အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Wednesday, February 17, 2010

စီးဆင်းနေသော မြစ်တစ်စင်းကဲ့သို့

အမှတ်တမဲ့
ခလုတ်တိုက်မိတာ
တစ်ဘ၀လုံးစာ
အလန့်တကြားဖျားတယ် ..

၂၀၀၃ခုနှစ်ရဲ့ ညနေပိုင်းတစ်ခု ..
အဲ့ဒီအချိန်က ကျွန်တော် အင်္ဂလိပ်စာကိုလေ့လာဖို့ အရူးအမူးဖြစ်နေတဲ့ အချိန်ပေါ့။ ကျွန်တော် မြို့ထဲက အင်္ဂလိပ်လူမျိုး အမျိုးသမီးကြီးတစ်ယောက်ဖွင့်ထားတဲ့ လူမသိ သူမသိ ကျူရှင်လိုသဘောမျိုး ဘာသာစကားဝိုင်းကို တက်ဖို့ သွားခဲ့တဲ့အချိန် ..
အဲ့ဒီ ညနေခင်းလေးတစ်ခုမှာပါပဲ ..

နူးညံ့မှုတွေ ပါးပါးလေး ဖုံးလွှမ်းထားတဲ့
အေးစက်တဲ့ မျက်ဝန်းတစ်စုံရဲ့အောက်
ယစ်မူးပျော်ဝင်
အဲ့ဒီည
ငါ ခနတာ သေဆုံးသွားတယ်။

အကျီအဖြူလေးဝတ်ထားပြီး မျက်မှန်တစ်လက်ကို တပ်ထားခဲ့တဲ့ သူ ..
လက်ခလယ်မှာ ကြောင်မျက်ရွဲလက်စွပ်တစ်ကွင်းကိုပဲ အမြတ်တနိုးဝတ်ထားတဲ့ လက်သည်းကို ညီညီညာညာလေး ညှပ်ထားတဲ့ အဲ့ဒီ လက်ချောင်း ဖြူဖြူသွယ်သွယ်လေးတွေကို ကျွန်တော် အမှတ်တမဲ့ ငေးကြည့်ခဲ့မိဖူးပါတယ်။ တစ်လောကလုံး ငြိမ်သက် .. အသံတွေ စွန့်အ .. ရာသီတွေ တိတ်ဆိတ်လို့ပေါ့။

တစ်စစနဲ့ ပျက်သုဉ်း
ပွင့်ချပ်တွေပြုန်းတီးလာတဲ့ည
အဲ့ဒီညမှာပဲ………
ကမ္ဘာမြေရဲ့ ဆောင်းမှတ်တမ်းအစထဲ
ရနံ့တွေ တလက်လက်ခြွေချရင်း
မိုးသောက်အမှီခူးဖို့
အိပ်မက်ဦးမှာ ပန်းတစ်ပွင့် ပွင့်ခဲ့ဖူးတယ်။

ဒီလိုနဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ဖူးတယ်။ ကျွန်တော့်ထက် ၉နှစ် ၅လနဲ့ ၁၄ရက်တိတိ ကြီးတဲ့သူ့ကို ကျွန်တော်က မမလို့ ဘယ်တုန်းကမှ မခေါ်ခဲ့ဖူးပါဘူး။ ကျွန်တော့်ကိုဆို လူကြီးတစ်ယောက်လို တည်ငြိမ်ရင့်ကျက်စွာနဲ့ ဆက်ဆံတတ်ခဲ့တဲ့ သူ့ကို ကျွန်တော်ဘယ်တုန်းကမှ အမတစ်ယောက်လို မဆက်ဆံတတ်ခဲ့တာ ကျွန်တော့်နှလုံးသားရဲ့ အပြစ်တစ်ခုပဲ ဆိုကြပါစို့ ..
ဒါပေမယ့်ဗျာ ..

အဲဒီလိုရူးဖို့
အခိုင်အမာ စီရင်ချက်ချရင်း
ခဏတာသေခွင့်ကို
ငံ့လင့်..
ငါ့ကောင်းကင်က
အစိမ်းရင့်ရင့် ဖြာတယ်...။ ။

ကျွန်တော့်ရဲ့ နေ့ရက်တွေတိုင်းမှာ သူအမြဲဖြစ်နေခဲ့ဖူးပါတယ်။
အတူထိုင်ခဲ့ဖူးတဲ့ အင်းဝစာအုပ်တိုက်ဘေးက ကော်ဖီဆိုင်လေး၊ ၃၆လမ်းထဲက ကြေးအိုးဘုရင်၊ လှည်းတန်းက မစ်စတာဘရောင်း၊ နောက် ... အစုံပါပဲဗျာ။
ကျွန်တော့်ရဲ့ ကျူရှင်ကို ကျွန်တော်ဖုန်းဆက်လိုက်တိုင်း ရောက်လာတတ်ခဲ့တဲ့သူ၊ ကျွန်တော်ကြေးအိုးကြိုက်တတ်တာကို သဘောတကျနဲ့ ထိုင်ကြည့်နေတတ်ခဲ့တဲ့သူ့ကို ကျွန်တော့် နှလုံးသားက တိတ်တိတ်လေး မျှော်လင့်ခဲ့ဖူးတယ်။

