အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Sunday, March 6, 2011

တစ်နေ့ ... ကျနော့်တွင် ချစ်သူ ရှိလာသော အခါ .........

ရာသီဥတု သာသာယာယာရှိသော တနင်္ဂနွေပီသစွာ ဆည်းဆာ၏ ဖြန့်ကျက်ထားသော အလှက ရွှေအိုရောင် တောက်ပလွန်းလှသည်။ ညင်ညင်သာသာ ပြေးလွှားဆော့ကစားနေသော လေပြည်တို့ လှုတ်ခတ်မှုကြောင့် သစ်ရွက်တို့ ယိမ်းနွဲ့နေကြသည်။ ငြိမ်သက်တိတ်ဆိတ်စွာ လှုပ်ရှားနေကြသော လူနည်းစုလေးကြောင့် ၀န်းကျင်တစ်ခို၌ ဆိတ်ညံခြင်းတို့ အတိပြီးလေ၏။ ဆည်းလည်းသံ လေတိုးသံမှ အပ ဆူညံခြင်း အလျဉ်းမရှိ။

အရိပ်တကာ အရိပ်တို.တွင် ဘုရားရိပ် တရားရိပ် လောက်အေးမြလွန်းသော အရိပ်သည် တစ်လောကလုံးတွင် ရှိလိမ့်မည် မဟုတ်ဟု တွေးနေမိသည်။

တကယ်ဆို သူ အိမ်ပြန်ချင်လှပြီ။ ရက်သတ္တပတ်အတွင်း စာမေးပွဲရှိသဖြင့် ညက အိပ်ယာဝင်နောက်ကျခဲ့ခြင်းကြောင့် သူ အိပ်ချင်စိတ် ဖြစ်နေရသည်။ ထို့ပြင် ရွှေတိဂုံဘုရား တနင်္ဂနွေ သန့်ရှင်းရေးအသင်းနှင့်အတူ ဘုရားကုန်းတော်တစ်ခုလုံးအား တံမြက်လှည်းခြင်း၊ ကြမ်းတိုက်ခြင်း၊ ပန်းအိုးလဲခြင်း၊ ပန်းအိုး သောက်တော်ရေခွက်များ ဆေးရခြင်းတို့ကြောင့် သူ ပင်ပန်းနွမ်းနယ်နေရသည်။ မေမေ့အတွက်ဟု ရည်စူး၍ ကျောင်းကိစ္စ၊ လူမှု အသင်းအဖွဲ့ ကိစ္စများဖြင့် မအားမလပ်ရှိနေသည့်ကြားမှ မေမေ့မွေးနေ့ဖြစ်သော တနင်္ဂနွေနေ့၏ သန့်ရှင်းရေး အသင်းတွင် သူပါဝင်ခဲ့သည်မှာ နှစ်ကာလ အတန်ကြာခဲ့ပြီဖြစ်သည်။
ကျယ်ပြန့်ကြီးမားလှသော ရွှေတိဂုံကုန်းတော်တစ်လျှောက် သန့်ရှင်းရေးလုပ်ရသည်မှာ မလွယ်ကူလှချေ။ သို့သော် သူ အလွန်ပျော်ပါသည်။ အသင်းသူ အသင်းသားများ၏ စိတ်အားထက်သန်မှု၊ သဒ္ဒါနက်ရှိုင်းမှုများကြောင့် ကြည်လင်နေသော မျက်နှာကလေးများက မြင်ရသူရင်ကို အေးမြနေစေသည်မှာ အမှန်။ ထို့ကြောင့် တနင်္ဂနွေညနေခင်းတိုင်းသည် သူ့အဖို့ ရေးကြီးခွင်ကျယ် နေ့ရက်များ ဖြစ်ခဲ့သည်။ အဓိပါယ်အရှိဆုံးသော နေ့ရက်များလည်း ဖြစ်သည်။ သူ မြတ်နိုးရသော အချိန်များလည်း ဖြစ်ခဲ့လေသည်။

( ဒီနေ့ နောက်ကျနေတာလား... မလာတော့တာလား မသိဘူး.....)

တစ်ယောက်တည်း သတိလက်လွတ်ရေရွတ်မိပြီးမှ သူ အလန့်တကြားဖြစ်သွားရသည်။ တစ်စုံတစ်ယောက်များ ကြားသွားလေမလား စိုးရွံ့မှုဖြင့် မလုံမလဲ ဖြစ်မိရသည်။ အူကြောင်ကြောင်နိုင်မိသည့် အဖြစ်ကြောင့် သူ့မျက်နှာ၌ အပြုံးငွေ့ငွေ့ ထင်ဟပ်၏။ တကယ်က သူတစ်စုံတရာကို စောင့်မျှော်နေခဲ့တာပါ။ ဒီလိုစောင့်မျှော်ခြင်းမျိုးသည်လည်း သူချစ်သော တနင်္ဂနွေ၌ တစ်စိတ်တစ်ဒေသ ပါဝင်လာခဲ့သည်မှာ တနင်္ဂနွေအသင်းသို့ သူစရောက်ကတည်းက ဖြစ်သည်။
တမင်တကာ လုပ်ယူခြင်းတော့ဖြင့် မဟုတ်ခဲ့ပါ။
သို့သော် .. သူစောင့်နေချင်ပါသေးသည်။

တစ်ဖြည်းဖြည်းနှင့် တနင်္ဂနွေအသင်းဝင်များ ပြန်ကုန်ကြပြီ။ သူတစ်ယောက်တည်းသာ ဇရပ်တိုင်ကို မှီ၍ အဝေးသို့ ငေးကောင်းဆဲ...။ ဘုရားရင်ပြင်တော်ပေါ်ရှိ လူသွားလမ်းသို့ မျှော်ကြည့်နေရင်းက .. သူ့အမြင်အာရုံတို့ တစ်နေရာသို့အရောက်တွင်တော့.. ရင်၌ ထိတ်ခနဲပင် ဖြစသွားရသည်။
နောက်ဆုံးတော့လဲ သူမျှော်နေသော အချိန်သည် ရောက်လာခဲ့လေပြီ။

ကျေနပ်မှုကြောင့်ထင်.... သူ့မျက်ဝန်းတို့ ရွှန်းလဲ့လာကြသည်။ ခပ်ဝေးဝေးက ဖြစ်လင့်ကစား.. သူသိနေပါသည်။ သူ မြတ်နိုးရသော အရိပ်ကလေးနှစ်ခု။ တစ်ဦးကို တစ်ဦး လက်ချင်းတွဲလို့...။
တစ်ရွေ့ရွေ့ ဖြေးဖြေးညင်ညင် လှမ်းလာနေကြပုံက လေနှင့်အတူ လွင့်မျောလာသကဲ့သို့။
ကြည့်နေရင်းဖြင့် သူထိုင်နေသော ဇရပ်ရှေ့ ညောင်ပင်အောက်သို့ သူတို့ ရောက်လာခဲ့ကြသည်။ ဇရပ်နှင့်ညောင်ပင်သည် ခြေ ၅လှမ်းစာ အကွာအဝေးမျှသာ ရှိသဖြင့် စကားပြောသံကိုပင်လျှင် ပီပီသသ ကြားနေရသည်။
ညောင်ပင်၏ ခြေရင်း၌ ဘုရားရှိခိုးရန်ချထားသော သစ်သားခုံပေါ်သို့ သူတို့နှစ်ဦး ထိုင်လိုက်ကြသည်။ ညင်သာလွန်းလေစွ...။
သယ်ဆောင်လာသော ထမင်းချိုင့်လေးနှစ်လုံးအား ဘေးတွင်အသာချ၍ ပထမဆုံးအကြိမ် ကောင်လေးမှ စကားစပြောခဲ့သည်။

" ချစ်သူ .. ဘုရား ရှိခိုးကြရအောင်။ "
"ဟုတ်ကဲ့... မောင်.. "

ညင်သာ၍ နူးညံ့တိုးတိတ်သော အသံဖြင့် ပြန်ဖြေသော ကောင်မလေး၏အသံ ကောင်မလေး၏ အလှသည် ညနေဦးနှင့်အပြိုင် ကျက်သရေရှိလှပါဘိခြင်း ။
လေနုအေးသည် ပို၍ ဝေ့၀ဲလာလေပြီ။

