အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Thursday, December 30, 2010

မိုးခေါင်နေသော တိမ်တိုက်များ...

အရောင်ခြယ်ထားတဲ့ လေစိမ်းစိမ်းတွေတိုက်လို့
ကျွန်တော်ပြန်ဖျားချင်လာတယ်..
နေမကောင်းခြင်းမှာ.. အလွမ်းတွေ နဲနဲဖောက်ထားသလိုပါပဲ..
သတိရခြင်းတွေ ခပ်ကျကျ ဖြစ်နေလိုက်ပုံများ..
အချိန်တွေတောင် ခါးသက်နေကြတယ်..

ကျွန်တော်သိပ်မသိပါဘူး ချစ်သူ
မြင်နိုင်မယ်ဆိုရင်တော့ ကြည့်ခွင့်ရချင်ပါတယ်
ချစ်သူအတွက် ကျွန်တော်ဆိုတာ ဘာလဲ..
ဖြစ်တည်မှုတွေကြားမှာ..
ဆန္ဒတွေကို မြိုသိပ်..
သူ မမြင်အောင် ကြိတ်ပြီး သက်ပြင်းချရတာ မောလိုက်တာ..

ကျွန်တော်နေမကောင်းပါဘူး..
ကျွန်တော့်ကို ဆူပါ.. ကျွန်တော့်ကို ပြောပါ..
ခေါင်းမာတာတော့ မဟုတ်ပါဘူး
ဇော်ဆိုတာ ရင်ဘတ်ထဲမှာသာ အားငယ်နေတတ်ခဲ့တဲ့ကောင်ပါ..

ဂျစ်ကန်ကန်ဆန်တဲ့ ဇော်.. ဂရုမစိုက်တတ်တဲ့ဇော်..
ပွင့်လင်းတဲ့ဇော်.. မိန်းကလေးမဆန်တဲ့ဇော်..
သူ့မှာလဲ အချစ်ရှိတယ်.. အားငယ်တတ်တယ်..
စိုးရိမ်တယ်.. နောက် နူးညံ့ချင်တယ်..

ချစ်သူရေ..
တာ့တာဆိုတဲ့စကားလုံး နှစ်လုံးကို ကျွန်တော်မုန်းချင်လာခဲ့ပြီ
နောက်မှပေါ့ ဆိုတာတွေကို နဲနဲလောက်လွှင့်ပစ်ခွင့်ရနိုင်မလား
အဲ့ဒီ ဟန်ဆောင်လောက၀တ်တွေကြားက ခနလောက် ရုန်းထွက်ခွင့်ကို
ကျွန်တော် ငတ်မွတ်တမ်းတမိတယ်..
အရှေ့တောင်အရပ်မှာ မိုးခေါင်နေပါတယ်
ကျနော့်ကဗျာလေးလဲ မိုးခေါင်နေတယ်..
မိုးဘယ်မှာ ရွာနေလဲ ကျွန်တော်မသိဘူး...။

ဇော်။

Friday, December 24, 2010

သင်္ခါရလောက

သစ်ရွက်တွေမှာ
တမလွန်ရှိမယ်ဆိုတဲ့စိတ်နဲ့
သူ့တို့ရဲ့ သင်္ခါရကို
ရှာကြည့်နေမိတယ်။

ဖောက်ပြန်နေတဲ့
တရားအစုဟာ
အဂတိမလိုက်စားဘူး။

အမှိုက်လေးတစ
မဆင်မခြင်လွှင့်ပစ်
လိုက်တာကိုက
ကျနော့် အကုသိုလ် ။

မမြဲခြင်းတရားဟာ
အသွင်သဏ္ဌာန်အားဖြင့်
မြဲနေသေးတယ်ဆိုရင်
ပညတ်တွေကို
ကျော်ကြည့်ရအောင်လား။

အဲဒီ ဓမ္မကို
ကြည်ညိုခြင်းကြီးစွာနဲ့
ကျနော်ဟာ လူလားမြောက်ခဲ့
ပါတော့တယ်......။ ။

ဟိန်းလတ်ဇော်

Wednesday, December 22, 2010

ကျိန်စာမိခဲ့တဲ့ ဥတုတစ်ခုအကြောင်း

ချစ်မိသူဟာ အရှုံးတဲ့
စိန်ခေါ်မှုတောင် မစခဲ့ရသေးပါဘူးကွယ်
ပဏာမ ခြေစစ်ပွဲမှာကတည်းက
အနီကဒ်ထိပြီး
စည်းဝိုင်းအပြင် ရောက်ခဲ့ရတယ်..


ငါ
စောဒက မတက်ခဲ့ပါဘူး
တိတ်တိတ်ဆိတ်ဆိတ်ပဲ
စည်းအပြင်ဘက် ထွက်ရပ်ပေးခဲ့တာပါ
မတတ်နိုင်ပါဘူး ချစ်သူရယ်
ငါ့ ကြမ္မာတွေကိုက
(နင်နဲ့ပတ်သတ်ရင်)
အဖန်တစ်ရာ ငင်ချင်နေကြတယ်..


ဒီလိုနဲ့ ငါ
စည်းဝိုင်းထဲ
( မသိလိုက်မသိဖာသာနဲ့)
နောက်တစ်ကြိမ်
ပြန်ရောက်ခဲ့ပါသေးတယ်
တက်တက်ကြွကြွ
အကောင်းဆုံးကပြဖို့ ဟန်ရေးပြင်တုန်း
အ၀ါရောင် သင်္ကေတ တစ်ခု
ငါ့မျက်နှာရှေ့ အလံလာထူသွားတယ်
ငါ လူကျွံနေခဲ့ပြန်ပြီတဲ့..


ချစ်သူရေ..
(အခုတော့လဲ)
ငါဟာ ပွဲကြည့်ပရိတ်သတ်ပါကွယ်
နင်ခြေစွမ်းပြလေသမျှ
ရင်သပ်ရှုမော
ဒုတိယပိုင်းတောင် ပြီးတော့မယ်
ငါကတော့
ရင်ခုန်ကောင်းဆဲ
မျှော်လင့်ဆဲ..........

ဇော်။

Tuesday, December 21, 2010

မေမေ့လက်ဆောင်

မေမေ...
မှတ်မိသေးတယ်လေ...
ကြာခဲ့ပြီဖြစ်သော..ကျောင်းသားဘဝ
မေမေ့မေတ္တာတွေ လွယ်အိတ်ထဲထည့်...
ဘာမှမဟုတ်တဲ့ အတွေးတစ်ခုနဲ့...
ကျောင်းမှာပျော်ခဲ့တယ်
မိုးရွာတဲ့ကျောင်းဆင်းနေ့တွေ
ကျောင်းဝင်းရဲ့ဂိတ်ဝမှာ
ထီးဆောင်းရင်းအလုအယက်
မကြောက်မရှက်ဆီးကြိုနေပုံလေး
ဝေးကွာစွာကျန်ခဲ့လည်း...
မေမေ..သားမမေ့သေးပါဘူးလေ...။

လူငယ်ဘဝ
ဦးစားပေးပညာရေးကိစ္စအတွက်
အိမ်နှင့်ခွဲခွာ လက်ပြလို့နှုတ်ဆက်စဉ်က
ပီတိနဲ့မေမေ မျက်ရည်တွေ...ဝေရင်း
ဥသြသံတိုးစေခဲ့တာ
နှုတ်ဆက်ချိန်ဘူတာကြီးမှာ...။

လွမ်းလွန်းလို့အိပ်မပျော်
အိမ်အကြောင်းတွေးရင်းအချိန်တွေကြာ
ချမ်းအေးတဲ့ ပြင်ဦးလွင် December က
ထပ်ဆင့်ကာဝေး..တွေးမရတဲ့မိုင်တွေဆီ
ရောက်လာပြန်ပြီတစ်ခါ....
ဒီတစ်ခါသွားရမှာဟိုးအဝေးက ရေမြေခြားဆီမို့
လေယာဉ်ကွင်းထဲလွမ်းမဆုံးနိုင်...
အချိန်လုစကားပြောခဲ့..
ဟောဟိုမှာ...
လေယာဉ်ကြီးလည်းပန်ကာလည်ပြီ
ည(၉)နာရီလည်းထိုးပြီ...
လေယာဉ်ကွင်းလည်းငိုနေပြီ
မေမေနဲ့အတူ...။

အချိန်တွေလည်းကြာခဲ့ပြီ
အခုထိလွမ်းရင်းဆွေး
အတွေးတွေလည်းနှစ်ချို့လို့
သို့သော်လည်းမေမေ...
သားမမေ့သေးပါဘူး..
အန္တရာယ်ကင်းစေချင်လို့...
သားချစ်တဲ့မေမေ
သားရင်ထဲကမေမေ
ပေးခဲ့တဲ့အဆောင်လေး
မပျောက်သေးပါဘူး
ဘုန်းနိမ့်မှာယောင်လို့တောင်မတွေးမိလို့...
ဒီနေ့ထိလည်ပင်းမှာဆွဲထားခဲ့တာ
မေမေ....
မေမေ့ရဲ့...အထက်ဆင်စလေးပါ...

နေပိုင်

Wednesday, December 15, 2010

သစ္စာ၌ ဆန္ဒကို တည်သောအခါ .....

ငါ
အမှတ်မရှိ
အဆုံးအစမဲ့ ဒီခရီးကို
(နောင်တမဲ့)
ထွက်ခဲ့မိတယ်။

မပီပြင်တဲ့ လမ်းကြမ်းတွေထဲ
ပြိုတလှည့် ပျက်တလှည့်
လင်းတလှည့် မှောင်တလှည့်နဲ့
စမ်းတ၀ါးဝါး ငါလျှောက်နေခဲ့ရတယ်။

အနံ့အသက်ဆိုးဝါး
ပုပ်လျှလွန်းတဲ့ ဒီနွံတလွှားမှာ
ကူကယ်ရာလဲ မဲ့လှတယ်။

ဝင်သက်ထွက်သက်ကိုမှ
မသိနိုင်တဲ့ သြကာသထဲ
စွဲလန်းခြင်း ပိုက်ကွန်
အတောမသတ်နိုင်တဲ့
ဒီလောဘတွေနဲ့
ငါ ... လုံးပါး ပါးခဲ့တော့မယ်။

နိုးထခြင်းနဲ့ အိပ်စက်ခြင်းကြား
ကိုယ့်ကိုယ်ကိုယ် မေ့လျော့
သတိကိုမှ မသိနိုင်ဘဲ
ကျော့ကွင်းတွေနဲ့ ၀င်တိုးရင်းက
ငါ ...
အကြိမ်ကြိမ် သေဆုံးနေတယ်။

တောက်လောင်မှုတွေ
မီးလျှံရဲ့အဟုန်နဲ့
ပူပြင်းလောင်မြိုက်
မငြိမ်းတဲ့ အဇ္ဖျတ္တကမ္ဘာမှာ
ငါ ...
လူဖြစ်ရတာ မောတယ်။

ရလိုမှုနဲ့ မက်မောမှုတွေ
ငါ့အား အထပ်ထပ်ရစ်သိုင်း
ငါ့ ခြေလှမ်းတွေ ယိုင်နဲ့ခဲ့ရပြီ။

ငါနဲ့ငါ့ အကြားမှာ
လူးလားခေါက်တုံ့
ဒွေးရောယှက်တင်
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့
စိတ္တဇလဲ ပီသခဲ့ပါပြီ။

အတ္တဟိတနဲ့ ပရဟိတ
သိသလိုလို မသိသလိုလိုနဲ့
သမုဒိသစ္စာနဲ့ ပရမတ္တသစ္စာအကြား
နက်နက်ရှိုင်းရှိုင်း
သမုဒ္ဒရာဆန်စွာ
ငါ ... နစ်မွန်းနေခဲ့ပြီ။

အရှင်
အလင်းကို ပြသောသူ ဖြစ်ပါလော့
အရှင်လျှောက်သောလမ်း၌
ငါ့အား .. တောင်ဝှေးဖြစ်ခွင့် ရှိပါရစေ။

နွေရာသီရဲ့ သစ်တစ်ပင်လို
ရွက်ဟောင်းတွေကြွေ
ရွက်သစ် ဝေမှာကိုလဲ
ငါ စိုးပါရဲ့။

ဒီနေ့မဟုတ်တဲ့ နံနက်ဖြန်အတွက်
(စိုးထိတ်ရင်ပူ)
ပုထုဇဉ်ဆန်ဆန်
အတွေးအကြံတွေလဲ မဖြစ်ရစေ။

လိမ်ညာလှည့်စား
မရိုးဖြောင့်ခြင်းတွေကြားက
အစာတစ်လုတ်အတွက်
အဲ့ဒီ မိုးခါးရေတစ်ခွက်ကို
ငါ မမြိုရပါလို
ငါ့ကို လမ်းပြပေးလှည့်ပါ။

ဆူညံပေါက်ကွဲ
နာခံရာခက်
အရိုင်းဆန်ဆန် သံစဉ်တွေကြားမှာမှ
ငါ့အား တိတ်ဆိတ်ခြင်းလဲ ရှိပါရစေ။

ငြိမ့်ညောင်းနှစ်လိုဖွယ်
ချိုသာယစ်မူး
ပျိုမြစ်မှု ဂီတတွေကြားမှာမှ
ငါ့အား ငြိမ်သက်ခြင်းလဲ ရှိပါရစေ။

အရှင်
ငါ မောလှပါပြီ
ထွန်ယက်မှုလဲ မလုပ်ရစေ
ပျိုးကြဲမှုလဲ ကင်းရစေ
အရှင်ညွှန်ပြရာ ခရီးလမ်းမှာ
ငါ ....
ဥပေက္ခာကို အဖော်ပြုရင်း
သတိတစ်ခုကိုသာ
ကိုင်စွဲထားခဲ့ချင်ပါပြီ။

ငြိမ်သက်ခြင်း သစ်သားနဲ့
စပ်ထားခဲ့တဲ့ ဒီအခေါင်းမှာ
ငါ့ အတ္တခန္ဒာကို ထည့်သိုရင်း
တိတ်တဆိတ်ပဲ
ငါ့ကိုယ်ငါ သရဏဂုံ တင်ခဲ့ပါရစေ။

ငြိမ်းချမ်းသောသူသည် ငြိမ်းချမ်းရာသို့ သွားရာ၏။

အရှင်
ငါ၏ ရင်သည် မီးထက် အဆတစ်ရာ ပူသော
လောင်ကျွမ်းမှုမျိုးဖြင့် ရှိပါ၏
မငြိမ်းသောမီး၌
ငါ့အား တွဲလက်ကို ကမ်းပါလော့...

အရှင်
ငါ့အား ခေါ်ဆောင်ရာသို့ တည်ပါစေ။

ဖတ်ဖူသော ကဗျာထဲကလို
ငါကား ငြိမ်း၏
မီးကား မငြိမ်းတော့ချေ။

ဇော်။

Saturday, December 11, 2010

အလွမ်းဖွဲ့ ရာသီ

အရှေ့ဘက်ကောင်းကင်မှာ
မိုးတွေ ညို့လာနေခဲ့ပြီ
အဲ့ဒီ ရေစက်တွေပေါ့
ငါ့မျက်ရည်နဲ့ ဟန်ဆောင် မိတ်ဖွဲ့ကြဦးမယ်

မစားကောင်းမှန်းသိပါရဲ့
ငါကိုက ဆာလောင်ငတ်မွတ်နေခဲ့မိတယ်
ထွန်ယက်စိုက်ပျိုးခဲ့တာပါပဲ
မြေပြင်ကိုက မျိုးဖြစ်ဖို့ ညံ့ခဲ့တယ်

စကားသံတွေ စကားလုံးတွေ
(ငါ့အပေါ်ကို)
သဲကြီးမဲကြီး ရွာချနေကြတယ်

နှုတ်သီးကောင်း လျှာပါးလေးရယ်
နှုတ်ခမ်းတလန် ပန်းတလန်တွေ
ခနလောက် သိမ်းထားပါလား
နင့်ရဲ့ စွာလန်ကြဲမှုတွေထဲ
ငါ့မာနတွေ အရည်ပျော်
ငါကိုယ်တိုင်တောင်
ခေါင်းမဖော်နိုင်တော့ဘူးကွဲ့

အဲ့ဒီ အပြာရောင်လေးနဲ့ ငါဆုံတိုင်း
အလန့်တကြား ထထခုန်တဲ့
ဒီရင်ဘတ်ကို ငါ မုန်းတယ်

ကောင်းကင်တေးသံတွေ
တစ်စွန်းတစ်စ ငါကြားမိတိုင်း
အငမ်းမရဖြစ်တတ်လွန်းတဲ့
ဒီနားရွက်တွေ ငါ မုန်းတယ်

အဲ့ဒီလို
(အခိုင်အမာ) ရူးနေခဲ့ရင်းက

(မစားရလို့)
တားမြစ်ထားတဲ့ ပန်းသီးလေးရယ်........
အခုတောင်
ငါ လွမ်းတယ်........

ဇော်။

Thursday, November 25, 2010

ချစ်သူမသိသော တစ်ညနေ.....

လေလှိုင်းထဲ စီးမျောလာတဲ့ အဲ့ဒီ ဂီတတွေထဲ
ညစ်ညူးမှုတွေ အချိုးကျကျ ပါဝင်နေခဲ့ပါသတဲ့
မကြည်လင်မှုတွေနဲ့ အဓိပါယ်ဖွင့်ဆိုထားတဲ့ ဂီတတွေရဲ့
ညှို့ငင်မှုအောက်မှာ
ငါ အသက်ရှူဖို့တောင် မေ့လျော့ခဲ့မိတယ်
ညနေခင်းက သာယာပါရဲ့
ရာသီဥတု အေးစိမ့်လိုက်ပုံများ
ငါ ကိုယ်တိုင်တောင် နှင်းဖြစ်လောက်တယ်

စိုထိုင်း အေးစက်နေတဲ့ ဒီအခန်းကျဉ်းလေးထဲ
ငြိမ်ငြိမ်သက်သက် ထိုင်ရင်း
အသက်ရှူဖို့ ငါမေ့ခဲ့တယ်
ငါဖတ်ဖူးခဲ့တဲ့ ကဗျာထဲကလို
အညတရဆန်ဆန်ပျောက်ဆုံးသွားဖို့
အကြောင်းအရာတွေ ကြီးကျယ်စရာမှ မလိုခဲ့ဘဲလေ...


မြောက်ပြန်လေရဲ့ ဆောင်းငွေ့တွေနဲ့အပြိုင်
အေးစက်စက် ဂီတသံတွေ နာကြားရင်း
ငါ့ စိတ်ခန္ဒာ.. အဲ့ဒီခြေရင်းမှာ ပြိုလဲခဲ့တယ်..
စကားလုံး မရှိတဲ့ ခံစားချက်ကို .. အဓိပါယ်ဖွင့်ဖို့ ငါ ကြိုးစားရင်းနဲ့ပဲ
ရထားအိုလဲ ဝေးသွားခဲ့တယ်

ငါ မငိုပါဘူး ချစ်သူ
မျက်ရည်တွေက နာကျင်ခြင်းတွေကို တိုက်စားသွားမှာစိုးလို့
ငါ မငိုဖြစ်ခဲ့ပါဘူး
အဲ့ဒီ မြှားဒဏ်ရာရဲ့ သွေးအစက်စက်ကျမှုကို သိမ်းဆည်းရင်း ငါ တိတ်တဆိတ် ကြွေလွင့်ခဲ့တယ်..
နဖူးက အမာရွတ်ကိုမြင်တိုင်း မဟော်ကိုသတိရတတ်တဲ့ ကေ၀ဋ်ပုဏားလို
ငါ့ သွေးအစက်စက်ကို နင်ပြဆိုတယ်
စိတ်ညစ်ရတယ်ဆိုတဲ့ စကားသံတစ်ချို့အောက်
ငါ သိမ်ငယ်ပျောက်ဆုံးခဲ့တယ်..
ငါ သိပ်ချစ်တဲ့ ဟော့ဒီ ငါ့ရဲ့ လက်အစုံက ငါမြတ်နိုးတဲ့ ချစ်သူကို နာကျင်စေခဲ့တယ်တဲ့လား
ငါ တန်ဖိုးထားခဲ့တဲ့ ငါ့ စိတ်ကူး အသိဥာဏ်အချို့က ငါ ချစ်တဲ့ ချစ်သူကို စိတ်ညစ်စေခဲ့တယ်တဲ့လား
အလန့်တကြား ငါ မော့ကြည့်မိတော့..
အိုး ကောင်းကင်ရယ်.. မှိုင်းမှုန်ရီဝေလွန်းချည်ရဲ့

ပျောက်ဆုံးနေတဲ့ စကားသံတွေရဲ့ တိုက်ခိုက်မှုကို အလူးအလဲ ငါ ခံခဲ့ရတဲ့နောက်
လေတွေတောင် အတွယ်အတာ မဲ့နေကြသလိုပါပဲ
လောကကြီးရယ် .. ငါတစ်ယောက်တည်း နေခွင့်ပေးပါ
ဘုရားအဆူဆူရှေ့ ငါ့ချစ်ခြင်းကို ပြဌာန်းချင်လို့

ချစ်မိတာကို အပြစ်တစ်ခုလို အတင်းဆိုကြပါစေ..
ငါ့ ရင်ဘတ်က အသည်းနှလုံးတစ်ခြမ်း နင်တစ်ခြမ်းဖြစ်ခဲ့တယ်
ချစ်သူရင်ကို မြင်အောင်မကြည့်နိုင်ပါဘဲ ဝေါဟာရတွေ ဖွဲနွဲ့ခဲ့မိလို့
စကားလုံးတွေရဲ့ ဒဏ်
ငါသင့်ခဲ့တယ်
ကမ္ဘဦးအစမှာကတည်းက
ချစ်တယ်ဆိုတဲ့စကား ချစ်သူနားလည်အောင် ပြောမပြတတ်ခဲ့တဲ့ကောင်
နောင် ဆယ်ကမ္ဘာတိုင်အောင် လွမ်းရစေသတည်းတဲ့..
ဒီလိုနဲ့ပဲ .. ကျနော်ပျောက်ဆုံးခဲ့တော့တယ်
အညတရ ဆန်စွာ.........

ဇော်။

Wednesday, November 17, 2010

ကုမ်ရာသီသို့ ပေးစာ

ခနတဖြုတ် မတော်တဆနဲ့
ငါ ရွာချခဲ့လိုက်မိတာပါ
ဒါပေမယ့် တစ်သက်စာလုံး ညို့မှိုင်းလို့

လန်းလန်းဆန်းဆန်းနဲ့ အစွမ်းကုန် ပွင့်အာဖို့
ငါ ဖူးခဲ့တာပါ
မထင်မှတ်ခဲ့မိဘူး
တစ်တောလုံးကြွေတဲ့ ဒီနွေထဲ
ငါ ပါသွားခဲ့လိမ့်မယ်လို့

ရနံ့တွေနဲ့ ထုံမွှန်းထားလို့
(မြတ်နိုးစွာ)
ငါ အသာငုံ့မွှေးလိုက်မိပါတယ်
ငါ့တစ်ကိုယ်လုံး ဆူးတွေ စူးလို့

ကံဇာတာမှာ ရာဟုတွေများ အုပ်စိုးနေခဲ့လားလို့
စစ်ကြည့်မိပါတယ်
ရာသီခွင် ဟောစတမ်းမှာ
ကြာသပတေးဂြိုလ်ထဲ အကျဉ်းကျနေခဲ့ပါသတဲ့

လပြည့်နေ့ရဲ့ ပြယုဂ်လေးရယ်
(ကျေးဇူးပြုပြီး)
အလင်းတွေကို သိပ်မလင်းချင်းပြပါနဲ့
ငါ့ ရင်ကမ်းစပ်မှာ နင့်အလင်းတွေကြောင့်
လှိုင်းခြေရာတွေ လူမြင်ကုန်ပါ့မယ်
ကြယ် ကိုယ်စားလှယ်တွေ ငို ကုန်ပါ့မယ်
မငြူစူလိုက်ပါနဲ့
ငါကိုက နင့်လောင်းရိပ်မှာ မိခဲ့တယ်
မလှန်ဘဲ ထားခဲ့မိတဲ့ အဲ့ဒီ စာမျက်နှာထက်
အော်ခေါ်သံတွေ ထပ်ခဲ့တယ်

လပြည့်နေ့လေးရေ
ဆုံးဖြတ်ခံသူတို့ရဲ့ အဆုံးစီရင်ပွဲမှာ
ငါဆိုတာ ယဇ်ကောင်ပေါ့
နှလုံးသွေးကိုဖောက် အဲ့ဒီ အဆိပ်ကို သောက်ခဲ့မိရင်းက
ရာသီတွေ ကြွေနေခဲ့တာ
( ရင်တစ်ခုလုံး)
မှောင်ပိန်းလို့။

ဇော်

Sunday, October 31, 2010

သူမသိသော တနင်္ဂနွေ...