(အကြွင်းမဲ့)
အိပ်မက်တွေ အပြိုင်းအရိုင်းရွာပြီးတာတောင်
လှိုင်းခတ်တဲ့ ကမ်းစပ်အဖြစ်
ဖရိုဖရဲညနေတွေကို
ဟန်...ဆောင်...မြို...သိပ်...
အစင်းစင်းထိအပ်တဲ့
မြားဆိပ်တွေ သင့်သူပေါ့...။

ကျွန်တော်ရသမျှ မုန့်ဖိုးတိုင်းဟာ သူ့ဆီဖုန်းဆက်ဖို့အတွက်ပဲ ဖြစ်နေတတ်ခဲ့တယ်။ ကျွန်တော်သူ့ဆီ ဖုန်းဆက်တိုင်းလဲ သူအားသည်ဖြစ်စေ၊ မအားသည်ဖြစ်စေ ကလေးတစ်ယောက်ကို နှစ်သိပ်သလိုမျိုး သူအမြဲပဲ နားထောင်ပေးနေတတ်ခဲ့ဖူးပါတယ်။ ကျွန်တော်က မြင်နေရတဲ့လမင်းကို လိုချင်တမ်းတနေခဲ့ဖူးတဲ့ ကလေးငယ်တစ်ယောက်လိုပဲ မဟုတ်လား။

ငါက တမြတ်တနိုးသိမ်းထုပ်
သံယောဇဉ်တွေကို အကျင့်လုပ်နေမိတာလား..
လိုတာမရလို့ အော်ငိုလိုက်ရင် အဆင်ပြေတတ်တဲ့
ကလေးငယ်တစ်ယောက်လိုသာဆို
တစ်ညလုံး ငါငိုပါရစေ..
ဒီအိမ်မက်ကို မနိုးချင်တော့ဘူး..
ဒါပေမယ့်.. ...............
မနက်ခင်းကို ရောက်မှာ ဘယ်သူမှမပြောလဲ
ငါကြိုသိနေပါတယ်..
တိတ်..တိတ်..လေး ....... မသိချင်ယောင်ဆောင်နေယုံ.......။

အဲ့ဒီနေ့က မိုးတွေ ရွာနေခဲ့တယ်။
သူနဲ့ကျွန်တော်က အမြဲတမ်းသူနေတဲ့ အနော်ရထာအိမ်ယာရဲ့ အရှေ့က မစ်စတာဘရောင်းကော်ဖီဆိုင်လေးမှာ ညနေတိုင်း အမြဲထိုင်တတ်ခဲ့လေတော့ ကျွန်တော်တို့ မိုးကို အတူခံစားခဲ့ဖူးတယ်။
ကျွန်တော်က မိုးတွေ အရမ်းသည်းနေတဲ့အချိန်မှာ မွေးခဲ့တဲ့သူမို့ မိုးရွာတာကို သိပ်ကြိုက်တာပဲလို့ ပြောမိတော့.. သူက .. လှတဲ့မျက်စိနဲ့သာကြည့်မယ်ဆိုရင် ရွှံ့ဗွက်တောင် လှတယ် လင်း .. ရဲ့ .. တဲ့ ..
ကျွန်တော် နက်ရှိုင်းခဲ့ဖူးတယ် ..

ပန်းဖွဲ့ရာသီ အိပ်မက်ဦးအဖြစ်
အချိုအမြိန်ယစ်မူး
ရင်ခွင်မှာစူးတဲ့ မြားကို
စကားလုံးတွေရဲ့ ဟိုးအပြင်ဘက်က
တွယ်တာမှုမျိုးနဲ့........ငါ....။

ကျွန်တော့်ရဲ့ အတိတ်မှာ နှလုံးသားတစ်ခုပဲ ရှင်သန်ခဲ့ဖူးတယ်။ တစ်သက်မှာ တစ်ခါသာ ပျော်ဝင်ခဲ့ဖူးတယ်ဆိုရင် အဲ့ဒါဟာ သူပဲဖြစ်လိမ့်မယ်ထင်ပါရဲ့။ ကြာတော့ကြာခဲ့ပါပြီ .. ဒီနေ့အထိ မေ့မရနိုင်ခဲ့တာကတော့ ...

သိပ်ချစ်လွန်းရင်
နာကျင်ရတာ
ရိုးရာတစ်ခုဆို
ငါ့သမိုင်းထဲမှာ
အလွမ်းနည်းနည်းပါမယ်.....။

သူရဲ့ ဘယ်အချိန်ကြည့်ကြည် ရိုးရှင်းလွန်းတဲ့ ပုံစံ၊ အေးချမ်းလွန်းတဲ့ မျက်နှာလေးနဲ့ သပ်ရပ်လွန်းတဲ့ဟန်ပန်တွေဟာ သိပ်မထူးခြားတဲ့အသွင်အပြင်ကို ဆောင်ထားခဲ့ပေမယ့် ကျွန်တော့်ရဲ့ ဘယ်ဘက်ရင်အုံမှာတော့ ခုပြန်စဉ်းစားရင်တောင် အခုထိ နွေးလျနေဆဲပဲဆိုတာ..


