
အလွမ်းပင်တွေသာ ရပ်တည်နေခဲ့တော့မှာ
ရိုးရာမပျက်တဲ့ အဆင်အလာတွေက ရိုးရာကို စောင့်ထိန်းနေပြန်ရဲ့
ရာဇ၀င်မှာ ခူးဆွတ်ခံဖို့ ပန်းတစ်ပွင့် (သခင့်အတွက်) ပွင့်နေခဲ့တာကြာပြီ
ဟော .. ပြောရင်းဆိုရင် ပထမဆုံး နှင်းပွင့်တွေကို ဖြန့်ကျဲဖို့ တိမ်တွေတောင် အရှိန်ယူနေကြပြန်ပြီ
ဥသြငှက်တွေ အလည်လွန်လို့ ဆောင်းခိုငှက်တွေ အိပ်တန်းက ထွက်ခဲ့ကြပြန်ပြီ
ရာသီတွေ ပြောင်းလို့ သစ်ကိုင်းတွေတောင် ခိုတွဲကျကုန်ပြီ
ငါ့မျက်ဝန်းမှာတော့ ဥတုတစ်ခုထဲ ရပ်တည်နေဆဲပဲ

ချစ်သူရယ်
သုံညဆိုတဲ့ဂဏန်းတစ်လုံးမှာ ဘာများ အထင်ကြီးစရာ ရှိနေသေးလို့လဲလေ
တကယ်က သုညဆိုတာ
(ဘာမှမသိခြင်းရဲ့)
တန်ဖိုးမဲ့မဟုတ်လား ..

Friday, March 12, 2010

နှင်းမှုန်တို့ဖြင့် ငွေ့ရည်ဖွဲ့ဖူးသော မိုးရာသီ

ဟိုးအဝေးက ဖျော့ဖျော့လွင်လွင်
တစ်သွင်သွင်တိုက်နေတဲ့လေတိုးသံတွေကြားမှာ
ညနေကမှုန်တည်မှုန်ကုတ်နဲ့
အိပ်ယာနိုးစ ကြယ်မလင်းတလင်းအချို့နဲ့အပြိုင်
နှင်းလာမယ့်လမ်းမှာ
ကျွန်တော်နဲ့ကျွန်တော့်ရင်ခုန်သံတွေသာ စူးလက်တောက်ပလို့။

နှင်းရေ..
မြောက်ပြန်လေတွေမတိုက်ခင်ကတည်းက
ဆောင်းဆိုတာ ကျွန်တော့်ရင်မှာ အကြိမ်ကြိမ်မိုးသောက်ခဲ့ပေါ့

ကျွန်တော်ဆိုတာ
အိမ်မက်တွေအကြောင်းဖွဲ့သီတတ်တဲ့
စကားလုံးတစ်ချို့မှာ နှင်းကိုဘယ်လောက်မြတ်နိုးကြောင်း အကြိမ်ပေါင်းများစွာ အသက်သွင်းတတ်တဲ့
လူအလူနလေးတစ်ယောက်ပါကွယ်။

ဟော့ဒီလမ်းကလေးတစ်လျှောက်
နှင်းရဲ့ခြေလှမ်းအရုတ်အသိမ်းတိုင်းမှာ
ကျွန်တော့်အသက်ဓါတ်တွေ တစ်ခဏစာ ချုပ်ငြိမ်းသွားခဲ့ဖူးတယ်နှင်း..
အဲ့ဒီခဏငယ်မှာ ကျွန်တော့်ဝိဥာဉ်က
နှင်းမျက်နှာပေါ်ကမွှေးညှင်းနုနုလေးတွေကို တိတ်တဆိတ်ယိမ်းလှစေမယ့်
လေပြေရှိန်းမြမြလေးဖြစ်ချင်တယ်..
နှင်းအတွက်အအေးဓါတ်တွေကို ဟိုးအဝေး တောင်တန်းကြီးတွေဆီကနေ
ကျောပိုးသယ်ဆောင်လို့ပေါ့..

ဒီလို လ မသာတဲ့ညတွေမျိုးမှာတောင်
နှင်းအငွေ့အသက်နဲ့ ပန်းကလေးတွေပွင့်လာအောင်
ကျွန်တော်ပျိုးတတ်ခဲ့ပြီလေ..
ရိုမီယိုနဲ့ကျွန်တော် ဘယ်သူပိုချစ်တတ်လည်းမသိဘူးနှင်း..
ရှိတ်စပီယားရှိသေးမယ်ဆိုရင်
မေးကြည့်ချင်ရဲ့..
ကျွန်တော်ဆိုတဲ့ လူအလူနလေးရဲ့မှတ်ညဏ်ဟာ
နှင်းအပြုံးတွေထာဝရ ချိတ်ဆွဲပြသရာ
ကိုယ်ပိုင်ပြခန်းငယ်တစ်ခုပါ..

ဝတ်မှုံတို့ရဲ့ဆောင်းဦးရာသီထဲမှာ
ခရမ်းပြာရောင်အိမ်မက်တွေဖန်ဆင်းရင်း
ကျွန်တော့်ရဲ့မျှော်လင်းခြင်းတွေကို အသက်သွင်းခွင့်ပေးပါနှင်း..
နှင်းမသိပေမယ့်
တစ်ချက်ချက်မြည်ရင်း ကျွန်တော့်ကိုအားပေးရှာတဲ့
ဟော့ဒီနာရီစင်အိုကြီးသိတယ်နှင်း
နှင်းနာမည်ကို အထပ်ထပ်ရေးချ
စာရွက်တွေနဲ့ရှုပ်ပွ တေလေနေတဲ့
ကျွန်တော့်အခန်းငယ်လေးသိပါတယ်နှင်း..
ပန်းပွင့်တွေရဲ့ဂီတကိုမက်မောစားသုံးတတ်တဲ့
ဥာဥ့်ဦးရဲ့လရောင်အောက်က
တစ်စက်စက်ကျနေတဲ့အလွမ်းညတွေကို
နှင်းမသိပေမယ့် …
နှင်းသိနိုင်မှာမဟုတ်ပေမယ့်လည်း…
ကျွန်တော်လွမ်းနေအုံးမယ်နှင်းရယ်။

