တစ်ခါတုန်းကပေါ့။ ပုံပြင်တစ်ပုဒ်ရှိခဲ့ဖူးပါတယ်။ ပုံပြင်ရဲ့အစမှာ.....
( ခန့် >> ရှင်း )
အပြင်မှာ နှင်းတို့ဝေနေပြန်ပါပြီ။ ဒီလို နှင်းတွေဝေတိုင်း ရှင်းကို ကျွန်တော် တကယ်ပဲ သတိရမိပါရဲ့ဗျာ။ ဒီလို နှင်းတွေ ဝေနေတဲ့ညတစ်ညမှာ ရှင်းကို ကျွန်တော် ကောက်ရလိုက်တာပါ။ ရှင်းဆိုတာ တစ်ချိန်တုန်းကတော့ ကျွန်တော်ရဲ့ချစ်သူပေါ့နော်။ ခုတော့ ကျွန်တော့်ဆီကနေ ပျောက်ဆုံးသွားခဲ့တာ ရက်တို့ ရေတွက်မရနိုင်တော့ပါဘူး။
ရှင်း လို့ ကျွန်တော်က တိုးတိတ်စွာ ခေါ်ခဲ့ရတဲ့ ဖြူစင်ရှင်းဆိုတဲ့ သူမကို ကျွန်တော်ရဲ့ ပညာသင်နှစ် အစမှာပဲ စတင် စုံစည်းခဲ့ရပါတယ်။ ကျွန်တော်က ဟော့ဒီ နှင်းတွေ အမြဲလိုကျတတ်တဲ့ နိုင်ငံတစ်ခုမှာ လာပြီး ကျောင်းတက်ခဲ့ရတယ်။ ကျွန်တော့်ရဲ့ ကုသိုလ်ကံလို့ပြောရလေမလား။ ကျွန်တော် ခုလိုကျောင်းတက်ခွင့်ကို ရခဲ့တော့ လူပဲဗျာ။ အနဲနဲ့ အများဆိုသလို ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတဲ့စိတ် ဖြစ်ခဲ့မိတယ်။ နောက်ပြီး သွေးကြီးမိခဲ့တယ်ဆိုလေမလားပဲ။ ရောက်ရောက်ချင်းမှာတော့ ကျွန်တော့်ပုံစံက မြောက်ကြွကြွဖြစ်နေခဲ့မှာကို မြင်ယောင်နေပါသေးတယ်ဗျာ။ အဲ့ဒီလို အချိန်မှာပေါ့။
ကျွန်တော်တို့ ခုလို ရောက်လာတဲ့ သူတွေတိုင်းက အင်တာနက်ဆိုတာကို ထိတွေ့ခွင့်ရပြီး အွန်လိုင်းမှာ ကောင်မလေးတွေနဲ့ စကားပြောဖြစ်ကြတဲ့သူတွေချည်းပါပဲ။ အဲ့ဒီမှာ ကျွန်တော်လဲ ကောင်မလေးပေါင်းများစွာနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ မထင်မှတ်ပဲ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကြောင့် ကျွန်တော် ကောင်မလေးတစ်ယောက်နဲ့ ခင်မင်ခွင့် ဆုံစည်းခွင့်ရခဲ့တယ်။ သူက စကားပြောကောင်းတယ်။ တစ်ခါတစ်ခါကျ လူကြီးလိုမျိုးဖြစ်နေပေမယ့် သူ့ပုံစံက ကလေးတစ်ယောက်နဲ့လဲ တူနေတတ်ပြန်ပါတယ်။ ဆရာလုပ်တတ်တာလဲ လွန်ပါရော။ ဒါပေမယ့် ကျွန်တော် သူ့ကို ချစ်မိသွားခဲ့ပါတယ်။
အဲ့ဒီ ချစ်ခြင်းက အစမှာတော့ တကယ်ဟုတ်မဟုတ် ကျွန်တော်ကိုယ်တိုင် သေချာ မသိခဲ့သေးပါဘူး။ ကျွန်တော် သူ့ကို ချစ်တယ်လို့တော့ ထင်ခဲ့တယ်။ ထင်ချင်စရာကောင်းအောင်လဲ သူက ကျွန်တော့်ကို ဂရုစိုက်ခဲ့တယ်။ ကျွန်တော်ကတော့ ဘာရယ်မဟုတ်ပဲ စိတ်ထဲမှာ ဒီလိုပဲ ချစ်တယ်လို့ ထင်မြင်ယူဆခဲ့မိတယ်။ ကျွန်တော့်တို့က အွန်လိုင်းမှာ တွေ့ခဲ့ကြတာ မဟုတ်လား။ ဒီတော့ ကျွန်တော့်စိတ်ထဲမှာ အပျော်လို့ပဲ သတ်မှတ်နေခဲ့မိတယ်။ ဒါပေမယ့် သူက ကျွန်တော်ထင်မှတ်မထားခဲ့လိုက်နိုင်အောင်ကို ကျွန်တော်ဆိုးသမျှကို သည်းခံပေးခဲ့တယ်။ နောက် စိတ်လဲမကောက်တတ်ပြန်ဘူး။ ကျွန်တော်သူ့ကို ရှေ့ထားပြီး တစ်ခြားကောင်မလေးတွေနဲ့ စကားပြောနေလဲ သူက ဒီတိုင်း ငြိမ်ငြိမ်လေး ထိုင်ကြည့်ပေးနေတတ်ခဲ့တာ ကျွန်တော်တကယ်ကို အံ့သြခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်မထင်မှတ်ခဲ့တဲ့ ရှင်းရဲ့ ထိုးနှက်ခြင်းက ပြင်းထန်လွန်းနေခဲ့တယ်။ ကျွန်တော့်ရဲ့အပြစ်တွေမှန်း သိခဲ့ပေမယ့် ရှင်းပေးလာတဲ့ အပြစ်ဒဏ်က ကျွန်တော့်ကို အလဲလဲအပြိုပြိုဖြစ်သွားစေတယ်။ သြော်.. ကျွန်တော့်အတွက်ကတော့လေ...။
အဲ့ဒီတုန်းကပေါ့။ အွန်လိုင်းဆိုတော့ အွန်လိုင်းတွေရဲ့ ထုံးစံအတိုင်း ကျွန်တော့်ရဲ့ အီးမေးလ် လျှို့ဝှက် နံပါတ်တွေကို ရှင်းသိခဲ့သလို ရှင်းရဲ့ အီးမေးလ် လျှို့ဝှက်နံပါတ်တွေကိုလဲ ကျွန်တော် သိခဲ့တယ်။ ကျွန်တော်က ရှင်းကို ဖြူစင်တယ်လို့ ထင်ခဲ့မိပါတယ်ဗျာ။ တကယ်လဲ ရှင်းက အဲ့လို ထင်ချင်စရာကောင်းလောက်အောင်ကို ပိရိခဲ့တာပါ။ ကျွန်တော်က ရှင်းရဲ့ အီးမေးလ်မှာ ရှင်းနဲ့ သူ့သူငယ်ချင်းတွေ ချက်တင်ထိုင်သမျှကို သေချာ လိုက်ဖတ်တတ်တဲ့ အလေ့အကျင့်တော့ ရှိခဲ့ပါတယ်။ တစ်နေ့မှာပေါ့ဗျာ။ အဲ့ဒီတစ်နေ့ကို ကျွန်တော်ခုထိ မမေ့နိုင်သေးပါဘူး။
အဲ့ဒီနေ့ကလေ ကျွန်တော်က ရှင်းမေးလ်ထဲကို ထုံးစံအတိုင်းပေါ့ ၀င်သွားခဲ့တယ်။ နောက်ပြီး ရှင်းနဲ့ သူ့သူငယ်ချင်းမတစ်ယောက် ချက်ထားတာကို ကျွန်တော် ဖတ်လိုက်မိတယ်။ ဒီမှာ ရှင်းရဲ့ သူငယ်ချင်းမက ရှင်းကို တစ်ခြားယောက်ျားတစ်ယောက်နဲ့ အကြောင်းတွေ မေးနေတာကို ကျွန်တော်တွေ့လိုက်ရတယ်။ ကျွန်တော် ကိုယ့်မျက်လုံးတောင် ကိုယ်မယုံကြည်လိုက်နိုင်သလိုပါပဲ။ ကျွန်တော် လုံးဝ ထင်မှတ်မထားခဲ့မိပါဘူး။ ရှင်းက ကျွန်တော့် အချစ်ဦးပါ။ ကျွန်တော် ပထမဆုံးချစ်တယ်လို့ပြောခဲ့ဘူးတာ ရှင်းပါ။ ဒါပေမယ့် ကျွန်တော်ချစ်သူ ရှင်းမှာ ကျွန်တော်နဲ့ အပြိုင် တစ်ခြားတစ်ယောက်ရှိနေခဲ့တယ်တဲ့။ ကျွန်တော့်ရင် တစ်ခုလုံး တင်းကျပ်လာတယ်။ ကျွန်တော်လေ ကွန်ပြူတာရှေ့မှာ နာရီပေါင်းများစွာ မလှုပ်မယှက်ထိုင်နေခဲ့မိတယ်။ ဟုတ်မှ ဟုတ်ရဲ့လားလို့လဲ အကြိမ်ကြိမ် ကိုယ့်ဘာသာကိုယ် ပြန်မေးနေခဲ့မိတယ်။
ရှင်း အွန်လိုင်းတက်ပြီး ကျွန်တော့်ကို လာတွေ့တဲ့အချိန်မှာလေ ကျွန်တော်တကယ်ကို မထိန်းနိုင်ပဲ ပေါက်ကွဲခဲ့မိတယ်။ ရှင်းကတော့ အေးဆေးသက်သာစွာနဲ့ပဲ ကျွန်တော့်ကို စကားပြောခဲ့တယ်။ ဒါကတော့ ရှင်းရဲ့ ပင်ကိုယ်ထုံးစံပါပဲ။ ကျွန်တော်ကသာ တစ်ဖက်သတ် အရူးကြီးတစ်ယောက်လို ဖြစ်လို့ပေါ့။ ဒါနဲ့ ကျွန်တော် စိတ်ညစ်ညစ်နဲ့ အွန်လိုင်းမှာ နောက်ထပ် ကောင်မလေးတွေနဲ့ စကားပြောဖြစ်ခဲ့တယ်။ ရှင်းရှေ့မှာပေါ့။ ဒါပေမယ့် ရှင်းက ကျွန်တော်လုပ်သမျှ ဘာဆို ဘာမှ မပြောခဲ့ပါဘူး။ ကျွန်တော်သာ တစ်ခြားမြို့ ကျွန်တော့်ထက်ကြီးတဲ့ အမတစ်ယောက်ရဲ့ပုံကို ကျွန်တော်တို့ နှစ်ယောက်ပဲ သုံးတဲ့ နစ်မှာ တင်ပြီး ရှင်းကို လက်စားချေဖို့ကြိုးစားခဲ့မိတယ်။ ဒါပေမယ့် ကျွန်တော် အမှားကြီးမှားသွားခဲ့တယ်ဗျာ။ ရှင်းက ကျွန်တော့်ကိုထားသွားတဲ့ အချိန်ကျမှ ကျွန်တော်သိလိုက်ရတာက ရှင်းကို ကျွန်တော် တကယ်ကိုပဲ ချစ်မိနေခဲ့ပြီဆိုတာ။ ဒါပေမယ့် ကျွန်တော်ရလိုက်တဲ့ နောင်တက နှောင်းနောင်တ ဖြစ်ခဲ့ပါပြီ။ ရှင်းကတော့ ကျွန်တော့်ရဲ့ အဝေးမှာပေါ့။ ကျွန်တော်ရှင်းကို သိပ်ချစ်ခဲ့မိပါတယ်ဗျာ။
