ပြောပါ
ဘယ်သူ့မှာ တာဝန်ရှိလဲ
ဟော့ဒီကောင်းကင် ကျယ်ကျယ်ကြီးထဲ
ထွန်းလင်းသင့်တဲ့ ကြယ်တွေ တဖြုတ်ဖြုတ်ကြွေ
နာကြည်းငိုညည်းသံတွေ ဘ၀င်မှာ သဲ့ညံနေတယ်
တချို့တွေအတွက် ပျော်စရာပေမယ့်
တချို့တွေအတွက် မသာယာခဲ့ဘူး
တချို့တွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ကြွေခဲ့ရတယ်
တချို့တွေက ငယ်ငယ်ရွယ်ရွယ်နဲ့ နိုက်ကလာပ်တက်တယ်
ပြောပါ
ဘယ်သူ့မှာ တာဝန်ရှိလဲ
လက်တစ်ဆုပ်စာ ကြယ်တချို့ထွန်းလင်းနေချိန်
ကြယ်အများစုက တဖြုတ်ဖြုတ်ကြွေနေရတယ်
နာကျင်ခံခက် ဒဏ်ရာသွေးစက်တွေနဲ့
ရင်ထဲမှာ လှိုက်လှိုက်ပြီးငို
ကြယ်တို့ရဲ့ နှလုံးသားမှာ
မျက်ရည်တွေ အချိန်တိုင်း စိုလူးနေခဲ့
ပြောပါ
ဘယ်သူ့မှာ တာဝန်ရှိလဲ
လက်တစ်ဆုပ်စာ ဘ၀သက်တမ်းတိုတိုလေးမှာ
ငါ့တစ်ဘို့စာ၊ ငါ့မိသားစု
ငါ့သမီးသား၊ ငါ့မယား ဆိုတဲ့ လူ့အန္ဓများ
ကျနော်တို့ကောင်းကင်မှာ ဖုံးလွှမ်းနေသ၍
ကြယ်တွေ ကြယ်တွေ တဖြုတ်ဖြုတ်ကြွေ
မြေကြီးအောက်က ငိုကြွေးသံတွေ
မြေပြင်ပေါ်က တောက်ခေါက်သံတွေ
လေထုထဲမှာ ပျံ့လွင့်နေတယ်
ပြောပါ
ဘယ်သူ့မှာ တာဝန်ရှိလဲ
ကိုယ်ချင်းစာစိတ်လေးတစ်ခုတော့ ထားကြစမ်းပါ
စကားဟာ စကားအဖြစ်ပဲ လေထဲ ဝေ့လွဲ
ဘယ်တော့မှ တစ်ကိုယ်ကောင်းဆန်တဲ့ သူတွေနားထဲ လွင့်မပျံ့ခဲ့ဘူး
လောကပါလ တရားစောင့်နတ်တို့
ဘယ်ချောင်မှာများ ရောက်နေကြသလဲ
ကျနော်တို့ကောင်းကင်မှာ
ကြယ်တွေ တဖြုတ်ဖြုတ်ကြွေ
စိန်ပွင့်တွေဟာ မြောင်းထဲမှာ ဝေနေရတယ်
ပြောပါ
ဘယ်သူ့မှာ တာဝန်ရှိလဲ
..............................
မေးခွန်းဟာ မေးခွန်းပဲ ဖြစ်ခဲ့ရတယ်
ပေးဆပ်ခြင်းနဲ့ ဘ၀ကို ရင်းခဲ့ရတဲ့ ကြယ်တွေမှ
တဖြုတ်ဖြုတ်ကြွေနေရလေသလားရယ်လို့
အံကိုကြိတ်
မချိတင်ကဲ
အနက်ရှိုင်းဆုံး နာကျင်ရလဲ
ကျနော်တို့ ဘာမှ မတတ်နိုင်ခဲ့
သားသမီးအိမ်ပြန်ချိန်ကို မျှော်နေတဲ့
အမေတစ်ယောက်ရဲ့ မျက်ရည်တွေနဲ့
ဟောဒီ တိုင်းပြည် တည်ဆောက်ထားတယ်
မတရားဘူးလို့ အော်နေတဲ့
မြေကြီးအောက်က အသံတွေ
နေနှင့်ဦးပေါ့ကွာဆိုတဲ့
မြေပြင်ပေါ်က ရင်တွင်းစကား
မုန်းတီးခြင်းများ ပြွတ်သိပ်
အားမတန် မာန်လျှော့နေရတဲ့ စိတ်တွေ
ဟော့ဒီတိုင်းပြည်မှာ အုံနဲ့ကျင်းနဲ့ ရှိနေကြတယ်
မပြောချင်တော့ပါဘူး အရပ်ကတို့ရယ်
လူတိုင်းမှာတော့ မျိုးချစ်စိတ်ရှိတယ်
ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့
ဝဋ်ကြွေးများရှိ ပြေပါစေလို့ ဆုမတောင်းလေနဲ့
ကမ္ဘာမကြေတဲ့သူတွေ တမလွန်မှာ ပြည့်နေလေရဲ့
ခင်ဗျားတို့ ရက်စက်မှုနဲ့ ကြွေလွင့်ခဲ့ရတဲ့ ကြယ်တွေ
ကောင်းကင်မှာ မရေနိုင်တော့ဘုး
မိုးကောင်းတုန်းကို ရွာထားပါ
ထမင်းဝတုန်း နားထားပါ
တစ်နေ့နေ့ ပြန်ဆုံတဲ့အခါ
အလှည့်ကျတော့ မနွဲ့စတမ်းပေါ့ကွာ
..................