အဲ့ဒီအလွမ်းမှာ ကမ္ဘာကျော်တီးလုံးတွေမပါပါဘူး..
အထူးပြုလုပ် သရုပ်ပြကွက်တွေမပါပါဘူး..
နံရံထက်က အိမ်မြှောင်စုတ်ထိုးသံသဲ့သဲ့ကို နားထောင်ရင်း
ထီးထီးမားမားကြီးရပ်နေတဲ့ နာရီစင်ထက်က ကောင်ကင်ကိုကြည့်ရင်း
ကျယ်ပြန့်မျောလွင့် စူးစူးနင့်နင့်နဲ့လွမ်းတယ်နှင်း။

ရင်ခွင်ရဲ့တစ်ခြမ်း.. အိမ်မက်ရဲ့အလင်း
ကျွန်တော်ဆိုတာနှင်းအတွက် ဖြစ်တည်မှုသက်သက်ကောင်ပါ..
ဒိုင်ယာရီမှာမရေးဖြစ်ခဲ့တဲ့ နံနက်ခင်းတွေထဲအိပ်ယာထရင်း
နှင်းကိုကဗျာလေးတစ်ပုဒ်လိုချစ်တဲ့ လူငယ်တစ်ယောက်ရဲ့ရာဇ၀င်ဟာ
သိပ်တော့ကဗျာမဆန်ခဲ့ပါဘူးနှင်း..

အလင်းဖျော့ နွေအလီလီကိုဖြတ်ကျော်ခဲ့ပြီးမှ
ပြုစားခဲ့ထားရတဲ့ သစ်သီးတစ်လုံးကိုစားမိသလို
အယောင်ယောင်အမှားမှားနဲ့
ချစ်ခြင်းမေတ္တာရဲ့ဘာသာစကားကို နားမလည်တဲ့ ကျွန်တော့်နှလုံးသားက
နှင်းဆိုတဲ့ မျက်ဝန်းပြာလေးတစ်စုံရဲ့ရှေ့မှောက်မှာ
တိတ်တဆိတ်ကျပျောက်ခဲ့ဖူးတယ်..

ကျွန်တော့်လက်ဖ၀ါးတစ်ဖက်ကို ငုံ့ကြည်လိုက်တိုင်း
နှင်းရဲ့လက်ဖ၀ါးတစ်ဖက်ကို တွေ့နေ့ခဲ့ရတဲ့ နေ့ရက်တွေမှာ
ကျွန်တော်ရဲ့ကမ္ဘာကြီးတစ်ခုလုံး
နှင်းရဲ့ အသက်ရှုသံတိုးတိုးလေးနဲ့ဖုန်းလွှမ်းသွားခဲ့ဖူးတယ်..
တစ်ကယ်တော့ နှင်းဆိုတာ ကျွန်တော့်အတွက်
မှော်ဝင်နေတဲ့ပုံပြင်လှလှလေးတွေကိုပြောပြတတ်သူ အစိမ်းရောင်ထီးလေးတစ်လက်..
ပန်းတို့ရဲ့ဘာသာစကားကို သင်ကြားပေးတတ်တဲ့
နှုတ်ခမ်းပါးပါးလေးတစ်စုံ..
ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်ရဲ့ဘ၀မှာ
အိပ်ယာကနိုးတိုင်းလွမ်းရတတ်တဲ့
အိမ်မက်ဦးတို့တည်နေရာအရပ်ပါ နှင်း..

အဘယ်နတ်ဘုရားရဲ့ ကျိန်စာတွေကြောင့်လဲ
သွေ့ခြောက်ညိုမွဲ ရိုးတံရွက်ကြဲကြဲတွေနဲ့အပြိုင်
ကျွန်တော့်ရင်ဟာ နှင်းမရှိတဲ့ဆောင်းမှာ ပြာရီအက်ကွဲနေတယ်လေ..
ဒါပေမယ့်..
ဒါပေမယ့်နှင်းရယ်
အုတ်နီရောင်လေးထပ်ဆောင်ရှေ့က လမ်းကလေးပေါ်မှာ
နှင်းကိုယ်ငွေ့သန့်သန့်ကို လေပြေမှာရလိုရငြား
ရှာနေမိတဲ့ ကောင်လေးတစ်ယောက်ဟာ
အခါခါသေဖူးတာတောင်မှ ပျဉ်းဖိုးနားမလည်သေးပါဘူးနှင်း။

စိမ်းစိမ်းကျော့ကျော့ဝေးသွားပေမယ့်
ဖျော့ဖျော့လေးပဲ ကျွန်တော်တွေးကြည့်ပါရစေနှင်း
အပြစ်ဆိုတာ တင်လိုက်ရင်ပျောက်သွားတတ်တဲ့အရာလား..
ကျွန်တော်ဘာကိုမှ အပြစ်မတင်တော့ပါဘူး
ကျွန်တော့်ဆိုတဲ့ လ ကလေးကလည်း
ကိုယ့်ဝါးလုံးခေါင်းထဲကိုယ်တောင်
ဖြောင့်အောင်သာနိုင်ခဲ့တာ မဟုတ်ဘူးလေ..
ကြယ်ကြွေသံတွေမကြားရတဲ့ကောင်းကင်မှာ
ဝါဂွမ်းရောင်တိမ်တိုက်တွေလို
လေနှင်တိုင်း လွင့်ချင်ရာလွင့်နေတဲ့ ဟော့ဒီကောင်က
စံပယ်ရနံ့တို့ပျံ့သင်းရာ ဥယျဉ်ရဲ့သခင်မကိုတွေ့မှ
ရင်ခွင်ကိုခွဲပြီး သည်းချင်တိုင်းသည်းခဲ့တာပါနှင်း..

