အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Monday, May 3, 2010

သူငယ်ချင်းလေး..သို့ …

ပြတင်းတံခါးကြားမှ ညင်သာတိုးလျစွာ စိမ့်ဝင်စီးမျောလာသော ညဉ့်လေအေးအေးထဲတွင်
ပိတောက်ပန်းရဲ့ အငွေ့အသက်တွေပါနေသလားဟု ထင်ယောင်ထင်မှား ဖြစ်မိသည်။
တစ်ကယ်တော့ ကမ္ဘာ့မြေပုံပေါ်မှ ဂရစ်ကွက်လေးတစ်ကွက်သာ ခြားနေသည့်အရပ်၌
အမိမြေ၏ပုံရိပ်သည် အိပ်မက်မှလန့်နိုးတိုင်း ပြန်လည်တမ်းတမိသော အရိပ်လေးတစ်ခုအဖြစ် စိတ္တဇညများကို အရောင်ချယ်ထားတော့သည်။

အတာသင်္ကြန်သည် သြသြောသံနှင့်အတူ၊
ကလေးငယ်တို့၏ ကျောင်းပိတ်ရက်များနှင့်အတူ၊
ပျိုမြစ်နုနယ်၍ လန်းဆန်းတတ်ကြွသော ရေစိုအလှနှင့်အတူ ဧပရယ်ကို ဖြတ်သန်းခဲ့လေပြီ..။
လူတွေကနှစ်သစ်ကို ကြိုဆိုကြသည်။…
သို့သော် နှလုံးသားအဟောင်းများနှင့်သာ..။

သံပတ်ပေးမထားသော်လည်း ရာသီစက်ဝိုင်းသည် မည်သူ့ကိုမှမစောင့်ပဲ ပြက္ခဒိန်များကို စုတ်ဖြဲပစ်ခဲ့သည်။
လူငယ်တစ်ယောက်ရဲ့ ဒိုင်ယာရီလေးကတော့
ပျော်တစ်ဝက်နိုးတစ်ဝက် အိမ်မက်များဖြင့် နွေနှောင်းရာသီရဲ့ နေ့ရက်များဆီမှာ အလင်းပန်းတို့ကို ပွင့်စေခဲ့ပြီ..။


“ချစ်ရပါသော သူငယ်ချင်းလေးရေ….
ဆောင်းကြွေရွက်တွေလို ရည်ရွယ်ရာမရှိပဲလမ်းသလားရင်း
ငါတို့တွေ့ခဲ့ကြတယ်..
ပြယ်လွင့်စပြုနေတဲ့နှုတ်ခမ်းနီရောင် ညနေခင်းတွေထဲမှာ
နင့်ရယ်သံတစ်ဝက်တစ်ပျက်နဲ့ ငါတို့မိတ်ဆက်ခဲ့တယ်လေ…။”


လွန်ခဲ့သော အဲ့ဒီလိုနေ့တွေမှာ
သူနှင့်ကျွန်တော်စတွေ့ခဲ့ပါသည်။ သူသည် စံပယ်ပန်းကိုပန်ထားသော ကံကော်ပင်ပျိုနှင့်တူသည်။
သူသည် … ကျွန်တော့်ရဲ့ ကဗျာအပိုင်းအစလေးတစ်ခုဖြစ်သည်… ။
ကျွန်တော် ဆိုပြခဲ့ဖူးသော သီချင်းသံတိုးတိုးလေးဖြစ်သည်… ။
အိပ်ရာဝင်ပုံပြင်တွေထဲက ရိုးရာဆန်ဆန်အလှတရားလေး ဖြစ်သည်…။
ကျွန်တော့်ရဲ့ ရေခဲလွင်ပြင်လိုညတွေဆီမှာ တောက်လက်နေခဲ့သော မီးအိမ်လေးတစ်လုံးဖြစ်သည်…။
သူငယ်ချင်းဟူသည့် ဝေါဟာရကို အဓိပါယ်ဖွင့်ပြသော စကားလုံးများက
သူနှင့်ကျွန်တော့်ကြားတွင် ကန့်သတ်မှုမပေးနိုင်ခဲ့ပေ။
ကျွန်တော်တို့နှစ်ယောက်ရဲ့ မသိလိုက်မသိဘာသာ နေ့ရက်များက သံယောဇဉ်တစ်စုံတစ်ရာကို စိုက်ပျိုးနေခဲ့မှန်း မည်သူကမျှ သတိမပေးခဲ့ကြပါ။
ကျွန်တော်တို့နှစ်ယောက်ရဲ့ ကောင်းကင်မှာ
နားလည်မှုတို့ဖြင့်ဖွဲ့တည်ထားသော တိမ်တိုက်များသာရှိသည်…။