ကောင်လေးက ရှေ့ကထိုင်၍ ကောင်လေး၏ နောက် .. မကျတကျတွင် ကောင်မလေးက ခပ်ရို့ရို့ထိုင်ခြင်းဖြင့် သူတို့ တိုးတိတ်စွာ ဘုရားဝတ်ပြုကြသည်။ မကြာလွန်းသော ဘုရားဝတ်ပြုခြင်းအပြီး၌ ကောင်လေးက ကောင်မလေးဘက် လှည့်ကြည့်သည်။ ကောင်မလေးကလည်း သဘောပေါက်သည့်အလား ခပ်ဖျော့ဖျော့ပြုံးပြသည်။ ထို့နောက် ကောင်မလေးက သူမ၏ ဆလင်းဘတ်အိတ်ထဲမှ စားပွဲတင်နာရီလေးကို ထုတ်ပေးလိုက်သည်။ ကောင်လေးက ယူ၍ အချိန်တိုက်ခြင်း၊ ရှေ့၌ ချထားခြင်း၊ နေရာယူခြင်းတို့ကို ငြိမ်ငြိမ်သက်သက် ပြုလုပ်သွားသည်။ သူတို့ စကားမဆိုဖြစ်ကြပါ။ သူတို့၏ လှုပ်ရှားမှုတိုင်းသည် ညင်သာအေးဆေးလွန်းလှသည်။ သိမ်မွေ့နူးညံ့သည်။ ငြိမ်ငြိမ်သက်သက် ရှိသည်။ သူ ... ထိုနှစ်ယောက်ကို သတိလက်လွတ်ငေးမောနေမိသည်မှာ ပတ်ဝန်းကျင်ကို မေ့သွားမိသည် အထိ...။

ဟော.. ကြည့်နေရင်းက သူတို့ ငြိမ်သက်သွားကြလေပြီ။
ဘုရားဝတ်ပြုတုန်းကအတိုင်းပင် ကောင်မလေးက ကောင်လေး၏ နောက်နားတွင် ခပ်ရို့ရို့ထိုင်နေလေသည်။ ခုတော့ နှစ်ယောက်စလုံး ညောင်ပင်ဘက်သို့ မျက်နှာမူထားခဲ့ကြသည်။ သွယ်ပျောင်းသော ခါးလေးများကို မတ်ထားကြသည်။ တိုးတိတ်စွာ သာသာယာယာ မှိတ်ထားသော မျက်ခွံများအောက်၌ လှုတ်ခတ်လွန်းသော စိတ်ဝိဥာဉ်ကို သူတို့ မုဆိုးပမာ သားကောင်လိုက်ကြလေပြီ။
သူ အလိုလိုသိနေသည်က ထိုနှစ်ယောက် ထိုသို့ ငြိမ်သက်ကြမည်မှာ တစ်နာရီတိတိ ကြာလိမ့်မည်ဆိုတာပင်။
သြော်...... ဒါ ပထမဆုံးအကြိမ် သူငေးကြည့်သည်မှ မဟုတ်ခဲ့ဘဲကွယ်...။

တလွင့်လွင့် လွင့်မြူးလာသော နွေနှောင်းအကုန် မိုးဦး၏ လေပြည်သည် တောင်ပင်လယ်အရပ်မှ ရေခိုးရေငွေ့တို့ကို ပင်ပန်းကြီးစွာ သယ်ဆောင်လာရလေသည်လားမသိ။ ထိခတ်သွားသော လေငွေ့၏ အဖျားခတ်မှုသည် ညနေပီသစွာ အေးစိမ့်ခြင်းကို ပေးစွမ်းနေသည်။ ထိုလေပြည်အေးသည် ညောင်ရွက်တို့ကိုသာ ဆော့ကစားကြသည်မဟုတ်။ ငြိမ်သက်စွာ မျက်လုံးအစုံမှိတ် မလှုပ်မယှက်ထိုင်နေကြသူ ကောင်မလေးနှင့် ကောင်လေး၏ ဆံစများ၊ အ၀တ်စများကိုပါ လမ်းကြုံ လှုတ်ခတ် ကျီစယ်နေကြသည်။
သို့သော် သူတို့နှစ်ဦးကတော့ တစ်လောကလုံးနှင့် မသက်ဆိုင်သကဲ့သို့ ငြိမ်သက်ခြင်း၌သာ မွေ့လျော်နေကြ၏။

( ကျေးဇူးပြုပြီး မရွာပါနဲ့ဦးလား မိုးရယ်...။ )

တိမ်မည်းညိုတို့ လွင့်မျောမှုကို ကြည့်၍ ရုတ်တရက် ရင်ထဲ၌ တိုးတိတ်စွာ သူငြီးတွားမိရသည်။ တကယ်ဆို မိုးများသည်းထန်စွာ ရွာသွန်းသောအချိန်၌ မွေးဖွားခဲ့သော သူသည် မိုးနှင့် မိုးရွာခြင်းကို အလွန်တရာ ချစ်မြတ်နိုးသူ ဖြစ်သည်။ မိုးရွာလျှင် အလွန်ပျော်တတ်ပါသောသူ ... ပထမဆုံးအကြိမ်အဖြစ် မိုးရွာမှာကို မနှစ်မြို့ခြင်း ဖြစ်မိနေလေပြီ။

( သူတို့အတွက်ပါကွယ်...။ ငြိမ်းချမ်းမှုလေး တည်တံ့စေချင်တယ်...။ )

မိုးကိုအားနာသလို သူ ဖွဖွရေရွတ်မိတော့ တိမ်တွေက နားလည်သည့်အလား မိုးကို လက်ဆင့်ကမ်း သယ်ဆောင်သွားပေးကြသည်။ ပြန်လည်ကြည်လင်လာသော ကောင်းကင်အနားသတ်တွင် အနောက်သို့ခရီးရှည်ထွက်ရန် ခြေလှမ်းပြင်နေသော သူရိယမင်းက အားယူ၍ လင်းချင်းပြလေသည်။

ဆံပင်ကုတ်ဝဲလေးနှင့် ကလေးဆန်ဆန် မျက်နှာကလေးနှင့် ချစ်စရာကောင်းသော ကောင်မလေးနှင့် အမြဲလို အဖြူရောင်ရှပ်အကျီကိုသာ ၀တ်လေ့ရှိပြီး ဆံပင်တိုတိုကို ဘေးခွဲဖြီးထားတတ်သော ထိုကောင်လေးကို တနင်္ဂနွေအသင်းသားအဖြစ် ပထမဆုံးအကြိမ် သူလာကတည်းက သတိထားခဲ့မိရသည်မှာ ယခုထက်တိုင်။ ဘုရားရင်ပြင်၌ သန့်ရှင်းရေးအားလုံးပြီးမှ ရောက်လာတတ်သော၊ တနင်္ဂနွေအပတ်တိုင်း တစ်ပတ်ပင်မပျက် လာလေ့ရှိသော၊ ရောက်တိုင်းလဲ ထိုညောင်ပင်ရှေ့ သစ်သားခုံ၌သာ ထိုင်လေ့ရှိသော၊ ညင်သာသိမ်မွေ့အေးချမ်းလွန်းသော ထိုနှစ်ယောက်ကို သူအမြဲလို နှစ်လို သဘောကျစွာ စောင့်ကြည့်နေခဲ့မိပါသည်။ တကယ်ဆို သူ ထိုနှစ်ယောက်ကို မသိပါ။ သိအောင်လဲ မကြိုးစားမိပါ။ မိတ်ဖွဲ့ခြင်းလဲ မရှိခဲ့ပါ။ ထိုနှစ်ယောက်ကလဲ သူ့ကို သိမည်မထင်။ သူထိုင်ကြည့်နေတတ်တာကိုလဲ သတိထားမိမည်မထင်။ သူတို့ လုပ်စရာရှိသည်ကိုသာ အေးအေးသက်သာ လုပ်သွားကြသည်ချည်းသာ။ အသက်နှစ်ဆယ်ပတ်ဝန်းကျင် ငယ်ရွယ်နုနယ်သော မျက်နှာကလေးတွေ၌ ငြိမ်းချမ်း တည်ငြိမ်သော အသွင်သဏ္ဍာန်တို့ ထင်ဟပ်နေသည်မှာ အေးချမ်းလွန်းလှပါဘိ။ အားကျနှစ်လိုခြင်းသည် သူ့ရင်၌ အုံနှင့် ကျင်းနှင့် ဖြစ်တည်ခဲ့ရသည်။

အနောက်ယွန်းယွန်း ကောင်းကင်အစွန်းတွင် နေသူရိန်သည် လောကကို တစ်ရက်တာအတွက် နောက်ဆုံးနှုတ်ဆက်နေသည့်အလား ညှိုးငယ်စွာ မေးတင်လေပြီ။

…….( ကျနော်လဲ နှုတ်ဆက်ပါတယ် နေမင်းရယ်...။)……..

