အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Thursday, July 30, 2009

ရင်ခွင်ပျောက်သူ

နင်နဲ့ငါ စတွေ့တုန်းက တက္ကသိုလ်တွေ စဖွင့်တဲ့ အချိန် ကံကော်ပန်းတို့ ပွင့်ဖူးစ
အဲ့ဒီအချိန် ကျောင်းဝင်ခွင့်သွင်းဖို့ အတွက် တန်းစီနေတဲ့ လူအုပ်ကြီးကို ကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ ရပ်နေတဲ့နင့်ကို ငါ အမှတ်တမဲ့ကျော်သွားတော့ နင်က ငါ့ကို လှမ်းခေါ်ခဲ့တယ်။

ဒီမှာ .. ဒီမှာ .. ကျောင်းသားမှတ်ပုံတင် ဖောင်ယူမလို့လားဟင်


အေးအေးလေးနဲ့ ချိုသာတဲ့ အသံလေးတစ်ခုကြောင့် ငါ ရုတ်တရက်တော့ ခြေလှမ်းမှားသွားခဲ့သေးတယ်။ ငါ .. အယောင်ယောင်အမှားမှားနဲ့ လှည့်ကြည့်မလိုလုပ်မိပြီးမှ ငါ့ကို ခေါ်တာ မဟုတ်လောက်ပါဘူးဆိုတဲ့ အတွေးနဲ့ အတူ ငါ လှည့်မကြည့်တော့ဘဲ ရှေ့ဆက်လျှောက်ဖို့ လုပ်ခဲ့မိတယ်။

ဒီမှာရှင့်.. ရှင့်ကို ခေါ်နေတာ။ ကျောင်းသားမှတ်ပုံတင်ဖောင် ယူမလို့လား သိချင်လို့



ဒီတော့မှ ငါ သေချာစွာနဲ့ နင့်ကို လှည့်ကြည့်ဖြစ်ခဲ့တယ်။
ဆံပင်ကုတ်ဝဲလေးမှာ အမွှားမွှားလေးတွေနဲ့ ဘေးတစ်စောင်းကျနေတဲ့ ပုံလေးကို ဘေးကလစ်လေးနဲ့ ကလေးလေးတစ်ယောက်လို ထိုးထားခဲ့တဲ့နင်။ မျက်နှာလေးက အပြစ်ကင်းစင်စွာနဲ့ ကလေးလေးတစ်ယောက်လို ဖြူစင်ခဲ့တဲ့နင့်ကို တွေ့လိုက်ရတဲ့ခန .. ငါ အသက်ရှူဖို့ မေ့ခဲ့သလို နင့်ကို ပြန်ဖြေဖို့လဲ မေ့ခဲ့မိတယ် ကောင်မလေးရယ်။
နင်က ငါ့ကို ကျောင်းသားမှတ်ပုံတင်ဖောင် အပိုတစ်ခု ယူခဲ့ပေးဖို့ အကူအညီတောင်းခဲ့တယ်။ ငါက ကျောင်းသားမှတ်ပုံတင်ဖောင်တင်မဟုတ်ခဲ့ပါဘူး ကောင်မလေး။ ငါ့ရဲ့ နှလုံးသားကိုပါ အပိုပေးခဲ့မိလိုက်တာပါ။ နင်မြင်နိုင်မယ်ဆိုရင်ပေါ့။

နင်နဲ့ငါ ဒုတိယအကြိမ်ပြန်ဆုံတော့ စာသင်ခန်းထဲမှာ။ နင်နဲ့ငါ မေဂျာတူပြီး တစ်ခန်းထဲအတူကျခဲ့တဲ့ ကံကြမ္မာကို ငါ ကျေးဇူးတင်ခဲ့မိတယ် ကောင်မလေး။ နင့်ရဲ့ လှုပ်ရှားဟန်လေးကို ငါအမြဲလို ခိုးကြည့်ဖြစ်ခဲ့တယ်။ နင့်ရဲ့ပုံတူတွေကို ငါ့စာမျက်နှာတိုင်းလိုမှာ ခဲနဲ့ ရေးခြစ်ခဲ့မိတယ်။ ငါ့ရဲ့ အချိန်တိုင်းမှာ နင်ဖြစ်ခဲ့တယ်။ ဒီလိုနဲ့ ငါတို့ ချစ်သူတွေဖြစ်ခဲ့ကြတယ်။
ချစ်သူတွေဖြစ်ပြီးနောက်မှာ နင့်ကို ငါဘယ်လောက်အထိ မြတ်နိုးတယ် ချစ်တယ်ဆိုတာ ပိုပြီးသိလာရတယ်။ ကောင်မလေးရယ်.. နင်ဟာ ငါ့ရဲ့နှလုံးသားဖြစ်လာခဲ့တယ်။

ငါတို့ ချစ်သူတွေဖြစ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာလဲ ငါ နင့်ကို အရိပ်တကြည့်ကြည့်နဲ့ ချစ်ခဲ့တယ်။ ဂရုစိုက်ခဲ့တယ်။ ကြင်နာခဲ့တယ်။ ဒါကို နင် သိနိုင်စေဖို့ ငါမျှော်လင့်ခဲ့မိတယ်။ ငါ့ရဲ့ အရာရာတိုင်းဟာ နင်ဖြစ်ခဲ့တယ် ကောင်မလေး။ ငါ့ရဲ့ စိတ်ကူးတွေ အတွေးတွေ အိပ်မက်တွေအထိ နင်က ငါ့ကို စိုးမိုးနိုင်လွန်းခဲ့ပါတယ်ဟာ။

ဒီလိုနဲ့ ငါတို့ စာသင်နှစ် ၃နှစ်ကို ဖြတ်ပြီးတဲ့နောက်မှာ နင့်အိမ်က နင့်ကို စင်ကာပူမှာ ကျောင်းသွားတက်ဖို့ စီစဉ်ခဲ့တယ်။ နင်က အလွယ်တကူပဲ ဘ၀ရှေ့ရေးမို့ လက်ခံခဲ့တယ်။ ငါတို့ ရည်မှန်းချက်ကို နင်ထားခဲ့ရက်နိုင်တယ်။ ငါက ဂျပန်ကို သွားရမှာမို့ နင့်ကို ဂျပန်ကို ခေါ်ချင်တယ်ဆိုတာတောင် နင်က လက်မခံခဲ့ဘဲ စင်ကာပူက ဘာမှမတော်တဲ့ နင့်အကိုရဲ့ သူငယ်ချင်းဆီကိုတော့ နင်က နင့်အိမ်ရဲ့ စီစဉ်ပေးမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ငါ့ကို ထားသွားခဲ့တော့မယ်။

ကောင်မလေးရယ် နင့်အိမ်က နင့်ကို အဲ့လူနဲ့ သဘောတူထားတာ ငါမသိဘဲ နေပါ့မလားကွာ။ ဒါပေမယ့် နင်ကတော့ မက်မောမှုတွေ တစ်ပုံတပင်နဲ့ ငါ့ကို ထားသွားခဲ့တော့မယ်။
ငါ့ရင်ဘတ်ထဲမှာ ခုဆိုရင် ဟောင်းလောင်းပေါက်တွေနဲ့ ဖြစ်နေခဲ့ပြီ ကောင်မလေး။

မောင် .. ကျွန်မ ရှေ့အပတ်ကို သွားဖို့ အားလုံးအဆင်သင့်ဖြစ်နေပြီ။ လေယာဉ်လက်မှတ်လဲ လက်ထဲ ရောက်နေပြီ

တဲ့။ ငါ့ကို အဲ့ဒီလို အစစ အဆင်သင့်ဖြစ်နေတော့မှ ဖွင့်ပြောခဲ့တယ်နော်။
နင် ငါ့နေရာက ၀င်ပြီး စဉ်းစားခဲ့ဖူးရဲ့လား ကောင်မလေးရယ်။ နင်ငါ့ကို ဖွင့်ပြောခဲ့တဲ့ အချိန်တုန်းက ငါ့အသံတွေ စွန့်အ .. အာခေါင်ထဲမှာ သွေ့ခြောက်နေတယ်။ ငါသောက်နေခဲ့တဲ့ အအေးတစ်ခွက်တောင် ငါ့ရင်ကို မအေးမြစေနိုင်ခဲ့ဘူး။

မောင်ရယ် ... ကျွန်မတို့ ဖုန်း တို့ အင်တာနက်တို့ကနေ ဆက်သွယ်ကြမှာပေါ့။ ခုဆိုရင် ဆက်သွယ်ရေးတွေက ကောင်းနေပါပြီလေ


ပြောနေတဲ့စကားသံတွေက အရင်လို မချိုမြိန်နိုင်ခဲ့တော့ပါဘူး ကောင်မလေး။
အဲ့ဒီနေ့က ငါ့ရင်ထဲမှာလေ စို့နစ်လွန်းလို့ မျက်ရည်ကို အနိုင်နိုင်ထိန်းရင် လူမှန်းသူမှန်းမသိဖြစ်ရင်း မိုးလင်းခဲ့ရတယ် ကောင်မလေးရယ်။

နင် ထွက်သွားမယ့်နေ့ မတိုင်ခင်အထိ ဖုန်းထဲကနေ အကြိမ်ကြိမ် မသွားပါနဲ့၊ ငါ့ကိုနင် မထားခဲ့ပါနဲ့လို့ ငါ အောက်ကြို့ပြီးတော့ တောင်းပန်ခဲ့မိတယ်။ ဒါပေမယ့် နင် အဝေးကို ပြေးထွက်သွားခဲ့တယ်။ ငါနားလည်ပါတယ် ကောင်မလေး။ ဒါက နင့်ရဲ့ အခြေအနေလေ။ ဒါပေမယ့် ငါ့ဘက်ကတော့ နှလုံးသား ကြေကွဲခဲ့ပါတယ်။
ဒါတွေကို အတိတ်ရဲ့ ဆိုးရွားလွန်းတဲ့ အကြောင်းကံလို့ပဲ ကြိတ်မှိတ်သတ်မှတ်ခဲ့ပေမယ့် နင်ကတော့ ဟိုးအဝေးမှာ။