( ရှင်း >> ခန့် )
ဆောင်းရာသီဝင်လာပေမယ့် ဒီနှစ်အအေးဒဏ်က ထင်သလောက် မပြင်းထန်ခဲ့ဘူးနော်။ ကျွန်မဘ၀မှာ ဆောင်းတွင်းရောက်လာတိုင်း ကြုံခဲ့ရတဲ့ စာမေးပွဲပေါင်းများစွာကလဲ အဆင်သင့် ဆီးကြိုလို့။ အေးသည်ဖြစ်စေ မအေးသည်ဖြစ်စေ ကျွန်မအတွက်ကတော့ စာမေးပွဲတွေနဲ့ နပမ်းလုံးနေကြမို့ ချွေးတို့ပျံတတ်နေခဲ့ပါပြီ။ ကျွန်မရဲ့ အပမ်းဖြေရာဆိုလို့ ကျွန်မရဲ့ ကျောင်းအားချိန်တွေနဲ့ နားချိန်တစ်ချို့တို့မှာ ခေတ်လူငယ်ပီသစွာ အွန်လိုင်းကိုဝင်ပြီး ချက်တင် ထိုင်မိတတ်ပါတယ်။ ဒါပေမယ့် ကျွန်မအတွက်ကတော့ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောတာလောက်ထက် မပိုခဲ့ပါဘူး။ ဒါပေမယ့်ပေါ့လေ... မမျှော်လင့်ခဲ့မိတာကတော့...။
ဆောင်းတစ်ညနေခင်းမှာပေါ့။ ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်ကြောင့် လူတစ်ယောက်နဲ့ စတင်ဆုံစည်းခဲ့ပါတယ်။ မဟာခန့်ပါလို့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရင်း ကျွန်မရဲ့ နစ်ကို အပ်လာတဲ့ ထိုလူကို ကျွန်မတစ်ခါမှ မသိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မဆီကို ရောက်လာတဲ့ လူတိုင်းကို ရိုးသားစွာ ခင်ချင်တတ်ခဲ့တဲ့ ကျွန်မရဲ့ ပင်ကိုယ် အကျင့်အတိုင်း ထိုလူကို သူငယ်ချင်းအဖြစ် သတ်မှတ်ခဲ့မိတယ်။
ဒီလိုနဲ့ စကားတွေ ပြောကြရင်း၊ ဓါတ်ပုံ အပြန်အလှန်ပို့ကြရင်း၊ ၀က်ဘ်ကမ်မရာနဲ့ တစ်ယောက်နဲ့တစ်ယောက်ကြည့်ကြရင်း၊ ခင်မင်မှုတွေ ပိုလာတဲ့နောက် ခန့်လို့ ကျွန်မက ခေါ်ရတဲ့သူဟာ ကျွန်မကို ချစ်ခွင့်ပန်ပါတော့တယ်။ အွန်လိုင်းတို့ ထုံးစံ တစ်နေ့ ဒီလို ဖြစ်မယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမယ့် ကျွန်မကိုယ်တိုင်က ခန့်ကို အွန်လိုင်းမှာ မြင်မြင်ချင်း နှလုံးသားထဲကနေ ချစ်မိခဲ့တာမို့ ခန့်က ခုလို ဖွင့်ပြောလာတော့ ကျွန်မတကယ်ကို ၀မ်းသာပျော်ရွှင်ခဲ့ရတယ်။ ဒါပေမယ့်လည်းလေ ... အဲ့ဒီ ၀မ်းသာပျော်ရွှင်မှုတွေက နာကျင်ရမှုတွေသာ ဖြစ်လာခဲ့မယ်ဆိုတာ သိခဲ့မယ်ဆိုရင် ကျွန်မခန့်ကို မချစ်မိဖို့ ကြိုးစားခဲ့မိလိမ့်မယ် ထင်ပါရဲ့။ ခုတော့လည်းလေ...။
ခန့်နဲ့ ကျွန်မ ချစ်သူတွေဖြစ်ပြီးတဲ့နောက်မှာ ကျွန်မလေ ပိုပြီး သိသိလာရတာက ခန့်က ကျွန်မကို အပျော်တမ်း ဆော့ကစားခဲ့တယ်ဆိုတာကိုပါ။ ကျွန်မရဲ့အချစ်ကို တန်ဖိုးမထားခဲ့တဲ့ခန့်က ကျွန်မကို တကယ်မချစ်ခဲ့ပါဘူး။ ကျွန်မကို ရှင်းလို့ခေါ်တတ်ခဲ့တဲ့ ကျွန်မရဲ့ခန့်ဟာ ကျွန်မကို ရှေ့မှာထားပြီး ( ကမ်မရာနဲ့ သူ့ရုပ်ကို ပြထားပေမယ့် ) သူကတော့ တစ်ခြားမိန်းမတစ်ယောက်နဲ့ စကားပြောနေတတ်ခဲ့ပါတယ်။ အဲ့ဒါကို ထိုင်ပြီး ကြည့်နေခဲ့ရတဲ့ ကျွန်မ...။ ဆေးလိပ်မသောက်ပါနဲ့လားခန့်ရယ်၊ ကျန်းမာရေးအတွက်မကောင်းဘူးလေ၊ လျှော့သောက်နော်လို့ ကျွန်မပြောကာမှ ကျွန်မရှေ့မှာ ဆေးလိပ်ဖွာပြခဲ့တဲ့ ခန့်ကို ကြည့်ပြီး ရင်နာခဲ့ရတဲ့ကျွန်မ...။ အို ... အမျိုးမျိုးပါပဲလေ။
ခန့်ကြောင့် ကျွန်မနာကျင်ရသမျှကိုလေ ကျွန်မကိုသိပ်ချစ်တဲ့ ကိုကိုတစ်ယောက်သာ နားလည်ပေးနိုင်ခဲ့တယ်။ ကျွန်မ ပထမနှစ်တက်တဲ့ အချိန်ကတည်းက ကျွန်မကို ချစ်ခွင့်ပန်ခဲ့တဲ့ကိုကို့အချစ်ကို စဉ်းစားဆဲကျွန်မဟာ ခန့်နဲ့ တွေ့တဲ့အချိန်မှာတော့ ကိုကို့ကို အပြတ်ငြင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ခန့်ရဲ့ ရက်စက်မှုတွေနဲ့ ကျွန်မရဲ့ အချစ်ကို တန်ဖိုးမထားမှုတွေဟာ ကျွန်မကို ပိုလို့နာကျင်စေခဲ့ရင်းက ကိုကို့အချစ်တွေကို အသိအမှတ်ပြုလာစေဖို့ ဖြစ်လာခဲ့တယ်ဆိုတာ ခန့်တစ်ယောက် သိမှသိပါလေစနော်။
ကျွန်မကိုကို့ကို ရွေးချယ်တော့မယ်လို့ ဆုံးဖြတ်ချိန်မှာ ကျွန်မနှလုံးသားတစ်ခုလုံး နာကျင်အေးစက်နေခဲ့တာ ဘယ်သူများ သိနိုင်မလဲလေ။ ခန့်တစ်ယောက်ကတော့ ကျွန်မရဲ့ခံစားချက်ကို လစ်လျူရှုလို့ ကျွန်မအမြတ်တနိုးရှိခဲ့တဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ သီးသန့်နစ်မှာ အမကြီးတစ်ယောက်ရဲ့ပုံကိုတောင် တင်လိုက်ပါသေးတယ်။ ကျွန်မလေ နားလည်ပေးနိုင်ဖို့ အမြဲကြိုးစားခဲ့ပေမယ့် တစ်ကြိမ်ထက် တစ်ကြိမ်ဆိုသလို ပိုပိုပြီး နာကျင်လာရတာကတော့ ရင်နဲ့ အမျှပါပဲ။ မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ချစ်သူရဲ့ ယုယကြင်နာ မြတ်နိုး တန်ဖိုးထားခြင်းကို အနဲနဲ့အများဆိုသလို ခံယူချင်ကြတာချည်းပါပဲ။ ဒါပေမယ့် ခန့်က ကျွန်မကို မချစ်ခဲ့သလို တန်ဖိုးလဲ မထားခဲ့ပါဘူး။ ကျွန်မကို မချစ်ခဲ့တဲ့ ကျွန်မရင်နှင့်အမျှ ချစ်ရတဲ့ချစ်သူကို ကျွန်မလွတ်လပ်ခွင့်ပေးလိုက်ချင်ပါတယ်။
နောက်ပြီး ကျွန်မကို သိပ်ချစ်ပြီး တန်ဖိုးထားလွန်းတဲ့ ကိုကို့ကို ကျွန်မ ကိုယ်ချင်းစာမိတယ်။ ဒါ့ကြောင့် ကျွန်မကို ချစ်တဲ့ ကိုကို့ဆီကိုပဲ သွားဖို့ ကျွန်မဆုံးဖြတ်လိုက်တဲ့နေ့ကစပြီး ကျွန်မနှလုံးသားဟာ သေဆုံးသွားခဲ့ပါပြီ။ ချစ်သောခန့်နဲ့ အတူပေါ့။
တစ်သက်မှာ တစ်ကြိမ်ပဲ ချစ်ခဲ့ဖူးပါတယ်။ အဲ့ဒီတစ်ကြိမ်မှာကတည်းက ကျဆုံးခဲ့ရတဲ့ ကျွန်မ... နာကျင်ခြင်းတွေကို ရင်မှာ ပိုက်ရင်း နှလုံးသားကို သဂြိုလ်လိုက်တယ်။ ချစ်သောခန့်တစ်ယောက် ... သိပါစေ။
နိဂုံး၏နောက်ဝယ် ...
