အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Monday, December 19, 2011

မနေ့က ကျနော်တို့ပခုံးပေါ်မှာ ကြယ်တစ်ပွင့်တိုးတယ်

အမှတ်တမဲ့နဲ့
ကျနော်တို့အတွက် ဘူတာတစ်ခု
၇နှစ်အပြီးမှာ
ဆိုက်ရောက်လာတယ်

အိမ်ပြန်ချိန်မသိ
နားချိန်မရှိတဲ့ နေ့ရက်များ
ပြက္ခဒိန် ၇ခုစာ ပြာဖြစ်ခဲ့ကြ
ကြမ်းတမ်းတဲ့ ခရီးလမ်းမှာ
တစ်ကိုယ်တည်း ပျော်မွေ့ခဲ့ကြ
ယုံကြည်ချက်တစ်ခုအတွက်
လူမုန်းများလဲ
အစိမ်းရောင်ကိုပဲ ချစ်တတ်ခဲ့တယ်

ခါးသက်တဲ့ မုန်တိုင်းတွေနဲ့ ကြုံလေတိုင်း
ကျလုလု မျက်ရည်
ရှိုက်သံမဲ့ ငိုကြွေးရခြင်းတွေ
ကျနော်တို့လဲ လူပါပဲ
နှလုံးသားနဲ့ တည်ဆောက်ထားတယ်
အများအတွက် သေနတ်ကိုင်တဲ့လက်
စိတ်အဆာပြေရုံ
ဘယ်တုန်းကမှ လူမသတ်ခဲ့ဘူး

ငါးခုံးမတစ်ကောင်ကြောင့်
တစ်လှေလုံးပုပ်ဆိုသလို
သစ်တစ်ပင်မကောင်းရုံနဲ့
တစ်တောလုံးပြုတ်ရတဲ့အဖြစ်မျိုး
ကျနော်ရင်နာလို့ မဆုံးပါဘူး လောကကြီးရယ်
မတရားဘူးလို့ ဟစ်ကြွေးချင်ပေမယ့်
ဘယ်သူကရော နားထောင်ပေးလို့လဲ
ကျနော်တို့ရဲ့ သွေးတွေ ချွေးတွေ
ဘယ်သူကရော မြင်ပေးလို့လဲ
အများအတွက် ကိုယ့်ကိုယ်ကိုယ်တူးဆွ
အသက်ကို မြေမှာချခဲ့တာတောင်
ဘယ်သူကများ အသိအမှတ်ပြုလဲ

အဲ့ဒီလိုနဲ့
မသိလိုက် မသိဖာသာ
ကျနော်တို့ တစ်ဖြုတ်ဖြုတ်ကြွေကျသွားခဲ့ရတာ

ဖေဖေ မေမေ
မောင်နှမတွေနဲ့ မိသားစုရဲ့ ဟိုးအဝေးမှာ
မိုးဒဏ်လေဒဏ် ဥတုဒဏ်ကြား
ရင်ဘတ်တစ်ခုလုံး အသားမာတက်
နှလုံးသားတွေ ကျွဲပခုံးထခဲ့ရတယ်

ပြောစမ်းပါဦး လောကကြီးရယ်
မြေမှာ ကြွေဆင်းဖို့သက်သက်တော့
ကျနော်တို့တွေ လင်းလက်မပြခဲ့ဘူး
ပခုံးပေါ်က ကြယ်ဆိုတာ
ကျနော်တို့ သွေးနဲ့ ဖွဲ့စည်းထားတာ
စကားလုံးပေါင်းများစွာ
လက်ညှိုးပေါင်းများစွာ
သူတို့နားမလည်တဲ့ ကျနော်တို့ဆိုတာ
သွေးတစ်စက်နဲ့ ဖြစ်တည်လာတဲ့
ကြယ်တစ်ပွင့်ကိုပဲ ပိုမြတ်နိုးတယ်

ရတယ်
စိန်ခေါ်မှုတွေကြား
မုန်းတီးသူတွေကြားမှာ
ကိုယ့်ကိုယ်ကိုယ် တည်ဆောက်
ယောက်ျားဆိုတာ ဘယ်တော့မှ ဒူးမထောက်ဘူး

ဒီလိုနဲ့
ထိုးနှက်ချက်တွေနဲ့အတူ
အစိမ်းရောင်ကို မုန်းတဲ့လူတွေရှေ့
မနေ့က ကျနော်တို့ပခုံးပေါ်မှာ ကြယ်တစ်ပွင့်တိုးခဲ့ပြီ မေမေ ..။


ဇော်။

( ဒီဇင်ဘာ ၁၄ရက်နေ့ ၂၀၁၁ခုနှစ်၊ ဗုဒ္ဓဟူးနေ့ အပတ်စဉ်၅၀ ... နောင်ရိုးမြတ်ရဲ့ အပွင့်တိုးခြင်းအမှတ်တရ .. ကျနော်ရေးပါသည်။)

Monday, November 28, 2011

သော့ခတ်ထားသော စကားလုံးများ

မသိလိုက်မသိဘာသာနဲ့ နာရီတွေ ကုန်သွားနေတယ်
ဝက်ကလေးရဲ့ မီးစိမ်းပွင့်လေး ဘယ်အချိန်ထိ လင်းနေမှာလဲ

ကျနော့်မှာ ဘာမှ မရှိပါဘူး
ရင်ခွင်အကန်းနဲ့ ကမ်းမမြင်လမ်းမမြင်တော့ ချစ်တတ်ခဲ့တယ်

မသေချာမရေရာတဲ့ နောင်လာမယ့် ပြက္ခဒိန်တွေအတွက်
ရင်တထိတ်ထိတ်ခုန်နေရတဲ့ ဒုက္ခကို
ကျနော့်ဝက်ကလေး မသိရှာဘူး

အရူးအမူးဖြစ်ရလွန်းလို့ ကိုယ့်ကိုယ်ကိုယ် မနည်းချွန်းအုပ်
ရင်ဘတ်တစ်ခြမ်းကို အတင်းသိမ်းထုပ်ထားရတာ
ကိုယ့်ဝမ်းနာ ကိုယ်သာ သိတယ်

ဝက်ကလေးရယ်
ချစ်သေးရဲ့လားလို့ ခနခနမမေးပါနဲ့
စကားလုံးတွေထက် လေးနက်ခြင်းတွေကိုပဲ ငါသိမ်းထားတယ်

ယုံချင်ယုံ မယုံချင်နေပါ
ဆောင်းနှင်းတွေ ဆွတ်ဆွတ်ဖြူအောင် ပွင့်ဝေတဲ့နေ့က
ကျနော် သူ့ကို စချစ်ခဲ့တယ်။


ဇော်။

Sunday, November 27, 2011

တိမ်ဆိုင်တွေကြား လေယာဉ်ပေါ်က ကျနော်

အဆုံးအစမရှိဘူး
ဖြူလွ ငုံကြွနေတဲ့ ၀ါဂွမ်းများ
ပြာလွင့် ၀င့်မြူးနေကြ
မြင်မြင်ရသမျှ စူးရှလွန်းတယ်

ကြည်တဲ့အခါ ကြည်
နောက်တဲ့အခါ နောက်
ပါးတဲ့အခါ ပါး
ထူတဲ့အခါ ထူ
လေယူရာကိုလဲ ဝေ့လူးတတ်တယ်

ပိတ်သားပြင် ပြာပြာထဲက
အဖြူရောင် စုတ်ချက်များ
ဗန်ဂိုးတောင် လက်ဖျားခါလောက်ရဲ့

အဲ့ဒါ လောကတရားတွေပေါ့
မရဏသဘောတွေနဲ့
အသစ်တဖန် ပြန်ပြန်ဖြစ်တယ်

သဘာဝတွေကလဲ
စကားတွေ ပြောနေတတ်တယ် မဇော် တဲ့
ကိုယ့်ညီကလေးရဲ့ စကားကို အမှတ်ရ
ဝန်းကျင်ဟာ ပိုလို့ လှလာတယ်

ဟေး ______
ရင်ဘတ်တစ်ခုလုံး မြည်ဟည်း ဟစ်ကြွေး
အဖြူရောင် တိမ်စည်းကလေးကို
ကျနော် လှမ်းလင့် ငေးနေမိတယ်

အဲ့ဒီလို တွေးရင်း ဝေးရင်း
မျောလွင့်ရင်းနဲ့
အဲ့ဒီနေ့က
စိတ်အစဉ်ကို
တိမ်ခိုးဖြူ လက်တစ်ဆုပ်ကြားမှာ
နစ်မြုပ်ဖြစ်ခဲ့တယ်။


ဇော်။

Friday, October 7, 2011

လူနာဆောင် (၁၃) သို့ မှာတမ်း

ညီလေး
ဖြတ်ခနဲ တိုက်သွားတဲ့ လေ ဆိုတာ
မုန်တိုင်းရဲ့ အစပျိုးလဲ ဖြစ်နိုင်တယ်
အေးမြမှုရဲ့ သင်္ကေတလဲ ဖြစ်နိုင်တယ်
ဖုန်မှုန့်တွေလဲ ပါနိုင်တယ်
ရေငွေ့တွေလဲ ပါနိုင်တယ် ...။

ညီလေး
ဆေးနံ့တွေ တလူလူလွင့်နေတဲ့
သံကုတင် အဆင့်ဆင့်မှာ
အသက်ကို ၀ ၀ ရှူစမ်းပါ
ရနံ့ကို စားသုံးဖို့ လူဖြစ်ကြတာမှ မဟုတ်တာကွာ
ရဲရင့်မှပေါ့ ...။

ညီလေး
တိတ်ဆိတ်ခြင်းမှာ ကာရံတွေဟာ ပိုကြွတတ်တယ်
ဓမ္မကိုရှာဖွေဖို့ ငြိမ်းချမ်းမှုလို့လဲ ဆိုကြလေရဲ့
ဘယ်သူမှ မရှိလို့ အားငယ်မနေနဲ့
ငါတို့အားလုံး တူတူချည်းပဲ
တစ်နေ့နေ့တော့ .... ခွဲရမယ် ...။

အားတင်းထားစမ်း
မင်းရယ်နေတယ်ဆိုတာ ငါသိတယ်
ဒီလိုပေါ့ကွယ်
လင်းတလှည့် မှောင်တလှည့်မှာ
အကျင့်ကို ပျိုးဖို့ဆိုတာ
သွေးရဲဖို့တော့ လိုလိမ့်မယ် ...။

ညီလေး
စိတ်မပျက်နဲ့
ဘ၀ဟာ လှေကားထစ်ပဲ
မင်း အဲ့ဒီတောင်ကိုသာ ကျော်ခဲ့
ငါတို့ ဒီမှာ ရှိနေတယ်။

ဇော်။
(ညီနေပိုင် ဆေးရုံရောက်ခြင်း အမှတ်တရ)

Wednesday, October 5, 2011

မီးခိုးများနဲ့ ကျနော်

ရုတ်တရက် နိုးထလာတဲ့ နံနက်ခင်း
အရုဏ်ဟာ အလင်းရောင်ရောင်နဲ့
ဘ၀ဟာ အိမ်တစ်ဆောင်မီးတပြောင်မဟုတ်တာလဲ အသေအချာပဲ

ကော်ဖီတစ်ခွက် .. ကဗျာတစ်ပုဒ်
အကြွေးတွေက တောင်လိုပုံ
မေ့မရခြင်းမှာ ငါက ကိုယ့်ကိုယ်ကိုယ် နင်းသတ်တဲ့ ဖိနပ်တစ်ရံ
မြို့ပြဟာ ငါနဲ့ လားလားမှ မတန်
ငါဟာ လူနုံလူအတစ်ယောက်လဲ ဖြစ်ရဲ့

ထားလိုက်စမ်းပါ .. ထားသွားလိုက်စမ်းပါ ...
ရင်ကိုဖွင့် ... နှလုံးသားကို ၀င့်ပြီး ဟစ်ကြွေး
ငါ့သမိုင်းက မှတ်တိုင်တစ်ခုရဲ့ မြေစိုက်ရာ
ဘ၀ဟာ ပိုလို့ အမောက်ကြွလာခဲ့တာ။

ငှက်ဆိုတာ ပျံရင်း သေရမှာပဲ
စကားကြီးစကားကျယ်တွေနဲ့ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ပစ်ခဲ့တာလဲ အကြိမ်ကြိမ်
အဆံမရှိတဲ့ စပါးနှံလို ထောင်လွှား
ဟော့ဒါ ငါကွလို့ အခါခါ ဟောင်ပြတတ်တဲ့ မြေစိုင်ခဲတွေကြား
လူဖြစ်ရတဲ့ဒုက္ခကို ၀ါးရုံပင်ကြီး အော်ရယ်နေတော့
ကျနော်ရှက်လိုက်တာ မေမေရယ် ...
ကိုယ့်မျက်နှာကိုယ် ပုဆိုးခြုံထဲ ဖုံးဝှက်
ကျနော် တပ်ခေါက်ပြန်ခဲ့ရတယ်။

အခုတော့ ကျနော်နဲ့ မတန်လို့ထင်ရဲ့
အရုဏ်ဟာ နေကိုလဲ ဆောင်ကြဉ်းမလာသေးပါဘူး
ကျနော်ဟာလဲ နိုးထမရောင်နဲ့ မနိုးထဖြစ်ခဲ့သေးပါဘူး
ပတ်ဝန်းကျင်ဟာ အမှောင်ဖုံး
အနက်ရှိုင်းဆုံးမှာ
ဘ၀ဟာ မီးလိုပူတယ်။

ကိုယ့်လူရေ ...
ဟိုးမှာ ကြည့်လိုက်
အဲ့ဒီ တောင်ကုန်းပေါ်က မြေပုံဟာ
ငါပဲ။

ဇော်။

Sunday, September 18, 2011

သစ္စာဦးအတွက် ပွင့်မယ့်ပန်း

ဇန်န၀ါရီ ၁၄ရက်
.............
နှစ်တစ်နှစ်ရဲ့ အစပေမယ့်
ပန်းတို့ မညှိုးကြသေးဘူး
စိမ်းမြမြ သင်္ကေတတစ်ခု
နှုတ်ခွန်းဆက်သံ တစ်စွန်းတစ်စ
အဲ့ဒီရဲ့ အလင်းပျိုးမှုမှာ
ဆောင်းနှင်းတို့ ပို လူးလွန့်လာ ...

ဖေဖော်ဝါရီ ၁၈ရက်
................
စကားပန်းတွေ ပတောင်းခတ်အောင်ပွင့်ဝေ
ဆောင်းကုန်ခါနီး အေးမြနေဆဲ
အဲ့ဒီနေ့က
မခမ်းနားပေမယ့် လူနှစ်ယောက်အတွက်
အိမ်အသစ်ဆောက်ခဲ့ကြတယ်
ပြက္ခဒိန်မှာ ၀င့်ထည်စွာ ....

ဖေဖော်ဝါရီ ၂၈
................
နင်ရယ် .. ငါရယ် .. သူငယ်ချင်းရယ်
အဲ့ဒီ နွေးထွေးမှုမှာ အလင်းတစ်ပွင့်က
နာမတွေကို ပြောင်းလဲပစ်ခဲ့
ချစ်သူရယ် .. မောင်ရယ် .. ဘ၀လက်တွဲဖော်ရယ်
ရွယ်စူးကာ ရူးမိ
တူနှစ်ကိုယ်မှာ တဲအိုပျက် မရှိပေမယ့်
လျှောက်နေတဲ့လမ်း
စိတ်ကူးတွေကို ထပ်တူပြုမယ်
တိုင်တည်ခဲ့တယ်

စက်တင်ဘာ ၁၈ရက်
................
ဒီနေ့မတိုင်ခင် မနေ့ကအထိ
သင်္ခါရကို ငါတို့ အတူရှုတယ်
အတူမွှေခဲ့ဖူးတဲ့ စာအုပ်စင်တွေ
ဆွေးနွေးခဲ့တဲ့ နိုင်ငံရေးအကြောင်း
တက်ကျမ်းတွေအကြောင်း
သမိုင်းတွေအကြောင်း
ဘာသာရေးအကြောင်း
ဒဿနအကြောင်း
အချိန်မှန် ဘုရားရှိခိုးသံနဲ့ တရားထိုင်
ထိခြင်းငါးပါး ကန်တော့ခန်း
ဓမ္မကို အတူနာကြားရင်း
နင်ရယ် .. ငါရယ် .. အချိန်ရယ်
ညအိပ်ယာဝင် ပုံပြင်တွေကြား
နှစ်ကိုယ့်တစ်စိတ် ဖြစ်ခဲ့ကြတယ်

နင့်မေမေဆီ ဖုန်းဆက်တော့
ငါလဲ အတူဆက်ခဲ့တယ်
ငါ့မိဘနဲ့ စကားပြောတော့
နင်လဲ အတူ ချက် (Chat) ခဲ့တယ်
မိုင်သောင်းချီဝေးနေပေမယ့်
ငါတို့တတွေ ... နီးနီးလေးပဲ
ရင်ဘတ်ခြင်းတူ လမ်းလဲတူတယ်
နှစ်ယောက်အတူ အမြဲရှိမယ်

နင့်ကြောင့် ငါရယ်ခဲ့ရတယ်
ငါ့ကြောင့်နင် ငိုခဲ့ရတယ်
ငါဟာ သစ္စာဦးအတွက်
ဘီလူးလိုလူလဲ ဖြစ်ခဲ့ဖူးတယ်
နင်ဟာ သစ္စာဦးမှာ
ရဲရင့်သူလဲ ဖြစ်ခဲ့တယ်
ခွင့်လွှတ်ပါကွယ်
စကားတစ်ခွန်းနဲ့ ငါ့ကိုယ်ငါ အဆုံးသတ်
ငါဟာ နင့်အတွက် ပွင့်မယ့်ပန်း
ရဲရဲခတ် နီစွေးရင်း
တွဲလက်တွေ ခိုင်မြဲစေ
တိုးတိတ်စွာ တောင်းဆုချွေ ....

ပြန်တွေးကြည့်ရင် မနေ့ကလိုပဲ
နင်ရယ် ငါရယ်
ချက်စ် (Chess) အတူထိုးရင်း ငြင်းကြတယ်
ကိုယ်မှန်တယ်ထင်ရင် လောင်းကြေးတွေထပ်
နင်ရှုံးလိုက် ငါရှုံးလိုက်
သံသရာကို ကိုယ့်ဘာသာကိုယ် လည်ပစ်ခဲ့ကြ
နိုးပြီလားဆိုတဲ့ ဝေါဟာရတစ်ခုကို
ဦးသူရွတ်စတမ်း
နံနက်ခင်းကို အပြိုင်အသက်သွင်း
နေ့တွေကို အတူတူလင်းပစ်ခဲ့ကြ
အဲ့ဒါဟာ အချစ်စစ်လား .... ငါမေးချင်တယ်

တကယ်ပါ
နင်နဲ့ပတ်သတ်ရင် ငါ့မှာ
ပြောစရာတွေက တောင်လိုပုံလို့
ပြောမကုန်ဘူး ... သစ္စာဦးရယ်
တန်ဖိုးမထားတတ်တဲ့ ငါ
နင့်ရင်ဘတ်ကို ဖြတ်နင်းဖူးမှ
(ကိုယ့်ကိုယ်ကိုယ်) နာကျင်လိုက်ရတာ
အခုထိ ခံစားရတုန်း

ထားလိုက်ပါတော့
ငါ့ရဲ့ ကဗျာလေးရယ် ....
စကားတင်းတွေ ငါမဆိုတော့ဘူး
ခွင့်လွှတ်မှုနဲ့ နားလည်မှုမှာ
ငါတို့ ကမ္ဗည်းတင်ပြီးကြပြီပဲ
ရာဟုအချင်းချင်း တောကိုဝင်ဖို့
လမ်းတွေကို ရှာဖွေရင်း
ဟော့ဒီမှာ ငါ့လက်တစ်ဖက်
ခိုင်ခိုင်တွဲခဲ့
ဟိုးက မိုးကုတ်စက်ဝိုင်းဆိုတာ
ငါတို့အတွက် နီးနီးလေးပဲ
ကဲ......
.............
လျှောက်လိုက်ကြစို့ .......။ ။


ဇော်။

Sunday, September 4, 2011

ရှင်ကွဲ ...။

ကဗျာတွေကို မြတ်နိုးမိလို့တဲ့
ကျနော့်ကို ထားသွားတဲ့သူ
ဟော့ဒီ ကမ္ဘာကြီးမှာ
ရှိခဲ့ဖူးပါတယ် မေမေ
အညတရနဲ့ သမားရိုးကျ
ကျနော့်ညတွေမှာ
ပိုးစုန်းကြူးတွေတောင်
မပျော်မြူးကြတော့ဘူး ...။

ငြိမ်သက်နေတဲ့ ရနံ့တွေနဲ့
ယဉ်ပါးလွန်းတဲ့ ကျနော့်ကို
မနူးညံ့ဘူးရယ်လို့
စကားတင်းတွေလည်း
သူဆိုခဲ့ဖူးပါတယ် မေမေ
အပြင်မှာ နှင်းတွေ မဝေသေးပေမယ့်
ကျနော့်ရင်မှာ ဆောင်းတွေကတော့
တစ်ပွင့်ချင်း လွင့်ကြွေခဲ့ပေါ့ ...။

မချွဲနွဲ့တတ်ခဲ့ပါဘူး
မသိမ်မွေ့ခဲ့မိပါဘူး
ချစ်တင်းတွေလည်း နားမလည်ခဲ့ဘူး
ရယူချင်တာကလွဲလို့
ကျနော်ဟာ အရိုးသားဆုံး ဖြစ်ခဲ့ပါတယ် မေမေ ...။
ခံစားလို့ မရဘူးဆိုတဲ့
ပြင်းရှရှလေတိုးသံတွေက
ကျနော့်ကို သွေးလန့်စေခဲ့ ...။

မေမေရယ်
နောက်ဆုံးတော့လဲလေ
တောင်းပန်ပါတယ်ဆိုတဲ့
စကားပန်းတွေ ပွင့်ဝေရင်းက
သူ ကျနော့်ကို
(အပြီးအပိုင်)
ထားသွားခဲ့တာ ...။ ။

