ဘယ်တော့လဲလို့ သူမပြောခဲ့ဘူး
ဘယ်အချိန်လဲလို့လဲ သူ မသတ်မှတ်သွားဘူး..
နှုတ်ဆက်ခြင်းကင်းစွာ သူထားခဲ့တဲ့
တိတ်ဆိတ်တဲ့ ကျန်ရစ်မှုအောက်.. နာရီပတ်တွေ လည်ခဲ့တယ်
အဝေးရောက်တိမ်တိုက်တွေရယ်..
အမှာစကားနားကြားဖို့များ ငံ့လင့်နေရော့သလားကွယ်
မိုးရွာပြီးစ သက်တံ့ရောင်ပျိုကိုမှ လွမ်းဆွတ်မိတဲ့ငါ
နောက်တစ်ကြိမ်မိုးအရွာကို မှီပါဦးမတဲ့လား
ဖိတ်ခေါ်လို့မှ ရောက်မလာတဲ့ ဧည့်သည်
အိပ်တန်းများ တက်နေခဲ့ပါသတဲ့လားကွယ်
ခပ်မဆိတ်ငံ့လင့်ရင်း ရည်စူး
ကြယ်တစ်ပွင့်ကို ငါရူးခဲ့မိလိုက်တယ်
စုပ်လဲဆူး စားလဲရူးတဲ့ လူ့အန္ဓတစ်ယောက်ရဲ့ ရာဇ၀င်မှာ
အိပ်မက်ခြေရာတွေထပ် ..
နှုတ်ဆိတ်မဲ့ အလင်္ကာတွေ မျိုးကြဲ
စိတ်ကူးတွေကို ပျိုးနေခဲ့မိပါသတဲ့
ခွင့်မတောင်းပါဘဲ ဆက်ထားမိတဲ့ ပန်းချီကားတစ်ချပ်ကို
အလိုမတူပါဘဲ ချိတ်ထားခဲ့မိတယ်..
ငါက သစ်တစ်ပင်ပါ ..
ပျံသန်းရောက်ရှိလာတဲ့ နွေဦးငှက်လေးကို ရင်ခွင်မှာ ပွေ့ဖက်မထားနိုင်ခဲ့ပေမယ့်
သူထားခဲ့လေသမျှ ခြေရာတွေကို သိမ်းဆည်းသိုဝှက်ရင်း
သူ့ကို...
တသသ ငေးမောရုံ...
ဇော်။
Sunday, October 31, 2010
Tuesday, October 26, 2010
ချစ်မိလေသောအခါ...
ကဗျာတွေထဲက ကဗျာတွေပါပဲ
ငါ့အပေါ်ကို တစိမ့်စိမ့်ရွာကျ
တိတ်ဆိတ်ခြင်း ဒီညတွေမှာ
ခပ်မဆိတ် အရည်ပျော်ခဲ့တာ
(လူမသိ သူမသိနဲ့)
နှစ်ဆယ့်လေးနာရီတွေ ထောင်ချီနေခဲ့ပြီ ...။
တမေ့တမောပါပဲ
မေ့မေ့လျော့လျော့နဲ့ ရွယ်စူး
အချိန်တိုင်းမှာ ငါ ရူးခဲ့မိတယ်
ဟောဒီ ကဗျာတွေပေါ့
ငါ့ရင်ကိုဖောက် အသိဥာဏ်အချို့ကို
ခိုးယူသောက်သုံးသွားခဲ့တာ ...။
တိတ်တဆိတ် ငြိမ်သက်ခြင်းတွေနဲ့
ဆူညံစွာပေါက်ကွဲ
ရင်တွင်းစစ်ပွဲမှာ
ဘယ်သူကများ အလံထူခဲ့ပါသလဲ...။
မသိဝိုးတ၀ါး ဆိုးရွားမှုတွေနဲ့
ကိုယ့်ကိုကိုယ် လွှမ်းခြုံ
ငါ့နေ့ရက်တွေ ကုန်ဆုံးခဲ့တယ်
ညပေါင်းများစွာ
နာရီပေါင်းများစွာ
အောက်ဆီဂျင်ပေါင်းများစွာ
အိပ်မက်တွေထဲ စိတ်ကူးတွေ ထည့်ဖျော်ရင်း
မသိနိုးနား ငါထုံအခဲ့တယ် ...။
အိုဘယ့် နတ်ဘုရားငယ်
မျက်လွှာတော်တ၀င့်
သံတော်ဆင့်မျှနှင့်
အဘယ်ခင်းကြောင့်များ
ငါ ရင်နင့်ခဲ့ရပါလိမ့် ...။
ချစ်ခြင်းကို ပျိုးခဲ့မိရုံမျှနဲ့တော့
ဥယျာဉ်တော်တစ်ခွင်မှာ
မှော်ရုံတောတွေ မဖြစ်ထွန်းလောက်ဘူး ထင်ပါရဲ့ ...။
မြတ်နိုးခြင်း အင်္သချေ
လွမ်းဆွတ်ခြင်း တစ်ကုဋေနဲ့
ငါ ကဗျာတွေ စပ်လိုက်တယ်
ကောင်းကင်က ရယ်လေရဲ့
ကြယ်တွေက တီးတိုးဆိုတယ်
