ပိတောက်တွေ မဖူးကြတော့တဲ့အကြောင်းက ရိုးရိုးလေးပါပဲ
ဝန်းကျင်မှာ အစိမ်းရောင်အစား အဆီပြန်အငွေ့အသက်တွေ
မှိုစော်နံ စက္ကူတွေ ပလူပျံနေခဲ့ပြီ
ဟိုနေ့က သင်္ကြန်အကြောင်းပြောကြတော့
သူငယ်ချင်းရယ် _______ ငါ ရင်နာတယ်....။
ငွေဖလား ... သပြေခက်နဲ့ မြို့မငြိမ်းသီချင်းတွေထက်
အတွင်းခံပေါ်ယဉ်ကျေးမှု၊ အရက်စော်နံ အငွေ့အသက်တွေ
ဒီခေတ်ကြီးမှာ မြန်မာဖြစ်ရတာ ငါ သိမ်ငယ်မိတယ် သူငယ်ချင်း
စောင့်လေမျိုးနွယ်ဆိုတာလောက်ကိုမှ
နားမလည်ကြတော့တဲ့ မိန်းမတွေ
အမျိုးကောင်းသားဆိုတာကို ရေးရေးမှ
မသိကြတော့တဲ့ ယောက်ျားတွေ
သူငယ်ချင်းရေ
နင်ပြောခဲ့သလိုပေါ့
ကမ္ဘာမပျက်ရင်တောင် မြန်မာပျက်တော့မယ်ကွာ
ဂုဏ်တော်ကိုးပါး မသိသူတွေ
ထေရ၀ါဒ မကြားဖူးသူတွေ
ပင်နီကို မမြင်ဖူးသူတွေ
ယဉ်ကျေးသိမ်မွေ့မှု ဆိုတာကို နားမလည်ကြတော့သူတွေ
သူငယ်ချင်းရယ် ____________ တွေးမိလေတိုင်း
(တော်ပြီဟာ .... ဆက်မရေးချင်တော့ဘူး)
မြန်မာပြည် အသက်ရှည်ပါစေ...။
ဇော်။
Monday, April 11, 2011
Sunday, April 10, 2011
ကိုယ်နဲ့ ပွဲတော်
တသသနဲ့ လွမ်းမောလိုက်ရတာ
ဘာနဲ့မှကို မတူဘူး
ကိုယ်မသိတဲ့ နွေဦးလေပွေထဲ
အတာရေတွေ စိုစွတ်နေတယ်
ပိတောက်ငွေ့တို့ လှိုင်လှိုင်ထချိန်
ဧပြီတွေ ခုန်ပေါက်နေကြတယ်
မေမေရေ
သူများတွေ ပြောနေကြတဲ့ သင်္ကြန်ဆိုတာ
ကျနော့်အတွက် ခွက်ပုန်းခုတ်နေချိန်နဲ့တူတယ်
ဘုံဆိုင်ထဲက မီးတောက်အရက်လို ရေရောမှ ဖြစ်မယ့်အမျိုး
ဘယ်သူမှ ဂရုပြုမိမှာ မဟုတ်ပါဘူး
ဒါပေမယ့်
ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်သိနေရတာကိုက
ပဒိုင်းသီးကိုင်ထားရသလို
စုပ်လဲဆူး စားလဲရူးနဲ့
လောကတလင်းပြင်ထဲ
ရာသီချိန်မဟုတ်ပါဘဲ ပွင့်ဖို့ကြိုးစားနေမိတဲ့ ပန်းရိုင်းလို
ကျနော့်သစ်ရွက်တွေ တဝေါဝေါလှုတ်ခတ်
မေမေ့ရင်ခွင်ကို တခုတ်တရ လွမ်းတယ်...။

Friday, April 8, 2011
နေမထွက်သောနေ့
နံနက် အာရုဏ်ဦးပါ
အလင်းရောက်မလာခဲ့ဘူး
တရွေ့ရွေ့သွားနေတဲ့ စက္ကန့်တံနဲ့အတူ
မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တဲ့ အရာတွေ ရှိတယ်
