..............

Thursday, July 9, 2009

စိတ်၏ စေရာ

မှိန်ဖျော့ဖျော့အလင်းရောင်သာရှိနေသော စာကြည့်ခန်းငယ်လေးထဲ ယောင်နနနှင့် ထိုင်နေမိသော သူ...
ရှေ့တည့်တည့် စားပွဲပေါ်မှာတော့ ဖေဖေ ပေးလိုက်သော ရတနာပန်းခင်းကလေးပုံပြင်စာအုပ်က အခန့်သား။
နားစည်ထဲမှာ ကြားယောင်နေသည်က ညနေက ဖေဖေပြောလိုက်သော......


" ပုံပြင်နားထောင်ချင်ရင် ကိုယ့်ဟာကိုယ် ဖတ်ယူရတယ်။ တစ်ခုခုကို လိုချင်ရင် ကိုယ်တိုင် ရယူတတ်ရတယ် သမီးရ" ဆိုတဲ့ စကားသံ။
ရင်ထဲမှာတော့ မကောင်း။ ဟုတ်တယ်လေ။ သူငယ်ချင်းတွေက ကျောင်းမှာ ငါတို့ မအိပ်ခင် ငါ့အဖေက၊ ငါ့အမေက ပုံပြင်ပြောပြပြီး ချော့သိပ်နေကျ လို့ ဂုဏ်ယူစွာနဲ့ ပြောနေကြတဲ့အချိန်။
တွေးရင်းနဲ့ ရင်ထဲမှာ ဆို့နစ်လာမိသည်။ ပြီးတော့ မကျေနပ်။ ဟုတ်သည်။ စိတ်ထဲမှာ ဖေဖေ့ကို မကျေနပ်။ ဖေဖေ ငါ့ကို မချစ်ဘူးထင်တယ် ဆိုတဲ့ အတွေးက ရင်ကို တစ်စစ စိမ့်ဝင် ရိုက်ခတ်...။

တော်ပြီ။ ဆက်မတွေးချင်။ ပြီးတော့ မခံချင်စိတ်လဲ ဖြစ်မိပြန်ရဲ့။ ဟုတ်တယ်။ ငါ ဖေဖေ့ကို အရှုံးမပေးဘူး။ ဖေဖေမပြောပြလဲ ငါ့ဟာငါ ဖတ်မယ်။ ငါလုပ်နိုင်တယ်။
တိုးတိုးလေး ရေရွတ်ရင်း ခေါင်းကို တစ်ချက်မော့လိုက်တော့ ဆံပင်တို့က ခါခနဲ ...။

နောက် စာကြည့်မီးကို ဖွင့်၊ မျက်နှာဖုံးလှလှလေးနဲ့ ကာတွန်းရုပ်လှလှလေးတွေ ပါဝင်နေတဲ့ စာအုပ်ကလေးက ဆွဲဆောင်မှု အပြည့်နှင့် ...။
ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်။
စာအုပ်ကလေးက ပြောနေသော ပုံပြင်လေးသည်သာ သူ၏ အတွေးတွင် စီးမျောလျက်...။
ညသည် ပို၍ နက်ရှိုင်းလာသည် ...။

။ .................................................................................။

အဲ့ဒီ အချိန်ကစပြီး သူ၏ အာရုံသည် စာပေသာ ဖြစ်လာခဲ့သည်။ အားလပ်ချိန်တိုင်းတွင် သူနှင့်အတူရှိနေတတ်ခဲ့တာက စာအုပ်တွေ၊ လေပြည်ညှင်းနဲ့ အလင်းရောင်။
ဒါတွေက သူ့အတွက်တော့ အရင်းနှီးဆုံးနဲ့ ယုံကြည်စိတ်အချရဆုံး အပေါင်းအဖော်တွေပင်။

စာအုပ်မရှိဘဲ၊ မဖတ်ဘဲ မနေနိုင်တတ်ခဲ့သော သူ ...
အတွေးတို့ လတ်ဆတ်လာသည်။ စကားလုံးတွေ တောက်ပလာသည်။ အပြုအမူတို့ ငြိမ်သက်လာသည်။ ထိုသို့ဖြင့် စာအုပ်က ပြောသော စကားသံတို့သည် သူ့ရင်တွင် အလျင်ဖြင့် စီးဆင်း၏။
သူ ... စာပေ၏ အုပ်ထိန်းမှုအောက်တွင် တည်ငြိမ်တတ်လာပြီ။

