အမှတ်တမဲ့နဲ့
ကျနော်တို့အတွက် ဘူတာတစ်ခု
၇နှစ်အပြီးမှာ
ဆိုက်ရောက်လာတယ်
အိမ်ပြန်ချိန်မသိ
နားချိန်မရှိတဲ့ နေ့ရက်များ
ပြက္ခဒိန် ၇ခုစာ ပြာဖြစ်ခဲ့ကြ
ကြမ်းတမ်းတဲ့ ခရီးလမ်းမှာ
တစ်ကိုယ်တည်း ပျော်မွေ့ခဲ့ကြ
ယုံကြည်ချက်တစ်ခုအတွက်
လူမုန်းများလဲ
အစိမ်းရောင်ကိုပဲ ချစ်တတ်ခဲ့တယ်
ခါးသက်တဲ့ မုန်တိုင်းတွေနဲ့ ကြုံလေတိုင်း
ကျလုလု မျက်ရည်
ရှိုက်သံမဲ့ ငိုကြွေးရခြင်းတွေ
ကျနော်တို့လဲ လူပါပဲ
နှလုံးသားနဲ့ တည်ဆောက်ထားတယ်
အများအတွက် သေနတ်ကိုင်တဲ့လက်
စိတ်အဆာပြေရုံ
ဘယ်တုန်းကမှ လူမသတ်ခဲ့ဘူး
ငါးခုံးမတစ်ကောင်ကြောင့်
တစ်လှေလုံးပုပ်ဆိုသလို
သစ်တစ်ပင်မကောင်းရုံနဲ့
တစ်တောလုံးပြုတ်ရတဲ့အဖြစ်မျိုး
ကျနော်ရင်နာလို့ မဆုံးပါဘူး လောကကြီးရယ်
မတရားဘူးလို့ ဟစ်ကြွေးချင်ပေမယ့်
ဘယ်သူကရော နားထောင်ပေးလို့လဲ
ကျနော်တို့ရဲ့ သွေးတွေ ချွေးတွေ
ဘယ်သူကရော မြင်ပေးလို့လဲ
အများအတွက် ကိုယ့်ကိုယ်ကိုယ်တူးဆွ
အသက်ကို မြေမှာချခဲ့တာတောင်
ဘယ်သူကများ အသိအမှတ်ပြုလဲ
အဲ့ဒီလိုနဲ့
မသိလိုက် မသိဖာသာ
ကျနော်တို့ တစ်ဖြုတ်ဖြုတ်ကြွေကျသွားခဲ့ရတာ
ဖေဖေ မေမေ
မောင်နှမတွေနဲ့ မိသားစုရဲ့ ဟိုးအဝေးမှာ
မိုးဒဏ်လေဒဏ် ဥတုဒဏ်ကြား
ရင်ဘတ်တစ်ခုလုံး အသားမာတက်
နှလုံးသားတွေ ကျွဲပခုံးထခဲ့ရတယ်
ပြောစမ်းပါဦး လောကကြီးရယ်
မြေမှာ ကြွေဆင်းဖို့သက်သက်တော့
ကျနော်တို့တွေ လင်းလက်မပြခဲ့ဘူး
ပခုံးပေါ်က ကြယ်ဆိုတာ
ကျနော်တို့ သွေးနဲ့ ဖွဲ့စည်းထားတာ
စကားလုံးပေါင်းများစွာ
လက်ညှိုးပေါင်းများစွာ
သူတို့နားမလည်တဲ့ ကျနော်တို့ဆိုတာ
သွေးတစ်စက်နဲ့ ဖြစ်တည်လာတဲ့
ကြယ်တစ်ပွင့်ကိုပဲ ပိုမြတ်နိုးတယ်
ရတယ်
စိန်ခေါ်မှုတွေကြား
မုန်းတီးသူတွေကြားမှာ
ကိုယ့်ကိုယ်ကိုယ် တည်ဆောက်
ယောက်ျားဆိုတာ ဘယ်တော့မှ ဒူးမထောက်ဘူး
ဒီလိုနဲ့
ထိုးနှက်ချက်တွေနဲ့အတူ
အစိမ်းရောင်ကို မုန်းတဲ့လူတွေရှေ့
မနေ့က ကျနော်တို့ပခုံးပေါ်မှာ ကြယ်တစ်ပွင့်တိုးခဲ့ပြီ မေမေ ..။
ဇော်။
( ဒီဇင်ဘာ ၁၄ရက်နေ့ ၂၀၁၁ခုနှစ်၊ ဗုဒ္ဓဟူးနေ့ အပတ်စဉ်၅၀ ... နောင်ရိုးမြတ်ရဲ့ အပွင့်တိုးခြင်းအမှတ်တရ .. ကျနော်ရေးပါသည်။)