ကျွန်တော်တိုက်ခတ်သော လေပြည်တို့ဖြင့် သူ့ဥယျာဉ်လေးကို စွတ်စိုအေးမြစေခဲ့သလို.. သူ ၀င်းပသော အလင်းမြမြတို့ဖြင့်လည်း ကျွန်တော့်ရဲ့ရှင်သန်ခြင်းကို နွေးထွေးလင်းလက်စေခဲ့ပါသည်…။
ကျွန်တော့်ရဲ့သူငယ်ချင်းလေးသည် သိုးငယ်လေးတစ်ကောင်ကဲ့သို့ ဖြူစင်ငြိမ်းချမ်းပြီး သူ့နှလုံးသားသည် ကဗျာများကိုချစ်တတ်သော ပန်းနုရောင်စာအုပ်လေး တစ်အုပ်လည်းဖြစ်သည်….။
သူသည်… တစ်ခါတစ်ရံတွင် စပျစ်နွယ်တို့၏ အစိမ်းရောင်ဆန်ခြင်းမျိုးဖြင့် ရဲရင့်တတ်သော်လည်း တစ်ခါတစ်ရံတွင်တော့ နှင်းဆီဆန်ဆန် လေးနက်နေတတ်သေးသည်….။
တစ်ခါတစ်ရံတွင် စမ်းချောင်းလေးလို ငြိမ်သက်သိမ်မွေ့စွာ စီးဆင်းနေတတ်သလို တစ်ခါတစ်ရံတွင်တော့
ရေတံခွန်တစ်ခုလို ပြင်းထန်မာကြောနေတတ်ပြန်သည်…။

သူနှင့်ကျွန်တော်၏ စာမျက်နှာအချို့ကို ကာရံအပိုင်းအစလေးများဖြင့် ကုန်ဆုံးစေတတ်ခဲ့ပြီး ဂီတသံတစ်ခုခု၏ အောက်တွင်လည်း စီးမျောပျော်ဝင်ခဲ့ကြဖူးသည်…။
ချုပ်နှောင်ထားခြင်းမရှိသော ဖွဲ့သီမှုမျိုးဖြင့် ခရမ်းပြာရောင် ပန်းပွင့်အိမ်မက်တို့ကို ကျွန်တော်တို့နှစ်ယောက်ရဲ့နေ့ရက်များတွင် တစ်ပွင့်ခြင်းစီသီကုံးခဲ့ဖူးပါသည်…။

“ချစ်ရပါသောသူငယ်ချင်းလေးရေ…
ပြိုင်ပွဲမ၀င်ခဲ့တာတောင် အနိုင်လိုချင်တဲ့သူတွေကို သတိထားပါ..။
ပွဲသိမ်းခရာမမှုတ်ခင်မှာ ချိုမြိန်နေတတ်တဲ့
နောက်ကြောကဓါးထက်ထက်တွေကို သတိထားပါ..။
ငါတို့နှစ်ယောက်ရဲ့ တိမ်တိုက်ဖြူတွေက
သက်တန့်တံခါးဝအထိဖြတ်ပြီး အဆုံးအစမရှိလွင့်နေဦးမှာပါ..။
နင့်ဆံနွယ်တွေမှာပန်ဖို့အတွက် ငါ့ဥယျဉ်တော်မှာလည်း
ရာသီအဆက်ဆက် ပန်းတို့ပွင့်နေဦးမှာပါ..။”