ဘယ်တော့လဲလို့ သူမပြောခဲ့ဘူး
ဘယ်အချိန်လဲလို့လဲ သူ မသတ်မှတ်သွားဘူး..
နှုတ်ဆက်ခြင်းကင်းစွာ သူထားခဲ့တဲ့
တိတ်ဆိတ်တဲ့ ကျန်ရစ်မှုအောက်.. နာရီပတ်တွေ လည်ခဲ့တယ်

အဝေးရောက်တိမ်တိုက်တွေရယ်..
အမှာစကားနားကြားဖို့များ ငံ့လင့်နေရော့သလားကွယ်
မိုးရွာပြီးစ သက်တံ့ရောင်ပျိုကိုမှ လွမ်းဆွတ်မိတဲ့ငါ
နောက်တစ်ကြိမ်မိုးအရွာကို မှီပါဦးမတဲ့လား

ဖိတ်ခေါ်လို့မှ ရောက်မလာတဲ့ ဧည့်သည်
အိပ်တန်းများ တက်နေခဲ့ပါသတဲ့လားကွယ်
ခပ်မဆိတ်ငံ့လင့်ရင်း ရည်စူး
ကြယ်တစ်ပွင့်ကို ငါရူးခဲ့မိလိုက်တယ်

စုပ်လဲဆူး စားလဲရူးတဲ့ လူ့အန္ဓတစ်ယောက်ရဲ့ ရာဇ၀င်မှာ
အိပ်မက်ခြေရာတွေထပ် ..
နှုတ်ဆိတ်မဲ့ အလင်္ကာတွေ မျိုးကြဲ
စိတ်ကူးတွေကို ပျိုးနေခဲ့မိပါသတဲ့

ခွင့်မတောင်းပါဘဲ ဆက်ထားမိတဲ့ ပန်းချီကားတစ်ချပ်ကို
အလိုမတူပါဘဲ ချိတ်ထားခဲ့မိတယ်..
ငါက သစ်တစ်ပင်ပါ ..
ပျံသန်းရောက်ရှိလာတဲ့ နွေဦးငှက်လေးကို ရင်ခွင်မှာ ပွေ့ဖက်မထားနိုင်ခဲ့ပေမယ့်
သူထားခဲ့လေသမျှ ခြေရာတွေကို သိမ်းဆည်းသိုဝှက်ရင်း
သူ့ကို...
တသသ ငေးမောရုံ...

ဇော်။

Tuesday, October 26, 2010

ချစ်မိလေသောအခါ...

ကဗျာတွေထဲက ကဗျာတွေပါပဲ
ငါ့အပေါ်ကို တစိမ့်စိမ့်ရွာကျ
တိတ်ဆိတ်ခြင်း ဒီညတွေမှာ
ခပ်မဆိတ် အရည်ပျော်ခဲ့တာ
(လူမသိ သူမသိနဲ့)
နှစ်ဆယ့်လေးနာရီတွေ ထောင်ချီနေခဲ့ပြီ ...။

တမေ့တမောပါပဲ
မေ့မေ့လျော့လျော့နဲ့ ရွယ်စူး
အချိန်တိုင်းမှာ ငါ ရူးခဲ့မိတယ်
ဟောဒီ ကဗျာတွေပေါ့
ငါ့ရင်ကိုဖောက် အသိဥာဏ်အချို့ကို
ခိုးယူသောက်သုံးသွားခဲ့တာ ...။

တိတ်တဆိတ် ငြိမ်သက်ခြင်းတွေနဲ့
ဆူညံစွာပေါက်ကွဲ
ရင်တွင်းစစ်ပွဲမှာ
ဘယ်သူကများ အလံထူခဲ့ပါသလဲ...။

မသိဝိုးတ၀ါး ဆိုးရွားမှုတွေနဲ့
ကိုယ့်ကိုကိုယ် လွှမ်းခြုံ
ငါ့နေ့ရက်တွေ ကုန်ဆုံးခဲ့တယ်
ညပေါင်းများစွာ
နာရီပေါင်းများစွာ
အောက်ဆီဂျင်ပေါင်းများစွာ
အိပ်မက်တွေထဲ စိတ်ကူးတွေ ထည့်ဖျော်ရင်း
မသိနိုးနား ငါထုံအခဲ့တယ် ...။

အိုဘယ့် နတ်ဘုရားငယ်
မျက်လွှာတော်တ၀င့်
သံတော်ဆင့်မျှနှင့်
အဘယ်ခင်းကြောင့်များ
ငါ ရင်နင့်ခဲ့ရပါလိမ့် ...။

ချစ်ခြင်းကို ပျိုးခဲ့မိရုံမျှနဲ့တော့
ဥယျာဉ်တော်တစ်ခွင်မှာ
မှော်ရုံတောတွေ မဖြစ်ထွန်းလောက်ဘူး ထင်ပါရဲ့ ...။

မြတ်နိုးခြင်း အင်္သချေ
လွမ်းဆွတ်ခြင်း တစ်ကုဋေနဲ့
ငါ ကဗျာတွေ စပ်လိုက်တယ်
ကောင်းကင်က ရယ်လေရဲ့
ကြယ်တွေက တီးတိုးဆိုတယ်
ရူးလည်းရူးတဲ့ကောင်တဲ့
လေပြေညှင်းကတော့
ငါ့ မျက်နှာကို မော့မော့ကြည့်နေတုန်း ...။

ဇော်

Friday, September 24, 2010

ကျနော်မသိလိုက်တဲ့ ကျနော့်ညတွေ



ခပ်ပျပျ အလင်းရောင်တွေ မှုန်ဝါးဝါးလွှမ်းခြုံ
ဆေးပန်းချီတွေ ချယ်မှုန်းဖို့ သူကြိုးစားတယ်
အရောင်တွေလဲ သူထည့်ပါရဲ့
စုတ်ချက်တွေလဲ သူ ဆွဲပါရဲ့
အနက်ရောင်သာ လွှမ်းမိုးခဲ့တာကတော့
သူ့ဘ၀င်မှာ သူ့ဟာသူများ
စူးရှနေခဲ့တာတဲ့လားဗျာ

ညက ကျနော့်စိတ်ကူးတွေကို ခိုးယူစားသုံး
ကျနော့်အိပ်မက်တွေကို အရေဖျော်ခဲ့တယ်
ကျနော့်စိတ်ကို သူနားမလည်ပါဘဲ
ကျနော့်ကိုလဲ ငြိုငြင်ခဲ့တယ်
တမြေ့မြေ့နဲ့ ကျနော့်ကို ဖုံးအုပ်
သူ လွှမ်းခြုံခဲ့တဲ့ အနက်ရောင် ပိတ်သားအောက်မှာ
ကျနော်က ပိုးစုန်းကြူးတစ်ကောင်မျှသာ

ကျနော် စိတ်မဆိုးပါဘူး
စိတ်လဲ မဆိုးတတ်ခဲ့မိဘူး
မှုန်ရီဝိုးတ၀ါးထဲ တစ်စစ လဲပြို
ကျနော်မသိလိုက်ပါဘဲ ကျနော့်ညတွေ
အဓိပါယ်ခွက်ထဲ ပျော်ကျနေခဲ့တယ်

ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ
ကျနော်တွယ်တာတတ်ခဲ့တဲ့ညတွေ
အရုဏ်မတက်ခင် အာရုံတွေထဲ ဖျားနာခဲ့တယ်
ရောင်နီမလာခင် အရောင်တွေထဲ နီထွေးခဲ့တယ်
အလင်းတွေ မခင်းကျင်းခင် အလင်းတွေနဲ့ ထွန်းလင်းခဲ့တယ်

ညဟာ မှော်ဆန်တယ်
ပဉ္စလက်လဲ ဖြစ်တယ်
မာယာတွေထဲ မာန်တွေနဲ့လဲ ရှင်သန်တယ်
လင်းလိုက်မှောင်လိုက်နဲ့ ပညာကုန်သုံး
တိမ်မည်းတွေနဲ့ လှည့်စားတယ်
အဲ့ဒီကောင်းကင်တစ်ခိုမှာပါပဲ
ည ချိတ်ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်
တော်ဝင်ဆန်ခဲ့တယ်

ဟော
ပြောရင်းဆိုရင်း မိုးသောက်ခဲ့ပြီ
ညဟာ မှိန်ဝါးစွာပျောက်ကွယ်
သူ့ရဲ့အိပ်စက်ချိန်လဲ ဖြစ်တည်လာခဲ့တယ်
သူကိုက ပြောင်းပြန်အချိုးကျ
နေ့ဘက်မှာမှ အနားယူတတ်သတဲ့
၃နဲ့၎ လို ကျောချင်းကပ်ချစ်ခြင်းမျိုးနဲ့
ညက နေ့ကို လက်ပြနှုတ်ဆက်
အဲ့ဒီ နှင်းတောထဲမှာပါပဲ
( ကျနော့်ကိုထားပြီး)
ည တိုးဝင် ထွက်ခွာသွားခဲ့တော့တာ
အခုဆို နာရီတစ်ပတ်တောင် ပြည့်ခဲ့ပြီပေါ့ဗျာ

ဇော်

Wednesday, September 22, 2010

လွမ်းတဲ့ည (၂)

ကြယ်ရောင်တွေမလင်းလည်း
ညက အဆင်းသစ်နဲ့လှနေတယ်..။

မြို့ပြက
တိတ်ဆိတ်ခြင်းတေးသွားနဲ့ ညကိုကခုန်တယ်..။
လွမ်းမောသူက
တမ်းတခြင်းနဲ့ လေညင်းကို တီးတိုးဆိုတယ်..။
အငွေ့အသက်တွေဖြန့်ကျက်ယဉ်ပါးရင်း
ရင်တစ်ခွင်လုံးလွမ်းနာကျတယ်..။
နတ်သမီးအိပ်မက်တွေအကြောင်း
ဒိုင်ယာရီတစ်အုပ်က သိုဝှက်တယ်..။

(အဲဒီ) ဆံနွယ်တွေဖြန့်ကျက်ထားတဲ့အလှဟာ
(အခုထက်ထိ) ထိရှထက်မြနေတုန်းပဲ..။
နာယူဖူးသမျှရဲ့
အနက်ရှိုင်းဆုံးဂီတသံတွေအဖြစ်
ပြင်းပြလောင်ကျွမ်းခဲ့ကြတယ်..။
နှောင်ကြိုးမဲ့ ချည်နှောင်ဖွဲ့မိသူတွေထဲ
ပထမဆုံးလည်းမဟုတ်ခဲ့သလို
နောက်ဆုံးလည်းမဟုတ်ခဲ့ပဲ
အသိခေါက်ခက်နဲ့ အဝင်နက်တဲ့မြားတစ်စင်းအဖြစ်
စူးနစ်စွဲမြဲခဲ့ဖူးတယ်..။
ပျောက်ရှသွားတဲ့ ရနံ့တွေနဲ့
ခိုးဝှက်ထိတွေ့ခဲ့မိဖူးတဲ့ ဆံနွယ်အဖျားလေးတွေ..၊
အဲဒီညနေရီမှာကြိုးပြတ်ခဲ့တာ
အရုပ်တစ်ရုပ် မဟုတ်ခဲ့ဘူး...။

မျက်ဝန်းအကြွေတွေကို ကောက်ယူစုဆောင်းရင်းနဲ့ပဲ..
ကိုယ့်ဆုတောင်းတွေထဲ
ကိုယ့်ကိုယ်ကိုယ် ကြိုးကွင်းတပ်တဲ့သူ...၊
အနာတရတွေ သိမ်းဆည်းရင်းနဲ့ပဲ
အဖြူရောင်အခင်းအကျင်းနဲ့
အိပ်မက်အသေတွေ စီးဆင်းခဲ့တဲ့သူ...၊
နှုတ်မိန့်တစ်စုံတစ်ရာအတိုင်း
ကြေမွသွားတဲ့ အပိုင်းအစအားလုံးထဲ
ပျော်ဝင်ခြင်းစစ်စစ်တွေ ရှင်ကွဲကွဲခဲ့ကြတယ်...။
ဓါးသွားတွေကိုင်ဆွဲထားတဲ့စစ်ပွဲတစ်ပွဲ မဟုတ်ပဲ
ငါ သွေးချင်းချင်းရဲခဲ့တယ်...။
ငါ့ဥယျာဉ်တော်မှာ ဖူးခဲ့သမျှပန်းတွေအားလုံး
ပိုင်ရှင်မသိပဲ သေဆုံးသွားခဲ့ကြရတယ်..။

ဒီလိုနဲ့ပဲ................
.........................
.........................။

ပုံပြင်တွေမဆိုလည်း
ညကခပ်ကျဲကျဲချိုပါရဲ့.....။ ။

လင်းစက်ရာ


( လင်းစက်ရာရဲ့ ၂၃နှစ်မြောက် မွေးနေ့ကို ကျနော် သူ့ကဗျာလေးနဲ့ နှုတ်ဆက်ပါတယ်
လင်းစက်ရာ (သို့မဟုတ်) စိုးထွန်းနောင်... မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ... သူချစ်တဲ့ ကဗျာတွေနဲ့အတူ အမြဲ ရှင်သန်နိုင်ပါစေ..... )

Tuesday, September 21, 2010

အစကတည်းက သေချာခဲ့သော တိတ်တဆိတ် ကျန်ရစ်ခြင်း

ကောင်းကင်ရဲ့ တေးသွားမှာ
ငါပျော်မြူးချိန်
မုန်တိုင်းတွေ ငိုနေခဲ့တယ်
သက်တံရောင် ဆည်းဆာတစ်ခု
ကောင်းကင်ရဲ့ ထောင့်ချိုးကနေ ချောင်းကြည့်နေလေရဲ့
နေမင်းရယ်
ငြိုးဖျော့စွာ လင်းလက်
နင့်ရဲ့ဆောင်တော်ကူးချိန်မှာ
ငါတစ်ယောက်တည်း အားငယ်တတ်ခဲ့လိုက်တာ
ကောင်းကင်တစ်ခုကနေ
နှုတ်ဆက်လက်ပြ
နင့်အပြုံးတွေ မှိန်လျော့ခဲ့ပြန်ပြီပေါ့
နေမင်းရယ်
ဟိုးတစ်ဘက်ခြမ်းမှာ နင်ပျော်မြူးချိန်
ငါ့ကောင်းကင်က မှောင်နက်နေတယ်
ကဗလာ ခင်းကျင်းခဲ့တယ်
တိမ်မည်းညိုတို့ လွင့်မျောခဲ့
နေမင်းမရှိတဲ့ ကောင်းကင်
လမင်းမသာတဲ့ ဒီည
ငါ့ဘ၀ မျက်နှာငယ်လိုက်တာဟာ
နေမင်းရေ...
နင်ရောက်လာမယ့် နေ့သစ်ဦးစ
ဟိုးခပ်ပြပြမှာ တောင်ခိုးတွေဝေနေကြတယ်
မိုးရာသီရဲ့အေးမြမှုဟာ စက်တင်ဘာတွေကို
လွှမ်းခြုံနေခဲ့ပြန်ပြီ
ငါ တိုးတိတ်စွာ ဟစ်ကြွေး
နင့်ချိတ်ဆွဲနေတဲ့ အဲ့ဒီ ကောင်းကင်ထောင့်ချိုးက ဆည်းဆာလေးတစ်ခု
ငါ့ရင်တွင်းမှာ ခြေရာထင်ကျန်ခဲ့ပေါ့
နေမင်းရယ်
မသွားပါနဲ့လို့ ငါ မတားခဲ့လိုက်နိုင်ပါဘူး
နှုတ်မဆက်ပါနဲ့လို့လဲ ငါမဆိုရက်နိုင်ခဲ့ဘူး
ဒါပေမယ့် နင်ချန်သွားတဲ့ နောက်ဆုံးဆည်းဆာရောင်မှာ
အနေအထိုင်မတတ်ခဲ့တဲ့ငါ
ခိုးခိုးပြီး လင်းနေခဲ့ရပြီပေါ့ဟာ .....

ဇော်

Monday, August 23, 2010

တိတိကျကျ လွမ်းခဲ့မိပါသော .....

ကောင်းကင်ကြီးရယ်...
သူ့ကို ပြောပြပေးပါ
ချစ်သူကို သတိရလွန်းလို့ .. ကောင်းကင်ကြီးရဲ့
မျက်နှာပြင်မှာ သူ့ပုံရိပ်များ ထင်နေမလား
ကျနော် ရှာဖွေနေမိတယ်ဆိုတာ

ကြယ်လေးတွေရယ်...
သူ့ကို နှုတ်ဆက်ပေးပါ
ချစ်သူကို ချစ်တဲ့စိတ်နဲ့ ကျနော် ခင်ဗျားတို့ဆီကတဆင့်
သူ့ဆီ စကားတွေ ပါးနေမိတဲ့အကြောင်း...

မြေပြင်ကြီးရယ်
ကျနော်တတ်တဲ့ မြေကြီးစကားနဲ့
ချစ်သူကို နားလည်အောင် ကျနော် ဘယ်လိုပြောရပါ့မလဲ
ချစ်သူကို ကျနော်လွမ်းနေတယ်.. သတိရတယ်..
ကျနော် ဘယ်လိုဘာသာပြန်ပြရပါ့မလဲ.....

ငှက်လေးတွေရယ်
ခင်ဗျားတို့ အတောင်ပံတွေကို အသုံးပြု
ရိုက်ခတ်မှုတိုင်းနဲ့ ချစ်သူဆီ အမှာပါးပါရစေ
ဆောင်းခိုဌက်တို့ အိမ်ပြန်ချိန်မှာ
ချစ်သူထံပါး ချစ်စကားပြောဖို့အခွင့်အရေး
ရှိခွင့်တစ်ကြိမ် ကျနော် မျှော်လင့်ပါရစေ
ချစ်သူကို ပြောပြပေးပါ

သစ်ပင်တို့ရယ်
သူရှိတဲ့အရပ်မှာမှ ပန်းတို့ပွင့်ပေးကြပါ
ချစ်သူကို ချစ်မြတ်နိုးတဲ့စိတ်တစ်ခုတည်းနဲ့
ကျနော်နေ့ရက်တို့ ဖူးပွင့်
ချစ်သူနမ်းတဲ့ ပန်းကလေး ကျနော်ဖြစ်ချင်တဲ့အကြောင်း

အလင်းတို့ရယ်
နံနက်ခင်းတိုင်းမှာ ကျနော့်ကိုယ်စား ချစ်သူကို နှုတ်ဆက်ပေးကြပါ
ကျနော် ဖူးတွေ့ခွင့်မရှိတဲ့ ချစ်သူ့မျက်နှာ
နံနက်ခင်းရဲ့ ပွင့်ချပ်လွှာတိုင်းမှာ ကျနော်အတူရှိချင်နေမိတယ်ဆိုတာ

တိမ်ဖြူဖြူတို့ရယ်
လွင့်မျောပေးကြပါ
ချစ်ခြင်းအတွက် ကျနော့်ရဲ့ မျှော်လင့်ချက်ပါးပါးလေးတစ်ချို့
ခင်ဗျားရင်ခွင်မှာ မြှုပ်နှံ
ချစ်သူမော့ကြည့်တဲ့ခန ကျနော့်နှလုံးသားကို
သူမြင်နိုင်ပါစေလို့ ဆုတောင်းမိတဲ့အကြောင်း

လေပြည်ညင်းရယ်...
သူ့ကို ထွေးပွေ့ပေးပါ
ချစ်သူကို ချစ်မြတ်နိုးရတဲ့ ချစ်ခြင်းမေတ္တာအားလုံးကို
ခင်ဗျားနဲ့အတူ..
ကျနော်ထည့်ပေးလိုက်တယ်ဆိုတာ ..

လောကကြီးရယ်...
ဘုရားအဆူဆူကိုတိုင်တည်
နတ်ဒေ၀တာတို့ကို သက်သေပြု
ကျနော် ဖြောင့်ချက်တစ်ခုကို ၀န်ခံပါရစေလားဗျာ
ချစ်သူ ရင်ခွင်ထက်ဆီက အဲ့ဒီ အိတ်ကပ်ကလေး ကျနော်ဖြစ်ချင်ပါတယ်
ချစ်သူ မျက်နှာတော်ပါး.. မော်ဖူးခွင့်ရဖို့...........

ဇော်

Sunday, August 15, 2010

ငါ့ကိုယ်ငါ ခ၀ါချလိုက်တဲ့ အဲ့ဒီ အရောင်မဲ့ ကဗျာညတွေ .....