ရူးလည်းရူးတဲ့ကောင်တဲ့
လေပြေညှင်းကတော့
ငါ့ မျက်နှာကို မော့မော့ကြည့်နေတုန်း ...။
ဇော်

Friday, September 24, 2010
ကျနော်မသိလိုက်တဲ့ ကျနော့်ညတွေ
ည
ခပ်ပျပျ အလင်းရောင်တွေ မှုန်ဝါးဝါးလွှမ်းခြုံ
ဆေးပန်းချီတွေ ချယ်မှုန်းဖို့ သူကြိုးစားတယ်
အရောင်တွေလဲ သူထည့်ပါရဲ့
စုတ်ချက်တွေလဲ သူ ဆွဲပါရဲ့
အနက်ရောင်သာ လွှမ်းမိုးခဲ့တာကတော့
သူ့ဘ၀င်မှာ သူ့ဟာသူများ
စူးရှနေခဲ့တာတဲ့လားဗျာ
ညက ကျနော့်စိတ်ကူးတွေကို ခိုးယူစားသုံး
ကျနော့်အိပ်မက်တွေကို အရေဖျော်ခဲ့တယ်
ကျနော့်စိတ်ကို သူနားမလည်ပါဘဲ
ကျနော့်ကိုလဲ ငြိုငြင်ခဲ့တယ်
တမြေ့မြေ့နဲ့ ကျနော့်ကို ဖုံးအုပ်
သူ လွှမ်းခြုံခဲ့တဲ့ အနက်ရောင် ပိတ်သားအောက်မှာ
ကျနော်က ပိုးစုန်းကြူးတစ်ကောင်မျှသာ
ကျနော် စိတ်မဆိုးပါဘူး
စိတ်လဲ မဆိုးတတ်ခဲ့မိဘူး
မှုန်ရီဝိုးတ၀ါးထဲ တစ်စစ လဲပြို
ကျနော်မသိလိုက်ပါဘဲ ကျနော့်ညတွေ
အဓိပါယ်ခွက်ထဲ ပျော်ကျနေခဲ့တယ်
ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ
ကျနော်တွယ်တာတတ်ခဲ့တဲ့ညတွေ
အရုဏ်မတက်ခင် အာရုံတွေထဲ ဖျားနာခဲ့တယ်
ရောင်နီမလာခင် အရောင်တွေထဲ နီထွေးခဲ့တယ်
အလင်းတွေ မခင်းကျင်းခင် အလင်းတွေနဲ့ ထွန်းလင်းခဲ့တယ်
ညဟာ မှော်ဆန်တယ်
ပဉ္စလက်လဲ ဖြစ်တယ်
မာယာတွေထဲ မာန်တွေနဲ့လဲ ရှင်သန်တယ်
လင်းလိုက်မှောင်လိုက်နဲ့ ပညာကုန်သုံး
တိမ်မည်းတွေနဲ့ လှည့်စားတယ်
အဲ့ဒီကောင်းကင်တစ်ခိုမှာပါပဲ
ည ချိတ်ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်
တော်ဝင်ဆန်ခဲ့တယ်
ဟော
ပြောရင်းဆိုရင်း မိုးသောက်ခဲ့ပြီ
ညဟာ မှိန်ဝါးစွာပျောက်ကွယ်
သူ့ရဲ့အိပ်စက်ချိန်လဲ ဖြစ်တည်လာခဲ့တယ်
သူကိုက ပြောင်းပြန်အချိုးကျ
နေ့ဘက်မှာမှ အနားယူတတ်သတဲ့
၃နဲ့၎ လို ကျောချင်းကပ်ချစ်ခြင်းမျိုးနဲ့
ညက နေ့ကို လက်ပြနှုတ်ဆက်
အဲ့ဒီ နှင်းတောထဲမှာပါပဲ
( ကျနော့်ကိုထားပြီး)
ည တိုးဝင် ထွက်ခွာသွားခဲ့တော့တာ
အခုဆို နာရီတစ်ပတ်တောင် ပြည့်ခဲ့ပြီပေါ့ဗျာ

Wednesday, September 22, 2010
လွမ်းတဲ့ည (၂)
ကြယ်ရောင်တွေမလင်းလည်း
ညက အဆင်းသစ်နဲ့လှနေတယ်..။
မြို့ပြက
တိတ်ဆိတ်ခြင်းတေးသွားနဲ့ ညကိုကခုန်တယ်..။
လွမ်းမောသူက
တမ်းတခြင်းနဲ့ လေညင်းကို တီးတိုးဆိုတယ်..။
အငွေ့အသက်တွေဖြန့်ကျက်ယဉ်ပါးရင်း
ရင်တစ်ခွင်လုံးလွမ်းနာကျတယ်..။
နတ်သမီးအိပ်မက်တွေအကြောင်း
ဒိုင်ယာရီတစ်အုပ်က သိုဝှက်တယ်..။