ကောင်းကင်ကိုငေးမောရင်းမှ သူပြုံးပြလိုက်မိပါသည်။ နံနက်ဖြန် အာရုံဦးမှာ နေမင်းပြန်လာမှာပဲ မဟုတ်ပါလားလေ။ သော်တာလကို နှစ်လိုစွာ တစ်လှည့် ကြိုဆိုပါရစေဦးကွယ်....။

တီတီတီ ဟု ရုတ်တရက်ထမြည်သော နှိုးစက်နာရီလေး၏ တိတ်ဆိတ်မှုကို ဖြိုခွင်းခြင်းကြောင့် သူ့အတွေးတို့ တုံ့ခနဲဖြစ်မိရသည်။
သြော်... တစ်နာရီတောင် ပြည့်သွားခဲ့ပြီပဲ........

သူကလေးတို့၏ မျက်တောင်ကလေးများ လှုတ်ခတ်လာကြသည်။ ဖြေးညင်းစွာ ခန္ဒာကိုယ်များကို ဖြေလျော့ကြသည်။ ကောင်လေးက ညင်ညင်သာသာ နောက်သို့ လှည့်ကြည့်လာသည်။ ကောင်မလေးက အလိုက်သင့် ပြုံးပြသည်။ ထို့နောက် ဘုရားဘက်သို့လှည့်၍ ဦးချကန်တော့ကြသည်။
ရွှေတိဂုံသည် အလွန်တရာ သပါယ်ပါပေသည်။ သို့သော် သူကလေးတို့ နှစ်ဦး၏ ရသကြောင့် ပို၍ပင် ပန်းချီဆန်နေသည့်အလား သူ့စိတ်တွင် ထင်မြင်မိရသည်။
သူ...... ထိုအခိုက်အတန့်လေးကို အလွန်တရာ ချစ်မြတ်နိုးလှပါသည်။

ကောင်လေးက ကောင်မလေးဘေးမှ ထမင်းချိုင့်နှစ်လုံးအား ကောက်ယူရင်း ထရပ်သည်။ ကောင်မလေးက နာရီးလေးကို သိမ်းဆည်းရင် ဆလင်းဘတ်အိတ်ကို လွယ်သည်။ ထို့နောက် သူတို့ခြေလှမ်းများ စလေပြီ။ သူသည်လည်း ထိုအခါမှပင် ထိုင်နေရာမှာ ထမိရပါသည့်အဖြစ်။ အချိန်အတော်ကြာ မှီထိုင်နေခဲ့သော ဇရပ်တိုင်နှင့် ဇရပ်ကို အကြည့်ဖြင့် သူ နှုတ်ဆက်လိုက်သည်။
( ကောင်းသောနေ့ပါကွယ်...။)

သူ အသာအယာပင် ရှေ့မှ ထွက်ခွါသူနှစ်ယောက်နောက် တိတ်တဆိတ် လိုက်လာခဲ့လိုက်သည်။ ထိုနှစ်ယောက် ဦးတည်နေသော အရပ်ကို သူသိနေပါသည်။ သိနေခဲ့ ပြီးပါပြီ.......။

" ချစ်သူ ... ခုနက တရားထိုင်ရတာ အဆင်ပြေရဲ့လား... "

" ဟုတ်ကဲ့ .. ပြေပါတယ်မောင်... လေထဲမှာ မိုးငွေ့ကိုရတော့ မိုးရွာမလား စိတ်ပူမိရသေးတယ်.... ဒါပေမယ့် သိပြီး ပျောက်သွားတာပါပဲ မောင်...... "

" ဟုတ်တယ် ... မောင်လဲ အဲ့လိုပါပဲ... နဲနဲပူသွားမိတယ်... နောက်မှ ပြန်ငြိမ်တာ.. "

" မိုးရွာမလား မသိဘူးနော်... မောင် ကျွန်မကို လိုက်မပို့နဲ့တော့လေ..."

" ရပါတယ်ချစ်သူ... မောင် ချစ်သူကို လိုက်ပို့ပြီးမှ ပြန်မှာပါ.. မိုးရွာလဲ ထီးပါတာပဲမို့လား... ပြီးတော့ ချစ်သူတို့ လမ်းနားက ညဈေးမှာ ဘုရားဆွမ်းတော်တင်ဖို့နဲ့ မေမေ့အတွက် ပန်းသီးနဲနဲလောက် ၀ယ်ချင်သေးတယ်..."

" ဒါဆို အတော်ပဲပေါ့ မောင်... ကျွန်မလဲ တစ်လက်စတည်း မောင်နဲ့တူတူ ၀ယ်မယ်လေ... မေမေကတောင် ပန်းသီးစားချင်တယ် ပြောနေသေးတယ် မောင်ရဲ့.... "

ကောင်လေးက ခပ်ဖွဖွပြုံးသည်။ ကောင်မလေး၏ လက်ကလေးကို မလွှတ်တမ်း ဆုပ်ကိုင်ထားခဲ့ရင်းက ဆိုက်ရောက်လာသော ၄၈ အမြန်ကားပေါ်သို့ သူတို့ တက်သွားကြလေသည်။
သူတစ်ယောက်သာ မှတ်တိုင်၌ ယောင်ချာချာ ဖြစ်ကျန်ခဲ့သည်။
နေမင်းသည် အနောက်အရပ်သို့ လုံးလုံး ထွက်ခွါသွားခဲ့ပြီ။
ညဦးသည် နီယွန်မီးရောင်များအောက်၌ လှပတင့်တယ်လာလေပြီ။
သူသည်လဲ အိမ်ပြန်ရတော့မည်။
သူကလေးတို့လိုက်ပါသွားသော ထိုခရီးသည်တင် မထသယာဉ်၏ နောက်မြီးပိုင်းကို သတိလက်လွတ်ငေးမောနေခဲ့မိပြီးမှ သူ ဖွဖွညင်ညင် ပြောလိုက်မိပါသည်။

( နှုတ်ဆက်ပါတယ် စုံတွဲကလေးရယ်.... အကယ်၍ လောကအပြောင်းအလဲတွေ မရှိခဲ့ဘူးဆိုရင်ပေါ့.... နောက်တစ်ပတ် တနင်္ဂနွေညနေမှာ ပြန်ဆုံချင်ပါသေးတယ်ကွယ်....။)


ဇော်။

( ကျနော် တက္ကသိုလ်ကျောင်းသူဘ၀ ရွှေတိဂုံကုန်းတော် သန့်ရှင်းရေး တနင်္ဂနွေအပတ်တိုင်း ကြုံတွေ့ခဲ့ရသော ကျနော်မသိသော စုံတွဲတစ်တွဲအကြောင်း ဖြစ်ပါသည်။
ထိုစုံတွဲကလေးကို ကြည့်ရင်း .. ကျနော် မျှော်လင့်ခဲ့မိဖူးပါသည်။
တစ်နေ့ ကျနော့်တွင် ချစ်သူရှိလာသော အခါ......... )

Tuesday, March 1, 2011

တစ်စုံတစ်ခုရဲ့ နောက်ကွယ်က ကိုယ်...........