ညဉ့်ဦး၏ နောက်ခံတေးသွားမပါဘဲ တိုက်ခတ်လာသော လေပြည်သန့်သန့်တွင်
ဧပရယ်လက်ကျန်မိုးငွေ့များနှင့်အတူ အလွမ်းရနံ့တို့ကို ကျွန်တော်ရနေခဲ့သည်…။
အသည်းကွဲကြယ်တစ်ချို့၏ မှိန်ပြပြအလင်းရောင်သည် သူအားသတိရခြင်းများကို ကျွန်တော့်အခန်းကျဉ်းလေးထဲတွင် ထွန်းညှိစေခဲ့သည်..။
ထိုညမျိုးတွင် ကျွန်တော်တို့စကားတွေပြောခဲ့ကြဖူးသည်..။
အနုပညာအကြောင်း
ကဗျာတွေအကြောင်း
သူ့ချစ်တဲ့အိမ်ကလေးအကြောင်း..
လူတစ်ချို့လက်ခံထားသော အမှန်တရားတွေအကြောင်း။

အဲ့ဒီလိုနှင့် ရှင်းသန့်သောမေတ္တာတရားသည် ကောင်းကင်၏လက်ဆောင် မိုးစက်အေးများလို
ကျွန်တော်တို့နှစ်ယောက်ကြားတွင် ငြိမ်းမြကာလုံခြုံစေခဲ့ပါသည်။
ဂျစ်ပစီမိုးတိမ်သီချင်းလို ဘ၀ဟာလွင့်ချင်ရာလွင့်နေခဲ့တဲ့ နေ့တွေထဲမှာ
ကျွန်တော်နှင့်သူငယ်ချင်းလေးသည် ကျောင်းစာအုပ်နှင့်လွယ်အိတ်ကလေးလို တွယ်တာခဲ့ကြသည်…။
အလွမ်းခါးတွေရွာသွန်းတဲ့ နံနက်ခင်းတွေတိုင်းမှာ
သူ့ကိုသတိရခြင်းများဖြင့် ကျွန်တော်မျက်နှာသစ်ခဲ့ရပါသည်…။

“ချစ်ရပါသော သူငယ်ချင်းလေးရေ…
ဆောင်းမှတ်တမ်းထဲက နှင်းပွင့်လေးလို
နင်အေးမြငြိမ်းချမ်းနိုင်ပါစေ..
ကလေးငယ်တစ်ယောက်ရဲ့ အပြုံးလို
အိပ်ရာကနိုးတိုင်းမှာ
နင့်ရဲ့နံနက်ခင်းတွေရိုးသားဖြူစင်နိုင်ပါစေ.. လို့
ငါဆုတောင်းပေးခဲ့တယ်…။”

နာရီလက်တံတွေ တစ်ငွေ့ငွေ့တိုက်စားခံရပြီးကတည်းက ညတွေဟာ တစ်ဖြည်းဖြည်းပိုမှောင်လာသလို…။
စစ်ထွက်သူရဲရဲ့ ဓါးခတ်သံတစ်ချက်မှာ အလွမ်းတစ်ဝက်ရောနေသလို
သူ့ကိုကျွန်တော်သတိရတယ်…။
မိုးရိပ်တွေပြိုလာရင် နားခိုရာအိပ်တန်းဆီကို လွမ်းဆွတ်တတ်တဲ့ငှက်ငယ်လို
သူ့ကိုကျွန်တော်သတိရတယ်…။
ကမ္ဘာဦးအက္ခရာတွေနဲ့ သီကုံးထားတဲ့ အလွမ်းဖြူဖြူလေးတွေကြောင့်
အလင်းစက်ကောင်းကင်ကြီး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျွန်တော်တို့နှစ်ယောက်ရဲ့ အနာဂါတ်ဟာ
ကာရံတွေမပါလည်း ဆက်လက်ရဲရင့်နေကြဦးမယ်ဆိုတာ ဒီဧပရယ်ရဲ့နံနက်ဖြန်တိုင်းမှာ
သူငယ်ချင်းလေးတစ်ယောက် သိ နိုင် ပါ စေ………... ။