နှင်းနဲ့ကျွန်တော်ဟာ မိုးနဲ့ဆောင်းလို ကျောချင်းကပ်နေခဲ့လည်း
ကျွန်တော်တို့နှစ်ယောက်ရဲ့ နွေဆန်ဆန် ကြမ္မာရိုင်းတွေကြောင့်
နှင်းကိုသတိရတိုင်း ငွေ့ရည်ဖွဲ့နေတဲ့ အလွမ်းညိုတွေက
ကျွန်တော့်ရဲ့မိုးရာသီကို
ဆောင်းအငွေ့အသက်တို့နဲ့ စွတ်စိုစေခဲ့ပါပြီနှင်းရယ်..။ ။

မင်း

Wednesday, March 3, 2010

အဲဒီအကြောင်း ကျွန်တော်ပြောဖူးပေါင်းများပြီ

အချစ်နဲ့ နူးညံ့စွတ်စိုတုန်း
လိမ္မော်ရည်ရောင်
နေ၀င်ချိန်တွေစောလွန်းတယ် ...။

စိတ်ဓာတ်တွေကပဲ
အရိုးအရင်းဆန်ခဲ့သလား
ရလိုမှုအတွက်
မတိုက်ခိုက်ချင်တော့..
ပန်းတိုင်တစ်ခုအတွက်
ခြေလှမ်းမရွေ့  ချင်တော့...
စွန်းထင်းထားတဲ့
အတ္တတွေ ခ၀ါချဖို့တောင်
ငါသွေးအေးနေသေးတယ်....။

ကဗျာတွေ
ကဗျာတွေ
ကဗျာတွေ
ငါဖန်ဆင်းခြင်းမဟုတ်
(လွတ်လပ်ပြင်းပြစွာ)
ညှို့  သိမ်းဖြစ်တည်နေတာ....။

သူမ
ငါဖန်ဆင်းခြင်းမဟုတ်
(လွတ်လပ်ပြင်းပြစွာ)
ညှို့ သိမ်းဖြစ်တည်နေတာ....။

ဆုလာဘ်တစ်ခုလို
ခိုးငေးဖူးတဲ့ ဆံနွယ်တွေကြောင့်
ပျော်ဝင်မှုတစ်ခုလုံး
ကတ္တီပါရောင်ထလာတယ်...။

ကြယ်ဝေး
လမ်းအိုဟောင်းတစ်ခုလို
အမှောင်ရိပ်ထဲ
တိတ်တဆိတ် ၊
စိတ်အပိုင်းအစအားလုံးရဲ့ 
မြတ်နိုးခြင်းနဲ့
ရင်ခုန်သံကို
ငါ ပြန်ငြင်းဆိုတယ်...။

တန်ပြန်သက်ဝင်မှုတွေ
မှိန်ဖျော့ထားမှန်းလည်းသိရဲ့ 
အရုဏ်လင်းဖို့
ညတစ်ခင်းလုံးထိုင်စောင့်သူလိုလေ ၊
အဲဒီလိုလည်း
ရူးခဲ့.....။

တစ်ဖက်တည်းလည်းမြည်တတ်တဲ့
လက်ခုပ်သံတွေရှိမှန်း...၊
တစ်ယောက်တည်းလည်း
ပြီးပြည့်စုံတဲ့
ရင်ခုန်သံတွေ ရှိမှန်း....၊
တစ်ပြိုင်နက်တည်းဖြစ်တည်တတ်တဲ့
ဝိရောဓိတွေရှိမှန်း....။
ဒီ ပြခန်းမှာ
အလွမ်းနည်းနည်းခင်းပြီး ပြောတယ်..။

ဇာတ်သိမ်းခန်းက
အခမ်းအနားမပါပဲ ပြီးဆုံးကြောင်း
ကိုယ့်ကိုယ်ကိုယ် ကြေငြာလိုက်တာ
(တကယ့်ကို)
ရင် အနာဆုံးပဲ.....။ ။

လင်းစက်ရာ

၁၃.၉.၀၉

Wednesday, February 17, 2010

စီးဆင်းနေသော မြစ်တစ်စင်းကဲ့သို့

အမှတ်တမဲ့
ခလုတ်တိုက်မိတာ
တစ်ဘ၀လုံးစာ
အလန့်တကြားဖျားတယ် ..

၂၀၀၃ခုနှစ်ရဲ့ ညနေပိုင်းတစ်ခု ..
အဲ့ဒီအချိန်က ကျွန်တော် အင်္ဂလိပ်စာကိုလေ့လာဖို့ အရူးအမူးဖြစ်နေတဲ့ အချိန်ပေါ့။ ကျွန်တော် မြို့ထဲက အင်္ဂလိပ်လူမျိုး အမျိုးသမီးကြီးတစ်ယောက်ဖွင့်ထားတဲ့ လူမသိ သူမသိ ကျူရှင်လိုသဘောမျိုး ဘာသာစကားဝိုင်းကို တက်ဖို့ သွားခဲ့တဲ့အချိန် ..
အဲ့ဒီ ညနေခင်းလေးတစ်ခုမှာပါပဲ ..

နူးညံ့မှုတွေ ပါးပါးလေး ဖုံးလွှမ်းထားတဲ့
အေးစက်တဲ့ မျက်ဝန်းတစ်စုံရဲ့အောက်
ယစ်မူးပျော်ဝင်
အဲ့ဒီည
ငါ ခနတာ သေဆုံးသွားတယ်။

အကျီအဖြူလေးဝတ်ထားပြီး မျက်မှန်တစ်လက်ကို တပ်ထားခဲ့တဲ့ သူ ..
လက်ခလယ်မှာ ကြောင်မျက်ရွဲလက်စွပ်တစ်ကွင်းကိုပဲ အမြတ်တနိုးဝတ်ထားတဲ့ လက်သည်းကို ညီညီညာညာလေး ညှပ်ထားတဲ့ အဲ့ဒီ လက်ချောင်း ဖြူဖြူသွယ်သွယ်လေးတွေကို ကျွန်တော် အမှတ်တမဲ့ ငေးကြည့်ခဲ့မိဖူးပါတယ်။ တစ်လောကလုံး ငြိမ်သက် .. အသံတွေ စွန့်အ .. ရာသီတွေ တိတ်ဆိတ်လို့ပေါ့။