ကံကောင်းထောက်မလို့ ရှင်သန်ခွင့်ရနေတဲ့
နေ့တာတိုတိုတွေထဲ
၂၄နာရီလုံး အသက်ရှူကြပ်နေရတယ်

အဲ့ဒီ လူပြောများတဲ့ အဆိပ်ရည်ကို
မတော်တဆ ငတ်ကြီးကျ မြိုမိပြီးကာမှ
ဘယ်ဘက် ရင်ဘတ်တစ်ခြမ်းက မျက်တတ်တတ်နဲ့

ကိုယ့်အပြစ်နဲ့ကိုယ်ပဲလေ
ချစ်တတ်လွန်းခဲ့တာကိုက ကိုယ့်အမှားတစ်စွန်းတစ်စပဲ ဖြစ်ရမယ်

နေသာပါတယ်
ကျကျသွားတဲ့ ရှိစုမဲ့စု သိက္ခာတွေကို
လိုက်လိုက်ကောက်နေရတာနဲ့တင်
ကိုယ့်မှာ လူမှန်းသူမှန်းမသိဖြစ်ဖြစ်နေရတယ်

အပေါ်.. အောက်.. ဘေး
သုံးမျိုးသာ ရွေ့လို့ရတဲ့ ဒီဝလုံးထဲ
သုညကို အိတ်ကပ်ထဲထည့် ရိုးသားခြင်းနဲ့ ရှင်သန်မဟေ့လို့
ပြောပြောမိတဲ့ ကိုယ့်စကားတွေ ကိုယ့်ဟာကိုယ် ပြန်ပြီး
ထမ်းပိုးနေရတာလောက် ဘယ်အရာမှ လေးမယ်မထင်ဘူး

လက်ခုပ်ဆိုတာ တစ်ဖက်တည်းတီးလို့ မြည်ရိုးမှ
မရှိခဲ့ဘဲကွယ်
ဖြစ်ပျက်ခဲ့သမျှထဲ ကိုယ့်ပါဝင်မှုတွေ
ရာခိုင်နှုန်း ဘယ်လောက်များခဲ့တယ်တဲ့လဲ

မြတ်မြတ်နိုးနိုးနဲ့ နက်ရှိုင်းခဲ့ပြီးကာမှ
ကိုယ် လွှင့်ပစ်ခံရဦးတော့မယ်တဲ့လား
အနေအထိုင်မတတ်တဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ
ယဉ်ယဉ်ကျေးကျေး ပြန်ပြုံးပြလိုက်မိတယ်
နေသာပါရဲ့ကွယ်

တွေးပူမိလေတိုင်း
ချမိရတဲ့ သက်ပြင်းတွေ
တထိတ်ထိတ်ဖြစ်ရတဲ့ စိုးရွံ့ခြင်းတွေ
သူမုန်းမှာကို သေမလောက်ကြောက်မိရခြင်းတွေ
ကိုယ် ....................
ရင်ထဲမှာ.............
မ___ ကောင်း____ ဘူး။

ကိုယ်ဖြစ်ချင်တာသာ ဖြစ်ခွင့်ရမယ်ဆိုရင်
အဲ့ဒီ ခါးသက်ခြင်းကမ်းပါးက
အနက်ရောင် သံသယနယ်မြေထဲ
ကိုယ် စစ်ရေးမငင်ချင်ဘူး
သံခင်း တမန်ခင်းတွေ မလာခင်ကတည်းက
ကိုယ် အလံဖြူထူပါ့မယ်
လက်နက်ချ ချစ်ကြည်ရေးတွေထဲ
" နောက်တစ်ကြိမ် " ဆိုတာကို နဲနဲလောက်
ပြန်ရချင်တယ်

ဘယ်ဘက်ရင်တစ်ခြမ်းရယ်
လှုပ်ရှားမှုတွေကို တဆိတ် ရပ်တန့်ပေးပါလား
ငြိမ်သက်ခြင်းတွေထဲ ကိုယ်ခြေရာ ခန ဖျောက်ပါရစေ
အားလုံး ပြီးဆုံးသွားရင်တော့
နံနက်ဖြန်မှာ နေသာကောင်းပါရဲ့

ခုလောလောဆယ်
ကိုယ်အရေးတကြီး လုပ်စရာရှိနေတယ်
ချစ်သူအပေါ် ရိုးသားမှု ဘယ်လောက်ရှိလဲ
ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ရဦးမယ်။ ။

ဇော်။

Friday, February 18, 2011

အွန်ဒျူတီ.... ( On Duty )

တာဝန်မဟုတ်တဲ့ တာဝန်တွေထဲ
ခေါင်းနစ်ရင်းက
ဗိုက်ဆာတာကို သတိရတယ်။

ထမင်းဘူးကို ဖွင့်မယ့်အစား
မှတ်စုစာအုပ် ဖွင့်မိတယ်။

တစ်နာရီနားချိန်ဟာ
မွန်းကျပ်နေသူအတွက် ရတနာ။

ရေတစ်ပုလင်း
ရှေ့ချထားရင်း
ကိုဟန်သစ်ရဲ့ စာတွေဖတ်တယ်
ကိုရန်နိုင်ရဲ့ သန်းခြောက်ထောင်ပြန်နားထောင်တယ်
လင်းစက်ရာကို တွေးမိတယ်
ဟိန်းလတ်နဲ့ စကားပြောချင်တယ်
နေပိုင့်ကို ဖုန်းခေါ်တယ်
နောက်
သူ့ကို တမ်းတမ်းတတ
လွမ်းတယ်။

အချိန်တွေရဲ့ ရွေ့လျားမှုက
နှေးလွန်းလေခြင်း
အပြစ်တင်ငွေ့တွေနဲ့ အခန်းတောင်
ပိုမှောင်သွားသလို
ဝန်းကျင်မှာ ငွေ့ရည်တို့
တွဲလွဲခိုတယ်။

ဖတ်ပြီးသား ကဗျာကိုပဲ
နောက်တစ်ကြိမ် ပြန်ဖတ်မိတယ်
နားထဲမှာတော့
လှောင်ရယ်သံတွေ ဆူညံလေရဲ့။

တစ်ခုခုလုပ်မှဖြစ်မယ်
ကော်ဖီတစ်ခွက်ထဲ
အတွေးတွေ ထည့်ဖျော်လိုက်တယ်
ကျတဲ့အခါလဲ ကျတယ်
ဖန်တဲ့အခါလဲ ဖန်တယ်
သက်တဲ့အခါလဲ သက်တယ်
ငါကိုက
ဖြစ်တည်မှုနဲ့ နဲနဲလွဲတယ်။

ဒီနေ့က နိုက်ဒျူတီ
နားရက်ရောက်ဖို့ ၂၄နာရီနှစ်ခါဖြတ်ရဦးမယ်
ဒီနေ့ကုန်ဖို့ အတော်ကြာတာပဲလို့
တွေးမိပေမယ့်
သေဖို့တစ်ရက်နီးတာကိုတော့ မေ့လျော့တယ်။

ငြိမ်ငြိမ်ဆိတ်ဆိတ်နေချင်ကာမှ
ငါ့ကို ဘာလို့လာလာခေါ်နေကြတာလဲ
ခနလောက် နားပါရစေလား
ရွေ့လျားနေတဲ့ ပတ်လမ်းကြောင်းထဲ
အမှုန်တွေ ဘယ်လောက်များ ပါဝင်နေသလဲ
ငါ စူးစိုက်ကြည့်ချင်တယ်
အားလုံးငြိမ်သက်သွားတဲ့ ခနရဲ့နောက်
ငါ နှစ်နှစ်ခြိုက်ခြိုက် ပြန်ဖူးပွင့်မယ်။

နားထဲမှာ အသံတွေ ထပ်နေတယ်
အိမ်ပြန်ချိန်ကို မျှော်ကြည့်မိတယ်
နာရီကို ခနခန ငေးတယ်
ဖြိုးကို တွေ့ချင်တယ်
လင်းစက်ရာကဗျာတွေကို ငတ်မွတ်တယ်
ကျောချမ်းလွန်းတဲ့ အဲကွန်းခန်းထဲ
ရေခိုးရေငွေ့တွေနဲ့
အတွေးတစ်ချို့
ပလူပျံတယ်။