ချစ်မက်တဲ့မင်းကို
တစ်မြတ်တစ်နိုးငေးကြည့်ရုံမျှ...
အဲဒီရှင်သန်ခွင့် ခဏကို
ငါတမ်းတမ်းတတ မက်မောရဲ့...၊

ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်ရဲ့ ဦးချစ်ဆိုင်မှာ ထိုင်ကြတုန်းက မြသန်းတင့်ရဲ့ စာအုပ်တစ်အုပ်နဲ့ပတ်သတ်ပြီး အငြင်းအခုန်ဖြစ်ခဲ့ကြဖူးတယ်။ ကျွန်တော်က လူ့ယဉ်ကျေးမှုဆိုတာ လူက လုပ်ယူတာလို့ ပြောတော့ သူက မဟုတ်ဘူး လင်းရဲ့တဲ့ .. လူ့ယဉ်ကျေးမှုဆိုတာ စိတ်ကလုပ်ယူတာတဲ့ ..
ကျွန်တော် ငေးမောခဲ့ရဖူးတယ်။

အိပ်မက်ထဲထိ
အစိမ်းရောင် အတိနဲ့
ဒဏ်ရာတွေကို တစ်ခါပြန်တူးဆွ
နွေဦးဆန်ဆန်မျက်ဝန်းများထဲ
တစ်တောလုံး ဥပေက္ခာတွေဝေလို့ ..

ကျွန်တော် သူ့ကို သိပ်ချစ်နေမှန်း သူသိမှာပါ။ သိတယ်လို့လဲ ကျွန်တော်အခိုင်အမာ ယုံကြည်ခဲ့ဖူးပါတယ်။ ဒါပေမယ့် မသိချင်ယောင် ဟန်ဆောင် မျက်ဝန်းလဲ့လဲ့တွေနဲ့ ဖုံးကွယ်ထားတဲ့ သူ့နှလုံးသားကို ကျွန်တော် မြင်အောင် မကြည့်တတ်နိုင်ခဲ့ပါဘူး။ သူက သိပ်ကို ပိရိသေသပ်လွန်းသူပါ။ ကျွန်တော်ကသာ အရူးအမူးကို ဖြစ်လို့။

ကံကြမ္မာက ရင်လွှဲလိုက်ပုံများ
အိပ်မက်ထဲအထိတောင်
ငါ မင်းနဲ့လွဲတုန်း ၊
အဲဒီ နှုတ်ခမ်းပါးမှာ
ကျိန်စာတွေမန်းမှုတ်ထားသလိုမျိုး
မြင်ခွင့်မသင့်တဲ့ ငါ
အလွမ်းတစ်ရက်ရင့်ရဲ့...

ကျွန်တော့်ရဲ့ နေ့ရက်တွေ ဒိုင်ယာရီစာမျက်နှာတွေရဲ့ အဖွင့်တိုင်းမှာ သူ့အတွက် ကဗျာတွေ စာတွေပဲ ရှိနေတတ်ခဲ့တယ်။ သူ့ကို ပေးဖို့အထိတော့ ကျွန်တော့်မှာ သတ္တိမရှိခဲ့ရိုးအမှန်ပါ။ သူက ကျွန်တော့်ရဲ့ မြတ်နိုးရာလေ ..

ငါ့ ကမ်းပါးမှာ
လမင်းအစင်းတစ်ရာသာသလို
အလွမ်းသင့်နေ့တွေထဲ
ပန်းတစ်ပွင့်ပျိုးခဲ့မိပေါ့....၊
မျက်နှာတော်ကို မော်ဖူး
ရည်စူးရင်းချစ်မိ
မေ့ကြည့်ဖို့ကြိုးစားရင်းပဲ
ငါ
အိပ်မက်တိုင်းစူး
မြင်တိုင်းရူးရဲ့...

ကျွန်တော်တို့ သင်တန်းပြီးသွားခဲ့တာတောင် သူ့ကို ကျွန်တော်အရူးအမူးနဲ့ တမ်းတနေခဲ့တုန်းပါပဲ။ နေ့တိုင်းဖုန်းဆက်ခဲ့တာတွေ .. အပတ်တိုင်း သူ့အိမ်ရှေ့သွားခဲ့တာတွေ .. သူမသိနိုင်ပေမယ့် သူ့ရဲ့ အိမ်အောက်ကို အခေါက်ခေါက်အခါခါ ဖြတ်လျှောက်ခဲ့တာတွေ .. သူ့လက်မှတ်လေးထိုးထားတဲ့ စာအုပ်ကလေးကို အမြတ်တနိုး ပွေ့ဖိုက်ထားခဲ့ဖူးတာတွေ .. လက်ကမချတတ်နိုင်လောက်အောင်ကို ဖြစ်ခဲ့ရတဲ့ သူပေးခဲ့တဲ့ မွေးနေ့လက်ဆောင် အဘိဓါန်စာအုပ်တွေ .. ကျွန်တော်သိပ်ကို (စိတ်) ပင်ပန်းခဲ့ရဖူးတယ်။ ဒါပေမယ့် ကျွန်တော့်ရင်အစုံကတော့ (သူ့အတွက်) လတ်ဆတ်နေဆဲပါ။