ခြောက်သွေ့တိတ်ဆိတ်ပြီး ငြိမ်သက်လွန်းတဲ့ အမှတ်တမဲ့ အဲ့ဒီ တနင်္လာနေ့ ညနေတွင် ချစ်သူကို ကျွန်တော် စတင်တွေ့ရှိခဲ့သည်။
ပြန်ပြောဖို့ခက်သော အကြောင်းအရာအချို့ ရှိသည်ဆိုပါစို့...
ချစ်သူသည် ကျွန်တော်၏ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခု ဖြစ်ခဲ့သည်။
ခန့်မှန်းရခက်သော နက္ခတ်ရာသီလဲ ဖြစ်သည်။
ဆူညံသံတို့ ကင်းမဲ့သော အချက်ပေးခေါင်းလောင်းသံလဲ ဖြစ်သည်။
ညနေခင်း၏ နေ၀င်ချိန်တွင် အမှောင်ထုတစ်ခုကို ကြိုဆိုရင်း ချစ်သူကို မေ့လျော့စွာ တသသ ငေးကြည့်ခဲ့ဖူးသည့် အဲ့ဒီ အချိန်တစ်ချို့တွင်.. မက်မောမှုများ စီးမြောနေခဲ့ဖူးပါသလား....
ဖယောင်း၏ ပျော့ပြောင်းခြင်းလို.. ရေပြင်၏ နက်ရှိုင်းခြင်းလို ... ပွင့်ချပ်လွှာတို့ နူးညံ့သလို
ကြည်လင်မှုတစ်ခုအောက် နစ်မြုပ်ပျော်ဝင်ရင်း .. သူ့ကို ကျနော်မြတ်နိုးခဲ့ဖူးသည်။
ချစ်ခြင်း၏ အဇ္ဖျတ္တတစ်ခုကို ကျွန်တော် ပါးပါးလေး တွေးကြည့်ခဲ့မိတော့ ကျွန်တော့်ရင်တို့ သိမ့်ခနဲ ....
မျှော်လင့်စွာ ... ယစ်မူးစွာ... စွဲလန်းစွာ... သူ့ကွန်ယက်၌ ကျွန်တော်မလှုပ်မယှက် ရုန်းထွက်ရ ခက်ခဲ့ဖူးသည်။
ချစ်သူသည် ညနေ နေ၀င်ရီတရောလဲ ဖြစ်သည်။

ချစ်သူနှင့်တွေ့ဆုံခဲ့ရသော အချိန်သည် ကဗျာမဆန်ပါ။ စိတ်ကူးယဉ်မဆန်ပါ။ အိပ်မက်မဟုတ်ခဲ့ပါ။
ကျွန်တော့်နေ့ရက်များအတွက် အလင်းအိမ်လေးကိုသာ ခပ်ပါးပါး သူထွန်းညှိပေးခဲ့ဖူးသည်။
ကျွန်တော် .... သူ့ခြေရင်းအောက် ဒူးထောက်ပျပ်ဝပ်... အဲ့ဒီ တစ်ခနမှာ ကျွန်တော့်မြို့ရိုး တပ်ပျက်သွားခဲ့ဖူးသည်။
ကျွန်တော့်တွင် နောင်တတို့ မရှိခဲ့ပါ။

ချစ်မိသူဟာ အရှုံးတဲ့။
စာဆိုအဆက်ဆက်ရဲ့ အဲ့ဒီ ဂန္တ၀င်မြောက်စကားတစ်ခွန်း ကျွန်တော့်နှလုံးအိမ်တွင် ခပ်လွန့်လွန့်ချိတ်ဆွဲ ... ကျွန်တော့်တံခါးတို့ သံချေးတက်ခဲ့ဖူးသည်။
ချစ်သူအတွက် ကိုယ့်ကိုယ်ကိုယ် စီးချင်းထိုး ... အဲ့ဒီချစ်ခြင်းကို ကျွန်တော် စိန်ခေါ်ခဲ့ဖူးသည်။
သမိုင်း၏ ရာဇ၀င်တိုင်းတွင် အချစ်အတွက် ဧရင့်ကျူး ဖွဲ့သီခဲ့ကြသည်များကို ကျွန်တော်တွေ့ရသိရတိုင်း ကျွန်တော် နှစ်ခြိုက်စွာ ပြုံးခဲ့မိဖူးပါသည်။
ကျွန်တော့်အတွက် ချစ်သူကို ပူဇော်ဖို့ မြတ်နိုးခြင်းမှတစ်ပါး အခြား မရှိခဲ့ဖူးပါ။
ချစ်သူ၏ အပြုံးနုတွင် ကျနော် ရင်ခုန်ခဲ့ဖူးသည်။
ချစ်သူ၏ မျက်လုံး ကြည်ကြည်လေးတွင် ကျွန်တော်ရူးသွပ်ခဲ့ဖူးသည်။
ချစ်သူ၏ ရယ်ဟဟ စကားလုံးအချို့တွင် ကျွန်တော် ကျဆုံးခဲ့ဖူးသည်။
ကျွန်တော် အကြိမ်များစွာ ရှုံးနိမ့်... ဆောက်တည်ရာမဲ့ ကိုယ့်အရိပ်ကိုယ် ပြန်မုန်းခဲ့ဖူးပါသည်။
ချစ်သူသည် ဆူးတို့ခသော ပန်းရိုင်းပင်လို ကျွန်တော့်ရင်ကို ထွင်းဖောက် .... သူမသိခဲ့သော ကျွန်တော့်ချစ်ခြင်းမှာ ကျွန်တော် အဆိပ်သင့်ခဲ့ရတာ အကြိမ်ကြိမ်.............

မြတ်နိုးခြင်းကို အဖော်ပြု တိတ်တဆိတ် ခိုးကြည့်ခဲ့ရသော အဲ့ဒီနေ့တွေရဲ့ ငွေ့ရည်ဖွဲ့ ဖြစ်တည်မှုများ၌ ကျွန်တော်ဆိုတာ မြူမှုန်မျှသာ.....
ကျွန်တော်မပြောဖြစ်ခဲ့ဖူးသော စကားလုံးတစ်ချို့ ကျွန်တော့်နှလုံးသားတွင် သိမ်းဆည်းသော့ခတ် သူမမြင်အောင် ဖုံးဝှက်ခဲ့ရတာလဲ ဒိုင်ယာရီတွေ ပြည့်လုမတတ်.........

မိုးဦးကို ရောက်ခဲ့ပြန်ပါပြီချစ်သူ......
မိုးရာသီကို ကြိုက်တာချင်းအတူတူ .. ချစ်သူရဲ့ မိုးကိုမှ ကျွန်တော်က ရင်ခုန်ချင်သူ.......
ချစ်သူ ရှူရှိုက်ခဲ့သော ခရေရနံ့သည် ကျွန်တော်၏ အိပ်မက်လဲ ဖြစ်သည်။
ချစ်သူ ဖြတ်လျှောက်ခဲ့သော ဒီလမ်းလေး၏ မြက်ခင်းပြင်တွင် ကျွန်တော့်စိတ်ကူးတို့ မှေးစက်......
ချစ်သူ၏ ဖိနပ်ပါးလေး ကျွန်တော် ဖြစ်ချင်ခဲ့ဖူးသည်။

ချစ်သူ
နင့်အတွက် နင်မသိတဲ့ ခံစားချက်တစ်ချို့ ငါ သိမ်းဆည်းသိုဝှက် ... ငါ့စကားလုံးတွေ ရေစိုကုန်ကြပြီ..........
နင်မသိခဲ့တဲ့ ငါ့ချစ်ခြင်းမှာ ငါ့ကိုယ်ငါ မြှုပ်နှံ .... တိမ်တွေငိုတဲ့ခန ...... ငါ့ရင်တွင်းမှာ မိုးတွေတောင် သည်းလို့........
ပြန်လာပါလို့ ငါမပြောချင်... လှည့်ကြည့်ပါလို့ ငါမဆိုရက်...
နင်မသိတဲ့ ငါ့နှလုံးသားက ချစ်ခြင်းအတွက် သွေးအစက်စက်ကျလို့.....

ဟော့ဒီကောင်းကင်ကြီးအောက်.. ဟော့ဒီမြေပြင်ကြီးပေါ် ချစ်သူရှိနေတယ်ဆိုတဲ့ ခံစားချက်တစ်ခုနဲ့ အသက်ရှင်...
ကျွန်တော့်နေ့ရက်တို့ ဆန်းသစ်ခဲ့ဖူးသည်။ ကျွန်တော့်ကဗျာတို့ အသက်ဝင်ခဲ့သည်။ ကျွန်တော့်အိပ်မက်တွေ မိုးလင်းခဲ့ဖူးသည်။
ကျွန်တော့်အတွက် ... ကျွန်တော့်ကမ္ဘာ ... ကျွန်တော့်ကဏ္ဍမှာ ချစ်သူရဲ့ ကိုယ်သင်းနံ့လေးကို မှန်းဆ.. ကျွန်တော့်အချိန်တစ်ချို့ ပြုတ်ကျသွားခဲ့ဖူးသည်။
တကယ်တော့ ...
ချစ်သူသည် ကဝေပျိုနှင့်တူ၍ မှော်ဆန်သော ပညာရပ်တစ်ခုလဲ ဖြစ်နေခဲ့သည်။
ကျွန်တော်မသိလိုက်ပါဘဲ ကျွန်တော့်နှလုံးသားသည် သူပြုစားခဲ့သော ပန်းသီးတစ်လုံး ဖြစ်ခဲ့သည်။

ချစ်သူကို ........................ ကျွန်တော်ချစ်တယ်...............
ဆူညံစွာ .... ပေါက်ကွဲစွာ... နာကျင်စွာ.... ရင်ဖွင့်ချ... အဲ့ဒီတဒင်္ဂမှာ ကျွန်တော့်စာမျက်နှာလေး ရေလျှံသွားခဲ့ဖူးသည်။
ချစ်တယ်........... ချစ်တယ်............ ချစ်တယ်..............
အကြိမ်ပေါင်းများစွာ အက္ခရာတင် ... ကျွန်တော့်စာအုပ်လေး ပြည့်ကျပ်သွားဖူးသည်။

စကားလုံးမရှိတဲ့ ခံစားချက်တစ်ချို့ကို မြိုသိပ်ဖို့ .. ငါဘယ်လောက်ထိ သူရဲကောင်းဆန်လိုက်ရတယ်ဆိုတာ ငါသာ အသိဆုံးပါ ချစ်သူ..............

ချစ်သူကို သတိရရင်း အိပ်ပျက်ခဲ့ညတွေ မိုးလင်းခဲ့ရတာ အကြိမ်ကြိမ်.......
ဂစ်တာကို ကြိုးညှိရင်း ကျွန်တော့်သီချင်းတွေက ချစ်သူသာ ဖြစ်သွားခဲ့ကြသည်။
ဘောပင်နှင့်စာရွက်ကို ကိုင်တိုင်း ကျွန်တော့်ကဗျာတွေက ချစ်သူ၏ ကိုယ်ပွားတွေ ဖြစ်သွားကြသည်။
ကျွန်တော့် ၀ိဥာဉ်ကိုက ချစ်သူထံပါး ခစားနေခဲ့သည်ပဲ.......

သူမသိတဲ့ ကျွန်တော့်ချစ်ခြင်းမှာ ကျွန်တော်ရူးသွပ် အဲ့ဒီခန အိပ်မက်က လန့်နိုးတော့ ချစ်သူဆီမှာ ကျွန်တော်မဟုတ်သော ရင်ခွင်တစ်ခု ရှိနေခဲ့သည်တဲ့။
ကျွန်တော့်စိတ်ကူးတို့ အရောင်မှိန်... ကျွန်တော့်နံနက်ခင်းတို့ ပျက်ဆီးသွားခဲ့ဖူးသည်။

ချစ်ရတာ သိပ်ကို ပင်ပန်းရပါတယ်ချစ်သူ။
အဲ့လိုပဲ ရင်ထဲမှာ သိပ် ............... နာကျင်တယ်။
ငါမဟုတ်တဲ့ ရင်ခွင်တစ်ခုရဲ့ လောင်းရိပ်အောင် နင်ပျော်ဝင် .... အဲ့ဒီ တံစက်မြိတ်မှာ ငါဆိုတာ ရေခိုးငွေ့တစ်ခုပေါ့..........
ချစ်သူ
ငါမဟုတ်တဲ့ နင့်ချစ်ခြင်းမှာ နင့်ရင်ခုန်သံကို နားထောင်ဖို့ နင့်အိပ်ကပ်လေး ငါ ဖြစ်ချင်မိတဲ့ခန.... နင်ရင်းနှီးတဲ့ အဲ့ဒီ ရင်ခွင့်ကို ငါမုန်းတယ်...........

ကျွန်တော်မဟုတ်သော ချစ်သူ မြတ်နိုးသည့် ရင်ခွင်တစ်ခုအတွက် ကျွန်တော့်ဆန္ဒကို အသာပြန်မြိုချ.. ကျွန်တော့်တွင် စကားလုံးတို့ ဆွံ့အသွားခဲ့သည်။
ချစ်သူ၏ အပြုံးအောက် ကျွန်တော့်နှလုံးသားကို ဖြန့်ခင်း .... ချစ်သူနင်းသော ဒီလမ်းလေးတွင် ကျွန်တော်ဆိုတာ မြက်ရိုင်းပင်လေးတစ်ခုမျှသာ....

မပြောတော့ပါဘူးချစ်သူ
ကျွန်တော်ရဲ့ ချစ်ခြင်းကို သော့ခတ် .... မကရသေးတဲ့ ဒီပြဇာတ်မှာ ကျွန်တော်က စစ်မထွက်ခင် မြှားကုန်ခဲ့ရသူ..........
ချစ်သူအတွက် ချစ်ခြင်းကို မြတ်နိုးစွာသိမ်းထုပ် ... ကျနော့်နှလုံးသားကို သိမ်းနှုတ်လိုက်တဲ့ အဲ့ဒီခန ....
ကျွန်တော်ဆိုတာ ဒဿထက် ရဲရင့်ခဲ့သူပေါ့......
ချစ်သူမသိတဲ့ ဒီဥယျာဉ်ထဲ ကျွန်တော်စိုက်ပျိုးခဲ့မိသော ချစ်ခြင်းတွင် ရိတ်သိမ်းခြင်းတို့ မရှိခဲ့တော့ပါ။
စိန်ခေါ်ခြင်းမရှိသော ဒီတိုက်ပွဲ၌ အရှုံးကိုဖက်တွယ်
အဲ့ဒီတောင်ကုန်းမှာ ကျွန်တော်ဆိုတာ မှတ်တိုင်တစ်ခုအဖြစ် .. သမိုင်း မော်ကွန်းတင်ခဲ့သည်။

ချစ်ခြင်းမှာ လုပ်ယူလို့ မရဘဲ သူ့ဟာသူ အလိုလို ပေါက်ဖွားလာတဲ့အရာတွေ ရှိတယ်ဗျ...
ကျွန်တော်က ပန်းတစ်ပွင့်မဟုတ်ဘူး... သစ်တစ်ပင်ပါ...
ဥယျာဉ်မှူး စိတ်ရှိတဲ့သူတိုင်း ပန်းကိုပျိုးတဲ့လက်ပဲ ဖြစ်ချင်ကြတယ်...
သစ်ပင်ဆိုတာ ပန်းပျိုးလက် မရှိလဲ .. သူ့ဟာသူ ရှင်သန်နိုင်တယ်... သူ့မှာ ခိုင်မာတဲ့ ရေသောက်မြစ်တွေ ရှိတယ်လေ...
သူ့ရဲ့အတွင်းထဲမှာကို အပြင်လူတွေ မမြင်နိုင်လောက်တဲ့ လုပ်ဆောင်ချက်တွေ ရှိနေတာပဲ...
ကျွန်တော်က သစ်ပင်ပဲ..
ပန်းပွင့်လေးလို့ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့နဲ့ မွှေးရနံ့ပေးနိုင်တဲ့သူ မဟုတ်ဘူးဗျ....
သစ်ပင်က သစ်ပင်လိုနေတာပဲကောင်းတယ်...
ပန်းပွင့်လို သွားနေရင် ရယ်စရာပုံပြင်တစ်ပုဒ်ဖြစ်သွားမှာပေါ့............

နင့်ကိုသိပ်ချစ်မိတဲ့ ဒီချစ်ခြင်းတွေကို ငါ အသာပြန်မြိုသိပ်ရင်း....... နင့်ကို တိတ်တဆိတ်ပဲ ငါလွမ်းတတ်ခဲ့တော့တယ်ချစ်သူ......
တကယ်တော့ ငါက .. မဖူးခင်ကတည်းက ကြွေခဲ့ရတဲ့ကောင်ပါ ချစ်သူ....



ဇော်။

Saturday, August 7, 2010

ပွင့်သစ်ဦးသို့......................

ခြောက်သွေ့ပြီး မြူကင်းတဲ့
အဲ့ဒီတစ်နေ့မှာ
လောကကို အလှဆင်ဖို့
နတ်သမီးတစ်ပါး ဆင်းသက်ခဲ့တယ်

သူ
ပုလဲသီ ခပါရဲ့
ဖြူစင်စွာ ပွင့်ပါရဲ့
စိမ်းမြစွာ လန်းပါရဲ့
နှုတ်ခမ်းတော် နုနုထွေးမှာ
နီရဲခွင့် ခနတာ
မှီနွဲ့စွာဖြစ်တည်
ပန်းတွေတောင် ငိုကုန်ကြပြီ

ဥသြငှက်တို့ တေးသီသံ
သစ်ပင်အိုတို့ နှုတ်ဆက်သံ
လေပြည်ညှင်းတို့ ကယုကယင်
အိုး... မိန်းကလေးရယ်............
လာခြင်းကောင်းခဲ့ချေပြီကောကွယ် .........

မြတ်နိုးခြင်းမှအပ
နက်မှောင်စွာ ဖြစ်တည်
အဲ့ဒီ မျက်ခုံးကလေးက
ဟန်ဝင့်လို့ မာန်ချီ

နွဲ့လျဟန်ပြင်
ပျော့ပြောင်းညက်စင်း
ဆံနွယ်ယဉ်ကျော့ကျော့မှာ
လဲလျောင်းခွင့်ခနတာ
ငါ အဲ့ဒီ ကလစ်လေးတစ်ဖက် ဖြစ်ချင်ခဲ့မိတယ်....

နက်ရှိုင်းတဲ့ ဒီတောအုပ်အလယ်
ဖြူစင်စွာ ပွင့်လန်း
အဲ့ဒီ ပန်းကလေးပေါ့
တော်ဝင် နန်းထိုက်ခဲ့တာ

မိန်းကလေးရယ်...
နင်ပြုံးလိုက်တိုင်း ငါ ရင်ခုန်တယ်
နင်ရယ်လိုက်တိုင်း ငါ လှိုက်မောတယ်
နင် မျက်လွှာဝင့်တိုင်း ငါ မူးမေ့တယ်
စွဲလွန်းစိတ်နဲ့ မြတ်နိုးမှုမှာ
ပျော်ဝင်ပျောက်ဆုံး
အဲ့ဒီ အခိုက်အတန့်တွေက
(ငါအတွက်)
အနိစ္စနဲ့ အိမ်ချင်းကပ်ခဲ့တယ်...

မိန်းကလေးရေ.......
ရိုးသားမှုမှာ အခြေတည်
သစ္စာတရားကို နှလုံးသားပြု
နင့်ရဲ့သွေးကို ချစ်ခြင်းနဲ့အတူ
စီးဆင်းစေပါ
ရှက်ခြင်း ကြောက်ခြင်း သိက္ခာရှိခြင်းဆိုတာ
နင့်ရဲ့ သူငယ်ချင်းကောင်းတွေပေါ့
ဒီမြေ ဒီရေ ဒီလေမှာ
ယဉ်ကျေးမှုနဲ့ ရှင်သန်
နင်ဆိုတာ
ရိုးရာဆန်ဆန်လေးပါ

ပျော့ပျောင်းလှည့်ပါ
နူးညံ့လှည့်ပါ
ရိုသေလှည့်ပါ
နောက် .................
စိတ်အလှတရားတစ်ခုနဲ့အတူ
တောက်ပလှည့်ပါ
နင်မသိတဲ့
ဟော့ဒီ ကမ္ဘာမြေတစ်နေရာမှာ
နင့်အတွက် ငါဆိုတာဖြစ်တည်
အဲ့ဒီ သစ်တစ်ပင်..
ဂုဏ်ယူစွာနဲ့ ရှင်သန်ပြီပေါ့ကွယ်............


ဇော်

( သြဂတ်လ ၃ရက်နေ့ နံနက်ခင်းပိုင်းမှာ မွေးဖွားခဲ့တဲ့ ( ကျနော့်သူငယ်ချင်းလင်မယားရဲ့) သမီးလေးအတွက်ပါ ....... )

Wednesday, July 28, 2010

အပြာရောင် ကင်းမဲ့ခဲ့လေသော ကောင်းကင်

မြောက်ပြန်လေတို့ တိုက်ခတ်သလို
ကသစ်ရွက်တို့ ပွင့်ချိန်လို
ဆောင်းနှင်းပန်းတို့ ဖူးချိန်လို
ငါ့ရင်ကို ရိုက်ခတ်
အဲ့ဒီ မိုးမှာ
ငါ .... ကြွေတယ်.......

ကျွန်တော့်ကို မွေးဖွားတဲ့နေ့ဟာ
ကျွန်တော့်ရဲ့ ပထမရှင်သန်ခြင်းဖြစ်ပြီး
ချစ်သူကို စတင်သိကျွမ်းရတဲ့နေ့ဟာ
ကျွန်တော့်ရဲ့ ဒုတိယ ရှင်သန်ခြင်းပါ

နွေဦးကို ရောက်ခဲ့ပြန်ပြီ
တစ်ဆောင်းတို့ သစ်ခဲ့ပြန်ပြီ
တစ်မိုးတို့ ချုန်းခဲ့ပြန်ပြီ
သစ်တစ်ပင်ရဲ့ ဖြစ်တည်မှု
ဒီ အရွက်တစ်ခုမှာ
ကြွေလွင့်ပျောက်ဆုံး
အဲ့ဒီနေ့က
တိမ်ဖုံးခဲ့တယ်.................

အနက်ရှိုင်းဆုံး နက်ရှိုင်း
အလင်းလက်ဆုံး လင်းလက်
အဲ့ဒီ ရာသီမှာ
ကျွန်တော်ဆိုတာ အသေးငယ်ဆုံးပေါ့

ပင်လယ်တွေ ပြိုတယ်
လှိုင်းလုံးတွေ စိုတယ်
စမ်းချောင်းတို့ ငိုတယ်
ဟော့ဒီ ငါ့ရင်တစ်ခြမ်း
ပြာကျလုနီးမှ
မီးကျွမ်းတာကို သိခဲ့တယ်.................

ဒီလိုနဲ့
ထွက်ပေါက်ကင်းမဲ့
အသက်ရှူဖို့ခက်တဲ့ အဲ့ဒီခန
လေတိုးသံတိတ်
မုန်းမာန်ဆိတ်လို့
အမှတ်မရှိ
(သူ့) အကြည့်တစ်ချက်မှာ
(ငါ) ........... သေတယ်.........................

ဇော်။

Monday, July 26, 2010

သီချင်းသည်တစ်ယောက်ရဲ့ ( ကဗျာမဟုတ်သော) ကဗျာ

တိုးတိတ်ညင်သာတဲ့အသံ.....
နူးညံ့တဲ့ စကားလုံးလေးတွေ....
ညွှန်းဆိုမှု ဖွဲ့ဆိုမှု တစ်ခုတိုင်းစီအတွက်
အသက်ဝင်မှုဆိုတာကိုလဲ ပြဆိုရဲ့..
လှိုက်ခတ်မှုကိုလဲ ရည်ရွယ်ရဲ့..
နွေးထွေးမှုကိုလဲ ကိုယ်စားပြုရဲ့..

ပျော့ပျောင်းစွာ ပြေးလွှားနေခဲ့သော သူ့လက်လေးတွေ...
အေးဆေးစွာ ဖန်တီးနေခဲ့သော သူ့ဂီတ..
အရာရာကို အစီစဉ်တကျများ ဖွဲ့သီခဲ့လေသလား...
မေးခွန်းပေါင်းများစွာ မေးဖို့ မလိုအပ်လောက်အောင်ကို သူ့သွင်ပြင်....
သူ့ဟန်ပန်.... သူ့စိတ်အစဉ်ကို ပုံစံသွင်းရင်း...
အဲ့ဒီခနမှာ သူဆိုတာ
ဖြစ်တည်နေခဲ့တယ်.......

ဂစ်တာတစ်လက် သံစဉ်တစ်ခက်နဲ့... သူ့ရင်ကိုထုံမွှန်း...
အဘယ်နတ်ဘုရားရဲ့ ညှို့ချက်နဲ့များ ဖမ်းစားထားခဲ့လေသလဲ......
လေတိုးသံတို့တစ်ခနမှာ မိုးမခကိုင်းတို့ ဦးညွှတ်လို့...
လေနှင်ရာကို ယိမ်းနွဲ့မြောပါတတ်ခဲ့တဲ့ မြက်ရိုင်းပင်လေးတွေလို
သူ့လက်ခတ်သံတစ်ချက်မှာ ကျွန်တော့်အိပ်မက်တွေ တိတ်တဆိတ်
ဖြစ်တည်သွားခဲ့ဖူးတယ်....

စီးမြောမှု လိုက်မောမှုတိုင်းမှာ ဖွဲ့ဆိုမှုတစ်ခုစီ ရှိတယ်ဆိုပါစို့
ကျွန်တော့်ရဲ့ တည်နေရာဟာ သီချင်းသံတစ်ခု
ဂစ်တာသံတစ်ချက်လို့တောင် ဆိုချင်ပါရဲ့
ရေစက်တစ်ခု စင်လိုက်သလို
အဖျားခတ်တစ်ခု တုန်ယင်သလို
နက်ရှိုင်းမှုကို ထိတွေ့သလို
နားစည်ကိုရိုက်ခတ်
သူဖန်ဆင်းတဲ့ သံစဉ်တွေကြား (ကျွန်တော်)
အသက်ရှူဖို့ မေ့သွားခဲ့ဖူးတယ်............