တစ်စစနဲ့ ပျက်သုဉ်း
ပွင့်ချပ်တွေပြုန်းတီးလာတဲ့ည
အဲ့ဒီညမှာပဲ………
ကမ္ဘာမြေရဲ့ ဆောင်းမှတ်တမ်းအစထဲ
ရနံ့တွေ တလက်လက်ခြွေချရင်း
မိုးသောက်အမှီခူးဖို့
အိပ်မက်ဦးမှာ ပန်းတစ်ပွင့် ပွင့်ခဲ့ဖူးတယ်။

ဒီလိုနဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ဖူးတယ်။ ကျွန်တော့်ထက် ၉နှစ် ၅လနဲ့ ၁၄ရက်တိတိ ကြီးတဲ့သူ့ကို ကျွန်တော်က မမလို့ ဘယ်တုန်းကမှ မခေါ်ခဲ့ဖူးပါဘူး။ ကျွန်တော့်ကိုဆို လူကြီးတစ်ယောက်လို တည်ငြိမ်ရင့်ကျက်စွာနဲ့ ဆက်ဆံတတ်ခဲ့တဲ့ သူ့ကို ကျွန်တော်ဘယ်တုန်းကမှ အမတစ်ယောက်လို မဆက်ဆံတတ်ခဲ့တာ ကျွန်တော့်နှလုံးသားရဲ့ အပြစ်တစ်ခုပဲ ဆိုကြပါစို့ ..
ဒါပေမယ့်ဗျာ ..

အဲဒီလိုရူးဖို့
အခိုင်အမာ စီရင်ချက်ချရင်း
ခဏတာသေခွင့်ကို
ငံ့လင့်..
ငါ့ကောင်းကင်က
အစိမ်းရင့်ရင့် ဖြာတယ်...။ ။

ကျွန်တော့်ရဲ့ နေ့ရက်တွေတိုင်းမှာ သူအမြဲဖြစ်နေခဲ့ဖူးပါတယ်။
အတူထိုင်ခဲ့ဖူးတဲ့ အင်းဝစာအုပ်တိုက်ဘေးက ကော်ဖီဆိုင်လေး၊ ၃၆လမ်းထဲက ကြေးအိုးဘုရင်၊ လှည်းတန်းက မစ်စတာဘရောင်း၊ နောက် ... အစုံပါပဲဗျာ။
ကျွန်တော့်ရဲ့ ကျူရှင်ကို ကျွန်တော်ဖုန်းဆက်လိုက်တိုင်း ရောက်လာတတ်ခဲ့တဲ့သူ၊ ကျွန်တော်ကြေးအိုးကြိုက်တတ်တာကို သဘောတကျနဲ့ ထိုင်ကြည့်နေတတ်ခဲ့တဲ့သူ့ကို ကျွန်တော့် နှလုံးသားက တိတ်တိတ်လေး မျှော်လင့်ခဲ့ဖူးတယ်။

(အကြွင်းမဲ့)
အိပ်မက်တွေ အပြိုင်းအရိုင်းရွာပြီးတာတောင်
လှိုင်းခတ်တဲ့ ကမ်းစပ်အဖြစ်
ဖရိုဖရဲညနေတွေကို
ဟန်...ဆောင်...မြို...သိပ်...
အစင်းစင်းထိအပ်တဲ့
မြားဆိပ်တွေ သင့်သူပေါ့...။

ကျွန်တော်ရသမျှ မုန့်ဖိုးတိုင်းဟာ သူ့ဆီဖုန်းဆက်ဖို့အတွက်ပဲ ဖြစ်နေတတ်ခဲ့တယ်။ ကျွန်တော်သူ့ဆီ ဖုန်းဆက်တိုင်းလဲ သူအားသည်ဖြစ်စေ၊ မအားသည်ဖြစ်စေ ကလေးတစ်ယောက်ကို နှစ်သိပ်သလိုမျိုး သူအမြဲပဲ နားထောင်ပေးနေတတ်ခဲ့ဖူးပါတယ်။ ကျွန်တော်က မြင်နေရတဲ့လမင်းကို လိုချင်တမ်းတနေခဲ့ဖူးတဲ့ ကလေးငယ်တစ်ယောက်လိုပဲ မဟုတ်လား။

ငါက တမြတ်တနိုးသိမ်းထုပ်
သံယောဇဉ်တွေကို အကျင့်လုပ်နေမိတာလား..
လိုတာမရလို့ အော်ငိုလိုက်ရင် အဆင်ပြေတတ်တဲ့
ကလေးငယ်တစ်ယောက်လိုသာဆို
တစ်ညလုံး ငါငိုပါရစေ..
ဒီအိမ်မက်ကို မနိုးချင်တော့ဘူး..
ဒါပေမယ့်.. ...............
မနက်ခင်းကို ရောက်မှာ ဘယ်သူမှမပြောလဲ
ငါကြိုသိနေပါတယ်..
တိတ်..တိတ်..လေး ....... မသိချင်ယောင်ဆောင်နေယုံ.......။

အဲ့ဒီနေ့က မိုးတွေ ရွာနေခဲ့တယ်။
သူနဲ့ကျွန်တော်က အမြဲတမ်းသူနေတဲ့ အနော်ရထာအိမ်ယာရဲ့ အရှေ့က မစ်စတာဘရောင်းကော်ဖီဆိုင်လေးမှာ ညနေတိုင်း အမြဲထိုင်တတ်ခဲ့လေတော့ ကျွန်တော်တို့ မိုးကို အတူခံစားခဲ့ဖူးတယ်။
ကျွန်တော်က မိုးတွေ အရမ်းသည်းနေတဲ့အချိန်မှာ မွေးခဲ့တဲ့သူမို့ မိုးရွာတာကို သိပ်ကြိုက်တာပဲလို့ ပြောမိတော့.. သူက .. လှတဲ့မျက်စိနဲ့သာကြည့်မယ်ဆိုရင် ရွှံ့ဗွက်တောင် လှတယ် လင်း .. ရဲ့ .. တဲ့ ..
ကျွန်တော် နက်ရှိုင်းခဲ့ဖူးတယ် ..