ငါ ရင့်ကျက်သင့်ပြီ
မေမေ
အမှားအယွင်းတွေထဲ
နာကျင်မှုနဲ့ ကျနော် ၀င်တိုက်မိလေတိုင်း
ကောင်းကင်တစ်ဖက်စွန်းက
မေမေ့ရင်ခွင်ကို အရှင်လတ်လတ် ငတ်မွတ်ရတယ်
မာယာဗလပွနဲ့
လောကတောနက်နက်ထဲ
ကျီးလန့်စာစား ဖြစ်နေရသမျှ
မေမေ
ကျနော် အိမ်ပြန်ချင်တယ်...။

Saturday, April 2, 2011
မုယောပွင့်လေး မျက်နှာလွှဲချိန်
မွန်းကျပ်လိုက်တာ
လေထုထဲမှာများ အောက်ဆီဂျင်လျော့နည်းနေခဲ့လား
ရေနစ်သူလို မရေမရာ ဖမ်းဆုပ်မိသမျှ
ကိုယ့်အတ္တတွေပဲ ကိုယ် ပြန်ပြန်ရနေတယ်
နွေရေ
ငါ့ရင်ဘတ်တွေ ဟုန်းဟုန်းတောက်နေပြီကွာ
မစိုက်ပျိုးသင့်တဲ့ရာသီမှာ
ငါ တစ်ယောက်တည်း ထွန်းရေးငင်နေမိခဲ့တာ
ပျိုးကျဲမိသမျှထဲ
သူ့အမုန်းတွေပဲ သီးပွင့်လွန်းနေတယ်
တဆိတ် နွေရယ်
ခပ်ဝေးဝေးမှာ ပူစမ်းပါ
ဒီကောင့်ရင်တွေ လောင်မီးကျနေလို့။

Thursday, March 31, 2011
ထိုနေ့မတိုင်မီ.....
ပုံမှန်လည်ပတ်နေတဲ့ နေ့တွေ
တဖြည်းဖြည်း ဟောင်းနွမ်းလာတယ်
ရှူနေရတဲ့ လေတွေကလဲ ညစ်ညမ်းတယ်
စိတ်တွေကလဲ ညစ်နွမ်းတယ်
လမ်းမှားမလိုက်ဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းရင်းက
ဝန်ရိုးတစ်ပတ်ပြီး တစ်ပတ် လည်ခဲ့ပြန်တယ်
တရွေ့ရွေ့ခရီးနှင်ရင်း
မသိလိုက်မသိဖာသာနဲ့ တဖြည်းဖြည်းနီးလာခဲ့ပြီ
ဒီနေ့လား ____ နံနက်ဖြန်လား
ရှင်သန်ထမြောက်ရာကျမ်းထဲကလို
ကမ္ဘာအနှံ့အပြားမှာ
ဖြစ်ခြင်းပျက်ခြင်းတွေ တန်းစီနေလေရဲ့
တရားစီရင်သောနေ့ဆိုတာ
ငါလဲ မသိဘူး၊ သူလဲ မသိဘူး
ဘယ်သူမှလဲ မသိကြဘူး
ဝေးဝေးကို မကြည့်ပါနဲ့ဦးကွယ်
နံနက်ဖြန်အတွက်
ဒီနေ့တွေကို တန်ဖိုးရှိစေချင်တယ်
ငါ ဘာတွေလုပ်ပြီးပြီလဲ
ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်မေးနေရတာကိုက
ခရီးမတွင်ဖြစ်နေရတယ်
အသက်တစ်ခါရှူ ၊ တစ်ခါထုတ်
ငါ့အတ္တတွေ ငါပြန်ဆုတ်မယ်
အဲ့ဒီနေ့မတိုင်မီ
ငါ့ထမ်းပိုး ငါအရင်ဖြိုရမယ်
မျက်စိစုံမှိတ်
ငြိမ်သက်ခြင်းမှာ ငြိမ်သက်ရင်း
ဝင်သက်ထွက်သက်ရဲ့အောက်
နေမ၀င်ခင်
ငါ အိပ်တန်းတက်ခွင့်ရချင်တယ်.......