(အဲဒီ) ဆံနွယ်တွေဖြန့်ကျက်ထားတဲ့အလှဟာ
(အခုထက်ထိ) ထိရှထက်မြနေတုန်းပဲ..။
နာယူဖူးသမျှရဲ့
အနက်ရှိုင်းဆုံးဂီတသံတွေအဖြစ်
ပြင်းပြလောင်ကျွမ်းခဲ့ကြတယ်..။
နှောင်ကြိုးမဲ့ ချည်နှောင်ဖွဲ့မိသူတွေထဲ
ပထမဆုံးလည်းမဟုတ်ခဲ့သလို
နောက်ဆုံးလည်းမဟုတ်ခဲ့ပဲ
အသိခေါက်ခက်နဲ့ အဝင်နက်တဲ့မြားတစ်စင်းအဖြစ်
စူးနစ်စွဲမြဲခဲ့ဖူးတယ်..။
ပျောက်ရှသွားတဲ့ ရနံ့တွေနဲ့
ခိုးဝှက်ထိတွေ့ခဲ့မိဖူးတဲ့ ဆံနွယ်အဖျားလေးတွေ..၊
အဲဒီညနေရီမှာကြိုးပြတ်ခဲ့တာ
အရုပ်တစ်ရုပ် မဟုတ်ခဲ့ဘူး...။
မျက်ဝန်းအကြွေတွေကို ကောက်ယူစုဆောင်းရင်းနဲ့ပဲ..
ကိုယ့်ဆုတောင်းတွေထဲ
ကိုယ့်ကိုယ်ကိုယ် ကြိုးကွင်းတပ်တဲ့သူ...၊
အနာတရတွေ သိမ်းဆည်းရင်းနဲ့ပဲ
အဖြူရောင်အခင်းအကျင်းနဲ့
အိပ်မက်အသေတွေ စီးဆင်းခဲ့တဲ့သူ...၊
နှုတ်မိန့်တစ်စုံတစ်ရာအတိုင်း
ကြေမွသွားတဲ့ အပိုင်းအစအားလုံးထဲ
ပျော်ဝင်ခြင်းစစ်စစ်တွေ ရှင်ကွဲကွဲခဲ့ကြတယ်...။
ဓါးသွားတွေကိုင်ဆွဲထားတဲ့စစ်ပွဲတစ်ပွဲ မဟုတ်ပဲ
ငါ သွေးချင်းချင်းရဲခဲ့တယ်...။
ငါ့ဥယျာဉ်တော်မှာ ဖူးခဲ့သမျှပန်းတွေအားလုံး
ပိုင်ရှင်မသိပဲ သေဆုံးသွားခဲ့ကြရတယ်..။
ဒီလိုနဲ့ပဲ................
.........................
.........................။
ပုံပြင်တွေမဆိုလည်း
ညကခပ်ကျဲကျဲချိုပါရဲ့.....။ ။
လင်းစက်ရာ
( လင်းစက်ရာရဲ့ ၂၃နှစ်မြောက် မွေးနေ့ကို ကျနော် သူ့ကဗျာလေးနဲ့ နှုတ်ဆက်ပါတယ်
လင်းစက်ရာ (သို့မဟုတ်) စိုးထွန်းနောင်... မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ... သူချစ်တဲ့ ကဗျာတွေနဲ့အတူ အမြဲ ရှင်သန်နိုင်ပါစေ..... )

Tuesday, September 21, 2010
အစကတည်းက သေချာခဲ့သော တိတ်တဆိတ် ကျန်ရစ်ခြင်း
ကောင်းကင်ရဲ့ တေးသွားမှာ
ငါပျော်မြူးချိန်
မုန်တိုင်းတွေ ငိုနေခဲ့တယ်
သက်တံရောင် ဆည်းဆာတစ်ခု
ကောင်းကင်ရဲ့ ထောင့်ချိုးကနေ ချောင်းကြည့်နေလေရဲ့
နေမင်းရယ်
ငြိုးဖျော့စွာ လင်းလက်
နင့်ရဲ့ဆောင်တော်ကူးချိန်မှာ
ငါတစ်ယောက်တည်း အားငယ်တတ်ခဲ့လိုက်တာ
ကောင်းကင်တစ်ခုကနေ
နှုတ်ဆက်လက်ပြ
နင့်အပြုံးတွေ မှိန်လျော့ခဲ့ပြန်ပြီပေါ့
နေမင်းရယ်
ဟိုးတစ်ဘက်ခြမ်းမှာ နင်ပျော်မြူးချိန်
ငါ့ကောင်းကင်က မှောင်နက်နေတယ်
ကဗလာ ခင်းကျင်းခဲ့တယ်
တိမ်မည်းညိုတို့ လွင့်မျောခဲ့
နေမင်းမရှိတဲ့ ကောင်းကင်
လမင်းမသာတဲ့ ဒီည
ငါ့ဘ၀ မျက်နှာငယ်လိုက်တာဟာ
နေမင်းရေ...