ပန်းဖွဲ့ရာသီ အိပ်မက်ဦးအဖြစ်
အချိုအမြိန်ယစ်မူး
ရင်ခွင်မှာစူးတဲ့ မြားကို
စကားလုံးတွေရဲ့ ဟိုးအပြင်ဘက်က
တွယ်တာမှုမျိုးနဲ့........ငါ....။

ကျွန်တော့်ရဲ့ အတိတ်မှာ နှလုံးသားတစ်ခုပဲ ရှင်သန်ခဲ့ဖူးတယ်။ တစ်သက်မှာ တစ်ခါသာ ပျော်ဝင်ခဲ့ဖူးတယ်ဆိုရင် အဲ့ဒါဟာ သူပဲဖြစ်လိမ့်မယ်ထင်ပါရဲ့။ ကြာတော့ကြာခဲ့ပါပြီ .. ဒီနေ့အထိ မေ့မရနိုင်ခဲ့တာကတော့ ...

သိပ်ချစ်လွန်းရင်
နာကျင်ရတာ
ရိုးရာတစ်ခုဆို
ငါ့သမိုင်းထဲမှာ
အလွမ်းနည်းနည်းပါမယ်.....။

သူရဲ့ ဘယ်အချိန်ကြည့်ကြည် ရိုးရှင်းလွန်းတဲ့ ပုံစံ၊ အေးချမ်းလွန်းတဲ့ မျက်နှာလေးနဲ့ သပ်ရပ်လွန်းတဲ့ဟန်ပန်တွေဟာ သိပ်မထူးခြားတဲ့အသွင်အပြင်ကို ဆောင်ထားခဲ့ပေမယ့် ကျွန်တော့်ရဲ့ ဘယ်ဘက်ရင်အုံမှာတော့ ခုပြန်စဉ်းစားရင်တောင် အခုထိ နွေးလျနေဆဲပဲဆိုတာ..


ချစ်မက်တဲ့မင်းကို
တစ်မြတ်တစ်နိုးငေးကြည့်ရုံမျှ...
အဲဒီရှင်သန်ခွင့် ခဏကို
ငါတမ်းတမ်းတတ မက်မောရဲ့...၊

ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်ရဲ့ ဦးချစ်ဆိုင်မှာ ထိုင်ကြတုန်းက မြသန်းတင့်ရဲ့ စာအုပ်တစ်အုပ်နဲ့ပတ်သတ်ပြီး အငြင်းအခုန်ဖြစ်ခဲ့ကြဖူးတယ်။ ကျွန်တော်က လူ့ယဉ်ကျေးမှုဆိုတာ လူက လုပ်ယူတာလို့ ပြောတော့ သူက မဟုတ်ဘူး လင်းရဲ့တဲ့ .. လူ့ယဉ်ကျေးမှုဆိုတာ စိတ်ကလုပ်ယူတာတဲ့ ..
ကျွန်တော် ငေးမောခဲ့ရဖူးတယ်။

အိပ်မက်ထဲထိ
အစိမ်းရောင် အတိနဲ့
ဒဏ်ရာတွေကို တစ်ခါပြန်တူးဆွ
နွေဦးဆန်ဆန်မျက်ဝန်းများထဲ
တစ်တောလုံး ဥပေက္ခာတွေဝေလို့ ..

ကျွန်တော် သူ့ကို သိပ်ချစ်နေမှန်း သူသိမှာပါ။ သိတယ်လို့လဲ ကျွန်တော်အခိုင်အမာ ယုံကြည်ခဲ့ဖူးပါတယ်။ ဒါပေမယ့် မသိချင်ယောင် ဟန်ဆောင် မျက်ဝန်းလဲ့လဲ့တွေနဲ့ ဖုံးကွယ်ထားတဲ့ သူ့နှလုံးသားကို ကျွန်တော် မြင်အောင် မကြည့်တတ်နိုင်ခဲ့ပါဘူး။ သူက သိပ်ကို ပိရိသေသပ်လွန်းသူပါ။ ကျွန်တော်ကသာ အရူးအမူးကို ဖြစ်လို့။

ကံကြမ္မာက ရင်လွှဲလိုက်ပုံများ
အိပ်မက်ထဲအထိတောင်
ငါ မင်းနဲ့လွဲတုန်း ၊
အဲဒီ နှုတ်ခမ်းပါးမှာ
ကျိန်စာတွေမန်းမှုတ်ထားသလိုမျိုး
မြင်ခွင့်မသင့်တဲ့ ငါ
အလွမ်းတစ်ရက်ရင့်ရဲ့...

ကျွန်တော့်ရဲ့ နေ့ရက်တွေ ဒိုင်ယာရီစာမျက်နှာတွေရဲ့ အဖွင့်တိုင်းမှာ သူ့အတွက် ကဗျာတွေ စာတွေပဲ ရှိနေတတ်ခဲ့တယ်။ သူ့ကို ပေးဖို့အထိတော့ ကျွန်တော့်မှာ သတ္တိမရှိခဲ့ရိုးအမှန်ပါ။ သူက ကျွန်တော့်ရဲ့ မြတ်နိုးရာလေ ..

ငါ့ ကမ်းပါးမှာ
လမင်းအစင်းတစ်ရာသာသလို
အလွမ်းသင့်နေ့တွေထဲ
ပန်းတစ်ပွင့်ပျိုးခဲ့မိပေါ့....၊
မျက်နှာတော်ကို မော်ဖူး
ရည်စူးရင်းချစ်မိ
မေ့ကြည့်ဖို့ကြိုးစားရင်းပဲ
ငါ
အိပ်မက်တိုင်းစူး
မြင်တိုင်းရူးရဲ့...