ငါတို့လက်ထက်မယ်လို့ ငါရူးသွပ်စွာ မျှော်လင့်ခဲ့တဲ့ မျှော်လင့်ချက်တွေ အဖျားရှူးသွားတဲ့နောက်မှာ ကြိုးစားပြီး ငါထိန်းချုပ်ထားပေမယ့် ငါ့မျက်ဝန်းမှာ မျက်ရည်စို့လာတယ်ကောင်မလေး။ နင်ထားသွားတဲ့ အချိန်ခဏမှာလေ ငါ့ကိုငါ ပျောက်ဆုံးသွားခဲ့တာ ဘာဆိုဘာမှ မရှိတော့ဘူး။ နာကျင်မှုတွေကို ဟန်လုပ်ပြုံးနေခဲ့ပေမယ့် ငါ့ရင်ဘတ်ထဲကို နင်မြင်နိုင်မယ်ဆိုရင် ငါ့နှလုံးသား ကွဲကြေနေတာကို နင်တွေ့ရလိမ့်မယ်။

နင် ငါ့ကို ထားရက်ခဲ့တယ်နော် လို့ ငါမပြောရက်ခဲ့ပါဘူး ကောင်မလေး။ အပြစ်တစ်စုံတရာတောင်မှ ငါမတင်ရက်ခဲ့ပါဘူး။ နင့်ကို ငါချစ်ခွင့်ရခဲ့လို့ငါကျေနပ်ပါတယ်။ ငါ့ရင်ခွင်ကို စွန့်ခွာသွားလဲ နင့်ကို ငါ ချစ်နေဆဲပါပဲ ကောင်မလေး။ ဒါပေမယ့် နင်သိအောင် ငါတစ်ခုတော့ ပြောလိုက်ပါရစေ။ နင်ထားခဲ့တဲ့ ငါ့ရင်ခွင်ကတော့ အဲ့ဒီအချိန် ခဏမှာပဲ သေဆုံးသွားခဲ့ပြီ။

နင်ထွက်သွားပြီးနောက်မှာ ငါလဲ ဂျပန်ကို ကျောင်းတက်ဖို့ ငါ့အဖေနဲ့ လိုက်သွားဖြစ်ခဲ့တယ်။ နင့်ကို ငါ ဖုန်းခေါ်ခဲ့တယ်။ အီးမေးလ်တောက်လျှောက်ပို့ခဲ့တယ်။ နင့်ကို ငါ အွန်လိုင်းမှာ အမြဲစောင့်ခဲ့ပေမယ့် နင်ပေါ်မလာခဲ့ဘူး။ နင့်ပတ်ဝန်းကျင်က အသွင်မတူတဲ့ကောင်တွေကို ငါနဲ့နှိုင်းယှဉ်ခဲ့ပြီလား ကောင်မလေးရယ်။
ငါတို့ပြန်ဆုံဖို့လမ်းစက မရေရာတော့တဲ့နောက် ငါ့ရင်ဘတ်ထဲက ဝေဒနာက သိပ်ဆိုးရွားလွန်းနေခဲ့ပြီ။ ဘာတွေဘယ်လို ဖြစ်သွားရတာလဲဆိုတာ ငါသေချာမသိခဲ့ နားမလည်ခဲ့မိပေမယ့် ငါ့နှလုံးသားကတော့ သုညဖြစ်သွားခဲ့တယ်။

ငါ့ကွန်ပြူတာမျက်နှာပြင်မှာ တယုတယနဲ့ တင်ထားခဲ့တဲ့ နင့်ဓါတ်ပုံလေးကို ကြည့်ရင်း ခြောက်ခြားညတွေကို ဖြတ်နေခဲ့ရတာ နင်မသိခဲ့ဘူး။ နင့်မျက်ဝန်းတွေကို မြင်ယောင်ရင်း အိပ်ပျက်ညတွေ များနေခဲ့ပြီဟာ။ အချစ်အတွက် အကျိုးနဲခဲ့တဲ့ ငါ့ကံကြမ္မာကိုပဲ ငါအပြစ်ပုံချရင်း ................

ကျွန်တော် ကောင်မလေးတစ်ယောက်ကို ဖြူဖြူစင်စင်နဲ့ မြတ်မြတ်နိုးနိုးချစ်ခဲ့မိဖူးပါတယ်။
ဒါပေမယ့် ...
ကျွန်တော် ပျော်ပျော်ရွှင်ရွှင်နဲ့ လူငယ်ဘ၀ရဲ့ အစောပိုင်းကာလကို ချစ်သူနဲ့ အတူ နေခဲ့ဖူးပါတယ်။
ဒါပေမယ့် ...
ကျွန်တော် အချစ်ကို ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်ခဲ့ဖူးပါတယ်။
ဒါပေမယ့် ...

ခုတော့ နာကျင်ခြင်းတွေနဲ့ အတူ ....


Tuesday, July 28, 2009

အလိုက်သင့် သေဆုံးခြင်း

မျက်လွှာတော်တစ်ညို့နဲ့
ငါ့မြို့ရိုးတွေ ရှစ်စိတ်ကွဲတယ် ...
ဘယ်လို ပဉ္စလက်များလဲ။

လရောင်ချိုကမ်းပါးရဲ့
နှင်းသောက်မြက်ခင်းစိမ်းစိမ်းများ ...၊
လိမ္မော်ရောင် ဆည်းဆာရဲ့
ပန်းရောင်ဆောင် တိမ်တိုက်များ ...၊
တဂိုးရဲ့
ချစ်ခြင်းဖွဲ့ ရူပက အလင်္ကာများ ...၊
( အားလုံး သူမပေါ့ )။

သံခင်းတမန်ခင်း အပြုံးတွေ မခြွေလည်း
ငါ ( ချစ်ခြင်းနဲ့ အတူ ) ရင်ခုန်ပါရဲ့ ...။

မင်းပြုအပ်ရာတစ်ခုအဖြစ်
ငါ့ချစ်ခြင်းကို လျစ်လျူရှုတော့
မြင်ခွင့်ခဏနဲ့ပဲ
ငါ နေသားတကျ ရှလှတယ်...။ ။

လင်းစက်ရာ

Sunday, July 26, 2009

ပြောပေးပါ ...။

ကျွန်တော်တို့ ဒီရပ်ကွက်နဲ့ ဒီလမ်းကိုပြောင်းလာတော့ ကျွန်တော်အတော်ပင် ပျော်ရွှင်ခဲ့မိသည်။ ဖေဖေ၏ ပင်စင်လစာလေးကို စုဆောင်းပြီး ၀ယ်ယူခဲ့ရသော ဒီအိမ်လေးကို ကျွန်တော် အမြတ်တနိုးချစ်ခဲ့မိသည်။ မေမေသည်လဲ ပျော်ရွှင်နေခဲ့သည်။

အဲ့ဒီနေ့က အလုပ်ဆင်းတဲ့အချိန် မမျှော်လင့်ဘဲ မိုးတွေ အရမ်းကို ရွာသွန်းလာခဲ့သည်။
မိုးရွာတာကို အရမ်းကြိုက်တဲ့ ကျွန်တော်.. လက်ထဲမှာ ထီးပါလာတာတောင် ဖွင့်မဆောင်းတော့ပဲ လမ်းလျှောက်ပြန်ဖို့ ဆုံးဖြတ်လိုက်မိသည်။

မိုးစက်တွေ တစ်ဖွားဖွားကျနေတဲ့ ကောင်းကင်ဆီ မျက်လုံးကို မှိတ်၊ မျက်နှာကိုမော့လို့ အရှိန်နဲ့ ကျလာတဲ့ မိုးစက်တွေ မျက်နှာပြင်ကို ခပ်ပြင်းပြင်းရိုက်ခတ်တာကို ထိတွေ့ခံစားရတာကို နှစ်သက်လွန်းမိတဲ့ကျွန်တော် အိမ်ပြန်လမ်းတစ်လျှောက် ခနခန ကောင်းကင်ကို မျက်နှာချင်းဆိုင်ဖို့ ကြိုးစားကြည့်ခဲ့မိသည်။

အဲ့ဒီလိုမျိုး ကျွန်တော့်ရဲ့လုပ်ရပ်ကြောင့် ကျွန်တော်နေထိုင်ရာ လမ်းထဲကို ချိုးအ၀င်မှာ မျက်နှာချင်းဆိုင်က လာနေတဲ့ ခပ်ပါးပါး ဖြူလွလွ ဆံပင်ရှည်ရှည်နဲ့ လက်ထဲမှာလဲ စာအုပ်တွေ တစ်ပွေ့တစ်ပိုက်နဲ့ အဲ့ဒီ ကောင်မလေးကို မမြင်မိဘဲ ၀င်တိုက်မိတော့ ကောင်မလေးက ယိုင်ခနဲ ပြိုလဲ.. စာအုပ်တွေ အကုန်ပြုတ်ကျကုန်သည်။ ကျွန်တော် ရုတ်တရက်မို့ လန့်သွားမိသည်။

နူးညံ့တဲ့ ရနံ့တစ်ချို့ ကျွန်တော့်နှာခေါင်းဝကို ဖြတ်သန်းသွားခဲ့အပြီးမှာ ကောင်မလေးရဲ့ ဆံနွယ်ရှည်ရှည်တချို့ ကျွန်တော့်မျက်နှာကို အဖျားခတ်သွားခဲ့သည်။ ကောင်မလေးရဲ့ ပြုတ်ကျသွားတဲ့ စာအုပ်တွေကို ကူကောက်ပေးနေရင်းမှာပင် ကျွန်တော့်အတွက် လတ်ဆတ်တဲ့ သနပ်ခါးနံ့လေးက အသက်ရှူမှုကို မှားယွင်းနေစေသည်။ ကျွန်တော်က ရှက်သွေးဖြာတတ်တဲ့ ဆယ်ကျော်သက်လေးတစ်ယောက်မဟုတ်ခဲ့ပေမယ့် လှိုက်ခနဲတော့ ရင်ဖိုသွားမိသည်။
ကျွန်တော် အဲ့ဒီ ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးကို နွယ်လို့ တိတ်တဆိတ် ကျွန်တော့်ဘာသာ အမည်ပေးဖြစ်ခဲ့သည်။
နွယ်သည် ကျွန်တော့်ကို တွယ်ငင် ရစ်ပတ်ခဲ့ပါသည်။