အဲ့ဒီအချိန်ကစပြီး ခန့်ရှင်းဆိုတဲ့ စုံတွဲလေး အွန်လိုင်းပေါ်ကနေ ပျောက်ကွယ်သွားခဲ့တာ ခုဆိုရင် ပြက္ခဒိန်တချို့တောင် လွင့်ပျယ်ကုန်ခဲ့ပါပြီ။
သုံးနဲ့ လေးလို နီးနေပေမယ့် ကျောခိုင်းအနေအထားဖြစ်နေခဲ့တဲ့ သူတို့နှစ်ယောက်ကတော့ တစ်ယောက်နဲ့ တစ်ယောက် မမြင်နိုင်တဲ့ အဝေးတစ်နေရာစီကနေ
သတိရလွမ်းဆွတ်ခြင်းတွေနဲ့ အတူ...။
Friday, May 29, 2009
Friday, May 22, 2009
ကျွန်တော်နှင့် ကျွန်တော်ချစ်သော စာဆိုတော်...။
( အပိုင်း ၁ )
" သမီး၊ စာအုပ်တွေက ပြောတဲ့စကားသံကို သေချာနားထောင်ကြည့်ပါ။ စာအုပ်တွေဆိုတာ သမီးအတွက် စစ်မှန်တဲ့ မိတ်ဆွေကောင်းဖြစ်တယ်။ "
တဲ့ ကျွန်တော့်ဖေဖေ ပြောခဲ့ဖူးတဲ့စကားလေး တစ်ခွန်းပါ။
ကျွန်တော်က ငယ်ငယ်ကတည်းက စာဖတ်ဝါသနာ အတော်ကို ထုံခဲ့ပါတယ်။ ထုံရခြင်း အကြောင်းကလဲ ဖေဖေ့ကြောင့်ထင်ပါရဲ့။ ငယ်ငယ်တည်းက ကျွန်တော့်ဖေဖေက ကျွန်တော့်ရဲ့ စာဖတ်ဝါသနာကို မြေတောင်မြှောက်ပေးခဲ့လို့ ကျွန်တော်ဒီအသက် ဒီအရွယ်မှာ မဖတ်ဖူးတဲ့စာဆိုတာ မရှိသလောက်ကို ရှားခဲ့ပါပြီ။ စာအုပ်တစ်အုပ်သာ ကျွန်တော့်လက်ထဲမှာ ရှိနေခဲ့ရင် ကျွန်တော် အရာအားလုံးကို မေ့နေတတ်ခဲ့တယ်ဗျ။ ငယ်ငယ်တုန်းက ကစားတာနဲ့ စာဖတ်တာဆိုရင် စာဖတ်တာကိုပဲ ရွေးခဲ့မိဘူးတာကို မှတ်မိနေပါသေးတယ်။
ဒီလိုလူသား ကျွန်တော်တစ်ယောက် .. အမိမြန်မာပြည်နဲ့ ခွဲခွာလာရတဲ့အချိန်မှာ ဘာစာအုပ်မှ သယ်မလာနိုင်ခဲ့တော့ ကျွန်တော့်အတွက် ခက်ပြီပေါ့ဗျာ။ ပျင်းလိုက်တာဆိုတာ အရည်ပျော်မတတ်ပါပဲ။ စာအုပ်တွေ ၀ယ်မယ်ဆိုပြန်တော့လဲ ဈေးတွေက ခေါင်ခိုက်နဲ့။ ကျွန်တော်တကယ်ကို စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရဖူးပါတယ်။ ရောက်ကာစကပေါ့။
အဲ့ဒီအချိန်မှာပဲ ကျွန်တော့်အတွက် ရေရှားတုန်း သမုဒ္ဒရာထဲ လက်ပစ်ကူးရတဲ့အဖြစ်ကို ကြုံခဲ့ရတာကတော့ ကျွန်တော် ကွန်ပြူတာ ၀ယ်ပြီးတဲ့ အချိန်မှာစတာပါ။ ကျွန်တော် ကွန်ပြူတာဝယ်ပြီး တစ်လ နှစ်လလောက်အထိက ကျွန်တော့်အတွက် ဘာမှ လုပ်စရာမရှိခဲ့ပါဘူး။ ခနတဖြုတ် ဂျီတော့ဝင် ဟိုလူနဲ့ ခန စကားပြော၊ ဒီလူနဲ့ ခန စကားပြော။ ပြီးရင် အိမ်နဲ့ တစ်ပါတ်ကို ၂ရက်လောက် ဆက်သွယ်။ ဒါပါပဲ။ ကျွန်တော်က သိပ်မချက်တော့လဲ ပိုပြီး ပျင်းစရာကောင်းခဲ့တာပေါ့လေ။
တစ်နေ့ပေါ့။ အဲ့ဒီတစ်နေ့ကို ကျွန်တော် တကယ်ပဲ မေ့မရတော့ပါဘူးဗျာ။ အဲ့ဒီတစ်နေ့မှာ ကျွန်တော် အလုပ်မသွားခင် အွန်လိုင်းကို ခန ၀င်လိုက်မိတယ်။ ကျွန်တော့် ဖေဖေဆီကို မက်ဆေ့ဂ်ျ ပို့ချင်လို့ပါ။ အဲ့ဒီမှာ ကျွန်တော့်ရဲ့ အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့တဲ့ ဆရာ ကိုစိုးမင်းထိုက် ( တောင်ပေါ်သား ) ကိုတွေ့တော့တာပါပဲ။ ပျောက်ဆို မြန်မာပြည်မှာတုန်းက သူကလဲ အလုပ်များ ကျွန်တော်ကလဲ လက်လျားလက်လျားဆိုတော့ အွန်လိုင်းမှာ တော်ရုံမဆုံမိခဲ့ကြဘူးလေ။ အဲ့ဒါ အဲ့ဒီနေ့ကတော့ သူကလဲ မီးနီပြပြီး အွန်လိုင်းဝင်လာလေရဲ့။ သူဝင်လာတော့ ၀မ်းသာအားရ နှုတ်ဆက်မယ်ဆိုပြီး သူ့နစ်ကို ကြည့်လိုက်တော့ www.soeminhtike.com ဆိုတဲ့ သူ့ရဲ့ အိမ်လေးကို ကြော်ငြာထားတာကို သွားတွေ့တယ်။ ဒါနဲ့ အင်း စပ်စုရချေသေးရဲ့ဆိုပြီး စကားတောင် မပြောနိုင်သေးဘူး အရင် စပ်စုလိုက်တာမှာ ဘလော့ရောဂါက စတော့တာပါ။ ဆရာ ကိုစိုးမင်းထိုက်ကို ပြောတော့ သူက သူ့အိမ်မှာ ၀င်ရေးလို့ပြောရှာပါတယ်။ ကျွန်တော်ကလဲ ဘယ်ရမလဲ။ ရေးပါဘူး။ ကိုယ့်ဟာကိုယ်ဆောက်မှာပေါ့။ အဟက်။ အဲ့ဒါနဲ့ အိမ်ကလေးတစ်လုံး ဆောက်လိုက်လေသတည်းပေါ့။ ကျွန်တော် အိမ်စဆောက်တော့ ကျွန်တော်က မလုပ်တတ်ခဲ့ဘူး။ အဲ့ဒီမှာ ကျွန်တော်ချစ်တဲ့ ကျွန်တော့်ရဲ့ ဂျစ်ကို အိုက်ခီလောက် ( ယမကာ လုလင် )က ကျွန်တော့်ကို အိတ်သွန်ဖာမှောက် အတင်းတုတ် ( အဲလေ ) ကူညီတော့တာပါပဲ။ လုပ်ပုံလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေကိုပေါ့။ ကျွန်တော့်ရဲ့ အခြေခံအုပ်မြစ်က သူချပေးတာပေါ့။ အဲ့ဒါကြောင့် ကျွန်တော် အုန်းပွဲ ငှက်ပျောပွဲ နဲ့ ကန်တော့ရမယ့်သူတွေထဲမှာ သူလဲပါတယ်။ ဟီး။
ဒါတွေကတော့ ကျွန်တော့်ရဲ့ ဘလော့စဖြစ်ပုံ ဇာတ်ကြောင်းပေါ့နော်။ နိဒါန်းပျိုးလိုက်တာ တော်တော်တော့ ရှည်သွားတယ်။ အဟဲ။
လိုရင်းကို ပြန်ဆက်ရရင်တော့ပေါ့။ ကျွန်တော် အဲ့ဒီတုန်းက ဆရာပေါ်ရဲ့ အိမ်မှာ ရှိသမျှအိမ်တွေကို လိုက်စပ်စုခဲ့ဖူးတယ်။ သူကတော့ ကျွန်တော့်ဆရာဆိုတော့ ကျွန်တော့်ကို သူ့တပည့်ဖြစ်ဖူးတယ်ဆိုတဲ့မျက်နှာနဲ့ ဘာမှပြောမှာ မဟုတ်ပါဘူးဆိုပြီး အဲ့ဒီရတဲ့အခွင့်အရေးနဲ့ သူ့အိမ်ကို မွှေချင်တိုင်းမွှေဖြစ်ခဲ့တယ်ဗျ။ အဟက်။ မြင်ယောက်ပါသေးတယ်။ သူ့အိမ်ကို ကျွန်တော်ဝင်မွှေနေတာကို ဆရာပေါ်က သိသိကြီးနဲ့ စူပုပ် စူပုပ်နဲ့ ငြိမ်ခံနေခဲ့ရတာကိုလေ။ အဟိ။