(သူ့အိမ်လေးတစ်နှစ်ပြည့်မှာ “ပိုး” အတွက်အမှတ်တရ…)

မင်း
(17/04/2010)


( ကျွန်တော့်ကို မယ်မင်းကလေးလို့ ကျွန်တော်က ချစ်စနိုးနဲ့ခေါ်ရတဲ့ ကျွန်တော့်သူငယ်ချင်း မင်းက ပြောတယ် .. ကလေးမလေးရေ .. ဧပြီ သင်္ကြန်အကြိုနေ့မှာ ပြည့်တဲ့ အိမ်ကလေး ၁နှစ်ပြည့်က အခု မေလကိုတောင် ခုန်ကူးလာပြီနော်တဲ့ ..
ကျွန်တော် ပါးပါးလျလျ ပြုံးလိုက်မိပါတယ် ..
ကျွန်တော်ကလဲ ကျွန်တော်ပါပဲလေ .. (အလုပ်ကို အကြောင်းပြပြီး) အပျင်းထူနေတာနဲ့ စာမရေးဖြစ်တာတောင်ကြာပေါ့ .. ကြာဆို ကျွန်တော်ရေးတာတွေ တင်တာတွေကလဲ မကောင်းတော့ တစ်ခါတစ်ခါ အားငယ်မိပါသေးတယ် .. ဒါပေမယ့် တစ်ဖက်ကလဲ ကိုယ့်ဟာကိုယ် ပြန်အားတင်းမိတယ် .. ငါစာရေးချင်လို့ လုပ်ထားတဲ့ ငါ့အိမ်ကလေးပဲ .. အမြဲတမ်း ကျက်သရေရှိနေပါတယ်လေ ဆိုပြီး ကိုယ့်ဟာကိုယ် ပီတိတွေ ဖြစ်လို့ရယ်ပေါ့ .. ( တကယ်က မယ်မင်းကလေးနဲ့ လင်းစက်ရာရဲ့ ကဗျာတွေသာ ကျွန်တော့်အိမ်မှာ အသက်ဝင်နေတာပါ .. ကျွန်တော့်စာတွေ ကဗျာတွေက ကိုးတန်း ဆယ်တန်းကလေးတွေ အပျော်တမ်းရေးကြတဲ့ စာမျိုးတွေလောက်သာ ဖြစ်တည်နေကြတာကို ကိုယ့်ဟာကိုယ်လဲ ခိုးပြီး မလုံမလဲနဲ့ ရှက်မိနေသေးတယ်.. )
ခုလဲ မယ်မင်းကလေးကို ကျွန်တော်က ပူဆာလို့ မယ်မင်းကလေး ရေးပေးတဲ့ ကျွန်တော့်အိမ်ကလေး တစ်နှစ်ပြည့်လက်ဆောင်လေးဟာ ကျွန်တော့်အတွက်တော့ သိပ်ပြည့်စုံလွန်းပါတယ်..
( မယ်မင်းကလေးရေ .. နင့်ကို ကျေးဇူးတင်လျှက်ပါ .. )