လမင်းကို စွဲလန်း
ရင်ခွင်တစ်ခြမ်းပဲ့
အလွမ်းတွေလှုပ်နှိုးတော့
သန်းခေါင်မှာနိုးခဲ့
မြူခိုးတွေဆိုင်းလို့.....။

ကြယ်စင်ကိုတိတ်တခိုး
မှော်ရုံတောတိုးဝင်
နွမ်းနယ်တဲ့ဝိညာဉ်လည်း
အမှောင်မှာ အိပ်စက်
လိပ်ပြာတွေ တောင်ပံခတ်လို့.....။

သက်တန့်ကိုကျော်ဖြတ်
မိုးစက်တွေအိပ်မက်မက်လည်း
ရွှေအိုရောင်နံနက်တိုင်းမှာ
တော်ဝင်တဲ့အလှ
တိမ်တွေတောင်လွမ်းနာကျလို့......။ ။

ကျွန်တော် သူလာမယ်ဆိုလို့ စောင့်မျှော်ခဲ့ရဖူးတဲ့ ညနေတွေကို ပြန်လွမ်းမိတယ်။ အခုအချိန်မှာ သူက ကျွန်တော်နဲ့ မိုင်ပေါင်းကုဋေချီပြီး ဝေးနေခဲ့ပါပြီ။ မဟုတ်ပါဘူးဗျာ။ နှလုံးသားချင်းလဲ ဝေးခဲ့ပါတယ်။ သူ့မှာ ချစ်တတ်တဲ့နှလုံးသားမှ ရှိရဲ့လားလို့ ကျွန်တော်အကြိမ်ကြိမ်သံသယ ၀င်ခဲ့ဖူးတယ်။ သူ့ကို ချစ်မြတ်နိုးရလွန်းလို့ အရူးအမူးဖြစ်နေချိန်မှာ သူကတော့ အပြုံးမပျက် သွေးအေးနိုင်လွန်းခဲ့တယ်။

သံခင်းတမန်ခင်း အပြုံးတွေ မခြွေလည်း
ငါ ( ချစ်ခြင်းနဲ့ အတူ ) ရင်ခုန်ပါရဲ့ ...။

မင်းပြုအပ်ရာတစ်ခုအဖြစ်
ငါ့ချစ်ခြင်းကို လျစ်လျူရှုတော့
မြင်ခွင့်ခဏနဲ့ပဲ
ငါ နေသားတကျ ရှိလှတယ်...။ ။

ကျွန်တော် သူနဲ့အတူရှိနေခဲ့တဲ့ နေ့ရက်တွေ ရာသီတွေ နှစ်သစ်တွေမှာ ကိုယ့်ကိုယ်ကိုယ် ကံကောင်းသူအဖြစ် သတ်မှတ်ခဲ့ဖူးတယ်။ သူ့ချစ်ခြင်းကို တိတ်တဆိတ် မျှော်လင့်ခဲ့ဖူးပေမယ့် ကျွန်တော်က ချစ်နေခွင့်မှာပဲ ကျဆုံးချင်သူပါ။ သူပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းကို အမှတ်ရနေခဲ့ဖူးတယ် ..
လင်း .. ကောင်းကောင်းနေ .. အပိုတွေမလုပ်နဲ့တဲ့။
အခုအချိန်ထိ ကျွန်တော့်ဘယ်ဘက်ရင်အုံအောက်မှာ အဲ့စကားလေးကို မြှုပ်နှံထားဆဲပါ.. ကျွန်တော်က ချစ်ခြင်းမှာ ဒူးထောက်အရှုံးပေးထားခဲ့ဖူးပါတယ်။

မေ့လျော့ပစ်ဖို့ကို မေ့လျော့
အခမ်းနားဆုံး လက်တစ်ဆုပ်စာထဲ
သွေးစုပ်မျှော့တစ်ကောင်တွယ်သလို၊
အသေအချာကျူးတဲ့ ဒူးတစ်ဖက်ကြောင့်
ည .... ည ...
အိပ်ရမှာတောင် မသထာဘူး ...။

ကောင်းကင်က ကြယ်တွေကို ကြည့်တိုင်း .. အိုး .. ဒီအချိန် သူဘာလုပ်နေမှာပါလိမ့်လို့ အတွေးနဲ့ သူရှိရာအရပ်ဆီ မှန်းမျှော်တမ်းတ ကြည့်ရတာလဲ ကျွန်တော့်အတွက်တော့ ချိုမြိန်ခြင်းတစ်ခုပါပဲ .. အိုဗျာ .. သူနဲ့ပတ်သတ်ရင် အရာရာဟာ ချိုမြိန်ခြင်းအတိနဲ့ ယက်လုပ်.. စိတ်ကူးတွေကို အိမ်ဆောက်ခဲ့ဖူးတယ် ..