အဲ့ဒီမှာ ကျွန်တော်တစ်ခုသွားတွေ့ခဲ့ရတာကတော့ ဆရာပေါ်အိမ်ကပဲ စတာပါ။ ကျွန်တော်က ကျွန်တော်ရောက်ဖြစ်တဲ့ ဘလော့တိုင်းကို ဘာပဲရေးထားကြပါစေ။ သေချာဖတ်ပါတယ်။ ပြီးရင် ဒီစာရေးဆရာ မဆိုးဘူး။ အင်း... ဒီစာရေးဆရာကတော့ ဘာတွေ ရေးထားမှန်းလဲမသိဘူး။ ဒီစာရေးဆရာကတော့ ဒိုင်ယာရီနဲ့ ဘလော့ ရောနေတယ်ထင်ပါရဲ့ စသည်ဖြင့် ကိုယ့်ဟာကိုယ် တိတ်တိတ်လေး မှတ်ချက်ချပြီး ဒီအိမ်ကတော့ ငါအကြိုက်ဆုံး အိမ်၊ ဒီအိမ်ကတော့ ငါ သိပ်မကြိုက်ဘူး။ ဒီအိမ်ကတော့ ငါ လုံးဝကို မကြိုက်တာဆိုပြီး ၃မျိုးခွဲခြားလို့ သိမ်းဖြစ်ခဲ့ပါတယ်။
အဲ့ဒီမှာ ကျွန်တော်တကယ်ကို နှစ်သက်ပြီး တကယ်ကို တန်ဖိုးထားခဲ့ရတဲ့ စာရေးဆရာတစ်ယောက်ရဲ့ ရိုးရှင်းတဲ့ အိမ်လေးကို တွေ့လိုက်ရတာပါ။ သူကတော့ ရောက်ပြီးသူတိုင်း နောက်ထပ် ခနခန ပြန်လာချင်နေအောင် ဆွဲဆောင်ထားနိုင်လွန်းပြန်ပါတယ်။ သူ့ရဲ့စာတွေဟာ တစ်ခါတစ်ခါ သိပ်ပြီးခံစားရတယ်။ တစ်ခါတစ်ခါ ရယ်မောပျော်ရွှင်ရတယ်။ တစ်ခါတစ်ခါတော့ ဗဟုသုတဖြစ်နေပြန်ရော။ တစ်ခါတစ်ခါတော့ စိတ်ခံစားချက်လေးတွေလဲ ဖတ်ရတတ်ပြန်ပါတယ်။ လူငယ်ဆန်တဲ့ ရသမျိုးစုံကို ပေးတတ်ခဲ့တဲ့ အိမ်လေးပေါ့။
ကျွန်တော်ထင်ပါတယ်။ သူက အပြင်မှာ စာရေးတဲ့ စာရေးဆရာတော့ ဟုတ်ပုံမရပါဘူး။ ဒါပေမယ့် သူ့ရဲ့ ရေးနည်းရေးဟန်နဲ့ စာအသွားအလာကို ကြည့်ခြင်းအားဖြင့် သူဟာ ဘယ်လောက်စာဖတ်အားကောင်းခဲ့မယ်ဆိုတာကို ခန့်မှန်းလို့ရကြမှာပါ။ ရိုးရှင်းတဲ့ဇာတ်လမ်းတစ်ပုဒ်တောင် သူ့ဆီရောက်ရင် ဆန်းပြားအောင် အရောင်ခြယ်နိုင်ခဲ့တဲ့ သူ့ရဲ့ ကလောင်စွမ်းကတော့ ထက်မြက်နေတဲ့ဓါးတစ်ချောင်းလိုပါပဲ။ သူစာရေးတိုင်း ကျွန်တော်စောင့်ကြည့်နေခဲ့ဖူးတာ တစ်ခုရှိတယ်ဗျ။ အဲ့ဒါကတော့ သူဘယ်လောက် ရေးနိုင်စွမ်းရှိသလဲဆိုတာကိုပါပဲ။ ကျွန်တော်က ဝေဖန်ရေးနဲ့ လေကန်ရေးတော့ မဟုတ်ဖူးဗျ။ အလကားနေရင် မနာလိုစိတ်နဲ့ ကောင်းပါရက်ကယ်နဲ့ လိုက်ပြီး ဟိုဟာလေးကတော့ ဘယ်လို၊ ဒီဟာလေးကတော့ ဘယ်ဝါဆိုပြီး လိုက်ပြောတတ်ခဲ့တဲ့ သူတွေထဲမှာ ကျွန်တော်မပါ ပါဘူး။ ဒါပေမယ့် ကျွန်တော့်ဆီမှာ အကျင့်တစ်ခုရှိတာက မကောင်းမှန်းသိရက်နဲ့ မကောင်းတာကို ကောင်းပါတယ်လို့ ကျွန်တော် မလုပ်တတ်ခဲ့တာပါ။ နောက်ပြီး ကောင်းနေရက်ကယ်နဲ့ မကောင်းပါဘူးလို့ ကျွန်တော် မလုပ်ရဲခဲ့ပါဘူး။ ကျွန်တော်တကယ် အားကျမိတဲ့အရာတစ်ခုကို စောင့်ကြည့်တတ်တဲ့စိတ်လေးတော့ ကျွန်တော့်မှာ ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ သူဘယ်လိုများ ဘာတွေများ ဆက်ရေးမှာပါလိမ့်။ သူရေးတဲ့စာတွေက ငါ့ကို ဘယ်လိုစကားတွေ ပြောမှာပါလိမ့်ဆိုတဲ့ စိတ်ခံစားချက်မျိုးနဲ့ ကျွန်တော်ကြိုက်တဲ့စာရေးဆရာတွေကို ကျွန်တော် အမြဲပဲ စောင့်ကြည့်နေခဲ့မိတာပါ။
ခင်ဗျားတို့လဲ ဒီလိုခံစားမှုမျိုးကို ခံစားမိကြလိမ့်မယ်ထင်ပါရဲ့နော်။ တကယ် စာပေကို တန်ဖိုးထားတတ်တယ်ဆိုရင်ပေါ့။ ဟုတ်ပါတယ်။ သူ့အိမ်ဟာ သူရေးပြီးတိုင်းမှာ သူရေးတာကို စောင့်ဖတ်နေကြတယ်ဆိုတဲ့ သူတွေနဲ့ ပြည့်နှက်နေခဲ့တာပါ။ ကြည်နူးမိပြန်ပါရဲ့ဗျာ။
ဒီနေရာမှာ ကြုံလို့ ကြော်ငြာဝင်တယ်ပဲ ပြောပြောပါ။ ကျွန်တော့်ချစ်သူပြောဖူးတဲ့ စကားတစ်ခွန်းရှိခဲ့ဖူးတယ်။
" တေး၊ စာရေးတယ်ဆိုတာ နှစ်မျိုးရှိတယ်။ တစ်ခုက ကိုယ့်အတွက်ကို ကြည့်ပြီး ကိုယ်စိတ်ပြေရာ ပြေကြောင်းဖြစ်ဖို့အတွက် ရေးတာ။ နောက်တစ်ခုကတော့ ကိုယ်ရေးတဲ့စာတွေဖတ်ပြီး သူ့ရင်ထဲမှာ တစ်ခုခုကျန်သွား ခံစားသွားစေတဲ့ ရသကျန်အောင်ရေးတာက သူများအတွက်ရေးတာ။ ကိုကတော့ တေးကို ကိုယ့်အတွက် ကိုယ်ရေးတာထက် သူများအတွက် ရေးတာပဲ ဖြစ်စေချင်တယ်။ စာရေးတယ်ဆိုတာ ကိုယ့်အတွက်ထက် သူများအတွက်ကို ကြည့်ပြီးရေးရတယ်။ "
တဲ့လေ။
ကျွန်တော်စဉ်းစားကြည့်မိဖူးပါတယ်။ ကျွန်တော်တို့ ဘလော့တွေမှာ ဘာလို့ စာရေးကြတာလဲနော်။ အဓိက အချက်ကတော့ ပျင်းရိငြီးငွေ့ကြတာကနေ စမယ်ထင်ပါရဲ့။ သူတစ်ပါးနိုင်ငံမှာ နေကြရတဲ့ကျွန်တော်တို့တွေက နေ့စဉ်လူနေမှုဘ၀မှာ မိခင်ဘာသာစကားမဟုတ်တဲ့ တစ်ခြားဘာသာစကားကိုပြောရင်း စိတ်မော လူမောဖြစ်ခဲ့ရသမျှ ဘလော့လေးထဲမှာတော့ မြန်မာလိုရေးရင်း ကိုယ့်စိတ်ကိုယ် အပန်းဖြေတတ်ကြတာ ဖြစ်မှာပါ။ ဒါကတော့ ကျွန်တော့်အမြင်ပေါ့။ အဲ့ဒီလိုတွေထဲမှာမှ တကယ်စာရေးတာကို ၀ါသနထုံ စာဖတ်တာကို ၀ါသနာထုံတဲ့သူတွေလဲ ရှိကြပါတယ်။ အဲ့ဒီလို လူမျိုး စာရေးဆရာ တွေရဲ့အိမ်မှာတော့ ခုန ကျွန်တော်ပြောခဲ့သလို ရသတစ်မျိုးမျိုးကို ခံစားတတ်ရစမြဲပါ။ မှန်ပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီလိုလူမျိုးကိုမှ စာရေးဆရာလို့ခေါ်ချင်ပါတယ်။ ကျွန်တော်ချစ်တဲ့ သူ့အိမ်လေးမှာတော့ သူရေးထားတာတွေဟာ သူများတွေကို ရသတစ်ခုခု ပေးလိုက်တာချည်းပါပဲ။ သူဟာ တကယ့်ကို စာရေးဆရာကောင်းပီသပါပေတယ်လို့ ကျွန်တော်ချီးမွမ်းပါရစေ။ ဒါကို သူ့အိမ်ကို ရောက်ဖူးသူတိုင်း လက်ခံကြလိမ့်မယ် ထင်ပါရဲ့ဗျာ။