သာယာလိုက်တာ
နူးညံ့လိုက်တာ
သိမ်မွေ့လိုက်တာ
တည်ကြည်လိုက်တာ
ခံစားချက်ပေါင်းများစွာ
ဖြစ်တည်မှုပေါင်းများစွာ
စကားလုံးတို့ဆွံ့အ
ညှို့ချက်ပြင်းမှာ ( ကျွန်တော်)
ရင်ခုန်ဖို့ကို မေ့သွားခဲ့ဖူးတယ်..........

သူ...
လှိုင်းတစ်ခုလို ငြိမ့်ညောင်းတယ်
ရေကန်တစ်ခုလို နက်ရှိုင်းတယ်
ကျောက်သားပြင်လို တည်ကြည်တယ်
မိုးရေစက်လို နူးညံ့တယ်
မိုးမခရွက်တို့ ကြွေချိန်လို သိမ်မွေ့တယ်

(သူ့) သီချင်းသံကို နားထောင်းတိုင်း
ဆောင်းရာသီရဲ့ နောက်ဆုံးကျတဲ့ နှင်းပွင့်တွေလို
နောက်တစ်ကြိမ် ပြန်မရတော့မှာ ( ကျွန်တော်)
စိုးရွံ့ခဲ့ဖူးတယ်..........

ဒီလိုနဲ့..
သီချင်းသည်တစ်ယောက်ရဲ့ အေးဆေးငြိမ်သက်မှုအောက်
ကျွန်တော့်အာရုံ
ကျွန်တော့်စိတ်အစဉ်
ကျွန်တော့်အတွေး
ခပ်ဖြည်းဖြည်းချင်း ပျော်ဝင်
အဲ့ဒီနေ့က ( ကျွန်တော်)
ဂစ်တာတစ်လက်အောက်
ရူးသွပ်သွားခဲ့ဖူးတယ်................


ဇော်

( ကျနော့်ရဲ့ မွေးနေ့မှာ မတော်တဆ ခလုတ်တိုက်ပြီး ကောက်ရခဲ့တဲ့ အကိုတစ်ယောက်အတွက် ရည်ရွယ်ပါတယ်.... ကျနော့်ကဗျာလေးနဲ့ သူဆိုတဲ့သီချင်းတွေ လိုက်ဖက်ညီမှု ရှိမရှိကို စာဖတ်သူများ ကိုယ်တိုင် ခံစားကြည့်ပေးစေချင်ပါတယ်ဗျာ... ကျေးဇူးတင်ပါတယ်....

http://www.youtube.com/user/terminatingvirus#p/u/1/nt7l02uD__E

http://www.facebook.com/profile.php?id=100000012223369&ref=mf

http://www.facebook.com/video/video.php?v=146299172047156&ref=notif&notif_t=like )

Saturday, July 24, 2010

ချစ်သူမသိသော လေးနာရီ

ငှက်ကလေးရယ်
ကောင်းကင်ကိုမြင်နေရုံနဲ့ လုံလောက်ပါပြီ
တိမ်တွေက အခက်အလက်ကျဲကျဲနဲ့
ရိုးရာမပျက်ပျံသန်းရင်း မင်းကိုလမ်းပြပါလိမ့်မယ်
မင်းဦးတည်ရာအရပ်မှာ ချစ်သူရှိနေမှာပါ..။

ငှက်ကလေးရယ်..
ကောင်းကင်ကိုမြင်နေရုံနဲ့ လုံလောက်ပါပြီ
မင်းသူငယ်ချင်းလေးကို ပြောလှည့်ပါ
သူလည်းလွမ်းနေမယ်ဆိုရင်
မနက်ဖြန်ဆိုတာ ရှိနေဦးမယ်လို့..။

ငှက်ကလေးရယ်..
ကောင်းကင်ကိုမြင်နေရုံနဲ့ လုံလောက်ပါပြီ
တာဝန်ဆိုတဲ့လမ်းကိုလျှောက်ရင်း
ငါ့ကျောပိုးအိတ်ထဲမှာလည်း
အလွမ်းတွေနဲ့ညွှတ်ကိုင်း
တောင်ပြာတန်းတွေတောင် ကြေကွဲအုံဆိုင်းနေရဲ့..။

မင်း

Thursday, July 22, 2010

မိုင်တိုင်နံပါတ် (၂၃)

ရုတ်တရက် ဆူညံစွာမြည်လာတဲ့ နာရီနိုးစက်အသံတစ်ခုကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာမှ သူမ ရုတ်တရက်လန့်နိုးလာခဲ့သည်.. အပြင်တွင်တော့ သြကာသလောကကြီးက အမှောင်ထုဖြင့် အလှဆင်လျှက်...
မှောင်မိုက်နေတဲ့ အိပ်ခန်းငယ်လေးထဲ တစ်ယောက်တည်းဟူသောအသိက ရင်တစ်ခုလုံးကို အေးစက်ထုံကျင်သွားစေသည်အထိ.. ဒီလိုပါပဲလေလို့ သူမတွေးမိတော့ နှုတ်ခမ်းထောင့်စွန်း၌ ခပ်ပါးပါးအပြုံးတစ်ခု လွင့်ကနဲ..
မြည်နေဆဲဖြစ်သော နာရီနိုးစက်လေးကို ပိတ်လိုက်တော့ အမှောင်ထဲ၌ ကြည့်လို့ရသော နာရီလေးက သူ့လက်တံတွေကို တာဝန်ကျေစွာ ၁၂နာရီ တိတိသို့ ညွှန်ပြလျှက်...
သြော်... နှစ်တစ်နှစ်ရဲ့ ဂျူလိုင်လ ၂၂ရက်နေ့ကို ရောက်ခဲ့ပြန်ပြီလို့ သူမ တိုးတိတ်စွာ ရေရွတ်လိုက်မိသည်။ အိပ်ယာမှ အသာအယာထလို့ မှောင်မိုက်နေတဲ့အခန်းလေးနှင့်ကပ်လျှက် ၀ရန်တာဆီ သူမထွက်လာခဲ့မိသည်။ လိုက်ကာကိုအသာမလို့ ၀ရန်တာရဲ့မှန်တံခါးနောက်မှာ ကိုယ်ကို ခပ်ရို့ရို့ကွယ်ရင်း အပြင်ဘက်လောကတစ်ခုဆီ ချောင်းကြည့်မိတော့ .. မှောင်မိုက်တိတ်ဆိတ်လွန်းစွာ သူမကို စောင့်ကြိုနေသလို ခံစားလိုက်ရသည်။ တစ်လောကလုံး ငြိမ်သက်စွာ ... အေးမြစွာ ... ကြည်လင်စွာ........

မေမေ..
ဒီနေ့မှာပဲ မေမေသမီးကို မွေးဖွားပေးခဲ့ပါတယ်.. ဒီနေ့မှာပါပဲ... မေမေ နာကျင်စွာနဲ့ ခွဲခန်းထဲကို ၀င်ခဲ့ရတာ.. ဒီနေ့မှာပဲ မေမေ့အသက်ကို နောက်သက်ရှိတစ်ချောင်းအတွက် ပေးအပ်ထားခဲ့ရတာ.. ဒီနေ့မှာပဲ မေမေ လူသားသေးသေးလေးကို မွေးထုတ်ပေးခဲ့တာ..

မေမေ..
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာလို့ ခေါ်ဆိုလို့ရတဲ့ နှစ်နှစ်ဆယ်ကျော်ကို သမီးဖြတ်ကျော်လာပြီးတဲ့အခုအချိန်မှာ မေမေ့ကိုချစ်တဲ့ မေမေ့သမီးအတွက် မေမေ ဘာတွေများမျှော်လင့်ထားခဲ့လဲဆိုတဲ့ အတွေးတစ်ချို့ သမီးရင်ကို လာရိုက်ခတ်နေပါတယ်.. မေမေ သမီးအတွက် ဘာတွေ မျှော်လင့်ထားခဲ့ပါသလဲ.. သမီးဆီက ဘာတွေများ ပြန်လိုချင်ခဲ့ဖူးပါသလဲ..

မေမေ..
လူတစ်ချို့ပြောတတ်ကြတဲ့စကားလေးတစ်ခွန်းကို သမီး သွားအမှတ်ရလိုက်မိပါတယ်.. မိဘဆိုတာ သားသမီးဆီက ဘာကိုမှ မမျှော်လင့်တတ်ကြပါဘူးတဲ့.. မိဘဆိုတာ သားသမီးကို အမြဲပဲ ပေးဆပ်ထားတာပါတဲ့.. တကယ်က.. သူတို့ ( အဲ့ဒီ လူတစ်ချို့ ) တကယ်မသိတဲ့နောက်ကွယ်က အကြောင်းအရာတွေကို သူတို့ တကယ်သိအောင် မကြိုးစားတတ်ခဲ့ကြပါဘူးမေမေ.. အစောပိုင်းကာလတွေအထိ .. မေမေ့သမီးလဲ သူတို့ထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်..
တကယ်တော့ မေမေရယ်.. မိဘတွေကလေ .. သားသမီးရဲ့ သိတတ်ခြင်းကို .. သားသမီးရဲ့ ခြေဆုပ်လက်နယ်ပြုစုမှုကို .. သားသမီးရဲ့ ဂရုစိုက်ကြင်နာမှုကို.. သားသမီးရဲ့ ရိုသေသိတတ်မှုကို.. သားသမီးရဲ့ မျိုးဆက်တွေကို အမြဲပဲ အစဉ်သဖြင့် မျှော်လင့်နေတတ်ကြပါတယ်တဲ့..

မေမေ..
သမီးရဲ့ အစောပိုင်း အသက်တာကာလတွေမှာ သမီးဘယ်လောက်ထိ မေမေ့အပေါ်မှာ ရက်စက်ခဲ့တယ်.. ဆိုးခဲ့မိုက်ခဲ့တယ်.. သမီးကြောင့် မေမေ ကျောင်းရုံးခန်းကို အကြိမ်ကြိမ်ရောက်ခဲ့ရတယ်ဆိုတာ အခုအချိန်မှာ သမီးပြန်မတွေးရဲလောက်အောင်ကို နောင်တရနေမိတယ်..
တစ်ခါတရံမှာလေ.. အချိန်တစ်ချို့ကို နောက်ပြန်သွားချင်မိပါသေးတယ်မေမေ..

ဒီလိုနဲ့ သမီးရဲ့ ဘ၀တစ်ဆစ်ချိုးအပြောင်းအလဲကို မမြင်နိုင်တဲ့အရာတွေက ဖန်တီးပေးခဲ့ကြတယ်.. ဟုတ်ပါတယ်မေမေ.. သမီးက အဲ့လိုပဲ ယူဆလိုက်မိပါတယ်.. မမျှော်လင့်ခဲ့မိတဲ့ နေ့တစ်နေ့မှာပေါ့.. သမီးဆယ်တန်းစတက်ခါစအချိန်... ကျောင်းမှာမူးလဲလို့ဆိုပြီး မေမေ့ကို လာပြောကြတော့ မေမေ ဘယ်လောက်ထိ ပြာယာခတ်စိုးရိမ်သွားမလဲဆိုတာ သမီး မှန်းဆမိပါတယ် မေမေ.. အဲ့ဒီနေ့ဟာ သမီးရဲ့ ဘ၀နောက်ဆုံးချိန်လဲ ဖြစ်ခဲ့ပါတယ်..
လူတစ်ယောက် သေဆုံးဖို့ အခြေအနေနဲ့ အချိန်အခါ ဘယ်လောက်များ လိုအပ်ခဲ့ပါသလဲလို့ သမီးတစ်ခါတရံမှာ တိတ်တိတ်လေး တွေးတတ်ခဲ့ဖူးပါတယ်..
အကယ်၍များမေမေရယ်.. သမီးအဲ့ဒီအချိန်မှာ သေဆုံးသွားခဲ့မယ်ဆိုရင်လေ........

သမီး ဆေးရုံကိုစရောက်တဲ့အချိန်ကစပြီး လေးဆယ့်ငါးရက်လုံးလုံး သတိမေ့မြောနေခဲ့တဲ့နောက် မေမေ့ရဲ့ မျက်ရည်တွေ ဘယ်လောက်များ သမီးရင်ဘတ်နဲ့ လက်တွေမှာ ပေကျံစွန်းထင်းခဲ့ကြပါလိမ့် မေမေ.. မေမေ့ရင်ထဲမှာ ဘယ်လောက်များ ယူကြုံးမရခြင်းတွေနဲ့ ဖြစ်တည်နေမှာပါလိမ့်...
သမီးကို သူတို့ ( ဆရာဝန်ကြီး) တွေက တစ်ဖက်က သွေးတွေ သွင်းပြီး တစ်ဖက်က သွေးတွေလာထုတ်နေကြတယ်.. သမီးကို နှာခေါင်းပိုက်တွေ ထည့်နေကြတယ်.. သမီးကို လျှပ်စစ်နဲ့ နှလုံးကို လာရိုက်နေကြတယ်.. သမီး အရမ်းမောနေခဲ့တယ်.. သမီးအရမ်းနာကျင်နေပါတယ်.. အရာအားလုံးကို သမီးသိနေခဲ့ပါတယ်မေမေ.. ဒါပေမယ့် သူတို့က သမီးကို မေ့မြောနေဆဲဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိနေစေခဲ့တယ်.. တကယ်က မေမေရယ်.. သမီးသိနေပါတယ်.. အရာအားလုံးကို သမီးသိနေခဲ့တာပါ.. မေမေ့ရဲ့ ငိုကြွေးသံ.. မေမေ့ရဲ့ သမီးလေးရယ် ဆိုတဲ့တိုးတိုးလေး ခေါ်သံ.. မေမေ့ရဲ့လက်တွေ သမီးနှဖူးပေါ်က ဆံပင်တွေကို လာထိတာ.. မေမေ့ရဲ့ လက်တွေက အစာအိမ်သွေးကြောတွေပေါက်ပြီး သွေးတွေနဲ့ပြည့်လျှံနေခဲ့လို့ ရေတောင်မှ တစ်ပေါက်စွတ်ပေးခွင့်မရခဲ့လို့ ခြောက်သွေ့ကွဲအက်နေခဲ့တဲ့ သမီးရဲ့ နှုတ်ခမ်းသားတွေကို လာထိနေခဲ့တာ.. အရာအားလုံးကို သမီး သိနေခဲ့ပါတယ်မေမေ.. သမီးရဲ့ နားထဲမှာ.. မေမေ့ရဲ့ ဘုရားစာရွတ်နေတဲ့ အသံတိုးတိုးလေးကို အမြဲကြားနေခဲ့တာပါ.. မေမေ့ရဲ့ သစ္စာဆိုနေတဲ့အသံလေးဟာ သမီးအတွက် ဘာနဲ့မှ လဲလို့မရတဲ့ အသာယာဆုံးသောအသံလေးတစ်ခု ဖြစ်ခဲ့ပါတယ်မေမေ.. သမီးဘ၀ရဲ့ နေ၀င်ချိန်ကို ဖြတ်ကျော်နေခဲ့တဲ့အချိန်မှာ မေမေဟာ သမီးရဲ့ အကောင်းဆုံးသောအဖော်အဖြစ် ရှိနေပေးခဲ့ပါတယ်..

မေမေ..
သမီးဘ၀မှာ ဘယ်အရာကိုမှ မျှော်လင့်တကြီးနဲ့ ရယူပိုင်ဆိုင်လိုစိတ်ဆိုတာ မရှိခဲ့ပါဘူး.. သမီးရဲ့ ဘ၀ရှင်သန်မှုမှာ ဘယ်အရာကိုမှလဲ ဆုပ်ကိုင်ဖက်တွယ်ထားတယ်ဆိုတာ မရှိခဲ့ဖူးပါဘူး... မေမေ့ကိုချစ်တဲ့မေမေ့သမီးမှာ ဘ၀တစ်ခုလုံးအတွက် ရင်နဲ့ရင်းပြီးဖြစ်ချင်ခဲ့တဲ့ ဆန္ဒတစ်ခုပဲ ရှိခဲ့ဖူးပါတယ်မေမေ... သမီး မေမေ့အပေါ်မှာ သိပ်ကိုတာဝန်ကျေတဲ့သမီးတစ်ယောက်ဖြစ်ချင်မိတယ်..

မေမေ..
မေမေ့ကိုချစ်တဲ့ မေမေ့သမီးဟာ သိပ်ချမ်းသာကြွယ်ဝနေတဲ့သူတစ်ယောက်ဖြင့် မဟုတ်ခဲ့ပါဘူး. မေမေ့သမီးဟာ သိပ်ကို ပြီးပြည့်စုံနေတဲ့ သူတစ်ယောက်လဲ မဟုတ်ခဲ့ပါဘူး.. မေမေ့သမီးဟာ သိပ်ပြီး တော်လွန်းတတ်လွန်းနေတဲ့သူတစ်ယောက်လဲ မဟုတ်ပါဘူးမေမေ.. ဒါပေမယ့် မေမေရယ်.. မေမေ့ကိုချစ်တဲ့မေမေ့သမီးကြောင့် မေမေ့မျက်နှာလေး ဂုဏ်ယူဝင့်ကြွားစိတ်နဲ့ လန်းဆန်းနေတာကိုပဲ သမီးမြင်ချင်ခဲ့တယ်.. မေမေ့သမီးမှာ ပိုင်ဆိုင်ရာဆိုတာမရှိပါဘူးမေမေ... မေမေ့ကိုချစ်တဲ့အချစ်နဲ့ မေမေ့ကို စိတ်ချမ်းသာစေချင်တဲ့ဆန္ဒတစ်ခုသာ သမီးရင်မှာ ဖြစ်တည်ပါတယ်...

မေမေ..
လူသားတိုင်းမှာ ရည်မှန်းချက်ကိုယ်စီ ပန်းတိုင်ကိုယ်စီရှိတတ်ကြပါတယ်.. မေမေ့သမီးမှာလဲ ရည်မှန်းချက်တွေ ပန်းတိုင်တွေနဲ့ပေါ့.. သမီးလျှောက်နေတဲ့လမ်းတိုင်းရဲ့ အဆုံးမှာ အမေဆိုတဲ့ ပန်းတိုင်တစ်ခုပဲ ရှိနေခဲ့ဖူးပါတယ်.. သမီးရဲ့ ဦးတည်ရာဟာ အမေဆိုတဲ့ တည်ရှိရာပဲ ဖြစ်နေခဲ့ဖူးပါတယ်.. လူငယ်တစ်ယောက်အတွက် နှလုံးသားရေးရာကဏ္ဍတွေလဲ ရှိနေတတ်ခဲ့ပေမယ့် မေမေရယ်.. မေမေ့သမီးအတွက် ဘုရားပြီးရင် ပထမဦးစားပေးဟာ မိခင်ဆိုတဲ့ သမီးကိုချစ်တဲ့ မေမေပဲ ရှိတယ်ဆိုတာ သမီးနှလုံးသားတစ်ခုလုံးနဲ့ သက်သေပြချင်ပါသေးတယ်..

မေမေ..
သမီးရဲ့ နေ့ရက်တိုင်းနဲ့ သမီးရဲ့ လုပ်ဆောင်မှုတိုင်းဟာ မေမေ့အတွက်ဆိုတာပဲ ဖြစ်ခဲ့ဖူးပါတယ်.. သမီး သိပ်ကိုပင်ပန်းရပါတယ်မေမေ.. သမီးသိပ်ကို စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်ခဲ့ဖူးပါတယ်.. သမီးမှာ နာကျင်နေခဲ့ရတဲ့အချိန်တွေလဲ ရှိခဲ့တယ်.. သမီးတစ်ယောက်တည်း အားငယ်လွန်းလို့ စိတ်ဓါတ်ကျလွန်းလို့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို မခံနိုင်လွန်းလို့ တိတ်တိတ်လေး ငိုကြွေးခဲ့ရတဲ့အဖြစ်တွေလဲ ဒုနဲ့ဒေးပါ... ဒါပေမယ့် မေမေရယ်.. သမီးဘာ့ကြောင့် ဒီလမ်းကို ရွေးချယ်ခဲ့တာတဲ့လဲ.. သမီးဘာ့ကြောင့် တစ်ယောက်တည်း မေမေနဲ့ဝေးရာမှာ နေနေရတာတဲ့လဲ..
သမီးဘယ်လောက်ပဲ ပတ်ဝန်းကျင်ကြောင့် နာကျင်ရပါစေ.. သမီးကိုချစ်တဲ့မေမေ့အတွက်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ သမီးအရာအားလုံးကို ပြုံးနိုင်နေခဲ့ပါပြီ.. ဥပေက္ခာပြုနေနိုင်ခဲ့ပါပြီမေမေ.. ဒီလိုနဲ့ မေမေ့သမီးဟာ အလုပ်ထဲမှာတောင် မေမေ့အတွက် နေရာတစ်နေရာကို ရထားခဲ့ပါပြီ...

မေမေ..
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က မေမေချစ်တဲ့မေမေ့သမီးဟာ ပီဘိကလေးငယ်လေးတစ်ယောက်ပါ.. ဘာမှမသိတဲ့ အမေကိုသာဂျီကျ အနိုင်ကျင့်တတ်တဲ့.. ပြောစကားကိုနားမထောင်တတ်တဲ့.. ဂျစ်ကန်ကန်မိန်းမဆိုးလေးတစ်ယောက်အဖြစ် အသက်တာကို ၁၆နှစ်တိတိ ဖြတ်ကျော်ခဲ့ဖူးပါတယ်..
ခုချိန်မှာတော့မေမေရယ်.. မေမေ့သမီးရဲ့ ရင်ထဲမှာ ငြိမ်းအေးမှုတို့ခိုတွဲလို့ အရာအားလုံးကို သဘာဝကို သဘာဝအတိုင်းပဲ မြင်အောင်ကြည့်တတ်နိုင်ဖို့ လုပ်ယူစရာမလိုတဲ့ နေထိုင်ခြင်းမျိုးနဲ့ ကြိုးစားပြီး လျှောက်လှမ်းနေခဲ့ပါပြီ.. မေမေ့သမီးက သေခြင်းတရားနဲ့ မျက်နှာချင်းဆိုင် မိတ်ဆက်ခဲ့ဖူးပါတယ်မေမေ..

မေမေ..
မတူညီတဲ့လူသားတွေအတွက် မတူညီခြင်းကသာ စိုးမိုးနေတတ်ကြပါတယ်.. သမီးမှာ နေ့စဉ်ဘုရားဝတ်တတ်တဲ့ တကူးတကပြုမူခြင်းမျိုးတွေ မရှိခဲ့ပါဘူး... မေမေ့သမီးမှာ ဘုရားစာတွေရွတ်နေတာမျိုးလဲ မရှိခဲ့ပါဘူးမေမေ.. ဒါပေမယ့် မေမေရယ်.. သဘောထားတွေ မတူညီကြတဲ့လူတိုင်းကို သမီး တလေးတစားနဲ့ဆက်ဆံပါတယ်.. သမီးရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုအဖြစ် လူတိုင်းရဲ့ သဘောထားကွဲလွဲမှုတိုင်းကို သမီးအပြစ်မမြင်တတ်အောင် ကြိုးစားနေပါတယ်.. စိတ်ရှည်ခြင်းနဲ့ သည်းခံခြင်းကို အတင်းကျိတ်မှိတ်လုပ်နေမယ့်အစား သမီးရင်ထဲမှာ သတိတစ်ခုကိုပဲ အမြဲဖြစ်တည်ထားပါတယ်..
မေမေရယ်.. သမီးရဲ့တစ်နေ့တာမှာ .. မေမေ့ကိုတာဝန်ကျေချင်တဲ့စိတ်.. သမီးရဲ့လူသားတစ်ယောက်ပီသချင်တဲ့စိတ်နဲ့.. အရာအားလုံးအပေါ်မှာ နောင်တရတာမျိုးမဖြစ်ဘဲ ကုန်ဆုံးသွားချင်ပါတယ်.. အကယ်၍ နံနက်ဖြန်မှာသာ သမီးသေဆုံးသွားခဲ့မယ်ဆိုရင် သမီးနဲ့အတူ သမီးရဲ့ တာဝန်ကျေခဲ့တယ်.. လူသားပီသခဲ့တယ်.. ဆိုတဲ့ စိတ်တစ်ခုကိုသာ သမီးရဲ့ အဖော်အဖြစ် ယူဆောင်သွားချင်ပါတယ်.. သမီးမှာ ပိုင်ဆိုင်ရာဘာမှ မရှိခဲ့ဘူးမဟုတ်လား..