ဒီလိုပဲ .. ကျွန်တော့်အိမ်ကို ကျွန်တော်နဲ့သိသည်ဖြစ်စေ .. မသိသည်ဖြစ်စေ .. ကျွန်တော့်ရဲ့ ဂျစ်ကန်ကန်စာတွေကို ကြိုက်သည်ဖြစ်စေ .. မကြိုက်သည်ဖြစ်စေ .. ကျွန်တော့်ရဲ့ ဒေါင့်မကျိုးမှုတွေကို သဘောကျသည်ဖြစ်စေ .. မကျသည်ဖြစ်စေ .. တကူးတကနဲ့ အထူးတလည် လာပေးကြတဲ့ အကိုအမတွေအားလုံးကို ကျွန်တော် အမြဲတမ်းကျေးဇူးတင်လျှက်ပါ .. ကျွန်တော့်ဆီမှာ ကွန်းမန့်မပေးလို့ ကျွန်တော်က စိတ်ခုတာမျိုး .. အဲ့အိမ်ကို သွားမလည်တာမျိုး မရှိပါဘူး .. ရှိမှာလဲ မဟုတ်ပါဘူး.. ကျွန်တော်က ကွန်းမန့်ကို မမျှော်တတ်ခဲ့တော့တာ ကြာပါပြီ .. တစ်ခါတလေကျ ကွန်းမန့်ပေးရတယ်ဆိုတာ အချိန်တစ်ခုပေးရသလို စဉ်းစားချိန်တစ်ခုပေးလိုက်ရတာလဲ ဟုတ်တာပဲလေ .. အလွယ်တကူ ပေးတဲ့ကွန်းမန့်ရယ်လို့ ဘယ်တုန်းကမှ ဘယ်သူ့မှာမှ ရှိမယ်မထင်ပါဘူး.. ကွန်းမန့်တစ်ခုပေးဖို့ စာကို သေချာဖတ်ရမယ်.. နောက် အဲ့အတွက် သေချာပေးဖို့လုပ်ရတော့မယ် .. ကျွန်တော်ကတော့ အဲ့လိုမဟုတ်ဘူးဗျ.. ကျွန်တော်အိမ်တွေမှာ စာလိုက်ဖတ်ပါတယ် .. အဲ့လိုဖတ်တာက အလုပ်သွားကာနီးတို့ အိပ်ခါနီးတို့မှာ ဖတ်ဖြစ်တာများတယ်.. အဲ့လိုကျတော့ ကွန်းမန့်တကူးတကပေးဖို့ဆိုတာ ကျွန်တော့်အတွက် ခက်သွားပြန်ရော .. ရေးတာမကောင်းလို့မဟုတ်ပါဘူး.. စာရေးတယ်ဆိုကတည်းက သူ့ဟာနဲ့သူကတော့ သိပ်ကို ဖတ်လို့ကောင်းပါတယ်.. ဒါကို စာဖတ်သူတိုင်းလဲ နားလည်ကြမယ်ထင်ပါရဲ့ .. အဲ့လိုမျိုး အခြေအနေမှာ ရှိနေတဲ့ကျွန်တော် .. ကွန်းမန့်သိပ်မပေးဖြစ်တော့တာ အဆန်းတကြယ်တော့ဖြင့် မဟုတ်လှပါဘူး.. ဒီတော့ ကျွန်တော့်လိုလူမျိုးတွေ ရှိနေနိုင်မယ့် လောကကြီးအတွက် ကျွန်တော်ကိုယ်တိုင်လဲ ကွန်းမန့်မမျှော်တော့ဘူး.. ( စိတ်ပင်ပန်းရပါတယ်ဗျာ.. )
ဒါပေမယ့် ကျွန်တော့်အိမ်ကလေးကို တကူးတကရော .. တကူးတကမဟုတ်တဲ့ လမ်းမှားပြီးတော့ရော ရောက်လာကြသူအားလုံးကို ကျွန်တော် တကယ်ကို လေးလေးနက်နက် ကျေးဇူးတင်ပါတယ် .. နောက်လဲ ကျွန်တော် ကြိုးစားပြီး စာရေးချင်ပါသေးတယ်.. ရေးဖို့လဲ ဆန္ဒအမြဲရှိနေဆဲပါ .. ကျွန်တော့်စာတွေ ကောင်းသည်ဖြစ်စေ .. မကောင်းသည်ဖြစ်စေ .. ကျွန်တော့်အတွက် ဝေဖန်ချက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ .. အချိန်တွေ လည်ပတ်နေသ၍ ကျွန်တော့်အတွက် အခြေအနေနဲ့ အခွင့်အရေးတစ်ခု ရနေသ၍ ကျွန်တော် ကြိုးစားကြည့်ချင်ပါသေးတယ် ..
မယ်မင်းကလေးရေ .. နင်မရှိတော့လဲ ငါ့အိမ်ကလေးကို ငါအသက်ဝင်နေစေပါ့မယ် .. ငါ့အတွက် ပြောတာပါလို့ နင်ပြောခဲ့တဲ့ နင့်စကားတစ်ခွန်းကို ငါ အမြဲသတိရနေပါ့မယ် .. နင်ဟာ ငါ့အတွက် အမြဲတမ်းသူငယ်ချင်းပါဟာ .. နင့်ကို ငါ တကယ်ကျေးဇူးတင်ပါတယ် .. ငါတို့အဖြူရောင်တွေ ဆက်လက်ခိုင်မြဲပါစေ ... )