( ကျွန်တော့်ချစ်သူတောင် ကျွန်တော့်ကို သူနဲ့ပတ်သတ်ပြီး ကောင်းကြောင်း ချီးမွမ်းခန်းဖွင့်ခဲ့ဖူးတယ်ဗျ။ ကျွန်တော်တစ်ယောက်တည်း ဟုတ်ဖူး။ အဟက်။ )
ကျွန်တော်က သူနဲ့ မရင်းနှီးပါဘူး။ ဒါကြောင့် သူ့စိတ်အခြေအနေ ဘယ်လိုရှိတယ်ဆိုတာကိုလဲ ကျွန်တော် မခန့်မှန်းတတ်ခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ နှုတ်ဆက်စကားသံကို အိမ်သစ်လေးတွေ တက်သစ်စလေးတွေရဲ့ အိမ်မှာ အမြဲလို တွေ့နေရတာကို ကြည့်ခြင်းအားဖြင့် သူက တက်သစ်စတွေကိုလဲ အားပေးတတ်တယ်လို့ သိရပါသေးတယ်။ သူ့အိမ်မှာ သူတင်သမျှလေးတွေဟာ သူတစ်ပါးကို မထိခိုက်အောင် သူတစ်ပါးကို မနာကျင်အောင် ကွန်းမန့်လေးတွေကအစ ပျော်ရွှင်ဖွယ်ဖြစ်နေအောင် ၀ိနည်းလွတ် စီမံထားနိုင်ပြန်ပါသေးတယ်။ အမှန်က သူ့အိမ်လေးမှာ လှပမှု အဆင်တန်ဆာတွေ မရှိခဲ့ပါဘူး။ ယောက်ျားလေးပီပီ ရိုးရိုးရှင်းရှင်းပဲ နေတတ်ပုံရပြန်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အဲ့ဒီ ရိုးလွန်းတဲ့ အဆင်အပြင်ရဲ့နောက်ကွယ်မှာ ဆန်းပြားတဲ့ မှော်အတတ်နဲ့ စီမံထားသလားမှတ်ရတဲ့ စာပေရဲ့ စကားပြောသံကတော့ သာယာစွာ အမြဲထွက်ပေါ်နေစမြဲပါ။ သြော် ... ရေးတတ်လွန်းပေစွ စာရေးဆရာငယ် ...။
သူက စာပေတင် တန်ဖိုးထားတာ မဟုတ်ဘူးထင်ပါ့။ ချစ်ရတဲ့ ချစ်သူကိုလဲ တန်ဖိုးထားတတ်ပြန်ပါသေးတယ်။ ဘာလို့ ဒီလိုပြောနိုင်ရသလဲဆိုတော့ သူဘယ်သူ၊ သူ့ချစ်သူ ဘယ်သူဆိုတာကို မသိ၊ မမြင်ဖူး၊ စကားမပြောဖူး၊ မရင်းနှီးဖူးပေမယ့် သူ့ရဲ့ စာတွေကတော့ အမြဲသက်သေပြတတ်နေခဲ့လို့ပါ။ " ဒီစာကို ကျွန်တော့်ချစ်သူရေးပေးပါတယ် " ဆိုတာမျိုးလို စာသားလေးတွေဟာ တကယ့်ကို လှပမှုနဲ့ ထုံးဖွဲ့ထားတာပါ။ ရင်ထဲမှာ သူ့ချစ်သူအတွက် ၀မ်းသာခြင်း ကြည်နူးခြင်းဖြစ်မိရပါရဲ့ဗျာ။ မိန်းမတစ်ယောက်အဖို့ ဂုဏ်အယူရဆုံး အရာဟာ သူ့ချစ်သူ ယောက်ျားက သူ့ကို ဘယ်လောက်ချစ်မြတ်နိုး တန်ဖိုးထားသလဲဆိုတဲ့ အပေါ်မှာ မူတည်တာ မဟုတ်လား။ ဒါ့ကြောင့် တန်ဖိုးထားတတ်လွန်းတဲ့သူ့ကို ကျွန်တော် လေးစားမိရပြန်ပါတယ်။
"ကျွန်တော်ကသာမန်လူငယ်တယောက်ပါ.အများကြီးမသိသလို အများကြီးလည်းမတတ်ပါဘူး. ဘ၀ကို ကံပစ်ချထားသလိုပဲရှင်သန်ချင်ခဲ့ပေမဲ့ အတ္တကိုမချိုးနှိမ်နိင်သေးတဲ့သူတယောက်ပါ။ အခုလက်ရှိတော့ကျွန်းနိုင်ငံတခုမှာရှင်သန် နေထိုင်တယ်.ဘ၀တခုလုံးကိုပူလောင် အေးစက်စေတဲ့ချစ်သူရဲ့ အနားမှာပေါ့.ထိုင်လွမ်းနေရင်အကောင်းသားထလာမှပဲ ရင်ကျိုးရတဲ့သူပါ။"
လို့ သူ့အိမ်လေးမှာ ပြောတတ်ခဲ့တဲ့ သူဟာ ခုအချိန်မှာတော့ မွေးနေ့မင်္ဂလာကို ပျော်ရွှင်ခြင်းနဲ့ အတူ ဆင်နွှဲနေလောက်ပါပြီ။
မွေးနေ့မှာ ပျော်ရွှင်ပါစေ လို့ လေးလေးနက်နက် ဆန္ဒပြုလိုက်ပါတယ် ကျွန်တော်ချစ်သော ကျွန်တော်၏ စာရေးဆရာ ကိုမြစ်ကျိုးအင်းရယ်...။
ဒီစာနဲ့ အတူ အကိုမြစ်ကျိုးအင်းကို မွေးနေ့လက်ဆောင် ပေးပါတယ်ဗျာ။ ကျေနပ်နိုင်ပါစေ။
ချစ်ညီမ
ဇော်...။
( ကျွန်တော်နှင့် ကျွန်တော်ချစ်သော စာဆိုတော် ဆိုတဲ့ ခေါင်းစဉ်ကို အကိုမြစ်ကျိုးအင်းရဲ့ မွေးနေ့မှာ ဂုဏ်ပြုရင်းနဲ့ စလိုက်ပါတယ်။ နောက်ဆက်တွဲ ကျွန်တော် ဘယ်သူ့အိမ်ကို ချီးမွမ်းမယ်ဆိုတာကို ကြိုးစားပြီး တင်ပြပါဦးမယ်။ ကျွန်တော်ရေးတဲ့ ဒီခေါင်းစဉ်နဲ့ ပတ်သတ်ပြီး ကျွန်တော့်မှာ ဘယ်သူ့ ဘယ်သူကိုမှ စော်ကားလိုစိတ်မရှိခဲ့ပါဘူးဗျာ။ ကျွန်တော် ကြိုက်နှစ်သက်ရတဲ့စာရေးဆရာတွေနဲ့ ပတ်သတ်တဲ့ခံစားမှုမျိုးကို မျှဝေချင်ရုံလောက်ပါပဲ။ ဒါကိုတော့ ကျွန်တော် ရဲရဲကြီး ပြောပါရစေ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ )

Thursday, May 21, 2009
အလွမ်းနှင့် အတူ
နာရီတွေ ရွေ့လျား
အချိန်တို့ ကျော်လွန်လို့
တစ်နေ့သစ်ခဲ့ပြန်ပြီ
ချစ်သူ ...။
မာနကိုခင်း
စိတ်ကိုတင်းပြီး
တိတ်တဆိတ် စောင့်မျှော်လျှက်နဲ့
တစ်ရက်ပြီး တစ်ရက်
ခရီးဆက်နေခဲ့ပြီ
ချစ်သူ...။
သြော်...
ဘယ်ဆီဘယ်ဝယ်
မသေချာ မရေရာ
မင်းမရှိတဲ့ အထီးကျန် နေ့တွေမှာ
နေလဲမရှိ လကမသာ
မှောင်မိုက်ခြောက်ကပ်ရင်း
ငါ ဘယ်လိုများ ရပ်တည်ရမှာလဲ
ချစ်သူရယ် ...။
ဇော်
Wednesday, May 20, 2009
ရူးတဲ့ကြယ်

ငါ ..
