အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Wednesday, February 27, 2013

ကျနော်ရယ် ကြယ်သောကြာရယ် စီးချင်းထိုးကြတယ်။

သူ့ကို ကျနော်ကပြောတော့
သူက ကျနော့်ကို ရယ်တယ်...
ရူးလဲ ရူးတဲ့ကောင်တဲ့ ...။
တကယ်ပါ
ကျနော့်မှာ အဲ့ဒီနေ့ကတည်းက
ဝင်သက်ထွက်သက်မရှိခဲ့တော့တာ။

ကျနော် အိပ်ယာပြောင်းအိပ်တယ်
နေရာတွေ ရွှေ့ပြောင်းတယ်
အိပ်မက်တွေကတော့ ပြောင်းရွှေ့ပါမလာဘူး
သူ့ဆီဖုန်းခေါ်တယ်
မကြားချင်တဲ့ မိန်းမကြီးရဲ့ ငှက်ဆိုးထိုးသံကိုပဲ ကြားလိုက်ရတယ်
ဒီလိုနဲ့ ၈နာရီခွဲသွားတယ်
နံနက်က နံနက်နဲ့ကို မတူတော့ဘူး
ကျနော်ကလဲ ကျနော်နဲ့ မတူတော့ဘူး
ဘယ်ဘက်ရင်ဘက်ကတော့ သူ့အမည်နာမလေးနဲ့သာ တစ်ချက်တစ်ချက် ထထခုန်တယ်။

သောကြာကို ကိုယ်စားပြုတာ ဗီးနပ်စ်ဆို
ကျနော် ဘာပုံပြင်မှ နားမထောင်ချင်တော့ဘူး
သူ့နစ်ကလေး ဘယ်တော့စိမ်းမလဲလို့ ရူးရတဲ့ဒုက္ခ
လူဖြစ်ရတာထက် နှစ်ဆ နာတယ်
ပန်းချီဆွဲတယ် .. သူပဲဖြစ်နေတယ်
သီချင်းညည်းတယ် .. သူပဲ ဖြစ်နေတယ်
စာတွေဖတ်တယ် ... သူပဲ ဖြစ်နေတယ်
ဒါနဲ့ ကျနော်လဲ ပြောင်းလဲလိုက်တယ်
ဒါလဲ သူပဲ ဖြစ်နေပြန်ပါရော
ဘယ်အရပ်ကိုပဲ မော့မော့ ..
ကျနော့်ကောင်းကင်မှာ သောကြာကြယ် လင်းမလာဘူး
ကျနော် တိုးတိုးတိတ်တိတ် ကျိန်ဆဲလိုက်တယ်
စကားနှစ်လုံးတည်းပါပဲ
ချစ်တယ်။

ချစ်တယ်ဆိုမှ ကျနော်နဲ့ ကျနော်က စကားတွေ စစ်ထိုးဖြစ်နေတယ်
ချစ်တာ ဘာလဲ ... မချစ်တာကရောဘာလဲ
သူကတော့ ပြောတယ် မသေချာမရေရာတဲ့ ကောင်းကင်အောက်တဲ့
ကျနော်ကလဲ ပြန်ပြောလိုက်ချင်တယ်
ကျနော်က မြေကြီးတစ်ကောင်ဆိုတာ
ထားပါတော့
ရူးနေမှတော့ ဘာပဲလုပ်လုပ် သူပဲဖြစ်နေတာ ဆန်းသလားလို့
ပြောရင်းပြောရင်းနဲ့ ကျနော် အသက်ရှူကျပ်တယ်
ရူးချင်ယောင်ဆောင်တတ်တဲ့ ကျနော့်ကောင်းကင်က သောကြာကြယ်ကို
မမှီမကမ်း လောက်လေးခွနဲ့ လှမ်းဆော်ချင်တယ်
စိတ်ရှိလက်ရှိ ပစ်ပစ်နှစ်နှစ် ဆဲရေးချင်တယ်
စကားနှစ်လုံးတည်းပါပဲ
ချစ်တယ်။
တကယ်ပါ
ကျနော် အဲ့ဒီလောက်ထိ သူ့ကို ရူးတယ်။


ဇော်။

Monday, February 18, 2013

သစ်ပင်ကြွေသောနေ့


ရုတ်တရက် ကိုယ်တစ်ယောက်တည်းလို့
သိလိုက်ရတဲ့ ခံစားချက်က
နှလုံးသားတစ်ခုလုံး ဆုပ်ညှစ်ထားသလိုမျိုး

အရင်းနှီးဆုံး ယုံကြည်ရတဲ့သူလို့ တစ်ထစ်ချသိထားပြီးကာမှ
သူစိမ်းတစ်ယောက်လို ရိုက်ခတ်မှုများ
ခါးသီးလိုက်ရတာ ...
မိုးတွေ အဖြိုင်လိုက်ရွာတယ်

လာတုန်းကလည်း တစ်ယောက်တည်း
ပြန်တော့လဲ တစ်ယောက်တည်းဆိုတဲ့ နိယာမ
ခနခန ကြားနေခဲ့သားနဲ့မှ
သင်္ခါရ လမ်းမှာ
သိရဲ့နဲ့ မိုက်တဲ့လူ

ဝမ်းနည်းပက်လက်
သွေးတစ်စက်စက်ကျပြီးကာမှ
ပြန်တည်ဆောက်ရဖို့ဆိုတာ
ရင်ဘတ်တစ်ခုလုံး ဖြန့်ခင်းပြီး နင်းရတာထက် ဆိုးတယ်

ရှိုက်ကြီးတငင် ငိုရင်းက
မသိလိုက်မသိဖာသာနဲ့ ကျသွားတဲ့ ဆုံးဖြတ်ချက်တစ်ချို့ရှိတယ်
သောကြာကုန်ပြီးရင်
နံနက်ဖြန်ရဲ့ အလင်းကို ငါ မမြင်ချင်တော့ဘူး။

ဇော်။
( ဒီဇင်ဘာ ၁၆ရက်၊ ၂၀၁၁။ သောကြာနေ့။ 

ည ၁၁နာရီ ၆မိနစ်)

၂၀၁၁ တုန်းက ရေးခဲ့တဲ့ ကဗျာဟောင်းလေးတစ်ပုဒ်ပါ။
ဖိုင်တွဲတစ်ခုတည်းက ပြန်တွေ့လို့ တင်လိုက်တာ။