ကျွန်တော့် ရုံးသွားရုံးပြန်တိုင်း ဘတ်စ်ကားဂိတ်မှာ နွယ်နဲ့ ဆုံတွေ့လာခဲ့သည်။ နွယ်က ထုံးစံအတိုင်း စာအုပ်တွေ တစ်ပွေ့တစ်ပိုက်နဲ့ပါပဲ။ နွယ်နဲ့ကျွန်တော်ဆုံတိုင်း ကျွန်တော် နွယ့်ကို တိတ်တဆိတ် ခိုးကြည့်ခဲ့မိတာထက် မပိုခဲ့မိ။ ပိုလဲ မပိုရဲခဲ့။ နွယ့်ကိုတွေ့တိုင်း ကျွန်တော့်ရင်ဘတ်ထဲမှာ မုန်တိုင်းအနဲငယ်ဖြစ်ထွန်းသည်။ မုတ်သုံရပ်ဝန်းလို မှိုင်းအုံ့နေတတ်သည်။ နွယ့်ကို မတွေ့ရလျှင် ကျွန်တော့်ရင်သည် ဘာမှမရှိတော့သည့် လေဟာနယ်တစ်ခုလို။

ကျွန်တော်နဲ့ နွယ့်ကြားမှာ တစ်စုံတစ်ခု ခြားနားနေခဲ့တာတော့အမှန်။ ကျွန်တော်တို့ လမ်းရဲ့ တစ်ဘက်ထိပ်မှာ နွယ်နေသလို ကျွန်တော်က လမ်းရဲ့ ဒီဘက်ထိပ်မှာ နေပါသည်။ ကျွန်တော်ရုံးသွားရုံးပြန်တိုင်း နွယ်ရဲ့ ကျောင်းသွားကျောင်းပြန်နဲ့ ဆုံနေတတ်ပါသည်။ တမင်ဖန်တီးထားတဲ့ တိုက်ဆိုင်မှုထက် ပိုပြီး တိကျနေတာပါ။ နွယ်က ဆေးကျောင်းသူတစ်ယောက်ဖြစ်ပြီး ကျွန်တော်ကတော့ ကွန်ပြူတာ ဂရပ်ဖစ်ဒီဇိုင်နာတစ်ယောက်သာ။ နွယ်က ကြည်လင်အေးဆေးစွာနဲ့ လှသူ။ ကျွန်တော်က သာမန်ကြည့်ပျော်ရှုပျော်ဆိုတာထက် မပို။ ကျွန်တော် အားငယ်ခဲ့မိပါသည် နွယ်။

ကျွန်တော် နွယ့်ကို ချစ်သည်။ ထိုစကားကို အိပ်မက်ထဲမှာ စိတ်ကူးထဲမှာ အကြိမ်ကြိမ်ပြောရင်း နစ်မွန်းဖြတ်သန်းခဲ့ရတဲ့ ညတွေ ရေတွက်မရနိုင်ခဲ့တော့။ နွယ်ကတော့ သတိပြုမိဟန်မတူ။ ကျွန်တော့်ချစ်ခြင်းကတော့ ပေါက်ကွဲလုမတတ်။

တစ်နေ့တော့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း မောင်မျိုး၏ မြှောက်ပေးမှုနှင့် ကျွန်တော် နွယ့်ကို စာပေးဖို့ အရဲစွန့်မိခဲ့သည်။ တစ်ညလုံး ကျွန်တော် အိပ်မရစွာ ရေးထားခဲ့ရသော နွယ့်ကိုကျွန်တော်ချစ်တယ် ဆိုတဲ့ စာကြောင်းပေါင်း ၁၅၀၀ ပါစာလေးတစ်စောင်ကို ကျွန်တော် ပန်းနုရောင်စာအိတ်တွင် သေချာထည့်သည်။ ထို့နောက် ထိုစာကိုကိုင်ကာ လက်အုပ်ချီ၍ ဘုရားမှာ ဆုတောင်းလိုက်မိသေးသည်။ ဤမှန်သော သစ္စာစကားကြောင့် နွယ်တစ်ယောက် တပည့်တော်အား ပြန်ချစ်နိုင်ပါစေလို့ ဘုရားရှေ့မရှက်မကြောက်နိုင်စွာ ကျွန်တော်ဆုတောင်းမိရင်း ပြုံးလိုက်မိသေးသည်။ နွယ်သည် ကျွန်တော့်အား ထိုသို့ လွှမ်းမိုးနိုင်သူရယ်ပါ။

နောက်တစ်နေ့ အလုပ်သွားသောကားဂိတ်၌ ကျွန်တော်နွယ့်ကို စောင့်မိသည်။ နွယ်မရောက်ခင် နံနက်အစောကြီးထဲက ၀ီရိယစောစွာ ထွက်လာမိခဲ့သည်မှာ အမေပြင်ပေးသော ကော်ဖီတောင် သောက်ဖို့သတိမရ။ စိတ်ထဲမှာ နွယ့်ကို တွေ့ချင်ဇောအား ကြီးနေခဲ့သည်။ ပြီးတော့ ကျွန်တော်ရင်ခုန်သည်။ ခပ်ဝေးဝေးက လာနေသော ဖြူလွလွ ခပ်ပါးပါးကောင်မလေးသည် ဆံနွယ်များကို ပ၀ါလေးဖြင့် စည်းနှောင်၍ ခြေလှမ်းမှန်မှန်လေးနှင့် လာနေသည်မှာ ကျွန်တော့်အတွက်တော့ ကဗျာဆန်လွန်းလှသည်။ နွယ်သည် ကျွန်တော့်အတွက်တော့ ကဗျာတစ်ပုဒ်ပင်ဖြစ်သည်။

နွယ်ကျွန်တော့်အနားရောက်လာတဲ့အထိ ကျွန်တော်စိတ်လှုပ်ရှားစွာ ငေးနေမိဆဲ။ နွယ် ကျွန်တော့်ကို ဖြတ်ကျော်သွားတော့မှ သတိက ၀င်၏။

" မမြသက်ရီ"


ကျွန်တော်ခေါ်တော့ နွယ်က နွဲ့နောင်းစွာ ဆောင်းငဲ့ကြည့်သည်။ နွယ်၏ မျက်လုံးဝိုင်းဝိုင်းလေးသည် ကျွန်တော့်အတွက် တောက်ပသော ကြယ်ပွင့်လေးများပမာ။ နွယ်သည် ကျွန်တော့်အတွက်တော့ ချစ်စရာကောင်းလွန်းပါ၏။

" ကျွန်တော် မမြသက်ရီကို အကူအညီတောင်းစရာတစ်ခုရှိလို့ပါ။ မမြသက်ရီရဲ့ လမ်းမှာ စာတိုက်ကို ဖြတ်ရမယ်မို့လား။ အဲ့ဒါ ကျွန်တော့်ကို ကူညီတဲ့အနေနဲ့ ဒီစာလေးကို စာတိုက်ကို ၀င်ထည့်ခဲ့ပေးပါလားဗျာ။ ကျွန်တော် စာတိုက်ကို လမ်းမကြုံတော့လို့ပါ။ ကျေးဇူးဗျာနော်။ "


ကျွန်တော် နွယ့်ရဲ့ လက်ထဲ စာထိုးထည့်ပေးအပြီး နွယ်ကလဲ ရုတ်တရက်မို့ ဆွံ့အစွာ ကြောင်၍ စာကို လှမ်းယူအပြီး ကျွန်တော် တွေ့ရာ ဘတ်စ်ကားပေါ် ပြေးတက်လိုက်ခဲ့မိသည်။ နွယ်သည် စာကိုကိုင်၍ ရပ်ကျန်ခဲ့သည်ကို ကားပြတင်းပေါက်မှ တဆင့်တွေ့လိုက်ရသည်။ နွယ်သည် ကျွန်တော့်ကို လိုက်ကြည့်နေခဲ့သည်။ စာအိတ်ပေါ်တွင်တော့ နွယ်၏ နာမည်အရင်းနှင့် နွယ်၏ အိမ်လိပ်စာ။

ထိုရက်များ၏ နောက်ပိုင်းတွင် နွယ့်ကို ကျွန်တော် ကားဂိတ်တွင်၊ ကားဂိတ်မှ အပြန်လမ်းတွင် စကားပြောဖို့ ကြိုးစားခဲ့သည်။ နွယ်ကတော့ သူ၏ပုံစံအတိုင်းအေးဆေးငြိမ်သက်စွာ။ ကျွန်တော့်ကို သာမန်သာ သဘောထားဆက်ဆံခဲ့သည်။ နွယ်၏ သာမန်ဆက်ဆံရေးသည်ပင် ကျွန်တော့်အတွက်တော့ ထီပေါက်သည့်အလား။ ကျွန်တော်ရူးသွပ်ခဲ့ရသည်။ ချစ်လိုက်ရတာ ကျွန်တော့်ရဲ့ နွယ်။

နွယ့်ကို ချစ်စကားပြောပြီး သုံးလအကြာတွင် ကျွန်တော် နွယ်တို့ ဆေးကျောင်းသို့ လိုက်သွားမိသည်။ နွယ့်ကို စာသင်ခန်းထဲတွင် မတွေ့၍ ကန်တင်းလိုက်သွားမိတော့ အတန်းချိန်စောသေး၍ ကန်တင်းတွင် ထိုင်၍ စာဖတ်နေသော နွယ့်ကို အဆင်သင့်တွေ့ရသည်။ ခုံတွင် ကျုံ့ကျုံ့လေးထိုင်ရင်း သူ၏ ဆေးစာအုပ်ကို သဲကြီးမဲကြီးငုံ့ဖတ်နေသော နွယ်သည် ကျွန်တော့်အတွက်တော့ ကလေးလေးတစ်ယောက်ပမာ။ ကျွန်တော်ကြည့်ကောင်းကောင်းနှင့် အတော်ကြာ ကြည့်နေမိခဲ့သည်။ ပြီးမှ နွယ့်စားပွဲကို ၀င်ထိုင်လိုက်သည်။ ထိုအချိန်မှ နွယ်က ကျွန်တော့်ကို သတိထားမိပြီး သူ၏ မျက်လုံးဝိုင်းဝိုင်းများဖြင့် မော့ကြည့်သည်။ အံ့သြရိပ်က အထင်းသား။ ချစ်တယ်နွယ်။

" ဟယ်၊ ကိုမင်းနိုင်။ ဘယ်ကိုလာတာလဲဟင်။ ရီရီ့ကိုတွေ့လို့ နှုတ်ဆက်တာလား။ "