နင်ရောက်လာမယ့် နေ့သစ်ဦးစ
ဟိုးခပ်ပြပြမှာ တောင်ခိုးတွေဝေနေကြတယ်
မိုးရာသီရဲ့အေးမြမှုဟာ စက်တင်ဘာတွေကို
လွှမ်းခြုံနေခဲ့ပြန်ပြီ
ငါ တိုးတိတ်စွာ ဟစ်ကြွေး
နင့်ချိတ်ဆွဲနေတဲ့ အဲ့ဒီ ကောင်းကင်ထောင့်ချိုးက ဆည်းဆာလေးတစ်ခု
ငါ့ရင်တွင်းမှာ ခြေရာထင်ကျန်ခဲ့ပေါ့
နေမင်းရယ်
မသွားပါနဲ့လို့ ငါ မတားခဲ့လိုက်နိုင်ပါဘူး
နှုတ်မဆက်ပါနဲ့လို့လဲ ငါမဆိုရက်နိုင်ခဲ့ဘူး
ဒါပေမယ့် နင်ချန်သွားတဲ့ နောက်ဆုံးဆည်းဆာရောင်မှာ
အနေအထိုင်မတတ်ခဲ့တဲ့ငါ
ခိုးခိုးပြီး လင်းနေခဲ့ရပြီပေါ့ဟာ .....

Monday, August 23, 2010
တိတိကျကျ လွမ်းခဲ့မိပါသော .....
ကောင်းကင်ကြီးရယ်...
သူ့ကို ပြောပြပေးပါ
ချစ်သူကို သတိရလွန်းလို့ .. ကောင်းကင်ကြီးရဲ့
မျက်နှာပြင်မှာ သူ့ပုံရိပ်များ ထင်နေမလား
ကျနော် ရှာဖွေနေမိတယ်ဆိုတာ
ကြယ်လေးတွေရယ်...
သူ့ကို နှုတ်ဆက်ပေးပါ
ချစ်သူကို ချစ်တဲ့စိတ်နဲ့ ကျနော် ခင်ဗျားတို့ဆီကတဆင့်
သူ့ဆီ စကားတွေ ပါးနေမိတဲ့အကြောင်း...
မြေပြင်ကြီးရယ်
ကျနော်တတ်တဲ့ မြေကြီးစကားနဲ့
ချစ်သူကို နားလည်အောင် ကျနော် ဘယ်လိုပြောရပါ့မလဲ
ချစ်သူကို ကျနော်လွမ်းနေတယ်.. သတိရတယ်..
ကျနော် ဘယ်လိုဘာသာပြန်ပြရပါ့မလဲ.....
ငှက်လေးတွေရယ်
ခင်ဗျားတို့ အတောင်ပံတွေကို အသုံးပြု
ရိုက်ခတ်မှုတိုင်းနဲ့ ချစ်သူဆီ အမှာပါးပါရစေ
ဆောင်းခိုဌက်တို့ အိမ်ပြန်ချိန်မှာ
ချစ်သူထံပါး ချစ်စကားပြောဖို့အခွင့်အရေး
ရှိခွင့်တစ်ကြိမ် ကျနော် မျှော်လင့်ပါရစေ
ချစ်သူကို ပြောပြပေးပါ
သစ်ပင်တို့ရယ်
သူရှိတဲ့အရပ်မှာမှ ပန်းတို့ပွင့်ပေးကြပါ
ချစ်သူကို ချစ်မြတ်နိုးတဲ့စိတ်တစ်ခုတည်းနဲ့
ကျနော်နေ့ရက်တို့ ဖူးပွင့်
ချစ်သူနမ်းတဲ့ ပန်းကလေး ကျနော်ဖြစ်ချင်တဲ့အကြောင်း
အလင်းတို့ရယ်
နံနက်ခင်းတိုင်းမှာ ကျနော့်ကိုယ်စား ချစ်သူကို နှုတ်ဆက်ပေးကြပါ
ကျနော် ဖူးတွေ့ခွင့်မရှိတဲ့ ချစ်သူ့မျက်နှာ
နံနက်ခင်းရဲ့ ပွင့်ချပ်လွှာတိုင်းမှာ ကျနော်အတူရှိချင်နေမိတယ်ဆိုတာ
တိမ်ဖြူဖြူတို့ရယ်
လွင့်မျောပေးကြပါ
ချစ်ခြင်းအတွက် ကျနော့်ရဲ့ မျှော်လင့်ချက်ပါးပါးလေးတစ်ချို့
ခင်ဗျားရင်ခွင်မှာ မြှုပ်နှံ
ချစ်သူမော့ကြည့်တဲ့ခန ကျနော့်နှလုံးသားကို
သူမြင်နိုင်ပါစေလို့ ဆုတောင်းမိတဲ့အကြောင်း
လေပြည်ညင်းရယ်...