မေမေ..
လူတိုင်းမှာ စိတ်ကောင်းကိုယ်စီရှိကြပါတယ်တဲ့.. သမီးရဲ့ နေ့ရက်တိုင်းမှာ သမီးကိုချစ်တဲ့မေမေ့အတွက် ဘယ်လိုအရာမျိုးကိုမှ သမီးမပေးနိုင်ခဲ့ပေမယ့်.. သမီးရဲ့ သူတစ်ပါးကို လေးစားမှုပေးတဲ့စိတ်နဲ့ လူသားပီသဖို့ ကြိုးစားခြင်းဟာ မေမေ့တစ်ယောက်တည်းအတွက်ပါဆိုတာတစ်ခုတော့ သမီး လုပ်နိုင်ခဲ့ပါတယ်မေမေ..

မေမေ..
သမီးကို သေဆုံးခြင်းမှ ကယ်တင်ခဲ့တဲ့ မေမေ့သစ္စာတရားတွေအတွက် သမီးကျေးဇူးတင်ပါတယ်.. သမီးကို ငြိမ်းချမ်းတဲ့ လွတ်မြောက်ရာကို ရှာဖွေဖို့အတွက် အခွင့်အရေးရခဲ့တဲ့ အချိန်တိုင်းကိုလဲ သမီး ကျေးဇူးတင်ပါတယ်.. သမီးရဲ့ စိတ်နှလုံးကို ပြင်ဆင်ဖို့ အချိန်တစ်ခု အခွင့်အရေးတစ်ခုအဖြစ် ပြောင်းလဲပေးခဲ့တဲ့ သေခြင်းတရားနဲ့နီးကပ်ခဲ့တဲ့ အချိန်တွေကိုလဲ သမီးကျေးဇူးတင်ပါတယ်...
အရာအားလုံးမှာ ကျေးဇူးတင်ခြင်း.. ချစ်မြတ်နိုးခြင်း... သဘာဝတရားကိုနားလည်ခြင်းများနဲ့ သမီးရဲ့ အသက်ရှင်ခွင့်ရတဲ့ နေ့တွေကို နေထိုင်ဖြတ်ကျော်ချင်ပါတယ်မေမေ..
မေမေလဲ သဘောတူလိမ့်မယ်လို့ သမီးယုံကြည်ပါတယ်.. မေမေက သမီးကို သိပ်ချစ်တဲ့မေမေမဟုတ်လား..

မေမေ..
အပြင်မှာ လမင်းကြီး ထိန်ထိန်သာနေပါတယ်...
သမီးကိုမွေးဖွားခဲ့တဲ့အချိန်နဲ့ အဲ့ဒီနေ့ရက်တုန်းက အပြင်မှာမိုးတွေ သည်းထန်စွာ ရွာသွန်းနေခဲ့တယ်တဲ့..
အခု ဒီနေ့မှာတော့ တိမ်ကင်းစင်နေတဲ့ ကောင်းကင်ပြင်ကြီးနဲ့ လမင်းကြီးက သမီးရဲ့ အသက်ရှင်မှုအတွက် ကောင်းချီးပေးနေကြတယ်မေမေ.. သမီးရဲ့ အသက်ရှင်မှုအတွက် မေမေဂုဏ်ယူသလို သူတို့လဲ ဂုဏ်ယူနေကြတယ်လို့ သမီး ယုံကြည်ပါရစေ..
သမီး ဒီနေ့မှာပဲ ရှင်သန်ပြီး နံနက်ဖြန်မှာ သေဆုံးသည်ဖြစ်စေ..
သမီးရဲ့ အသက်တာနဲ့ ရှင်သန်မှုကို မေမေပေးခဲ့လို့ .. မေမေ့ကို သမီး သိပ်ကျေးဇူးတင်ပါတယ် မေမေ..
မေမေ့ကို သမီးချစ်မြတ်နိုးစွာ .. ချစ်ခြင်းနဲ့အတူ နှုတ်ဆက်လိုက်ပါတယ်..
သမီးရဲ့ (၂၃)နှစ်မြောက် ဒီမွေးနေ့မှာ မေမေ ပျော်ရွှင်စေဖို့...

ဇော်

Monday, July 12, 2010

နှလုံးသားတစ်ခု၏ ငွေ့ရည်ဖွဲ့ အလွမ်း

မှောင်မိုက်စိုစွတ်တဲ့ ဒီည
တိုးတိတ်နူးညံ့တဲ့ ခေါ်သံ
တိတ်ဆိတ်မှုရဲ့ အရောင်တွေကြား
ကြယ်တွေတောင် မလင်းချင်းခဲ့ဘူး..

ရယ်ဟဟ နှုတ်ခမ်းတော်အပါး
ဝိဥာဉ်တို့ရဲ့ နာခံရာလဲ ဖြစ်ရဲ့
ငှက်တို့ရဲ့ နှုတ်ဆက်သံလဲ ဖြစ်ရဲ့
ဝတ်ရုံတော်ရဲ့ လှုတ်ခတ်သံလဲ ဖြစ်ရဲ့

တလွလွ ယစ်မူး
လေအလူးမှာ လွင့်မြူးမိလို့
ငါ ရူးခဲ့ပြီ..

တေးသီသံတို့ နှုတ်ဆိတ်ချိန်
ပျော်မြူးမှုတို့ အရောင်မှိန်ချိန်
ချစ်ခြင်းတရားတို့ အမှောင်ဝင်ချိန်
အနားသတ်မျဉ်းတစ်ကြောင်းလဲ ဖြစ်ရဲ့
စည်းဘောင်တစ်ခုလဲ ဖြစ်ရဲ့
ရင်ကွဲသီချင်းလဲ ဖြစ်ရဲ့

တစ်စစ်စစ်နဲ့နာကျင်
ဒီရင်တစ်ခြမ်း
ပိုးစားနေတာတောင် ငါ မသိခဲ့မိဘူး

ရင်နာတယ်လို့ ငါ ဆိုနေတယ်
မောလျတယ်လို့ ငါခံစားတယ်
ပင်ပန်းမှုလို့ ငါ ယူခဲ့တယ်
အမှောင်ထုရဲ့ ကြီးစိုးမှု
အလင်းရဲ့ တန်ပြန်ရိုက်ခတ်မှု
ချစ်ခြင်းတရားရဲ့ ကျိန်စာ
(တနည်း)
ရိုးရာလဲ ဖြစ်ရဲ့
အဇ္ဖျတ္တလဲ ဖြစ်ရဲ့

မှော်ပညာတို့ စုဝေးရာ
ရယ်သံတစ်ချို့
အကြည့်တစ်ချို့
စကားလုံး တစ်ချို့
လောင်ကျွမ်းဆဲ ဒီရင်
ပြာကျတာတောင် အမှတ်မရှိခဲ့ဘူး

မုန်းတိုင်းတို့ ၀ဲလွင့်ရာ
နှုတ်ခမ်းတော်တို့ ဖွင့်ဟရာ
စကားလုံးတို့ ပျော်မြူးရာ
မျက်ရည်တို့ ကျက်စားရာ
ဒဏ်ရာရဲ့ အရင်းအမြစ်
နှလုံးသွေးတို့ ဖြစ်တည်မှု
အပါးတော်၌ ခစားခြင်း

ပန်းပျိုတို့ရဲ့ သခင်
နုနယ်ခြင်းရဲ့ မာန
သစ်ပင်၏ နိဂုံး
ဥယျာဉ်မှူးက ပြုံးနေလေရဲ့ ..


ငါ ..
တမာပင်လား နွယ်ပင်လား
ခါးသက်ခြင်းနဲ့ ရစ်ငင်မှု
အင်အားခြင်းမမျှခဲ့တော့
မြေကြီးကို တွယ်တာခွင့်တောင် မရှိခဲ့တော့ဘူး။

ငါ့တံခါးက ( အမှတ်မရှိ )အခုထိ စေ့ထားဆဲ...


ဇော်

Saturday, June 26, 2010

ခေါင်းစဉ်မရှိသော ...

အဲ့ဒီနေ့က ခါတိုင်းလို မိုးမရွာခဲ့ဘူး ..
အဲ့ဒီနေ့က ခါတိုင်းလို ပန်းပင်ကလေး မပွင့်ခဲ့ဘူး..
အဲ့ဒီနေ့က ခါတိုင်းလို သူမလာခဲ့ဘူး ..
အဲ့ဒီနေ့က ခါတိုင်းလို တွေ့နေကြနေရာလေးမှာ မရှိခဲ့ဘူး..
အဲ့ဒီနေ့က ခါတိုင်းလို အိမ်ပြန်တော့ မနက်ဖြန်ဆိုတာ မရှိတော့ဘူး..
အဲ့ဒီနေ့က ...
အဲ့ဒီနေ့က ခါတိုင်းလိုမဟုတ်ဘဲ သူ့ကို တစ်သက်စာ လွမ်းတတ်ခဲ့တယ်...။

မင်း

(မင်းထွက်သွားသောနေ့ အမှတ်တရ)

Friday, June 18, 2010

"ကြားလူ"

မောင်းနှင်သွားတဲ့ မိုးသက်လေပြင်းနောက်မှာ
ဘာသာပြန်နေဆဲ စကားလုံးတွေ
'ကကြီး'ကနေ'အ' အဆုံး အကုန်လုံး တစ်ဝုန်းဝုန်းပြိုကျခဲ့
စာမျက်နှာရဲ့နိဂုံးမှာ
ငါ့အတွက် ဆူးတစ်ခုအသေချာရှိမှန်းသိရဲ့နဲ့
မက်မက်မောမော စူးချင်ခဲ့တယ်။

စောင့်နေကျနံနက်လေးနာရီ
အိမ်ပြန်လမ်းမှာ နှင်းတွေတစ်ငွေ့ငွေ့သွန်း
ရွှေသမင်လေးရဲ့ဇာတ်ညွှန်းကို
ငါကိုယ်တိုင်ဖျက်ခဲ့ပြီကလေးရေ။

တစ်ခန်းတောင်မပြီးပဲရပ်ခဲ့တဲ့ ပြဇာတ်မှာ
ပရိတ်သတ်မရှိ.. လက်ခုတ်သံမရှိ
မင်းသားမရှိ.. ပန်းသီးပင်လေးမရှိ
ဝတ်ရုံအောက်က ကိုယ်ကိုယ့်ကိုအဆုံးစီးရင်ဖို့
ကလေးရဲ့ ချိုချိုရွှင်ရွှင်အပြုံးလေးတစ်ချို့ပဲ ရှိခဲ့တယ်။

မတူတာလား မတန်တာလား
မသင့်မြတ်တာလား မရင့်ကျက်တာလား
အချိုးမကျတဲ့မျှော်လင့်ချက်က
နံနက်ဖြန်တိုင်းမှာ နှလုံးသားကိုပါးပါးမွှန်းသတ်
ကလေးရေ..
အဲ့ဒါ ဓါးတစ်စင်းထက်ဆိုးတဲ့လက်နက်ပေါ့ကွယ်။

လင်းရှအက်ကွဲ
အဆိပ်မိနေတဲ့အသံတွေထဲမှာမှ
ဒီနာမကို ဘာလို့အပ်ကြောင်းထပ်အောင်လွမ်းနေရတာလဲ..
ကြည့်နေရင်းနဲ့ မြင်ကွင်းကမှုန်ဝါး
ငိုချင်နေတာတောင် မျက်ရည်က ကျကျနန ကျခွင့်မရဘူး။

ငါက ဒုတိယလူတဲ့လား
အစားကိုသာ ကုန်အောင်စားပါ
သံယောဇဉ်ကို ကုန်အောင်မပြောပါနဲ့
မြက်ရိုင်းပင်လေးက ပန်းလိုတစ်လွင့်လွင့်ဝေ
သေမယ်ဆိုရင်တောင် မင်းရှေ့ကအရင်သေချင်တဲ့လူပါ။

ကလေးရေ..အသည်းကွဲတယ်ဆိုတာ
ကဗျာတစ်ပုဒ်လည်း ဖြစ်ချင်ဖြစ်မယ်
တစ်ခွက်တစ်ဖလားလည်း ဖြစ်ချင်ဖြစ်မယ်
ငါအသည်းက ကွဲစရာလောက်လောက်လားလားမှမကျန်တော့
မူးယိုင်ဆို့နစ် လမ်းမကြီးကငါ့ကိုယ်စားအော်ဟစ်ပေးရှာရဲ့
(မင်း.. ဖြူစင်စွာ ပွင့်လန်းလှည့်ပါ။)

ချစ်သူဆိုတဲ့တေးသွားကိုနားထောင်ဖို့
နက္ခတ်တွေမလင်းချင်းခဲ့ဘူးလေ
နံနက်ခင်းရဲ့ ပန်းပျိုမလေးပွင့်ချိန်မှာပဲ
ခြောက်တီးခြောက်ကပ် ကောင်းကင်ထက်မှာ
ခပ်စုတ်စုတ်ကြယ်တစ်ပွင့်
'ဖျက်ခနဲ' လွင့်ပြာကြွေကျခဲ့ပြီ။

ဆံနွယ်နက်နက်လေးတွေကို မဖြတ်ပစ်ပါနဲ့ကလေးရေ..
အဲ့ဒီမှာ ငါ့ဝိဥာဉ်လေးခိုကပ်နေတယ်။
မျက်ဝန်းတွေကို မစိုစွတ်ပါစေနဲ့ကလေးရေ..
မျက်တောင်ကော့လေးထက်မှာ
ငါ့ဝိဥာဉ်လေးဖျားနာနေလိမ့်မယ်။

ကလေးရေ..
မင်း.. ဖြူစင်စွာ ပွင့်လန်းလှည့်ပါ။

မင်း
(10.06.10) 06 55 AM


Monday, May 24, 2010

သုညတွေပွင့်တဲ့သစ်ပင်

နေခုနစ်စင်းမလင်းဘူး ၊
လမင်းတစ်ရာမသာဘူး ၊
ဒါပေမယ့်
ငါချိတ်ဆွဲထားတဲ့
အဲဒီနှင်းပွင့်လေးရှိတယ်...။
တစ်လွင့်လွင့်ပျံသန်းသွားနေသမျှ
မြက်ဖျားပေါ်က
အိပ်မက်လေးတစ်စလည်းဖြစ်ရဲ့...။
ရေခဲမြစ်တစ်စင်းရဲ့
မြစ်ဖျားခံရာလည်းဖြစ်ရဲ့...။

အညတရဆန်ဆန်ပျောက်ဆုံးသွားဖို့
အကြောင်းအရာတွေကြီးကျယ်စရာမလိုပါဘူး ၊
ဒါပေမယ့်
ငါချိတ်ဆွဲထားတဲ့
အဲဒီနှင်းပွင့်လေးရှိတယ်...။
အရွေ့စွမ်းအင်တွေ
မြေဆွဲအားတွေနဲ့
ဟင်းလင်းဖွင့်ထားတဲ့ ကြမ်းပြင်ကို
တိတိပပပေါက်ခွဲလိုက်ဖို့လည်း
တန်ခိုးအာဏာရှိလေရဲ့...။

ကုန်လွန်သွားဖို့လည်း
ဒီမနက်ကိုဆုမတောင်းဘူး..။
ဖြတ်သန်းရောက်ရှိလာတဲ့
လေပြည်ထဲလည်း ခိုဝင်မသွားဘူး..။
ဒါပေမယ့်
ငါချိတ်ဆွဲထားတဲ့
အဲဒီနှင်းပွင့်လေးရှိတယ်...။
ဟောဒီမှာ!
ဝိုင်တစ်ခွက် ၊
ဟောဒီမှာ!
ဓားတစ်လက် ၊
ချပ်ဝတ်တန်ဆာတွေကြားထဲအထိ
ရိုက်ခတ်လိုက်ဖို့လည်းဝန်မလေးဘူး..။

လက်ဖျားတွေ ထုံကျဉ်သွားကြတယ် ။
သွေးကြောတွေ အေးစက်သွားကြတယ် ။
ဒါပေမယ့်
ငါချိတ်ဆွဲထားတဲ့
အဲဒီနှင်းပွင့်လေးရှိတယ်...။
တဂိုးကို သိချင်မှသိမယ် ၊
ဗန်ဂိုးကို သိချင်မှသိမယ် ၊
အသွားထက်ထက် အမှန်တရားတစ်လက်နဲ့တော့
လုံခြုံကျွမ်းကျင်နေသေးတယ်...။

အပြုံးတွေမှာ
ဆူညံသံရှိချင်ရှိမယ်..၊
ရောင်စဉ်တွေကို သိမ်းထားတဲ့
တောင်ပံလေးတစ်စင်းဖြစ်ချင်ဖြစ်မယ်..၊
ဒါပေမယ့်
ငါချိတ်ဆွဲထားတဲ့
အဲဒီနှင်းပွင့်လေးရှိတယ်...။
မသိကျိုးကျွံ
ချန်ရစ်သွားဖို့ရော ၊
တိတ်တိတ်ဆိတ်ဆိတ်
ကျန်ရစ်သွားဖို့ရော ၊
အစကတည်းက
သေချာထားသလိုမျိုး....။

ဆည်းလည်းတွေ
စောင်းကြိုးညင်းတယ်..။
အရိပ်ကလေး
မျက်နှာလွှဲတယ်..။
ဒါပေမယ့်
ငါချိတ်ဆွဲထားတဲ့
အဲဒီနှင်းပွင့်လေးရှိတယ်...။
ခရီးတွေရွေ့လျားသွားပြီးပြီ..၊
အချိန်တွေ တိုက်စားသွားပြီးပြီ..၊
တဖြစ်ဖြစ်မြည်အောင်
ဆန့်တန်းထားရင်းပဲ
ရထားအိုလည်းဝေးသွားပြီ..။

ကြောက်လန့်တကြား
မျက်စိစုံမှိတ်ထားတယ်..။
အတင်းအကြပ်
ပွေ့ဖက်သိုဝှက်ထားတယ်..။
ဒါပေမယ့်
ငါချိတ်ဆွဲထားတဲ့
အဲဒီနှင်းပွင့်လေး.....
.........................
.........................
.........................။
လေရူးထဲ
တစ်တောလုံးကြွေကြတယ်...။
အလင်းထဲ
ပန်းရနံ့တွေကြွေကြတယ်...။

ပျောက်ဆုံးသွားတာမဟုတ်မှန်း
ငါပျော်ရွှင်စွာသိပါရဲ့...၊
ဒါပေမယ့်
မိုးကုတ်စက်ဝိုင်းတစ်ခုလုံး
တိမ်မျှင်တစ်စမှမရှိဘူး..။

နေခုနစ်စင်းမလင်းဘူး ၊
လမင်းတစ်ရာမသာဘူး ၊
ဒါပေမယ့်
ငါချိတ်ဆွဲထားတဲ့
အဲဒီနှင်းပွင့်လေးရှိတယ်...။

လင်းစက်ရာ
၂၂.၁.၁၀

Monday, May 17, 2010

အသံမဲ့ ခေါင်းလောင်းသံ ..

လေပြည်ကပြောတယ် ..
ကလေးရယ် .. ပင်ပန်းလိုက်တာကွယ်တဲ့ ..
မချိတရိ အပြုံးတစ်ချို့နဲ့ ငါ့နေ၀င်ချိန်တွေကို
နိဂုံးချုပ်လိုက်ရတာ ဘယ်သူမှ မသိလိုက်ဘူး ..

မိုးစက်ပွင့်တွေ မျက်နှာပေါ် ခပ်ပြင်းပြင်း ရိုက်ခတ်တုန်းက
ငါ့နားကို တိုးတိုးလေး ကပ်ပြောသွားကြတယ် ..
ကလေးရယ် .. မမောဘူးလားကွယ်တဲ့ ..
ငါ့နံနက်ဖြန်တွေအတွက် မျှော်လင့်ချက်မဲ့ နိုးထရှင်သန်နေတာ
ဘယ်သူမှ မသိလိုက်ဘူး ..

မြူခိုးတွေ ငါ့တစ်ကိုယ်လုံးကို လွှမ်းခြုံတုန်းက
ငါ့နေ့ရက်တွေ မှိုင်းဝေသွားခဲ့ဖူးတယ် ..
အဓိပါယ်မဲ့ နံနက်ခင်းတိုင်းအတွက် နေ့လည်ဆိုတာ
မသေချာခဲ့ဘူး ..
ညနေဆိုတာက မှောင်မိုက်ခြင်းနဲ့ မိတ်ဖွဲ့လို့ ..

ခြောက်သွေ့တဲ့နေ့ရက်တွေအတွက်
ဘယ်သူ့ကို အဖော်ပြုရမှာလဲလို့
ငါ တိုးတိုးလေး ငိုညည်းမိတုန်း ..
ငါ့ကို ကောင်းကင်နဲ့ကြယ်က ဟားတိုက်ရီကြတယ် ..
လေပြည်ကတော့ ရူးလဲရူးတဲ့ကောင်တဲ့ ..
ဆိုကြပါစေ ..
အရူးတစ်ယောက်ရဲ့ ဖြစ်တည်မှုကို ဘယ်သူကမှ
ရာဇ၀င်မတင်ချင်ခဲ့ကြပဲ ..

ငါ တစ်ယောက်သာ ..