ဇော်။

Wednesday, August 31, 2011

မြေကြီးစကား ...။


ဝေးရပြီပဲကွယ်
မပြောဖြစ်ခဲ့တဲ့ စကားလုံးတွေနဲ့
ဒီတံခါးကို စေ့ပိတ်လိုက်ပါ့မယ်
မတွေ့ရတော့ပေမယ့်
သတိတရ ရှိချင်တယ်။

မခူးတော့ပါဘူးလေ
အပင်မှာပဲ တင့်ပါစေ
အဲ့ဒီ ပန်းကလေး
ကျနော် ... လေထဲကပဲ ရနံ့တွေကို ပိုက်ထွေးမိတယ်
ကံကြမ္မာရယ် ...
ပန်းကလေးက မျက်နှာလွှဲ
ကျနော့်အတွက်မှ မဟုတ်ဘဲ .... တဲ့။

မစိမ်းကားပါးနဲ့ကွယ်
ဝေးရမှာကို စိုးပါတယ်
ခယ၀ပ်တွား
သိပ်ချစ်ကြောင်းကို စကားတွေ အကြိမ်ကြိမ်ပါးပေမယ့်
ကံကြမ္မာရယ် ...
သူ ... ကျနော့်ကို ထားသွားတယ်။

အစကတည်းက အဖြေကြိုသိနေတဲ့
အဖြစ်အပျက်တွေအတွက်
ကျနော် ထူးပြီး ၀မ်းမနည်းတော့ဘူး
တစ်ချိန်ချိန်ပေါ့
တောင်လေလာလို့ ကျနော့်ပန်းကလေး
အပွင့်တွေဝေရင်
ရင်တစ်ခုလုံးကို ဖြန့်ခင်းပေးမယ်။

ရပါတယ်
ထားခဲ့ရက်လဲ
သတိရတိုင်း ကောင်းကင်ကြီးကို မော့ကြည့်မယ်
ဟော ... ဟိုးမှာ
သူ ရှိတယ်။


ဇော်။






Sunday, August 21, 2011

ကျနော်ကိုယ်တိုင် ဆွဲထုတ်မိသော အပိုင်းအစများ



နိဒါန်း ၁

တန်မြန်မနေ့က ကိုကျော်စွာဟိန်းဆီမှာ ဦးသုမောင်ရေးတဲ့ သုခသုမောင်စာပေတိုက်ပွဲဆိုတဲ့ ရသစာပေငယ်တစ်ခုကို ကျနော် ဖတ်ခွင့်ရလိုက်တော့ ရင်ထဲမှာ ပြောမပြတတ်အောင် ဖြစ်မိရပါတယ်။ ဆရာကြီး ဦးသုခရဲ့ ပညာရှိဆန်ပြီး ရိုးသားတဲ့ ဟန်ပန်တွေနဲ့ ဆရာဦးသုမောင်ရဲ့ ရိုးသားတဲ့ နောင်တ။

ဖတ်ရင်းနဲ့ ရင်တစ်ခုလုံးလှိုက်ခနဲဖြစ်ရတဲ့ ခံစားချက်ပါ။ ဖတ်ခွင့်ရတာ သိပ်ကောင်းပါတယ်။ တစ်လက်စတည်း ကျနော့်ရဲ့ အတိတ်ပုံရိပ်တွေကို ကျနော်ပြန်မြင်ခဲ့မိတယ်။ ကျနော်လဲ လူထဲကလူပဲ ဖြစ်ခဲ့ပါတယ်။

အမှားနဲ့မကင်းတဲ့ လူတွေထဲမှာ အမှားအများဆုံးလူတွေကို ရွေးထုတ်ရမယ်ဆိုရင် ကျနော်က ထိပ်ဆုံးတန်းကို ၀င်နိုင်လောက်မယ်ထင်ပါတယ်။ ဆရာဦးသုမောင် ပြောခဲ့သလိုပါပဲ။ လူငယ်တစ်ယောက်ရဲ့ ငယ်ဂုဏ်မောက်နေမှုရယ်၊ ၀င်ငွေကောင်းနေမှုရယ်၊ အလုပ်ကောင်းနေမှုရယ်၊ ရနေတဲ့အခွင့်အရေးတွေ ကောင်းနေမှုရယ်ကြောင့် ငါမှန်ရင်ပြီးရော ... ဘယ်သူမှ ဂရုမစိုက်ဘူးကွာဆိုတဲ့ ဖြစ်ရပ်တွေက ကျနော့်ရဲ့ အတိတ်လမ်းမတလျှောက်မှာ ဒုနဲ့ဒေးပါ။ နောက်ကို ပြန်ပြန်ကြည့်တိုင်း နောင်မှပဲတ, တ မိနေတဲ့ နောင်တတွေက မိုင်တိုင်တွေကို ရာနဲ့ချီပြီး စိုက်ထူလို့တောင် နေပါပြီ။ အခုထိလဲ နောင်တနဲ့ ကျနော်နဲ့ ပလဲနံပ သင့်နေဆဲပါပဲ။

အဲ့ဒီနောင်တတွေနဲ့ လုံးလည်ချာလည်လိုက်နေခဲ့ရင်းက ဆရာဦးသုမောင်လို မေ့မရနိုင်တော့မယ့် စကားခွန်းကြီးခွန်းငယ်တွေ ကျနော့်မှာလည်း ရှိခဲ့ဖူးပါတယ်။ ကျနော်မှ မဟုတ်ပါဘူးလေ။ လူတိုင်းမှာ ရှိနေကြမှာပါ။ အမှတ်တရဆိုတာ လူတိုင်းနဲ့ သက်ဆိုင်တဲ့ ပင်လယ်တစ်ခုပါ။ မရှိမဖြစ် လိုအပ်ပါတယ်။

အပိုင်း (က)

ကျနော့်ရဲ့အနေအထိုင်မတတ်ခဲ့မှုတွေအကြောင်း တစေ့တစောင်းကို စကားစပ်မိရင်း သူငယ်ချင်း ကြည်သာမောင် (ကဗျာဆရာ ကြည်သက်ဟန်) ကို ဖွင့်ပြောခဲ့မိတုန်းက ကြည်သာပြန်ပြောခဲ့တဲ့ စကားလေးတစ်ခွန်း ရှိပါတယ်။

" အရှိကို အရှိအတိုင်းနေပါ မိဇော်ရယ်။ အဲ့ဒီလိုနေတာကိုက အဓိပါယ်ရှိနေတာ " တဲ့။

အဲ့ဒီ စကားလေးတစ်ခွန်းဟာ ကျနော့်ရင်ထဲကို အကြိမ်ကြိမ်ဖြတ်စီးနေခဲ့တာ စကြားကတည်းကပါ။ သူက ရိုးရိုးလေး ပြောခဲ့တာပါပဲ။ ဒါပေမယ့် ကျနော့်အတွက်တော့ ပြည့်ဝတဲ့ စကားတစ်ခွန်းဖြစ်ခဲ့ပါတယ်။

အပိုင်း (ခ)

ကျနော်က နဂိုကတည်းက စာပေနဲ့ပတ်သတ်ရင် ၀ါသနာက ပေါ့သေးသေးမဟုတ်ပါဘူး။ လေးကြီးကြီးပါ။ စာတွေကို ကမူးရှူးထိုး ၀ါးစားမတတ် ဖတ်တတ်တဲ့သူတွေထဲ ကျနော်လဲ ပါမယ်ထင်ပါတယ်။ စာအုပ်တွေ ကဗျာတွေ ဖတ်ပါများလာတော့ စာဖတ်များတဲ့သူတို့ ထုံးစံအတိုင်း ကျနော်လဲ ဘောပင်လေးတစ်ကိုင်ကိုင်နဲ့ ပေါက်တတ်ကရလေးတွေ ရေးမိတော့တာပါပဲ။ တကယ်တော့ ကျနော်ရေးခဲ့သမျှ စာတွေ ကဗျာတွေဆိုတာ အခုခေတ် ကိုးတန်း ဆယ်တန်း ကလေးတွေ စိတ်ကစားတတ်ခါစ ဗလာစာအုပ်နောက်ကျောဘက်မှာ ရေးကြတဲ့ အချစ်ကဗျာတွေ စာသားတွေရဲ့ အဆင့်အတန်းနဲ့မှ တန်းတူ ငယ်ပေါင်းကြီးဖော်ရယ်ပါ။
ဒါပေမယ့် ကျနော်က ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့မကြည့်ပါဘဲ သူများရဲ့ ရင်ဘတ်ဟကြားကို လက်ညှိုးအခေါက်ခေါက်အခါခါ ထိုးခဲ့မိဖူးပါတယ်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ သံသရာလည်း အကြိမ်ကြိမ်လည်ခဲ့ဖူးပါတယ်။

တစ်နေ့တော့ သူငယ်ချင်း ဟိန်းလတ်ဇော် (သူလဲ ကဗျာဆရာပါပဲ) နဲ့ စကားပြောခွင့်ကြုံရတဲ့အခါ ကျနော်ကလည်း လတ်တလော စိတ်တိုစရာ ကိစ္စတွေရှိထားခဲ့တော့ သူ့ကို ဒေါသတကြီးနဲ့ ရင်ဖွင့်မိပါတယ်။ ဟိန်းလတ်က ကျနော်ပြောသမျှ အစအဆုံး အေးအေးဆေးဆေး နားထောင်ပြီးမှ တစ်ခွန်းတည်းပဲ ကျနော့်ကို ပြန်ပြောခဲ့ပါတယ်။

" မိဇော် ... ကဗျာရေးတဲ့သူက လူမိုက်ဖြစ်ရတယ်လို့ .... "

သူက အေးအေးဆေးဆေး တစ်ခွန်းတည်းပြောအပြီးမှာ ကျနော်လည်း ဆွံ့အငြိမ်သက်သွားမိရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ရှက်ရွံ့သိမ်ငယ်ခြင်းကြီးစွာနဲ့ ကျနော် နင့်နင့်သီးသီး နာကျင်ခဲ့ရတယ်။

လောကမှာ ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်းပြန်သိရတာဟာ တကယ်ကို လက်ခံရခက်ခဲတဲ့ ကိစ္စတစ်ခုပါလို့ ဆရာတော် ဦးဇောတိက ပြောတာလေး ကျနော် သတိရလိုက်မိပါတယ်။ ကျနော် တကယ်ပဲ လူမိုက်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။

အပိုင်း (ဂ)

ကျနော်က စာသိပ်ရေးချင်တဲ့သူဆိုတော့ ကျနော်ရေးသမျှစာတွေကိုလည်း သူများကို သိပ်ဖတ်စေချင်ခဲ့ဖူးပါတယ်။ မျှော်လင့်ချက်ကြီးတစ်ခုလို ဘယ်သူများဖတ်လိမ့်မလဲဆိုတဲ့ ခံစားချက်နဲ့ ကျနော် ရေနစ်သူ ကောက်ရိုးဆွဲသလို ဖြစ်ခဲ့ရဖူးတာပါ။ ဆိုခဲ့ဖူးသလိုပါပဲ။ ကျနော့်ရဲ့ စာရေးခြင်းအတတ်ပညာက အထက်တန်းကျောင်းသူအဆင့်လောက်ပဲ ရှိလေတော့ မရေးရင်ကောင်းမယ်ဆိုတဲ့ ဝေဖန်ခြင်းကိုတောင် ကျနော် ခံခဲ့ရဖူးပါတယ်။ ကျနော် ရှုက်ကြီးတငင် ငိုခဲ့ရတဲ့ နေ့တစ်နေ့ပါပဲ။

ကျနော်ငိုနေတဲ့အချိန်မှာ တိုက်ဆိုင်စွာ မူလတန်းတုန်းကတည်းက တစ်တန်းတည်းတက်ခဲ့တဲ့ သူငယ်ချင်း စိုးထွန်းနောင် (ကဗျာဆရာ လင်းစက်ရာ) ကို ကျနော်တွေ့လိုက်ရတယ်။ နောင်နောင်က ကျနော်ငိုနေတာကို မသိပေမယ့် ကျနော်ပြောသမျှကို နားထောင်ပေးရှာတယ်။ ကျနော်ကလဲ နားထောင်ပေးမယ့်သူ ရှိနေတော့ အားရပါးရ၀မ်းနည်းပက်လက်နဲ့ ပြောပေါ့။ အဲ့လိုပြောနေရင်းက နောင်နောင်က ကျနော့်ကို ရယ်တယ်။ ပြီးတော့ သူ ပြောခဲ့တယ်။

" လတ်လတ် .. သူငယ်ချင်း ... ငါလဲ ကဗျာတွေ ရေးနေတာ နင်သိပါတယ်။ ငါ ကဗျာတွေ ရေးတယ်။ ပြီးတော့ နင်တို့ဆီ ပို့ပေးတယ်။ ရေးရမှာ ငါ့အလုပ်ပဲ။ ဖတ်တာမဖတ်တာ နင်တို့အပိုင်းပဲ။ ငါရေးချင်စိတ်ရှိလို့ ကဗျာတစ်ပုဒ်ကို ချရေးလိုက်တယ်။ ရေးပြီးရင် ငါ့အတွက်က ပြီးသွားပြီ။ အဲ့ဒီရဲ့ နောက်ပိုင်းက ကိစ္စတွေကို ငါမသိတော့ဘူး။ သိလဲ မသိချင်တော့ဘူး။ ငါလုပ်ရမယ့်ကိစ္စ ငါပြီးသွားပြီလေ။ "

အဲ့ဒီကတည်းက ကျနော် မငိုတော့ဘူး။ ပြီးတော့ ကျနော်ရေးတယ်။ ရေးတတ်သလိုရေးတယ်။ ပြီးတော့ လူကြားထဲ ချပြတယ်။ ဖတ်ချင်သူက ဖတ်ပြီး မဖတ်ချင်သူက မဖတ်ဘဲ နေပါလိမ့်မယ်။ အဲ့ဒီအတွက် ကျနော် မမျှော်လင့်တော့ပါဘူး။ အပြစ်လဲ မတင်ခဲ့မိတော့ဘူး။

ကျနော့်ရဲ့ ၀ါသနာအရ ကျနော်စာရေးပြီး ၀ါသနာအရပဲ ကျနော် လူကြားထဲ မျက်နှာပြောင်စွာ ချပြနေဦးမှာပါပဲ။ ဒါပေမယ့် နောင်နောင့်စကားလေးကတော့ အမြဲတမ်း ကျနော့်အနီးမှာ လွင့်ဝဲလျှက် ရှိနေခဲ့ပါတယ်။

အပိုင်း ( ဃ )

ကျနော့်မှာ ကျနော်သိပ်ကို ချစ်ခင်ရတဲ့ ညီငယ်လေးတစ်ယောက် ရှိပါတယ်။ သူ့နာမည်က နေဖြိုးပိုင် ( ကဗျာဆရာ နေပိုင်) ပါ။ ကျနော်ကတော့ ညီနေပိုင်လို့ပဲ ခေါ်ပါတယ်။ ညီနေပိုင် ရန်ကုန်ကို ခွင့်ပြန်ရတော့ သူ ရဟန်းခံပါတယ်။ ကျနော်ဖုန်းဆက်ချင်ခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် သူလူထွက်ဖို့ တစ်ရက်အလို ညမှပဲ ကျနော်တို့ ဖုန်းပြောကြရပါတော့တယ်။ ကျနော်က ညီနေပိုင်ကို ....

" ဘုန်းဘုန်းကို တပည့်တော် ဖုန်းထဲကနေပဲ ကန်တော့လိုက်ပါတယ်ဘုရား "

" အင်းအင်း၊ ဟုတ်ပါပြီ ဒကာမကြီး "

" ဘုန်းဘုန်း ... တပည့်တော် ကန်တော့ပြီးပြီးဆိုတော့ ဆုပေးဦးလေဘုရား "

" ဘုန်းဘုန်း ဆုမပေးတတ်ဘူး ဒကာမကြီး "

" ဘုန်းဘုန်းကလဲ ... ဆုပေးပါဘုရား "

" ဒကာမကြီး ... ဒီနေ့ ဘုန်းဘုန်း အသုဘလိုက်ပို့ဖြစ်ခဲ့တယ်.. လောကမှာ ၀ဋ်ဆိုတာ တကယ်လည်တယ် ဒကာမကြီး... ဘုန်းဘုန်းရေးခဲ့ဖူးတဲ့ ကဗျာထဲကလိုပါပဲ.. ငါမွေးတုန်းက ပျော်နေရယ်နေသူတွေကြား ငါတစ်ယောက်တည်း ငိုရတယ်... ခု ငါသေတော့ ငိုနေသူတွေကြား ငါတစ်ယောက်တည်း ပြုံးနေရတယ်... အဲ့ဒါကြောင့် ၀ဋ်ဆိုတာ တကယ်ပဲ လည်တယ်ဆိုတာ သိလိုက်ရတယ်... ဒကာမကြီး .. စိတ်ကောင်းနှလုံးကောင်းထားပါ.. အစမှာရော .. အလယ်မှာရော .. အဆုံးမှာပါ စိတ်ကောင်းထားပါ ... အဲ့ဒီလို စိတ်ကောင်းထားတဲ့သူ ဖြစ်ပါစေလို့ ဘုန်းဘုန်း ဆုပေးလိုက်မယ် "

အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက် စကားသံတို့အဆုံးမှာ ကျနော့်ရင်ထဲ ငြိမ်းချမ်းအေးမြခြင်းတွေ အစုလိုက်အပြုံလိုက် ၀င်တိုးကြတယ်။ တည်ငြိမ်ခြင်း၊ ငြိမ်သက်ခြင်း၊ အေးမြခြင်း ... အဲ့ဒါတွေကသာ ကိုယ့်ရဲ့ ပျော်ရွှင်မှုအစစ်ဖြစ်တယ်ဆိုတာ အသက်ရှူမိလေတိုင်း ကျနော် ပိုပိုသိလာနေရတယ်။

ဘ၀ဆိုတာ ....... ဘာလဲ။

အပိုင်း ( င )

ကျနော် တက္ကသိုလ်တက်နေတုန်းက ကျနော့်ညီငယ်လေးတွေကို အိမ်မှာ စာခေါ်ပြပေးဖူးပါတယ်။ ညီငယ်လေးတွေဆိုပေမယ့် ကျနော့်ထက် တစ်နှစ်ပဲငယ်ကြတဲ့ ကျနော့်ရဲ့ တစ်ဝမ်းတည်းကွဲတဲ့ ညီ မျောက်လောင်းလေးတွေပါ။ တကယ်ဆို သူတို့က ကျနော့်ထက် စာပိုတော်ကြတဲ့ ဂျီတီစီ ကျောင်းသားတွေပါ။ ဒါပေမယ့် ကျနော့်ဆီမှာ အင်္ဂလိပ်စာဘာသာရပ်ကို လာသင်ကြပါတယ်။ သူတို့က ကျနော့်ကို အတော်လေး ခင်တွယ်ကြသလို ကျနော်ကလဲ ချစ်ပါတယ်။
တစ်နေ့တော့ သူတို့ကို စာသင်ပေးရတဲ့ စာသင်ချိန်အပြီး အဲ့ဒီ အုပ်စုထဲက ကျနော့်ညီကလေး ဘိုဘိုနဲ့ ကျနော် လမ်းထိပ်ကို အမေခိုင်းလို့ သွားကြရပါတယ်။ လမ်းထိပ်ဆိုပေမယ့် ဘတ်စ်ကား၂မှတ်တိုင်ကျော်ကျော်လောက်ဝေးတာမို့ စကားတပြောပြောနဲ့ သွားရပါတယ်။ လမ်းမှာ အတွေးတွေအကြောင်း အိပ်မက်တွေအကြောင်းနဲ့ တရားသဘောတွေအကြောင်း ပြောဖြစ်ကြတော့ ဘိုဘိုက ကျနော့်ကို ပြောခဲ့ပါတယ်။

" မဇော် ... စကားမပြောတော့တဲ့အချိန်၊ တစ်ယောက်တည်း ဖြစ်နေတဲ့အချိန်တွေမှာ စိတ်ထဲကနေ ဘုရားဂုဏ်တော်ကိုးပါးကို အနက်အဓိပါယ်နဲ့အတူ ရွတ်နေကြည့်ပါ... သိပ်မတွေးဖြစ်တော့ဘူး ... ကျနော်လဲ အဲ့လိုပဲ လုပ်ဖြစ်တယ်... "

" မဇော် မြန်မာလို မရဘူးရယ် ... "

" ကျနော် ရေးပေးမယ် ... "

လမ်းသွားနေရင်းနဲ့ သူတကယ်ပဲ ကျနော့်ကို ရေးပေးပါတယ်။ လမ်းသွားရင်းနဲ့ပဲ ကျနော့်ကို တစ်ထိုင်တည်း အလွတ်ရအောင် ကျက်ခိုင်းပါတယ်။ ဘိုဘိုက ညီတွေအားလုံးထဲမှာတော့ အလိမ္မာဆုံးနဲ့ ကျနော် အချစ်ဆုံး ညီကလေးပါ။
အဲ့ဒီအချိန်ကစပြီး သတိရတိုင်း ကျနော် လုပ်ဖြစ်ခဲ့ပါတော့တယ်။

နိဒါန်း ၂

ကျနော့်ဘ၀မှာ အဲ့ဒီလို အမှတ်တမဲ့စကားလေးတွေကြောင့် ပြောင်းလဲခဲ့ရတာတွေ အတော်များများရှိခဲ့ဖူးပါပြီ။ စကားလေးတစ်ခွန်း၊ စာလေးတစ်ကြောင်းကအစ ကျနော်ချစ်မြတ်နိုးတတ်လာအောင် ကျနော့်ပတ်ဝန်းကျင်ကပဲ ကျနော့်ကို သင်ပေးခဲ့တာပါ။ အဲ့ဒီ ပတ်ဝန်းကျင်ကြောင့်ပဲ ကျနော် ထေရ၀ါဒကောင်းတစ်ယောက်၊ စာပေကို မြတ်နိုးသူတစ်ယောက် ဖြစ်ခဲ့ရပါတယ်။

ညီနေပိုင်ရဲ့ ကဗျာလေးလိုပါပဲ။

" ငါမွေးတုန်းက ပျော်နေသူတွေကြား
ငါတစ်ယောက်တည်း ငိုတယ်။
တစ်နေ့ ငိုနေသူတွေကြား
ငါတစ်ယောက်တည်း ပြုံးပြရဦးမယ် " ..... တဲ့။

