အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Saturday, February 13, 2010

......ဖူးသော........

အမှတ်တမဲ့
ခလုတ်တိုက်မိတာ
တစ်ဘ၀လုံးစာ
အလန့်တကြားဖျားတယ်..။

ကတိုက်ကရိုက်ရင့်မှည့်လာတဲ့
မနက်ခင်းတစ်ခုထဲ
အစိမ်းလိုက်ကြွေတဲ့ ပန်းတစ်ပွင့် ၊
လေပြေမှာ
သိမ်းထုပ်ထားတဲ့ ရနံ့တွေအန်ချ
အမှတ်တရပျော်ဝင်ဖို့အတွက်တော့
ရာသီဥတုက အေးတယ်..။

(အကြွင်းမဲ့)
အိပ်မက်တွေ အပြိုင်းအရိုင်းရွာပြီးတာတောင်
လှိုင်းခတ်တဲ့ ကမ်းစပ်အဖြစ်
ဖရိုဖရဲညနေတွေကို
ဟန်...ဆောင်...မြို...သိပ်...
အစင်းစင်းထိအပ်တဲ့
မြားဆိပ်တွေ သင့်သူပေါ့...။

(ပုစဉ်းတစ်ကောင်ရဲ့ ဂီတကမှ
ချိုသေးတယ်)
အကျိုးအပျက်ကြယ်တွေခူးပြီး
တုံ့လှည့်ကြည့် မျက်ဝန်းတွေကို
အိပ်မက်မက်ဖူးရဲ့...။

အဲဒီလိုရူးဖို့
အခိုင်အမာ စီရင်ချက်ချရင်း
ခဏတာသေခွင့်ကို
ငံ့လင့်..
ငါ့ကောင်းကင်က
အစိမ်းရင့်ရင့် ဖြာတယ်...။ ။

လင်းစက်ရာ

Tuesday, February 9, 2010

‘ဇန်နဝါရီ ၁၃’

ကျွန်တော့်လက်ထဲမှာ
အပြုံးယဲ့ယဲ့ ဗလာစာအုပ်လေးဟာ
ဒုတိယမြောက်များစွာကို
ထမ်းထားရရှာတယ်။

ဒီစာအုပ်ထဲမှာ
တရုတ်သီချင်း အေးအေးလေးနဲ့ 
သူ့ ရဲ့ ရယ်သံတွေ
အိပ်နေတယ်။

ဒီစာအုပ်ထဲမှာ
သီချင်းတစ်ပုဒ်ကို
အကြောင်းပြချက်မဲ့စွာ ညည်းတတ်တဲ့
ခဲတံချိုချိုလေး ညပ်နေတယ်။

ဒီစာအုပ်ထဲမှာ
အရာရာဟာ သူ့ အတိုင်းသူ ရှိနေပါစေ ဆိုတဲ့
တစ်ယောက်တည်း ရန်ဖြစ်တတ်သူ
နောင်ကြီးတစ်ဦးရဲ့ 
မျက်မှန်ကိုင်းလေးလည်း သေနေတယ်။

မိန်းကလေးရေ ...
အလိုလို လုပ်ယူထားတဲ့
မိုးအတုတွေလည်း
ငြိမ်းပြီ၊
အက္ခရာစဉ်အတိုင်း
တူရာတူရာ တွဲထားတဲ့
မပီမသ နေ့ လည်စာတစ်နပ်လည်း
ပီပီသသ အသိမ်းခံရပြီးပြီ၊
ပြီးခဲ့တာတွေ မပြီးသေးတဲ့ဟောဒီကောင်ကတော့
အစိမ်းရောင် အင်္ကျီထဲမှာ
ချောက်ကမ်းပါးရောင် နက်မှောင်နေတယ်။

ဒီဗလာစာအုပ်လေးပဲ
ခဏခဏ ဖွင့်ဖတ်မိတယ်။
ဆန်းဆန်းပြားပြားတွေမပါဘဲ
ရိုးရိုးလေး နေချင်ရုံ၊လေချင်ရုံပါ
မိန်းကလေးရေ ...
ကျွန်တော်က အပျင်းကြီးတော့
ကျောရိုးတစ်လျှောက် ကို
နေ့ စဉ် ခုတ်ထွင်ရှင်းလင်းရတာပေါ့။