ဇော်

Monday, May 3, 2010

သူငယ်ချင်းလေး..သို့ …

ပြတင်းတံခါးကြားမှ ညင်သာတိုးလျစွာ စိမ့်ဝင်စီးမျောလာသော ညဉ့်လေအေးအေးထဲတွင်
ပိတောက်ပန်းရဲ့ အငွေ့အသက်တွေပါနေသလားဟု ထင်ယောင်ထင်မှား ဖြစ်မိသည်။
တစ်ကယ်တော့ ကမ္ဘာ့မြေပုံပေါ်မှ ဂရစ်ကွက်လေးတစ်ကွက်သာ ခြားနေသည့်အရပ်၌
အမိမြေ၏ပုံရိပ်သည် အိပ်မက်မှလန့်နိုးတိုင်း ပြန်လည်တမ်းတမိသော အရိပ်လေးတစ်ခုအဖြစ် စိတ္တဇညများကို အရောင်ချယ်ထားတော့သည်။

အတာသင်္ကြန်သည် သြသြောသံနှင့်အတူ၊
ကလေးငယ်တို့၏ ကျောင်းပိတ်ရက်များနှင့်အတူ၊
ပျိုမြစ်နုနယ်၍ လန်းဆန်းတတ်ကြွသော ရေစိုအလှနှင့်အတူ ဧပရယ်ကို ဖြတ်သန်းခဲ့လေပြီ..။
လူတွေကနှစ်သစ်ကို ကြိုဆိုကြသည်။…
သို့သော် နှလုံးသားအဟောင်းများနှင့်သာ..။

သံပတ်ပေးမထားသော်လည်း ရာသီစက်ဝိုင်းသည် မည်သူ့ကိုမှမစောင့်ပဲ ပြက္ခဒိန်များကို စုတ်ဖြဲပစ်ခဲ့သည်။
လူငယ်တစ်ယောက်ရဲ့ ဒိုင်ယာရီလေးကတော့
ပျော်တစ်ဝက်နိုးတစ်ဝက် အိမ်မက်များဖြင့် နွေနှောင်းရာသီရဲ့ နေ့ရက်များဆီမှာ အလင်းပန်းတို့ကို ပွင့်စေခဲ့ပြီ..။


“ချစ်ရပါသော သူငယ်ချင်းလေးရေ….
ဆောင်းကြွေရွက်တွေလို ရည်ရွယ်ရာမရှိပဲလမ်းသလားရင်း
ငါတို့တွေ့ခဲ့ကြတယ်..
ပြယ်လွင့်စပြုနေတဲ့နှုတ်ခမ်းနီရောင် ညနေခင်းတွေထဲမှာ
နင့်ရယ်သံတစ်ဝက်တစ်ပျက်နဲ့ ငါတို့မိတ်ဆက်ခဲ့တယ်လေ…။”


လွန်ခဲ့သော အဲ့ဒီလိုနေ့တွေမှာ
သူနှင့်ကျွန်တော်စတွေ့ခဲ့ပါသည်။ သူသည် စံပယ်ပန်းကိုပန်ထားသော ကံကော်ပင်ပျိုနှင့်တူသည်။
သူသည် … ကျွန်တော့်ရဲ့ ကဗျာအပိုင်းအစလေးတစ်ခုဖြစ်သည်… ။
ကျွန်တော် ဆိုပြခဲ့ဖူးသော သီချင်းသံတိုးတိုးလေးဖြစ်သည်… ။
အိပ်ရာဝင်ပုံပြင်တွေထဲက ရိုးရာဆန်ဆန်အလှတရားလေး ဖြစ်သည်…။
ကျွန်တော့်ရဲ့ ရေခဲလွင်ပြင်လိုညတွေဆီမှာ တောက်လက်နေခဲ့သော မီးအိမ်လေးတစ်လုံးဖြစ်သည်…။
သူငယ်ချင်းဟူသည့် ဝေါဟာရကို အဓိပါယ်ဖွင့်ပြသော စကားလုံးများက
သူနှင့်ကျွန်တော့်ကြားတွင် ကန့်သတ်မှုမပေးနိုင်ခဲ့ပေ။
ကျွန်တော်တို့နှစ်ယောက်ရဲ့ မသိလိုက်မသိဘာသာ နေ့ရက်များက သံယောဇဉ်တစ်စုံတစ်ရာကို စိုက်ပျိုးနေခဲ့မှန်း မည်သူကမျှ သတိမပေးခဲ့ကြပါ။
ကျွန်တော်တို့နှစ်ယောက်ရဲ့ ကောင်းကင်မှာ
နားလည်မှုတို့ဖြင့်ဖွဲ့တည်ထားသော တိမ်တိုက်များသာရှိသည်…။

ကျွန်တော်တိုက်ခတ်သော လေပြည်တို့ဖြင့် သူ့ဥယျာဉ်လေးကို စွတ်စိုအေးမြစေခဲ့သလို.. သူ ၀င်းပသော အလင်းမြမြတို့ဖြင့်လည်း ကျွန်တော့်ရဲ့ရှင်သန်ခြင်းကို နွေးထွေးလင်းလက်စေခဲ့ပါသည်…။
ကျွန်တော့်ရဲ့သူငယ်ချင်းလေးသည် သိုးငယ်လေးတစ်ကောင်ကဲ့သို့ ဖြူစင်ငြိမ်းချမ်းပြီး သူ့နှလုံးသားသည် ကဗျာများကိုချစ်တတ်သော ပန်းနုရောင်စာအုပ်လေး တစ်အုပ်လည်းဖြစ်သည်….။
သူသည်… တစ်ခါတစ်ရံတွင် စပျစ်နွယ်တို့၏ အစိမ်းရောင်ဆန်ခြင်းမျိုးဖြင့် ရဲရင့်တတ်သော်လည်း တစ်ခါတစ်ရံတွင်တော့ နှင်းဆီဆန်ဆန် လေးနက်နေတတ်သေးသည်….။
တစ်ခါတစ်ရံတွင် စမ်းချောင်းလေးလို ငြိမ်သက်သိမ်မွေ့စွာ စီးဆင်းနေတတ်သလို တစ်ခါတစ်ရံတွင်တော့
ရေတံခွန်တစ်ခုလို ပြင်းထန်မာကြောနေတတ်ပြန်သည်…။

သူနှင့်ကျွန်တော်၏ စာမျက်နှာအချို့ကို ကာရံအပိုင်းအစလေးများဖြင့် ကုန်ဆုံးစေတတ်ခဲ့ပြီး ဂီတသံတစ်ခုခု၏ အောက်တွင်လည်း စီးမျောပျော်ဝင်ခဲ့ကြဖူးသည်…။
ချုပ်နှောင်ထားခြင်းမရှိသော ဖွဲ့သီမှုမျိုးဖြင့် ခရမ်းပြာရောင် ပန်းပွင့်အိမ်မက်တို့ကို ကျွန်တော်တို့နှစ်ယောက်ရဲ့နေ့ရက်များတွင် တစ်ပွင့်ခြင်းစီသီကုံးခဲ့ဖူးပါသည်…။

“ချစ်ရပါသောသူငယ်ချင်းလေးရေ…
ပြိုင်ပွဲမ၀င်ခဲ့တာတောင် အနိုင်လိုချင်တဲ့သူတွေကို သတိထားပါ..။
ပွဲသိမ်းခရာမမှုတ်ခင်မှာ ချိုမြိန်နေတတ်တဲ့
နောက်ကြောကဓါးထက်ထက်တွေကို သတိထားပါ..။
ငါတို့နှစ်ယောက်ရဲ့ တိမ်တိုက်ဖြူတွေက
သက်တန့်တံခါးဝအထိဖြတ်ပြီး အဆုံးအစမရှိလွင့်နေဦးမှာပါ..။
နင့်ဆံနွယ်တွေမှာပန်ဖို့အတွက် ငါ့ဥယျဉ်တော်မှာလည်း
ရာသီအဆက်ဆက် ပန်းတို့ပွင့်နေဦးမှာပါ..။”

ညဉ့်ဦး၏ နောက်ခံတေးသွားမပါဘဲ တိုက်ခတ်လာသော လေပြည်သန့်သန့်တွင်
ဧပရယ်လက်ကျန်မိုးငွေ့များနှင့်အတူ အလွမ်းရနံ့တို့ကို ကျွန်တော်ရနေခဲ့သည်…။
အသည်းကွဲကြယ်တစ်ချို့၏ မှိန်ပြပြအလင်းရောင်သည် သူအားသတိရခြင်းများကို ကျွန်တော့်အခန်းကျဉ်းလေးထဲတွင် ထွန်းညှိစေခဲ့သည်..။
ထိုညမျိုးတွင် ကျွန်တော်တို့စကားတွေပြောခဲ့ကြဖူးသည်..။
အနုပညာအကြောင်း
ကဗျာတွေအကြောင်း
သူ့ချစ်တဲ့အိမ်ကလေးအကြောင်း..
လူတစ်ချို့လက်ခံထားသော အမှန်တရားတွေအကြောင်း။

အဲ့ဒီလိုနှင့် ရှင်းသန့်သောမေတ္တာတရားသည် ကောင်းကင်၏လက်ဆောင် မိုးစက်အေးများလို
ကျွန်တော်တို့နှစ်ယောက်ကြားတွင် ငြိမ်းမြကာလုံခြုံစေခဲ့ပါသည်။
ဂျစ်ပစီမိုးတိမ်သီချင်းလို ဘ၀ဟာလွင့်ချင်ရာလွင့်နေခဲ့တဲ့ နေ့တွေထဲမှာ
ကျွန်တော်နှင့်သူငယ်ချင်းလေးသည် ကျောင်းစာအုပ်နှင့်လွယ်အိတ်ကလေးလို တွယ်တာခဲ့ကြသည်…။
အလွမ်းခါးတွေရွာသွန်းတဲ့ နံနက်ခင်းတွေတိုင်းမှာ
သူ့ကိုသတိရခြင်းများဖြင့် ကျွန်တော်မျက်နှာသစ်ခဲ့ရပါသည်…။

“ချစ်ရပါသော သူငယ်ချင်းလေးရေ…
ဆောင်းမှတ်တမ်းထဲက နှင်းပွင့်လေးလို
နင်အေးမြငြိမ်းချမ်းနိုင်ပါစေ..
ကလေးငယ်တစ်ယောက်ရဲ့ အပြုံးလို
အိပ်ရာကနိုးတိုင်းမှာ
နင့်ရဲ့နံနက်ခင်းတွေရိုးသားဖြူစင်နိုင်ပါစေ.. လို့
ငါဆုတောင်းပေးခဲ့တယ်…။”

နာရီလက်တံတွေ တစ်ငွေ့ငွေ့တိုက်စားခံရပြီးကတည်းက ညတွေဟာ တစ်ဖြည်းဖြည်းပိုမှောင်လာသလို…။
စစ်ထွက်သူရဲရဲ့ ဓါးခတ်သံတစ်ချက်မှာ အလွမ်းတစ်ဝက်ရောနေသလို
သူ့ကိုကျွန်တော်သတိရတယ်…။
မိုးရိပ်တွေပြိုလာရင် နားခိုရာအိပ်တန်းဆီကို လွမ်းဆွတ်တတ်တဲ့ငှက်ငယ်လို
သူ့ကိုကျွန်တော်သတိရတယ်…။
ကမ္ဘာဦးအက္ခရာတွေနဲ့ သီကုံးထားတဲ့ အလွမ်းဖြူဖြူလေးတွေကြောင့်
အလင်းစက်ကောင်းကင်ကြီး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျွန်တော်တို့နှစ်ယောက်ရဲ့ အနာဂါတ်ဟာ
ကာရံတွေမပါလည်း ဆက်လက်ရဲရင့်နေကြဦးမယ်ဆိုတာ ဒီဧပရယ်ရဲ့နံနက်ဖြန်တိုင်းမှာ
သူငယ်ချင်းလေးတစ်ယောက် သိ နိုင် ပါ စေ………... ။

(သူ့အိမ်လေးတစ်နှစ်ပြည့်မှာ “ပိုး” အတွက်အမှတ်တရ…)

မင်း
(17/04/2010)


( ကျွန်တော့်ကို မယ်မင်းကလေးလို့ ကျွန်တော်က ချစ်စနိုးနဲ့ခေါ်ရတဲ့ ကျွန်တော့်သူငယ်ချင်း မင်းက ပြောတယ် .. ကလေးမလေးရေ .. ဧပြီ သင်္ကြန်အကြိုနေ့မှာ ပြည့်တဲ့ အိမ်ကလေး ၁နှစ်ပြည့်က အခု မေလကိုတောင် ခုန်ကူးလာပြီနော်တဲ့ ..
ကျွန်တော် ပါးပါးလျလျ ပြုံးလိုက်မိပါတယ် ..
ကျွန်တော်ကလဲ ကျွန်တော်ပါပဲလေ .. (အလုပ်ကို အကြောင်းပြပြီး) အပျင်းထူနေတာနဲ့ စာမရေးဖြစ်တာတောင်ကြာပေါ့ .. ကြာဆို ကျွန်တော်ရေးတာတွေ တင်တာတွေကလဲ မကောင်းတော့ တစ်ခါတစ်ခါ အားငယ်မိပါသေးတယ် .. ဒါပေမယ့် တစ်ဖက်ကလဲ ကိုယ့်ဟာကိုယ် ပြန်အားတင်းမိတယ် .. ငါစာရေးချင်လို့ လုပ်ထားတဲ့ ငါ့အိမ်ကလေးပဲ .. အမြဲတမ်း ကျက်သရေရှိနေပါတယ်လေ ဆိုပြီး ကိုယ့်ဟာကိုယ် ပီတိတွေ ဖြစ်လို့ရယ်ပေါ့ .. ( တကယ်က မယ်မင်းကလေးနဲ့ လင်းစက်ရာရဲ့ ကဗျာတွေသာ ကျွန်တော့်အိမ်မှာ အသက်ဝင်နေတာပါ .. ကျွန်တော့်စာတွေ ကဗျာတွေက ကိုးတန်း ဆယ်တန်းကလေးတွေ အပျော်တမ်းရေးကြတဲ့ စာမျိုးတွေလောက်သာ ဖြစ်တည်နေကြတာကို ကိုယ့်ဟာကိုယ်လဲ ခိုးပြီး မလုံမလဲနဲ့ ရှက်မိနေသေးတယ်.. )
ခုလဲ မယ်မင်းကလေးကို ကျွန်တော်က ပူဆာလို့ မယ်မင်းကလေး ရေးပေးတဲ့ ကျွန်တော့်အိမ်ကလေး တစ်နှစ်ပြည့်လက်ဆောင်လေးဟာ ကျွန်တော့်အတွက်တော့ သိပ်ပြည့်စုံလွန်းပါတယ်..
( မယ်မင်းကလေးရေ .. နင့်ကို ကျေးဇူးတင်လျှက်ပါ .. )

ဒီလိုပဲ .. ကျွန်တော့်အိမ်ကို ကျွန်တော်နဲ့သိသည်ဖြစ်စေ .. မသိသည်ဖြစ်စေ .. ကျွန်တော့်ရဲ့ ဂျစ်ကန်ကန်စာတွေကို ကြိုက်သည်ဖြစ်စေ .. မကြိုက်သည်ဖြစ်စေ .. ကျွန်တော့်ရဲ့ ဒေါင့်မကျိုးမှုတွေကို သဘောကျသည်ဖြစ်စေ .. မကျသည်ဖြစ်စေ .. တကူးတကနဲ့ အထူးတလည် လာပေးကြတဲ့ အကိုအမတွေအားလုံးကို ကျွန်တော် အမြဲတမ်းကျေးဇူးတင်လျှက်ပါ .. ကျွန်တော့်ဆီမှာ ကွန်းမန့်မပေးလို့ ကျွန်တော်က စိတ်ခုတာမျိုး .. အဲ့အိမ်ကို သွားမလည်တာမျိုး မရှိပါဘူး .. ရှိမှာလဲ မဟုတ်ပါဘူး.. ကျွန်တော်က ကွန်းမန့်ကို မမျှော်တတ်ခဲ့တော့တာ ကြာပါပြီ .. တစ်ခါတလေကျ ကွန်းမန့်ပေးရတယ်ဆိုတာ အချိန်တစ်ခုပေးရသလို စဉ်းစားချိန်တစ်ခုပေးလိုက်ရတာလဲ ဟုတ်တာပဲလေ .. အလွယ်တကူ ပေးတဲ့ကွန်းမန့်ရယ်လို့ ဘယ်တုန်းကမှ ဘယ်သူ့မှာမှ ရှိမယ်မထင်ပါဘူး.. ကွန်းမန့်တစ်ခုပေးဖို့ စာကို သေချာဖတ်ရမယ်.. နောက် အဲ့အတွက် သေချာပေးဖို့လုပ်ရတော့မယ် .. ကျွန်တော်ကတော့ အဲ့လိုမဟုတ်ဘူးဗျ.. ကျွန်တော်အိမ်တွေမှာ စာလိုက်ဖတ်ပါတယ် .. အဲ့လိုဖတ်တာက အလုပ်သွားကာနီးတို့ အိပ်ခါနီးတို့မှာ ဖတ်ဖြစ်တာများတယ်.. အဲ့လိုကျတော့ ကွန်းမန့်တကူးတကပေးဖို့ဆိုတာ ကျွန်တော့်အတွက် ခက်သွားပြန်ရော .. ရေးတာမကောင်းလို့မဟုတ်ပါဘူး.. စာရေးတယ်ဆိုကတည်းက သူ့ဟာနဲ့သူကတော့ သိပ်ကို ဖတ်လို့ကောင်းပါတယ်.. ဒါကို စာဖတ်သူတိုင်းလဲ နားလည်ကြမယ်ထင်ပါရဲ့ .. အဲ့လိုမျိုး အခြေအနေမှာ ရှိနေတဲ့ကျွန်တော် .. ကွန်းမန့်သိပ်မပေးဖြစ်တော့တာ အဆန်းတကြယ်တော့ဖြင့် မဟုတ်လှပါဘူး.. ဒီတော့ ကျွန်တော့်လိုလူမျိုးတွေ ရှိနေနိုင်မယ့် လောကကြီးအတွက် ကျွန်တော်ကိုယ်တိုင်လဲ ကွန်းမန့်မမျှော်တော့ဘူး.. ( စိတ်ပင်ပန်းရပါတယ်ဗျာ.. )
ဒါပေမယ့် ကျွန်တော့်အိမ်ကလေးကို တကူးတကရော .. တကူးတကမဟုတ်တဲ့ လမ်းမှားပြီးတော့ရော ရောက်လာကြသူအားလုံးကို ကျွန်တော် တကယ်ကို လေးလေးနက်နက် ကျေးဇူးတင်ပါတယ် .. နောက်လဲ ကျွန်တော် ကြိုးစားပြီး စာရေးချင်ပါသေးတယ်.. ရေးဖို့လဲ ဆန္ဒအမြဲရှိနေဆဲပါ .. ကျွန်တော့်စာတွေ ကောင်းသည်ဖြစ်စေ .. မကောင်းသည်ဖြစ်စေ .. ကျွန်တော့်အတွက် ဝေဖန်ချက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ .. အချိန်တွေ လည်ပတ်နေသ၍ ကျွန်တော့်အတွက် အခြေအနေနဲ့ အခွင့်အရေးတစ်ခု ရနေသ၍ ကျွန်တော် ကြိုးစားကြည့်ချင်ပါသေးတယ် ..
မယ်မင်းကလေးရေ .. နင်မရှိတော့လဲ ငါ့အိမ်ကလေးကို ငါအသက်ဝင်နေစေပါ့မယ် .. ငါ့အတွက် ပြောတာပါလို့ နင်ပြောခဲ့တဲ့ နင့်စကားတစ်ခွန်းကို ငါ အမြဲသတိရနေပါ့မယ် .. နင်ဟာ ငါ့အတွက် အမြဲတမ်းသူငယ်ချင်းပါဟာ .. နင့်ကို ငါ တကယ်ကျေးဇူးတင်ပါတယ် .. ငါတို့အဖြူရောင်တွေ ဆက်လက်ခိုင်မြဲပါစေ ... )

Monday, April 26, 2010

မှားနေတဲ့ကဗျာ

ခေါက်သိမ်းထားတဲ့
နေ့ရက်အမှားတွေက
မဲ့ပြုံးတွေနဲ့ သိုသိုသိပ်သိပ်
လိပ်ပြာတစ်ကောင်လို
အတောင်ပိတ် နှုတ်ဆိတ်နေကြ
ညကိုသရုပ်ဆောင်ထားတဲ့
ဒီပြဇာတ်က
မိုးသောက်မှထွက်မယ်
မှားနေတဲ့နွေ
ဆောင်းရဲ့ ဒီညမှာ
ခဏလာနေခဲ့လား..
ခြောက်သွေ့
အက်ကွဲ
အသိဥာဏ်တွေမွဲလို့
စကားလုံးတစ်ချို့ရဲ့ အရိပ်ကို
အမှောင်မှာ ကုန်းရုန်းရှာ
သွေးတစ်စက်ရဲ့ ရင့်ကျက်ခြင်းလို
အတိမ်အနက်ကို နားမလည်
လှမ်းတတ်နေရင်း နိမ့်ကျခဲ့ရ
အ၀င်အထွက်တိုင်းမှာ
အသက်ရှုသံ အမှား
စည်းချက်တိုင်းမှာ
နှလုံးခုန်သံ အမှား
မှင်နီတွေတားထားရက်နဲ့
ဒီစာသားထဲမှာပဲ အကြိမ်ကြိမ်ထပ်မှား
တစ်ကွက်မှားတော့
ကိုယ်တိုင်စားဖို့ ထိုးကျွေးရမယ့်ကျား
ဘယ်ခြေနဲ့ အရင်သွားသွား
နာရီအကြီးအသေးပဲကွာမယ်
တစ်စက္ကန့်ရဲ့ အကွာအဝေးကတော့
မှားနေကျအတိုင်း
မှားမနေခဲ့ပါ
အသိမှားတွေသာ
စည်စည်ကားကား
လာရာလမ်းကို နောက်ပြန်သွားနေကြပြီ။

မင်း

Tuesday, April 13, 2010

ရေစိုအလွမ်း

အခုအချိန်ဆို
အဝေးက ရွှေရောင်ကောင်းကင်မှာ
မြို့မငြိမ်းရဲ့ သီချင်းသံတစ်ချို့
လွင့်ပျံနေလောက်ရောပေါ့..

ဥသြကတော့
သူလိုကိုယ်လို ငှက်ကလေးတစ်ကောင်ပါပဲ..
ဒီတိုင်းပြည်လေးရဲ့ နွေအလှကိုဖေါ်ညွှန်းပြဖို့
သူကတာဝန်ယူထားလေရဲ့..

လွမ်းတယ်..
လေရူးတွေကြားက လက်ဆေးမိုးရဲ့ရနံ့တွေကိုလွမ်းတယ်..
ပင်လုံးကျွတ်ပွင့်တော့မယ့် ရွှေဝါရောင်ပန်းလေးတွေကို လွမ်းတယ်..
လမ်းထိပ်က အုန်းလက်မဏ္ဍပ်လေးကို လွမ်းတယ်..
မုန့်လုံးရေပေါ်ကို လွမ်းတယ်..
ပါးထက်က ရေစိုနေတဲ့ပါးကွက်ကြားကြားလေးကို လွမ်းတယ်..

တာဝန်ဆိုတဲ့
ခေါင်းစဉ်ကြီးကြီးနဲ့ စာအုပ်ထူထူတွေကြားမှာ ညှပ်ထားတာတောင်
ဘ၀က ခေါက်ရိုးမကျချင်သေးဘူး..
ပိတောက်တွေရဲ့ အိပ်မက်မှာ
ဒီကောင်ပါခွင့်မရတာ
နွေအဆက်ဆက်တောင် ကြာပြီလေ...။

မင်း


Sunday, April 11, 2010

အလွမ်း ..

ဝန်းကျင်ဝဲယာမှာ
ပုံရိပ်တွေ အုပ်မိုးကြ..
သက်ပြင်းတစ်ရှိုက်တိုင်း
ဝိညာဉ်တစ်စိတ်တစ်ပိုင်း
ပျော်ဝင်ပျောက်ဆုံးသွားတာ..၊
ခြေရာတွေချန်ရစ်ပါ..
သိမ်ငယ်စွာ
နာရီတွေရေတွက်မိနေခဲ့
အလင်းတွေကိုစောင့်ရင်း
အသံမဲ့..
(တစ်နည်း)
ဆူညံပေါက်ကွဲစွာ
ငါ.....
လွမ်းလို့.....။ ။


လင်းစက်ရာ

Tuesday, April 6, 2010

ရိုးသားစွာ ငါယုံကြည်ခဲ့တယ်

ဇန်န၀ါရီတွေဟောင်းလို့ ဧပြီကိုတောင် ခုန်ကူးခဲ့ပြီ
နှင်းငွေ့တွေပျောက်လို့ ရော်ရွက်ဝါတွေတောင် ကြွေခဲ့ပြီ
အိမ်ပြန်လမ်းကိုမျှော်လင့် စောင့်စားခဲ့တဲ့နေ့ရက်တွေလဲ
တစ်နေ့ထက် တစ်နေ့ ပြောင်းခဲ့ပြန်ပြီ
ပုပ်သိုးဟောင်းနွမ်းမသွားတဲ့ အရာတွေထဲ အချိန်ဆိုတဲ့ ဒြပ်တစ်ခုကတော့
အပေါ့ဆုံးလို့ လူတိုင်းယူဆနေတဲ့ အလေးဆုံးအရာဆိုတာ
ပါးပါးလေး သဘောပေါက်မိပြန်ပါရဲ့

ဟော .. ဆောင်းခိုငှက်တွေ အိမ်ပြန်ချိန်
ဥသြငှက်တွေ ပျော်ပွဲစားထွက်ဖို့ပြင်နေကြပြီ
ကျီးတွေအာရင် ဧည့်သည်လာမယ်တဲ့
မျှော်သာမျှော် ပေါ်မလာတဲ့ ဧည့်သည်အတွက်
ရောင်နီရေးရေးလေးတောင် ထွန်းလင်းခွင့်မရခဲ့ပါလား
သည်းသည်းမဲမဲရွာတတ်တဲ့မိုးတွေတောင် (တစ်ချိန်ချိန်မှာ) စဲခွင့်ရကြသေးတယ်..
သက်တန့်ပေါ်ချိန်မှာ ရှိနေခွင့်တော့ ရချင်သေးတာပေါ့

မိုးတွေရွာတိုင်း နင့်ကိုလွမ်းတယ် ..
လွမ်းတိုင်း ငါ့မျက်ဝန်းမှာ မိုးတွေရွာတတ်ခဲ့တယ် ..