ကဗျာလေးကို ပြန်ဖတ်ရင်း စိတ်ထဲကနေ အသာဖွဖွ ရွတ်ဆိုလိုက်မိပါတယ်။

" မဟာကရုဏာတော်ကြောင့် အလွန်တရာ ကြည်လင်အေးချမ်းလှစွာသော မြတ်စွာဘုရား "
" မဟာကရုဏာတော်ကြောင့် အလွန်တရာ ကြည်လင်အေးချမ်းလှစွာသော မြတ်စွာဘုရား "
" မဟာကရုဏာတော်ကြောင့် အလွန်တရာ ကြည်လင်အေးချမ်းလှစွာသော မြတ်စွာဘုရား "




ဇော်။



Saturday, August 6, 2011

ရေခဲမြစ်တစ်စင်းရဲ့ ......................။

ဟိုတုန်းက မြတ်နိုးခဲ့တဲ့ ငြိမ်သက်ခြင်းတွေ အခု မနူးညံ့ကြတော့ဘူး
အုတ်အော်သောင်းနင်း ၀ဋ်လည်ခြင်းတွေကြား ကိုယ်ချင်းစာတရားက ကျနော့်ပါးကို ဖြတ်ရိုက်သွားတယ်
" အခုမှ သက်ပြင်းမချနဲ့ ... " တဲ့။

တွေ့ကြတော့လဲ အေးစက်စက်တေးသွားတွေက သူနဲ့ ကျနော့်ကြားမှာ မြူးတူးကခုန်
ကျောချင်းကပ် နီးနေရတာမျိုးဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်ပဲ မြေကြီးပေါ် ပြားနေအောင်ဖြန့်ခင်း
ကောင်းကင်ကြီးကို လွတ်လွတ်လပ်လပ် မော့ကြည့်ပစ်မယ်

အရင်းနှီးဆုံးလို့ ခေါင်းစဉ်တပ်ပြီး မေးထူးခေါ်ပြောဆက်ဆံခံရတိုင်း ရင်ဘတ်တစ်ခုလုံး ရစ်ရစ်ပြီးနာတယ်
လေထဲမှာ သူစိမ်းနံ့တွေရရင် ကျနော် အသက်မရှူချင်တော့ဘူး

ခါးသက်သက်စကားလုံးတွေ ထည့်ဖျော်ထားတဲ့ ကော်ဖီတစ်ခွက်နဲ့
ကိုယ့်ကိုယ်ကိုယ် သတိမရတဲ့ စစ်ရှုံးသမားက ....... ကျနော်
သွေးစိမ်းရှင်ရှင်ကျနေတာတောင် မျှော်လင့်ချက်တွေ မီးစုန်းတောက်ကြတုန်း

ထားပါလေ
ပြီးတာတွေလဲ ပြီးပါစေပေါ့
ဘုရားလဲ နားငြီးလောက်ပြီ
ဘောပင်လေးလဲ မျက်နှာငယ်ပြီ
စာရွက်တွေလဲ ကွက်လပ်မကျန်တော့ဘူး
အပ်ကြောင်းထပ် အက္ခရာတွေအစား ကျနော် .... မီးကို မှုတ်ငြိမ်းလိုက်ပါမယ်

အကို
..........................
မြက်ပင်လေးက ပြောတယ်
သူ့မှာလဲ အသက်ရှိတယ် ..... တဲ့။


ဇော်။

Friday, August 5, 2011

လေရူးထဲ … တစ်တောလုံး … ကြွေ...။ အလင်းထဲ … ပန်းရနံ့တွေ … ကြွေ…။

( I )

" ပူညံ ပူညံ မလုပ်ပါနဲ့ကွာ.... နားပူတယ်။ "

အဝေးက အော်မြည်သံတွေ ကျနော် ကြားနေရတယ်။ လေတိုက်သံလား၊ တောလားခေါ်သံလား။ သေချာ မသဲကွဲပေမယ့် လေထုဟာ ခုနကထက် ပိုပူလာတယ်။ ငေးမိငေးရာ ငေးနေမိတဲ့ ကောင်းကင်ကဗ္ဗလာမှာ ကြယ်တွေက မှိတ်တုတ်မှိတ်တုတ်နဲ့ အလင်းတောက်စားပြနေကြ။
ယောင်ရမ်းမှိတ်လိုက်မိတဲ့ မျက်ဝန်းအစုံအောက် ရင်ဘတ်တစ်ခုလုံး အပြိုင်းအရိုင်း ... ကြွေ..။

" အကို ... အကို့ကို လူတစ်ယောက်က သိပ်ချစ်နေခဲ့ရင် အကို ဘယ်လို ခံစားရမလဲဗျာ ... "
" ပျော်တာပေါ့ကွာ ... ဒါပေမယ့် စိတ်ကျဉ်းကျပ်တယ် ... "

လွတ်လပ်စွာ လွင့်ဝဲနေတဲ့ သစ်ရွက်တစ်ရွက်ကို ကျနော်က ကြိုးတစ်ချောင်းနဲ့ ချည်ဖို့ ကြိုးစားခဲ့မိတာ။
ကောင်းကင်ရဲ့ တစ်ဘက်ခြမ်းမှာ မိုးရွာနေပေမယ့် အခြားတစ်ဘက်ခြမ်းမှာ နေခြစ်ခြစ်တောက် ပူရင် ပူနေမှာပေါ့။
သိပ်ချစ်မိရင် နာကျင်ရတာ ရိုးရာတစ်ခုဆို .............
ခြောက်သွေ့အက်ကွဲ ကန္တာရထဲပေါက်တဲ့ စွန်ပလွန်ပင်လို ချိုရဲရဲနဲ့ ရိုးတံကျဲတယ်။
( ကိုယ့်အယူအဆအရ ပြောရရင် ) အချစ်ဆိုတာ မမြင်ရတဲ့ နွံအိုင်တစ်ခုလို... ခြေချော်ပြီး ပြုတ်ကျမိပြီဆိုတာနဲ့ လှုပ်လေ မြုပ်လေ။

သက်ပြင်းပဲ ရှိုက်လိုက်မိသလား။ အသက်ရှူပဲ ပြင်းသွားတာလား။ အယောင်ယောင်အမှားမှားနဲ့ ကျနော်ခေါင်းမော့မိတော့ ဘာမှ မမြင်ရတဲ့ ကောင်းကင်ကြီးက ဘာမှမရှိတဲ့ ကျနော့်ကို ထွေးပွေ့ဖို့ ဟန်ရေးတကြွကြွ။
ရုတ်တရက် ကျနော့်မျက်ဝန်းမှာ ကြယ်တစ်ပွင့် ဝေ့ကနဲ လွင့်ကြွေ။

" ချိုချိုသာသာ အေးအေးဆေးဆေးပြောမှပေါ့။ စကားပြောတယ်ဆိုတာ သူများနားဝင်အောင် အေးအေးဆေးဆေးနဲ့ အသံပုံမှန်နဲ့ တည်တည်ငြိမ်ငြိမ် ပြောနိုင်ရင် အကောင်းဆုံးပဲတဲ့ .. သိလား။ ကိုယ့်ချစ်သူက အေးအေးသက်သာနဲ့ ပြောတာလေးကို နားထောင်ချင်တာပေါ့ "

အလန့်လန့်အဖြန့်ဖြန့်နဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်လိုက်မိတယ်။ ကျနော့်ရင်ဘတ်က အသည်းနှလုံးတစ်ခြမ်း၊ သူတစ်ခြမ်းနဲ့ အလင်းမဲ့ဇုန်တစ်ခုလို။

" သိပ်ချစ်ရပါတယ် "
ခပ်ဖွဖွ ရေရွတ်သံမှာတင် ကျနော့်မီးအိမ် ဟုတ်ခနဲ ... ငြိမ်း ...။
တကယ်ဆို သူဟာ မိုးပျံပူပေါင်းတစ်လုံးပါ။ ကျနော်ကသာ သူပျံမှာကို စိုးရွံ့စွာ အပ်ချည်ကြိုးမျှင် ... တန်းမိခဲ့လျှက်။
( သွားပါကွယ်။ ကျနော် ကြိုးဖြေပေးလိုက်တယ်....။
ထိန်းထားတဲ့ကြားက လက်တွေတောင် တုန်လို့။ )

( II )

မီးလောင်ရင် ရေနဲ့ ငြိမ်းရတယ်ဆိုတဲ့ နိယာမတစ်ခုကြောင့် ကျနော် ရေပန်းအောက် ၀င်ရပ်ခဲ့မိတယ်။

" မင်းအသိုင်းအ၀ိုင်းက လူတွေကို အကိုမှ စိတ်မ၀င်စားတာ။ မင်းက တစ်ခါလာလဲ ဒီအကြောင်း၊ တစ်ခါလာလဲ ဒီအကြောင်း ... အကိုက အဲ့လိုကြီးကျ ပျင်းတယ်။ မင်းအမျိုးတွေကို စိတ်မ၀င်စားဘူး။ သူတို့အတွေးအခေါ်တွေ ကောင်းရင်ကောင်းမယ်။ Talent ဖြစ်ရင်ဖြစ်မယ်။ အကိုတော့ စိတ်မ၀င်စားဘူး။ "

( မိန်းကလေးမဆန်တဲ့ ကျနော်က ကျနော့်အသိုင်းအ၀ိုင်းနဲ့ ကျနော့်အပေါင်းအသင်းတွေအကြောင်းကလွဲရင် ပြောစရာစကား မရှိခဲ့ဘူး။ ရပါတယ်။ ပြောစရာစကားမရှိလို့ မေးထူးခေါ်ပြောဆိုလဲ ကျနော် အဆင်ပြေပါတယ်။ ချစ်နေခွင့်ရရင်ကိုပဲ ကျနော် ကျေနပ်တတ်ခဲ့တယ်။ )

အေးစက်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့မိတဲ့ ရေစီးကြောင်းတွေက အငွေ့တထောင်းထောင်းထလို့ ပွက်ပွက်ဆူနေကြ ...။
နိယာမအတိုင်း မီးတော့ ငြိမ်းပါရဲ့။ ခေါင်းကနေ ခြေဖျားအထိ ကျဆင်းသွားတဲ့ ရေမှုန်တွေကြား ကျနော် ပျောက်ဆုံးသွားတယ်။
တဝေါဝေါကျနေတဲ့ ရေသံတွေကြားမှာ ကျနော် ဆွံ့ ____ အ။

ရေပန်းက ရေကျသလို ကျနော့်မျက်ဝန်းကလဲ ရေကျတယ်။ ရေပန်းကရေနဲ့ မျက်ဝန်းကရေ ... ရောပြီး ကျနော် ချိုးပစ်လိုက်တယ်။ သေချာပါတယ်။ ကျနော် မလန်းတော့ဘူး။

ကျနော်က တောင်တန်းတွေပေါ်ကနေ ပင်လယ်ဆီ ဖိနပ်မပါဘဲ ခြေထောက်ချည်းသက်သက် ခုန်ချခဲ့တဲ့ကောင်။
တစ်ကိုယ်ရည်ချလိုက်တဲ့ အခိုင်အမာဆုံးဖြတ်ချက်တွေက ရင်ထဲမှာ အုတ်အော်သောင်းနင်း။
(အခုဆို သူ့ရှေ့မှာ ကျနော် ဘုရားမရှိခိုးတော့ဘူး။ ကိုယ်ကိုယ်ကိုယ်လဲ နာမည်ထည့်မပြောတော့ဘူး။ )
နောင်တရဲ့ အစိုင်အခဲတွေ မီးကျီလို ရဲရဲနီနေကြ ။
(သိမ်ငယ်ရလွန်းပါတယ်။ အမှားတွေနဲ့ ဆင်ယင်ပြီး သူ့ရှေ့မှာ ခစားနေရတာကို ယူကြုံးမရ တွေးမိတိုင်း မွန်းကျပ်နေခဲ့။ )
လေပြည်ရယ် ... ငါလဲ မင်းလို ပြန်သန်းချင်တယ်... မိုးကုတ်စက်ဝိုင်းတွေဆီ။

( III )

ဒိုရေမီဖာဆိုလာတီပိုကို ကျနော် မရင်းနှီးပါဘူး။ အနုပညာကိုတော့ ရူးမူးတတ်ခဲ့တယ်။

" အကို လူတစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်ဖူးလား... "
" ချစ်ဖူးတယ် "

ကျနော့်မျက်နှာမှာ အပြုံးတစ်ပွင့် နှစ်နှစ်ခြိုက်ခြိုက် ဖူးပွင့်ခဲ့။
ဟာလာဟင်းလင်းဖြစ်နေတဲ့ နှလုံးသားကတော့ ( ခေါင်းငိုက်စိုက်ကျစွာ ) တီးတိုးဆိုတယ်။
နင် မဟုတ်ဘူး .... တဲ့။
( တကယ်ဆို ကျနော်က စိတ်ကူးတွေနဲ့ သေနေတဲ့ ပိတုန်းကောင်။ မထိုက်တန်မှန်းသိပေမယ့် သူ့အနားမှာ ၀ဲလည် ... အမှတ်မရှိ ငေးရီနေခဲ့မိ။ )

ဖြည်းလေးစွာ ခေါင်းခါရင်း နှလုံးသားဆီ အားပေးစကားပြောဖို့ ကြိုးစားမိတယ်။
အားမငယ်ပါနဲ့ကွာ။ စကားပုံတစ်ခုပေါ့။ သူချစ်လာအောင် မလုပ်နိုင်ပေမယ့် ကိုယ်ကတော့ ချစ်ခွင့် ရှိနေတာပါပဲ ...။

အလိုက်မသိတဲ့ကျနော်က အလိုက်မသိစွာ စကားတင်းဆိုဖို့ ကြိုးစားမိလေတိုင်း ကျနော့် မဉ္ဖူသကလေး မျက်နှာညိုတယ်။
ကျနော်က အလွဲပေါင်းများစွာနဲ့ မတည့်မတ်ခဲ့တဲ့ကောင်။
ကျနော်ညှိနေတဲ့ကြိုးက ကျနော့်ကို ပြန်ပြန်ညှိသွားတိုင်း ကျနော့်မှာ သံစုံမြည်ပြီး ဆူညံခဲ့ရ...။
အထိတ်ထိတ် အလန့်လန့်နဲ့ ကျီးလန့်စာစား ကျနော် အနေအထိုင်မတတ်ခဲ့လေသမျှ ကျနော့်နှလုံးသားက ကျနော့်ကို ပြန်ပြီး စိတ်ပျက်လက်ပျက် ဖြစ်လို့....။
တတ်နိုင်ပါဘူးလေ။
သူ ( ကျနော့်နှလုံးသား) က တစ်ချက်ကလေးမှ အငြိမ်မနေခဲ့ဘဲ။
သူသာငြိမ်နေခဲ့ရင် ကျနော်လဲ အသက်ရှူစရာ မလိုတော့ဘူးပေါ့ ....။
ခုတော့ .....။

( IV )

ကျနော်ဖတ်ခဲ့ဖူးတဲ့ စာသားလေးတစ်ခု သတိရမိတယ်...။

" ချစ်မိသူဆိုတာ စစ်အရှုံးဆုံးလူပါပဲ။ "


ဇော်။

Wednesday, August 3, 2011

ပစ္စခတ် အခြေအနေ

မှားပြီးရင်း မှားနေတဲ့
အမှားတစ်သက်စာတွေနဲ့
ကိုယ့်ဘာသာ ယက်ကန်ယက်ကန် ဖြစ်နေရ.....

ကျနော်လဲ လူပဲ
အပ်စူးရင်တောင် နာတတ်တယ်။

( ဖြစ်နိုင်မယ်ဆို )
ရှိသမျှခွန်အားကိုသုံး
အတောင်ကို အစွမ်းကုန်ဖွင့်
တောင်နံရံတွေ ၀င်ကျုံးချင်တယ်
ရင်ဘတ်တစ်ခုလုံး ရေခဲဖုံးနေလို့

အနားမလာပါနဲ့
(ကျေးဇူးပြုပြီး တံမြက်စည်းတစ်လက်သာပေးပါ)
နှလုံးသားတစ်ခုလုံး
လင်း___ ရှ___ အက်___ ကွဲ
အစိတ်စိတ်အမြွှာမြွာ ပျံ့ကြဲနေသမျှ
အရင်လှည်းကျင်းရဦးမယ်။

( ဘာပဲဖြစ်ဖြစ်ပါလေ )
ကျနော့်ကြောင့် လှုတ်ခတ်သွားတဲ့ တံခါးတစ်ချပ်အတွက်
ကိုယ့်ကိုယ်ကိုယ် ပုဆိန်လုပ်ပြီး
( နေမ၀င်ခင် )
တောခိုခဲ့ပါ့မယ်။ ။


ဇော်။

Sunday, July 31, 2011

အိပ်ဖန်စောင့်

၃နာရီ ၂၉မိနစ်...

သတိရခြင်းတွေဟာ ရထားဘူတာတွေလိုပဲ
လမ်းဘေးဝဲယာမှာ ငေါင်ငေါင်ကြီး ထိုင်နေကြ...
စိတ်နဲ့ မှန်းယောင်ကြည့်ရင်းက
သူ့ကို ပိုပြီး လွမ်းတတ်လာတယ်...

၃နာရီ ၃၀ မိနစ် ...

ကောင်းကင်တစ်ခုလုံး အလွမ်းတွေနဲ့ အုပ်မှိုင်း...
ချစ်သူရေ....
ငါဟာ အရိုင်းအစိုင်းကောင်ကွဲ့
မင်းအတွက် လေနီရိုင်းတွေ
အပြိုင်းအရိုင်း ခက်ထန်နေတယ်.....
လွမ်းလွန်းလို့ သေသွားတဲ့သစ်တစ်ပင်
ငါ့ရာသီမှာ မဖြစ်ချင်ခဲ့ဘူး....

၃နာရီ ၃၁ မိနစ် .....

ချစ်သူရေရရရရရရရရရရ .............

၃နာရီ ၃၂မိနစ် ...

ငါ့ရစ်သမ်တွေ ပိုတိုးလျတယ်...
သတိရခြင်း .. အလွမ်း... တမ်းတမှု... တစ်ဖြည်းဖြည်း ထုထည်ကြီးရင့်
ချစ်သူ ...
နင်မသိတဲ့ ငါ့ကောင်းကင်က
တစ်ခုတ်တရ မှောင်တယ်...။


ဇော်။

Friday, July 29, 2011

...... နဲ့ လွှမ်းခြုံထားသော ....

လင်းလက်ဖြာကျနေတဲ့

အလွမ်းရဲ့ ၀တ်မှုန်တွေအောက်

တစ်ပင်က တစ်ပင် လူးလားခေါက်တုံ့

စကားလုံးတွေနဲ့ မရစ်သိုင်းတတ်ခဲ့ပါဘူး

သတိရစိတ်ကတော့ နရီစည်းချက်တွေလို

စက္ကန့်သံတစ်ချက်တစ်ချက်မှာ

ဘယ်ဘက်ရင်အုံက သူ့အမည်နာမနဲ့သာ ခုန်လှုပ်တယ်

လစ်ဟာနေတဲ့ အတွေးတွေတိုင်း

ဦးတည်နေတာ တစ်ခုတည်း ...

မြင်မြင်သမျှ .... သူသာဖြစ်ရဲ့...

တိုးတိုးဖွဖွ ရွတ်ဆိုတတ်တဲ့ ခေါ်သံလေးတစ်ခု

ဝန်းကျင်မှာ သဲ့ညံ.....

ပစ္စုပန်ရေ...............