အလကားရလို့သာ တွေးနေမိတာ
အခန်းအေးစက်စက်ထဲ
အတွေးစိုထိုင်းထိုင်းတွေက
အောက်သိုးသိုးနံ့တွေနဲ့။

ကွန်ပြူတာကို ကြည့်တယ်
ဗလာကိုသာ မြင်တယ်
ခလုတ်တွေကို နှိပ်နေတယ်
နတ္ထိကိုသာ ခံစားမိတယ်
တစ်စုံတစ်ခုထဲ နစ်မြုပ်နေရင်း
တစ်စုံတစ်ခုရဲ့ ဖိအားတွေကြောင့်
အသက်ရှူ ကြပ်တယ်။

ဟူး.........
တော်ပြီ
ခေါင်းကိုခါတယ်
လက်ကိုခါတယ်
ဆံပင်ကိုခါတယ်
နှလုံးသားကို ဖုန်ခါတယ်
အတွေးတွေကို ပြန်သတ်ရမယ်။

ပြောသာပြောရတာပါ
စိတ်ကူးထဲမှာတော့
အလင်းတွေက
ယိုင်လို့ ကောင်းနေကြတုန်း....။ ။

ဇော်။

Tuesday, February 15, 2011

ကြယ်ရှိုက်သံ

အဲ့ဒီနေ့က မိုးမရွာပါဘူး။ စာဖွဲ့ရလောက်အောင်လဲ ကဗျာမဆန်ခဲ့ဘူး။ နောင်တစ်ချိန်မှာ မချစ်တတ်တဲ့ကျွန်မကို ချစ်မြတ်နိုးတတ်အောင် သင်ပေးခဲ့တဲ့ အဲ့ဒီချစ်သူကို ကျွန်မ စတင်သိကျွမ်းခဲ့ရတဲ့အချိန် ကျွန်မရဲ့ ချစ်သူဟာ တံခါးမခေါက် စစ်မကြေငြာပါဘဲ ကျွန်မနှလုံးသားကို စစ်ဆင်ခဲ့တယ်။ ချစ်သူရဲ့ နည်းဗျူဟာအဆင့်ဆင့်မှာ ကျွန်မ နစ်မွန်း ... ရုန်းမရအောင် နှောင်ဖွဲ့ခဲ့တယ်။
ချစ်သူကို ကျွန်မ သိပ်ချစ်ခဲ့တယ်။

မောင်လို့ နှလုံးသားဆီကနေ ဖြစ်ပေါ်လာတဲ့ အဲ့ဒီ နာမ်စားလေးတစ်ခုမှာ ချစ်မြတ်နိုးခြင်းတို့ အလေးချိန် ဘယ်လောက်များများ ပါဝင်နေမယ်လို့ မောင်ထင်လဲဟင်...
စာအုပ်ရဲ့ ပထမစာမျက်နှာမှာကတည်းက မောင့်ကို ကျွန်မက ချစ်ခဲ့ရတာပါ မောင်..

ကျွန်မကို ချစ်သူလို့ ခေါ်တတ်ခဲ့တဲ့ အေးဆေးငြင်သာစွာ စကားပြောတတ်ခဲ့တဲ့ မောင့်ရဲ့ ရင်ထဲကို ကျွန်မ ခနလောက်ဖြစ်ဖြစ် ၀င်ကြည့်ချင်ပါတယ်။ ချစ်ခြင်းမှာ အပေါ်ယံတွေများ အချိုးညီ ရောပါနေခဲ့ပါသလား။
တိတ်တဆိတ် မေးခွန်းထုတ်ရင်း ဒီသံသယတွေကို ကျွန်မ ခ၀ါချပစ်ခဲ့တာ မောင် စိတ်မကောင်းမှာ စိုးရိမ်မိလို့ တစ်ခုတည်းပါ။

ချစ်သူကို လေးနက်စွာ ကျွန်မချစ်ခဲ့တယ်။ မြတ်နိုးစွာ တန်ဖိုးထားခဲ့တယ်။ ရူးမိုက်စွာ တိတ်တိတ်လေး မျှော်လင့်ခဲ့ဖူးပါတယ်။ ကျွန်မအတွက် တန်ပြန်မှုက တံလျှပ်တဲ့လား မောင်။

မှတ်မိပါသေးတယ်။
အဲ့ဒီ မောင်ခိုဝင်ခဲ့ဖူးတဲ့ ရင်ခွင်ကလေးက ကျွန်မကို သိသွားခဲ့တော့ ကျွန်မရှေ့မှာ သူကလေး ငိုခဲ့တယ်။ ရှိုက်ကြီးတငင် ငိုခဲ့တယ်။ ကျွန်မကို ချိန်းခြောက်ခဲ့တယ်။ တောင်းပန်ခဲ့တယ်။
မောင်.... မတ်မတ်ရပ်နေခဲ့တဲ့ ကျွန်မ၊ တုတ်တုတ်မလှုပ်ခဲ့တဲ့ ကျွန်မ၊ တုံဏှီဘာဝေ နေခဲ့တဲ့ ကျွန်မကို အသည်းနှလုံးမရှိ၊ ကိုယ်ချင်းစာတရားမရှိတဲ့မိန်းမလို့ သူကလေး ထင်ရော့မယ်။
တကယ်က မောင်ရယ်.. ရှင်သာ မြင်နိုင်မယ်ဆိုရင် ကျွန်မ ဘယ်လောက်နာကျင်ခဲ့လဲဆိုတာ ... ဘယ်လောက်ရင်ကွဲခဲ့ရသလဲဆိုတာ.. ဘယ်လောက်အထိ အရုပ်ကျိုးပြတ်ဖြစ်ခဲ့ရသလဲဆိုတာ...
ကျွန်မကိုကျ ဘယ်သူတွေများ စာနာနိုင်ခဲ့ကြပါသလဲ.....
ကျွန်မမောင့်ကို သိပ်ချစ်ခဲ့မိတာ သူကလေးကို မသိခဲ့လို့ပါ။

ဒါပေမယ့်မောင်.... ချစ်ခြင်းမှာ တားဆီးလို့ရရိုး ထုံးစံ ရှိခဲ့ပါသလား။
မောင်ပြောသမျှ ကျွန်မနားထောင်ခဲ့တယ်။ မောင်ဆိုသမျှ ကျွန်မလက်ခံခဲ့တယ်။ မောင်ချော့သမျှ ကျွန်မပြုံးခဲ့တယ်။ ကျွန်မကို ဦးနှောက်မရှိသူလို့ပဲ ဆိုဆို၊ အရူးလို့ပဲ သတ်မှတ်ချင်သတ်မှတ်၊ မိုက်မဲသူလို့ပဲ ပြောပြောပါမောင်...
ကျွန်မချစ်တဲ့ ချစ်သူကို ကျွန်မ မြတ်နိုးစွာ ချစ်ချင်ပါတယ်။

မောင့်အပေါ်မှာ တစ်ခါမှ စိတ်မဆိုး စိတ်မကောက်တတ်ခဲ့တဲ့ ကျွန်မကို စိတ်ဆိုးစိတ်ကောက်ဖို့ မောင်ပြောခဲ့တုန်းက ကျွန်မ လေးလေးနက်နက် ပြုံးခဲ့မိတယ်။ ကျွန်မစိတ်ဆိုးရင် မောင် ကျွန်မကို ငြူဆူတော့မှာ၊ ကျွန်မစိတ်ကောက်ရင် မောင်ကျွန်မကို ထားသွားခဲ့တော့မှာ။
ကျွန်မ သိပ်ကြောက်ခဲ့မိပါတယ်မောင်။