7 comments:

littlebrook said...

စစ်ထွက်သူရဲရဲ့ ဓါးခတ်သံတစ်ချက်မှာ အလွမ်းတစ်ဝက်ရောသတဲ့လား .. မင်းခယောက်ျားသီချင်းကို သတိရတယ်
နတ်သျှင်နောင်တို့ မြ၀တီမင်းကြီးဦးစတို့ကို သတိရသွားတယ်ဗျိုး

မိဇော်ရေ .. ကောမန့်မမျှော်တဲ့နင့်အိမ်လေးမှာ
ငါကောမန့်ရေးသွားတယ်း)
အိမ်ကလေး တစ်နှစ်မက နောင်နှစ်များစွာထိ
တည်တံ့ပါစေ သိုင်းဝတ္ထုတွေထဲကလိုဆို တောင်တစ်တောင်ထက် တခြားတောင်က ပိုပိုမြင့်တယ်တဲ့း) ကိုယ်တွေက စာရေးဆရာမှမဟုတ်တာ တားမနိုင်ဆီးမရဆန္ဒကြောင့်ရေးတာ ဘာဖြစ်ဖြစ် နောက်ကျအဆင်ပြေသွားမယ်

လင်းခေတ်ဒီနို said...

ငဇော် ကွန်ကရက်ကျုလေးရှင်ပါ . . .

ဒီထက်ပိုပီးရေးနိုင်ဦးမယ်လို့လည်း ယုံကြည်ပါတယ်
အားပေးမှုတွေနဲ့ မင်းရေးတဲ့ ရစ်သမ်တွေကို ကြိုးမညှိပဲ
ငါတို့ နားဆင်နေဦးမှာပါ . . .

ခင်မင်လျှက်
ဗညား

ငါတို့နှစ်ယောက်ရဲ့ တိမ်တိုက်ဖြူတွေက
သက်တန့်တံခါးဝအထိဖြတ်ပြီး အဆုံးအစမရှိလွင့်နေဦးမှာပါ..။

စစ်ထွက်သူရဲရဲ့ ဓါးခတ်သံတစ်ချက်မှာ အလွမ်းတစ်ဝက်ရောနေသလို
သူ့ကိုကျွန်တော်သတိရတယ်…။

မိုးရိပ်တွေပြိုလာရင် နားခိုရာအိပ်တန်းဆီကို လွမ်းဆွတ်တတ်တဲ့ငှက်ငယ်လို
သူ့ကိုကျွန်တော်သတိရတယ်…။

သိပ်ကောင်းတဲ့ စာသားတွေ . . .း)))

အနှိုင်းမဲ့ said...

woo;;;;;;;; အရေးသားကောင်းလိုက်တာ..။
နောက်လဲ ဒီလိုမျိုးလေးတွေ ရေးအုံးနော်..
အားပေးနေတယ်..ဇော်ရေ :)

ကိုလူထွေး said...