"မဟုတ်ပါဘူးရီရီ။ ကျွန်တော်ဒီဘက်ကိုကိစ္စရှိလို့လာရင်း ရီ့ဆီကိုဝင်လာတာပါ။ စာသင်ခန်းဘက် ရောက်ခဲ့သေးတယ်။ ရီရီမရှိလို့ ကန်တင်းကိုလိုက်လာလိုက်တာ။"

ကျွန်တော် စကားတို့ ဆွံ့အနေသလို နွယ်သည်လဲ ရှက်ရွံ့နေခဲ့သည်။ ထိုနေ့က ကျွန်တော်နွယ့်ကို အဖြေတောင်းတော့ နွယ်က မရေရာသော အဖြေသာပေးခဲ့သည်။ စဉ်းစားပါမည်တဲ့။ ကျွန်တော့်အတွက်ကတော့ ထိုစကားလေးတစ်ခွန်းသည်ပင် တစ်လောကလုံးကို မေ့ပစ်လိုက်လို့ ရခဲ့သည်ပဲ။

ကျွန်တော် နွယ့်ကို အမြဲတမ်း ကားမှတ်တိုင်တွင် စောင့်ခဲ့သည်။ နွယ့်ကို နံနက်စောစောရဲ့ အလင်းရောင်အောက်တွင်မြင်ရသည်မှာ ကျွန်တော့်အဖို့တော့ ကျက်သရေရှိလွန်းပါ၏။ နွယ်သည် ကျွန်တော့်အတွက်တော့ နတ်သမီးလေးသာဖြစ်လေသည်။

ကျွန်တော်က သိပ်ချစ်နေသောအချိန်တွင် နွယ်သည် ကျွန်တော့်ကို လှပသော အဖြေတစ်ခုကို မထင်မှတ်သော အချိန်တွင် ပေးခဲ့ပါသည်။ ထိုအဖြေကတော့ တစ်နေ့ကျွန်တော်နှင့် မောင်မျိုးတို့ ပျင်းပျင်းနှင့် မြို့ထဲမှာ ရုပ်ရှင်ကြည့်ဖို့ ထွက်အလာ ရုပ်ရှင်ရုံပေါက်အ၀တွင် နွယ့်ကို ကျွန်တော်မဟုတ်သော ယောက်ျားတစ်ယောက်နှင့်လက်ချင်းတွဲ၍ တွေ့လိုက်ရသောအခါ ကျွန်တော့်အတွက် နွယ့်အဖြေသည် တိကျသေချာလွန်းခဲ့ပါသည်။

ကျွန်တော် နွယ့်ကို ရင်မဆိုင်နိုင်စွာ ကွဲအက်သွားသောအသဲတစ်စုံကို အသံမမြည်အောင်ထိန်းရင်း မောင်မျိုးကို ဆွဲခေါ်၍ ရုပ်ရှင်ရုံပေါက်ကပင် လှည့်ပြန်ခဲ့မိသည်။ လမ်းတွင်တော့ ကျွန်တော့်မျက်ဝန်းတွင် ရေကာတာတို့ မထိန်းနိုင်စွာ ကျိုးပျက်ခဲ့လေပြီ။ ထိုအချိန်မှစ၍ ကျွန်တော် မြို့ထဲက မောင်မျိုးအခန်းကို အပြီးပြောင်းနေဖြစ်ခဲ့တော့သည်။ မေမေခေါ်သည်ပင် တစ်ခါတလေ အိမ်ပြန်ရုံမှ အပ အိမ်သို ကျွန်တော်မပြန်ဖြစ်ခဲ့တော့။ နွယ့်ကို ရင်ဆိုင်နိုင်ဖို့အတွက် ကျွန်တော့်နှလုံးသားမှာ သံချပ်ကာအကျီရှိမနေလို့ပါနွယ်။ ကျွန်တော့်အတွက် မွကြေအက်ကွဲနေတဲ့ နှလုံးသားတစ်စုံသာ ကျန်ရှိနေခဲ့တော့လို့ပါ။

.............................. ။ ...............................

ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ခဲ့ပါပြီနွယ်။ အရင်နှစ် ဒီလိုအချိန်မှာပဲ နွယ် ကျွန်တော့်ကိုရက်စက်ခဲ့လို့ ကျွန်တော်ကြေကွဲခဲ့ရပါတယ်နွယ်။ ကျွန်တော် နွယ့်ရဲ့မြူမှုန်အချစ်တောင် ပြန်မရခဲ့ပေမယ့် ကျွန်တော်ကတော့ သိပ်ချစ်နေဆဲပါနွယ်။ ကောင်းကင်ကို မော့ကြည့်မိတိုင်း တိမ်တိုက်တွေနဲ့ လေပြည်ကို ကျွန်တော် နွယ့်ကို ဘယ်လောက်ချစ်နေကြောင်း၊ ကျွန်တော့်ရင်ထဲမှာ ဘယ်လို စွဲလန်းရကြောင်းကို ပြောပေးကြပါလို့ ကျွန်တော်တောင်းဆိုနေဆဲပါ နွယ်။ ကျွန်တော့်အိပ်မက်တွေ ကျွန်တော့်စိတ်ကူးတွေထဲမှာ နွယ် စိုးမိုးဆဲပါနွယ်။
နွယ်ရယ် .. ကျွန်တော်စိတ်နာနေပါတယ်။ ဒါပေမယ့် ကျွန်တော် နွယ့်ကို ချစ်နေဆဲပါဗျာ။ ချစ်နေဆဲပါ ... နွယ်။

Saturday, July 25, 2009

သူမနှင့် ကျွန်တော့်မျဉ်းကွေးများ

နှင်းတစ်ပွင့်ရဲ့ အဓိပ္ပါယ်
အကြည့် ၊
ထပ်တူပြုမှု ၊
အဖြူရောင် ၊ အေးခဲ ၊ ငြိမ်သက် ။

ကန့်သတ်ထားတဲ့ ကမ်းပါး
အနီစွေးစွေး
ပြိုဆင်းသွားတဲ့
ရာသီအိုတေးချင်းတွေညည်းရုံ ၊
မျက်ရည်ဝဲရုံ ၊
သက်ပြင်းချရုံ ၊
နောက်ကျကျန်ရစ်တဲ့
ခြေလှမ်းတွေရဲ့ အဇ္ဈတ္တ ။

နေမသာဘူး ။
လေမလာဘူး ။
ညနေတစ်ခုတည်း
ထီးထီးမားမားရပ်လို့
မြည်းစရာ ကော်ဖီခွက်ထဲ
အလွမ်းနည်းနည်းဖောက်ထားခဲ့...။

အရုဏ်တွေကျပျောက်သွားချိန်
ညကပဲ
တိတ်တဆိတ်
နှစ်သိမ့်.....၊
အတောင်ပံတွေထားခဲ့
လောင်စာဆီတွေထားခဲ့
လွတ်လွတ်လပ်လပ်ပဲ
ပျံဝဲကြရအောင်....။

သံသရာထဲ
ကိုယ့်ကိုယ်ကိုယ်လွှတ်ချ
အဲဒါကပဲ
ဘ၀လို့....
(မှားယွင်းစွာ)
အကြိမ်ကြိမ်အခါခါ
ပိတောက်ရနံ့တွေ
ဆွတ်ပျံ့ဖူးခဲ့ပြီ ။

စွန်းထင်းသွားတဲ့
အဖြူထည်တစ်ခု ၊
လူသားနဲ့ အတ္တ ၊
သွေးရူးသွေးတန်း
နောက်ဆုံး
(ငါပဲ)
နင့်နင့်နဲနဲ လောင်ကျွမ်းသွားပေါ့ ။

နောင်တတွေက
မျဉ်းကွေး ၊ ယိမ်းယိမ်းယိုင်ယိုင်
ဆုပ်ကိုင်နိုင်စွမ်းမဲ့တဲ့
မှော်....။

ကောင်းကင်တောင်
ကဗျာမဆန်တော့ဘူး ၊
ကျည်ဆန်ရာတွေ ဗရပွနဲ့
ဖွင့်ဆိုမှုတွေထဲက
ပယောဂဆန်ဆန်အရိပ် ၊
လိပ်ပြာ ၊
အိပ်မက် ၊
လက်ချောင်းတွေထဲ
ထိုးဝှက်ထားတဲ့ စိတ် ၊
ပန်းတစ်ပွင့်ရဲ့ ပွင့်အာသံလို
" ဆူးတွေပစ်လွှတ်လိုက် !!! "
ငါပြန့်ကျဲစွာစူးရအောင်...။

ကျောခိုင်း ၊
မျက်နှာလှည့် ၊
စကားတွေ ရင်းနှီးပြီးမှတော့
ရိုးသားချင်ယောင်ဆောင်ဖို့
သွေးမတိတ်တော့ဘူးရယ်....။

တကယ်ပါ
ငြိမ်းငြိမ်းချမ်းချမ်း
မျှော်လင့်
နေသားတကျရှိလွန်းလှတဲ့
(တစ်နည်း)
အစိမ်းသက်သက်ထိုးဆွထားတဲ့
သစ်သီးတစ်လုံးအဖြစ်
ငါချိတ်ဆွဲရုံ.....။ ။


လင်းစက်ရာ
၁၃.၇.၀၉

Wednesday, July 22, 2009

မိုင်တိုင်နံပါတ် ( ၂၂ )

မြန်မာသက္ကရာဇ် ၁၃၄၉ခုနှစ်၊ ၀ါဆိုလဆုတ် ၁၂ရက်၊ ခရစ်နှစ် ၁၉၈၇ခုနှစ်၊ ဂျူလိုင်လ၂၂ရက်၊ ဗုဒ္ဒဟူးနေ့ ညနေ ၄နာရီနှင့် မိနစ် ( ၂၀ )။

ပတ်ဝန်းကျင် အာကာတစ်ခွင်၌ မှောင်မိုက်အုံ့ဆိုင်း ..
ဝသန်မိုးက ငြိုးမာန်ဖွဲ့နေသလို ...။
ထစ်ချုန်းနေသော မိုးဖွားများအလယ် .. ကျွန်တော်၏ အော်ငိုသံသေးသေးလေးက
ပျောက်ကွယ်မတတ်။
ကျွန်တော် .. လူ့လောကသို့ စတင်ချည်းနင်းဝင်ရောက်လာခဲ့သည်။