သူ့အတွက် အရာခပ်သိမ်းသည် စာပေဖြစ်လာသည်။ စာပေတွင် အရူးအမူးပျော်ဝင်ခြင်းသည် သူ့အဖို့ အိပ်မက်တစ်ခုလိုပင်။
မိုးရွာနေသောအချိန် အိမ်ရှေ့ဝရန်တာတွင် ဒရင်းဘတ်လေးချ၊ ကော်ဖီပူပူလေးသောက်ရင်း စာအုပ်တစ်အုပ်နှင့် ရှိနေတတ်ခဲ့သောသူ ... တခြားဘာကိုမှ စိတ်မ၀င်စားခဲ့ချေ။
စာပေ၏ အနှစ်သာရသည် သူ့အတွက် နတ်သုဒ္ဒါကဲ့သို့ ..။

တစ်ချိန်တည်းမှာပင် သူက ဂီတတွင်လဲ ပျော်ဝင်တတ်သေးသည်။
ဂီတတွင်မှ ကြိုးခြောက်ချောင်းကို လက်ချောင်းများဖြင့် ထိတွေ့ဆော့ကစားရသော ဂစ်တာကို သူ သိပ်ကြိုက်သည်။ ဂီတတွင် သူ၏ ရူးသွပ်မှုသည် ခြောက်ကြိုးကဝေဟု သူက တိတ်တဆိတ် ခေါ်ဆိုရသော ဂစ်တာ တစ်လက်ဖြစ်လာသည်။

တစ်ခါတရံ သူသိပ်ဝမ်းနည်းနေချိန်၊ အထီးကျန်နေချိန်၊ ဂစ်တာ၏ အပေါ်ယံမျက်နှာပြင်ရှိ ထိုကြိုးများကို ခပ်ဖြေးဖြေးထိတွေ့ခံစားရင်း သံစဉ်လှိုင်းများ ဖန်တီးမိသည်။ စိတ်တိုနေချိန်၊ တစ်ခုခုကို မကျေနပ်နေချိန်တွင်တော့ သူ၏ ၀ိဥာဉ်သည် ဂစ်တာကြိုးများ၏ ၀ုန်းဒိုင်းကျဲ ရိုက်ခတ်သံပေါ်တွင် ကခုန်လေ၏။
ဂစ်တာသည် သူ၏ ထွက်ပေါက် တစ်ခု ဖြစ်လေသည်။

သူ့ဘ၀၏ ညပေါင်းများစွာသည် တိတ်ဆိတ်ခြင်းနှင့် မှောင်မိုက်ခြင်းတွင် စာကြည့်မီးအိမ်မှ ဖြာထွက်နေသော မီးရောင်ဖျော့ဖျော့အောက် ကြယ်တွေကို အဖော်ပြုရင်း စာဖတ်ခြင်းနှင့် ကုန်လေသည်။
တစ်ခါတရံ ခံစားချက် ပြင်းထန်လာချိန် စာကြည့်ခန်း၏ ပြတင်းတံခါးဘောင်ပေါ် ဂစ်တာတစ်လက်ဖြင့် ( ခြေထောက်တစ်ချောင်းတင် တစ်ချောင်းချ ) ထိုင်းရင်း အမည်းရောင် ပိတ်သားနောက်ခံတွင် စိန်ပွင့်လေးတွေ လက်ဖြာနေတဲ့ ကောင်းကင်ရဲ့ မမြင်နိုင်တဲ့ အဆုံးကို လှမ်းမျှော်ကြည့်ရင်း စကားလုံးမရှိတဲ့ သံစဉ်တစ်ချို့ကို ဖန်တီးလို့ ရင်၌ ကြေကွဲနေတတ်ခဲ့၏။

ဘ၀ကို သမားရိုးကျ ရိုးရှင်းစွာ၊ အေးဆေးစွာ ဖြတ်သန်းချင်ခဲ့သောသူ ...
စာအုပ်တွေနဲ့ ဂစ်တာတစ်လက်ကို အဖော်ပြုရင်း နေ့တစ်နေ့ကို စောင့်မျှော်နေခဲ့သည်။
အဲ့ဒီနေ့ကတော့ ...
သူ ...
အပြီး ...
ထွက်ခွါရမည့်နေ့ ... ဖြစ်သည်။


( လွန်ခဲ့တဲ့တစ်ပတ်ကျော်က ကျွန်တော့်ကို အကိုထင်လင်းအောင်က တက်ဂ်ခဲ့တဲ့ ၀ါသနာ ဆိုတဲ့ ခေါင်းစဉ်ကို ဒီပိုစ့်နဲ့အတူ ကျွန်တော်ချေပလိုက်ပါတယ်။ နောက်ကျသွားတဲ့အတွက် ကျွန်တော်စိတ်မကောင်းပါဘူး ကိုလင်းခင်ဗျာ။ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်ဗျာ ...။ )