ငါဟာ မြေကြီးလိုကောင်

ရင်ဘတ်တစ်ခုလုံးပေါ် သူ့ခြေရာတွေ

အပ်ကြောင်းထပ်တယ်......။


ဇော်။

Tuesday, July 26, 2011

ဖြတ်တိုက်သွားတဲ့ .... နံနက်ခင်း

ကွန်ပြူတာကို စူးစူးစိုက်စိုက်ကြည့်နေခဲ့သော အကြည့်များ၊ စားပွဲပေါ်မှ စာရင်းစာအုပ်များနှင့် လုံးထွေးနေခဲ့ရသော အချိန်များ ကုန်ဆုံးသွားခဲ့ကြပြီ။ ပြောင်းလဲနေသော နာရီလက်တံများနှင့်အတူ နိုက်ဒျူတီလဲ ကုန်ဆုံးသွားခဲ့ပြီ။ ဖုန်းထဲဝင်လာသော ဟက်ပီးဘက်ဒေး နှုတ်ဆက်စာတစ်စောင်၏ အော်မြည်သံကြောင့် ဒီနေ့ ကျနော့်မွေးနေ့မှန်း သတိရမိသည်။
ကုန်ဆုံးသွားသော အချိန်တွေနှင့်အတူ ကျနော်လဲ တစ်စစ ကုန်ဆုံးနေခဲ့ပြီ။

ထိုင်နေရသည်မှာ ကြာလွန်းခဲ့၍ နာကျင်ကိုက်ခဲနေသော ခန္ဒာကိုယ်ကို တစ်ချက်အညောင်းဆန့်ရင်း ထိုင်ရာမှ ဖြည်းညင်းစွာ ကျနော် ထရပ်လိုက်သည်။ ကျနော်နှင့်အတူ ကျနော့် စိတ်အစဉ်သည်လဲ ထိုင်နေရာမှ ထရပ်ခဲ့ပါပြီ။ အာရုဏ်သည် နံနက်ခင်းကို သောင်းသောင်းဖျဖျ ကြိုဆိုရန် အားယူနေခဲ့သည်။

သိမ်းဆည်းစရာ ရှိသည်များ သိမ်းဆည်း၍ ကျနော် အိမ်ပြန်ရန်ပြင်ဆင်ချိန်၌ မောနင်းဒျူတီအတွက် လူများ တစ်ဖွဲဖွဲရောက်လာခဲ့ကြပြီ။ ဟက်ပီးဘက်ဒေး နှုတ်ဆက်သံ .. မောနင်းဟု အော်မြည်သံများသည် လက်ပံပင်ပေါ် ဇရက်ကျသည့်နှယ် ရုံးတစ်ခုလုံး ပြန့်ကျဲလျှက်။ တစ်စစီလိုက်ကောက်ရလျှင် အမှိုက်ကား တစ်စီးစာလောက် ရနိုင်မည်လားမသိ။ ကျနော် ပါးပါးလေး တွေးဖြစ်ခဲ့သေးသည်။ မွေးနေ့၏ နံနက်ခင်းသည် ဆူညံပွက်လောရိုက်နေသည်ကတော့ အမှန်။

ရုံးမှထွက်လာသော လမ်းတစ်လျှောက် ကျနော်ရင်ဆိုင်လာရသော မျက်နှာများသည် အလျှံမီးမီးထင်ဟပ်လျှက် ရှိကြသည်။ နွေရာသီ၏ အခိုးအငွေ့ တံလျှပ်များကို ထိုသူများ၏ မျက်နှာ ကြမ်းပြင်ပေါ်၌ ကျနော် မြင်တွေ့နေရသည်။ ကျနော်ရော ငြိမ်းချမ်းပါရဲ့လား။
ကိုယ့်ကိုယ်ကို တိုးတိုးဖွဖွ ကျနော်မေးမိတော့ လေပူတွေနှင့် အိုက်လှောင်ဆဲ။

ထိုင်ခုံနေရာတစ်ခုအတွက် စစ်ကြေငြာနေကြသောသူများကို ကျနော် မြင်ရသည်။ မလိုအပ်သော စကားအပိုများနှင့် မျက်နှာသစ်ကြသော သူများကိုလဲ ကျနော်မြင်ရသည်။ ဖြာကျလာသော နေရောင်ခြည်နှင့်အတူ " ငါ " ပေါင်းများစွာ ကျနော် မြင်နေရသည်။ ကျနော် သိမ်ငယ်လိုက်လေခြင်း။

မွေးနေ့မတိုင်ခင် နံနက်ခင်းတစ်ခုတွင် နံနက်စာစားရင် ( ကျနော့်လက်ထောက် ) အကိုကြီး ဂျွန် နှင့် ပြောခဲ့မိသော အကြောင်းအရာလေး ကျနော် အမှတ်ရမိသည်။ အရင်တုန်းကလဲ ကျနော်တို့ တစ်ရက်တွင် ၂၄နာရီ အပြည့်ရခဲ့သည်။ အခုလဲ ကျနော်တို့ ၂၄နာရီအပြည့်ရနေကြသည်။ ဘာ့ကြောင့် အခု ကျနော်တို့ အချိန်မရှိရသနည်း။ အရင်တုန်းကလဲ ကျနော်တို့ အစားအစာ၊ ရေ၊ အောက်ဆီဂျင် နှင့် အရှက်လုံရန် ရာသီဥတုနှင့် လိုက်လျောညီထွေသော အ၀တ်အစားများသာ လိုအပ်ခဲ့ကြသည်။ အခုလဲ အစားအစာ၊ ရေ၊ အောက်ဆီဂျင် နှင့် အရှက်လုံရန် ရာသီဥတုနှင့် လိုက်လျောညီထွေသော အ၀တ်အစားများ သာ လိုအပ်နေကြဆဲဖြစ်သည်။ ဘာ့ကြောင့်များ အဓိက မဟုတ်သော အကြောင်းအရာတွေ ကျနော်တို့ ပို၍ လိုချင်နေကြရပါသနည်း။
စဉ်းစားရင်း ကျနော် ထမင်း နင်သွားခဲ့ရဖူးပါသည်။ ကျနော်လဲ လိုအပ်တာထက် ပိုစားလိုက်မိ၍ပဲ ဖြစ်ရမည်။

နေသည် တစ်ဖြည်းဖြည်း နံနက်ခင်းကို ပို၍ အသက်ဝင်လာနေစေခဲ့သည်။ ကျနော်သည်လဲ တစ်ဖြည်းဖြည်း ရုပ်လုံးကြွလာခဲ့ပါပြီ။ ထို့အတူ အရေးအကြောင်းများလဲ ထင်ဟပ်လာခဲ့သည်။ ပြောင်းလဲနေသော သဘောသဘာဝကြီးထဲတွင် ကျနော်တစ်ယောက်တည်း ရပ်နေ၍ မရမည့်အတူတူ လမ်းလျှောက်ချင်သည်။ စိတ်အေးလက်အေးသာ လမ်းလျှောက်ချင်ပါသည်။ ဘယ်လောက်ကြာကြာ လျှောက်ရမည်လဲဆိုသည်ကို ကျနော် မစဉ်းစားချင်တော့ပါ။ လျှောက်နိုင်သလောက် ကျနော် စိတ်အေးလက်အေးသာ လျှောက်ချင်ပါသည်။

မွေးနေ့နံနက်ခင်း၌ မြင်မြင်သမျှ လူများကို ကျနော် လိုက်ကြည့်ဖြစ်ခဲ့သည်။ ကြည့်သောသူ မြင်၏ ဆိုသကဲ့သို့ ကျနော်လဲ ကြည့်သမျှ တွေ့ပါသည်။ ထိုသူများအားလုံး ဆီများဖြင့်သာ မျက်နှာများကို လိမ်းခြယ်၍ အလှဆင်ထားကြလေသည်။

နေမင်းသည် သူ၏ ထုံးတမ်းစဉ်လာအတိုင်းပင် ကောင်းကင် ထိုင်ခုံတွင် ထိုင်၍ လောက ပိတ်သားပြင်ကို ကြည့်ရှုနေခဲ့ပြီ။ ကျနော်သည်လဲ နေကြာတစ်ပွင့် ဖြစ်ချင်ခဲ့ပါသည်။


( ဇူလိုင်လ ၂၇ရက်နေ့တွင် ကျရောက်သော အကို (ဒေါက်တာ) ထက်အောင် ( ဧရာဝတီသား ဘလော့ပိုင်ရှင်) ငြိမ်းချမ်းပါစေ။)
ဇော်။

Thursday, July 21, 2011

ကျနော်နှင့် ...... ကျနော် (သို့မဟုတ် ) မိုင်တိုင်နံပါတ် ၂၄။

တိတ်ဆိတ်၍ ရေငွေ့ပျံနေသော အခန်းကျဉ်းလေး၏ ကုတင်တစ်လုံးပေါ်၌ ငြိမ်ငြိမ်သက်သက် ကျနော် ထိုင်နေခဲ့သည်။ ကျနော့်မျက်စိရှေ့တွင် ဖြူလွလွ နံရံတစ်ခု။ နံရံပေါ်တွင် ကပ်ထားခဲ့သော ဓါတ်ပုံတစ်ပုံ၌ ထင်ပေါ်နေသော ဖေဖေ ... မေမေ နှင့် သားငယ်တို့၏ အပြုံးများ...။
Blockquote
လေအေးပေးစက်မှ လွင့်ပျံလာသော အေးစက်စက် လေထု၏ ရိုက်ခတ်မှုအောက် တစ်ချောက်ချောက်မြည်နေသော နာရီသံမှ အပ ၀န်းကျင်သည် ပကတိ သုညံလျှက်...။
ဖြစ်တည်ခဲ့ပြီးသော အတိတ်၏ ခြေရာများ။
လျှောက်လှမ်းဆဲ ဖြစ်သော ရေပြင်ညီ။
မှုန်ပျပျ နံနက်ဖြန်။
စက်ဝိုင်းတစ်ခုလို လည်နေခဲ့သော အစနှင့် အဆုံး။

မေမေ .....။

ရင်ထဲမှ တီးတိုးရေရွတ်သံတစ်ခု နားထဲတွင် ဆူညံစွာ ပေါက်ကွဲတော့ ကျနော် အထိတ်တလန့်ဖြစ်ရသည်။
သြော်.... ကျနော်ဆိုသော သစ်တစ်ပင်သည် လေရူးတွင် ရော်ရွက်တွေနှင့် တလွင့်လွင့် လှုတ်ခတ်လျှက် ရှိခဲ့ပြီ။

ဝေ့၀ဲနေသော အတွေးများတွင် ဆုပ်ကိုင်ရခက်ခဲသော ဒဏ်ရာတစ်ခုစီရှိခဲ့သည်။
ကျနော်လုပ်ခဲ့သော အပိုကိစ္စများနှင့် ကျနော်ရှူခဲ့သော အပိုလေများ၊ ကျနော့်ကို ၀င်တိုက်သွားကြသော ခလုတ်များနှင့် ကျနော်က ၀င်တိုက်ခဲ့သော ခလုတ်များ။
အပြစ်မတင်ခဲ့ပါ။ သို့သော် အမာရွတ်တော့ ထင်ကျန်သည်။

မေမေ .... ရိုးသားဖို့ ကြုးစားရင်း မရိုးမသားနဲ့ အသက်ရှူနေရတာကိုက မွန်းကြပ်လွန်းလှပါတယ်ဗျာ....။

ရိုးသားခြင်းကို တစ်ခါ ငတ်မွတ်တိုင်း ကျနော့်ရှေ့တွင် မိုးခါးရေတစ်ပုလင်း အဆင်သင့် ရှိနေတတ်ခဲ့သည်။ အတွေးတွေကို သတ်ဖို့ ဓါးထက်ထက်တစ်လက် ကျနော်သွေးတိုင်း အတွေးတွေက ကျနော့်နယ်မြေတွင် အလံဖြူစိုက်၍ သိမ်းပိုက်ကြသည်။ တစ်စက္ကန့်ရှင်လိုက် တစ်စက္ကန့်သေလိုက်နဲ့ အမှတ်မရှိ ကျနော် မွေ့ပျော်သည်။ ကျနော်နှင့် ခပ်လှမ်းလှမ်းတွင် မရဏမင်းက ကျနော်၏ အလစ်အငိုက်ကို မုဆိုးချောင်း ချောင်းလျှက်။
ကိုယ့်ကိုယ်ကိုယ် သားကောင်လား မုဆိုးလားပင် ရေရေရာရာ မသိသော ကျနော်က
မေမေရယ်... သမီး ငယ်ပါသေးတယ် .... တဲ့
အရှက်မရှိ ပြောထွက်ခဲ့ဖူးသည်။

၂၄ နာရီများရှိ မိနစ်နည်းနည်းတို့တွင် တိတ်တဆိတ် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရသမျှ ကျနော့်ကို လောင်နေသော မီးများ၊ ကျနော်၏ မငြိမ်းသော မီးများသည် ကျနော်ကိုယ်တိုင်ရှို့သော ရှို့မီးများသာဖြစ်ကြောင်း ကျနော်သိလိုက်ရသည့်နောက် ကျနော့်ကိုယ် ကျနော် အထင်သေး၍ စက်ဆုပ်ရွံရှာမိသည်။
တယ်ပြီး ... ငါ ... မိုက်လုံးကြီးပါပကော...။
သို့သော် လက်ကတော့ ရှို့မီးကို ကိုင်ထားဆဲ။ ခန္ဒာလောင်စာကို မီးညှိဖို့ ကြိုးစားနေခဲ့ဆဲ...။

မမြဲခြင်း အုတ်တိုင်တွေနှင့် ဘောင်ကွတ်ထားသော သြကာသလောကထဲတွင် မြေမှုန်လူသား မိခင်မှ မြေမှုန်လူသားကျနော့်ကို မွေးဖွားခဲ့သည်။ သေးငယ်သော မြေမှုန်ကလေးများဖြင့် ဖြစ်တည်နေသော ကျနော်သည် စွဲလန်းခြင်းများဖြင့် ခန္ဒာဖွဲ့သည်။ မာနကို အုတ်မြစ်ချသည်။ ဘ၀င်တစ်ခုကို ခြေထောက်ပြုသည်။ ထို့နောက်မှ ငါဆိုတော့ အတ္တသည် ကျနော့်မျက်နှာ၏ ထောက်တိုင် လည်ပင်း အဖြစ် တည်ရှိလာခဲ့သည်။ သို့သော် ကျနော် မသိသော၊ ကျနော်မမြင်နိုင်သော ကျနော်၏ နောက်ကျောတွင် လောင်ကျွမ်းနေသော ဖွဲမီးများ.... လေးပင် မောပန်းလွန်းစွာ ကျနော် ထမ်းထားနေခဲ့ရဆဲ။

မေမေ .... ကေလာသနဲ့ နေမိန္ဒရကို သမီး သတိရတယ်..။ ပြီးတော့ ရိုးမတောင်ခြေ.. ငါးဆူတောင် တောင်ပေါ်က ချမ်းမြေ့ဂုဏ်ဝေ ကို လွမ်းတယ်..။

တိတ်ဆိတ်စွာ တိုက်ခတ်လာသော လေပြည်အေးများ၊ ငြိမ့်ညောင်းစွာ လှုတ်ခတ်နေသော သစ်ရွက်များ၏ ဂီတ၊ ကျနော်ရပ်နေခဲ့ဖူးသော သဲမြေပြင်၏ ပူပူနွေးနွေးအာရုံ၊ လွင့်ပျံလာသော ကြေးစည်သံ...၊
မြေမှုန်တွေထဲ၌ လွန့်လူးစွာ တည်ရှိနေသော အသက်ငွေ့၏ စိတ်အစဉ်တွင် အာရုံတစ်ခုသာ ထင်ဟပ်နေခဲ့သည်။ မွတ်သိပ်စွာ ဆာလောင်နေခဲ့သော အရာ...။
ငြိမ်းချမ်းခြင်း..။

မေမေ ... ဒီနေ့ သမီး လူ့လောကထဲကို ၀င်ရောက်လာခဲ့တာ ၈၇၆၆ ရက် ဖြစ်ခဲ့ပြီ။ သမီး ဘာတွေ လုပ်ခဲ့ပြီးပြီးလဲ...။

ရှင်သန်နေရသော ဒီနေ့တွင် ကျနော် နောင်တကင်းချင်ပါသည်။ မသေချာသော နံနက်ဖြန်၏ အာရုံဦးထက် ဒီနေ့၏ နံနက်ခင်းကို ကျနော် အားရပါးရ နှုတ်ဆက်ချင်သည်။ မရှိတော့သော အတိတ် ဒဏ်ရာများ၏ နာကျင်နေရမှုအစား ဒီနေ့ ကျနော် ကျေနပ်စွာ ပြုံးချင်သည်။
ပြောခဲ့ဖူးသော စကားတစ်ခွန်းကို ကျနော်သတိရမိသည်။
ဘယ်သူ့ကိုမှ ဘယ်တော့မှ အပြစ်မတင်တော့တဲ့သူ ဖြစ်ချင်ပါသည်။

လောင်နေသော မီးများ၏ အောက် ငြိမ်ငြိမ်သက်သက် အေးချမ်းချင်သည်။ ရှူရှိုက်မိသော အပိုလေများ၊ မရိုးသားသော အသက်တာအတွက် လူမသိသူမသိ အခိုင်အမာဆုံးဖြတ်ချက်တစ်ချို့နှင့်အတူ ကိုယ့်စိတ်ကို ကိုယ် တံမြက်လှည်း၍ ဖုန်ခါချင်သည်။

မေမေ ... မောဟိုက်နွမ်းနယ်နေတဲ့ စိတ်ခန္ဒာအတွက် သမီး အသက် ၀၀ ရှူချင်တယ်...။

တည်ငြိမ်ခြင်း၊ ငြိမ်သက်ခြင်း၊ ပစ္စုပန်၊ သတိ။
ထိုသူများနှင့် ကျနော် မိတ်ဆွေဖွဲ့ပါမည်။ ငြိမ်းချမ်းခြင်း၊ သိမ်မွေ့ခြင်း၊ စိတ်လျှော့ခြင်းနယ်ပယ်များသို့ ကျနော့် ခရီးကို ဦးတည်ပါမည်။ ကြမ်းတမ်းသော ခရီးလမ်းတွင် ထမ်းနေရသော ၀န်များ ငှက်မွေးတစ်ချောင်းပမာ ဖြစ်စေဖို့ ကျနော် တာဝန်ယူချင်သည်။ ပိုင်ဆိုင်ရာ ဘာမှမရှိခဲ့သော မြေမှုန်လူသားကျနော်သည် အနောက်ဘက်ကမ်းတွင် နေသူရိန် မေးတင်သောအခါ မြေကြီးအောက်တွင်သာ အိပ်စက်နားခိုရပါလိမ့်မည်။

မေမေ ... ဒီနေ့ သမီး.. ၂၄ နှစ် ပြည့် ခဲ့ ပြီ ....။


(ဇူလိုင်လ ၂၂ရက် ၂၀၁၁ တွင် ကျရောက်သော ၂၄နှစ်ပြည့်မွေးနေ့အတွက် ကျနော် ဖွဲ့ဆိုပါသည်။ )
ဇော်။

Saturday, July 9, 2011

ကျောခိုင်းခံရတဲ့ လ

မသိလိုက်ပါဘဲနဲ့
ကျနော်ဖွာရှိုက်လိုက်တဲ့ စကားလုံးတွေအောက်
ကျနော့်နှလုံးသား သေမိန့်ကျသွားတယ်
ရဲရင့်လိုက်စမ်းပါဗျာ...
အားပေးတဲ့ အသံမှာတောင်
အဖျားခတ်တုန်ရီနေခဲ့တဲ့နောက်
နံနက်ဖြန်ဟာ (ထင်သလို) မတောက်ပတော့ဘူး။

ကျနော် ခင်ဗျားကို မချစ်ဘူး...။
တစ်လုံးစီတိုင်းမှာ
လင်း..... ရှ...... အက်..... ကွဲ
ကျနော် ကျေနပ်တယ်
ခင်ဗျားရဲ့ ငြင်းဆန်မှုမှာ
ကျနော့် နှလုံးခုန်သံတွေ ပို စည်းချက်ညီသွားခဲ့တာ...။

ခံစားချက်ကို တစ်ခုချင်း ကျနော် သီကုံးမယ်
စက္ကန့်တိုင်းကို ကျနော်ချစ်တယ်
မလိုအပ်ပါဘူးဗျာ
သကာရည်တွေ
မလိုအပ်ပါဘူးဗျာ
ပကာသနတွေ
ခင်ဗျားက ခင်ဗျား
ကျနော်က ကျနော်
တစ်လမ်းစီပေမယ့် ပန်းတိုင်ချင်းတော့ တူချင်တယ်။

ပူလွန်းတယ်
နွေရာသီက ခုမှ ရင်ဘတ်ထဲမှာ ခင်းကျင်းတာ
ထားရက်သွားမှတော့ လှည့်ကြည့်မနေပါနဲ့တော့
ကိုယ့်အတ္တကိုယ်ထမ်းပြီး
ခင်ဗျားရဲ့ လမ်းခွဲကို ကျနော် ရပ်ကြည့်မယ်။

( ဒီလိုပါပဲဗျာ )
( မသိစိတ်မှာတော့ )
ပြန်လာပါလို့ တိုးတိတ်တမ်းတ
နံနက်ဖြန်မှာ ခင်ဗျားအသံလေး
ကျနော် ဆက်ကြားနေချင်သေးတယ်
သစ်ရွက်ကလေးရယ်.......။


ဇော်။

Sunday, July 3, 2011

တိမ်တမန်

မှိုင်းပြာမှုန်ဝေ၊ တိမ်မည်းညိုရိပ်တွေ
တောင်ပြန်လေ၊ တပ်လန့်နှိုး
နိုးကြွလာပြီလေ ....။

တဖြည်းဖြည်း လာချေပြီလေ
ပင်လယ်တွေ ဖြတ်သန်း
ရိုးမအပေါ် လွှားကျော်ကာပင်
သူ့ချစ်မိတ်ဆွေ၊ တို့မြန်မာနိုင်ငံပြည်
လက်ဆောင်ပါးခဲ့၊ မိုးပုလဲပန်းတွေ
ရွာပါစေလေ
အေးအေးချမ်းချမ်း ရွာပါစေ....။

ဆည်မြောင်းချောင်းကန်၊ ပြည့်လျှံတိုးအောင်
မိုးလုံးမည်းမျှ၊ မရွာစေချင်ပါပေ...။
ဆည်မြောင်းချောင်းကန်၊ အသင့်အမှန်ဖြိုးရန်
ပုလဲလုံး ရွဲအလှ၊ ရွာစေချင်ပါပေ...။
တို့ပြည်သည်ကား၊ ဆန်စပါး အသက်ပေ
တို့မြေသည်ကား၊ ဆန်စပါး အခက်ဝေ
မက်မပြေနိုင်သော၊ လယ်တောယာမြေ
ထွန်ယက်ပြုစု၊ ယုယအမြဲပေ
တိမ်တမန်အဆွေ
တို့များရွှင်လန်း ... ပုလဲပန်းကို ခြွေ........။


ဇော်။

(စန္ဒရားချစ်ဆွေ၏ တိမ်တမန် သီချင်းကို နှစ်သက်လွန်းစွာဖြင့်.....။ )



Friday, July 1, 2011

သူ ......။

ယုံချင်တယ်....။
ညနေစောင်းပေမယ့်
နေ၀င်ချိန်တွေ မစောခဲ့ဘူး...။

ကြာခဲ့ပါပြီ
နောက်ပြန်ကြည့်ရင် မနေ့ကလို
စိတ်ကူးယဉ်တယ်ပဲ ပြောပြော
အိပ်မက်တွေလို့ပဲ ဆိုဆို
တောင်ပြာတန်းတွေပေါ်
အချစ်အိမ်ကလေး ဆောက်ချင်တယ်
သူရယ် .... ကိုယ်ရယ်....။

( ဖြစ်ချင်တာသာ ပြောရရင် )
အလိုမကျမှုတွေနဲ့ စိတ်မညစ်ရပါလို
ကလေးရေ
( အဲ့ဒီလို )
ဆုတောင်းခြင်းများထဲ ပစ္စုပန်တွေ
အပွင့်ကြွေတယ်
( တကယ်ပါ )
အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး
မျက်ရည်တွေ တာမကျိုးချင်ဘူး...။

စဉ်းစားပါကွယ်
အချိန်မလင့်ခင်
နေမပူခင်
ရော်ရွက်တွေလဲ မကြွေခင်
( ဒီတောင်ရိုးမှာ )
တိမ်ခိုးတွေလဲ မဝေခင်...။

..................................
..................................
ကလေးရယ်
ချစ်ခြင်းနဲ့ ပေါင်းစည်းခြင်းမှာ
ညီမျှခြင်းတွေ ထိုးမယ်ဆို
ဒီ သီအိုရီ
ကိုယ် မုန်းမိမယ်
အဖျားခတ်တုန်ရီတဲ့
စကားလုံးတွေအစား
ဆွံ့အမှုသာ အလိုရှိတယ်....။