ကျွန်တော်တို့ သင်တန်းပြီးသွားခဲ့တာတောင် သူ့ကို ကျွန်တော်အရူးအမူးနဲ့ တမ်းတနေခဲ့တုန်းပါပဲ။ နေ့တိုင်းဖုန်းဆက်ခဲ့တာတွေ .. အပတ်တိုင်း သူ့အိမ်ရှေ့သွားခဲ့တာတွေ .. သူမသိနိုင်ပေမယ့် သူ့ရဲ့ အိမ်အောက်ကို အခေါက်ခေါက်အခါခါ ဖြတ်လျှောက်ခဲ့တာတွေ .. သူ့လက်မှတ်လေးထိုးထားတဲ့ စာအုပ်ကလေးကို အမြတ်တနိုး ပွေ့ဖိုက်ထားခဲ့ဖူးတာတွေ .. လက်ကမချတတ်နိုင်လောက်အောင်ကို ဖြစ်ခဲ့ရတဲ့ သူပေးခဲ့တဲ့ မွေးနေ့လက်ဆောင် အဘိဓါန်စာအုပ်တွေ .. ကျွန်တော်သိပ်ကို (စိတ်) ပင်ပန်းခဲ့ရဖူးတယ်။ ဒါပေမယ့် ကျွန်တော့်ရင်အစုံကတော့ (သူ့အတွက်) လတ်ဆတ်နေဆဲပါ။

လမင်းကို စွဲလန်း
ရင်ခွင်တစ်ခြမ်းပဲ့
အလွမ်းတွေလှုပ်နှိုးတော့
သန်းခေါင်မှာနိုးခဲ့
မြူခိုးတွေဆိုင်းလို့.....။

ကြယ်စင်ကိုတိတ်တခိုး
မှော်ရုံတောတိုးဝင်
နွမ်းနယ်တဲ့ဝိညာဉ်လည်း
အမှောင်မှာ အိပ်စက်
လိပ်ပြာတွေ တောင်ပံခတ်လို့.....။

သက်တန့်ကိုကျော်ဖြတ်
မိုးစက်တွေအိပ်မက်မက်လည်း
ရွှေအိုရောင်နံနက်တိုင်းမှာ
တော်ဝင်တဲ့အလှ
တိမ်တွေတောင်လွမ်းနာကျလို့......။ ။

ကျွန်တော် သူလာမယ်ဆိုလို့ စောင့်မျှော်ခဲ့ရဖူးတဲ့ ညနေတွေကို ပြန်လွမ်းမိတယ်။ အခုအချိန်မှာ သူက ကျွန်တော်နဲ့ မိုင်ပေါင်းကုဋေချီပြီး ဝေးနေခဲ့ပါပြီ။ မဟုတ်ပါဘူးဗျာ။ နှလုံးသားချင်းလဲ ဝေးခဲ့ပါတယ်။ သူ့မှာ ချစ်တတ်တဲ့နှလုံးသားမှ ရှိရဲ့လားလို့ ကျွန်တော်အကြိမ်ကြိမ်သံသယ ၀င်ခဲ့ဖူးတယ်။ သူ့ကို ချစ်မြတ်နိုးရလွန်းလို့ အရူးအမူးဖြစ်နေချိန်မှာ သူကတော့ အပြုံးမပျက် သွေးအေးနိုင်လွန်းခဲ့တယ်။

သံခင်းတမန်ခင်း အပြုံးတွေ မခြွေလည်း
ငါ ( ချစ်ခြင်းနဲ့ အတူ ) ရင်ခုန်ပါရဲ့ ...။

မင်းပြုအပ်ရာတစ်ခုအဖြစ်
ငါ့ချစ်ခြင်းကို လျစ်လျူရှုတော့
မြင်ခွင့်ခဏနဲ့ပဲ
ငါ နေသားတကျ ရှိလှတယ်...။ ။

ကျွန်တော် သူနဲ့အတူရှိနေခဲ့တဲ့ နေ့ရက်တွေ ရာသီတွေ နှစ်သစ်တွေမှာ ကိုယ့်ကိုယ်ကိုယ် ကံကောင်းသူအဖြစ် သတ်မှတ်ခဲ့ဖူးတယ်။ သူ့ချစ်ခြင်းကို တိတ်တဆိတ် မျှော်လင့်ခဲ့ဖူးပေမယ့် ကျွန်တော်က ချစ်နေခွင့်မှာပဲ ကျဆုံးချင်သူပါ။ သူပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းကို အမှတ်ရနေခဲ့ဖူးတယ် ..
လင်း .. ကောင်းကောင်းနေ .. အပိုတွေမလုပ်နဲ့တဲ့။
အခုအချိန်ထိ ကျွန်တော့်ဘယ်ဘက်ရင်အုံအောက်မှာ အဲ့စကားလေးကို မြှုပ်နှံထားဆဲပါ.. ကျွန်တော်က ချစ်ခြင်းမှာ ဒူးထောက်အရှုံးပေးထားခဲ့ဖူးပါတယ်။

မေ့လျော့ပစ်ဖို့ကို မေ့လျော့
အခမ်းနားဆုံး လက်တစ်ဆုပ်စာထဲ
သွေးစုပ်မျှော့တစ်ကောင်တွယ်သလို၊
အသေအချာကျူးတဲ့ ဒူးတစ်ဖက်ကြောင့်
ည .... ည ...
အိပ်ရမှာတောင် မသထာဘူး ...။

ကောင်းကင်က ကြယ်တွေကို ကြည့်တိုင်း .. အိုး .. ဒီအချိန် သူဘာလုပ်နေမှာပါလိမ့်လို့ အတွေးနဲ့ သူရှိရာအရပ်ဆီ မှန်းမျှော်တမ်းတ ကြည့်ရတာလဲ ကျွန်တော့်အတွက်တော့ ချိုမြိန်ခြင်းတစ်ခုပါပဲ .. အိုဗျာ .. သူနဲ့ပတ်သတ်ရင် အရာရာဟာ ချိုမြိန်ခြင်းအတိနဲ့ ယက်လုပ်.. စိတ်ကူးတွေကို အိမ်ဆောက်ခဲ့ဖူးတယ် ..