ဘ၀၏ အစောပိုင်း သမိုင်းစာမျက်နှာအချို့တွင် ကျွန်တော်သည် ဂျစ်ကန်ကန်ကလေးတစ်ယောက်အဖြစ် ရပ်တည်ခဲ့သည်။ မေမေမှလွဲ၍ မည်သူ့ကိုမှကျွန်တော်မကြောက်။
ကြောက်စရာ အကြောင်းလဲ မရှိဟု ကျွန်တော် ခပ်တင်းတင်း တွေးဖြစ်ခဲ့သည်။
ထို့ကြောင့် သူငယ်တန်းစတက်သောအချိန် ကျွန်တော်နှင့်တစ်တန်းထဲ ခုံချင်းကပ်လျက်ထိုင်သော မေကျော့ခိုင်ဆိုသည့် အနှီကလေးမအား ကျွန်တော့်ကို ဘုကြည့်ပြန်ကြည့်မှုဖြင့် ကွန်ပါဘူးနှင့် ကောက်ထုပလိုက်သည်။
လက်သန်ပြောင်၍ အရသာရှိလိုက်ပါဘိခြင်း။
ဒေါင် ဆိုသော အသံနှင့်အတူ ထိုကလေးမ နှဖူးချိုစောင်းတွင် နီရဲ၍ ဘုထလာခြင်းနှင့်အတူ ကြွက်ကြွက်ဆူအောင် အသံပြဲနှင့် အော်ငိုနေသည်မှာ အခန်းပွင့်မတတ်။ ကျွန်တော်ကတော့ လက်ပိုက်၍ ခပ်အေးအေးကြည့်နေလိုက်သည်။ ထိုအမှုဖြင့် ကျွန်တော်ရုံးခန်းရောက်ရသည်။ မေမေ၏ ညစာတစ်နပ် အငတ်ထားခြင်းကို ခံလိုက်ရ၏။ ကျွန်တော်ကတော့ မမှုပါပေ။
ထိုသို့ ဂျစ်ကန်ကန် ပေစောင်းစောင်းဖြင့် ရှင်သန်လာခဲ့သော ကျွန်တော့်တွင် စာအုပ်များသည်သာ သစ္စာရှိ လူယုံတော်များ ဖြစ်ခဲ့သည်။

ထိုသို့ဖြင့် ကျွန်တော့်နေ့ရက်များသည် လှပမှုမရှိ ကဗျာမဆန်ဘဲ ကုန်လွန်ခဲ့သည်။
ကျွန်တော့်တွင် ရည်ရွယ်ချက်မရှိ၊ ပန်းတိုင်မရှိ လျှောက်လှမ်းနေခဲ့သည်မှာ ခရီးတစ်ဝက်ကျိုးလုမျှ။
ကျွန်တော် ဘာကို မျှော်လင့်နေသနည်း။ ကျွန်တော်ဘယ်လို ရှင်သန်ခရီးဆက်ချင်သနည်း။
ကျွန်တော်မသိခဲ့။ သိဖို့လည်း ကျွန်တော် မကြိုးစား။
ဘ၀သည် ကျွန်တော့်အတွက်တော့ စာအုပ်တစ်အုပ်သာ ဖြစ်ခဲ့သည်။

တစ်နေ့.. ထိုတစ်နေ့ကို ကျွန်တော့်ဘ၀၏ မမေ့နိုင်သော နေ့တစ်နေ့အဖြစ်
ကျွန်တော့်သမိုင်းတွင် ရေးထိုးမှတ်တမ်းတင်ဖြစ်ခဲ့သည်။
ထိုနေ့သည် ကျွန်တော်၏ သမိုင်းပြောင်းလဲရာလဲ ဖြစ်သည်။ ထိုနေ့သည် သင်္ကြန်အကြိုနေ့ ဖြစ်ခဲ့သည်။
မှတ်မှတ်ရရ .. ၂၀၀၁ ခုနှစ်ရဲ့ နွေဦးရာသီ။

မေမေ၏ အုပ်ချုပ်မှုအောက်တွင် တစ်ယောက်တည်း ရှင်သန်ရသော ကျွန်တော့်အဖို့ အပျော်အပါးဆိုသည်မှာ ကျွန်တော်နှင့် လားလားမျှမဆိုင်။ သူငယ်ချင်းများနှင့် လျှောက်လည်ခြင်းသည် ကျွန်တော်၏ အဝေးမှာ။ ထို့ကြောင့် သင်္ကြန်ဆိုသော အရာသည်လည်း ကျွန်တော့်အတွက်တော့ ၀ရံတာမှ ချောင်းကြည့်ခဲ့ရသော ဗွီဒီယိုကား တစ်ခုနှယ်။
ထို့အတွက် ကျွန်တော်ဝမ်းမနည်း။
ကျွန်တော်က တစ်ယောက်တည်း အေးအေးသက်သာနေရသည်ကို ပိုကြိုက်နှစ်သက်ခဲ့သည်ပဲလေ။

အဲ့သည်နှစ် သင်္ကြန်တွင်တော့ အမတစ်ယောက်၏ အစီအစဉ်ဖြင့် ကျွန်တော် သထုံရွှေပါရမီတောရသို့ ရောက်ဖြစ်ခဲ့သည်။
ဘ၀တွင် ပထမဆုံးလုပ်မိသည့် အဓိပါယ်ရှိသည့် အလုပ်ပါပေ။
ထနောင်းပင်ညီနောင်ကြားက ဂျိုးကူသံကိုကြားယောင်ရင်း ..
အဝေးက ဥသြငှက်တို့ တေးဆိုသံကို နားထောင်ရင်း ..
ဆရာတော် ဦးဆန္ဒာဓိကပြောသော လွတ်ငြိမ်းရာကို ကျွန်တော် အလေးအနက်ထား စဉ်းစားဖြစ်ခဲ့သည်။
ကျွန်တော်တို့ နေထိုင်ရာ ဘ၀ကြီး၏ လွတ်မြောက်ရာကား အဘယ်နည်း။
ကျွန်တော်တို့သည် နေ့စဉ် အရှေ့သို့ရွေ့သည်။ အနောက်သို့ရွေ့သည်။ ဘေးတိုက်ရွေ့သည်။ (တစ်ခါတရံ အပေါ်သို့ပါ ခုန်နိုင်သည်။ ) သရီးဒိုင်မေးရှင်း နယ်ပယ်တွင် ရှင်သန်ကြသည်။ ထိုဒိုင်မေးရှင်းထဲတွင်ပင် ဖမ်းဆုပ်မရနိုင်သော စိတ်အလျဉ်သည် အစဉ်သဖြင့် စီးဆင်း၏။
စက္ကန့်တိုင်းတွင် ကျွန်တော်၏ အတွေးကို ကျွန်တော်ဆုပ်ကိုင်မရ။ စိတ်သည် ကျွန်တော်နှင့် ဝေးလိုက်နီးလိုက်။
ကျွန်တော်နှင့် စိတ် လုံးလည်ချာလည်လိုက်နေချိန်တွင် ကျွန်တော်သည် လောက၏ အပြင်၌ တစ်ယောက်တည်း ရပ်တည်နေသလို။
ကျွန်တော် တစ်စုံတစ်ခုကိုတော့ သဘောပေါက်လိုက်သလို ရှိလာသည်။
ထို သရီးဒိုင်မေးရှင်း၏ လွတ်မြောက်ရာသည် စိတ်၏ လွန်မြောက်ရာ အခြားတစ်ဖက်၌ ရှိကောင်းရှိရမည်။ ထိုအရာသည် ဖိုးဒိုင်မေးရှင်းပင် ဖြစ်ရမည်။

ကျွန်တော် အကြီးအကျယ်စိတ်ဝင်စားခဲ့မိသည်။
ဒိုင်မေးရှင်း ဆိုသည့်အရာကို ကျွန်တော် သေချာတော့ နားမလည်။ ၀ိုးတစ်ဝါး သဘောပေါက်ထားသည်မှာ လူ၏ ရှင်သန်ရာ စည်းဘောင်ဟု ခေါ်ဆိုပုံရသည်။
ကျွန်တော်တို့လူသားတွေသည် ထို သရီးဒိုင်မေးရှင်းထဲတွင်သာ ရှင်သန်ခွင့်ရှိသည်ကို ကျွန်တော် လက်တွေ့ ပိုပိုပြီး သိမြင်လာရသည့်နောက်.. ကျွန်တော့်အတွေးအခေါ်တို့ ပြောင်းလဲခဲ့ရသည်။

ထိုအချိန်မှ စ၍ ကျွန်တော့်တွင် ရည်မှန်းချက်အချို့ ၀ိုးတစ်ဝါး ပုံရိပ်ထင်လာသည်။
ဘ၀၏ အဓိပါယ်နှင့် ရှင်သန်မှုကို နားလည်ဖို့ ကြိုးစားမိလာသည်။
အဲ့သည့်နှစ်ရဲ့ နောက်ပိုင်းနှစ်များတွင်တော့ နှစ်တစ်နှစ်၏ မတ်လနှင့် ဧပရယ်လသည် ကျွန်တော့်အတွက်တော့ ရိပ်သာဝင်ရာလနှစ်လ ဖြစ်လာသည်။
ကျွန်တော့်အတွက် ရိပ်သာဝင်ခြင်းတွင် အဓိပါယ်တစ်မျိုးကိုသာ ပုံဆောင်သည်။
ထိုအရာကား လွတ်မြောက်ရာကို ခံစားခြင်း။

ထိုသို့ဖိုးဒိုင်မေးရှင်းကို ရှာဖွေခြင်း၏နောက်ဝယ်၌ ကျွန်တော် လက်တွေ့သိမြင်လာရသည်မှာ အရာအားလုံးသည် ရေငွေ့ပမာ။
ကျွန်တော့်ပတ်ဝန်းကျင်တွင် ထိုအရာတို့ တည်ရှိနေကြသော်လဲ ပျောက်ဆုံးလွယ်နေလွန်းပြန်သည်။
ကျွန်တော် နည်းနည်းတော့ အတ္တကင်းလာသလို ခံစားလိုက်ရသည်။
ကျွန်တော့်တွင် တစ်ကြိမ်တစ်ခါမျှမရှိခဲ့ဖူးသော လူသားတစ်ယောက်အဖြစ် တာဝန်ကျေချင်စိတ်တို့ အနည်းနဲ့အများ ဖြစ်တည်၏။
လူသည် လူသာဖြစ်လေသည်။