ခိုင်မြဲပါရစေ
နံနက်ဖြန်တွေမှာ
သူ့နံရိုးဟာ ကိုယ်ပါလို့.....
ယုံချင်တယ်.............။ ။


ဇော်။

Saturday, June 18, 2011

သခွပ်ပွင့်လေးနဲ့ ကျနော်

အေးစက်စက်အငွေ့အသက်တွေ
ဖွင့်ဟ၀န်ခံရခက်တဲ့ မရိုးဖြောင့်ခြင်းတွေ
...............
ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်သိနေရတာကိုက
အ၀င်ဆိုးလွန်းနေတယ်။

မနေ့ကလဲ ကျနော်တွေးတယ်
ဒီနေ့လဲ ကျနော် အဆုံးမသတ်သေးဘူး
ကြည့်လိုက်သမျှ ချစ်သူကလေးကိုသာ
ကျနော် မြင်တယ်။

ခက်တော့တာပဲ
ကျနော့်ကို ၀င်ဝင် တိုက်သွားကြတဲ့ ခလုတ်တွေ
(တကယ်ဆို ကျနော်က အနေသာကြီးပါ)
အခုတော့
လွင့်ဝဲလာတဲ့ မြောက်ပြန်လေတွေကြား
မြတ်နိုးမှုနဲ့ မလှန်ဘဲထားခဲ့တဲ့
ကျနော့်စာမျက်နှာကလေး
ပြိုတော့မလို ညိုနေတယ်
တဆိတ် ကျေးဇူးပြုပြီး
ကိုယ့်လမ်းကိုယ်သွားပါ ကိုယ့်လူရာ
ခင်ဗျားက ခင်ဗျား
ကျနော်က ကျနော်
ကိုယ့်ဦးတည်ရာနဲ့ ကိုယ်ပေါ့
(ပြောသာပြောရတာ စကားလုံးတွေက လေထဲမှာ ၀င့်လွဲကောင်းတုန်း။)

ဒီလိုနဲ့ပဲ
အားကြိုးမာန်တက် တင်းတင်းကျပ်ကျပ် ထိန်းနေတဲ့ကြားက
အခုထိ ကျနော့်မှာ ရုန့်ရင်းဆန်ခတ် ဖြစ်နေရတုန်း....
သူ့နှုတ်ခမ်းလေး တစ်ချက်စူတိုင်း
ကျနော့်သစ်ရွက်တွေက တစ်ဝေါဝေါ ကြွေနေကြရတုန်း...။

တကယ်ပါဗျာ
လမ်းကြုံတဲ့အခါ
ကျနော့်ပစ္စုပ္ပန်လေးကို
တိုးတိုးတိတ်တိတ် ပြောထားရဦးမယ်
ကျနော်....
သူ့ကို....
ဖြည်းဖြည်းကလေး ........
ချစ်နေချင်တယ်။ ။


ဇော်။

Monday, June 6, 2011

သိစေချင်မိပါတယ် ဝေ

ဘာ့ကြောင့်များလဲ ဝေရယ်
လွမ်းမောဖွယ်နွေညများမှာ
ဝေ့ရဲ့ ကိုယ်သင်းရနံ့လေး ရလိုရငြား
လေထုထဲမှာ
ကျနော် အစာရှာထွက်ချင်လာတယ်။

ဖွင့်မပြောတတ်ခဲ့ပါဘူး
ဖြတ်စီးသွားတဲ့ လျှပ်စစ်လှိုင်းတွေအကြောင်း
အေးစက်စက် ရေခိုးရေငွေ့တွေ အကြောင်း
မှိုင်းမှုန်ရီဝေလွန်းတဲ့ ပြသဒါး တချို့အကြောင်း

အဲ့ဒီလို
မသိလိုက်မသိဖာသာ ကျိတ်မှိတ်မြိုချ
ပြောမထွက်တဲ့ စကားလုံးအချို့ သိမ်းဆည်းထုတ်ပိုး
အသက်ရှူဖို့ မေ့လျော့ခဲ့တဲ့ နေ့တွေမှာ
အလေးနက်ဆုံး လေးနက်မှုနဲ့
ကျနော် ခင်ဗျားကို သိပ်ချစ်ခဲ့တယ် မိဝေေ၀...။


ဇော်။

Tuesday, May 31, 2011

သူငယ်ချင်းအားလုံးကို ငါ ချစ်တယ်

အရှေ့ဘက်ကောင်းကင်မှာ ရောင်နီတွေ တံခါးခေါက်ကုန်ပြီ
ထတော့ သူငယ်ချင်းရယ်
အိပ်စက်ခြင်းကို ခ၀ါချ
နံနက်ဖြန်တွေ ရောင်ဝါတောက်ဖို့
ငါတို့ နေ့တွေ အစွမ်းကုန် လင်းချင်းလိုက်ကြစို့။

ရွေ့လျားနေတဲ့ အတ္တခန္ဒာမှာ
ပရဟိတစိတ်တွေ ငါတို့ သယ်ဆောင်ကြမယ်
ငါလိုတဲ့အခါ နင်ရှိမယ်
နင်လိုတဲ့အခါ ငါ ဒီမှာ

မိုင်ထောင်ချီ ဝေးနေစမ်းပါစေ
စက္ကူပေါ်မှာ ငါတို့ နီးနီးလေးပဲ
ရင်ဘတ်ခြင်းတွေ တူညီတယ်
အပြုံးတွေ ဖလှယ်မယ်
သောက်နေကျ ကော်ဖီတစ်ခွက်ကို အတူမျှဝေ
လက်တွေကို ခိုင်အောင်တွဲ
ဒီမြေကြီးမှာ
ရည်မှန်းချက်တွေ ပျိုးကြဲလိုက်မယ်
လွတ်လပ်စွာ သီးပွင့်ဝေ ...။

ဇော်။

Wednesday, May 25, 2011

ကျနော် ... ရေတစ်ဘူး ... ဖိနပ်တစ်ရံ ... နွေရာသီ

မနေ့ညက ကျနော် အိပ်မက်မက်သည်။
ဖိနပ်တစ်ရံ ရေတစ်ဘူးသာပါသော ကျနော် နေပူပူအောက်တွင် အရိပ်မဲ့စွာ ဦးတည်ရာမဲ့ လျှောက်လှမ်းလာခဲ့သည်။
ခေါင်းကို ငုံ့၍ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့ရင်းက စိန်ပန်းပွင့်အကြွေများကို ကျနော်တွေ့ရသည်။ နွေအပူကို အံတုပြီး ပွင့်လန်းတတ်သော စိန်ပန်းပွင့်များ ... အပင်ကပဲ လက်မခံ၍လား၊ လေပြေကပဲ ကျီစယ်၍လား .. ကျနော့်ခြေရင်းတွင် လှပစွာ လှဲလျောင်းနေကြသည်မှာ ဖဲကတ္တီပါထက် အိပ်ပျော်နေကြသည့်နှယ်။
ရုတ်တရက် ကျနော်တွေးဖြစ်ခဲ့ပါသည်။ မြေကြီးကို မကြည့်လို၍ ရင်ကော့ခေါင်းမော့နေသူများ တစ်နေ့တွင် မြေကြီး၏ ရင်ခွင်၌သာ ငြိမ်သက်စွာ လဲလျောင်းရလိမ့်မည်။ မည်သို့ပင် ၀င့်ကြွားစွာ ပင်မြင့်ယံ သဇင်ခက်ပင် ဖြစ်လင့်ကစား မြေကြီး၏ ယုယနွေးထွေးခြင်း၌သာ ခရီးဆုံးပေလိမ့်မည်။

" လတ်လတ်ရေ ..... ငါတို့တောင် လူကြီးတွေ ဖြစ်လာကြပြီနော် ...."

ရုတ်တရက် နန္ဒာက အပြုံးလေးနှင့်လာပြောသည်။ ကျနော် ဘာမှ ပြန်မပြောဖြစ်ခဲ့ပါ။ လူကြီးနှင့် လူငယ်ကြား တစ်ချို့လူများထင်သလို အသက်တစ်ခုသာ ကွာခြားတတ်သည်ဆိုလျှင် ကမ္ဘာကြီး အိုဇုန်းလွှာ ပေါက်လိမ့်မည်မထင်။ နျူကလိယကြောင့် DNA ပျက်စီးခြင်းများလဲ ကြုံရမည်မထင်။ အိုင်းစတိုင်းနှင့် နျူတန်၊ ဂရေဟမ်ဘဲလ်တို့ ဒီနေ့အထိ ရှင်သန်လိမ့်မည်မဟုတ်။
ထားပါ....။ ကျနော် ဆက်လျှောက်ခဲ့သည်။

" ဇော်ဂျီရယ်... ပျော်ပျော်နေပါဟ .... "

ပါးစပ်ကို ဆယ်လက်မခန့်ဖြဲ၍ အောင်ကျော်သူက ပြောသည်။ ပျော်ပျော်နေခြင်းဆိုသည့် ခေါင်းစဉ်အောက်၌ မနာလိုခြင်းများ၊ လောဘများ၊ ရန်လိုခြင်းများ၊ ဒေါသများ...... ကျနော် ခပ်ရေးရေး မြင်နေရဆဲ။
အောင်ကျော်သူ့ကို ကျနော် ပြန်မေးလိုက်ချင်ပါသည်။ ပျော်ပျော်နေခြင်းတွင် ကိုယ့်ကိုယ်ကိုယ် လေးစားမှုများ ရနိုင်ပါသလား။ ကျနော် မမေးဖြစ်ခဲ့တော့ပါ။ အပြုံးဖြင့်သာ ထွက်လာခဲ့လိုက်သည်။

တစ်နေရာ၌ တိုက်မိမလိုဖြစ်၍ ကျနော်မော့ကြည့်ုလိုက်တော့ ကျနော် ချစ်ခင်ရသော ညီနေပိုင်။

" မဇော် ... ညီ ကြိုးကြာ ၇၅ကောင် ရပြီ.. သိလား....။ စာရွက်ပေါ်မှာ အော်တိုရေးခိုင်းဖို့ ညီ လူလိုက်ရှာလိုက်ဦးမယ်ဗျာ.... '

ကျနော့်ဆီက တုံ့ပြန်မှုကိုတောင် သူ မစောင့်နိုင်။ ပျာယီးပျာယာဖြင့် သူ ထွက်သွားသည်။ အပိုလုပ်၍ အလုပ်ပိုနေတာ ဆိုသည့် စကားလေး ကျနော် သတိရမိသည်။ ကျနော်တို့ နေ့စဉ် လူနေမှု ဘ၀တွင် ဘယ်လောက်များ အပိုတွေ လုပ်မိ၍ အလုပ်တွေ ပိုနေခဲ့ပြီးပါပြီလဲ။ ကျနော့်အသက် ၁၇နှစ် ပြည့်သောနေ့က အကိုရဲနောင်ဝင်းမြင့် ပြောခဲ့ဖူးတာ အမှတ်ရသည်။

" Chatter box ... အပိုမလုပ်နဲ့ .. ကောင်းကောင်းနေ ... " တဲ့

ကျနော်... ညီနေပိုင်ကို အပြစ်မတင်မိပါ။ ညီသည် ကျနော့်ညီကလေးသာ ဖြစ်သည်။ ကျနော့်ညီကို ဘာပဲဖြစ်ဖြစ် ကျနော်ချစ်ရမည်သာ။

တွေးရင်း ငေးရင်း ကျနော်ဆက်လျှောက်လာခဲ့မိတော့ ရှေ့မနီးမဝေးဆီက လမ်းဘေးခုံတွင်ထိုင်နေသော နွေဦးနှင့် ဟိန်းလတ်ကို ကျနော်တွေ့ရသည်။ ကျနော် သူတို့နှစ်ယောက်ကို ပြုံးရယ်ပြရင်း နွေဦးမျက်နှာ သုန်မှုန်နေတာ သတိထားမိခဲ့သည်။

" ဇော်လတ်ရာ... ငါ အရမ်းပူလောင်နေရတယ်... လိုချင်တာတွေ အရမ်းများတော့ ပူလောင်လိုက်တာဟာ.... "

ကျနော် မျက်ခုံးတစ်ချက်တွန့်မိတော့ ဟိန်းလတ်က ရယ်သည်။

" စာများများဖတ်နော် သူငယ်ချင်း.... နင့်အိမ်ကို နင်ဖတ်ဖို့ စာအုပ်တွေ ငါ သွားပို့ထားတယ်.... "

ဟိန်းလတ်စကားသံက ကျနော့်နားထဲတွင် သကာရေအလား ချိုမြိန်လွန်းလှသည်။ ပူပြင်းသော နွေရာသီအောက် ငုတ်တုတ်ထိုင်ရင်း ပူနေသော နွေဦးနှင့် လူကြီးလုပ်ရတာ ပင်ပန်းတယ်ဟုဆိုသော ဟိန်းလတ် ... သူတို့နှစ်ယောက်ကို နှုတ်ဆက်ပြီး ကျနော် ဆက်ထွက်လာခဲ့မိသည်။

နေက ပြင်းလွန်းတော့ ကျနော် ရင်တွေ ပူလာသည်။ ရေလဲ ဆာလာသဖြင့် ရေဘူးကိုဖွင့်၍ တစ်ရှိုက်မက်မက် ကျနော်မော့သောက်လိုက်သည်။ အရသာရှိလိုက်သည့် ဖြစ်ခြင်း။
ရုတ်တရက် နောင်နောင် ကျနော့်အနား ရောက်လာခဲ့သည်။

" လတ်လတ်.... နင် ဟိုနေ့က နင်ရေးတဲ့ ကဗျာတွေနဲ့ပတ်သတ်ပြီး ငိုတော့ ငါ စိတ်မကောင်းဘူးဟာ... အဲ့ဒီ ဆိုက်က နင့်ကဗျာတွေကို တင်တာ မကြိုက်ဘူးဆိုရင် မတင်နဲ့ပေါ့ သူငယ်ချင်းရ... ဒီမှာ သူငယ်ချင်း .. ငါတို့ စာရေးတဲ့သူတွေဆိုတာ ကိုယ်ရေးလိုက်တဲ့စာကို ဘယ်သူတွေက ဖတ်နေကြသလဲ ဆိုတာကို လိုက်ကြည့်နေဖို့ထက် ငါ အကောင်းဆုံးဖြစ်အောင် ဘယ်လိုရေးမလဲဆိုတာပဲ အရေးကြီးတယ်... ငါကတော့ ငါ့ကဗျာတွေကို တတ်နိုင်သမျှ အစွမ်းကုန်အကောင်းဆုံးဖြစ်အောင် ရေးလိုက်တယ်.... ကောင်းတယ် မကောင်းဘူးဆိုတာ ငါ့အလုပ်မဟုတ်တော့ဘူး... ဘယ်သူဖတ်တယ် မဖတ်ဘူးဆိုတာလဲ ငါ့စိတ်ထဲမှာ မရှိတော့ဘူးရယ်... မဖတ်ကြလို့လဲ ငါ မခံစားရပါဘူး... ချီးကျူးတာကိုလဲ ငါမသိတော့ဘူး...။ "

လင်းစက်ရာရယ်လို့ နင့်ကဗျာတွေ အောင်မြင်တာ နင်ထားခဲ့တဲ့ အဲ့ဒီလို စိတ်ကြောင့်များလား နောင်နောင်ရယ်..... ကျနော် တိတ်တဆိတ် တွေးဖြစ်ခဲ့မိသည်။ သောက်နေသော ရေထက် နောင်နောင့်စကားသံက ပို၍ အေးမြနေသယောင်။ အပျော်ပဲရေးရေး၊ အတည်ပဲရေးရေး... စာရေးခြင်း၌ ကျနော်ပျော်မွေ့လျှင် စာရေးသော အလုပ်သည် ကျနော့်အလုပ်သာ ဖြစ်သည်။ ကျန်သောကဏ္ဍများ၌ ကျနော်ဆိုတာ လိုအပ်သော အရာတော့ဖြင့် မဟုတ်။ စမ်းချောင်းနှင့် ပင်လယ် တစ်ချိန်တော့လဲ ပေါင်းဆုံရမည်သာ။ တမင်သက်သက် လုပ်ယူသော အရာများသည် ရေရှည်တည်တံ့ခြင်းမရှိဟု ကျနော်ကြားခဲ့ဖူးပါသည်။

" ဟုတ်ကဲ့နောင်နောင်.... နင်ပြောခဲ့တဲ့ အဲ့ဒီစကားတစ်ခွန်းကို ငါချရေးထားလိုက်ပါတယ်ဟာ.... "

ကျနော်လေးလေးနက်နက် တည်တည်ကြည်ကြည် ပြောလိုက်တော့ ရှေ့သွားလေးနှစ်ချောင်းပေါ်အောင် နောင်နောင်ပြုံးခဲ့သည်။ သူ့အပြုံးသည် သူ့ကဗျာများနှင့် လိုက်ဖက်ညီစွာ ကြည့်မွေ့လှသည်။ ကျနော်သည်လဲ စိတ်လက်ပေါ့ပါးစွာ ပြုံးရယ်ခဲ့မိသည်။

" ကိုယ်က စာရေးဖို့ စိတ်အားထက်သန်မှတော့ သူများက ဝေဖန်တာတွေ .. ခနဲ့တာတွေ.. ကဲ့ရဲ့တာတွေကို ခံနိုင်ရည် ရှိရမှာပေါ့ ဇော်လေးရဲ့ ... "

ကိုယ့်အတွေးနှင့်ကိုယ် ခေါင်းငုံ့လျှောက်လာနေရင်းက နားနားကပ်ပြောလိုက်သော နောင်ရိုးမြတ်အသံကြား၍ ကျနော် ရုတ်တရက် မော့ကြည့်လိုက်မိသည်။ နောင်ရိုးမြတ် မျက်ဝန်းများ.. စူးလက်တောက်ပနေကြ၏။

" ဇော်လေး ..... ကိုယ်လုပ်စရာရှိတာကိုသာ လုပ်.. ကိုယ်မှားရင် တောင်းပန်လိုက်.... မာနဆိုတာ နေရာတိုင်း ထားရမယ့်အရာမဟုတ်ဘူး... အဲ့ဒီလိုမှ မတောင်းပန်ချင်ဘူးဆိုရင် အဆက်အဆံ မလုပ်နဲ့တော့... "

နှုတ်ခမ်းကို တင်းတင်းစေ့၍ ပြောနေသော နောင်ရိုးမြတ်ကို ကြည့်ရင်း ကျနော့်တွင် အားကျစိတ် တစ်စုံတစ်ရာ ၀င်လာခဲ့သည်။ တစ်စုံတစ်ယောက်နှင့် အဆက်အဆံမလုပ်တိုင်း ကိုယ့်ကမ္ဘာကျဉ်းမြောင်းသွားသည်ဆိုသော စကားလေးကိုလဲ သတိရမိသည်။ မာနနှင့် ဆက်ဆံရေး ကျနော် ဝေခွဲမရ ဖြစ်ရသည်။
တစ်ချို့သော နေရာများတွင် နောင်ရိုးမြတ်၏ ပြတ်သားခြင်းမျိုး ကျနော့်တွင် ရှိချင်မိသည်။

" မတွေ့ချင်တော့ဘူးဆိုတာ မှန်ကန်တဲ့ ပြဿနာ ဖြေရှင်းချက်မဟုတ်ဘူး ဇော်ရဲ့ ... "

ကိုမိုးဇော်လွင် လှမ်းပြောလိုက်သော စကားကို ကြားရတော့ ကျနော် ခလုတ်တိုက်မိမတတ် ဖြစ်သွားရသည်။ ကျနော် ရင်တွေပူလိုက်သည့်ဖြစ်ခြင်း။ တကယ်က ကျနော် မခေါ်ပြော မဆက်ဆံလို့လဲ ဘာမှမဖြစ်ပါ။ သို့သော် ညီအမဆိုသော သံယောဇဉ်က ကျနော့်ကို တင်းတင်းရင်းရင်း ရစ်ပတ်နှောင်ဖွဲ့နေသည်။ ကျနော် ဘာလုပ်ရမည်နည်း။

အမဥမ္မာလှိုင်၏ ညီအမတွေ ဆိုသော စကားလုံးသည် ကျနော့်ကို သတိပေးဆိုင်းဘုတ်တစ်ခုနှယ် ပြဆိုနေသည်။ သံယောဇဉ်သည် ဖွဲမီးနှင့်တူသည်။ နွေရာသီ၌ မီးလှုံခြင်းနှင့် တူသည်။
ကျနော့်သည်လဲ နွေရာသီ၌ မီးလှုံသော လူသား ဖြစ်ခဲ့သည်။

ကျနော်ချစ်သော အကိုချမ်းနှင့် အမပွင့်... ပြီးတော့ ဦးပီ... ခပ်ဝေးဝေးက လျှောက်လာနေကြသည်။ ကျနော် အားရ၀မ်းသာ ပြုံးပြမိတော့ အမပွင့်က ကျနော့်ကို လှမ်းပြောသည်။

" ဇော်... ဦးသုမင်္ဂလ တရားတွေ နားထောင်နော် .... "

ကျနော် နှစ်နှစ်ခြိုက်ခြိုက် ပြုံးဖြစ်ခဲ့ပါသည်။

" တကယ်က ကျနော် အသက်ရှူဖို့ လိုနေတာပါ အမပွင့်ရယ်.... "

ကျနော်တီးတိုးရေရွတ်မိချိန် အပြုံးများဖြင့် သူတို့ ဝေးဝေးမှာ ကျန်ရစ်ခဲ့သည်။

နွေသည် အလွန်တရာ ပူပြင်းလွန်းလှသည်။ ရေတစ်ဘူး ဖိနပ်တစ်ရံနှင့် လျှောက်လှမ်းလာခဲ့သော ကျနော် ဘယ်အချိန်မှာ ခရီးဆုံးမည်နည်း။ လျှောက်လှမ်းလာခဲ့သော လမ်းတစ်လျှောက် မည်သို့သော သူများနှင့် တွေ့ဆုံရဦးမည်နည်း။ မည်သို့သော စကားများဖြင့် ပြောဆို နှုတ်ဆက်ရဦးမည်နည်း။