မင်းရဲ့ အရေးအသားက ပိုးသားလေးလို နူးညံ့ပြီး သံလိုက်တုံးကြီးလို ဆွဲဆောင်မှုရှိတယ်...

ဇော် ကိုယ်တိုင် စာတွေရေးအုံးမယ်ဆိုရင်လည်း ကြိုဆိုလျှက်ပါ...

အားမငယ်ပါနဲ့... အားကြီးအောင် ပျားရည်သောက်၊ ကြက်ဥစားပါ

းဝ)

ညလင်းအိမ် said...

ဇော်ရေ .. ဘယ်လိုပဲ ပြောပြော ဇော့်အိမ်လေးကို လာရင် ကဗျာတွေစာတွေကို နှစ်ခါပြန်ပြန်ဖတ်မိတယ် ... မျောမျောပါသွားတဲ့ အရသာကို နှစ်ခြိုက်မိတယ် ... သုံးထားတဲ့ စာသားလေးတွေရဲ့ အနု အလှ အကြွလေးတွေက အရမ်းကို မိုက်တယ် ...

စစ်ထွက်သူရဲရဲ့ ဓါးခတ်သံတစ်ချက်မှာ အလွမ်းတစ်ဝက်ရောနေသလို
သူ့ကိုကျွန်တော်သတိရတယ်…။

မိုးရိပ်တွေပြိုလာရင် နားခိုရာအိပ်တန်းဆီကို လွမ်းဆွတ်တတ်တဲ့ငှက်ငယ်လို
သူ့ကိုကျွန်တော်သတိရတယ်…။


သိပ်ကို လှပတဲ့ စကားလုံးတွေပါပဲ ...

ခင်မင်လေးစားလျက် ...

Anonymous said...

ရောက်တယ်..ဇော်။ လမ်းမှာပြီးတော့မဟုတ်ဘူး။
တမင်တကာကိုအရောက်လာတာ။
ကဗျာ...ကဗျာ....Ment ဖို့ ခက်လောက်အောင်ကို
ကောင်းနေလို့  ဘာပြောရမှန်းမသိဘူး။
သုံးထားတဲ့ စာလုံးလေးတွေက ကဗျာဆန်ဆန်နူးညံ့
လွန်းနေတာများ ပတ်ဝန်းကျင်ကို
တခဏ မေ့လျော့သွားတယ်။ ကဗျာဖတ်ပြီးချိန်ထိ
ရသလေးကို တွေးနေတုန်းပဲ။
ကိုဇော်ရေးတဲ့ အပိုဒ်လေးလဲရောက်ရော..
မရေးတက်ဘူးသာပြောတယ်..ရေးထားလိုက်
တာများ ...ခံစားချက်အပြည့်။ အားပေးနေပါတယ်။
ပျေယ်ရွှင်ပါစေ။။။ ခင်မင်လျှက်...ခင်မာလာအောင်..:)

လင်းထက် said...

facebook ထဲမှာ မယ်မင်းကလေး နဲ့ အိမ် တို့ ဘလာ ဘလာ ဖြစ်ကြတာကို ဆက်ကြောင်း လိုက်ရင်း ကျွန်တော်တို့ အိမ် ကို ရောက်လာပါတယ်..

ကွန်မန့်ဆိုတာ စာရေးသူ အတွက် အားဖြစ်စေတယ် ဆိုပေမယ့် ကွန်မန့် ပေးမယ့်သူ မရှိလဲ အဓိက ကတော့ ကိုယ့် စိတ်ကူးတွေကို လွတ်လပ်စွာ ပျံသန်းခွင့် ရဖို့က အဓိက မဟုတ်လား ညီမငယ်.ဇော်..။ :)