လူသားတိုင်းတွင် မွေးဖွားရာနေ့ရက်ရှိသလို သေဆုံးရာ နေ့ရက်ဆိုသည်မှာလဲ မလွှဲမရှောင်သာ ရှိနေတတ်သည်။
ကျွန်တော်ကတော့ စတင်ချိန်နဲ့ ပျောက်ဆုံးချိန်ဟု သတ်မှတ်လိုက်ချင်သည်။
ကျွန်တော့်ကို မွေးဖွားချိန်တွင် ကျွန်တော့်မှာ အဖော်မရှိခဲ့။ တစ်ကိုယ်တည်း။
အ၀တ်တောင်မပါ။ မွေးဖွားပေးရာ မိဘမှ ဆင်ယင်ပေးသဖြင့် အရှက်လုံခဲ့ခြင်းဖြစ်တန်ရာသည်။
ပိုင်ဆိုင်ရာဟူ၍ စိုးစဉ်းမျှ မရှိခဲ့သော ကျွန်တော်... ထွက်ခွါချိန်တွင်ရော ..
ကျွန်တော် ခပ်အေးအေးပင် တွေးမိသည်။
ရှင်သန်ခြင်းနှင့် ထွက်ခွါခြင်း ဘယ်ဟာကို ရွေးမည်နည်းဟု တစ်စုံတစ်ယောက်က ကျွန်တော့်ကို မေးခဲ့သည် ဆိုပါစို့။
ကျွန်တော်ကတော့ ထွက်ခွါခြင်းကိုသာ နှစ်ခြိုက်စွာ ရွေးလိုက်မည်။ ထွက်ခွါခြင်းသည် သရီးဒီကို တစ်နည်း ကျော်လွန်ခြင်းဖြစ်သည်ဟု ကျွန်တော်ယူဆခဲ့၍ ဖြစ်သည်။
သို့သော် ကျွန်တော့်အနေနှင့် အလွယ်တကူ ထွက်ခွါခွင့်တော့ မရှိနိုင်ခဲ့။
လူသားဟုခေါ်ဆိုရာဝယ် လူတစ်ယောက်၏ အခြေခံတာဝန်ဖြစ်သော မိသားစုအပေါ် အတတ်နိုင်ဆုံး လူသားပီသစွာ တာဝန်ကျေခဲ့ချင်သည်။ မိသားစုဆိုရာ၌လည်း ကျွန်တော်၏ ကိုယ်ပိုင်မိသားစုနှင့် ကျွန်တော့်မိသားစုသာဖြစ်သည်။

တာဝန်ဆိုသည်မှာ အဘယ်နည်း။ တာဝန်ကျေသည်ဟု ခေါ်ဆိုရာတွင်ရော။
အမှန်တော့ ကျွန်တော်ကိုယ်တိုင် နားမလည်။ သို့သော် ကျွန်တော် ယုံကြည်လက်ခံမိသည်မှာ ကျွန်တော့်ကြောင့် ကျွန်တော့်အပေါ်ကျေးဇူးရှိခဲ့ဖူးသူများ စိတ်မဆင်းရဲစေရ။ ကျွန်တော်နှင့် ဆက်စပ်နေသမျှသောသူ အားလုံးအတွက် ကျွန်တော်သည် ၀န်ထုပ်ဝန်ပိုးဖြစ်မနေစေရ။
ဒါသည်ပင် ကျွန်တော်၏ တာဝန်ဖြစ်ကောင်းဖြစ်လိမ့်မည်။
မည်သို့ပင်ဆိုစေ တာဝန်သည် တာဝန်သာဖြစ်သင့်သည်။ ထို့အတူ ထိုတာဝန်ကိုလဲ လူသားမှန်လျှင် ကျေသင့်သည်ဟု ကျွန်တော်ယူဆသည်။

ကျွန်တော် ဘယ်အရာကိုမျှ မမျှော်လင့်မိပါ။ ထို့အတူ လိုချင်စိတ်လဲ မဖြစ်မိ။
ကျွန်တော်တွင် ပိုင်ဆိုင်ရာဟူ၍ မြူတစ်မှုန်ပင်မရှိ။
ကျွန်တော့်တွင် ကျွန်တော်သာရှိသည်။ ထိုသို့သော အခြေအနေသည် ကျွန်တော်၏ ဘ၀အစစ်သာဖြစ်သည်။
ဘယ်အရာကိုမျှ ကျွန်တော် မက်မောခြင်း မရှိတော့။
အားလုံးသည် ကျွန်တော့်အတွက်တော့ သူစိမ်းပြင်ပြင်မျှသာ။

လောကကြီးက ကာလအတိုင်းအတာတစ်ခုအထိ သတိရနေသင့်တဲ့သူကို သတိရနေကြပါလိမ့်မယ်။
ကျွန်တော်ကိုရော ဘယ်အချိန်ထိ သူတို့ သတိရနေကြလိမ့်မလဲ။ ကျွန်တော်ကရော ဘယ်အချိန်ထိ သူတို့ကို သတိရနေမိမှာလဲ။ ကျွန်တော်မပြောတတ်။ သိလဲမသိချင်။ ကျွန်တော်သိသည်မှာ မွေးဖွားခြင်းတွင် သေဆုံးခြင်းသည် တစ်ခါတည်း ပါဝင်ပြီးသားဖြစ်သည့် သီအိုရီတစ်ခု ဖြစ်သည် ဆိုခြင်းပင်။

ထိုသို့ဖြင့် ကျွန်တော် ..
ဘ၀၏ ခရီးကို လျှောက်လှမ်းနေခဲ့သည်မှာ ဤနေ့(ဂျူလိုင် ၂၂ )တွင် မိုင်တိုင်နံပါတ် (၂၂)သို့ ရောက်ခဲ့ပြီ။
ရှေ့ဆက်၍ မိုင်တိုင်ပေါင်း မည်မျှ ဖြတ်ရဦးမည်မသိ။
ကျွန်တော် နောက်ဆုံးမိုင်တိုင်အထိတော့ နောင်တကင်းစွာ လျှောက်ချင်မိသည်။
နောက်ဆုံးမိုင်တိုင် ရောက်သည့်နေ့ ကျွန်တော် ထွက်ခွါရမည့်ဂိတ်တွင် နောက်ပြန်လှည့်မကြည့်စတမ်း အရာအားလုံးကို ဆန္ဒတစ်စုံတရာကင်းစွာ ထားခဲ့ချင်သည်။
ကျွန်တော့်တွင် ကျွန်တော်၏ တာဝန်ကျေခဲ့မှုနှင့် ဘ၀တစ်ခုတွင် လူသားပီသခဲ့မှုတို့ကိုသာ ထုတ်ပိုး၍ သယ်ဆောင်သွားချင်သည်။
ကျွန်တော် စိတ်လက်ပေါ့ပါးစွာဖြင့် ကျွန်တော်၏ ဘ၀တစ်ခုခရီးစဉ်ကို အဆုံးသတ်လိုက်သော
ထိုတစ်နေ့တွင် ကျွန်တော်၏ ဦးတည်ရာသည် ( အေးဆေးစွာ )
အရာအားလုံးနှင့် ဝေးရာသို့ ...။

ဇော်။
ဂျူလိုင် ၂၂၊ ၂၀၀၉ ( ဗုဒ္ဒဟူးနေ့ )
၂၂နှစ်ပြည့် မွေးနေ့။


( ကျွန်တော့်ရဲ့ ဒီနေ့မှာ ကျရောက်တဲ့ ၂၂နှစ်ပြည့် မွေးနေ့တွင် ဤစာမူဖြင့် ရတနာသုံးပါး၊ မွေးမိခင်နှင့် ကျွေးဖခင်တို့ကို ပူဇော်ပါတယ်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာနှင့်တကွ ခင်ပွန်းကြီး(၁၀)ပါးကို ရှိခိုးကန်တော့ပါတယ်။ ကျွန်တော့်အပေါ်မှာ မိဘနှင့်တန်းတူ ချစ်ခြင်းမေတ္တာ၊ အုပ်ထိန်းမှုနဲ့ စောင့်ရှောက်မှုတို့ကို ပေးတဲ့ ကို့ကိုလဲ ပူဇော်ထိုက်သူအဖြစ် ကန်တော့ပါတယ်။
ထိုပူဇော်ထိုက်သူများအပေါ်မှာ ကာယကံ၊ ၀ဇီကံ၊ မနောကံနှင့် ပြစ်မှားမိခဲ့သည်ရှိသော် ယခုကန်တော့တောင်းပန်ခြင်း အကျိုးကြောင့် ခွင့်လွှတ်နိုင်ကြပါစေ။

ကျွန်တော်နှင့် တစ်ရက်တည်း တစ်လတည်းမွေးဖွားခဲ့ပြီး ကျွန်တော်ထက် ၇နှစ်တိတိကြီးသော ကျွန်တော်ချစ်သောစာရေးဆရာ ကိုဖိုးစိန် .. မွေးနေ့မှသည် အသက်ထက်ဆုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် ရှိစေဖို့ ဆန္ဒပြုပါတယ်။ ကိုဂျီးစိန်နှင့် ဆက်စပ်သမျှသော သူအပေါင်းတို့လည်း စိတ်ကြည်လင်အေးချမ်းကြပါစေ။

ဟက်ပီးဘက်ဒေးပါ ကိုဂျီးစိန် ...။ )

Tuesday, July 14, 2009

လွမ်းတဲ့ည




ညရဲ့အသံကိုပြန်ကြား
ငါဟာ...
ပိုးစားခံနေရတဲ့ အတိတ်မည်းမည်းတစ်ကောင်..။
တောင်ပံတွေဖြန့်ပြီး
(တစ်နည်း)
ရွက်ဖျားတွေဆန့်ပြီး
တနင့်နင့်တိုးဝင်ခဲ့တဲ့ခရီးက
အလင်းမဲ့ ၊
တိတ်တဆိတ်
ကျွံကျကျန်ရစ်တယ်...။

မျက်ရည်အစက်စက်တို့
သူ မမြင်စေအောင်သိမ်းဆည်း
မျက်နှာဖုံးအခွံတစ်ခု
ငါ ထုဆစ်ရပြန်...
သူ မပြောတဲ့
သူ့ညနေခင်းများအကြောင်း...၊
ငါ မပြောဖြစ်တဲ့
ငါ့မနက်ဖြန်များအကြောင်း...၊
ခေါင်းစဉ်တွေ မခွဲတော့ဘူး။

တစ်ဆိတ်
အလင်းတံခါးတွေပိတ်ပေးပါ..
အမှောင်ရဲ့လက်ဖျားတွေကြားက
ခေါ်သံများကြားသလားလို့.....၊
(..မဟုတ်ဘူး..)
ဒါ အိပ်မက်...!
(..မဟုတ်သေးဘူး..)
ဒါ မျှော်လင့်ချက်...!