ဒါပေမယ့်မောင်ရယ်
အခု ကျွန်မတစ်ယောက်တည်းပါ။ မောင်မေ့လျော့နေတဲ့ မောင့်ကိုသိပ်ချစ်တဲ့ မိန်းကလေးတစ်ယောက် ဒီကောင်းကင်ကြီးအောက်မှာ တစ်ယောက်တည်း ငြိမ်ငြိမ်ဆိတ်ဆိတ်ရှိနေခဲ့ပါတယ်မောင်။ အဲ့ဒီ မိန်းကလေးက သိပ်ဟန်ဆောင်ကောင်းတာမောင်ရဲ့။ သူက အမြဲပြုံးနေတတ်တယ်။ သူ့ကို သူ့ချစ်သူအကြောင်းမေးတာကို ကြုံရတိုင်း ချစ်သူက သူ့ရင်ထဲမှာ အမြဲရှိပြီး ချစ်သူကလဲ သူ့ကို သိပ်ချစ်တာပေါ့လို့ ဖြေတတ်ခဲ့တဲ့ ကောင်မလေးတစ်ယောက်ပေါ့။ ဒါပေမယ့် သူငိုနေတာကိုတော့ ဘယ်သူမှ မသိခဲ့ပါဘူးမောင်။ သူ့ရင်တွေ သိပ်နာကျင်နေရတယ်။ ဒဏ်ရာတွေ ထပ်နေခဲ့တယ်။ ရင်ကွဲနေခဲ့တယ်ဆိုတာတွေကို ဘယ်သူမှ မသိနိုင်ခဲ့ကြပါဘူး။

ကျွန်မဆိုတဲ့ မောင့်ကိုသိပ်ချစ်တဲ့ အဲ့ဒီမိန်းကလေးအတွက် ကံတရားက အဲ့ဒီလို သတ်မှတ်ခဲ့တယ်ဆိုရင်လဲလေ... ကျွန်မတစ်ခုလောက်ပဲ တောင်းဆိုခွင့်ရှိပါရစေ။ ချစ်သူကို သိပ်ချစ်ခဲ့မိတဲ့ ဒီရင်... မြတ်နိုးခွင့်တော့ ရှိသင့်ပါတယ်လေ။

အဲ့ဒီနေ့က မောင့်မွေးနေ့ပါမောင်။ ကျွန်မလေ တစ်နေကုန်ကို စိတ်ပင်ပန်းစွာ စောင့်နေခဲ့မိတာပါ။ မသိစိတ်က မောင် ကျွန်မဆီလာမှာ မဟုတ်ပါဘူးလို့ သိနေခဲ့ပေမယ့် သိစိတ်က ... ဟင့်အင်း... မောင်လာမှာပါ။ မောင်က ငါ့ကို ချစ်ပါတယ်လို့ မျက်လုံးစုံမှိတ် ငြင်းဆန်အားပေးနေမိခဲ့တာ။ ဒါပေမယ့် အချိန်တွေက သစ္စာရှိစွာနဲ့ အခြေအနေမှန် အဖြစ်မှန်ကို သက်သေထူသွားခဲ့တယ်။ ကျွန်မရဲ့ ရှိုက်ကြီးတငင် ငိုကျွေးမှုကိုကျ ဘယ်သူတွေများ အသိအမှတ်ပြုပေးခဲ့ကြပါသလဲ။ ကျွန်မရဲ့ ကွဲအက်နေတဲ့ နှလုံးသားကို ဘယ်သူတွေများ မြင်တွေ့ခဲ့ကြပါသလဲ။

ကျွန်မ ရယ်နေပါတယ်မောင်။ ကျွန်မ ပြုံးနေဆဲပါ။ မျက်လုံးပေါင်းများစွာရှေ့ တည်ငြိမ်စွာ ဟန်ဆောင်နေဆဲပါ ..... ဘယ်ဘက်ရင်အုံအောက် ဒဏ်ရာရ နှလုံးသားတစ်ခုနဲ့အတူ............

မောင်
သူများတွေ အသဲကွဲကြတယ်ဆိုတုန်းက ကျွန်မ ဟားတိုက်ရယ်မောခဲ့ဖူးပါတယ်။
လူတွေပြောကြတဲ့ ချစ်သူကိုလွမ်းကြောင်း စကားလုံးပေါင်းများစွာ စာဖွဲ့မှုပေါင်းများစွာ ကျွန်မ ကြားသိရတိုင်း ကျွန်မ ပြုံးစိစိလုပ်ရင်း ပြန်ငေးကြည့်ခဲ့ဖူးပါတယ်။
အခုတော့..........

မောင်
နာကျင်တယ်ဆိုတာ ဂျိုနဲ့လားလို့ နောက်ပြောင်တတ်ခဲ့ဖူးတဲ့ကျွန်မ မောင့်ရဲ့ မေ့လျော့မှု၊ လစ်လျူရှုမှုအောက်မှာ ဒဏ်ရာနက်နက်တွေနဲ့ပေါ့။
နှုတ်မဆက်ပါနဲ့လားမောင်ရယ်
တွေ့ဆုံခွင့်မရှိခဲ့တော့ဘူးဆိုရင်လေ ကျွန်မကို လှည့်မကြည့်စတမ်း ထားသွားခဲ့လိုက်ပါ။
မောင်ထားခဲ့တဲ့ ဒီနေရာလေးမှာပဲ ကျွန်မ တိတ်တိတ်လေး ရပ်ကျန်ခဲ့ပါရစေ .....
မောင်ချန်ခဲ့တဲ့ အဲ့ဒီခြေရာတွေကို ငေးကြည့်နေခဲ့ရင်း............


ဇော်။

Saturday, January 29, 2011

တိမ်တိုက်ထူသော အခါသမယ

စိတ်ညစ်တယ်
စိတ်ညစ်တယ်
စိတ်ညစ်တယ်
စိတ်ညစ်တယ်ပေါင်းများစွာကို
ငါချရေး
တစ်လုံးတစ်လေမှာများ
ပြေရာပြေကြောင်း
ငါ မြင်ရမတဲ့လား

စိတ်နှစ်ခွ ဒွန်တွဲမှုတွေကြား
ကျနော် မမွေ့လျော်တော့ပါဘူး မေမေရယ်
အဲ့ဒီနေ့တွေရဲ့ မိုးအုံ့မှုကို
ကျနော် မကျေမနပ် ဖြစ်ရတယ်။

မမျှတဘူး ...... မတရားဘူး.........
ငါ ၀ုန်းဒိုင်းကျဲတော့
ငါ ..... လွန်တယ်တဲ့....

ဟက်ဟက်ပက်ပက် ဟားတိုက်ချင်တယ်
ပက်ပက်စက်စက် ရယ်မောချင်တယ်
နောက်
ဝမ်းနည်းပက်လက် ငါ ငိုမယ်
မျက်ရည်တစ်စက်လောက်ကများ
ငါ့ရင်ကို ပေါ့ပါးလေစေမလားလို့ပါ။

ပျော်ရာမှာ မနေ
တော်ရာမှာသာ နေလေတော့လို့
အမိန့်ဆန်ဆန်တွေကြား
ကျနော် မွန်းကျပ်လွမ်းလှပါတယ် မေမေရယ်
ပြည်သူပိုင်လေထဲမှာမှ
လူဖြစ်လာရတာ မောတယ်။

မေမေရယ်
ဘယ်လိုနေရာမျိုးမှာမှ
ကျနော် မပျော်ပိုက်တော့ပါဘူး
ချိုမြိန်တဲ့ အဆိပ်ပျားရည်တွေနောက်
အငမ်းမရ လိုက်လိုက်မှောက်နေရတာကိုက
(ကိုယ့်ကိုယ်ကိုယ်)
မသတီ ဖြစ်လာနေမိရတယ်။

ကဲပါလေ
ရှုံးလက်စနဲ့ အရှုံးသာပေးလိုက်ပါတော့မယ်
သူတို့အလိုပြည့်လို့ ငြိမ်းချမ်းကြတဲ့ခန
ငါ့အပူတွေလဲ ငြိမ်းချမ်းပါရစေ
ငါ နာကျင်သကဲ့သို့
သူတို့ မဖြစ်ကြပါစေနဲ့။

မေမေရယ်
ကျနော် တိုးတိုးတိတ်တိတ်
ကျိတ်မှိတ် မြိုချလိုက်ရတဲ့
မီးကျီခဲတစ်ချို့မှာ
ကျနော့် ကိုယ် .... စိတ်.... နှလုံး.... သုံးပါးလုံး
ဖျားနာကုန်ကြတယ်။