ပသို့ဆိုစေ.. ကျနော် မသိသော ကျနော့်အိပ်မက်ထဲတွင် ကျနော်တစ်ယောက်တည်း ခရီးဆက်နေဆဲ.....။


ဇော်။

Thursday, May 19, 2011

အမှန်တကယ် လိုအပ်သော

ချစ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်
တစ်ယောက်ကို တစ်ယောက်
လှောင်ချိုင့်ထဲ မထည့်ကြရင် ကောင်းမယ်

ချစ်တယ်ဆိုမှတော့
သူ့အတွက် ငါ
ငါ့ အတွက် သူ
တရားမျှတမှုတွေ ရှိသင့်တာပေါ့

အတ္တနဲ့မာနကို မလွှမ်းခြုံချင်စမ်းပါနဲ့ဟာ
ချစ်သူတွေဆိုတာ
ရိုးသားခြင်းကိုသာ ဆင်တူ ၀တ်ဆင်ရမှာ

လျှောက်နေရတဲ့ လမ်းကြမ်းတွေအတွက်
ခရီးသွားဖော်အဖြစ် အမြတ်တနိုးရွေးချယ်ထားခဲ့ပြီပဲ
နင် မှားလဲ ငါ ပြင်
ငါ မှားလဲ နင်ပြင် နဲ့
ကောင်းတူဆိုးဖက်
မိုင်တိုင်တွေကို ကျော်ဖြတ်ကြမယ်ဆိုရင်
နားထောင်ကြည့်လိုက်စမ်းပါ ဟယ်
ကောင်းကင်နဲ့ မြေကြီးကတောင် ပြောနေကြတယ်
ရိုးမြေကျ ပေါင်းရပါစေကွယ် .... တဲ့။



ဇော်။

Wednesday, May 18, 2011

ရက်တစ်ရာမြောက် ရည်းစားစာ

ကျနော့်ချစ်သူကလေး ဝေ နှင့် ကျနော်တို့ ချစ်သက်တမ်း ရက်ပေါင်း တစ်ရာပြည့်ခဲ့ပြီ။ ပြည့်ရွှန်းသော လ၀န်းက သန်းခေါင်ကို နှုတ်ဆက်ခဲ့သော်လည်း ကျနော့်တွင် အိပ်ချင်စိတ်တို့ ပျောက်ဆုံးနေခဲ့၏။
စိတ်ကူးထဲတွင်တော့ ဝေ့ အကြောင်းများသာ ၀ဲလည်နေလျှက်။ ကြောင်နေသော မျက်လုံးများ၏ မြင်ကွင်းတစ်လျှောက် ချစ်သူကလေး ဝေ သာ စိုးမိုးနေခဲ့သည်။

ညသည် တာဝန်ကျေစွာ နက်မှောင်ပြလျှက် ရှိသကဲ့သို့ ကျနော့်အတွေး၊ ကျနော့်အာရုံ၊ ကျနော့် စေတသိတ်တို့က နံနက် ဝေနှင့်တွေ့လျှင် မည်သို့မည်ပုံ စကားပြောရမည်ကိုသာ စိတ်ကူးယဉ်လျှက်ရှိသည်။
တွေးတော ငေးမောခြင်းသည် မောဟဖြစ်သဖြင့် သံသရာဆုံးမည်မဟုတ်ဟု ဘုရားရှင် ဆုံးမခဲ့သော်လည်း ဝေ့ကို ချစ်မိပြီးနောက်ပိုင်း ကျနော်၏ ဘုရားရှိခိုးတွင် ဘ၀ပေါင်းများစွာ ဝေနှင့်သာ ပေါင်းဖက်ရပါလို၏ ဟူသော ဝေါဟာရတစ်ခု တိုးလာတတ်ခဲ့သည်။

ဝေ၏ ပါးဖောင်းဖောင်းကလေးကို ညင်ညင်သာသာ ကျနော် တို့ထိကြည့်ချင်သည်။ ဝေ၏ နှာတံစင်းစင်းကလေးအောက် နှုတ်ခမ်းဖူးဖူးကလေးသည် ကျနော့်အတွက် နာရီများကို ဆွဲဆန့်ထားချင်သော အကြောင်းတရားချည်း ဖြစ်ခဲ့သည်။
ကျနော့်နှလုံးသား တစ်ချက်ခုန်လေတိုင်း ဝေ့ကို ချစ်တယ်ဟုများ အဓိပါယ်သက်ရောက်နေလေသည်လားမသိ ... ကျနော့်အသက် အရှူ အသွင်းတိုင်းသည် အလွန်ချိုမြိန်လွန်းလှသည်။

ကျနော်ချစ်သောဝေသည် ကျနော့်အတွက် အလွန်နှုတ်စွာသော ချစ်သူကလေးဖြစ်ခဲ့သည်။ သူမှန်သည်ထင်သောအရာမှန်သမျှ နှုတ်ခမ်းလေး စူကာစူကာဖြင့် စွာတေးလန်လွန်းတတ်ခဲ့သည်။ သို့သော် ဝေ၏ ဆုံးဖြတ်ချက်တိုင်း၊ ထင်မြင်ချက်တိုင်းသည် ကျနော့်အတွက် အလင်းကိုသာ ဖြစ်စေခဲ့သည်။ သူ စိတ်တိုလေတိုင်း မျက်နှာကလေးကို အစွမ်းကုန် သုံမှုန်ထားတတ်ပါသော ဝေ့ကို ကျနော့်ရင်ခွင်ထဲ ဆွဲသွင်းထားချင်စိတ်များ ကျနော် ကျိတ်မှိတ်မြိုချခဲ့ရသည်မှာ အကြိမ်ကြိမ်။

ဝေသည် တစ်ခါတရံ ဂျစ်ကန်ကန်ဆန်လွန်းသည်။ တစ်ခါတရံ လူကြီးတစ်ယောက်နှယ်။ တစ်ခါတရံ ပီဘိကလေးငယ်လေးကဲ့သို့ ဖြူစင်လွန်းလှသည်။ ဝေ့ မျက်နှာကလေးကို ကျနော်မြင်ရလေတိုင်း ကျနော့်နှလုံးသားသည် မြစ်ဆုံဒေသ ဖြစ်သွားတတ်သည်။ ကျနော့် ဦးနှောက်နှင့် အာရုံကြောများတစ်လျှောက် ဝေ့အပြုံးကလေးသာ ၀ဲလည်လျှက်ရှိသည်။

ချစ်ရပါတယ်ဝေရယ်.....

ဖွင့်မပြောဖြစ်ပေမယ့် ကျနော့်ချစ်ခြင်းကို ဝေ့အား သိစေချင်လှသည်။
ကြည်လင်သော ဝေ့မျက်နှာကလေး၊ ဖြူစင်သော ဝေ့ အပြုံးကလေးကို ကျနော်မြင်ရရင် ကျနော့်ရင်ထဲ မြတ်နိုးခြင်းများ အဆုပ်လိုက် အခိုင်လိုက် ပွင့်ကြတယ် ဝေ...
ဝေမသိနိုင်ပေမယ့် ဝေ့အတွက်ရယ်လို့ ရေးခြယ်ထားတဲ့ ကဗျာတွေ ကျနော့်နှလုံးသားနံရံမှာ တစ်ခမ်းတနား ချိတ်ဆွဲလျှက်ပေါ့....
ကျနော်သိပ်ချစ်ရတဲ့ ဟိုးတစ်ပြည်က ချစ်သူကလေးဝေရေ....
တိုက်ခတ်လာတဲ့ လေပြည်များထဲ ကျနော့်ချစ်ခြင်းကို စနစ်တကျ ကျနော် ထည့်သိုပေးလိုက်ပါတယ်...
သစ်ပင်များ ငှက်ငယ်များကိုလဲ ဝေ့ကို ကျနော်ဘယ်လောက်ချစ်ကြောင်း ပြောကြားစေဖို့ သံခင်း တမန်ခင်း စေလွှတ်ပါတယ်...
နံနက်ခင်းရဲ့ ဖူးသစ်စမှာ ဝေ့မျက်နှာကလေးသာ ကျနော် အဦးဆုံး မြင်စမ်းပါရစေ ဝေ...

ဝတ်မှုန်လွှာတို့ ကူးခတ်ချိန်တွင် ဝေ့အပြုံးကလေးကို ကျနော် ထိတွေ့ချင်လှပါသည်။ ကြွေကျလာသော သစ်ရွက်ခြောက်ကလေးများပေါ် နှစ်ယောက်ယှဉ်ထိုင်ရင်း၊ ဝေ့လက်ဖောင်းဖောင်းကလေးကို ကျနော် ဖွဖွကလေး ကိုင်ထားရင်း ဝေ့မျက်နှာ ကြည်ကြည်အေးအေးလေးကို ကျနော် ငေးနေချင်မိသည်။

မတူညီသော ဘ၀ပေး အခြေအနေများ၊ ခါးသီးလှသော ဝေးကွာမှုများကြား ဝေ ကျနော့်အနားရောက်လာမည့်နေ့၊ ကျနော် ဝေ့အနား ရောက်ရမည့်နေ့သည် ကျနော်သွားလိုသော ခရီး၏ အဆုံးသတ်ဘူတာတစ်ခုပင် ဖြစ်သည်။
ဘ၀တွင် ရှင်လူထွက်သောနေ့၊ ထောင်ထွက်သောနေ့၊ မင်္ဂလာဆောင်သောနေ့များသည် အပျော်ဆုံးနေ့များဖြစ်သည်ဟု ဆိုလျှင် ကျနော့်အတွက်တော့ ဝေ့ အချစ်ကို ရသောနေ့သည် ကျနော့်ဘ၀ စသောနေ့ဟုသာ ကမ္မည်းတင်လိုက်ချင်ပါသည်။
ဝေသည် ကျနော့်ကောင်းကင်၏ နှလုံးခုန်သံကလေး ဖြစ်သည်။
ကျနော့် နံနက်ခင်းတိုင်း၏ အာရုဏ်ဦးကလေး ဖြစ်သည်။
ကျနော့် နေ့သစ်တိုင်း၏ ရောင်နီကလေးလည်း ဖြစ်သည်။

တကယ်ပါ
သိစေချင်မိပါတယ် ဝေ
ကျနော်က ကြွေကျလာတဲ့ နာရီများအောက် ဝေ့ နာမည်ကလေးကို အကြိမ်ပေါင်းများစွာ ရွတ်ဆိုရင်း တစ်ခါတည်းပါလို့ ကြွေးကြော်ပြီး သံသရာကို ဝေ့အတွက် အခါခါ လည်ချင်နေခဲ့တဲ့ သူ....။


ဇော်။

Saturday, May 14, 2011

နှုတ်ဆက်ချိန်

အလင်းကို စမြင်ဖူးကတည်းက
ကျနော်တို့ ဆုံခဲ့ကြတယ်
အခု မျက်စိတွေ မမှိတ်ကြသေးပါဘူး
လက်တွေကတော့ အကြိမ်ကြိမ်ပြခဲ့ရပြီ။

ရင်ဘတ်ချင်းတွေ တူညီကြလို့
ကျနော်တို့ လက်ဆွဲနှုတ်ဆက်ခဲ့ကြတယ်
အကြောင်းတရားတွေကြားမှာ
အကျိုးတရားကို ကျနော်တို့ အတူဖွာရှိုက်ခဲ့ကြတယ်
မထင်ပါဘူး မေမေရယ်
လျှောက်နေတဲ့ လမ်းတွေ မတူညီရုံနဲ့
ဝေးကြရပြန်ပြီ... တဲ့။

တစ်ယောက်လဲမဟုတ် နှစ်ယောက်လဲမဟုတ်
လမ်းတွေကို ချဲ့ထွင်ရင်းနဲ့ နှုတ်ဆက်ရဖန်များလာတော့
နေ့တွေက အရင်လို မချိုမြိန်ကြတော့ဘူး မေမေ
ဝမ်းသာပါတယ်
ငြိမ်းချမ်းစွာသွားပါ .... လို့
ပြုံးပြီးပြောရတဲ့ အဖြစ်ကို ကျနော်စက်ဆုပ်တယ်။

ကျနော့်ကို ထားသွားတဲ့သူတွေနဲ့
ကျနော်က ထားခဲ့ရမယ့်သူတွေ
တကယ်ပါ မေမေ
စိုစွတ်နေတဲ့ ကျနော့်မျက်ဝန်းတွေ ခြောက်သွေ့ဖို့
သံယောဇဉ်ကို ကျနော်ထင်းစိုက်ချင်တယ်
တွေ့ဆုံကြုံကွဲဆိုတဲ့ ဝေါဟာရကို အကျအနထုပ်ပိုး
ကျနော် မမြင်နိုင်တဲ့ စကြာဝဠာအမှိုက်ပုံးထဲ
သွားလေရော့ဟယ်ဆိုပြီး ပစ်လိုက်ချင်တယ်။

ဟန်ဆောင်ငွေ့တွေ အူနေတဲ့
နှုတ်ဆက် မီးခိုးတွေကြား
ကျနော် ခေါင်းမူးတယ် မေမေ
နဂိုကတည်းက ပူတတ်လွန်းတဲ့ နွေရာသီမှာ
ဒီနေ့အပူဆုံးမို့
ကျနော် မပြုံးချင်တော့ဘူး
ကံကြမ္မာကို ရိုးမယ်ဖွဲ့ဖို့ကျတော့လဲ
ကျနော်က ဘာကောင်မှမဟုတ်ခဲ့တော့
မေမေရယ်
ကျနော့်နာရီကလေးက ကျနော့်ကိုပြောတယ်
နောက်ဆုံးတော့
မင်းနဲ့ငါသာ လက်တွဲမဖြုတ်တာပါကွာ ... တဲ့။


ဇော်။

( ဤကဗျာကို အကိုကြီး ကိုချမ်း ( ဘလော့ဂါ ချမ်းလင်းနေ) နှင့် အမပွင့် တို့အတွက် အမှတ်တရအဖြစ်မေလ ၁၃ရက် ၂၀၁၁၊ သောကြာနေ့ (ဒူဘိုင်းစံတော်ချိန်) နံနက် ၆နာရီ တွင် ကျနော် ရေးဖွဲ့ခဲ့ပါသည်။)

Wednesday, May 4, 2011

နင်မသိတဲ့ ငါ

လွမ်းလိုက်ရတာ
နွေ နွေချင်းတောင် အကြိမ်ကြိမ်စီးချင်းထိုးခဲ့ပေါ့
ဘယ်ပြက္ခဒိန် စာမျက်နှာကျမှ
ငါတို့ အခမ်းအနားလုပ်ရပါ့မလဲ
လှမ်းမျှော်ကြည့်ရသမျှ
မျက်နှာကို နေထိုးလွန်းတယ်

အဲ့ဒါပဲ ချစ်သူကလေးရယ်
ငါဆိုတာ အကိုင်းအခက်တွေများလွန်းနေတဲ့ကောင်
အညတရပေမယ့်
အိပ်မက်တွေက ရင်ဘတ်နဲ့အပြည့်ပေါ့
၂၄နာရီတွေ စိုပြည်လာတဲ့တစ်နေ့
ဒီတောအုပ်
ဒီမြေကြီးမှာ
ချစ်သူကလေးလက်ကိုတွဲ
ဆုတောင်းပဌနာတွေ ကောင်းကင်အပြည့်ကျဲလိုက်ချင်တယ်
တွဲလက်တွေ ခိုင်မြဲပါစေ။

ဇော်။

Sunday, April 24, 2011

ဆန္ဒ

အမေ့ဆီက ဖုန်းလာပြီးနောက်
အကိုဆိုတဲ့
ငါတို့အိမ် သီချင်းလေး
နားထောင်နေမိတယ်။

လောဘတွေနောက် တကောက်ကောက်လိုက်ရင်း
နေ့တွေ ကြွေနေလိုက်တာများ
သုံးရာသီလုံး အမှောင်ဖုံးတယ်။

ဘယ်လောက်ကြာကြာ အသက်ရှင်မယ်မှန်းမသိနိုင်တဲ့
ဒီအတ္တကမ္ဘာထဲ
ငါ ဘာတွေများ ပိုင်ဆိုင်ခဲ့လို့လဲ။

အမေ့အိမ်ကို လွမ်းတယ်
လတ်ဆတ်တဲ့ ကောက်ပင်နံ့ကိုလွမ်းတယ်
ညီမလေးယက်တဲ့ ဖျင်နီအကျီကလေး သတိရတယ်။

(ဘာပဲပြောပြော)
အမေရယ်
ကျနော် အိမ်ပြန်ချင်တယ်။


ဇော်။

Tuesday, April 19, 2011

ဧည့်သည်

တကယ်ပါကွယ်
ငါ့မှာ ဘာမှမရှိပါဘူး။

မိုးတွေသည်းနေတဲ့ အဲ့ဒီ ညနေမှာ
ကိုယ့်အရိပ် ကိုယ်သယ်
ကိုယ့်ခန္ဒာ ကိုယ်ထမ်းပြီး
လောကခရီး စလျှောက်ရကတည်းက
ငါ့မှာ ဘာမှမရှိခဲ့တာပါ။

တကယ်ပါ
ငါ့မှာ ဘာမှမရှိပါဘူး
ဖြတ်သန်းခဲ့သမျှနဲ့
ရှေ့ဆက်လျှောက်နေဆဲ လမ်းတလျှောက်
ငါ တစ်ယောက်တည်းပါ။

ငါတစ်ယောက်တည်းဆိုမှတော့ကွယ်
အ၀တ်တစ်ထည် ကိုယ်တစ်ခုသာ ရှိချင်တော့တယ်
ထမ်းထားရတဲ့ အတ္တတွေ
လွယ်ထားရတဲ့ လောဘတွေ
ရွက်ထားရတဲ့ မာနတွေ
ခရီးသွား လားတစ်ကောင်တောင်
ငါ့ထက် ပေါ့ပါးပါလိမ့်ဦးမယ်။

ငါ့မှာ ဘာမှမရှိပါဘူးကွယ်
အရေခွံတွေခြုံ
သားမွေးတွေကို အပြိုင်ရုံထားကြတဲ့ အသိုင်းအ၀ိုင်းထဲ
ငါက ဘာမှမရှိတဲ့ အညတရ အမှုန်စတစ်ခုသာ
ရောက်လာသမျှတွေထဲ ပျော်ဝင်ဖို့လဲ ငါမတတ်နိုင်
ပိုင်ဆိုင်နေရသမျှ
မီးတစ်စလို ပူလွန်းရဲ့။

မပြောဘဲလဲ သိကြတဲ့နောက်
ငါ့ကို ခွဲခွါသူများ
ငါက ခွဲရမယ့်သူများ
မငိုကြပါနဲ့ကွယ်
လက်ပြရတဲ့တစ်နေ့
ငြိမ်းချမ်းစွာသွားပါ လို့ ဆုတောင်းကြရအောင်ပါ။

တစ်နေ့ပြီးတစ်နေ့ ကြွေကျတဲ့အခါ
ငါဆိုတာကိုပါ မြေကြီးအောက်မှာ ထားခဲ့ရမှာ
ဖိနပ်တစ်ဖက် ရေတစ်ဗူးတောင် ကိုင်ဆောင်ခွင့်မရှိမှတော့
ဘာတွေကိုများ....
( ........................... )

တကယ်ပါ
ငါ့မှာ ဘာမှမရှိပါဘူးကွယ်...။ ။


ဇော်။

Monday, April 18, 2011

အကယ်၍ နောက်တစ်ကြိမ် လူဖြစ်ခွင့် ကြုံခဲ့ပါလျှင်....