Wednesday, March 16, 2011
ကျနော့်တွင် ပန်းလေးတစ်ပွင့် ပွင့်လေပြီ။
ကြိုတင်မျှော်လင့်ထားခြင်းမရှိပါဘဲ ထိုနေ့က သူ ကျနော့်ကို စကားပြောခဲ့သည်။ ကျနော် ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော အခန်းကဏ္ဍတွင် ကျနော် ရုတ်တရက် သူနှင့် ခလုတ်တိုက်မိခဲ့ဖူးပါသည်။ ထိုသို့ဖြင့် သူ ကျနော့်အနားရောက်လာခဲ့သည်။
နေ့တွေနှင့် အရောတ၀င်နေလေ့မရှိသော ကျနော် ထိုနေ့က အမှတ်တမဲ့ ရင်ခုန်ခဲ့ဖူးပါသည်။ သူသည် ပါးဖောင်းဖောင်းလေးနှင့် အလွန်တရာ ချစ်စဖွယ်ကောင်းနေခဲ့သည်။
" မြင်မြင်ချင်း ချစ်မိတယ်ဆိုတာကို ကျနော် မယုံကြည်ဘူးဗျ "
ကျနော် ကြွေးကြော်ခဲ့ဖူးသော စကားလုံးအချို့ ကျနော့်ကို ဟားတိုက်ရယ်မောနေကြသည်။ သူသည် ကျနော့်အတွက် စံပယ်တစ်ပွင့် ဖြစ်သည်။
ငြိမ်ငြိမ်သက်သက်နှင့် မာနကြီးလွန်းသူ၊
ပျောင်းနွဲ့သိမ်မွေ့စွာ စကားဆိုတတ်သူ၊
လူကြီးဆန်ဆန်နေတတ်သူ၊
တစ်ခါတရံ မှုန်ကုတ်ကုတ်ဖြင့် ရှိနေတတ်ပါသောသူ၊
" ကျနော် ခင်ဗျားကို မိစံပယ်လို့ ခေါ်ပါရစေ ... ချစ်သူ "
ကျနော့် အိမ်ဘေး မြေနီလမ်းလေးတွင် စံပယ်တွေ ကျနော်စိုက်ခဲ့ဖူးပါသည်။ အခု ကျနော့်နှလုံးသား မြေနီနီပေါ်တွင် မိစံပယ် နေရာယူလေပြီ။
" ခင်ဗျားကို ကျနော် မချစ်ချင်ပါဘူးဗျာ "
ကျနော့် သံဓိဌာန်တစ်ချို့ ရနံ့တွေရဲ့ ထုံမွှန်းမှုအောက် ပျက်ပြယ်သွားခဲ့သည်မှာ ရက်ပေါင်း သုံးဆယ်ရှိခဲ့ပြီ။
သူ့မျက်ခုံးနက်နက်လေးတွေထက် ကျနော် ခိုတွယ်ချင်သည်။
သူ့နှုတ်ခမ်းထူထူများကို ကျနော် ပန်းချီဆွဲချင်သည်။
ကျနော့်မြတ်နိုးမှုသည် တစ်စစ နက်ရှိုင်းလာသည်။
သူ့ကို ကျနော် အလွန်ချစ်ပါသည်။
" ခင်ဗျားအခုနေ ဘာလုပ်နေမှာပါလိမ့် "
ကျနော် တမ်းတမ်းတတ သတိရမိပါတယ် မိစံပယ်။
ကောင်းကင်ဟာ ရောင်နီကို သယ်လာသလို ....
အိမ်ခေါင်းရင်းမှာ စံပယ်တွေ လှိုင်နေသလို...
လက်ဆေးမိုးတွေ တစ်ဖြိုက်နှစ်ဖြိုက် ရွာနေသလို...