သူ့ကို ထွေးပွေ့ပေးပါ
ချစ်သူကို ချစ်မြတ်နိုးရတဲ့ ချစ်ခြင်းမေတ္တာအားလုံးကို
ခင်ဗျားနဲ့အတူ..
ကျနော်ထည့်ပေးလိုက်တယ်ဆိုတာ ..
လောကကြီးရယ်...
ဘုရားအဆူဆူကိုတိုင်တည်
နတ်ဒေ၀တာတို့ကို သက်သေပြု
ကျနော် ဖြောင့်ချက်တစ်ခုကို ၀န်ခံပါရစေလားဗျာ
ချစ်သူ ရင်ခွင်ထက်ဆီက အဲ့ဒီ အိတ်ကပ်ကလေး ကျနော်ဖြစ်ချင်ပါတယ်
ချစ်သူ မျက်နှာတော်ပါး.. မော်ဖူးခွင့်ရဖို့...........

Sunday, August 15, 2010
ငါ့ကိုယ်ငါ ခ၀ါချလိုက်တဲ့ အဲ့ဒီ အရောင်မဲ့ ကဗျာညတွေ .....
ခြောက်သွေ့တိတ်ဆိတ်ပြီး ငြိမ်သက်လွန်းတဲ့ အမှတ်တမဲ့ အဲ့ဒီ တနင်္လာနေ့ ညနေတွင် ချစ်သူကို ကျွန်တော် စတင်တွေ့ရှိခဲ့သည်။
ပြန်ပြောဖို့ခက်သော အကြောင်းအရာအချို့ ရှိသည်ဆိုပါစို့...
ချစ်သူသည် ကျွန်တော်၏ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခု ဖြစ်ခဲ့သည်။
ခန့်မှန်းရခက်သော နက္ခတ်ရာသီလဲ ဖြစ်သည်။
ဆူညံသံတို့ ကင်းမဲ့သော အချက်ပေးခေါင်းလောင်းသံလဲ ဖြစ်သည်။
ညနေခင်း၏ နေ၀င်ချိန်တွင် အမှောင်ထုတစ်ခုကို ကြိုဆိုရင်း ချစ်သူကို မေ့လျော့စွာ တသသ ငေးကြည့်ခဲ့ဖူးသည့် အဲ့ဒီ အချိန်တစ်ချို့တွင်.. မက်မောမှုများ စီးမြောနေခဲ့ဖူးပါသလား....
ဖယောင်း၏ ပျော့ပြောင်းခြင်းလို.. ရေပြင်၏ နက်ရှိုင်းခြင်းလို ... ပွင့်ချပ်လွှာတို့ နူးညံ့သလို
ကြည်လင်မှုတစ်ခုအောက် နစ်မြုပ်ပျော်ဝင်ရင်း .. သူ့ကို ကျနော်မြတ်နိုးခဲ့ဖူးသည်။
ချစ်ခြင်း၏ အဇ္ဖျတ္တတစ်ခုကို ကျွန်တော် ပါးပါးလေး တွေးကြည့်ခဲ့မိတော့ ကျွန်တော့်ရင်တို့ သိမ့်ခနဲ ....