အိမ်ရှေ့က မြေနီလမ်းဘေး
တောပန်းလေးတွေ နေ့တိုင်းမပွင့်ရင်တောင်
အိပ်ယာကနိုးတဲ့ မနက်ခင်းတိုင်းမှာ
နင့်မျက်နှာလေးကို အရင်ဆုံးလွမ်းနေခဲ့တာ ..။

ကျွန်တော့်ရဲ့နေ့သစ်တွေမှာ သူ့ရဲ့ဟယ်လိုဆိုတဲ့ အေးဆေးညင်သာသိမ်မွေ့တဲ့အသံလေးနဲ့ စတင်ချင်ခဲ့တာ ကျွန်တော့်ကို အရူးလို့ပဲ ဆိုဆို .. ကျွန်တော့်နှလုံးသားက သူ့ရင်ခွင်တံစက်မြိတ်အောက် တိတ်တိတ်လေး ရပ်စောင့်နေခဲ့တာ ကြာခဲ့ပြီ။

ကောင်မလေးရေ ...
နင့်ကိုမြတ်နိုးတဲ့ ငါ့အသိစိတ်
နင်နဲ့ပတ်သက်ရင် နာကြင်ကြေကွဲလွယ်တဲ့ ငါ့နှလုံးသား
ပြောခွင့်မရခဲ့တဲ့ ရင်ထွက်စကားတွေက
နင်သာမြင်နိုင်ခဲ့မယ်ဆိုရင် ရိုးရိုးလေးပါဟာ ......။

ကျွန်တော် သူခန သွားနေတယ်ဆိုတဲ့ သူ့မိဘတွေ အိမ်ရှိတဲ့ သုဝဏက အိမ်ကို အတန်းပြီးတိုင်း တကူးတကမဟုတ်တဲ့ ရင်ခုန်ခြင်းနဲ့ အမြဲပဲ သွားခဲ့ဖူးတယ်။ သူဘယ်မှာနေတယ်ဆိုတာ အတိအကျတော့ မသိခဲ့ပါဘူး။ သူ့အိမ်ရှိတယ်ဆိုတဲ့လမ်းကိုတော့ ချောင်းပေါက်မတတ် အခေါက်ခေါက်အခါခါ ဖြတ်လျှောက်ခဲ့ဖူးတယ်။ နေပူတယ်ဆိုတာ ကျွန်တော့်အတွက်တော့ အချစ်တစ်ခုစီးဆင်းရာ အိုအေစစ်တစ်ခုလိုကို ဖြစ်လို့ ...

နင်မရောက်ဖူးတဲ့ ငါ့ပန်းခင်းထဲ
ရင်ခုန်ခြင်းတွေ စိုက်ထားဖူးတယ် ..

နင်မကြားဖူးတဲ့ ငါ့စကားသံထဲ
ကဗျာတွေလည်း ဖတ်ပြဖူးတယ် ..

အညတရကြယ်တစ်စင်းပါ
ငါ့ချစ်ခြင်းတွေနင့်ဆီရောက်ဖို့ .
အလင်းနှစ်ပေါင်းများစွာလိုသေးတယ်လေ ..…..

နင်သိခဲ့မယ်ဆိုရင်ပေါ့ ..

ငါ ..
မျှော်လင့်ချက်တွေမဲ့
တိတ်တိတ်လေး ကြွေပျက်ခဲ့ဖူးတယ် …. ။

သူ့ရဲ့ ယူနီဖောင်းအဖြူလေးရယ် ဦးထုပ်အဖြူလေးရယ် ဆောင်းထားတဲ့ ပတ်စ်ပို့ဓါတ်ပုံသေးသေးလေးကို မမျှော်လင့်ဘဲ ကျွန်တော်ရခဲ့ဖူးပါတယ်။ သူမသိခဲ့ဘဲ ရခဲ့တဲ့ အဲ့ဒီဓါတ်ပုံလေးဟာ ကျွန်တော့်ရဲ့ ကွန်ပြူတာထက်မှာ.. ကျွန်တော့်ရဲ့ အိပ်ခန်းနံရံထက်မှာ.. ကျွန်တော့်ရဲ့ စာမျက်နှာတွေထက်မှာ.. ကော်ပီပေါင်းများစွာကူးရင်း ကျွန်တော့်ရဲ့နေရာအနှံ့မှာ ရှိခဲ့ဖူးပါတယ်။ ချစ်ခြင်းဆိုတာ ရယူပိုင်ဆိုင်ခြင်းမှ မဟုတ်ခဲ့ပဲလေ ..