ကျနော် သိပ်ကို သတိရမိပါတယ်။
သတိရခြင်းတွေကိုသာ စာတစ်ပုဒ်ဖွဲ့သီရရင် သူ့နာမည်တစ်ခုသာ ကျနော်ရေးတတ်တော့မည်ထင်သည်။
" ခင်ဗျားက ကျနော့်ရဲ့ စာအုပ်လေးတစ်အုပ်ပါ မိစံပယ် "
တိုးတိတ်ညင်သာ စကားပြောလေ့ရှိသော သူ့ကို ကျနော် ခနခန ငေးကြည့်ခဲ့မိဖူးပါသည်။
တစ်ခါတရံ သစ်ရွက်ကလေး တစ်ရွက်နှင့် တူသည်။
တစ်ခါတရံ ပီဘီကလေးငယ်လေးတစ်ယောက်ပမာ။
တစ်ခါတရံ ဆီဇာဘုရင်ကြီးကဲ့သို့ ရင်ကော့ခေါင်းမော့ပြချင်နေပါသေးသည်။
မည်သို့ပင်ဆိုစေ သူသည် ကျနော့်ရှေ့တွင် ယုန်ငယ်လေးပမာ အလွန်အပြစ်ကင်းလှသည်။
" ခင်ဗျား ဘာလို့ ချစ်ဖို့ကောင်းနေတာလဲဟင် "
ကျနော့်မေးခွန်းတိုင်းကို မသိချင်ယောင်ဆောင်တတ်ပါသော သူ့ကို ကျနော်ပို၍ မြတ်နိုးရပါသည်။ ကျနော့် မြေရိုင်းရင်တွင် စံပယ်တွေ အုံနှင့်ကျင်းနှင့် ပွင့်လေသည်။
ကျနော့်ဘ၀တွင် စိတ်အချမ်းသာဆုံး အချိန်တစ်ချို့မှာ သူနှင့်အတူ ဘုရားရှိခိုးရသော ကာလများဖြစ်သည်။ ကျနော်တို့ တစ်ပတ်တွင် တစ်ရက် သတ်သတ်လွတ် အတူစားသည်။ ညအိပ်ယာဝင်ခါနီးတွင် ဘုရားအတူရှိခိုးသည်။ ရုပ်ရှင်အတူကြည့်သည်။ စာအုပ်အတူ ဖတ်သည်။ စာအတူ ကျက်သည်။ အချိန်တူ အိပ်ယာဝင်လေ့ရှိသည်။
ထို့သို့ဖြင့် ကျနော့်နေ့ရက်များ အလွန်တစ်ရာ ခမ်းနားလှပလွန်းခဲ့ပါသည်။
" ပြန်လာခဲ့ပေးပါ မိစံပယ်.... ကျနော့်ကို ထားမသွားပါနဲ့ဗျာ.... ပြန်လာနိုင်အောင် ကြိုးစားပေးပါ... "
ကျနော် သူ့ဆီမှ တစ်ကြိမ်တစ်ခါသာ လှိုက်လှုက်လှဲလှဲ တောင်းဆိုခဲ့ဖူးပါသည်။ ကျနော့် စံပယ်ပန်းကလေးနှင့် ဝေးကွာရမှာကို ကျနော် အလွန် တွေးပူမိပါသည်။
" သြော် .. ခင်ဗျားကို ဆုံးရှုံးရမှာ ကျနော်သိပ်ကို စိုးရိမ်မိရပါတယ် မိစံပယ်ရယ်... "
ကျနော် သူ့ကို သိပ်ချစ်ပါသည်။
မြတ်နိုးလွန်းရပါသည်။
ကျနော် စိုက်ပျိုးခဲ့သော ပန်းလေး မိစံပယ်ကို ညင်ညင်သာသာ နမ်းရှိုက်ချင်ပါသည်။
ကျနော့်တွင် ရှိသော မြတ်နိုးရမှုများအားလုံး သူ့တစ်ယောက်တည်းသာ ကျနော် ဆင်မြန်းပေးချင်ပါသည်။
" ကျနော် ခင်ဗျားကို သိပ်ချစ်ရပါတယ်ဗျာ... "
ကျနော့်တွင် ထိုစကားတစ်ခွန်းတည်းသာ ပဲ့တင်ထပ် ကျန်ရစ်နေပါတော့သည်။
ကျနော် ထိုစကားတစ်ခွန်းဖြင့် နံနက်ဖြန်ကို ခရီးဆက်ပါဦးမည်။
စံပယ်သည် ကျနော့်နှလုံးသား မြေနီနီတွင် ဖြူစင်စွာ တည်ရှိနေခဲ့ပြီး ဖြစ်သည်။
ဇော်။
( ဤစာမူကို ကာယကံရှင်များသာ သိသော အထိမ်းအမှတ်တစ်ခုအား ရည်ရွယ်၍ ကျနော်ဖွဲ့သီပါသည်။ )

Monday, March 14, 2011
မတ်လ ၁၃ ...