ကျနော်တို့ ၈တန်း နွေကျောင်းပိတ်ရက် အခါသမယတုန်းဆီက ဖြစ်ပါသည်။
ကျောင်းသုံးလပိတ်သော နွေကာလဖြစ်သောကြောင့် ကျနော်တို့ ညီအကိုမောင်နှမတစ်စု.. ဖိုးဖိုးကြီး ဦးဆောင်မှုဖြင့် သာယာဝတီသုံးဆယ်ခရိုင်တွင်းရှိ လက်ပံတုန်းကျေးရွာသို့ ရောက်ခဲ့ကြလေသည်။

ကျနော်တို့ရောက်ခဲ့သောအချိန်သည် ပူပြင်းသော နွေရာသီဖြစ်သည်နှင့်အညီ ရော်ရွက်ဝါများ ကြွေလွင့်နေသည်ကို လမ်းတစ်လျှောက်မြင်နေရသည်။ နေပူပူထဲတွင် သုံးဆယ်မြို့မှ ၅မိုင်ခန့်ကွာဝေးသော လက်ပံတုန်းကျေးရွာသို့ လယ်ကွင်းပြင်တွင် ထော်လာဂျီစီး၍ သွားရသော်လဲ... လမ်းတစ်ဖက်တစ်ချက်စီတိုင်းတွင် ရှိနေသော သစ်ပင်များ၏ အရိပ်သည် အခုခေတ် အဲကွန်းများနှင့်မလဲနိုင်သော အေးမြမှုကို ဖြစ်စေ၏။ သဘာဝသည် လူတို့မဖန်တီးနိုင်သော အမှန်တရားဖြစ်လေသည်။

ထိုအချိန်က ကျနော်တို့ကို ဖိတ်ခေါ်ခဲ့သော ဖိုးဖိုးကြီးတပည့် အိမ်ရှင်မိသားစုသည် လက်ပံတုန်းကျေးရွာနှင့် ၃မိုင်ခန့် ဝေးကွာသော လယ်ထဲတွင် အိမ်ကြီးရခိုင်ဆောက်လုပ်၍ နေထိုင်ကြသူများဖြစ်သည်။ ထို့ကြောင့် ကျနော်တို့ ရွာသို့ရောက်ချိန်တွင် နေ့လည်နေခင်းဖြစ်သော်လဲ ခရီးလမ်းမဆုံးသေးသဖြင့် ကောင်းကောင်းအနားမယူနိုင်ကြပါ။ အသင့်ပြင်ဆင်ထားသော နွားလှည်းဖြင့် ခရီးဆက်ရပြန်ပါသည်။
နွားနှစ်ကောင်ကသော လှည်းသည် ယခုခေတ် ဇိမ်ခံကားများကဲ့သို့ သက်သောင့်သက်သာ မရှိလှပါ။ သို့သော် ကောက်ရိုးများခင်းထားသော နွားလှည်းသည် ဇိမ်ခံကားများကဲ့သို့ စိတ်သန္တာန်၌ လှောင်အိုက်မွန်းကျပ်ခြင်းမျိုးမရှိ။ လတ်ဆတ်သန့်စင်သောလေကို တစ်ဝရှူရင်း လမ်းတစ်လျှောက်တွေ့ရသော လယ်သူမကလေးများ၊ တောင်သူဦးကြီးများကို အော်ဟစ်နှုတ်ဆက်ရင်း၊ ဥသြငှက်ကလေးများ တွန်ကျူးမှုကို နားသောတဆင်ရင်း၊ လှည်းဝင်ရိုးသံ တညံညံဖြင့် ခရီးဆက်ရသည်မှာ အလွန်ပင် စိတ်လွတ်လပ်ဖွယ်ကောင်းလှတော့သည်။

ကျနော်တို့လယ်တဲသို့ရောက်သောအချိန်သည် ညနေစောင်းဖြစ်သောကြောင့် အာကာပြင်၌ အလင်းတို့ ဖျော့တော့စွာ ဖြန့်ကျက်ထားသည်မှာ လောကတစ်ခွင်လုံး ပုဇွန်ဆီရောင် နောက်ခံထားသော ပန်းချီကားတစ်ချပ်နှယ်။ ယဉ်သကို ဆိုသကဲ့သို့ အပျိုဖြန်းလေးပမာ ၀န်းကျင်တစ်ခွင်၌ မခို့တရို့ဖြင့် ဖြာကျနေသော ဆည်းဆာချိန်သည် တစ်နေကုန် ခရီးပန်းသဖြင့် နွမ်းနယ်လာသော ကျနော်တို့အားလုံး၏ ရင်ကို အေးချမ်းသွားစေသည်မှာ ယခုခေတ် အိမ်ပြန်ချိန်များနှင့် လားလားမျှ မဆိုင်ပါ။

အိမ်သူသက်ထား ကြီးဒေါ် ချက်သော ချဉ်ပေါင်းဟင်းရည်ကျဲကလေး၊ ဂွေးသီးထောင်းကလေးနှင့် ဘူးသီးကာလသားချက်တို့ဖြင့် အားပါးတရလွေးရသော ညနေစာထမင်းဝိုင်းတွင် ဗိုက်အင့်လွန်းလှသဖြင့် ကျနော်တို့မောင်နှမများ လမ်းပင်ကောင်းကောင်းမလျှောက်နိုင်ချင်ဖြစ်ရသည်မှာ ယခုခေတ် ဟိုတယ်များတွင် ဟန်ဆောင်ပန်ဆောင် စားရသော ညစာထမင်းဝိုင်းများနှင့် မည်သို့မှ နှိုင်းယှဉ်၍ ရလိမ့်မည်မဟုတ်ပါ။ အညာချက်သည် အလွန်မှ စားမြိန်လွန်းလှပါသည်။

ယာတောတွင်နေထိုင်သောကာလများ၌ အိမ်သူ ကြီးဒေါ်နှင့် သမီးဖြစ်သူ လုံမပျိုလေးတို့ ဆွမ်းထချက်ကြသော နံနက်လေးနာရီကာလများတွင် အအိပ်အလွန်မက်လှသော၊ နေဖင်ထိုးတာတောင် မထချင်အောင် အပျင်းထူတတ်ပါသော ကျနော်တို့မောင်နှမများ အိပ်မှုံစုံမွှား လိုက်ထကြရသည်။ သို့သော် ကြည်လင်လတ်ဆတ်သော နံနက်ခင်းအာရုဏ်ဦးလေပြည်ကလေးကိုများ ရှူလိုက်ရရင်ဖြင့် မကြည်မလင်ဖြစ်နေသော စိတ်များ ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်ကြသည်မှာ နောက်တစ်ခါ ပြန်အိပ်လိုက်ရမည်ကိုပင် နှမြောမိသည်အထိပါပေ။
ထို့နောက် ကျနော်တို့မောင်နှမများလဲ ဖိုးဖိုးကြီး၏ ခိုင်းစေချက်အရ ယာထဲဆင်းဖို့ပြင်ကြရလေသည်။ တကယ်ဆို ကျနော်တို့ လုပ်ဖို့မလိုအပ်ပါချေ။ သို့သော် ကျနော်တို့၏ ဖိုးဖိုးကြီးသည် ကျနော်တို့မောင်နှမတစ်သိုက်အား ပီဘိ တောသားကလေးများအသွင် ကျောင်းပိတ်ရက်ကာလများတွင် ပြောင်းလဲပေးခဲ့ချေသည်။ မည်သည့်ရည်ရွယ်ချက်ဟု မသိရသော်လဲ ကျနော်တို့ အလွန်မှပင် ပျော်ရွှင်ရပါသည်။

နံနက်စောစော ယာတောမှ ထမင်းပူပူကလေးကို ပဲပေါင်းကလေး ဆီကလေးဖြင့်စမ်းကာ နယ်ထားသော ပဲပြုတ်ထမင်းပူကလေးနှင့် ခရမ်းချဉ်သီးထောင်းကလေးကို ရေနွေးပူပူမှုတ်၍ အားပါးတရ လွေးပြီးသကာလ ကျနော်တို့မောင်နှမတစ်စုလုံး အိမ်ကြီးရှင်၏ သားသမီးများဖြင့် လယ်ထဲတွင် ထွန်သူထွန်၊ ကောက်စိုက်သူစိုက်၊ ပေါင်းသင်သူ ပေါင်းသင်၊ ပျိုးနှုတ်သူ နှုတ်ဖြင့် အလွန်မှကို ပျော်စရာကောင်းလှပါသည်။ ကျနော်တို့တစ်တွေကတော့ဖြင့် ဘာမှမလုပ်တတ်သူများ ပီသစွာ အိမ်ကြီးရှင်၏ သားပျိုကလေးများဖြစ်သော အကိုများ ဦးဆောင်မှုဖြင့် နွားကျောင်း ကျွှဲကျောင်းလိုက်ရလေသည်။
ကျနော်တို့နေထိုင်ရာ ယာတော၏ အရှေ့ဘက်တွင် လယ်ကွင်းများ အစီအရီရှိကြသည်။ ယာတောအိမ်၏ အ၀င်ဝတွင် တောင်ကဲ့သို့ မိုးထိုးမတတ် စုပုံထားသော ကောက်ရိုးပုံအမြင့်ကြီးရှိလေသည်။ ထိုကောက်ရိုးပုံကြီးဘေး၏ တလင်းပြင်၌ စပါးနယ်သော စပါးလှေ့သော နေရာရှိရကား ပုံထားသောစပါးပုံကြီးမှာလဲ တောင်ပူစာကြီး တစ်ခုကဲ့သို့ဖြစ်နေသည်။ ထိုကောက်ရိုးပုံနှင့် တလင်းပြင်မှာ ကျနော်တို့ မောင်နှမများ အဆော့လွန်ရာ ဌာနီများလဲဖြစ်သည်။ ကောက်ရိုးပုံပေါ် တက်ဆော့ရသောအချိန်များ တလင်းပြင်တွင် ပတ်ပြေးနေရသော အချိန်များသည် ယခုခေတ် ဂိမ်းဆိုင်များတွင် ဂိမ်းတိုက်နေရသည်နှင့် လားလားမျှမတူညီပါ။ အညောင်းအညာမမိသည့်အပြင် မျက်စိလဲ မကိုက်ပါ။ ပိုက်ဆံလဲမကုန်ပါ။ အချိန်လဲအလွန်အကြူး မကုန်ခဲ့ပါ။ မည်သို့မှ မတူညီနိုင်သော လွတ်လပ်မှုမျိုးပင်။

ညနေစောင်းအချိန်များတွင် ယာတောအိမ်၏ အနောက်ယွန်းယွန်း တစ်ပြလောက်အကွာအဝေးတွင်ရှိသော ရိုးချောင်းကလေးသို့ ကျနော်တို့ ကျွဲရေချိုးဆင်းကြသည်။ ချောင်းထဲသို့ ကျွဲကြီးစီး၍ဆင်းပြီး ပစ်ဆော့ရသည်မှာ အလွန်ပျော်ရွှင်စရာကောင်းလှသည်။ ကျွဲများကို ချောင်းထဲသို့မောင်းနှင်လာသော လမ်းပေါ်တွင် ဖရဲခင်းများရှိသည်။ ဖရဲသီးများ မြေပြင်ပေါ်တွင် အစီအရီ လဲလျောင်းနေကြသည်မှာ အစိမ်းရောင်ခေါင်းအုံးများ စီချထားသည့်အလား အလွန်မှ ကြည့်ကောင်းလှသည်။ အရွက်များအောက်မှ ဖရဲသီးများကို ဆွတ်ယူ၍ လက်မောင်းဖြင့် ပြင်းပြင်းခုတ်ပြီး အားရပါးရကိုက်စားရင်း ကျွဲစီးရသည်မှာ မည်သို့မှ မမေ့နိုင်သော အရသာပင်။ ထို့နောက် ကျွဲပေါ်ထိုင်ရင်း ရသမျှ သီချင်းများ သူ့ထက်ငါ အပြိုင်အဆိုင် အလုအယက်အော်ဟစ်သီဆိုကြရင်း ညနေဆည်းဆာနေခြည်နွေးနွေးတွင် ချောင်းရိုးထဲဆင်း၍ ကျွဲများဖြင့်အပြိုင်ဆော့ကစားရသော နေ့ရက်များသည် ကျနော့်အတွက် ညစဉ်မက်သောအိပ်မက်များပမာ။

ညဦးတွင် လူကြီးများစကားဝိုင်း၌ ရှေ့ဖြစ်နောက်ဖြစ်များ နားထောင်ရင်း၊ အမ လုံမပျိုကလေး ဗိုင်းငင်သည်ကို ကြည့်ရင်း၊ အိမ်သူ ကြီးဒေါ်၏ ပေါင်ပေါ်ခေါင်းအုံးရင်း ကောင်းကင်ကျယ်ကျယ်ကြီးကို ကြည့်ရသည်မှာ အလွန်မှ စိတ်ချမ်းသာစဖွယ်ကောင်းလှသည်။ ကောင်းကင်ကျယ်ကျယ်ကြီးရှိ မောင်ရင်ဆိုင်းထမ်းကြယ်ကလေးများ၊ လင်းလင်းလက်လက်ဖြင့် ရောင်ဝါထုတ် မျက်နှာချီနေသော ကိုရွှေဓူဝံကြယ်၊ အပျိုကလေး ယိမ်းနွဲ့ဟန်ဖြင့် ကပြ ဖျော်ဖြေနေသော ခုနှစ်စဉ်ကြယ် မောင်နှံများ၊ သူတို့နှင့် ခပ်လှမ်းလှမ်းတွင်တော့ ဦးဖိုးလမင်းကြီး၏ တစ်လောကလုံး ငါလွှမ်းခြုံထားသည်ဆိုပြီး ၀င့်ဝင့်ကြွားကြွားဖြစ်နေလိုက်ပုံများ ရှင်ဘုရင်ကြီး ဗိုလ်ရှုသဘင် ခံနေသည့်နှယ်ပင်။

လက်ဖက်ပန်းကန်လေးချ ရေနွေးကြမ်းအိုးလေးတည်ရင်း ယာတောနီးနားချင်းတောင်သူဦးကြီး ဒေါ်ကြီးများ၏ ရှေ့ဖြစ်နောက်ဖြစ်စကားများကို နားထောင်းရင်း ခံစားရသော ညဥ့်ဦးသည် မြို့ပြညဉ့်ဦးများနှင့် မည်သို့မျှမယှဉ်နိုင်သော ငြိမ်းချမ်းမှု ရသကိုပေးစွမ်းနိုင်လွန်းသည်။ ညဥ့်ဦး၏ လေအေးအေးလေးများ၊ ယာတောဘေးရှိ ဆိတ်ဖလူးပင် သနပ်ခါးပင် ညမွှေးပင်တို့မှ သင်းပျံလာသော ရနံ့များ၊ ကြည်လင်၍ ဆိတ်ငြိမ်သော ၀န်းကျင်တို့ဖြင့် ယာတော၏ ညသည် အပျိုမကလေး မျက်လွှာချသကဲ့သို့ ငြိမ်သက်၍ အိနြေ္ဒရလှသည်။ ထိုသို့အချိန်များကို ကုန်စေကြပြီးနောက် ခုနှစ်စဉ်ကြယ် အမြီးမထောင်ခင် ဦးကြီးဒေါ်ကြီးများ နှုတ်ဆက်၍ ပြန်ကြသောအခါ ကျနော်တို့အိမ်သားများလဲ ဘုရားဝတ်တက်ပြီးနောက် ကိုယ်စီ အိပ်ယာဝင်ခြင်းဖြင့် ညကို နှုတ်ဆက်ရသည်မှာ အလွန်မှ စိတ်ကြည်လင်ဖွယ်ကောင်းလှတော့သည်။

ကျနော်တို့ နွေကျောင်းပိတ်ရက် သုံးလတာ ကာလများသည် အလွန်မှ စိတ်ပျံ့ဆွတ် ကြည်နူးဖွယ်ကောင်းလှပါသည်။ သင်္ကြန်ရက်များအတွင်း ရွာဘုန်းကြီးကျောင်းသွား၍ လုပ်အားပေးခြင်းများ၊ လပြည့်လကွယ်ရက်များတွင် ယာတောနှင့် နှစ်မိုင်ခန့်ဝေးသော တောင်ပေါ်ရှိ ဘုရားကလေးသို့ လှည်းများကိုယ်စီဖြင့် ဘုရားဖူး ထွက်ရခြင်းများ၊ ကျန်သောနေ့ရက်များတွင် တောင်သူအလုပ်များ ကူလုပ်ပေးခြင်းများ၊ အမ အပျိုကလေးများဖြင့် ဟင်းရွက်ခူး ပန်းခူးထွက်ခြင်း၊ အကိုလူပျိုကာလသားများဖြင့် လူပျိုလှည့်ခြင်း၊ မာလကာပင်ပေါ်အပြိုင်တက်ကြခြင်း၊ ဒီဒိုးဥ အပြိုင်တူးကြခြင်း၊ နွားနို့ညှစ်ခြင်း၊ နွားစာ ၀က်စာပြင်ဆင်ကြခြင်း၊ ကန်သင်းရိုးတစ်လျှောက် တုတ်တစ်ချောင်းဖြင့်ရမ်း၍ သီချင်းတစ်ကြော်ကြော်အော်ရင်း ယာတောအိမ်သို့ပြန်ရသော ညနေခင်းများ။
ကျနော် သိပ်ချစ်ပါသည်။ တသသ အမှတ်ရနေမိသည်အထိ သိပ်ကို မြတ်နိုးမိရသော ကျနော်၏ ကျောင်းပိတ်သော နွေရက်များ ဖြစ်ခဲ့ဖူးပါသည်။

အကယ်၍ ကျနော်သည်သာ နောက်တစ်ကြိမ် လူဖြစ်ခွင့် ကြုံခဲ့ရသည်ရှိသော်.....။


ဇော်။

( ဤစာမူသည် ဧပြီလ ၁၂ရက် ၂၀၁၁ခုနှစ် အင်္ဂါနေ့တွင် ကျရောက်ခဲ့သော ကျနော်၏ စာရေးခြင်းသက်တမ်း ၂နှစ်ပြည့်အတွက် အမှတ်တရအဖြစ် ရည်စူးပါသည်။)

Sunday, April 17, 2011

ကျနော်နဲ့ နေရာ

စပါးနှံတွေ မသီးပွင့်တဲ့
လယ်ကွင်းတွေ မရှိတဲ့
ဟီရိသြတပ နားမလည်တဲ့ အရပ်ဒေသက
ဇိမ်ခံပစ္စည်းတွေကြား
ပကာသန အငွေ့အသက်တွေ
ဟန်ဆောင်ပန်ဆောင် အသုံးအနှုန်းတွေ
ဝတ္တရားကျေ အပြုံးတွေ
ကျနော် လူမဖြစ်ချင်တော့ဘူး

အသက်မပါတဲ့ အစဉ်အလာတွေနဲ့
အေးစက်စက် ပွေ့ဖက်မှုတွေကြား
ကျနော်မပျော်ပါဘူးဗျာ
အိမ်ပြန်ရက်ကိုသာ လက်ချိုးရေနေခဲ့မိတာ

အများသူငါ အားကျနေတဲ့ နေရာမှာ
ခက်ခက်ခဲခဲ အသက်ရှူနေရတယ်
လူတစ်ချို့ ဂုဏ်ယူတတ်ကြတဲ့ အမိုးအကာအောက်
စားနေရတဲ့ ထမင်းလုတ်တောင်
ကျနော် မြိုမကျဘူး

ပကာသနနဲ့ လက်လက်ထနေတဲ့
အစွယ်ထွက်ဘီလူးတွေကြား
နံနက်ဖြန်အကြောင်းတွေးလိုက်မိတိုင်း
သက်ပြင်းမောနဲ့ကျနော်
နှစ်ကိုယ့်တစ်စိတ် ဖြစ်လို့...

ကိုယ့်နေရာမဟုတ်တဲ့ဒေသမှာ
သူတို့ပျော်နေတာ မြင်ရတော့
ဒေါင်းယောင်ဆောင်သော ကျီး ဥပမာကို
ကျနော် သတိရတယ်

မေမေ
တကယ်ဆို
ကျနော်တို့အရပ်မှာ
သဘာဝတွေ ပေါပါတယ်
လတ်ဆတ်ခြင်းတွေ လှိုင်လှိုင်ထရင်း
ရိုးသားဖြူစင်မှုတွေ ဆယ့်နှစ်ရာသီ အခိုင်လိုက် ပွင့်ကြတယ်
ပြောရင်းဆိုရင်းပါပဲ
မေမေရယ်
ကျေးတောနံ့ကို ကျနော် ချဉ်ချင်းတပ်မိတယ်

တကယ်ပါ မေမေ
မိဘဆိုတဲ့ ထမ်းပိုးသာ ကျနော့်ပခုံးထက် ရှိမနေခဲ့ရင်
ကျနော်ဆိုတာ
အမိမြေမှာသာ မြေကြီးဖြစ်ချင်ခဲ့တဲ့ကောင်။

ဇော်။

Tuesday, April 12, 2011

ငါ့အတ္တ

ငါ ဦးသန့် ထက်
သူ့နိုင်ငံ သူ့လူမျိုးအတွက်
လူမိုက်လုပ်ခဲ့တဲ့ ဟစ်တလာ ကို
ပို သဘောကျတယ်....

ငါ သခင်အောင်ဆန်း ထက်
သူတို့လို မျိုးချစ်လူငယ်တွေကို
မွေးထုတ်ပေးခဲ့တဲ့
သခင် ကိုယ်တော်မှိုင်း ကို
ပို လေးစားတယ် ...

ငါ မင်္ဂလသုတ် ထက်
ကိုးခန်းပျို့ကို
ပို နှစ်သက်တယ်

ငါ လွန်းထားထား ၀တ္ထုတွေ ထက်
မြန်မာ့လူနေမှု ဘ၀ကို သရုပ်ဖော်တဲ့
တက္ကသိုလ် ဘုန်းနိုင် ၀တ္ထုတွေကို
ပို ကြိုက်တယ်

လူတွေအတွက်
ကိုးကွယ်ယုံကြည်ရာဟာ ဘုရားဆို
ငါ့အတွက်
အမေဟာ ဘုရား ..

သိဝိမင်းကြီးအတွက်
ဥမ္မာဒန္တ္တီဟာ အလှဆုံးဆိုရင်
ငါ့အတွက် ငါ့ချစ်သူက အလှဆုံး ...

ငါ လူအ တစ်ယောက်
ဒါပေမယ့် ငါ့ကိုယ်ငါ မြန်မာလို့ထုတ်ဖော်ပြောဖို.
ဘယ်တော့မှ မရှက်ဘူး...