လွင့်စင် ပျောက်ပျက်
ရပ်တန့်လို့မရတဲ့အဆုံးမှာ ရပ်တန့်ခဲ့ကြ
ဖွဲ့သီဖူးသော မျက်ဝန်းကဗျာ
ဝေးကွာခြင်းသာ တစ်ရွေ့ရွေ့နီးလာဆဲ
အရောင်ပြယ် မနက်ခင်းထဲမှာ
ငါ့လွမ်းချင်းတွေက သခင့်အရပ်မှနေထွက်ခဲ့တယ်..

အံ့သြမိပါရဲ့
ငါ့နှလုံးအိမ်ကို ထောင့်ဖြတ်မျဉ်းဆွဲဖို့
ချစ်ခြင်းလို့ (သခင်)အမည်တပ်ထားတဲ့
အစိမ်းရင့်ရင့်ကျိန်စာတွေကို ဖတ်ပြခဲ့တုန်းက
မျှော်လင့်ခြင်းတွေ တစ်ရှိုက်မက်မက်
သခင့်စိတ်နဲ့ အသက်ဆက်ခဲ့ဖူးတယ်…

မိုးကရွာတာလား ငါကရွာတာလား
နိမ့်ရာသို့ စီးရင်းနဲ့
လမ်းမသင့်တဲ့ အမှောင်ရာသီထဲမှာ
သခင့်အတွက်အလင်းဖြစ်ဖို့
ငါ့ခန္ဒာကို လောင်တိုက်သွင်း
မီးလိုတောက်ချင်တဲ့ မြစ်တစ်စင်းပေါ့…..။

မှတ်မှတ်ရရပေါ့ .. ကျွန်တော်တို့သင်တန်းကာလမှာ သူစာဖတ်နေတဲ့ပုံလေးကို ကျွန်တော်ခဲခြစ်ပန်းချီ ဆွဲခဲ့ဖူးတယ်။ သူ့ရဲ့ ငိုက်ကျနေတဲ့ မျက်တောင်စင်းစင်းလေးတွေ .. နှာတဲ့စင်းစင်းလေးနဲ့ ပိရိသေသပ်တဲ့ နီစွေးစွေးနှုတ်ခမ်းထော်ထော်လေး .. နောက် ပျော့ပျောင်းရှည်သွယ်စွာ ကျလာတဲ့မေးရိုးတစ်လျှောက် .. အိုး .. အရာအားလုံးဟာ ကျွန်တော့်အတွက် အိပ်မက်ချည်းပါပဲ ချစ်သူ ..

ကိုယ့်ကိုယ်ကိုယ် သိမ်းထုပ်နေရင်း
တနုံ့နုံ့ ပိုလွမ်း
ငါ့ ၀ိညာဉ်ကို
တစ္ဆေတစ်ကောင် ခိုးနမ်းသွားသလိုမျိုး....။

ကြာတော့ကြာခဲ့ပါပြီ။ ကျွန်တော့်အသက်လဲ အဲ့တုန်းကလို ဆယ်ကျော်သက်မဟုတ်ခဲ့တော့ပါဘူး။ ဆယ်ကျော်သက်မို့ ရူးသွပ်ခဲ့တယ်လို့ သူစွပ်စွဲခဲ့တဲ့ ကျွန်တော်ဆိုတဲ့ကောင်တစ်ယောက်ရဲ့ ရင်ထဲမှာ သူ့ကိုချစ်တဲ့ချစ်ခြင်းတွေ အခုထိ အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းနေဆဲဆိုတာ သူသိနိုင်မယ်ဆိုရင်လေ ..

နှင်းဆီတစ်ပွင့်ရဲ့ ကျိန်ဆိုခြင်းကို
လေထုဆန်ဆန်ပဲ
ငါကြားနာခဲ့
ဝတ်မှုန်တစ်စွန်းတစ်စအဖြစ်
ရင်ငွေ့လှုံချင်ခဲ့တာ....။

ချစ်သူ ..
ခင်ဗျားသာ နည်းနည်းလောက်မြင်နိုင်မယ်ဆိုရင်လေ .. ကျွန်တော့်ရင်ထဲကို ခနလောက်ဝင်ကြည့်ပါလား .. ခင်ဗျားကိုချစ်တဲ့စိတ်နဲ့ ဟောဒီရင်တစ်ခုလုံး ပြာကျမတတ်ကို ဖြစ်လို့ ...

အလွမ်းဆိုတာ
တေလေတစ်ကောင်ရဲ့ အိမ်ပြန်လမ်းမှာ
တောင်ဇလတ်ပန်းတွေလို လတ်ဆတ်နေလေရဲ့
ပိုးဖလံတစ်ကောင်လို
အလင်းကိုပွေ့ဖက်ထားချင်လဲ
ပျောက်ဆုံးနေဆဲ နံနက်ခင်းတွေထဲမှာ
နာမည်တစ်ခုကို အကြိမ်ကြိမ်ခေါ်နေမိတယ်
နင်သိသိ မသိသိပေါ့ ……………။

