ညနေတွေထဲမှာ ငါမနေချင်ဘူး..
အသက်ရှုလိုက်တိုင်း သေဆုံးသွားရတဲ့
လေပြည်တွေကို အားနာတယ်.. ။
ပွင့်တဲ့ပန်းတိုင်းက အခူးခံချင်လို့မှ မဟုတ်တာ..
အိမ်မက်ခါးခါးတွေထည့်ဖျော်ထားတဲ့
အမှောင်တံဆိပ်နဲ့ ကော်ဖီတစ်ခွက်လောက်သောက်ချင်တယ်..
လမ်းလို့ထင်ရတဲ့ ဖြောင့်ဖြောင့်ဖြူးဖြူးအရာတွေထဲလျှောက်သွားရင်း
အဆုံးဟာ အစဖြစ်နေပြန်တယ်
အဲ့ဒီညထဲမှာတော့……
ငါက ဘယ်သူဆွဲထားမှန်းမသိတဲ့ စက်ဝိုင်းတစ်ခုပေါ့ ။
အလင်းနဲ့ အမှောင်ကမျှတသတဲ့
တစ်ရက်မှာ နှစ်ဆယ့်လေးနာရီပြည့်အောင်
ဘယ်သူကများ တစ်ကူးတစ်ကဆုတောင်းဖူးလို့လဲ
စိမ့်ဝင်စီးဆင်းနေတဲ့ စကားလုံးတွေက
ဟော့ဒီလက်တစ်ဆုပ်စာ မှတ်ဥာဏ်ကျဉ်းကျဉ်းလေးထဲမှာ
အပြည့်အသိပ်နေရာယူလို့
တိုးတိုးတိတ်တိတ် ကြိတ်မှိတ်အဖြေထုတ်
ဘ၀ဟာ သင်္ချာတစ်ပုဒ်ပဲလား..။
ငါ့နောက်ကိုပြန်လှည့်ကြည့်တိုင်း
သင်းကွဲခြေရာတွေပဲတွေ့နေခဲ့ရတယ်..
လိုက်ဖမ်းရင်းနဲ့ဝေးကွာလွန်းကြတယ်၊
မီးခိုးငွေ့တွေလိုပဲ ပျံသန်းရင်းပျောက်ကွယ်ကုန်ကြတယ်၊
ဖန်မီးအိမ်မှိန်မှိန်အောက်က နေ့အတုတွေလား
အသိမဲ့တဲ့ မနက်ခင်းတွေလား ငါမခွဲခြားတတ်တော့၊
ကမ္ဘာက သူ့ဟာသူနေတာပါ
ငါကသာ ၂၄ ဒီဂရီတိမ်းစောင်းလို့…………။
မင်း
မြန်မာဖြစ်ရတာဂုဏ်ယူပါဆိုပဲ...
5 hours ago