တော်ပါပြီ မေမေရယ်
နံနက်ဖြန်မှာ ကျနော်ကို မေ့သွားကြမယ့် သူတွေထဲ
အာဃာတနဲ့ ကျနော် မပတ်သတ်ချင်တော့ပါဘူး
အလိုရှိသမျှ ယူသွားလိုက်ကြပါ
ငါ မတွယ်တာတော့ပါဘူး
မမြတ်နိုးတော့ပါဘူး
ကိုယ်အလုပ် ကိုယ်လုပ်
အချိန်တန် အိမ်ပြန်
ငါ့ရည်ရွယ်ချက်တွေ ပြီးတဲ့နောက်
ငါ အသေဖြောင့်မယ်
အဲ့ဒါကမှ .... ငါ့ပန်းတိုင်အစစ်ဖြစ်တယ်။

ဇော်။

Sunday, January 16, 2011

မိုးကိုချစ်လို့ ငိုရတယ်။

မိုးရယ်
မတွေ့တာ ကြာခဲ့ပြီကွယ်
တိုက်ခတ်လာတဲ့ အရှေ့တောင်အရပ်က
အဲ့ဒီ လေပြည်တွေထဲမှာ
မိုးရဲ့ အငွေ့အသက်များ
ရလိုရငြား
ကျွန်တော်ဟာ မိုးကိုလွမ်းတတ်လာတယ်။

မိုးရယ်
မမြင်တာ ကြာခဲ့ပြီကွယ်
အလွတ်ရနေတဲ့ အဲ့ဒီ ဂဏန်းလေးတွေကို
နှိပ်ဖို့ ကြိုးစားနေရင်းက
သတ္တိမရှိတဲ့ ကျွန်တော်
မိုးကို လွမ်းစိတ်နဲ့
(အကြိမ်ကြိမ်)
ဖျားနာခဲ့ရတယ်။

မိုးရယ်
တိမ်တွေထူတိုင်း ရွာမှာလေလားရယ်လို့
တမ်းတမ်းတတ
ကျွန်တော် ရူးသွပ်ခဲ့ရတယ်
သိနေပါရဲ့နဲ့ မမြင်ချင်ယောင်ဆောင်တဲ့မိုးကို
ကျွန်တော် ဘယ်လို
လှမ်းခေါ်ရပါ့မယ်။

မိုးရယ်
မုတ်သုံလေတွေ မလာခင်ကတည်းက
ကျွန်တော်မိုးကို ချစ်ခဲ့ရပါတယ်
မိုးရဲ့ အေးမြမှုကို
တိတ်တဆိတ် ငံ့လင့်နေခဲ့ရင်းက
ကျွန်တော့်အလွမ်းတွေ
အုပ်စုဖွဲ့တယ်။

ကျွန်တော့်ကို မချစ်နိုင်မှန်း သိရဲ့နဲ့
မိုးခေါ်တေးတွေ
ကျွန်တော် အကြိမ်ကြိမ် ဟစ်ကြွေးခဲ့မိတယ်
ကျွန်တော့်ရင်မှာ မိုးမရွာနိုင်မှန်း
သိနေရဲ့နဲ့
မိုးရဲ့ ငွေ့ရည်ဖွဲ့မှုကို
တိတ်တဆိတ် ကျွန်တော် စောင့်မျှော်ခဲ့မိတယ်။

မိုးရယ်
မိုးနဲ့ဝေးတဲ့အရပ်မှာမှ
ကျွန်တော် ရင်ခုန်ရဲခဲ့ပါတယ်
ရိတ်သိမ်းမိတဲ့ အာရုံတွေတိုင်းမှာ
မိုးက ကျွန်တော့်ရဲ့ ကွန်းခိုရာပါ..
မိုးမသိနိုင်တဲ့ ကျွန်တော့် ရင်ဘတ်တစ်ခြမ်းမှာ
ဝင်သက်ထွက်သက်တိုင်းက
မိုးကို တိုးတိုးဖွဖွ တမ်းတတယ်..

သိပ်ချစ်ရပါတယ်မိုးရယ်
ရွာချင်သလိုသာ ရွာလိုက်ပါ
ပျော်ရာမှာသာ သွန်းဖြိုးပါ
လေနှင်ရာလဲ လွင့်နေပါ
ကျွန်တော်ဆိုတဲ့
ဖြစ်တည်မှု သက်သက်ကောင်ရဲ့ မြေရိုင်းရင်ဟာ
မိုးရဲ့ မျက်နှာလွှဲမှုတိုင်းမှာ
ပက်ကြားတွေနဲ့ ယိုင်နဲ့နေခဲ့
ခြေရာထပ်ခဲ့ပြီပဲ မိုးရယ်.....။

ဇော်။

Sunday, January 9, 2011

အိပ်မက်တွေအကြောင်းဖွဲသီခဲ့မိသော လူအလူနလေးတစ်ယောက်၏ ရင်ထဲက ကဗျာ

မျှော်လင့်ထားခြင်းမရှိပါဘဲ..
ဖျော့ဖျော့လွင်လွင် နံနက်ခင်းရဲ့ မြူမှုန်တွေကြားမှာ
ကျွန်တော့်ရင်ခွင်တံခါးကို လာခေါက်တဲ့ နံနက်ခင်းဧည့်သည်လေးက
ကျွန်တော့်ရင်ခုန်သံတွေကိုတောင် အားနာပါးနာ .. အသိအမှတ်မပြုခဲ့ပါဘူး။

ချစ်သူရေ..
အရုဏ်တွေ မလင်းချင်းခင်ကတည်းက
ညတွေဟာ ကျွန်တော့်ရင်မှာ အကြိမ်ကြိမ် နက်ရှိုင်းခဲ့တာပါ။

ကျွန်တော်ဆိုတာ
အနာဂတ်ကို ရူးနှမ်းမိတဲ့..
စကားလုံးတိုင်းမှာ ချစ်သူကို ဘယ်လောက်မြတ်နိုးကြောင်း..
အကြိမ်ပေါင်းများစွာ ဖွဲ့သီမိတဲ့
ဂျစ်ကန်ကန်ဆန်တဲ့
ချစ်သူရဲ့ စစ်သုံ့ပန်းတစ်ယောက်ပါကွယ်။

ဟော့ဒီ အာရုံတစ်လျှောက်
ချစ်သူရဲ့ စကားလုံး အရုတ်အသိမ်းတိုင်းမှာ
ကျွန်တော့် ၀င်သက်ထွက်သက်တွေ ကသောင်းကနင်း နိုင်သွားခဲ့ဖူးတယ်...
ချစ်သူရဲ့ ရယ်သံဟဟတွေကြားမှာ
ကျွန်တော့်အသက်ဓါတ်တွေ တစ်ခဏစာ ချုပ်ငြိမ်းသွားခဲ့ဖူးတယ် ...
ကျွန်တော့်ဝိဥာဉ်ဆိုတာ
ချစ်သူ ပါးပြင်ပေါ်ကို ဖြတ်တိုက်သွားတဲ့ လေပြည်တွေထဲ
ခိုဝင်လိုက်ပါချင်ခဲ့တယ်..
ချစ်သူအတွက် အေးမြငြိမ်းချမ်းခြင်းတွေကို
ဟိုးအဝေး တောင်တန်းကြီးတွေဆီကနေ ကျောပိုးသယ်ဆောင်လို့ပေါ့။

ဒီလို မိုးမရွာတဲ့ အေးစက်စက် ရာသီတွေမှာတောင်
ချစ်သူရဲ့ အငွေ့အသက်နဲ့
ခြောက်ကပ်ကပ် နေ့ရက်တွေ စိမ်းလန်းလာအောင်
ကျွန်တော် ပေါင်းသင်တတ်လာခဲ့ပြီလေ..
ချစ်သူအတွက် ချစ်ခြင်းကို
ဖွဲ့နွဲ့လို့ ကျွန်တော် မပြောတတ်ခဲ့ပါဘူး
ဒါပေမယ့် ကျွန်တော်ဆိုတဲ့ အညတရလေးရဲ့
အသိဥာဏ်ဟာ
ချစ်သူရဲ့ ပုံရိပ်တွေ ထာဝရ ချိတ်ဆွဲပြသရာ
ကိုယ်ပိုင် ပြခန်းငယ်တစ်ခုပါ..