ထမ်းပိုးထားရတဲ့ခံစားမှုက
(ငါ့အတွက်တော့)
အခါးနည်းနည်းကဲလွန်းတယ်....။


အဝေးက ပုံပြင်တစ်ပုဒ် ၊
သိမှတ်မဲ့ ကျဆုံးခန်း ၊
အကြွင်းမဲ့ ရာသီပြိုချိန် ၊
ဘယ်လိုလဲ ...။
အင်း..! ဒီလိုပါပဲ...။
မနေ့ကရော..
အင်း..! ဒီလိုပါပဲ...။
ဒီနေ့ရော..
အင်း..! ဒီလိုပါပဲ...။
မနက်ဖြန်လည်း..
အင်း..! ဒီလိုပါပဲ...။


ဖတ်ဖူးတဲ့ စာသားတစ်ခုလို...
"....ငါကား ငြိမ်း၏ ၊
မီးကား မငြိမ်းတော့ချေ....." ။

လင်းစက်ရာ ..

( ကျွန်တော့်မှာ မူလတန်းတုန်းထဲက ပေါင်းခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။
သူက ကွန်ပြူတာ တက္ကသိုလ်ရောက်သွားခဲ့ပြီး ကျွန်တော်က ဥပဒေဖြစ်သွားခဲ့ပေမယ့် သူတို့အုပ်စုက အားတိုင်း ကျွန်တော်တို့တွေဆီကို လာလည်တတ်ခဲ့ကြတယ်။ သူတို့လာလည်တိုင်းလဲ ကျွန်တော်တို့ စကားတွေ အများကြီး ပြောတတ်ကြစမြဲ ပျော်ရွှင်ခဲ့ကြစမြဲပါ။
သူက ကျွန်တော့်ဆီကို မေးလ်နဲ့ ကဗျာတွေ ပို့တတ်ခဲ့ပေမယ့် သူရေးခဲ့တာလို့ ကျွန်တော်မထင်ထားခဲ့မိပါဘူး။ ဒါပေမယ့် မထင်မှတ်ဘဲ သိလိုက်ရတဲ့အချိန် ...
ကျွန်တော် အရမ်းကြိုက်မိလို့ ကျွန်တော့်အိမ်မှာ သူ့ရဲ့ခွင့်ပြုချက်နဲ့ ဖော်ပြလိုက်ပါတယ်။ နောက်လဲ လင်းစက်ရာလို့ ကလောင်အမည်ပေးထားတဲ့ ကျွန်တော့်ငယ်သူငယ်ချင်းက ကျွန်တော့်ဆီကို ပို့ပေးခဲ့ရင် ကျွန်တော် ဖော်ပြချင်ပါသေးတယ်ဗျာ။
ပုံလေးကို လင်းစက်ရာအတွက် ကျွန်တော်ကိုယ်တိုင် ဆွဲပါတယ်ခင်ဗျာ။ =) )

Thursday, July 9, 2009

စိတ်၏ စေရာ

မှိန်ဖျော့ဖျော့အလင်းရောင်သာရှိနေသော စာကြည့်ခန်းငယ်လေးထဲ ယောင်နနနှင့် ထိုင်နေမိသော သူ...
ရှေ့တည့်တည့် စားပွဲပေါ်မှာတော့ ဖေဖေ ပေးလိုက်သော ရတနာပန်းခင်းကလေးပုံပြင်စာအုပ်က အခန့်သား။
နားစည်ထဲမှာ ကြားယောင်နေသည်က ညနေက ဖေဖေပြောလိုက်သော......


" ပုံပြင်နားထောင်ချင်ရင် ကိုယ့်ဟာကိုယ် ဖတ်ယူရတယ်။ တစ်ခုခုကို လိုချင်ရင် ကိုယ်တိုင် ရယူတတ်ရတယ် သမီးရ" ဆိုတဲ့ စကားသံ။
ရင်ထဲမှာတော့ မကောင်း။ ဟုတ်တယ်လေ။ သူငယ်ချင်းတွေက ကျောင်းမှာ ငါတို့ မအိပ်ခင် ငါ့အဖေက၊ ငါ့အမေက ပုံပြင်ပြောပြပြီး ချော့သိပ်နေကျ လို့ ဂုဏ်ယူစွာနဲ့ ပြောနေကြတဲ့အချိန်။
တွေးရင်းနဲ့ ရင်ထဲမှာ ဆို့နစ်လာမိသည်။ ပြီးတော့ မကျေနပ်။ ဟုတ်သည်။ စိတ်ထဲမှာ ဖေဖေ့ကို မကျေနပ်။ ဖေဖေ ငါ့ကို မချစ်ဘူးထင်တယ် ဆိုတဲ့ အတွေးက ရင်ကို တစ်စစ စိမ့်ဝင် ရိုက်ခတ်...။

တော်ပြီ။ ဆက်မတွေးချင်။ ပြီးတော့ မခံချင်စိတ်လဲ ဖြစ်မိပြန်ရဲ့။ ဟုတ်တယ်။ ငါ ဖေဖေ့ကို အရှုံးမပေးဘူး။ ဖေဖေမပြောပြလဲ ငါ့ဟာငါ ဖတ်မယ်။ ငါလုပ်နိုင်တယ်။
တိုးတိုးလေး ရေရွတ်ရင်း ခေါင်းကို တစ်ချက်မော့လိုက်တော့ ဆံပင်တို့က ခါခနဲ ...။

နောက် စာကြည့်မီးကို ဖွင့်၊ မျက်နှာဖုံးလှလှလေးနဲ့ ကာတွန်းရုပ်လှလှလေးတွေ ပါဝင်နေတဲ့ စာအုပ်ကလေးက ဆွဲဆောင်မှု အပြည့်နှင့် ...။
ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်။
စာအုပ်ကလေးက ပြောနေသော ပုံပြင်လေးသည်သာ သူ၏ အတွေးတွင် စီးမျောလျက်...။
ညသည် ပို၍ နက်ရှိုင်းလာသည် ...။

။ .................................................................................။

အဲ့ဒီ အချိန်ကစပြီး သူ၏ အာရုံသည် စာပေသာ ဖြစ်လာခဲ့သည်။ အားလပ်ချိန်တိုင်းတွင် သူနှင့်အတူရှိနေတတ်ခဲ့တာက စာအုပ်တွေ၊ လေပြည်ညှင်းနဲ့ အလင်းရောင်။
ဒါတွေက သူ့အတွက်တော့ အရင်းနှီးဆုံးနဲ့ ယုံကြည်စိတ်အချရဆုံး အပေါင်းအဖော်တွေပင်။

စာအုပ်မရှိဘဲ၊ မဖတ်ဘဲ မနေနိုင်တတ်ခဲ့သော သူ ...
အတွေးတို့ လတ်ဆတ်လာသည်။ စကားလုံးတွေ တောက်ပလာသည်။ အပြုအမူတို့ ငြိမ်သက်လာသည်။ ထိုသို့ဖြင့် စာအုပ်က ပြောသော စကားသံတို့သည် သူ့ရင်တွင် အလျင်ဖြင့် စီးဆင်း၏။
သူ ... စာပေ၏ အုပ်ထိန်းမှုအောက်တွင် တည်ငြိမ်တတ်လာပြီ။

သူ့အတွက် အရာခပ်သိမ်းသည် စာပေဖြစ်လာသည်။ စာပေတွင် အရူးအမူးပျော်ဝင်ခြင်းသည် သူ့အဖို့ အိပ်မက်တစ်ခုလိုပင်။
မိုးရွာနေသောအချိန် အိမ်ရှေ့ဝရန်တာတွင် ဒရင်းဘတ်လေးချ၊ ကော်ဖီပူပူလေးသောက်ရင်း စာအုပ်တစ်အုပ်နှင့် ရှိနေတတ်ခဲ့သောသူ ... တခြားဘာကိုမှ စိတ်မ၀င်စားခဲ့ချေ။
စာပေ၏ အနှစ်သာရသည် သူ့အတွက် နတ်သုဒ္ဒါကဲ့သို့ ..။

တစ်ချိန်တည်းမှာပင် သူက ဂီတတွင်လဲ ပျော်ဝင်တတ်သေးသည်။
ဂီတတွင်မှ ကြိုးခြောက်ချောင်းကို လက်ချောင်းများဖြင့် ထိတွေ့ဆော့ကစားရသော ဂစ်တာကို သူ သိပ်ကြိုက်သည်။ ဂီတတွင် သူ၏ ရူးသွပ်မှုသည် ခြောက်ကြိုးကဝေဟု သူက တိတ်တဆိတ် ခေါ်ဆိုရသော ဂစ်တာ တစ်လက်ဖြစ်လာသည်။

တစ်ခါတရံ သူသိပ်ဝမ်းနည်းနေချိန်၊ အထီးကျန်နေချိန်၊ ဂစ်တာ၏ အပေါ်ယံမျက်နှာပြင်ရှိ ထိုကြိုးများကို ခပ်ဖြေးဖြေးထိတွေ့ခံစားရင်း သံစဉ်လှိုင်းများ ဖန်တီးမိသည်။ စိတ်တိုနေချိန်၊ တစ်ခုခုကို မကျေနပ်နေချိန်တွင်တော့ သူ၏ ၀ိဥာဉ်သည် ဂစ်တာကြိုးများ၏ ၀ုန်းဒိုင်းကျဲ ရိုက်ခတ်သံပေါ်တွင် ကခုန်လေ၏။
ဂစ်တာသည် သူ၏ ထွက်ပေါက် တစ်ခု ဖြစ်လေသည်။