သူနဲ့ဝေးနေရပေမယ့် .. သူ့အချစ်ကို မရခဲ့ပေမယ့် ဟော့ဒီကောင်းကင်ရဲ့အောက် ကမ္ဘာမြေပြင်တစ်နေရာမှာ သူရှိနေတယ်ဆိုတဲ့အသိက ကျွန်တော့်အတွက်တော့ အရာအားလုံးကို ကျေနပ်သွားစေနိုင်ခဲ့တယ်။
ဘုရားက ကျွန်တော့်ကို ချစ်သား .. လိုရာဆုတစ်ခုကို တောင်းလော့လို့ အမိန့်ရှိလာခဲ့မယ်ဆိုပါစို့ ..
ကျွန်တော်သေရင်လေ .. ကောင်းကင်နဲ့မြေကြီးဖြစ်ပါရစေ ..
ချစ်သူကို နွေးထွေးစွာ ဖက်တွယ်ရင်း အမြဲပဲ ငုံ့မိုးကြည့်ချင်နေခဲ့မိလို့ပါ ..

(တကယ်ပါ ကောင်မလေးရယ်)
နင်မချစ်တတ်လို့
ရူးတယ်ပဲဆိုဆို
(ငါက)
မချစ်ရက်လောက်အောင်ကို
ချစ်တတ်ခဲ့ဖူးတယ်..။

ဇော်။

( ကျွန်တော့်ရဲ့ ရေးခဲ့ဖူးပြီးသား ကဗျာတွေထဲက ကျွန်တော်သိပ်ကြိုက်မိတဲ့ အပိုဒ်လေးတွေကို ပြန်ပြီးထည့်ရေးထားတာပါ .. ကဗျာတစ်ဝက် စာတစ်ဝက်ပုံစံနဲ့ စာရေးနည်းကတော့ ဆရာမ မနော်ဟရီရဲ့ စာရေးနည်းကို အတုယူထားပါတယ်။ ကျွန်တော်နှစ်သက်လို့ပါ။ ကျွန်တော့်ရေးဟန်က သိပ်တော့ကောင်းမှာမဟုတ်ပါဘူး။ ဒါပေမယ့် အတတ်နိုင်ဆုံးတော့ ပေါ်လွင်အောင် ကျွန်တော်ကြိုးစားပါတယ်။ သည်းခံပြီးဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ =] )

Saturday, February 13, 2010

......ဖူးသော........

အမှတ်တမဲ့
ခလုတ်တိုက်မိတာ
တစ်ဘ၀လုံးစာ
အလန့်တကြားဖျားတယ်..။

ကတိုက်ကရိုက်ရင့်မှည့်လာတဲ့
မနက်ခင်းတစ်ခုထဲ
အစိမ်းလိုက်ကြွေတဲ့ ပန်းတစ်ပွင့် ၊
လေပြေမှာ
သိမ်းထုပ်ထားတဲ့ ရနံ့တွေအန်ချ
အမှတ်တရပျော်ဝင်ဖို့အတွက်တော့
ရာသီဥတုက အေးတယ်..။

(အကြွင်းမဲ့)
အိပ်မက်တွေ အပြိုင်းအရိုင်းရွာပြီးတာတောင်
လှိုင်းခတ်တဲ့ ကမ်းစပ်အဖြစ်
ဖရိုဖရဲညနေတွေကို
ဟန်...ဆောင်...မြို...သိပ်...
အစင်းစင်းထိအပ်တဲ့
မြားဆိပ်တွေ သင့်သူပေါ့...။

(ပုစဉ်းတစ်ကောင်ရဲ့ ဂီတကမှ
ချိုသေးတယ်)
အကျိုးအပျက်ကြယ်တွေခူးပြီး
တုံ့လှည့်ကြည့် မျက်ဝန်းတွေကို
အိပ်မက်မက်ဖူးရဲ့...။

အဲဒီလိုရူးဖို့
အခိုင်အမာ စီရင်ချက်ချရင်း
ခဏတာသေခွင့်ကို
ငံ့လင့်..
ငါ့ကောင်းကင်က
အစိမ်းရင့်ရင့် ဖြာတယ်...။ ။

လင်းစက်ရာ

Tuesday, February 9, 2010

‘ဇန်နဝါရီ ၁၃’

ကျွန်တော့်လက်ထဲမှာ
အပြုံးယဲ့ယဲ့ ဗလာစာအုပ်လေးဟာ
ဒုတိယမြောက်များစွာကို
ထမ်းထားရရှာတယ်။

ဒီစာအုပ်ထဲမှာ
တရုတ်သီချင်း အေးအေးလေးနဲ့ 
သူ့ ရဲ့ ရယ်သံတွေ
အိပ်နေတယ်။

ဒီစာအုပ်ထဲမှာ
သီချင်းတစ်ပုဒ်ကို
အကြောင်းပြချက်မဲ့စွာ ညည်းတတ်တဲ့
ခဲတံချိုချိုလေး ညပ်နေတယ်။

ဒီစာအုပ်ထဲမှာ
အရာရာဟာ သူ့ အတိုင်းသူ ရှိနေပါစေ ဆိုတဲ့
တစ်ယောက်တည်း ရန်ဖြစ်တတ်သူ
နောင်ကြီးတစ်ဦးရဲ့ 
မျက်မှန်ကိုင်းလေးလည်း သေနေတယ်။