မြောက်ပြန်လေတို့ရဲ့ ဆောင်းရာသီထဲမှာ
ဖြူလွလွ အိပ်မက်တွေထဲ ပျော်ဝင်ရင်း
ကျွန်တော့်ရဲ့ မျှော်လင့်ခြင်းတွေကို လင်းလက်ခွင့်ပေးပါ
ချစ်သူ မသိပေမယ့်
တိတ်ဆိတ်ခြောက်ကပ်နေတဲ့ ကျွန်တော့်အခန်းကျဉ်းလေးရယ်..
ချစ်သူနာမည်ကို အထပ်ထပ်ရေးချ .. စာရွက်တွေနဲ့ ရှုပ်ပွတေလေနေတဲ့
ကျွန်တော့် စာကြည့်စားပွဲလေးရယ်..
ဂီတာတစ်လက်ရဲ့ သံစဉ်တွေနဲ့ လွှမ်းခြုံထားတဲ့
ဥာဥ့်ဦးရဲ့ လရောက်အောက်က
တစ်စက်စက်ကျနေတဲ့ အလွမ်းညတွေကို
ချစ်သူ မသိနိုင်ပေမယ့်..
ချစ်သူ သိနိုင်မှာ မဟုတ်ပေမယ့်လည်း..
ကျွန်တော် လွမ်းနေဦးမယ် ချစ်သူရယ်။

အဲ့ဒီအလွမ်းမှာ ဂန္တ၀င်တင်စေမယ့် စကားလုံးတွေနဲ့ ဖွဲနွဲ့မထားပါဘူး..
အကယ်ဒမီရနိုင်လောက်တဲ့ ဟန်ပြမှုတွေ မပါပါဘူး..
ပျံ့လွင့်လာတဲ့ အဲ့ဒီ တေးသွားတွေကို နားထောင်ရင်း
တိတ်တိတ်ဆိတ်ဆိတ်နဲ့ နက်ရှိုင်းနေတဲ့ ညယံထက်က ကောင်းကင်ကို ကြည့်ရင်း
ကျယ်ပြန့်မျောလွင့် စူးစူးနင့်နင့်နဲ့ လွမ်းတယ် ချစ်သူ။

အကြောင်းအရာတွေနဲ့ မကြီးကျယ်ခဲ့တဲ့ ဟော့ဒီ အညတရ ကျွန်တော်ဆိုတာ
ချစ်သူအတွက် ဖြစ်တည်မှု သက်သက် ကောင်ပါ..
ချစ်သူကို လွမ်းတိုင်း .. မြိုသိပ်ထားရတဲ့ တစ်လုံးတည်းသော အမည်နာမလေးတစ်ခုကိုသာ
တိတ်တဆိတ်ရေရွတ်ရင်း
ချစ်သူကို ကဗျာလေးတစ်ပုဒ်လို ချစ်တဲ့ ကျွန်တော်ဆိုတဲ့ လူငယ်တစ်ယောက်ရဲ့ ရာဇ၀င်ဟာ
သိပ်တော့ဖြင့် ကဗျာမဆန်ခဲ့ပါဘူးချစ်သူ..

ငြိမ်ငြိမ်သက်သက်နဲ့ အခြေကျ အိနြေ္ဒတွေ ရခဲ့ပြီးမှ
တားမြစ်ထားတဲ့ သစ်သီးကို မတော်တဆ ကိုက်မိသလို
အယောင်ယောင်အမှားမှားနဲ့
အချစ်ရဲ့ ပြဌာန်းမှုတွေကို မသိနားမလည်တဲ့ ကျွန်တော်
ချစ်သူရဲ့ မျက်နက်ဝန်းလေးတစ်စုံ ရှေ့မှောက်
တိတ်တဆိတ် ပျောက်ဆုံးသွားခဲ့ဖူးတယ်။

ကျွန်တော့်ရဲ့ ရင်ခွင်တစ်ခြမ်းကို ငုံ့ကြည့်လိုက်တိုင်း
ချစ်သူကို ချစ်ရတဲ့ချစ်ခြင်းနဲ့ တစ်ဆတ်ဆတ်ခုန်နေတဲ့ ကျွန်တော့်နှလုံးသားမှာ
ချစ်သူရဲ့ အမည်နာမလေးက မင်းမူနေခဲ့တယ်..
တကယ်တော့ ချစ်သူဆိုတာ ကျွန်တော့်အတွက်
ကဗျာသိပ်မဆန်တဲ့ ကဗျာတစ်ပုဒ်
ဂုဏ်သတင်းမွှေးပျံ့လွန်းတဲ့ ကျမိုင်းငယ်..
ဂျစ်ကန်ကန်ကောင်မလေးတစ်ယောက်ရဲ့ ဘ၀မှာ
အိပ်ယာက နိုးတိုင်း လွမ်းရတတ်တဲ့
အိပ်မက်ဦးတို့ တည်ရာပါ .. ချစ်သူ

အဘယ်နတ်ဘုရားရဲ့ ပြုစားမှုတွေကြောင့်များလဲ
ခြောက်သွေ့ အေးစက် .. မြူတွေမှိုင်းနေတဲ့ ဆောင်းညတွေနဲ့အပြိုင်
ကျွန်တော့်ရင်ဟာ ချစ်သူမရှိတဲ့ နေ့ရက်တွေမှာ
ပြာရီအက်ကွဲနေတယ်လေ..
ဒါပေမယ့်..
ဒါပေမယ့် ချစ်သူရယ်..
ဖွင့်ထားတဲ့ ကွန်ပြူတာရှေ့ ဆောက်တည်ရာမဲ့ မေ့မေ့လျော့လျော့ထိုင်ရင်း
ချစ်သူရဲ့ အရိပ်အယောင်ကိုများ မြင်ရလို မြင်ရငြား
စောင့်မျှော်နေမိတဲ့ ကောင်မလေးတစ်ယောက်ဟာ
အခါခါ သေဖူးတာတောင်မှ ပျဉ်းဖိုးနားမလည်ခဲ့သေးပါဘူး။

မနီးနိုင်အောင် ဝေးနေခဲ့ရပေမယ့်
ခပ်မဆိတ်ဘဲ ကျွန်တော် လွမ်းနေပါရစေ ချစ်သူ
မျှော်လင့်ချက်ဆိုတာ နံနက်ဖြန်တိုင်းမှာမှ ရှင်သန်တတ်တဲ့အရာမျိုးလား
ကျွန်တော် ဘာကိုမှ မမျှော်လင့်ချင်တော့ပါဘူး
ကျွန်တော်ဆိုတဲ့ ဖားသူငယ်က
ကိုယ့်နွားခြေရာခွက်ကိုမှ တစ်ကမ္ဘာထင်ခဲ့မိတာပါ
ပန်းတွေမပွင့်တဲ့ ရာသီမှာမှ
ညမွှေးပန်းနံ့ကို တမ်းတမ်းတတ ရှိုက်ချင်နေမိတဲ့ ဟော့ဒီကောင်
ကျွန်တော်ဆိုတဲ့ လူအတစ်ယောက်ဟာ
ပန်းတို့ရဲ့ ဥယျာဉ်မှူးကိုတွေ့မှ
ရင်ကိုခွဲပြီး သည်းချင်တိုင်း သည်းခဲ့တာပါ ချစ်သူ..

ချစ်သူနဲ့ ကျွန်တော်ဟာ တစ်မိုးအောက်တည်း အတူ ရှိနေခဲ့လဲ
ကျွန်တော်တို့နှစ်ယောက်ရဲ့ ကျိန်စာဆန်ဆန် ကြမ္မာရိုင်းတွေကြောင့်
ချစ်သူကို သတိရတိုင်း အုံ့မှိုင်းရီဝေလွန်းလှတဲ့ အလွမ်းကဗျာတွေက
ကျွန်တော့်ရဲ့ နေ့ရက်တွေကို
ဆောင်းအငွေ့အသက်တို့နဲ့ စွတ်စိုစေခဲ့ပါပြီ ချစ်သူရယ်..။

ဇော်။