မျှော်လင့်စွာ ... ယစ်မူးစွာ... စွဲလန်းစွာ... သူ့ကွန်ယက်၌ ကျွန်တော်မလှုပ်မယှက် ရုန်းထွက်ရ ခက်ခဲ့ဖူးသည်။
ချစ်သူသည် ညနေ နေ၀င်ရီတရောလဲ ဖြစ်သည်။
ချစ်သူနှင့်တွေ့ဆုံခဲ့ရသော အချိန်သည် ကဗျာမဆန်ပါ။ စိတ်ကူးယဉ်မဆန်ပါ။ အိပ်မက်မဟုတ်ခဲ့ပါ။
ကျွန်တော့်နေ့ရက်များအတွက် အလင်းအိမ်လေးကိုသာ ခပ်ပါးပါး သူထွန်းညှိပေးခဲ့ဖူးသည်။
ကျွန်တော် .... သူ့ခြေရင်းအောက် ဒူးထောက်ပျပ်ဝပ်... အဲ့ဒီ တစ်ခနမှာ ကျွန်တော့်မြို့ရိုး တပ်ပျက်သွားခဲ့ဖူးသည်။
ကျွန်တော့်တွင် နောင်တတို့ မရှိခဲ့ပါ။
ချစ်မိသူဟာ အရှုံးတဲ့။
စာဆိုအဆက်ဆက်ရဲ့ အဲ့ဒီ ဂန္တ၀င်မြောက်စကားတစ်ခွန်း ကျွန်တော့်နှလုံးအိမ်တွင် ခပ်လွန့်လွန့်ချိတ်ဆွဲ ... ကျွန်တော့်တံခါးတို့ သံချေးတက်ခဲ့ဖူးသည်။
ချစ်သူအတွက် ကိုယ့်ကိုယ်ကိုယ် စီးချင်းထိုး ... အဲ့ဒီချစ်ခြင်းကို ကျွန်တော် စိန်ခေါ်ခဲ့ဖူးသည်။
သမိုင်း၏ ရာဇ၀င်တိုင်းတွင် အချစ်အတွက် ဧရင့်ကျူး ဖွဲ့သီခဲ့ကြသည်များကို ကျွန်တော်တွေ့ရသိရတိုင်း ကျွန်တော် နှစ်ခြိုက်စွာ ပြုံးခဲ့မိဖူးပါသည်။
ကျွန်တော့်အတွက် ချစ်သူကို ပူဇော်ဖို့ မြတ်နိုးခြင်းမှတစ်ပါး အခြား မရှိခဲ့ဖူးပါ။
ချစ်သူ၏ အပြုံးနုတွင် ကျနော် ရင်ခုန်ခဲ့ဖူးသည်။
ချစ်သူ၏ မျက်လုံး ကြည်ကြည်လေးတွင် ကျွန်တော်ရူးသွပ်ခဲ့ဖူးသည်။
ချစ်သူ၏ ရယ်ဟဟ စကားလုံးအချို့တွင် ကျွန်တော် ကျဆုံးခဲ့ဖူးသည်။
ကျွန်တော် အကြိမ်များစွာ ရှုံးနိမ့်... ဆောက်တည်ရာမဲ့ ကိုယ့်အရိပ်ကိုယ် ပြန်မုန်းခဲ့ဖူးပါသည်။
ချစ်သူသည် ဆူးတို့ခသော ပန်းရိုင်းပင်လို ကျွန်တော့်ရင်ကို ထွင်းဖောက် .... သူမသိခဲ့သော ကျွန်တော့်ချစ်ခြင်းမှာ ကျွန်တော် အဆိပ်သင့်ခဲ့ရတာ အကြိမ်ကြိမ်.............
မြတ်နိုးခြင်းကို အဖော်ပြု တိတ်တဆိတ် ခိုးကြည့်ခဲ့ရသော အဲ့ဒီနေ့တွေရဲ့ ငွေ့ရည်ဖွဲ့ ဖြစ်တည်မှုများ၌ ကျွန်တော်ဆိုတာ မြူမှုန်မျှသာ.....
ကျွန်တော်မပြောဖြစ်ခဲ့ဖူးသော စကားလုံးတစ်ချို့ ကျွန်တော့်နှလုံးသားတွင် သိမ်းဆည်းသော့ခတ် သူမမြင်အောင် ဖုံးဝှက်ခဲ့ရတာလဲ ဒိုင်ယာရီတွေ ပြည့်လုမတတ်.........
မိုးဦးကို ရောက်ခဲ့ပြန်ပါပြီချစ်သူ......
မိုးရာသီကို ကြိုက်တာချင်းအတူတူ .. ချစ်သူရဲ့ မိုးကိုမှ ကျွန်တော်က ရင်ခုန်ချင်သူ.......
ချစ်သူ ရှူရှိုက်ခဲ့သော ခရေရနံ့သည် ကျွန်တော်၏ အိပ်မက်လဲ ဖြစ်သည်။
ချစ်သူ ဖြတ်လျှောက်ခဲ့သော ဒီလမ်းလေး၏ မြက်ခင်းပြင်တွင် ကျွန်တော့်စိတ်ကူးတို့ မှေးစက်......
ချစ်သူ၏ ဖိနပ်ပါးလေး ကျွန်တော် ဖြစ်ချင်ခဲ့ဖူးသည်။
ချစ်သူ
နင့်အတွက် နင်မသိတဲ့ ခံစားချက်တစ်ချို့ ငါ သိမ်းဆည်းသိုဝှက် ... ငါ့စကားလုံးတွေ ရေစိုကုန်ကြပြီ..........