မျှော်လင့်ခြင်းတွေနဲ့
တိတ်တိတ်လေး ထွန်းလင်းခဲ့ဖူးတယ် ..
ပျော့ညံတဲ့သူပါ ..
မသွားခင်က ပြန်
မပြိုင်ခင်က ရှုံး
စိတ်ကူးတွေနဲ့ ပြုံးခဲ့ဖူးတယ် ..
အရူးအိမ်မက်တွေမက်
မျက်တွင်းဟောက်ပက်နဲ့
အိပ်ရေးတွေလည်း ပျက်ခဲ့ဖူးတယ် ..
နင်မရောက်ဖူးတဲ့ ငါ့ပန်းခင်းထဲ
ရင်ခုန်ခြင်းတွေ စိုက်ထားဖူးတယ် ..
နင်မကြားဖူးတဲ့ ငါ့စကားသံထဲ
ကဗျာတွေလည်း ဖတ်ပြဖူးတယ် ..
အညတရကြယ်တစ်စင်းပါ
ငါ့ချစ်ခြင်းတွေနင့်ဆီရောက်ဖို့ .
အလင်းနှစ်ပေါင်းများစွာလိုသေးတယ်လေ ..…..
နင်သိခဲ့မယ်ဆိုရင်ပေါ့ ..
ငါ ..
မျှော်လင့်ချက်တွေမဲ့
တိတ်တိတ်လေး ကြွေပျက်ခဲ့ဖူးတယ် …. ။
ဇော့်သူငယ်ချင်း မင်း
( မှတ်ချက် >>> ကျွန်တော့်ရဲ့ မမျှော်လင့်ဘဲ ခင်ခဲ့ရတဲ့ ကျွန်တော်ချစ်တဲ့ ကျွန်တော့်ရဲ့သူငယ်ချင်း မင်း ဟာ ကျွန်တော်နဲ့ စာပေ၀ါသနာပါတာချင်း အတော်လေးတူညီနေခဲ့တာကတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ ခင်မင်မှုကို ပိုပြီးတိုးစေတယ်ထင်ပါရဲ့ဗျာ။ မင်းက ကဗျာတွေလဲ ရေးတတ်ပြန်ပါသေးတယ်။ သူရေးတဲ့ကဗျာတွေကို ကျွန်တော်နှစ်သက်တဲ့အတွက် သူ့ရဲ့ခွင့်ပြုချက်နဲ့ သူ့နာမည်ကိုသုံးပြီး ကျွန်တော့်အိမ်မှာ အကိုတွေ အမတွေကို ဝေမျှပေးလိုက်ပါတယ်ဗျာ။ ကျေးဇူးတင်ပါတယ်။
ချစ်တဲ့... ဇော်...။ )
Monday, May 18, 2009
သောင်းတန် ... အလှူ
လွန်ခဲ့တဲ့နှစ်ပေါင်း၂၀လောက်က ကျွန်တော်တို့ ရပ်ကွက်လေးမှာ ရေချိုရှားပါးခဲ့ပါတယ်။ အိမ်တိုင်းမှာ ရေတွင်းတူးပေမယ့် အားလုံးက ရေငန်တွင်းတွေချည်းပဲ ဖြစ်နေတတ်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ရပ်ကွက်သူ ရပ်ကွက်သားတွေ စုပေါင်းပြီး ရေချိုလက်ယက်တွင်းလေးတစ်ခု ကျွန်တော်တို့ရပ်ကွက်ရဲ့ထိပ်မှာ ပြုလုပ်ထားခဲ့ပါတယ်။ ရပ်ကွက်ထဲက လူတွေဟာ ညနေဆိုရင် တစ်အိမ်တစ်ယောက်နှုန်းနဲ့ ရေခပ်ထွက်ကြရတယ်။
ကျွန်တော်တို့ ရပ်ကွက်ထဲမှာ နေထိုင်ကြတဲ့ ဘကြီးမှုံနဲ့ ရီးလေးမြတို့ နှစ်ယောက်ဟာ အသက်အရွယ်ကြီးတာတောင်မှ ကျောထောက်နောက်ခံ သားသမီး မရှိလို့ အိုကြီးအိုမနဲ့ လုပ်ကိုင်စားသောက်နေရတယ်။ ဘကြီးမှုံက ရေစည်တွန်းပြီး ရီးလေးမြက ရပ်ကွက်ထဲ လိုက်ပြီး နင်းနှိပ်ပေးရတဲ့ အနှိပ်သည်အနေနဲ့ ပေါ့။ ကျွန်တော်တို့ ရပ်ကွက်က လူတွေက ဘကြီးမှုံတို့ကို သနားလဲ သနား ချစ်လဲချစ်တော့ ရေတစ်စည် ၁ကျပ်မို့ အနည်းငယ် ဈေးကြီးတယ်လို့ဆိုရပေမယ့် ဘကြီးမှုံနဲ့ အရီးမြကို ချစ်ကြ သနားကြတာမို့ ရပ်ကွက်က လူတွေက အိမ်တိုင်းလိုလို ဘကြီးမှုံဆီက ၀ယ်ကြပါတယ်။ ဘကြီးမှုံကလဲ လူတိုင်းအပေါ် စေတနာထားတယ်လေ။ ဘကြီးမှုံတင် မဟုတ်ပါဘူး။ အရီးမြလဲ တူတူပါပဲ။ ဒီရပ်ကွက်လေးမှာတော့ ဘကြီးမှုံနဲ့ အရီးမြဆိုရင် အိမ်တိုင်းက အတော်ကို စေတနာရှိကြတယ်။ ဘကြီးမှုံမို့ ရေထည့်ပြီးတာနဲ့ ရေဖိုးတင် မဟုတ်ဘူး ထမင်းပါ ကျွေးတော့တာ။ ဘကြီးမှုံကလဲ ကျွေးရင် ဘယ်တော့မှ ငြင်းတယ်မရှိဘူး။ အမြဲပဲ ၀င်စားလေ့ရှိတယ်။ ဘကြီးမှုံမို့ ထမင်းဝင်စားပြီဆိုရင်လဲ အဲ့ဒီအိမ်မှာရှိတဲ့ ကလေးတွေအကုန်လုံး ဘကြီးမှုံနားကို ၀ိုင်းလာတော့တာပါပဲ။ ဘကြီးမှုံက ကလေးအရမ်းချစ်တတ်တယ်လေ။ ဘကြီးမှုံလမ်းသွားပြီဆိုရင်လဲ သူ့နားမှာ လမ်းထဲက ကလေးတွေက ၀ိုင်းလို့။
တစ်ခါတလေ သူ့ကို ကလေးတွေနဲ့ အတူ သရေပင်ပစ်တာ၊ ဂေါ်လီရိုက်နေတာတောင် တွေ့ရတတ်သေးတယ်။
" ဟ..ဟ .. မင်းတို့ ငါ့ကို ညစ်ပြီ။ ခေါင်ထိတာ ငါလေကွာ။ ဘယ့်နှယ် ငါ့အကောင်တွေကို သိမ်းသွားရတာတုန်း "
ဆိုတဲ့ ဘကြီးမှုံရဲ့ အူမြူးနေတဲ့ အသံကို နေ့လည်ခင်း ရပ်ကွက်ထိပ် လက်ယက်တွင်းလေးနဘေးက သစ်ပင်ရိပ်အောက်ကနေတဆင့် လွင့်ပျံလာတာကို ကြားရတတ်ပါသေးတယ်။ ကိုရင် သာလှတို့ သားကလေးမွေးတော့ ဘကြီးမှုံပဲ ငါတော့ အဖော်တိုးပြီဆိုပြီး အဖေနဲ့ အပြိုင်ဝမ်းသာခဲ့သေးတာကို လူတိုင်း မှတ်မိနေဆဲပါ။
ကိုရင်သာလှကိုတောင် ဘကြီးမှုံက ပြောသေးတယ်။ ငါပိုက်ဆံစုနေတယ်တဲ့။ ပိုက်ဆံပြည့်ရင် နင့်သားကလေး ဖိုးတုတ်အပါအ၀င် လမ်းထဲက ကလေးတွေကို စုပေါင်းရှင်ပြုလုပ်ပေးမှာတဲ့။ လမ်းထဲမှာကလဲ လက်လုပ်လက်စားတွေပဲများတော့ ဘယ်သူမှ ရှင်ပြုအလှူကို ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးလေ။ ကြွက်တိုးတို့ ကလေးတစ်သိုက်ဆိုရင် ယောက်ျားကလေးတွေဖြစ်ပြီး လူပျိုပေါက်တောင် ရောက်တော့မယ်။ ခုထိ ရှင်မပြုနိုင်ကြလို့ ကိုရင်တောင် မ၀တ်ရသေးဘူးရယ်။ ဒါကို ကြည့်ကြည့်ပြီး ဘကြီးမှုံက စိတ်မကောင်းဖြစ်တယ်လို့ ခနခန ပြောနေကျရယ်လေ။
ဒါပေမယ့် ရပ်ကွက်ထဲမှာက ဘကြီးမှုံနဲ့ ရီးလေးမြက အဆင်းရဲဆုံးဆိုတာ လူတိုင်းသိထားလေတော့ ဘယ်သူကမှ စိတ်ထဲမထားကြဘူး။ ဒီအဖိုးကြီး အဖွားကြီးလုပ်စာကဖြင့် နှစ်ယောက်စာ ညမနက်ကိုတောင် မနဲနပ်မှန်အောင် စားနေကြရတာမဟုတ်လား။ ဒီတော့ ဘကြီးမှုံက ဒီလိုပြောပြီဆိုရင်ဖြင့် အားလုံးက အင်းအင်း ဘကြီးမှုံ ရှင်ပြုကျရင်တော့ အိမ်ကသားတွေကို ထည့်ရချေသေးရဲ့လို့ ပြုံးပြီး ဘကြီးမှုံစိတ်ချမ်းသာအောင် ပြန်ပြောတတ်ခဲ့ကြတယ်။ ဒါပေမယ့် ဘကြီးမှုံကတော့ သူ့အိပ်မက် သူ့စိတ်ကူးနဲ့သူဆိုတော့ တစ်ပြုံးပြုံးနဲ့ပေါ့။