မိန်းကလေးရေ ...
အလိုလို လုပ်ယူထားတဲ့
မိုးအတုတွေလည်း
ငြိမ်းပြီ၊
အက္ခရာစဉ်အတိုင်း
တူရာတူရာ တွဲထားတဲ့
မပီမသ နေ့ လည်စာတစ်နပ်လည်း
ပီပီသသ အသိမ်းခံရပြီးပြီ၊
ပြီးခဲ့တာတွေ မပြီးသေးတဲ့ဟောဒီကောင်ကတော့
အစိမ်းရောင် အင်္ကျီထဲမှာ
ချောက်ကမ်းပါးရောင် နက်မှောင်နေတယ်။

ဒီဗလာစာအုပ်လေးပဲ
ခဏခဏ ဖွင့်ဖတ်မိတယ်။
ဆန်းဆန်းပြားပြားတွေမပါဘဲ
ရိုးရိုးလေး နေချင်ရုံ၊လေချင်ရုံပါ
မိန်းကလေးရေ ...
ကျွန်တော်က အပျင်းကြီးတော့
ကျောရိုးတစ်လျှောက် ကို
နေ့ စဉ် ခုတ်ထွင်ရှင်းလင်းရတာပေါ့။

တစ်စုံတစ်ယောက်ရဲ့  ပယောဂမပါဘဲ
သူမကို တိုင်တည်ပြီး
တစ်စုံတစ်ရာကို ၀န်ခံကြည့်မယ်၊
`သတိရတယ် .............´
က၀ိတွေ ပန်းကို ပျိုးသလို၊
ဥယျာဉ်မှူးတွေ လင်္ကာစပ်သလို၊
နှင်းခေတ်က ကျောက်နံရံပန်းချီတွေ မီးလောင်သလို၊
သူမကို ကျွန်တော် သိပ်သတိရတယ်။

အမှန်ပါ ..မိန်းကလေး
အမှန်ပါ၊
ဗလာစာအုပ်လေး
မျက်စိကွယ်ခဲ့တာ လည်းအမှန်ပါ၊
ဇန်န၀ါရီ ၁၃ ဆိုတဲ့ရက်စွဲ တစ်ခု
အခိုးခံလိုက်ရတာလည်း အမှန်ပါ၊
ကျွန်တော်တို့ 
တစ်ယောက်နဲ့ တစ်ယောက်
နေရာအနှံ့  ဝေးခဲ့ကြတာလည်း အမှန်ပါ။

ကျွန်တော့် မျက်လုံးများပိုင်ရှင်မလေးရေ ...
အမှန်တရားထဲမှာ နေထိုင်ပါ၊
မြေကြီးကို သစ္စာရှိပါ၊
ကောင်းကင်လို ရိုးသားပါ၊
ပြဌာန်းဖတ်စာအုပ်တွေ ကို
ရိုသေစွာ ကိုင်တွယ်ပါ။


ဇာတိ

( ကျနော်နဲ့ မင်း ကြိုက်မိတဲ့ ကဗျာလေးပါ .. ရေးတဲ့သူကို ကျနော်တို့ လုံးဝ မသိပါဘူး .. ဒါပေမယ့် သူ့ရဲ့ လင့်ကိုတော့ ကျနော်တို့ သိထားလို့ ဒီမှာပဲ ဒီလို ပြန်ဖော်ပြလိုက်ပါတယ် .. အခုလို တင်ရခြင်းက ကျနော်တို့ သိပ်ကြိုက်လိုက်မိတဲ့ ကဗျာလေးကို အမှတ်တရ သိမ်းထားချင်လို့ပါ .. ပိုင်ရှင်ကို မသိတဲ့အတွက် ခွင့်မတောင်းဖြစ်ခဲ့ပါဘူး.. ဒါပေမယ့် ကျနော် သူ့လင့်ကို ဖော်ပြထားပြီး သူ့နာမည် ( ဟုတ်မဟုတ်မသိပါဘူး ) ကို ဖော်ပြထားလို့ ကျနော့်ကို သူ စိတ်မဆိုးလောက်ဘူးထင်ပါတယ် .. ကျေးဇူးတင်ပါတယ်ခင်ဗျာ .. =]
http://www.mysuboo.com/index.php?option=com_blog&name=L0v34MuLaBoy&task=view&pid=24105&mosmsg=Incorrect+username+or+password.+Please+try+again.&mosmsg=Incorrect+username+or+password.+Please+try+again. )


Wednesday, February 3, 2010

ကြွေချိန် ..

ဥသြသံနဲ့ ဖြတ်ချလိုက်တဲ့
သစ်ရွက်ဝါ၀ါတစ်ရွက်
သူပေါ့
တစ်ဆောင်းလုံး နှင်းရည်သောက်ခဲ့တာ
အညှာ ဘယ်ခိုင်တော့မှာလဲလေ ...


ဇော်။