တစ်စုံတစ်ယောက်ရဲ့  ပယောဂမပါဘဲ
သူမကို တိုင်တည်ပြီး
တစ်စုံတစ်ရာကို ၀န်ခံကြည့်မယ်၊
`သတိရတယ် .............´
က၀ိတွေ ပန်းကို ပျိုးသလို၊
ဥယျာဉ်မှူးတွေ လင်္ကာစပ်သလို၊
နှင်းခေတ်က ကျောက်နံရံပန်းချီတွေ မီးလောင်သလို၊
သူမကို ကျွန်တော် သိပ်သတိရတယ်။

အမှန်ပါ ..မိန်းကလေး
အမှန်ပါ၊
ဗလာစာအုပ်လေး
မျက်စိကွယ်ခဲ့တာ လည်းအမှန်ပါ၊
ဇန်န၀ါရီ ၁၃ ဆိုတဲ့ရက်စွဲ တစ်ခု
အခိုးခံလိုက်ရတာလည်း အမှန်ပါ၊
ကျွန်တော်တို့ 
တစ်ယောက်နဲ့ တစ်ယောက်
နေရာအနှံ့  ဝေးခဲ့ကြတာလည်း အမှန်ပါ။

ကျွန်တော့် မျက်လုံးများပိုင်ရှင်မလေးရေ ...
အမှန်တရားထဲမှာ နေထိုင်ပါ၊
မြေကြီးကို သစ္စာရှိပါ၊
ကောင်းကင်လို ရိုးသားပါ၊
ပြဌာန်းဖတ်စာအုပ်တွေ ကို
ရိုသေစွာ ကိုင်တွယ်ပါ။


ဇာတိ

( ကျနော်နဲ့ မင်း ကြိုက်မိတဲ့ ကဗျာလေးပါ .. ရေးတဲ့သူကို ကျနော်တို့ လုံးဝ မသိပါဘူး .. ဒါပေမယ့် သူ့ရဲ့ လင့်ကိုတော့ ကျနော်တို့ သိထားလို့ ဒီမှာပဲ ဒီလို ပြန်ဖော်ပြလိုက်ပါတယ် .. အခုလို တင်ရခြင်းက ကျနော်တို့ သိပ်ကြိုက်လိုက်မိတဲ့ ကဗျာလေးကို အမှတ်တရ သိမ်းထားချင်လို့ပါ .. ပိုင်ရှင်ကို မသိတဲ့အတွက် ခွင့်မတောင်းဖြစ်ခဲ့ပါဘူး.. ဒါပေမယ့် ကျနော် သူ့လင့်ကို ဖော်ပြထားပြီး သူ့နာမည် ( ဟုတ်မဟုတ်မသိပါဘူး ) ကို ဖော်ပြထားလို့ ကျနော့်ကို သူ စိတ်မဆိုးလောက်ဘူးထင်ပါတယ် .. ကျေးဇူးတင်ပါတယ်ခင်ဗျာ .. =]
http://www.mysuboo.com/index.php?option=com_blog&name=L0v34MuLaBoy&task=view&pid=24105&mosmsg=Incorrect+username+or+password.+Please+try+again.&mosmsg=Incorrect+username+or+password.+Please+try+again. )


Wednesday, February 3, 2010

ကြွေချိန် ..

ဥသြသံနဲ့ ဖြတ်ချလိုက်တဲ့
သစ်ရွက်ဝါ၀ါတစ်ရွက်
သူပေါ့
တစ်ဆောင်းလုံး နှင်းရည်သောက်ခဲ့တာ
အညှာ ဘယ်ခိုင်တော့မှာလဲလေ ...


ဇော်။

Sunday, January 31, 2010

ပန်းဆက်သမား

နှင်းမှုန်တွေကို လက်ခုပ်နဲ့ဖြန့်ခင်းလို့
ဆောင်းအသစ်ရဲ့ နံနက်ခင်းထဲမှာ
ဆည်းဆာရဲ့ဆံနွယ်တွေထဲ မျက်နှာအပ်
ငါ့ လွမ်းချင်းတွေ
ခဏ၀ှက်ထားခဲ့တယ်။

မိုးမသောက်ခင်
အလွမ်းရင့်ရောင်တောက်တောက်တွေနဲ့
ဟော့ဒီ လမ်းကလေးတစ်လျှောက်
ပန်းမြို့ရိုးအထိ
နှင်းစက်မိုးတွေအောက်မှာ
ကြယ်ကြွေကောက်ခဲ့တယ်။