ခံစားချက်ကိုသာ ဥယျာဉ်ထဲမှာ စိုက်ပျိုးခွင့်ရမယ်ဆိုရင်
အလွမ်းပင်တွေသာ ရပ်တည်နေခဲ့တော့မှာ
ရိုးရာမပျက်တဲ့ အဆင်အလာတွေက ရိုးရာကို စောင့်ထိန်းနေပြန်ရဲ့
ရာဇ၀င်မှာ ခူးဆွတ်ခံဖို့ ပန်းတစ်ပွင့် (သခင့်အတွက်) ပွင့်နေခဲ့တာကြာပြီ
ဟော .. ပြောရင်းဆိုရင် ပထမဆုံး နှင်းပွင့်တွေကို ဖြန့်ကျဲဖို့ တိမ်တွေတောင် အရှိန်ယူနေကြပြန်ပြီ
ဥသြငှက်တွေ အလည်လွန်လို့ ဆောင်းခိုငှက်တွေ အိပ်တန်းက ထွက်ခဲ့ကြပြန်ပြီ
ရာသီတွေ ပြောင်းလို့ သစ်ကိုင်းတွေတောင် ခိုတွဲကျကုန်ပြီ
ငါ့မျက်ဝန်းမှာတော့ ဥတုတစ်ခုထဲ ရပ်တည်နေဆဲပဲ

ချစ်သူရယ်
သုံညဆိုတဲ့ဂဏန်းတစ်လုံးမှာ ဘာများ အထင်ကြီးစရာ ရှိနေသေးလို့လဲလေ
တကယ်က သုညဆိုတာ
(ဘာမှမသိခြင်းရဲ့)
တန်ဖိုးမဲ့မဟုတ်လား ..

Friday, March 12, 2010

နှင်းမှုန်တို့ဖြင့် ငွေ့ရည်ဖွဲ့ဖူးသော မိုးရာသီ

ဟိုးအဝေးက ဖျော့ဖျော့လွင်လွင်
တစ်သွင်သွင်တိုက်နေတဲ့လေတိုးသံတွေကြားမှာ
ညနေကမှုန်တည်မှုန်ကုတ်နဲ့
အိပ်ယာနိုးစ ကြယ်မလင်းတလင်းအချို့နဲ့အပြိုင်
နှင်းလာမယ့်လမ်းမှာ
ကျွန်တော်နဲ့ကျွန်တော့်ရင်ခုန်သံတွေသာ စူးလက်တောက်ပလို့။

နှင်းရေ..
မြောက်ပြန်လေတွေမတိုက်ခင်ကတည်းက
ဆောင်းဆိုတာ ကျွန်တော့်ရင်မှာ အကြိမ်ကြိမ်မိုးသောက်ခဲ့ပေါ့

ကျွန်တော်ဆိုတာ
အိမ်မက်တွေအကြောင်းဖွဲ့သီတတ်တဲ့
စကားလုံးတစ်ချို့မှာ နှင်းကိုဘယ်လောက်မြတ်နိုးကြောင်း အကြိမ်ပေါင်းများစွာ အသက်သွင်းတတ်တဲ့
လူအလူနလေးတစ်ယောက်ပါကွယ်။

ဟော့ဒီလမ်းကလေးတစ်လျှောက်
နှင်းရဲ့ခြေလှမ်းအရုတ်အသိမ်းတိုင်းမှာ
ကျွန်တော့်အသက်ဓါတ်တွေ တစ်ခဏစာ ချုပ်ငြိမ်းသွားခဲ့ဖူးတယ်နှင်း..
အဲ့ဒီခဏငယ်မှာ ကျွန်တော့်ဝိဥာဉ်က
နှင်းမျက်နှာပေါ်ကမွှေးညှင်းနုနုလေးတွေကို တိတ်တဆိတ်ယိမ်းလှစေမယ့်
လေပြေရှိန်းမြမြလေးဖြစ်ချင်တယ်..
နှင်းအတွက်အအေးဓါတ်တွေကို ဟိုးအဝေး တောင်တန်းကြီးတွေဆီကနေ
ကျောပိုးသယ်ဆောင်လို့ပေါ့..

ဒီလို လ မသာတဲ့ညတွေမျိုးမှာတောင်
နှင်းအငွေ့အသက်နဲ့ ပန်းကလေးတွေပွင့်လာအောင်
ကျွန်တော်ပျိုးတတ်ခဲ့ပြီလေ..
ရိုမီယိုနဲ့ကျွန်တော် ဘယ်သူပိုချစ်တတ်လည်းမသိဘူးနှင်း..
ရှိတ်စပီယားရှိသေးမယ်ဆိုရင်
မေးကြည့်ချင်ရဲ့..
ကျွန်တော်ဆိုတဲ့ လူအလူနလေးရဲ့မှတ်ညဏ်ဟာ
နှင်းအပြုံးတွေထာဝရ ချိတ်ဆွဲပြသရာ
ကိုယ်ပိုင်ပြခန်းငယ်တစ်ခုပါ..

ဝတ်မှုံတို့ရဲ့ဆောင်းဦးရာသီထဲမှာ
ခရမ်းပြာရောင်အိမ်မက်တွေဖန်ဆင်းရင်း
ကျွန်တော့်ရဲ့မျှော်လင်းခြင်းတွေကို အသက်သွင်းခွင့်ပေးပါနှင်း..
နှင်းမသိပေမယ့်
တစ်ချက်ချက်မြည်ရင်း ကျွန်တော့်ကိုအားပေးရှာတဲ့
ဟော့ဒီနာရီစင်အိုကြီးသိတယ်နှင်း
နှင်းနာမည်ကို အထပ်ထပ်ရေးချ
စာရွက်တွေနဲ့ရှုပ်ပွ တေလေနေတဲ့
ကျွန်တော့်အခန်းငယ်လေးသိပါတယ်နှင်း..
ပန်းပွင့်တွေရဲ့ဂီတကိုမက်မောစားသုံးတတ်တဲ့
ဥာဥ့်ဦးရဲ့လရောင်အောက်က
တစ်စက်စက်ကျနေတဲ့အလွမ်းညတွေကို
နှင်းမသိပေမယ့် …
နှင်းသိနိုင်မှာမဟုတ်ပေမယ့်လည်း…
ကျွန်တော်လွမ်းနေအုံးမယ်နှင်းရယ်။

အဲ့ဒီအလွမ်းမှာ ကမ္ဘာကျော်တီးလုံးတွေမပါပါဘူး..
အထူးပြုလုပ် သရုပ်ပြကွက်တွေမပါပါဘူး..
နံရံထက်က အိမ်မြှောင်စုတ်ထိုးသံသဲ့သဲ့ကို နားထောင်ရင်း
ထီးထီးမားမားကြီးရပ်နေတဲ့ နာရီစင်ထက်က ကောင်ကင်ကိုကြည့်ရင်း
ကျယ်ပြန့်မျောလွင့် စူးစူးနင့်နင့်နဲ့လွမ်းတယ်နှင်း။

ရင်ခွင်ရဲ့တစ်ခြမ်း.. အိမ်မက်ရဲ့အလင်း
ကျွန်တော်ဆိုတာနှင်းအတွက် ဖြစ်တည်မှုသက်သက်ကောင်ပါ..
ဒိုင်ယာရီမှာမရေးဖြစ်ခဲ့တဲ့ နံနက်ခင်းတွေထဲအိပ်ယာထရင်း
နှင်းကိုကဗျာလေးတစ်ပုဒ်လိုချစ်တဲ့ လူငယ်တစ်ယောက်ရဲ့ရာဇ၀င်ဟာ
သိပ်တော့ကဗျာမဆန်ခဲ့ပါဘူးနှင်း..

အလင်းဖျော့ နွေအလီလီကိုဖြတ်ကျော်ခဲ့ပြီးမှ
ပြုစားခဲ့ထားရတဲ့ သစ်သီးတစ်လုံးကိုစားမိသလို
အယောင်ယောင်အမှားမှားနဲ့
ချစ်ခြင်းမေတ္တာရဲ့ဘာသာစကားကို နားမလည်တဲ့ ကျွန်တော့်နှလုံးသားက
နှင်းဆိုတဲ့ မျက်ဝန်းပြာလေးတစ်စုံရဲ့ရှေ့မှောက်မှာ
တိတ်တဆိတ်ကျပျောက်ခဲ့ဖူးတယ်..

ကျွန်တော့်လက်ဖ၀ါးတစ်ဖက်ကို ငုံ့ကြည်လိုက်တိုင်း
နှင်းရဲ့လက်ဖ၀ါးတစ်ဖက်ကို တွေ့နေ့ခဲ့ရတဲ့ နေ့ရက်တွေမှာ
ကျွန်တော်ရဲ့ကမ္ဘာကြီးတစ်ခုလုံး
နှင်းရဲ့ အသက်ရှုသံတိုးတိုးလေးနဲ့ဖုန်းလွှမ်းသွားခဲ့ဖူးတယ်..
တစ်ကယ်တော့ နှင်းဆိုတာ ကျွန်တော့်အတွက်
မှော်ဝင်နေတဲ့ပုံပြင်လှလှလေးတွေကိုပြောပြတတ်သူ အစိမ်းရောင်ထီးလေးတစ်လက်..
ပန်းတို့ရဲ့ဘာသာစကားကို သင်ကြားပေးတတ်တဲ့
နှုတ်ခမ်းပါးပါးလေးတစ်စုံ..
ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်ရဲ့ဘ၀မှာ
အိပ်ယာကနိုးတိုင်းလွမ်းရတတ်တဲ့
အိမ်မက်ဦးတို့တည်နေရာအရပ်ပါ နှင်း..

အဘယ်နတ်ဘုရားရဲ့ ကျိန်စာတွေကြောင့်လဲ
သွေ့ခြောက်ညိုမွဲ ရိုးတံရွက်ကြဲကြဲတွေနဲ့အပြိုင်
ကျွန်တော့်ရင်ဟာ နှင်းမရှိတဲ့ဆောင်းမှာ ပြာရီအက်ကွဲနေတယ်လေ..
ဒါပေမယ့်..
ဒါပေမယ့်နှင်းရယ်
အုတ်နီရောင်လေးထပ်ဆောင်ရှေ့က လမ်းကလေးပေါ်မှာ
နှင်းကိုယ်ငွေ့သန့်သန့်ကို လေပြေမှာရလိုရငြား
ရှာနေမိတဲ့ ကောင်လေးတစ်ယောက်ဟာ
အခါခါသေဖူးတာတောင်မှ ပျဉ်းဖိုးနားမလည်သေးပါဘူးနှင်း။

စိမ်းစိမ်းကျော့ကျော့ဝေးသွားပေမယ့်
ဖျော့ဖျော့လေးပဲ ကျွန်တော်တွေးကြည့်ပါရစေနှင်း
အပြစ်ဆိုတာ တင်လိုက်ရင်ပျောက်သွားတတ်တဲ့အရာလား..
ကျွန်တော်ဘာကိုမှ အပြစ်မတင်တော့ပါဘူး
ကျွန်တော့်ဆိုတဲ့ လ ကလေးကလည်း
ကိုယ့်ဝါးလုံးခေါင်းထဲကိုယ်တောင်
ဖြောင့်အောင်သာနိုင်ခဲ့တာ မဟုတ်ဘူးလေ..
ကြယ်ကြွေသံတွေမကြားရတဲ့ကောင်းကင်မှာ
ဝါဂွမ်းရောင်တိမ်တိုက်တွေလို
လေနှင်တိုင်း လွင့်ချင်ရာလွင့်နေတဲ့ ဟော့ဒီကောင်က
စံပယ်ရနံ့တို့ပျံ့သင်းရာ ဥယျဉ်ရဲ့သခင်မကိုတွေ့မှ
ရင်ခွင်ကိုခွဲပြီး သည်းချင်တိုင်းသည်းခဲ့တာပါနှင်း..

နှင်းနဲ့ကျွန်တော်ဟာ မိုးနဲ့ဆောင်းလို ကျောချင်းကပ်နေခဲ့လည်း
ကျွန်တော်တို့နှစ်ယောက်ရဲ့ နွေဆန်ဆန် ကြမ္မာရိုင်းတွေကြောင့်
နှင်းကိုသတိရတိုင်း ငွေ့ရည်ဖွဲ့နေတဲ့ အလွမ်းညိုတွေက
ကျွန်တော့်ရဲ့မိုးရာသီကို
ဆောင်းအငွေ့အသက်တို့နဲ့ စွတ်စိုစေခဲ့ပါပြီနှင်းရယ်..။ ။

မင်း

Wednesday, March 3, 2010

အဲဒီအကြောင်း ကျွန်တော်ပြောဖူးပေါင်းများပြီ

အချစ်နဲ့ နူးညံ့စွတ်စိုတုန်း
လိမ္မော်ရည်ရောင်
နေ၀င်ချိန်တွေစောလွန်းတယ် ...။

စိတ်ဓာတ်တွေကပဲ
အရိုးအရင်းဆန်ခဲ့သလား
ရလိုမှုအတွက်
မတိုက်ခိုက်ချင်တော့..
ပန်းတိုင်တစ်ခုအတွက်
ခြေလှမ်းမရွေ့  ချင်တော့...
စွန်းထင်းထားတဲ့
အတ္တတွေ ခ၀ါချဖို့တောင်
ငါသွေးအေးနေသေးတယ်....။

ကဗျာတွေ
ကဗျာတွေ
ကဗျာတွေ
ငါဖန်ဆင်းခြင်းမဟုတ်
(လွတ်လပ်ပြင်းပြစွာ)
ညှို့  သိမ်းဖြစ်တည်နေတာ....။

သူမ
ငါဖန်ဆင်းခြင်းမဟုတ်
(လွတ်လပ်ပြင်းပြစွာ)
ညှို့ သိမ်းဖြစ်တည်နေတာ....။

ဆုလာဘ်တစ်ခုလို
ခိုးငေးဖူးတဲ့ ဆံနွယ်တွေကြောင့်
ပျော်ဝင်မှုတစ်ခုလုံး
ကတ္တီပါရောင်ထလာတယ်...။

ကြယ်ဝေး
လမ်းအိုဟောင်းတစ်ခုလို
အမှောင်ရိပ်ထဲ
တိတ်တဆိတ် ၊
စိတ်အပိုင်းအစအားလုံးရဲ့ 
မြတ်နိုးခြင်းနဲ့
ရင်ခုန်သံကို
ငါ ပြန်ငြင်းဆိုတယ်...။

တန်ပြန်သက်ဝင်မှုတွေ
မှိန်ဖျော့ထားမှန်းလည်းသိရဲ့ 
အရုဏ်လင်းဖို့
ညတစ်ခင်းလုံးထိုင်စောင့်သူလိုလေ ၊
အဲဒီလိုလည်း
ရူးခဲ့.....။

တစ်ဖက်တည်းလည်းမြည်တတ်တဲ့
လက်ခုပ်သံတွေရှိမှန်း...၊
တစ်ယောက်တည်းလည်း
ပြီးပြည့်စုံတဲ့
ရင်ခုန်သံတွေ ရှိမှန်း....၊
တစ်ပြိုင်နက်တည်းဖြစ်တည်တတ်တဲ့
ဝိရောဓိတွေရှိမှန်း....။
ဒီ ပြခန်းမှာ
အလွမ်းနည်းနည်းခင်းပြီး ပြောတယ်..။

ဇာတ်သိမ်းခန်းက
အခမ်းအနားမပါပဲ ပြီးဆုံးကြောင်း
ကိုယ့်ကိုယ်ကိုယ် ကြေငြာလိုက်တာ
(တကယ့်ကို)
ရင် အနာဆုံးပဲ.....။ ။

လင်းစက်ရာ

၁၃.၉.၀၉

Wednesday, February 17, 2010

စီးဆင်းနေသော မြစ်တစ်စင်းကဲ့သို့

အမှတ်တမဲ့
ခလုတ်တိုက်မိတာ
တစ်ဘ၀လုံးစာ
အလန့်တကြားဖျားတယ် ..

၂၀၀၃ခုနှစ်ရဲ့ ညနေပိုင်းတစ်ခု ..
အဲ့ဒီအချိန်က ကျွန်တော် အင်္ဂလိပ်စာကိုလေ့လာဖို့ အရူးအမူးဖြစ်နေတဲ့ အချိန်ပေါ့။ ကျွန်တော် မြို့ထဲက အင်္ဂလိပ်လူမျိုး အမျိုးသမီးကြီးတစ်ယောက်ဖွင့်ထားတဲ့ လူမသိ သူမသိ ကျူရှင်လိုသဘောမျိုး ဘာသာစကားဝိုင်းကို တက်ဖို့ သွားခဲ့တဲ့အချိန် ..
အဲ့ဒီ ညနေခင်းလေးတစ်ခုမှာပါပဲ ..

နူးညံ့မှုတွေ ပါးပါးလေး ဖုံးလွှမ်းထားတဲ့
အေးစက်တဲ့ မျက်ဝန်းတစ်စုံရဲ့အောက်
ယစ်မူးပျော်ဝင်
အဲ့ဒီည
ငါ ခနတာ သေဆုံးသွားတယ်။

အကျီအဖြူလေးဝတ်ထားပြီး မျက်မှန်တစ်လက်ကို တပ်ထားခဲ့တဲ့ သူ ..
လက်ခလယ်မှာ ကြောင်မျက်ရွဲလက်စွပ်တစ်ကွင်းကိုပဲ အမြတ်တနိုးဝတ်ထားတဲ့ လက်သည်းကို ညီညီညာညာလေး ညှပ်ထားတဲ့ အဲ့ဒီ လက်ချောင်း ဖြူဖြူသွယ်သွယ်လေးတွေကို ကျွန်တော် အမှတ်တမဲ့ ငေးကြည့်ခဲ့မိဖူးပါတယ်။ တစ်လောကလုံး ငြိမ်သက် .. အသံတွေ စွန့်အ .. ရာသီတွေ တိတ်ဆိတ်လို့ပေါ့။

တစ်စစနဲ့ ပျက်သုဉ်း
ပွင့်ချပ်တွေပြုန်းတီးလာတဲ့ည
အဲ့ဒီညမှာပဲ………
ကမ္ဘာမြေရဲ့ ဆောင်းမှတ်တမ်းအစထဲ
ရနံ့တွေ တလက်လက်ခြွေချရင်း
မိုးသောက်အမှီခူးဖို့
အိပ်မက်ဦးမှာ ပန်းတစ်ပွင့် ပွင့်ခဲ့ဖူးတယ်။

ဒီလိုနဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ဖူးတယ်။ ကျွန်တော့်ထက် ၉နှစ် ၅လနဲ့ ၁၄ရက်တိတိ ကြီးတဲ့သူ့ကို ကျွန်တော်က မမလို့ ဘယ်တုန်းကမှ မခေါ်ခဲ့ဖူးပါဘူး။ ကျွန်တော့်ကိုဆို လူကြီးတစ်ယောက်လို တည်ငြိမ်ရင့်ကျက်စွာနဲ့ ဆက်ဆံတတ်ခဲ့တဲ့ သူ့ကို ကျွန်တော်ဘယ်တုန်းကမှ အမတစ်ယောက်လို မဆက်ဆံတတ်ခဲ့တာ ကျွန်တော့်နှလုံးသားရဲ့ အပြစ်တစ်ခုပဲ ဆိုကြပါစို့ ..
ဒါပေမယ့်ဗျာ ..

အဲဒီလိုရူးဖို့
အခိုင်အမာ စီရင်ချက်ချရင်း
ခဏတာသေခွင့်ကို
ငံ့လင့်..
ငါ့ကောင်းကင်က
အစိမ်းရင့်ရင့် ဖြာတယ်...။ ။

ကျွန်တော့်ရဲ့ နေ့ရက်တွေတိုင်းမှာ သူအမြဲဖြစ်နေခဲ့ဖူးပါတယ်။
အတူထိုင်ခဲ့ဖူးတဲ့ အင်းဝစာအုပ်တိုက်ဘေးက ကော်ဖီဆိုင်လေး၊ ၃၆လမ်းထဲက ကြေးအိုးဘုရင်၊ လှည်းတန်းက မစ်စတာဘရောင်း၊ နောက် ... အစုံပါပဲဗျာ။
ကျွန်တော့်ရဲ့ ကျူရှင်ကို ကျွန်တော်ဖုန်းဆက်လိုက်တိုင်း ရောက်လာတတ်ခဲ့တဲ့သူ၊ ကျွန်တော်ကြေးအိုးကြိုက်တတ်တာကို သဘောတကျနဲ့ ထိုင်ကြည့်နေတတ်ခဲ့တဲ့သူ့ကို ကျွန်တော့် နှလုံးသားက တိတ်တိတ်လေး မျှော်လင့်ခဲ့ဖူးတယ်။

(အကြွင်းမဲ့)
အိပ်မက်တွေ အပြိုင်းအရိုင်းရွာပြီးတာတောင်
လှိုင်းခတ်တဲ့ ကမ်းစပ်အဖြစ်
ဖရိုဖရဲညနေတွေကို
ဟန်...ဆောင်...မြို...သိပ်...
အစင်းစင်းထိအပ်တဲ့
မြားဆိပ်တွေ သင့်သူပေါ့...။

ကျွန်တော်ရသမျှ မုန့်ဖိုးတိုင်းဟာ သူ့ဆီဖုန်းဆက်ဖို့အတွက်ပဲ ဖြစ်နေတတ်ခဲ့တယ်။ ကျွန်တော်သူ့ဆီ ဖုန်းဆက်တိုင်းလဲ သူအားသည်ဖြစ်စေ၊ မအားသည်ဖြစ်စေ ကလေးတစ်ယောက်ကို နှစ်သိပ်သလိုမျိုး သူအမြဲပဲ နားထောင်ပေးနေတတ်ခဲ့ဖူးပါတယ်။ ကျွန်တော်က မြင်နေရတဲ့လမင်းကို လိုချင်တမ်းတနေခဲ့ဖူးတဲ့ ကလေးငယ်တစ်ယောက်လိုပဲ မဟုတ်လား။

ငါက တမြတ်တနိုးသိမ်းထုပ်
သံယောဇဉ်တွေကို အကျင့်လုပ်နေမိတာလား..
လိုတာမရလို့ အော်ငိုလိုက်ရင် အဆင်ပြေတတ်တဲ့
ကလေးငယ်တစ်ယောက်လိုသာဆို
တစ်ညလုံး ငါငိုပါရစေ..
ဒီအိမ်မက်ကို မနိုးချင်တော့ဘူး..
ဒါပေမယ့်.. ...............
မနက်ခင်းကို ရောက်မှာ ဘယ်သူမှမပြောလဲ
ငါကြိုသိနေပါတယ်..
တိတ်..တိတ်..လေး ....... မသိချင်ယောင်ဆောင်နေယုံ.......။

အဲ့ဒီနေ့က မိုးတွေ ရွာနေခဲ့တယ်။
သူနဲ့ကျွန်တော်က အမြဲတမ်းသူနေတဲ့ အနော်ရထာအိမ်ယာရဲ့ အရှေ့က မစ်စတာဘရောင်းကော်ဖီဆိုင်လေးမှာ ညနေတိုင်း အမြဲထိုင်တတ်ခဲ့လေတော့ ကျွန်တော်တို့ မိုးကို အတူခံစားခဲ့ဖူးတယ်။
ကျွန်တော်က မိုးတွေ အရမ်းသည်းနေတဲ့အချိန်မှာ မွေးခဲ့တဲ့သူမို့ မိုးရွာတာကို သိပ်ကြိုက်တာပဲလို့ ပြောမိတော့.. သူက .. လှတဲ့မျက်စိနဲ့သာကြည့်မယ်ဆိုရင် ရွှံ့ဗွက်တောင် လှတယ် လင်း .. ရဲ့ .. တဲ့ ..
ကျွန်တော် နက်ရှိုင်းခဲ့ဖူးတယ် ..

