လမင်းကို စွဲလန်း
ရင်ခွင်တစ်ခြမ်းပဲ့
အလွမ်းတွေလှုပ်နှိုးတော့
သန်းခေါင်မှာနိုးခဲ့
မြူခိုးတွေဆိုင်းလို့.....။
ကြယ်စင်ကိုတိတ်တခိုး
မှော်ရုံတောတိုးဝင်
နွမ်းနယ်တဲ့ဝိညာဉ်လည်း
အမှောင်မှာ အိပ်စက်
လိပ်ပြာတွေ တောင်ပံခတ်လို့.....။
သက်တန့်ကိုကျော်ဖြတ်
မိုးစက်တွေအိပ်မက်မက်လည်း
ရွှေအိုရောင်နံနက်တိုင်းမှာ
တော်ဝင်တဲ့အလှ
တိမ်တွေတောင်လွမ်းနာကျလို့......။ ။
လင်းစက်ရာ
ဒီနေ့ (Sept 22nd) လင်းစက်ရာရဲ့ မွေးနေ့မှာ သူ့ရဲ့ကဗျာတွေထဲက ဇော်အကြိုက်ဆုံး ကဗျာတစ်ပုဒ်နဲ့ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။
သြော် .. မျက်စိတမှိတ်လျှပ်တစ်ပြတ်အတွင်းမှာ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က အတန်းရဲ့ ညာဘက်အရှေ့ဆုံးတန်းက နံရံနဲ့ ကပ်နေတဲ့ ထောင့်မှာသာထိုင်တတ်ခဲ့ပြီး.. သွားလေးနှစ်ချောင်းကိုပဲ မြင်နေရလို့ ယုန်ကလေးလို့ ဇော်တို့သူငယ်ချင်းတွေ ချစ်စနိုးခေါ်ခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက် ၂၂နှစ်တောင် ပြည့်သွားခဲ့ပြီ။ မထင်မှတ်မိပါဘူး။ ဒီလောက်နှစ်တွေ ကြာညောင်းခဲ့တာတောင် ခင်မင်မှုတွေ ခိုင်မြဲနေကြဆဲဆိုတာ။ မထင်မှတ်ခဲ့မိပါဘူး။ ပိန်ပိန်ပါးပါးလေးနဲ့ အမြဲအေးအေးဆေးဆေးနေတတ်ခဲ့တဲ့ သူငယ်ချင်းက ကွန်ပြူတာနဲ့ ကျောင်းပြီး ဘွဲ့ရခဲ့ပေမယ့် ကဗျာတွေ(အပျော်တမ်း) ရေးနေခဲ့လိမ့်မယ်ဆိုတာ .. လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလက မထင်မှတ်ခဲ့ပါဘူးလေ။ ဖုန်အလူးလူးနဲ့ ကျောင်းရှေ့မှာ ဘောလုံးကန်တတ်တဲ့ သူငယ်ချင်းကို သတိရမိပါရဲ့။
မြန်မာဖြစ်ရတာဂုဏ်ယူပါဆိုပဲ...
5 hours ago