ကမ္ဘာကြီးက နွေဥတုကို အခုမှ ခြေစလှမ်းတာပါ
ကိုယ့်အတွက်ကတော့ ပူလွန်းနေတယ်...
လွင့်ပျံလာတဲ့ လေတွေထဲ
ရနံ့တွေက ခါးသက်သက်နဲ့..
တကယ်ဆို ...... ကိုယ် အသက်ရှူ မ၀ဘူး...
ကိုယ်ကဘဲ မှားယွင်းနေတာလား...
သူတို့ကဘဲ တစ်ဖက်စွန်းနေတာလား....
ဟင့်အင်း..... မပြောတော့ပါဘူး.....
ဖြေရှင်းခွင့်မရှိတဲ့နောက်
ကိုယ့်စကားလုံးတွေ ကိုယ်ချွေတာလိုက်တယ်..
ကိုယ်ကိုယ်တိုင်က အရှိတွေနဲ့
အတော်အတန် လွဲခဲ့မိမှတော့
တိတ်တဆိတ်ပဲ ငြိမ်ဖြစ်ခဲ့တော့တယ်....။
ဂရုစိုက် သတိပြုနေတဲ့ကြားက
ကိုယ့်လက်ထဲက တံစဉ်သွားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်ရှခံနေရတာ
အတော်ဆိုးရွားတယ်...
ကိုယ်မသိဘဲ စိုက်ပျိုးမိခဲ့တာတွေ
ဒီနေ့ ကိုယ်ပြန်ရိတ်သိမ်းရတော့
ကိုယ် နာကျင်လိုက်ရတာ...
မျက်ဝန်းမှာတောင် ရေလျှံတယ်......။
စိတ်မပူပါနဲ့ကွယ်...
အခု .. ကိုယ်ပြုံးနေပါတယ်.....
နှစ်နှစ်ခြိုက်ခြိုက် ကိုယ် ပြုံးပြလိုက်ပါတယ်.....
ဒါပေမယ့်
အသက်မပါဘူး....။
ဒီတစ်ကြိမ်ဟာ နောက်ဆုံးဖြစ်ပါစေ....
ကိုယ်တိုးတိုးတိတ်တိတ် ၀တ်ပြုမိတယ်...
ကိုယ့်ဆုံးဖြတ်ချက်တွေအတွက် .. ကိုယ်ရဲရင့်ပြရဦးမယ်..
ကိုယ်ဆိုတဲ့ကောင်က .. ကိုယ်တိုင်သာ အသုံးမကျတာ...
ဝေဖန်ထိုးနှက်ချက်တွေကိုတော့ .... တူးတူးခါးခါး သပိတ်မှောက်ချင်တဲ့ကောင်...
ကိုယ် အနူးအညွတ်တောင်းပန်တယ်....
စာမျက်နှာတွေကို အသစ်တစ်ဖန် ပြန်ဆန်းစစ်မယ်...
ပြောခဲ့ဖူးသလိုပါဘဲ...
ဘယ်သူ့ကိုမှ .. ဘယ်တော့မှ အပြစ်မတင်တော့တဲ့သူ ဖြစ်ချင်တယ်....။
ဇော်။
( ဒီနေ့ .. ရုံးမှာ အဆူခံရတယ်ဗျာ... ဖြစ်တတ်ပါတယ်.. ဒါပေမယ့် ကျနော် ထိထိခိုက်ခိုက် နာကျင်တယ်...။ )

Subscribe to:
Posts (Atom)