သူ့ဘ၀၏ ညပေါင်းများစွာသည် တိတ်ဆိတ်ခြင်းနှင့် မှောင်မိုက်ခြင်းတွင် စာကြည့်မီးအိမ်မှ ဖြာထွက်နေသော မီးရောင်ဖျော့ဖျော့အောက် ကြယ်တွေကို အဖော်ပြုရင်း စာဖတ်ခြင်းနှင့် ကုန်လေသည်။
တစ်ခါတရံ ခံစားချက် ပြင်းထန်လာချိန် စာကြည့်ခန်း၏ ပြတင်းတံခါးဘောင်ပေါ် ဂစ်တာတစ်လက်ဖြင့် ( ခြေထောက်တစ်ချောင်းတင် တစ်ချောင်းချ ) ထိုင်းရင်း အမည်းရောင် ပိတ်သားနောက်ခံတွင် စိန်ပွင့်လေးတွေ လက်ဖြာနေတဲ့ ကောင်းကင်ရဲ့ မမြင်နိုင်တဲ့ အဆုံးကို လှမ်းမျှော်ကြည့်ရင်း စကားလုံးမရှိတဲ့ သံစဉ်တစ်ချို့ကို ဖန်တီးလို့ ရင်၌ ကြေကွဲနေတတ်ခဲ့၏။

ဘ၀ကို သမားရိုးကျ ရိုးရှင်းစွာ၊ အေးဆေးစွာ ဖြတ်သန်းချင်ခဲ့သောသူ ...
စာအုပ်တွေနဲ့ ဂစ်တာတစ်လက်ကို အဖော်ပြုရင်း နေ့တစ်နေ့ကို စောင့်မျှော်နေခဲ့သည်။
အဲ့ဒီနေ့ကတော့ ...
သူ ...
အပြီး ...
ထွက်ခွါရမည့်နေ့ ... ဖြစ်သည်။


( လွန်ခဲ့တဲ့တစ်ပတ်ကျော်က ကျွန်တော့်ကို အကိုထင်လင်းအောင်က တက်ဂ်ခဲ့တဲ့ ၀ါသနာ ဆိုတဲ့ ခေါင်းစဉ်ကို ဒီပိုစ့်နဲ့အတူ ကျွန်တော်ချေပလိုက်ပါတယ်။ နောက်ကျသွားတဲ့အတွက် ကျွန်တော်စိတ်မကောင်းပါဘူး ကိုလင်းခင်ဗျာ။ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်ဗျာ ...။ )

Wednesday, July 1, 2009

မြို့ရဲ့ည အ၀င်

ဒီမြို့မှာ ကျွန်တော့်ကို မွေးဖွားခဲ့သည်။ ဒီမြို့မှာပဲ ကျွန်တော် ရှင်သန်ခဲ့သည်။ ဒီဲမြို့မှာပဲ ကျွန်တော် ကျဆုံးချင်ခဲ့သည်။

ကျွန်တော်တို့မြို့လေးမှာ တောင်တန်းများရှိသည်။ လေပြည်ညှင်းတို့ ရိုက်ခတ်သည်။ ခပ်သွဲ့သွဲ့လှုပ်ရမ်းနေတဲ့ ပန်းခင်းတွေ စပါးပင်တွေ ရှိသည်။ မြို့၏ ကျက်သရေဆောင် ဘုရားပုထိုးများလည်းရှိနေသည်။

ဒီမြို့လေးမှာပဲ ကျွန်တော် ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ဖူးသည်။ ကျောင်းသားဘ၀က အတန်းပိုင်ဆရာမကို မကျေနပ်လို့ သူပန်ဖို့ နှင်းဆီပန်းဖူးငုံထဲ ပုရွက်ဆိတ် အနီကောင်တွေ သေချာ ဖြဲထည့်၊ ပြန်ပိတ်ပြီး ပေးခဲ့ဖူးသည်။ ထိုအဖြစ်ကြောင့် ကျွန်တော် ရုံးခန်းရောက်သည်။ ထိုသို့ ခပ်ပေပေ ကြီးပြင်းလာခဲ့သော ဘ၀ရဲ့ အစိတ်အပိုင်းများသည် ဤမြို့လေးတွင် ခပ်ပါးပါး ထင်ကျန်နေခဲ့ဖူးသည်။

ညနေကျူရှင်ဆင်းတိုင်း တစ်ယောက်တည်း နေတတ်သော ကျွန်တော် စက်ဘီးတစ်စီးနဲ့ မြို့စွန်တစ်ဘက်က လမ်းဘေး ခနော်နီ ခနော်နဲ့ ဦးယမ်းဘီးလူးရဲ့ လက်ဘက်ရည်ဆိုင် နန်းတော်သို့ မြန်းနေကျ။
လက်ဘက်ရည်ဆို ကျဆိမ့်မှ သောက်တတ်သော ကျွန်တော့်အတွက် ကျွန်တော့်ရဲ့ စက်ဘီး ခေါင်းလောင်းသံကြားရုံမျှဖြင့် ဖျော်ဆရာ ဦးဗလကြီးက အဆင်သင့် ဖျော်ပြီးသား။ ထိုလက်ဘက်ရည် ကျစိမ့်ကို တစ်စိမ့်စိမ့် အရသာခံ သောက်ရင်း အပြင်ဘက် မြက်တောထဲက ငှက်ငယ်တို့ အိပ်တန်းပြန်ချိန်ကို ကြားနာရင်း တိမ်ထုတို့ ကွယ်လို့ လမင်း ခေါင်းပြူလာချိန်၊ ပတ်ဝန်းကျင် ကဗလာ ဖုံးမှ ပြန်တတ်ခဲ့သော ကျွန်တော်။

အိမ်ရောက်လို့ ရေချိုး ထမင်းစားပြီးတာနဲ့ စာကြည့်ခန်းထဲဝင်၊ စားပွဲခုံမှာ ထိုင် ပြတင်းတံခါးကို ဖွင့်လို့ ညရဲ့ တိတ်ဆိတ်ခြင်းနဲ့ ကျွန်တော် တစ်သားတည်းကျတဲ့အထိ ခံစားပြီးမှ စာကြည့်ရသော အရသာက ဗန်းဆင့်ဗန်းဂိုးရဲ့ အမှောင်ည ပန်းချီကားလို ကျွန်တော့်အတွက်တော့ အသက်ဝင်လွန်းလှသည်။
တိတ်ဆိတ်ခြင်းနဲ့ ငြိမ်းချမ်းခြင်းကို တပြိုင်နက် ပေးစွမ်းနိုင်လွန်းတဲ့ ဒီမြို့လေးရဲ့ ညတိုင်းကို ကျွန်တော် မြတ်နိုးသည်။
အဝေးက တောင်တန်းပတ်လည်ကို လှမ်းကြည့်ရင်း ညရဲ့ ရင်ခွင်မှာ ကျွန်တော် အတွေး တောင်ပံ ဖြန့်ကျက်ချင်သည်။

အဝေးက အိပ်တန်းတက် ငှက်ငယ်တစ်ချို့ရဲ့ ညဘာသာဗေဒကို ကျွန်တော် နားလည်ကြည့်ချင်ခဲ့မိသည်။ ကျွန်တော့်ရင်သည် ညရဲ့ကောင်းကင်အောက် လေပြည်ညှင်းတို့ကြား မှောင်မိုက်ခြင်းနှင့်အတူ နွမ်းလျစွာ ခုန်တတ်နေခဲ့သည်ပဲ။

ဒီလိုနဲ့ ကျွန်တော် ဒီမြို့လေးမှာပဲ ကောင်မလေးတစ်ယောက်နဲ့ အကြာကြီး စကားပြောခဲ့ဖူးသည်။ ကျူရှင်အပြန် စက်ဘီးချင်း ယှဉ်နင်းပြီး စကားတွေ ပြောခဲ့မိတဲ့ကျွန်တော် အဲ့ဒီနေ့က ဦးဗလရဲ့ ကျစိမ့်လေးတောင် မေ့လျော့နေမိခဲ့ဖူးသည်။
လီယိုနာဒို ဒါဗင်ချီရဲ့ မိုနာလီဇာလို ယောင်ယောင်လေး ပြုံးပြီး ကျွန်တော့်ကို စကားပြောတတ်ခဲ့တဲ့ ဒီကောင်မလေးကြောင့် ကျွန်တော့်နှလုံးသားတံခါးတစ်ချပ် ခပ်ဟဟ ပွင့်သွားခဲ့ဖူးသည်။
ကျွန်တော် ဒီမြို့လေးကို ပိုတွယ်တာသွားခဲ့ဖူးသည်။

ခုတော့လဲ ဒီမြို့လေးကနေ ကျွန်တော်ခွဲထွက်လာခဲ့တာ ခုနှစ်တစ်ချို့ကိုတောင် ဖြတ်သန်းလို့ ရော်ရွက်ဝါတွေ အကြိမ်ကြိမ် ကြွေလွင့်နေခဲ့ပါပြီ။ မြို့ကလေးနဲ့ မိုင်သောင်းချီဝေးတဲ့နေရာမှာ ရောက်နေတဲ့ကျွန်တော် ... မြို့လေးကို ပြန်ဖို့ ပြင်ဆင်နေတဲ့အချိန်၊ ကျွန်တော့်အိတ်ထဲမှာ ဘောပင်တစ်ချောင်း စာမူတစ်ပုဒ် ချားလိစ်ဒစ်ကင်းရဲ့ ခရစ်စမတ် ကာရိုးစာအုပ်နဲ့ မိုက်ကယ်လန်းရဲ့ သီချင်းတွေ ထည့်ထားတဲ့ MP3 တစ်ခုပဲ ရှိနေခဲ့သည်။
ကျွန်တော် မြို့လေးကို ပိုလွမ်းလာသည်။ သောက်ဖူးနေကျ ကျဆိမ့်တစ်ခွက်ရဲ့အရသာနဲ့ နမ်းခဲ့ဖူးတဲ့ ပါးပြင်နုနုလေးကို သတိရမိတဲ့အခိုက် ဘယ်ဘက်ရင်အုံက နွေးကနဲ။

ဒီလိုနဲ့ .... ကျွန်တော် ... မြို့ကလေး .... ချစ်သူ ...
အဝေးကနေ အိပ်မက်တွေ မက်နေခဲ့ဖူးပါသည်။
မြို့လေးကတော့ ညရဲ့ လွှမ်းခြုံမှုအောက်မှာ တိတ်ဆိတ် ငြိမ်သက်လို့...။