အိမ်ရှေ့က မြေနီလမ်းဘေး
တောပန်းလေးတွေ နေ့တိုင်းမပွင့်ရင်တောင်
အိပ်ယာကနိုးတဲ့ မနက်ခင်းတိုင်းမှာ
နင့်မျက်နှာလေးကို အရင်ဆုံးလွမ်းနေခဲ့တာ ..။

ကျွန်တော့်ရဲ့နေ့သစ်တွေမှာ သူ့ရဲ့ဟယ်လိုဆိုတဲ့ အေးဆေးညင်သာသိမ်မွေ့တဲ့အသံလေးနဲ့ စတင်ချင်ခဲ့တာ ကျွန်တော့်ကို အရူးလို့ပဲ ဆိုဆို .. ကျွန်တော့်နှလုံးသားက သူ့ရင်ခွင်တံစက်မြိတ်အောက် တိတ်တိတ်လေး ရပ်စောင့်နေခဲ့တာ ကြာခဲ့ပြီ။

ကောင်မလေးရေ ...
နင့်ကိုမြတ်နိုးတဲ့ ငါ့အသိစိတ်
နင်နဲ့ပတ်သက်ရင် နာကြင်ကြေကွဲလွယ်တဲ့ ငါ့နှလုံးသား
ပြောခွင့်မရခဲ့တဲ့ ရင်ထွက်စကားတွေက
နင်သာမြင်နိုင်ခဲ့မယ်ဆိုရင် ရိုးရိုးလေးပါဟာ ......။

ကျွန်တော် သူခန သွားနေတယ်ဆိုတဲ့ သူ့မိဘတွေ အိမ်ရှိတဲ့ သုဝဏက အိမ်ကို အတန်းပြီးတိုင်း တကူးတကမဟုတ်တဲ့ ရင်ခုန်ခြင်းနဲ့ အမြဲပဲ သွားခဲ့ဖူးတယ်။ သူဘယ်မှာနေတယ်ဆိုတာ အတိအကျတော့ မသိခဲ့ပါဘူး။ သူ့အိမ်ရှိတယ်ဆိုတဲ့လမ်းကိုတော့ ချောင်းပေါက်မတတ် အခေါက်ခေါက်အခါခါ ဖြတ်လျှောက်ခဲ့ဖူးတယ်။ နေပူတယ်ဆိုတာ ကျွန်တော့်အတွက်တော့ အချစ်တစ်ခုစီးဆင်းရာ အိုအေစစ်တစ်ခုလိုကို ဖြစ်လို့ ...

နင်မရောက်ဖူးတဲ့ ငါ့ပန်းခင်းထဲ
ရင်ခုန်ခြင်းတွေ စိုက်ထားဖူးတယ် ..

နင်မကြားဖူးတဲ့ ငါ့စကားသံထဲ
ကဗျာတွေလည်း ဖတ်ပြဖူးတယ် ..

အညတရကြယ်တစ်စင်းပါ
ငါ့ချစ်ခြင်းတွေနင့်ဆီရောက်ဖို့ .
အလင်းနှစ်ပေါင်းများစွာလိုသေးတယ်လေ ..…..

နင်သိခဲ့မယ်ဆိုရင်ပေါ့ ..

ငါ ..
မျှော်လင့်ချက်တွေမဲ့
တိတ်တိတ်လေး ကြွေပျက်ခဲ့ဖူးတယ် …. ။

သူ့ရဲ့ ယူနီဖောင်းအဖြူလေးရယ် ဦးထုပ်အဖြူလေးရယ် ဆောင်းထားတဲ့ ပတ်စ်ပို့ဓါတ်ပုံသေးသေးလေးကို မမျှော်လင့်ဘဲ ကျွန်တော်ရခဲ့ဖူးပါတယ်။ သူမသိခဲ့ဘဲ ရခဲ့တဲ့ အဲ့ဒီဓါတ်ပုံလေးဟာ ကျွန်တော့်ရဲ့ ကွန်ပြူတာထက်မှာ.. ကျွန်တော့်ရဲ့ အိပ်ခန်းနံရံထက်မှာ.. ကျွန်တော့်ရဲ့ စာမျက်နှာတွေထက်မှာ.. ကော်ပီပေါင်းများစွာကူးရင်း ကျွန်တော့်ရဲ့နေရာအနှံ့မှာ ရှိခဲ့ဖူးပါတယ်။ ချစ်ခြင်းဆိုတာ ရယူပိုင်ဆိုင်ခြင်းမှ မဟုတ်ခဲ့ပဲလေ ..

လွင့်စင် ပျောက်ပျက်
ရပ်တန့်လို့မရတဲ့အဆုံးမှာ ရပ်တန့်ခဲ့ကြ
ဖွဲ့သီဖူးသော မျက်ဝန်းကဗျာ
ဝေးကွာခြင်းသာ တစ်ရွေ့ရွေ့နီးလာဆဲ
အရောင်ပြယ် မနက်ခင်းထဲမှာ
ငါ့လွမ်းချင်းတွေက သခင့်အရပ်မှနေထွက်ခဲ့တယ်..