ဘကြီးမှုံမို့ ရေစည်တွန်းရင်လဲ သူ့ကို ၀ိုင်းကူတွန်းပေးမယ့် ကလေးတစ်သိုက်က ကြွက်ကြွက်ကို ညံလို့။ ဘကြီးမှုံက ကလေးတွေကို ပုံတိုပတ်စလေးတွေနဲ့လဲ ဆုံးမတတ်တော့ ကလေးရှင်တွေကလဲ ဘကြီးမှုံကို ကလေးတွေနဲ့ ရှိစေချင်ကြတယ်။ ကလေးတွေက ဘကြီးမှုံနဲ့ဆိုရင် ရန်မဖြစ်ကြတဲ့အပြင် ပိုပြီးတောင် လိမ္မာလာတယ်လေ။
ဘကြီးမှုံကတော့ ရပ်ကွက်ထဲက ကလေးတွေကို သူ့သားသမီး မြေးအရင်းကလေးတွေလို ချစ်တာ စောင့်ရှောက်တတ်တာကလား။ ရီးလေးမြကတော့ ဘကြီးမှုံစိတ်ချမ်းသာနေတယ်ဆိုရင် သူကတော့ တပြုံးပြုံးရယ်ပေါ့။ တစ်ခါတလေ ဘကြီးမှုံက ကလေးတစ်သိုက်နဲ့ ဂေါ်လီရိုက်ကောင်းနေလို့ ထမင်းစားပြန်ဖို့မေ့နေရင် ရီးလေးမြပဲ တဘက်ကြီးခေါင်းကိုပေါင်း ထမီကို တိုတိုဝတ်လို့ ရပ်ကွက်ထိပ် သစ်ပင်အောက်ကို အရောက်လာပြီး ထမင်းစားခေါ်ရတာရယ်။ သူတို့လင်မယား ရန်ဖြစ်တာကို ရပ်ကွက်ထဲမှာ တစ်ခါမှကို မတွေ့ဖူးကြဘူး။ သိပ်ပြီး ချစ်ခင်ကြတဲ့ အတွဲလို့ပြောရမယ်။ အလုပ်တွေ ပင်ပန်းပေမယ့် တစ်ခါမှ ညည်းညူသံမကြားရဘူး။ တကယ်ကို အေးချမ်းတဲ့ လင်မယားပါပဲ။
တစ်နေ့ပေါ့။ အဲ့ဒီနေ့က ဘကြီးမှုံထမင်းစားပြန်မလာလို့ ရီးလေးမြက ထုံးစံအတိုင်း လက်ယက်တွင်းဘေးက သစ်ရိပ်ကို လိုက်ခေါ်တယ်လေ။ သစ်ရိပ်ရောက်တော့ ဘကြီးမှုံရယ် ပင်ပန်းတယ် ထင်ပါ့။ သစ်မြစ်ဆုံကို ခေါင်းအုံးလို့ အိပ်ပျော်နေလေရဲ့။ ဒါနဲ့ ရီးလေးမြက သြော် နေပူတော့ အေးတဲ့သစ်ရိပ်မှာ တစ်မှိန်းမှိန်းနေတယ်ထင်ပါ့ဆိုပြီး သွားနိုးလိုက်တော့မှ ဘယ်အချိန်ထဲက ဆုံးနေမှန်းမသိ ဖြစ်ရတော့တာရယ်။ ပုရွက်ဆိတ်လေးတွေတောင် မျက်နှာပေါ်ကို တက်လို့ပေါ့။ အေးချမ်းစွာနဲ့ လောကကြီးထဲက ဘယ်သူ့ကိုမှ နှုတ်မဆက်ဘဲ ထွက်ခွာသွားခဲ့တဲ့ ဘကြီးမှုံရယ်ပါ။ ရီးလေးမြဆိုတာလေ ခြေမကိုင်မိ လက်မကိုင်မိတွေဖြစ်ပြီး မျက်ရည်လည်ရွှဲ ဖြေမဆည်နိုင်ပေါ့။ ရပ်ကွက်ကလဲ ထိတ်ထိတ်ပျာပျာ အဲ့ဒီတော့မှ ဖြစ်ကြ သိကြတော့တာရယ်။
" အောင်မြတ်လေး ကိုမှုံရဲ့။ သွားတာ စောလှချေလားတော့။ ပြောတော့ဖြင့် ရှင်ပြုအလှူလုပ်ဦးမှာဆို။ ခုတော့ ကျုပ်တို့အိမ်မြေအောက်မှာ မြှုပ်ထားတဲ့ စုဘူးထဲမှာ ငွေရှစ်ထောင်ကျော်နေတော့မှ ရှင်က မပြောမဆိုနဲ့ သွားလိုက်ရသလားတော်။ တစ်သောင်းပြည့်ရင်တော့ ရှေ့နှစ်ခါ သီတင်းကျွတ်ကို ရှင်ပြုအလှူလုပ်နိုင်ပါပြီလို့ ရှင်ပဲ ၀မ်းသာအားရ ပြောခဲ့သေးတာမို့လား ကိုရင်ရဲ့။ ကျုပ်ပြောပါတယ် ခုငွေရှစ်ထောင်နဲ့လဲ လုပ်နိုင်ပါတယ်လို့ဆိုတာကို လောဘတက်ပြီး ကောင်းကောင်းမွန်မွန်ဖြစ်အောင် တစ်သောင်းပြည့်အောင် စောင့်ချင်သေးတာလို့ပြောခဲ့တာလေ။ ခုတော့ ကျုပ်တစ်ယောက်ထဲ ဘာလုပ်ရမှာလဲ။ အီး ဟီး ဟီး။ "
ဆိုပြီး အော်ငိုလိုက်တဲ့ ရီးလေးမြရဲ့ စကားအဆုံးမှာ လူတိုင်း အံ့သြခြင်းကြီးမက ကြီးသွားခဲ့ရတယ်။ ဟုတ်တယ်လေ။ တစ်နေ့ လုပ်မှ တစ်နေ့စားရတဲ့ အိုကြီးအိုမနဲ့ ဒီအဖိုးကြီး အဖွားကြီးမှာ ခုလို အလှူလုပ်ဖို့ ငွေရှစ်ထောင် ရှိခဲ့လိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲနော်။ ခုတော့ လူအားလုံး စိတ်မကောင်းဖြစ်ခဲ့ကြရတယ်။ တစ်ချို့စိတ်မထိန်းနိုင်တဲ့သူတွေဆို ယောက်ျားကြီးတွေတန်မဲ့ မျက်ရည်ကျခဲ့ကြတယ်။
ဘကြီးမှုံရဲ့ အသုဘဟာ အတော်ကို စည်ကားခဲ့ပါတယ်။ ရပ်ကွက်ထဲ ကလေးလူကြီးမကျန် အကုန်ပဲ ဘကြီးမှုံကို လိုက်ပါ နှုတ်ဆက်ခဲ့ကြတယ်။ ဘကြီးမှုံရက်လည်ပြီးတော့ ရီးလေးမြက သူ့အိမ်ကလေးကိုရောင်း ရတဲ့ပိုက်ဆံရယ် သူတို့စုထားတယ်ဆိုတဲ့ ငွေရှစ်ထောင်ရယ် နောက် အသုဘအကူငွေက ပိုတဲ့ဟာလေးတွေရယ်ကို ပေါင်းလိုက်တာ တစ်သောင်းအတိရတာကို ရပ်ကွက်လူကြီးတွေကို ၀ကွက်အပ်လိုက်ပါတယ်။ သူ့အဆိုကတော့ သွားလေသူ ဘကြီးမှုံအတွက် သူဖြစ်ချင်ခဲ့တဲ့ အလှူကို လုပ်ပေးဖို့ပါပဲ။ သူကတော့ ဖွားသီလရင် အပြီးဝတ်ဖို့ရယ်လေ။ အဲ့ဒီမှာ ရပ်ကွက်လူကြီးတွေက သေချာစဉ်းစားပြီး ဘကြီးမှုံအတွက် ရပ်ကွက်ထိပ် သူရေစည်တွန်းခဲ့တဲ့ လက်ယက် ရေချိုတွင်းကလေးရဲ့ မလှမ်းမကမ်း လောက်မှာရှိတဲ့ သစ်ရိပ်အောက်မှာ ရေတွင်းကလေး တစ်ခုတွင်းဖို့ စီစဉ်ခဲ့ကြတယ်။ ရေတွင်းကလေး ပြီးတော့ ရီးလေးမြကို အလှူရှင်အနေနဲ့ ဘယ်လိုနာမည်တပ်ချင်လဲလို့မေးတဲ့အခါမှာ ရီးလေးမြက နာမည်တွေကိုတော့ အထွေအထူးမတပ်ချင်ပါဘူးတဲ့။ ဘကြီးမှုံလှူချင်ခဲ့တဲ့ တစ်သောင်းပြည့် အလှူမို့ တစ်သောင်းတန်... အလှူ လို့ပဲစာတန်းထိုးပေးပါတဲ့လေ။ အားလုံးကတော့ ဘကြီးမှုံအတွက်ရော ရီးလေးမြအတွက်ပါ တကယ်ကို စိတ်မကောင်းဖြစ်ခဲ့ကြရတာရယ်ပါ။ ဘကြီးမှုံတို့ရဲ့ စေတနာ မှန်ခဲ့တယ် ထင်ပါရဲ့။ ကံကောင်းစွာနဲ့ အဲ့ဒီ တစ်သောင်းတန်အလှူရေတွင်းကလေးကနေ ရေချိုတွေ စိမ့်ထွက်နေတာပါပဲ။ လူအားလုံးလဲ သည့်အတွက်တကယ်ကို စိတ်ချမ်းသာခဲ့ရပါတယ်။