စာမတင်နိုင်ခဲ့တဲ့
ဒီ အန္ဓရဲ့ရာဇ၀င်အအိုအဟောင်းထဲ
ဆယ်ကမ္ဘာတိုင်ပွင့်မယ့် ပန်းတစ်ခင်းစာ
ရင်ဘတ်ရဲ့တစ်နေရာဧက
ဝတ်မှုံရာသီဦး အစမှာ
မိုးမလွန်ခင်က ထွန်ချခဲ့ဖူးတယ်။

နမိတ်ကောင်းတဲ့
အဝေးခေါင်းလောင်းသံကြားတိုင်း
အိမ်ပြန်နောက်ကျတဲ့ လရောင်ကိုကြည့်ရင်း
ကိုယ့်ရင်ခုန်သံ ကိုယ်ပြန်စမ်း
ကံ့ကော်တွေ ကြွေရာလမ်းမှာ
တိတ်တဆိတ် လွမ်းတတ်ခဲ့ဖူးတယ်။

နှင်းဆီပျို
ငါ့အိမ်မက်ကောင်းကင်မှာ
နှလုံးသွေးနဲ့ချယ် အနီရင့်ရင့်
မြစိမ်းရောင် ဆူးခက်တွေဆင့်လို့
ဆွတ်ပျံ့မှိုင်းညို အလင်းတွေပြိုချိန်
ပန်တော်ဆက်ဖို့ဒီနံနက်ခင်းကို
နှင်းထဲကပွင့်စေကြောင်း
ဆုတောင်းပေးခဲ့ဖူးတယ်။

တစ်စစနဲ့ ပျက်သုဉ်း
ပွင့်ချပ်တွေပြုန်းတီးလာတဲ့ည
အဲ့ဒီညမှာပဲ………
ကမ္ဘာမြေရဲ့ ဆောင်းမှတ်တမ်းအစထဲ
ရနံ့တွေ တလက်လက်ခြွေချရင်း
မိုးသောက်အမှီခူးဖို့
အိပ်မက်ဦးမှာ ပန်းတစ်ပွင့် ပွင့်ခဲ့ဖူးတယ်။

မင်း

( ကျနော့်ရဲ့ အိမ်အသစ်မှာ အင်တာနက် စ ရရချင်း .. ကျနော် ပထမဆုံး သတိရမိတာက မင်းရဲ့ ကျနော့်အတွက် အမှတ်တရ ကဗျာလေးပါ။ ကျနော့်ရဲ့ (အွန်လိုင်းပေါ်က နားခိုရာ ) အိမ်လေးနဲ့ ကျနော့်လောကတစ်ခုကို ကျနော့်သူငယ်ချင်းမင်းရဲ့ ကဗျာလေးနဲ့ ပြန်လည်ဝင်ရောက်လိုက်ပါတယ် .. ကောင်းသောနေ့ပါဗျာ .. =] )

Tuesday, January 12, 2010

အိပ်မက်


တိတ်ဆိတ်ခြင်းက နေရာယူတယ်
အတင်းအားယူပြီး ပြုံးပြနေတဲ့
လခြမ်းကွေးလေးရဲ့ တစ်ဖက်တစ်ချက်က
ကြယ်တွေကို ရေတွက်ရင်း
ကောင်းကင်က ပေါ့ပေါ့ပါးပါး
နှုတ်ဆက်လို့

ခပ်ဖြေးဖြေး ခပ်အေးအေး
တိုက်နေတဲ့ လေပြေတွေရဲ့
နမ်းရှိုက်မှုအောက်
ခပ်လွင့်လွင့် မိန်းမောနေရင်းက
မိုးမခရွက်တို့ ကြွေချိန်ကို
မှန်းမျှော်ကြည့်မိတယ်
ချစ်ခြင်းဆိုတာ မိုးမခရွက်ပွင့်များလား

နူးညံ့မှုတွေ ပါးပါးလေး ဖုံးလွှမ်းထားတဲ့
အေးစက်တဲ့ မျက်ဝန်းတစ်စုံရဲ့အောက်
ယစ်မူးပျော်ဝင်
အဲ့ဒီည
ငါ ခနတာ သေဆုံးသွားတယ်။