..................
ပြောရင်း ပြောရင်း
ရင်ထဲ စို့နစ်
ကြယ်တွေ ကြယ်တွေ
တဖြုတ်ဖြုတ်ကြွေနေတဲ့ တိုင်းပြည်
................................
တော်ပြီ
ကျနော် ဒီကဗျာကို ဆက်မရေးချင်တော့ဘူုး။
ဇော်။
{ကျနော်ဒီကဗျာကို ဒေါက်တာမင်းသိန်း၊ ဒေါက်တာစောလွင်နဲ့ မခင်ချိုဦးတို့အတွက် ရေးခဲ့တာပါ။ ကျနော်တစ်ခါမှ သူများအတွက် ၀မ်းမနည်းဖူးပါဘူး။ ဘ၀မှာ ပထမဦးဆုံး နင့်နင့်သီးသီး ၀မ်းနည်းရလွန်းလို့ ချရေးမိတဲ့ ကဗျာပါ။ ကျနော်မရေးတတ်တဲ့အတွက် ကဗျာကောင်းတစ်ပုဒ်တော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သူတို့အတွက် ကျနော်ရေးခဲ့ပါတယ်။
ခေါင်းစဉ်ကို ဒေါက်တာမင်းသိန်းတို့အကြောင်းရေးခဲ့တဲ့ အမတစ်ယောက်ရဲ့ စာမူက ခေါင်းစဉ်ကိုပဲ ကျနော်ပြန်ယူလိုက်ပါတယ်။
" နာကျင်လိုက်ရတာဗျာ ........ ဘာနဲ့မှကို မတူဘူး... " =( }
3 comments:
ဒီကဗျာကို အကိုတို့ ဆက်မရေးသင့်တော့ဘူ ... ကလောင်က ကျတဲ့ မျက်ရည်ဟာ နှလုံးသွေးကျတာထက်ကို နာကျင်စေတယ်
ခင်မင်စွာဖြင့်
အကိုဗညား
ဒေါ်လတ်လတ်ဇော်.. လူတိုင်းဟာ ဘာသာတရား အမျိုးမျိုးကို ကိုးကွယ်ကြသလို ဘာသာတရားတိုင်းမှာလည်း လူအမျိုးမျိုး ရှိကြတယ်။ အချို့ချို့သော လူတွေရဲ့ ကိုယ်ကျင့်တရား ဆိုးဝါးမှုတွေကြောင့် ဘာသာတရားကို စော်ကားမယ်ဆိုရင် ခင်ဗျားဟာလည်း အဆင့်အတန်း နိမ့်ကျတဲ့ သူတွေထဲမှာ တစ်ယောက်အပါအ၀င် ဖြစ်မှာပဲ။ ကိုယ့်နိုင်ငံမှာ ငတ်ပြတ်နေလို့ သူများနိုင်ငံမှာ အလုပ်လာလုပ်နေရင် သူတပါးတွေ မြတ်နိုးတဲ့ ဘာသာတရားကို မစော်ကားပါနဲ့။ ဖေ့ဘုတ်မှာ ခင်ဗျားဘယ်သူဆိုတာ ဖေါ်ပြနေတယ် ဆိုတာကိုလည်း မမေ့ပါနဲ့။
နင့်ကို ငါကောင်းကောင်းသိတယ်။ ငါလည်း ဒူဘိုင်းမှာ နေတာပဲ။ Bank Street မှာ ငါရှိနေတယ်။ နင်ဒူဘိုင်းမှာ ရှိနေသရွေ့ သတိထားပြီး နေပါ။ သူများ ဘာသာကို စော်ကားတဲ့ နင့်ကို ငါတို့ တော်တော်ရွံတယ်။ နင့် ဓါတ်ပုံနဲ့တကွ အင်တာနက်ပေါ် ငါတင်ပြမယ်။
Post a Comment