သြော်... ခုတော့လဲလေ..။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ တစ်သောင်းတန်အလှူလို့ ချိတ်ထားတဲ့ ဆိုင်းဘုတ်ကလေးမှာလဲ ဆေးတွေပျက်ပြယ်နေခဲ့ပါပြီ။ တစ်ဆိုတဲ့ စာသားလေးတောင် မပီပြင်တော့လို့ သောင်းတန် အလှူလို့ပဲ မထင်မရှားကျန်နေခဲ့တော့တာပါ။ မသိရင်တော့ ကိုသောင်းတန်ဆိုတဲ့လူကပဲ လှူသလိုလိုပေါ့လေ။ နောက်ပြီး ကျွန်တော်တို့ ရပ်ကွက်ကလေးကို မြူနီစပါယ်က လာပြီးပြုပြင်တည်ဆောက်ရေးတွေ လုပ်နေခဲ့ပါပြီ။ အဲ့ဒီအချိန်မှာပဲ အဲ့ဒီ ဘကြီးမှုံရဲ့ ရေတွင်းကလေးကို ပြုပြင်မယ့် အလှူရှင် ရပ်ကွက်ထဲမှာ ပေါ်ပေါက်လာခဲ့ပါတယ်။ တကယ်ကို သပ်သပ်ရပ်ရပ် ပြန်ပြင်ခဲ့တာပါ။ ရေချိုးဖို့ နေရာလေးတွေ အ၀တ်လျှော်ဖို့နေရာလေးတွေ နောက် ရေခပ်ဖို့နေရာလေးတွေ ရေတံလျှောက်လေးတွေ လက်ရမ်းလေးတွေနဲ့ တကယ့်ကို ကျကျနန ပါပဲ။ ပြီးတော့ သောင်းတန် အလှူဆိုတဲ့ မပီမသ ဆိုင်းဘုတ်ကိုဖြုတ်လို့ ကိုဖိုးအောင်+ မမယ်မ မိသားစုတို့မှ ခုနစ်ရက်သားသမီး လူအများအတွက် ရည်စူး၍ ဆိုတဲ့ ၀ံ့ကြွားခန့်ညားတဲ့ ဆိုင်းဘုတ်ကြီးက နေရာယူလို့ထားခဲ့ပါပြီ။ ဒါပေမယ့် တစ်ခုရှိခဲ့တာကတော့ ဘကြီးမှုံအတွက် ရည်စူးပြီး ရီးလေးမြလှူခဲ့တုန်းက ရေချိုတွေစိမ့်ထွက်နေခဲ့တဲ့ ရေတွင်းကလေးဟာ ခု ကိုဖိုးအောင်၊ မမယ်မတို့ပြန်လည်ပြုပြင်ပြီးခဲ့တဲ့နောက်မှာတော့ ရေငန်တွင်းအဖြစ်ပြောင်းလဲသွားခြင်းပဲဖြစ်ပါတယ်။ ဒါကိုတော့ ဘယ်သူမှ မစဉ်းစားတတ်အောင်ဖြစ်ခဲ့တာ ခုထိပါပဲဗျာ...။
( မှတ်ချက် >>> ဒီအကြောင်းအရာလေးကို ကျွန်တော့်ကို ဘယ်သူလဲ မသိဘူးပြောဖူးတာလား၊ ဒါမှမဟုတ် ကျွန်တော်ပဲ တစ်နေရာရာမှာ ဖတ်ခဲ့မိတာလားဆိုတာ အသေအချာမမှတ်မိတော့ပေမယ့် ကျွန်တော့်စိတ်ထဲမှာ စွဲကျန်ခဲ့စေတဲ့ အကြောင်းအရာလေးမို့ ကျွန်တော့်စိတ်ကူးနဲ့ ဇာတ်လမ်းမှတ်မိသလောက်ကို မပျက်ရအောင် ပြန်လဲ ရေးသားလိုက်ခြင်းဖြစ်ပါတယ်။ အားပေးကြတဲ့ အကို အမများကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ )

Sunday, May 17, 2009
ဒဏ်ရာ
အဲ့ဒီနေ့ကပေါ့
ခွဲခွါခြင်းမှတ်တိုင်
နှုတ်ဆက်ခြင်း ပြယုဂ်
ခြောက်သွေ့ဆဲ နှုတ်ခမ်းပါးတို့
ဒီရင်ကို တမြေ့မြေ့လောင်ကျွမ်း
အဲ့ဒီနေ့ကပေါ့
ကျလုလုမျက်ရည်
ထိန်းချုပ်ခြင်းကမ်းပါး
ဟန်ဆောင်ရိပ် အပြုံးတို့
မျက်နှာပြင်ထက် ရိုက်ခတ်
အဲ့ဒီနေ့ကပေါ့
ပြောမထွက်တဲ့ စကားလုံးအချို့
နင့်ခနဲ မြိုချ
နာကျင်ခြင်း ရင်အစုံ
အရာအားလုံးကို ကျောခိုင်း
သြော် ...
အဲ့ဒီတစ်နေ့ မှောင်မိုက်လိုက်ပုံများလေ...
တိမ်တွေတောင် ပြိုလို့ ...။
( စာကြွင်း >> အလဲ့။ တယ်ဟုတ်တဲ့ငါပါလားနော်။ မော်ဒန်ကဗျာဆိုပြီး ဖောထည့်လိုက်တာ အလုပ်ဖြစ်သားဟ။ အဟီးး။ ဒီခံစားချက်က ကျွန်တော်မြန်မာပြည်က စထွက်တဲ့နေ့ စက်တင်ဘာ ၁ ရက်နေ့ ရန်ကုန်လေဆိပ်မှာ ကျွန်တော့်မိသားစုနဲ့ ချစ်သူကို ကြည့်ပြီး ကျွန်တော် နာကျင်ခဲ့ရတာကို ရေးသားထားတာပါ။ မော်ဒန် ဟုတ် မဟုတ် မှန် မမှန်တော့ မသိပါဘူးဗျာ။ ကိုကျိုးရဲ့ အရူးဘုံမြှောက်ပေးမှုနဲ့ ဒီအရူး ကျွန်တော်က တင်လိုက်ပါတယ်။ ကောင်းရင်တော့ ကျွန်တော့်ကိုသာ ချီးကျူးစေချင်ပါကြောင်း နဲ့ မကောင်းရင်တော့ ကျွန်တော့်ကို မြှောက်ပေးတဲ့ ကိုကျိုး ( မြစ်ကျိုးအင်း ) ကိုသာ ၀ိုင်း၍သမကြပါရန်။ ဟီးဟီး။ )

Saturday, May 16, 2009
ဖြောင့်ချက်
ငါ့ မျက်လုံးတွေကို မမှိတ်ပစ်ချင်ဘူး
ချစ်သူ
အိပ်မောလဲ မကျပါရစေနဲ့
မင်းကို လွမ်းလို့ပါ
( ပြီးတော့ )
မင်းနဲ့ ပတ်သတ်တဲ့ ခံစားချက်မှန်သမျှ
ငါ မဆုံးရှုံးချင်ဘူး။
အိပ်မက်တွေကနေ နိုးထခွင့် မရချင်ဘူး
ချစ်သူ
မနိုးထပါရစေနဲ့
အိပ်မက်ထဲမှာ မင်းရှိနေခဲ့လို့ပါ
မင်းနဲ့ ပတ်သတ်သမျှ ငါဘာတစ်ခုမှ
မဆုံးရှုံးချင်ဘူး။
မင်းရဲ့ အနားမှာပဲ ရှိနေခွင့်ကို ပေးပါ
ချစ်သူ
ခွဲခွါ မသွားပါရစေနဲ့
ငါ ... မင်းနဲ့ ပတ်သတ်သမျှ တစ်ခုလေးတောင်
မဆုံးရှုံးချင်ပါဘူး
ချစ်သူရယ်...။
( စကားချပ် >>> ကျွန်တော့်ကိုဗျာ ကျနော့်ရဲ့ အကိုလို ခင်ရတဲ့ ကဗျာဆရာ ဘလော့ဂါတစ်ယောက်က အကြံပေးတယ်။ ကဗျာတွေက ရှေးဆန်လွန်းတယ်တဲ့။ မော်ဒန်ကျကျ ရေးပါတဲ့လေ။ ကျနော်က တကယ်ကို မရေးတတ်ခဲ့တာဗျ။ အခု သူ့အကြံကို လေးစားတဲ့အနေနဲ့ ကျနော် စမ်းပြီး ကြိုးစားပြီး ချရေးကြည့်လိုက်မိပါတယ်။ စာဖတ်တဲ့ အကိုတွေ အမတွေတော့ ဘယ်လိုနေလဲ မသိပါဘူး။ ကျွန်တော်ကတော့ ကိုယ့်ဟာကိုယ်ပြန်ဖတ်ပြီး ဘယ်လိုကြီးမှန်းကို မသိပါဘူး။ အီးး။ ကျွန်တော်လဲ ရေးတတ်ချင်တယ်ဗျာ။ ကိုနေမင်းသံစဉ်ရေ... ကျွန်တော့်ကို သင်ပေးပါဦးဗျ။ အိ ... )

Subscribe to:
Posts (Atom)