ဇော်။

(အခုလပိုင်းအတွင်းမှာ ဇော်တို့အလုပ်က အိမ်ပြောင်းပေးလို့ ဇော် အင်တာနက်နဲ့ အဆက်အသွယ်ပြတ်နေခဲ့တာပါ။ အိမ်အသစ်မှာ အစစ အရာရာ အဆင်ပြေပေမယ့် အင်တာနက်ကတော့ လျှောက်ထားဆဲမို့ ခုထိ စောင့်နေဆဲပါ။ အကိုအမတွေရဲ့အိမ်တွေကို အချိန်မှီ မလည်ဖြစ်တာ မလည်နိုင်တာကို စိတ်မကောင်းပါဘူး။ အဲ့လိုပဲ စာအသစ်မတင်နိုင်တာကိုလဲ စိတ်မကောင်းဖြစ်မိပါတယ်။
ကျနော့်ရဲ့ ထွက်ပေါက်တစ်ခုဖြစ်တဲ့ ဒီနေရာလေးကို ကျနော် သိပ်လွမ်းမိတယ်ဗျာ။ )



Tuesday, December 15, 2009

အလင်းမဲ့

ငါ .. မှားခဲ့လို့လား ..
မိုးပြိုမှာကြိုသိခဲ့ရင်တောင်
ကောင်းကင်ရဲ့တေးကိုဆိုနေအုံးမှာ
စွဲလမ်းမှုက အချစ်မဟုတ်ဘူးလို့နင်ပြောလဲ
ငါကတော့ 'ဒဿ' ကိုပဲ အားကျတယ် ..
ရာမရဲ့ မြားချက်က သူ့ချစ်ခြင်းကို
မဖေါက်ထွင်းနိုင်ခဲ့ပါဘူး
နင်သာပါမယ်ဆို ဒီဇာတ်လမ်းမှာ
ငါကလူကြမ်း ဖြစ်ဖြစ်ပေါ့ ...
ကျေးဇူးပြုပြီး အရှုံးသမားလို့ မခေါ်ကြပါနဲ့
ငါ့စာမေးပွဲကို ကိုယ်တိုင် အအောင်ပေးချင်လို့ပါ ..
ဆွံအ နားမကြား နှလုံးသားမှာတော့
နင်က ဘုရင်မတစ်ပါးပေါ့..
စက်တင်ဘာတွေသာ ကုန်သွားပြီ
ငါ့ရင်ခွင်မှာ မိုးမရွာသေးဘူး..
ဆေးစက်ကျတိုင်းလည်း
စိတ်ကူးတွေက အရုပ်မထင်နိုင်တော့
ငါ့အတ္တတစ်ချို့ကို
အဖြူရောင်ကန့်လန့်ကာဖွင့်
ခင်းကျင်းအသုံးတော်ခံဖူးတယ်
အလွမ်းဆိုတာ
တေလေတစ်ကောင်ရဲ့ အိမ်ပြန်လမ်းမှာ
တောင်ဇလတ်ပန်းတွေလို လတ်ဆတ်နေလေရဲ့
ပိုးဖလံတစ်ကောင်လို
အလင်းကိုပွေ့ဖက်ထားချင်လဲ
ပျောက်ဆုံးနေဆဲ နံနက်ခင်းတွေထဲမှာ
နာမည်တစ်ခုကို အကြိမ်ကြိမ်ခေါ်နေမိတယ်
နင်သိသိ မသိသိပေါ့ ……………။

( သူကိုယ်တိုင်ရေးပြီး သူကိုယ်တိုင်ပြန်မကြိုက်တဲ့ ကျနော့်အတွက် မင်းရဲ့ ကဗျာလေးပါ။ )

Saturday, December 12, 2009

လမ်းမသင့်တဲ့အလွမ်း

ညကမေးတယ်
သူ့အတွက်အိပ်ရာဝင်ဖို့
ဘယ်သူပုံပြင်ပြောမှာလဲတဲ့…..

တစ်ရက်ရှင်လိုက်
တစ်ရက်သေလိုက်နဲ့
အလင်းတွေကို ချုပ်သိမ်းဖို့
အပ်တစင်းလိုတယ်….

နှင်းဆိပ်သင့်နံနက်ခင်းတွေအတွက်
ဇာတ်မပေါင်းရတဲ့ အဆုံးသတ်ခြင်းအတွက်
မျဉ်းဖြောင့်တစ်ကြောင်းဆွဲပေးပါ….

အဲ့ဒီညက လမသာဘူး…။

( ကဗျာလေးက တိုတိုလေးပါပဲ .. ဒါပေမယ့် မင်း ကျနော့်အတွက် ရေးပေးတဲ့ကဗျာမို့
ကျနော် အမှတ်တရ တန်ဖိုးထားမိတယ်ဗျာ .. )