ပန်းဖွဲ့ရာသီ အိပ်မက်ဦးအဖြစ်
အချိုအမြိန်ယစ်မူး
ရင်ခွင်မှာစူးတဲ့ မြားကို
စကားလုံးတွေရဲ့ ဟိုးအပြင်ဘက်က
တွယ်တာမှုမျိုးနဲ့........ငါ....။

ကျွန်တော့်ရဲ့ အတိတ်မှာ နှလုံးသားတစ်ခုပဲ ရှင်သန်ခဲ့ဖူးတယ်။ တစ်သက်မှာ တစ်ခါသာ ပျော်ဝင်ခဲ့ဖူးတယ်ဆိုရင် အဲ့ဒါဟာ သူပဲဖြစ်လိမ့်မယ်ထင်ပါရဲ့။ ကြာတော့ကြာခဲ့ပါပြီ .. ဒီနေ့အထိ မေ့မရနိုင်ခဲ့တာကတော့ ...

သိပ်ချစ်လွန်းရင်
နာကျင်ရတာ
ရိုးရာတစ်ခုဆို
ငါ့သမိုင်းထဲမှာ
အလွမ်းနည်းနည်းပါမယ်.....။

သူရဲ့ ဘယ်အချိန်ကြည့်ကြည် ရိုးရှင်းလွန်းတဲ့ ပုံစံ၊ အေးချမ်းလွန်းတဲ့ မျက်နှာလေးနဲ့ သပ်ရပ်လွန်းတဲ့ဟန်ပန်တွေဟာ သိပ်မထူးခြားတဲ့အသွင်အပြင်ကို ဆောင်ထားခဲ့ပေမယ့် ကျွန်တော့်ရဲ့ ဘယ်ဘက်ရင်အုံမှာတော့ ခုပြန်စဉ်းစားရင်တောင် အခုထိ နွေးလျနေဆဲပဲဆိုတာ..


ချစ်မက်တဲ့မင်းကို
တစ်မြတ်တစ်နိုးငေးကြည့်ရုံမျှ...
အဲဒီရှင်သန်ခွင့် ခဏကို
ငါတမ်းတမ်းတတ မက်မောရဲ့...၊

ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်ရဲ့ ဦးချစ်ဆိုင်မှာ ထိုင်ကြတုန်းက မြသန်းတင့်ရဲ့ စာအုပ်တစ်အုပ်နဲ့ပတ်သတ်ပြီး အငြင်းအခုန်ဖြစ်ခဲ့ကြဖူးတယ်။ ကျွန်တော်က လူ့ယဉ်ကျေးမှုဆိုတာ လူက လုပ်ယူတာလို့ ပြောတော့ သူက မဟုတ်ဘူး လင်းရဲ့တဲ့ .. လူ့ယဉ်ကျေးမှုဆိုတာ စိတ်ကလုပ်ယူတာတဲ့ ..
ကျွန်တော် ငေးမောခဲ့ရဖူးတယ်။

အိပ်မက်ထဲထိ
အစိမ်းရောင် အတိနဲ့
ဒဏ်ရာတွေကို တစ်ခါပြန်တူးဆွ
နွေဦးဆန်ဆန်မျက်ဝန်းများထဲ
တစ်တောလုံး ဥပေက္ခာတွေဝေလို့ ..

ကျွန်တော် သူ့ကို သိပ်ချစ်နေမှန်း သူသိမှာပါ။ သိတယ်လို့လဲ ကျွန်တော်အခိုင်အမာ ယုံကြည်ခဲ့ဖူးပါတယ်။ ဒါပေမယ့် မသိချင်ယောင် ဟန်ဆောင် မျက်ဝန်းလဲ့လဲ့တွေနဲ့ ဖုံးကွယ်ထားတဲ့ သူ့နှလုံးသားကို ကျွန်တော် မြင်အောင် မကြည့်တတ်နိုင်ခဲ့ပါဘူး။ သူက သိပ်ကို ပိရိသေသပ်လွန်းသူပါ။ ကျွန်တော်ကသာ အရူးအမူးကို ဖြစ်လို့။

ကံကြမ္မာက ရင်လွှဲလိုက်ပုံများ
အိပ်မက်ထဲအထိတောင်
ငါ မင်းနဲ့လွဲတုန်း ၊
အဲဒီ နှုတ်ခမ်းပါးမှာ
ကျိန်စာတွေမန်းမှုတ်ထားသလိုမျိုး
မြင်ခွင့်မသင့်တဲ့ ငါ
အလွမ်းတစ်ရက်ရင့်ရဲ့...

ကျွန်တော့်ရဲ့ နေ့ရက်တွေ ဒိုင်ယာရီစာမျက်နှာတွေရဲ့ အဖွင့်တိုင်းမှာ သူ့အတွက် ကဗျာတွေ စာတွေပဲ ရှိနေတတ်ခဲ့တယ်။ သူ့ကို ပေးဖို့အထိတော့ ကျွန်တော့်မှာ သတ္တိမရှိခဲ့ရိုးအမှန်ပါ။ သူက ကျွန်တော့်ရဲ့ မြတ်နိုးရာလေ ..

ငါ့ ကမ်းပါးမှာ
လမင်းအစင်းတစ်ရာသာသလို
အလွမ်းသင့်နေ့တွေထဲ
ပန်းတစ်ပွင့်ပျိုးခဲ့မိပေါ့....၊
မျက်နှာတော်ကို မော်ဖူး
ရည်စူးရင်းချစ်မိ
မေ့ကြည့်ဖို့ကြိုးစားရင်းပဲ
ငါ
အိပ်မက်တိုင်းစူး
မြင်တိုင်းရူးရဲ့...

ကျွန်တော်တို့ သင်တန်းပြီးသွားခဲ့တာတောင် သူ့ကို ကျွန်တော်အရူးအမူးနဲ့ တမ်းတနေခဲ့တုန်းပါပဲ။ နေ့တိုင်းဖုန်းဆက်ခဲ့တာတွေ .. အပတ်တိုင်း သူ့အိမ်ရှေ့သွားခဲ့တာတွေ .. သူမသိနိုင်ပေမယ့် သူ့ရဲ့ အိမ်အောက်ကို အခေါက်ခေါက်အခါခါ ဖြတ်လျှောက်ခဲ့တာတွေ .. သူ့လက်မှတ်လေးထိုးထားတဲ့ စာအုပ်ကလေးကို အမြတ်တနိုး ပွေ့ဖိုက်ထားခဲ့ဖူးတာတွေ .. လက်ကမချတတ်နိုင်လောက်အောင်ကို ဖြစ်ခဲ့ရတဲ့ သူပေးခဲ့တဲ့ မွေးနေ့လက်ဆောင် အဘိဓါန်စာအုပ်တွေ .. ကျွန်တော်သိပ်ကို (စိတ်) ပင်ပန်းခဲ့ရဖူးတယ်။ ဒါပေမယ့် ကျွန်တော့်ရင်အစုံကတော့ (သူ့အတွက်) လတ်ဆတ်နေဆဲပါ။

လမင်းကို စွဲလန်း
ရင်ခွင်တစ်ခြမ်းပဲ့
အလွမ်းတွေလှုပ်နှိုးတော့
သန်းခေါင်မှာနိုးခဲ့
မြူခိုးတွေဆိုင်းလို့.....။

ကြယ်စင်ကိုတိတ်တခိုး
မှော်ရုံတောတိုးဝင်
နွမ်းနယ်တဲ့ဝိညာဉ်လည်း
အမှောင်မှာ အိပ်စက်
လိပ်ပြာတွေ တောင်ပံခတ်လို့.....။

သက်တန့်ကိုကျော်ဖြတ်
မိုးစက်တွေအိပ်မက်မက်လည်း
ရွှေအိုရောင်နံနက်တိုင်းမှာ
တော်ဝင်တဲ့အလှ
တိမ်တွေတောင်လွမ်းနာကျလို့......။ ။

ကျွန်တော် သူလာမယ်ဆိုလို့ စောင့်မျှော်ခဲ့ရဖူးတဲ့ ညနေတွေကို ပြန်လွမ်းမိတယ်။ အခုအချိန်မှာ သူက ကျွန်တော်နဲ့ မိုင်ပေါင်းကုဋေချီပြီး ဝေးနေခဲ့ပါပြီ။ မဟုတ်ပါဘူးဗျာ။ နှလုံးသားချင်းလဲ ဝေးခဲ့ပါတယ်။ သူ့မှာ ချစ်တတ်တဲ့နှလုံးသားမှ ရှိရဲ့လားလို့ ကျွန်တော်အကြိမ်ကြိမ်သံသယ ၀င်ခဲ့ဖူးတယ်။ သူ့ကို ချစ်မြတ်နိုးရလွန်းလို့ အရူးအမူးဖြစ်နေချိန်မှာ သူကတော့ အပြုံးမပျက် သွေးအေးနိုင်လွန်းခဲ့တယ်။

သံခင်းတမန်ခင်း အပြုံးတွေ မခြွေလည်း
ငါ ( ချစ်ခြင်းနဲ့ အတူ ) ရင်ခုန်ပါရဲ့ ...။

မင်းပြုအပ်ရာတစ်ခုအဖြစ်
ငါ့ချစ်ခြင်းကို လျစ်လျူရှုတော့
မြင်ခွင့်ခဏနဲ့ပဲ
ငါ နေသားတကျ ရှိလှတယ်...။ ။

ကျွန်တော် သူနဲ့အတူရှိနေခဲ့တဲ့ နေ့ရက်တွေ ရာသီတွေ နှစ်သစ်တွေမှာ ကိုယ့်ကိုယ်ကိုယ် ကံကောင်းသူအဖြစ် သတ်မှတ်ခဲ့ဖူးတယ်။ သူ့ချစ်ခြင်းကို တိတ်တဆိတ် မျှော်လင့်ခဲ့ဖူးပေမယ့် ကျွန်တော်က ချစ်နေခွင့်မှာပဲ ကျဆုံးချင်သူပါ။ သူပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းကို အမှတ်ရနေခဲ့ဖူးတယ် ..
လင်း .. ကောင်းကောင်းနေ .. အပိုတွေမလုပ်နဲ့တဲ့။
အခုအချိန်ထိ ကျွန်တော့်ဘယ်ဘက်ရင်အုံအောက်မှာ အဲ့စကားလေးကို မြှုပ်နှံထားဆဲပါ.. ကျွန်တော်က ချစ်ခြင်းမှာ ဒူးထောက်အရှုံးပေးထားခဲ့ဖူးပါတယ်။

မေ့လျော့ပစ်ဖို့ကို မေ့လျော့
အခမ်းနားဆုံး လက်တစ်ဆုပ်စာထဲ
သွေးစုပ်မျှော့တစ်ကောင်တွယ်သလို၊
အသေအချာကျူးတဲ့ ဒူးတစ်ဖက်ကြောင့်
ည .... ည ...
အိပ်ရမှာတောင် မသထာဘူး ...။

ကောင်းကင်က ကြယ်တွေကို ကြည့်တိုင်း .. အိုး .. ဒီအချိန် သူဘာလုပ်နေမှာပါလိမ့်လို့ အတွေးနဲ့ သူရှိရာအရပ်ဆီ မှန်းမျှော်တမ်းတ ကြည့်ရတာလဲ ကျွန်တော့်အတွက်တော့ ချိုမြိန်ခြင်းတစ်ခုပါပဲ .. အိုဗျာ .. သူနဲ့ပတ်သတ်ရင် အရာရာဟာ ချိုမြိန်ခြင်းအတိနဲ့ ယက်လုပ်.. စိတ်ကူးတွေကို အိမ်ဆောက်ခဲ့ဖူးတယ် ..

အိမ်ရှေ့က မြေနီလမ်းဘေး
တောပန်းလေးတွေ နေ့တိုင်းမပွင့်ရင်တောင်
အိပ်ယာကနိုးတဲ့ မနက်ခင်းတိုင်းမှာ
နင့်မျက်နှာလေးကို အရင်ဆုံးလွမ်းနေခဲ့တာ ..။

ကျွန်တော့်ရဲ့နေ့သစ်တွေမှာ သူ့ရဲ့ဟယ်လိုဆိုတဲ့ အေးဆေးညင်သာသိမ်မွေ့တဲ့အသံလေးနဲ့ စတင်ချင်ခဲ့တာ ကျွန်တော့်ကို အရူးလို့ပဲ ဆိုဆို .. ကျွန်တော့်နှလုံးသားက သူ့ရင်ခွင်တံစက်မြိတ်အောက် တိတ်တိတ်လေး ရပ်စောင့်နေခဲ့တာ ကြာခဲ့ပြီ။

ကောင်မလေးရေ ...
နင့်ကိုမြတ်နိုးတဲ့ ငါ့အသိစိတ်
နင်နဲ့ပတ်သက်ရင် နာကြင်ကြေကွဲလွယ်တဲ့ ငါ့နှလုံးသား
ပြောခွင့်မရခဲ့တဲ့ ရင်ထွက်စကားတွေက
နင်သာမြင်နိုင်ခဲ့မယ်ဆိုရင် ရိုးရိုးလေးပါဟာ ......။

ကျွန်တော် သူခန သွားနေတယ်ဆိုတဲ့ သူ့မိဘတွေ အိမ်ရှိတဲ့ သုဝဏက အိမ်ကို အတန်းပြီးတိုင်း တကူးတကမဟုတ်တဲ့ ရင်ခုန်ခြင်းနဲ့ အမြဲပဲ သွားခဲ့ဖူးတယ်။ သူဘယ်မှာနေတယ်ဆိုတာ အတိအကျတော့ မသိခဲ့ပါဘူး။ သူ့အိမ်ရှိတယ်ဆိုတဲ့လမ်းကိုတော့ ချောင်းပေါက်မတတ် အခေါက်ခေါက်အခါခါ ဖြတ်လျှောက်ခဲ့ဖူးတယ်။ နေပူတယ်ဆိုတာ ကျွန်တော့်အတွက်တော့ အချစ်တစ်ခုစီးဆင်းရာ အိုအေစစ်တစ်ခုလိုကို ဖြစ်လို့ ...

နင်မရောက်ဖူးတဲ့ ငါ့ပန်းခင်းထဲ
ရင်ခုန်ခြင်းတွေ စိုက်ထားဖူးတယ် ..

နင်မကြားဖူးတဲ့ ငါ့စကားသံထဲ
ကဗျာတွေလည်း ဖတ်ပြဖူးတယ် ..

အညတရကြယ်တစ်စင်းပါ
ငါ့ချစ်ခြင်းတွေနင့်ဆီရောက်ဖို့ .
အလင်းနှစ်ပေါင်းများစွာလိုသေးတယ်လေ ..…..

နင်သိခဲ့မယ်ဆိုရင်ပေါ့ ..

ငါ ..
မျှော်လင့်ချက်တွေမဲ့
တိတ်တိတ်လေး ကြွေပျက်ခဲ့ဖူးတယ် …. ။

သူ့ရဲ့ ယူနီဖောင်းအဖြူလေးရယ် ဦးထုပ်အဖြူလေးရယ် ဆောင်းထားတဲ့ ပတ်စ်ပို့ဓါတ်ပုံသေးသေးလေးကို မမျှော်လင့်ဘဲ ကျွန်တော်ရခဲ့ဖူးပါတယ်။ သူမသိခဲ့ဘဲ ရခဲ့တဲ့ အဲ့ဒီဓါတ်ပုံလေးဟာ ကျွန်တော့်ရဲ့ ကွန်ပြူတာထက်မှာ.. ကျွန်တော့်ရဲ့ အိပ်ခန်းနံရံထက်မှာ.. ကျွန်တော့်ရဲ့ စာမျက်နှာတွေထက်မှာ.. ကော်ပီပေါင်းများစွာကူးရင်း ကျွန်တော့်ရဲ့နေရာအနှံ့မှာ ရှိခဲ့ဖူးပါတယ်။ ချစ်ခြင်းဆိုတာ ရယူပိုင်ဆိုင်ခြင်းမှ မဟုတ်ခဲ့ပဲလေ ..

လွင့်စင် ပျောက်ပျက်
ရပ်တန့်လို့မရတဲ့အဆုံးမှာ ရပ်တန့်ခဲ့ကြ
ဖွဲ့သီဖူးသော မျက်ဝန်းကဗျာ
ဝေးကွာခြင်းသာ တစ်ရွေ့ရွေ့နီးလာဆဲ
အရောင်ပြယ် မနက်ခင်းထဲမှာ
ငါ့လွမ်းချင်းတွေက သခင့်အရပ်မှနေထွက်ခဲ့တယ်..

အံ့သြမိပါရဲ့
ငါ့နှလုံးအိမ်ကို ထောင့်ဖြတ်မျဉ်းဆွဲဖို့
ချစ်ခြင်းလို့ (သခင်)အမည်တပ်ထားတဲ့
အစိမ်းရင့်ရင့်ကျိန်စာတွေကို ဖတ်ပြခဲ့တုန်းက
မျှော်လင့်ခြင်းတွေ တစ်ရှိုက်မက်မက်
သခင့်စိတ်နဲ့ အသက်ဆက်ခဲ့ဖူးတယ်…

မိုးကရွာတာလား ငါကရွာတာလား
နိမ့်ရာသို့ စီးရင်းနဲ့
လမ်းမသင့်တဲ့ အမှောင်ရာသီထဲမှာ
သခင့်အတွက်အလင်းဖြစ်ဖို့
ငါ့ခန္ဒာကို လောင်တိုက်သွင်း
မီးလိုတောက်ချင်တဲ့ မြစ်တစ်စင်းပေါ့…..။

မှတ်မှတ်ရရပေါ့ .. ကျွန်တော်တို့သင်တန်းကာလမှာ သူစာဖတ်နေတဲ့ပုံလေးကို ကျွန်တော်ခဲခြစ်ပန်းချီ ဆွဲခဲ့ဖူးတယ်။ သူ့ရဲ့ ငိုက်ကျနေတဲ့ မျက်တောင်စင်းစင်းလေးတွေ .. နှာတဲ့စင်းစင်းလေးနဲ့ ပိရိသေသပ်တဲ့ နီစွေးစွေးနှုတ်ခမ်းထော်ထော်လေး .. နောက် ပျော့ပျောင်းရှည်သွယ်စွာ ကျလာတဲ့မေးရိုးတစ်လျှောက် .. အိုး .. အရာအားလုံးဟာ ကျွန်တော့်အတွက် အိပ်မက်ချည်းပါပဲ ချစ်သူ ..

ကိုယ့်ကိုယ်ကိုယ် သိမ်းထုပ်နေရင်း
တနုံ့နုံ့ ပိုလွမ်း
ငါ့ ၀ိညာဉ်ကို
တစ္ဆေတစ်ကောင် ခိုးနမ်းသွားသလိုမျိုး....။

ကြာတော့ကြာခဲ့ပါပြီ။ ကျွန်တော့်အသက်လဲ အဲ့တုန်းကလို ဆယ်ကျော်သက်မဟုတ်ခဲ့တော့ပါဘူး။ ဆယ်ကျော်သက်မို့ ရူးသွပ်ခဲ့တယ်လို့ သူစွပ်စွဲခဲ့တဲ့ ကျွန်တော်ဆိုတဲ့ကောင်တစ်ယောက်ရဲ့ ရင်ထဲမှာ သူ့ကိုချစ်တဲ့ချစ်ခြင်းတွေ အခုထိ အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းနေဆဲဆိုတာ သူသိနိုင်မယ်ဆိုရင်လေ ..

နှင်းဆီတစ်ပွင့်ရဲ့ ကျိန်ဆိုခြင်းကို
လေထုဆန်ဆန်ပဲ
ငါကြားနာခဲ့
ဝတ်မှုန်တစ်စွန်းတစ်စအဖြစ်
ရင်ငွေ့လှုံချင်ခဲ့တာ....။

ချစ်သူ ..
ခင်ဗျားသာ နည်းနည်းလောက်မြင်နိုင်မယ်ဆိုရင်လေ .. ကျွန်တော့်ရင်ထဲကို ခနလောက်ဝင်ကြည့်ပါလား .. ခင်ဗျားကိုချစ်တဲ့စိတ်နဲ့ ဟောဒီရင်တစ်ခုလုံး ပြာကျမတတ်ကို ဖြစ်လို့ ...

အလွမ်းဆိုတာ
တေလေတစ်ကောင်ရဲ့ အိမ်ပြန်လမ်းမှာ
တောင်ဇလတ်ပန်းတွေလို လတ်ဆတ်နေလေရဲ့
ပိုးဖလံတစ်ကောင်လို
အလင်းကိုပွေ့ဖက်ထားချင်လဲ
ပျောက်ဆုံးနေဆဲ နံနက်ခင်းတွေထဲမှာ
နာမည်တစ်ခုကို အကြိမ်ကြိမ်ခေါ်နေမိတယ်
နင်သိသိ မသိသိပေါ့ ……………။

သူနဲ့ဝေးနေရပေမယ့် .. သူ့အချစ်ကို မရခဲ့ပေမယ့် ဟော့ဒီကောင်းကင်ရဲ့အောက် ကမ္ဘာမြေပြင်တစ်နေရာမှာ သူရှိနေတယ်ဆိုတဲ့အသိက ကျွန်တော့်အတွက်တော့ အရာအားလုံးကို ကျေနပ်သွားစေနိုင်ခဲ့တယ်။
ဘုရားက ကျွန်တော့်ကို ချစ်သား .. လိုရာဆုတစ်ခုကို တောင်းလော့လို့ အမိန့်ရှိလာခဲ့မယ်ဆိုပါစို့ ..
ကျွန်တော်သေရင်လေ .. ကောင်းကင်နဲ့မြေကြီးဖြစ်ပါရစေ ..
ချစ်သူကို နွေးထွေးစွာ ဖက်တွယ်ရင်း အမြဲပဲ ငုံ့မိုးကြည့်ချင်နေခဲ့မိလို့ပါ ..

(တကယ်ပါ ကောင်မလေးရယ်)
နင်မချစ်တတ်လို့
ရူးတယ်ပဲဆိုဆို
(ငါက)
မချစ်ရက်လောက်အောင်ကို
ချစ်တတ်ခဲ့ဖူးတယ်..။

ဇော်။

( ကျွန်တော့်ရဲ့ ရေးခဲ့ဖူးပြီးသား ကဗျာတွေထဲက ကျွန်တော်သိပ်ကြိုက်မိတဲ့ အပိုဒ်လေးတွေကို ပြန်ပြီးထည့်ရေးထားတာပါ .. ကဗျာတစ်ဝက် စာတစ်ဝက်ပုံစံနဲ့ စာရေးနည်းကတော့ ဆရာမ မနော်ဟရီရဲ့ စာရေးနည်းကို အတုယူထားပါတယ်။ ကျွန်တော်နှစ်သက်လို့ပါ။ ကျွန်တော့်ရေးဟန်က သိပ်တော့ကောင်းမှာမဟုတ်ပါဘူး။ ဒါပေမယ့် အတတ်နိုင်ဆုံးတော့ ပေါ်လွင်အောင် ကျွန်တော်ကြိုးစားပါတယ်။ သည်းခံပြီးဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ =] )