နင်မသိခဲ့တဲ့ ငါ့ချစ်ခြင်းမှာ ငါ့ကိုယ်ငါ မြှုပ်နှံ .... တိမ်တွေငိုတဲ့ခန ...... ငါ့ရင်တွင်းမှာ မိုးတွေတောင် သည်းလို့........
ပြန်လာပါလို့ ငါမပြောချင်... လှည့်ကြည့်ပါလို့ ငါမဆိုရက်...
နင်မသိတဲ့ ငါ့နှလုံးသားက ချစ်ခြင်းအတွက် သွေးအစက်စက်ကျလို့.....
ဟော့ဒီကောင်းကင်ကြီးအောက်.. ဟော့ဒီမြေပြင်ကြီးပေါ် ချစ်သူရှိနေတယ်ဆိုတဲ့ ခံစားချက်တစ်ခုနဲ့ အသက်ရှင်...
ကျွန်တော့်နေ့ရက်တို့ ဆန်းသစ်ခဲ့ဖူးသည်။ ကျွန်တော့်ကဗျာတို့ အသက်ဝင်ခဲ့သည်။ ကျွန်တော့်အိပ်မက်တွေ မိုးလင်းခဲ့ဖူးသည်။
ကျွန်တော့်အတွက် ... ကျွန်တော့်ကမ္ဘာ ... ကျွန်တော့်ကဏ္ဍမှာ ချစ်သူရဲ့ ကိုယ်သင်းနံ့လေးကို မှန်းဆ.. ကျွန်တော့်အချိန်တစ်ချို့ ပြုတ်ကျသွားခဲ့ဖူးသည်။
တကယ်တော့ ...
ချစ်သူသည် ကဝေပျိုနှင့်တူ၍ မှော်ဆန်သော ပညာရပ်တစ်ခုလဲ ဖြစ်နေခဲ့သည်။
ကျွန်တော်မသိလိုက်ပါဘဲ ကျွန်တော့်နှလုံးသားသည် သူပြုစားခဲ့သော ပန်းသီးတစ်လုံး ဖြစ်ခဲ့သည်။
ချစ်သူကို ........................ ကျွန်တော်ချစ်တယ်...............
ဆူညံစွာ .... ပေါက်ကွဲစွာ... နာကျင်စွာ.... ရင်ဖွင့်ချ... အဲ့ဒီတဒင်္ဂမှာ ကျွန်တော့်စာမျက်နှာလေး ရေလျှံသွားခဲ့ဖူးသည်။
ချစ်တယ်........... ချစ်တယ်............ ချစ်တယ်..............
အကြိမ်ပေါင်းများစွာ အက္ခရာတင် ... ကျွန်တော့်စာအုပ်လေး ပြည့်ကျပ်သွားဖူးသည်။
စကားလုံးမရှိတဲ့ ခံစားချက်တစ်ချို့ကို မြိုသိပ်ဖို့ .. ငါဘယ်လောက်ထိ သူရဲကောင်းဆန်လိုက်ရတယ်ဆိုတာ ငါသာ အသိဆုံးပါ ချစ်သူ..............
ချစ်သူကို သတိရရင်း အိပ်ပျက်ခဲ့ညတွေ မိုးလင်းခဲ့ရတာ အကြိမ်ကြိမ်.......
ဂစ်တာကို ကြိုးညှိရင်း ကျွန်တော့်သီချင်းတွေက ချစ်သူသာ ဖြစ်သွားခဲ့ကြသည်။
ဘောပင်နှင့်စာရွက်ကို ကိုင်တိုင်း ကျွန်တော့်ကဗျာတွေက ချစ်သူ၏ ကိုယ်ပွားတွေ ဖြစ်သွားကြသည်။
ကျွန်တော့် ၀ိဥာဉ်ကိုက ချစ်သူထံပါး ခစားနေခဲ့သည်ပဲ.......
သူမသိတဲ့ ကျွန်တော့်ချစ်ခြင်းမှာ ကျွန်တော်ရူးသွပ် အဲ့ဒီခန အိပ်မက်က လန့်နိုးတော့ ချစ်သူဆီမှာ ကျွန်တော်မဟုတ်သော ရင်ခွင်တစ်ခု ရှိနေခဲ့သည်တဲ့။
ကျွန်တော့်စိတ်ကူးတို့ အရောင်မှိန်... ကျွန်တော့်နံနက်ခင်းတို့ ပျက်ဆီးသွားခဲ့ဖူးသည်။
ချစ်ရတာ သိပ်ကို ပင်ပန်းရပါတယ်ချစ်သူ။
အဲ့လိုပဲ ရင်ထဲမှာ သိပ် ............... နာကျင်တယ်။
ငါမဟုတ်တဲ့ ရင်ခွင်တစ်ခုရဲ့ လောင်းရိပ်အောင် နင်ပျော်ဝင် .... အဲ့ဒီ တံစက်မြိတ်မှာ ငါဆိုတာ ရေခိုးငွေ့တစ်ခုပေါ့..........