အံ့သြမိပါရဲ့
ငါ့နှလုံးအိမ်ကို ထောင့်ဖြတ်မျဉ်းဆွဲဖို့
ချစ်ခြင်းလို့ (သခင်)အမည်တပ်ထားတဲ့
အစိမ်းရင့်ရင့်ကျိန်စာတွေကို ဖတ်ပြခဲ့တုန်းက
မျှော်လင့်ခြင်းတွေ တစ်ရှိုက်မက်မက်
သခင့်စိတ်နဲ့ အသက်ဆက်ခဲ့ဖူးတယ်…

မိုးကရွာတာလား ငါကရွာတာလား
နိမ့်ရာသို့ စီးရင်းနဲ့
လမ်းမသင့်တဲ့ အမှောင်ရာသီထဲမှာ
သခင့်အတွက်အလင်းဖြစ်ဖို့
ငါ့ခန္ဒာကို လောင်တိုက်သွင်း
မီးလိုတောက်ချင်တဲ့ မြစ်တစ်စင်းပေါ့…..။

မှတ်မှတ်ရရပေါ့ .. ကျွန်တော်တို့သင်တန်းကာလမှာ သူစာဖတ်နေတဲ့ပုံလေးကို ကျွန်တော်ခဲခြစ်ပန်းချီ ဆွဲခဲ့ဖူးတယ်။ သူ့ရဲ့ ငိုက်ကျနေတဲ့ မျက်တောင်စင်းစင်းလေးတွေ .. နှာတဲ့စင်းစင်းလေးနဲ့ ပိရိသေသပ်တဲ့ နီစွေးစွေးနှုတ်ခမ်းထော်ထော်လေး .. နောက် ပျော့ပျောင်းရှည်သွယ်စွာ ကျလာတဲ့မေးရိုးတစ်လျှောက် .. အိုး .. အရာအားလုံးဟာ ကျွန်တော့်အတွက် အိပ်မက်ချည်းပါပဲ ချစ်သူ ..

ကိုယ့်ကိုယ်ကိုယ် သိမ်းထုပ်နေရင်း
တနုံ့နုံ့ ပိုလွမ်း
ငါ့ ၀ိညာဉ်ကို
တစ္ဆေတစ်ကောင် ခိုးနမ်းသွားသလိုမျိုး....။

ကြာတော့ကြာခဲ့ပါပြီ။ ကျွန်တော့်အသက်လဲ အဲ့တုန်းကလို ဆယ်ကျော်သက်မဟုတ်ခဲ့တော့ပါဘူး။ ဆယ်ကျော်သက်မို့ ရူးသွပ်ခဲ့တယ်လို့ သူစွပ်စွဲခဲ့တဲ့ ကျွန်တော်ဆိုတဲ့ကောင်တစ်ယောက်ရဲ့ ရင်ထဲမှာ သူ့ကိုချစ်တဲ့ချစ်ခြင်းတွေ အခုထိ အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းနေဆဲဆိုတာ သူသိနိုင်မယ်ဆိုရင်လေ ..

နှင်းဆီတစ်ပွင့်ရဲ့ ကျိန်ဆိုခြင်းကို
လေထုဆန်ဆန်ပဲ
ငါကြားနာခဲ့
ဝတ်မှုန်တစ်စွန်းတစ်စအဖြစ်
ရင်ငွေ့လှုံချင်ခဲ့တာ....။

ချစ်သူ ..
ခင်ဗျားသာ နည်းနည်းလောက်မြင်နိုင်မယ်ဆိုရင်လေ .. ကျွန်တော့်ရင်ထဲကို ခနလောက်ဝင်ကြည့်ပါလား .. ခင်ဗျားကိုချစ်တဲ့စိတ်နဲ့ ဟောဒီရင်တစ်ခုလုံး ပြာကျမတတ်ကို ဖြစ်လို့ ...

အလွမ်းဆိုတာ
တေလေတစ်ကောင်ရဲ့ အိမ်ပြန်လမ်းမှာ
တောင်ဇလတ်ပန်းတွေလို လတ်ဆတ်နေလေရဲ့
ပိုးဖလံတစ်ကောင်လို
အလင်းကိုပွေ့ဖက်ထားချင်လဲ
ပျောက်ဆုံးနေဆဲ နံနက်ခင်းတွေထဲမှာ
နာမည်တစ်ခုကို အကြိမ်ကြိမ်ခေါ်နေမိတယ်
နင်သိသိ မသိသိပေါ့ ……………။

သူနဲ့ဝေးနေရပေမယ့် .. သူ့အချစ်ကို မရခဲ့ပေမယ့် ဟော့ဒီကောင်းကင်ရဲ့အောက် ကမ္ဘာမြေပြင်တစ်နေရာမှာ သူရှိနေတယ်ဆိုတဲ့အသိက ကျွန်တော့်အတွက်တော့ အရာအားလုံးကို ကျေနပ်သွားစေနိုင်ခဲ့တယ်။
ဘုရားက ကျွန်တော့်ကို ချစ်သား .. လိုရာဆုတစ်ခုကို တောင်းလော့လို့ အမိန့်ရှိလာခဲ့မယ်ဆိုပါစို့ ..
ကျွန်တော်သေရင်လေ .. ကောင်းကင်နဲ့မြေကြီးဖြစ်ပါရစေ ..
ချစ်သူကို နွေးထွေးစွာ ဖက်တွယ်ရင်း အမြဲပဲ ငုံ့မိုးကြည့်ချင်နေခဲ့မိလို့ပါ ..

(တကယ်ပါ ကောင်မလေးရယ်)
နင်မချစ်တတ်လို့
ရူးတယ်ပဲဆိုဆို
(ငါက)
မချစ်ရက်လောက်အောင်ကို
ချစ်တတ်ခဲ့ဖူးတယ်..။

ဇော်။

( ကျွန်တော့်ရဲ့ ရေးခဲ့ဖူးပြီးသား ကဗျာတွေထဲက ကျွန်တော်သိပ်ကြိုက်မိတဲ့ အပိုဒ်လေးတွေကို ပြန်ပြီးထည့်ရေးထားတာပါ .. ကဗျာတစ်ဝက် စာတစ်ဝက်ပုံစံနဲ့ စာရေးနည်းကတော့ ဆရာမ မနော်ဟရီရဲ့ စာရေးနည်းကို အတုယူထားပါတယ်။ ကျွန်တော်နှစ်သက်လို့ပါ။ ကျွန်တော့်ရေးဟန်က သိပ်တော့ကောင်းမှာမဟုတ်ပါဘူး။ ဒါပေမယ့် အတတ်နိုင်ဆုံးတော့ ပေါ်လွင်အောင် ကျွန်တော်ကြိုးစားပါတယ်။ သည်းခံပြီးဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ =] )