ချစ်သူ
ငါမဟုတ်တဲ့ နင့်ချစ်ခြင်းမှာ နင့်ရင်ခုန်သံကို နားထောင်ဖို့ နင့်အိပ်ကပ်လေး ငါ ဖြစ်ချင်မိတဲ့ခန.... နင်ရင်းနှီးတဲ့ အဲ့ဒီ ရင်ခွင့်ကို ငါမုန်းတယ်...........
ကျွန်တော်မဟုတ်သော ချစ်သူ မြတ်နိုးသည့် ရင်ခွင်တစ်ခုအတွက် ကျွန်တော့်ဆန္ဒကို အသာပြန်မြိုချ.. ကျွန်တော့်တွင် စကားလုံးတို့ ဆွံ့အသွားခဲ့သည်။
ချစ်သူ၏ အပြုံးအောက် ကျွန်တော့်နှလုံးသားကို ဖြန့်ခင်း .... ချစ်သူနင်းသော ဒီလမ်းလေးတွင် ကျွန်တော်ဆိုတာ မြက်ရိုင်းပင်လေးတစ်ခုမျှသာ....
မပြောတော့ပါဘူးချစ်သူ
ကျွန်တော်ရဲ့ ချစ်ခြင်းကို သော့ခတ် .... မကရသေးတဲ့ ဒီပြဇာတ်မှာ ကျွန်တော်က စစ်မထွက်ခင် မြှားကုန်ခဲ့ရသူ..........
ချစ်သူအတွက် ချစ်ခြင်းကို မြတ်နိုးစွာသိမ်းထုပ် ... ကျနော့်နှလုံးသားကို သိမ်းနှုတ်လိုက်တဲ့ အဲ့ဒီခန ....
ကျွန်တော်ဆိုတာ ဒဿထက် ရဲရင့်ခဲ့သူပေါ့......
ချစ်သူမသိတဲ့ ဒီဥယျာဉ်ထဲ ကျွန်တော်စိုက်ပျိုးခဲ့မိသော ချစ်ခြင်းတွင် ရိတ်သိမ်းခြင်းတို့ မရှိခဲ့တော့ပါ။
စိန်ခေါ်ခြင်းမရှိသော ဒီတိုက်ပွဲ၌ အရှုံးကိုဖက်တွယ်
အဲ့ဒီတောင်ကုန်းမှာ ကျွန်တော်ဆိုတာ မှတ်တိုင်တစ်ခုအဖြစ် .. သမိုင်း မော်ကွန်းတင်ခဲ့သည်။
ချစ်ခြင်းမှာ လုပ်ယူလို့ မရဘဲ သူ့ဟာသူ အလိုလို ပေါက်ဖွားလာတဲ့အရာတွေ ရှိတယ်ဗျ...
ကျွန်တော်က ပန်းတစ်ပွင့်မဟုတ်ဘူး... သစ်တစ်ပင်ပါ...
ဥယျာဉ်မှူး စိတ်ရှိတဲ့သူတိုင်း ပန်းကိုပျိုးတဲ့လက်ပဲ ဖြစ်ချင်ကြတယ်...
သစ်ပင်ဆိုတာ ပန်းပျိုးလက် မရှိလဲ .. သူ့ဟာသူ ရှင်သန်နိုင်တယ်... သူ့မှာ ခိုင်မာတဲ့ ရေသောက်မြစ်တွေ ရှိတယ်လေ...
သူ့ရဲ့အတွင်းထဲမှာကို အပြင်လူတွေ မမြင်နိုင်လောက်တဲ့ လုပ်ဆောင်ချက်တွေ ရှိနေတာပဲ...
ကျွန်တော်က သစ်ပင်ပဲ..
ပန်းပွင့်လေးလို့ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့နဲ့ မွှေးရနံ့ပေးနိုင်တဲ့သူ မဟုတ်ဘူးဗျ....
သစ်ပင်က သစ်ပင်လိုနေတာပဲကောင်းတယ်...
ပန်းပွင့်လို သွားနေရင် ရယ်စရာပုံပြင်တစ်ပုဒ်ဖြစ်သွားမှာပေါ့............
နင့်ကိုသိပ်ချစ်မိတဲ့ ဒီချစ်ခြင်းတွေကို ငါ အသာပြန်မြိုသိပ်ရင်း....... နင့်ကို တိတ်တဆိတ်ပဲ ငါလွမ်းတတ်ခဲ့တော့တယ်ချစ်သူ......
တကယ်တော့ ငါက .. မဖူးခင်ကတည်းက ကြွေခဲ့ရတဲ့ကောင်ပါ ချစ်သူ....

Subscribe to:
Posts (Atom)