နောင်ရိုးမြတ်

Monday, April 11, 2011

ပိုးစားခံနေရသော ရင်ဘတ်တစ်စုံ

ပိတောက်တွေ မဖူးကြတော့တဲ့အကြောင်းက ရိုးရိုးလေးပါပဲ

ဝန်းကျင်မှာ အစိမ်းရောင်အစား အဆီပြန်အငွေ့အသက်တွေ

မှိုစော်နံ စက္ကူတွေ ပလူပျံနေခဲ့ပြီ

ဟိုနေ့က သင်္ကြန်အကြောင်းပြောကြတော့

သူငယ်ချင်းရယ် _______ ငါ ရင်နာတယ်....။

ငွေဖလား ... သပြေခက်နဲ့ မြို့မငြိမ်းသီချင်းတွေထက်

အတွင်းခံပေါ်ယဉ်ကျေးမှု၊ အရက်စော်နံ အငွေ့အသက်တွေ

ဒီခေတ်ကြီးမှာ မြန်မာဖြစ်ရတာ ငါ သိမ်ငယ်မိတယ် သူငယ်ချင်း

စောင့်လေမျိုးနွယ်ဆိုတာလောက်ကိုမှ

နားမလည်ကြတော့တဲ့ မိန်းမတွေ

အမျိုးကောင်းသားဆိုတာကို ရေးရေးမှ

မသိကြတော့တဲ့ ယောက်ျားတွေ

သူငယ်ချင်းရေ

နင်ပြောခဲ့သလိုပေါ့

ကမ္ဘာမပျက်ရင်တောင် မြန်မာပျက်တော့မယ်ကွာ

ဂုဏ်တော်ကိုးပါး မသိသူတွေ

ထေရ၀ါဒ မကြားဖူးသူတွေ

ပင်နီကို မမြင်ဖူးသူတွေ

ယဉ်ကျေးသိမ်မွေ့မှု ဆိုတာကို နားမလည်ကြတော့သူတွေ

သူငယ်ချင်းရယ် ____________ တွေးမိလေတိုင်း

(တော်ပြီဟာ .... ဆက်မရေးချင်တော့ဘူး)

မြန်မာပြည် အသက်ရှည်ပါစေ...။


ဇော်။

Sunday, April 10, 2011

ကိုယ်နဲ့ ပွဲတော်

တသသနဲ့ လွမ်းမောလိုက်ရတာ
ဘာနဲ့မှကို မတူဘူး
ကိုယ်မသိတဲ့ နွေဦးလေပွေထဲ
အတာရေတွေ စိုစွတ်နေတယ်
ပိတောက်ငွေ့တို့ လှိုင်လှိုင်ထချိန်
ဧပြီတွေ ခုန်ပေါက်နေကြတယ်

မေမေရေ
သူများတွေ ပြောနေကြတဲ့ သင်္ကြန်ဆိုတာ
ကျနော့်အတွက် ခွက်ပုန်းခုတ်နေချိန်နဲ့တူတယ်
ဘုံဆိုင်ထဲက မီးတောက်အရက်လို ရေရောမှ ဖြစ်မယ့်အမျိုး

ဘယ်သူမှ ဂရုပြုမိမှာ မဟုတ်ပါဘူး
ဒါပေမယ့်
ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်သိနေရတာကိုက
ပဒိုင်းသီးကိုင်ထားရသလို
စုပ်လဲဆူး စားလဲရူးနဲ့

လောကတလင်းပြင်ထဲ
ရာသီချိန်မဟုတ်ပါဘဲ ပွင့်ဖို့ကြိုးစားနေမိတဲ့ ပန်းရိုင်းလို
ကျနော့်သစ်ရွက်တွေ တဝေါဝေါလှုတ်ခတ်
မေမေ့ရင်ခွင်ကို တခုတ်တရ လွမ်းတယ်...။

ဇော်။

Friday, April 8, 2011

နေမထွက်သောနေ့

နံနက် အာရုဏ်ဦးပါ
အလင်းရောက်မလာခဲ့ဘူး

တရွေ့ရွေ့သွားနေတဲ့ စက္ကန့်တံနဲ့အတူ
မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တဲ့ အရာတွေ ရှိတယ်
ငါ ရင့်ကျက်သင့်ပြီ

မေမေ
အမှားအယွင်းတွေထဲ
နာကျင်မှုနဲ့ ကျနော် ၀င်တိုက်မိလေတိုင်း
ကောင်းကင်တစ်ဖက်စွန်းက
မေမေ့ရင်ခွင်ကို အရှင်လတ်လတ် ငတ်မွတ်ရတယ်

မာယာဗလပွနဲ့
လောကတောနက်နက်ထဲ
ကျီးလန့်စာစား ဖြစ်နေရသမျှ
မေမေ
ကျနော် အိမ်ပြန်ချင်တယ်...။


ဇော်။

Saturday, April 2, 2011

မုယောပွင့်လေး မျက်နှာလွှဲချိန်

မွန်းကျပ်လိုက်တာ
လေထုထဲမှာများ အောက်ဆီဂျင်လျော့နည်းနေခဲ့လား
ရေနစ်သူလို မရေမရာ ဖမ်းဆုပ်မိသမျှ
ကိုယ့်အတ္တတွေပဲ ကိုယ် ပြန်ပြန်ရနေတယ်

နွေရေ
ငါ့ရင်ဘတ်တွေ ဟုန်းဟုန်းတောက်နေပြီကွာ
မစိုက်ပျိုးသင့်တဲ့ရာသီမှာ
ငါ တစ်ယောက်တည်း ထွန်းရေးငင်နေမိခဲ့တာ
ပျိုးကျဲမိသမျှထဲ
သူ့အမုန်းတွေပဲ သီးပွင့်လွန်းနေတယ်

တဆိတ် နွေရယ်
ခပ်ဝေးဝေးမှာ ပူစမ်းပါ
ဒီကောင့်ရင်တွေ လောင်မီးကျနေလို့။


ဇော်။

Thursday, March 31, 2011

ထိုနေ့မတိုင်မီ.....

ပုံမှန်လည်ပတ်နေတဲ့ နေ့တွေ
တဖြည်းဖြည်း ဟောင်းနွမ်းလာတယ်
ရှူနေရတဲ့ လေတွေကလဲ ညစ်ညမ်းတယ်
စိတ်တွေကလဲ ညစ်နွမ်းတယ်
လမ်းမှားမလိုက်ဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းရင်းက
ဝန်ရိုးတစ်ပတ်ပြီး တစ်ပတ် လည်ခဲ့ပြန်တယ်
တရွေ့ရွေ့ခရီးနှင်ရင်း
မသိလိုက်မသိဖာသာနဲ့ တဖြည်းဖြည်းနီးလာခဲ့ပြီ
ဒီနေ့လား ____ နံနက်ဖြန်လား
ရှင်သန်ထမြောက်ရာကျမ်းထဲကလို
ကမ္ဘာအနှံ့အပြားမှာ
ဖြစ်ခြင်းပျက်ခြင်းတွေ တန်းစီနေလေရဲ့
တရားစီရင်သောနေ့ဆိုတာ
ငါလဲ မသိဘူး၊ သူလဲ မသိဘူး
ဘယ်သူမှလဲ မသိကြဘူး
ဝေးဝေးကို မကြည့်ပါနဲ့ဦးကွယ်
နံနက်ဖြန်အတွက်
ဒီနေ့တွေကို တန်ဖိုးရှိစေချင်တယ်
ငါ ဘာတွေလုပ်ပြီးပြီလဲ
ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်မေးနေရတာကိုက
ခရီးမတွင်ဖြစ်နေရတယ်
အသက်တစ်ခါရှူ ၊ တစ်ခါထုတ်
ငါ့အတ္တတွေ ငါပြန်ဆုတ်မယ်
အဲ့ဒီနေ့မတိုင်မီ
ငါ့ထမ်းပိုး ငါအရင်ဖြိုရမယ်
မျက်စိစုံမှိတ်
ငြိမ်သက်ခြင်းမှာ ငြိမ်သက်ရင်း
ဝင်သက်ထွက်သက်ရဲ့အောက်
နေမ၀င်ခင်
ငါ အိပ်တန်းတက်ခွင့်ရချင်တယ်.......

ဇော်။

Wednesday, March 16, 2011

ကျနော့်တွင် ပန်းလေးတစ်ပွင့် ပွင့်လေပြီ။

ကြိုတင်မျှော်လင့်ထားခြင်းမရှိပါဘဲ ထိုနေ့က သူ ကျနော့်ကို စကားပြောခဲ့သည်။ ကျနော် ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော အခန်းကဏ္ဍတွင် ကျနော် ရုတ်တရက် သူနှင့် ခလုတ်တိုက်မိခဲ့ဖူးပါသည်။ ထိုသို့ဖြင့် သူ ကျနော့်အနားရောက်လာခဲ့သည်။

နေ့တွေနှင့် အရောတ၀င်နေလေ့မရှိသော ကျနော် ထိုနေ့က အမှတ်တမဲ့ ရင်ခုန်ခဲ့ဖူးပါသည်။ သူသည် ပါးဖောင်းဖောင်းလေးနှင့် အလွန်တရာ ချစ်စဖွယ်ကောင်းနေခဲ့သည်။

" မြင်မြင်ချင်း ချစ်မိတယ်ဆိုတာကို ကျနော် မယုံကြည်ဘူးဗျ "

ကျနော် ကြွေးကြော်ခဲ့ဖူးသော စကားလုံးအချို့ ကျနော့်ကို ဟားတိုက်ရယ်မောနေကြသည်။ သူသည် ကျနော့်အတွက် စံပယ်တစ်ပွင့် ဖြစ်သည်။
ငြိမ်ငြိမ်သက်သက်နှင့် မာနကြီးလွန်းသူ၊
ပျောင်းနွဲ့သိမ်မွေ့စွာ စကားဆိုတတ်သူ၊
လူကြီးဆန်ဆန်နေတတ်သူ၊
တစ်ခါတရံ မှုန်ကုတ်ကုတ်ဖြင့် ရှိနေတတ်ပါသောသူ၊

" ကျနော် ခင်ဗျားကို မိစံပယ်လို့ ခေါ်ပါရစေ ... ချစ်သူ "

ကျနော့် အိမ်ဘေး မြေနီလမ်းလေးတွင် စံပယ်တွေ ကျနော်စိုက်ခဲ့ဖူးပါသည်။ အခု ကျနော့်နှလုံးသား မြေနီနီပေါ်တွင် မိစံပယ် နေရာယူလေပြီ။

" ခင်ဗျားကို ကျနော် မချစ်ချင်ပါဘူးဗျာ "

ကျနော့် သံဓိဌာန်တစ်ချို့ ရနံ့တွေရဲ့ ထုံမွှန်းမှုအောက် ပျက်ပြယ်သွားခဲ့သည်မှာ ရက်ပေါင်း သုံးဆယ်ရှိခဲ့ပြီ။
သူ့မျက်ခုံးနက်နက်လေးတွေထက် ကျနော် ခိုတွယ်ချင်သည်။
သူ့နှုတ်ခမ်းထူထူများကို ကျနော် ပန်းချီဆွဲချင်သည်။
ကျနော့်မြတ်နိုးမှုသည် တစ်စစ နက်ရှိုင်းလာသည်။
သူ့ကို ကျနော် အလွန်ချစ်ပါသည်။

" ခင်ဗျားအခုနေ ဘာလုပ်နေမှာပါလိမ့် "

ကျနော် တမ်းတမ်းတတ သတိရမိပါတယ် မိစံပယ်။
ကောင်းကင်ဟာ ရောင်နီကို သယ်လာသလို ....
အိမ်ခေါင်းရင်းမှာ စံပယ်တွေ လှိုင်နေသလို...
လက်ဆေးမိုးတွေ တစ်ဖြိုက်နှစ်ဖြိုက် ရွာနေသလို...
ကျနော် သိပ်ကို သတိရမိပါတယ်။

သတိရခြင်းတွေကိုသာ စာတစ်ပုဒ်ဖွဲ့သီရရင် သူ့နာမည်တစ်ခုသာ ကျနော်ရေးတတ်တော့မည်ထင်သည်။

" ခင်ဗျားက ကျနော့်ရဲ့ စာအုပ်လေးတစ်အုပ်ပါ မိစံပယ် "

တိုးတိတ်ညင်သာ စကားပြောလေ့ရှိသော သူ့ကို ကျနော် ခနခန ငေးကြည့်ခဲ့မိဖူးပါသည်။
တစ်ခါတရံ သစ်ရွက်ကလေး တစ်ရွက်နှင့် တူသည်။
တစ်ခါတရံ ပီဘီကလေးငယ်လေးတစ်ယောက်ပမာ။
တစ်ခါတရံ ဆီဇာဘုရင်ကြီးကဲ့သို့ ရင်ကော့ခေါင်းမော့ပြချင်နေပါသေးသည်။
မည်သို့ပင်ဆိုစေ သူသည် ကျနော့်ရှေ့တွင် ယုန်ငယ်လေးပမာ အလွန်အပြစ်ကင်းလှသည်။

" ခင်ဗျား ဘာလို့ ချစ်ဖို့ကောင်းနေတာလဲဟင် "

ကျနော့်မေးခွန်းတိုင်းကို မသိချင်ယောင်ဆောင်တတ်ပါသော သူ့ကို ကျနော်ပို၍ မြတ်နိုးရပါသည်။ ကျနော့် မြေရိုင်းရင်တွင် စံပယ်တွေ အုံနှင့်ကျင်းနှင့် ပွင့်လေသည်။

ကျနော့်ဘ၀တွင် စိတ်အချမ်းသာဆုံး အချိန်တစ်ချို့မှာ သူနှင့်အတူ ဘုရားရှိခိုးရသော ကာလများဖြစ်သည်။ ကျနော်တို့ တစ်ပတ်တွင် တစ်ရက် သတ်သတ်လွတ် အတူစားသည်။ ညအိပ်ယာဝင်ခါနီးတွင် ဘုရားအတူရှိခိုးသည်။ ရုပ်ရှင်အတူကြည့်သည်။ စာအုပ်အတူ ဖတ်သည်။ စာအတူ ကျက်သည်။ အချိန်တူ အိပ်ယာဝင်လေ့ရှိသည်။
ထို့သို့ဖြင့် ကျနော့်နေ့ရက်များ အလွန်တစ်ရာ ခမ်းနားလှပလွန်းခဲ့ပါသည်။

" ပြန်လာခဲ့ပေးပါ မိစံပယ်.... ကျနော့်ကို ထားမသွားပါနဲ့ဗျာ.... ပြန်လာနိုင်အောင် ကြိုးစားပေးပါ... "

ကျနော် သူ့ဆီမှ တစ်ကြိမ်တစ်ခါသာ လှိုက်လှုက်လှဲလှဲ တောင်းဆိုခဲ့ဖူးပါသည်။ ကျနော့် စံပယ်ပန်းကလေးနှင့် ဝေးကွာရမှာကို ကျနော် အလွန် တွေးပူမိပါသည်။

" သြော် .. ခင်ဗျားကို ဆုံးရှုံးရမှာ ကျနော်သိပ်ကို စိုးရိမ်မိရပါတယ် မိစံပယ်ရယ်... "

ကျနော် သူ့ကို သိပ်ချစ်ပါသည်။
မြတ်နိုးလွန်းရပါသည်။
ကျနော် စိုက်ပျိုးခဲ့သော ပန်းလေး မိစံပယ်ကို ညင်ညင်သာသာ နမ်းရှိုက်ချင်ပါသည်။
ကျနော့်တွင် ရှိသော မြတ်နိုးရမှုများအားလုံး သူ့တစ်ယောက်တည်းသာ ကျနော် ဆင်မြန်းပေးချင်ပါသည်။

" ကျနော် ခင်ဗျားကို သိပ်ချစ်ရပါတယ်ဗျာ... "

ကျနော့်တွင် ထိုစကားတစ်ခွန်းတည်းသာ ပဲ့တင်ထပ် ကျန်ရစ်နေပါတော့သည်။
ကျနော် ထိုစကားတစ်ခွန်းဖြင့် နံနက်ဖြန်ကို ခရီးဆက်ပါဦးမည်။
စံပယ်သည် ကျနော့်နှလုံးသား မြေနီနီတွင် ဖြူစင်စွာ တည်ရှိနေခဲ့ပြီး ဖြစ်သည်။

ဇော်။

( ဤစာမူကို ကာယကံရှင်များသာ သိသော အထိမ်းအမှတ်တစ်ခုအား ရည်ရွယ်၍ ကျနော်ဖွဲ့သီပါသည်။ )

Monday, March 14, 2011

မတ်လ ၁၃ ...

ကမ္ဘာကြီးက နွေဥတုကို အခုမှ ခြေစလှမ်းတာပါ
ကိုယ့်အတွက်ကတော့ ပူလွန်းနေတယ်...
လွင့်ပျံလာတဲ့ လေတွေထဲ
ရနံ့တွေက ခါးသက်သက်နဲ့..
တကယ်ဆို ...... ကိုယ် အသက်ရှူ မ၀ဘူး...

ကိုယ်ကဘဲ မှားယွင်းနေတာလား...
သူတို့ကဘဲ တစ်ဖက်စွန်းနေတာလား....
ဟင့်အင်း..... မပြောတော့ပါဘူး.....
ဖြေရှင်းခွင့်မရှိတဲ့နောက်
ကိုယ့်စကားလုံးတွေ ကိုယ်ချွေတာလိုက်တယ်..
ကိုယ်ကိုယ်တိုင်က အရှိတွေနဲ့
အတော်အတန် လွဲခဲ့မိမှတော့
တိတ်တဆိတ်ပဲ ငြိမ်ဖြစ်ခဲ့တော့တယ်....။

ဂရုစိုက် သတိပြုနေတဲ့ကြားက
ကိုယ့်လက်ထဲက တံစဉ်သွားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်ရှခံနေရတာ
အတော်ဆိုးရွားတယ်...
ကိုယ်မသိဘဲ စိုက်ပျိုးမိခဲ့တာတွေ
ဒီနေ့ ကိုယ်ပြန်ရိတ်သိမ်းရတော့
ကိုယ် နာကျင်လိုက်ရတာ...
မျက်ဝန်းမှာတောင် ရေလျှံတယ်......။

စိတ်မပူပါနဲ့ကွယ်...
အခု .. ကိုယ်ပြုံးနေပါတယ်.....
နှစ်နှစ်ခြိုက်ခြိုက် ကိုယ် ပြုံးပြလိုက်ပါတယ်.....
ဒါပေမယ့်
အသက်မပါဘူး....။

ဒီတစ်ကြိမ်ဟာ နောက်ဆုံးဖြစ်ပါစေ....
ကိုယ်တိုးတိုးတိတ်တိတ် ၀တ်ပြုမိတယ်...
ကိုယ့်ဆုံးဖြတ်ချက်တွေအတွက် .. ကိုယ်ရဲရင့်ပြရဦးမယ်..
ကိုယ်ဆိုတဲ့ကောင်က .. ကိုယ်တိုင်သာ အသုံးမကျတာ...
ဝေဖန်ထိုးနှက်ချက်တွေကိုတော့ .... တူးတူးခါးခါး သပိတ်မှောက်ချင်တဲ့ကောင်...
ကိုယ် အနူးအညွတ်တောင်းပန်တယ်....
စာမျက်နှာတွေကို အသစ်တစ်ဖန် ပြန်ဆန်းစစ်မယ်...

ပြောခဲ့ဖူးသလိုပါဘဲ...

ဘယ်သူ့ကိုမှ .. ဘယ်တော့မှ အပြစ်မတင်တော့တဲ့သူ ဖြစ်ချင်တယ်....။

ဇော်။

( ဒီနေ့ .. ရုံးမှာ အဆူခံရတယ်ဗျာ... ဖြစ်တတ်ပါတယ်.. ဒါပေမယ့် ကျနော် ထိထိခိုက်ခိုက် နာကျင်တယ်...။ )

Sunday, March 6, 2011

တစ်နေ့ ... ကျနော့်တွင် ချစ်သူ ရှိလာသော အခါ .........

ရာသီဥတု သာသာယာယာရှိသော တနင်္ဂနွေပီသစွာ ဆည်းဆာ၏ ဖြန့်ကျက်ထားသော အလှက ရွှေအိုရောင် တောက်ပလွန်းလှသည်။ ညင်ညင်သာသာ ပြေးလွှားဆော့ကစားနေသော လေပြည်တို့ လှုတ်ခတ်မှုကြောင့် သစ်ရွက်တို့ ယိမ်းနွဲ့နေကြသည်။ ငြိမ်သက်တိတ်ဆိတ်စွာ လှုပ်ရှားနေကြသော လူနည်းစုလေးကြောင့် ၀န်းကျင်တစ်ခို၌ ဆိတ်ညံခြင်းတို့ အတိပြီးလေ၏။ ဆည်းလည်းသံ လေတိုးသံမှ အပ ဆူညံခြင်း အလျဉ်းမရှိ။

အရိပ်တကာ အရိပ်တို.တွင် ဘုရားရိပ် တရားရိပ် လောက်အေးမြလွန်းသော အရိပ်သည် တစ်လောကလုံးတွင် ရှိလိမ့်မည် မဟုတ်ဟု တွေးနေမိသည်။

တကယ်ဆို သူ အိမ်ပြန်ချင်လှပြီ။ ရက်သတ္တပတ်အတွင်း စာမေးပွဲရှိသဖြင့် ညက အိပ်ယာဝင်နောက်ကျခဲ့ခြင်းကြောင့် သူ အိပ်ချင်စိတ် ဖြစ်နေရသည်။ ထို့ပြင် ရွှေတိဂုံဘုရား တနင်္ဂနွေ သန့်ရှင်းရေးအသင်းနှင့်အတူ ဘုရားကုန်းတော်တစ်ခုလုံးအား တံမြက်လှည်းခြင်း၊ ကြမ်းတိုက်ခြင်း၊ ပန်းအိုးလဲခြင်း၊ ပန်းအိုး သောက်တော်ရေခွက်များ ဆေးရခြင်းတို့ကြောင့် သူ ပင်ပန်းနွမ်းနယ်နေရသည်။ မေမေ့အတွက်ဟု ရည်စူး၍ ကျောင်းကိစ္စ၊ လူမှု အသင်းအဖွဲ့ ကိစ္စများဖြင့် မအားမလပ်ရှိနေသည့်ကြားမှ မေမေ့မွေးနေ့ဖြစ်သော တနင်္ဂနွေနေ့၏ သန့်ရှင်းရေး အသင်းတွင် သူပါဝင်ခဲ့သည်မှာ နှစ်ကာလ အတန်ကြာခဲ့ပြီဖြစ်သည်။
ကျယ်ပြန့်ကြီးမားလှသော ရွှေတိဂုံကုန်းတော်တစ်လျှောက် သန့်ရှင်းရေးလုပ်ရသည်မှာ မလွယ်ကူလှချေ။ သို့သော် သူ အလွန်ပျော်ပါသည်။ အသင်းသူ အသင်းသားများ၏ စိတ်အားထက်သန်မှု၊ သဒ္ဒါနက်ရှိုင်းမှုများကြောင့် ကြည်လင်နေသော မျက်နှာကလေးများက မြင်ရသူရင်ကို အေးမြနေစေသည်မှာ အမှန်။ ထို့ကြောင့် တနင်္ဂနွေညနေခင်းတိုင်းသည် သူ့အဖို့ ရေးကြီးခွင်ကျယ် နေ့ရက်များ ဖြစ်ခဲ့သည်။ အဓိပါယ်အရှိဆုံးသော နေ့ရက်များလည်း ဖြစ်သည်။ သူ မြတ်နိုးရသော အချိန်များလည်း ဖြစ်ခဲ့လေသည်။

( ဒီနေ့ နောက်ကျနေတာလား... မလာတော့တာလား မသိဘူး.....)

တစ်ယောက်တည်း သတိလက်လွတ်ရေရွတ်မိပြီးမှ သူ အလန့်တကြားဖြစ်သွားရသည်။ တစ်စုံတစ်ယောက်များ ကြားသွားလေမလား စိုးရွံ့မှုဖြင့် မလုံမလဲ ဖြစ်မိရသည်။ အူကြောင်ကြောင်နိုင်မိသည့် အဖြစ်ကြောင့် သူ့မျက်နှာ၌ အပြုံးငွေ့ငွေ့ ထင်ဟပ်၏။ တကယ်က သူတစ်စုံတရာကို စောင့်မျှော်နေခဲ့တာပါ။ ဒီလိုစောင့်မျှော်ခြင်းမျိုးသည်လည်း သူချစ်သော တနင်္ဂနွေ၌ တစ်စိတ်တစ်ဒေသ ပါဝင်လာခဲ့သည်မှာ တနင်္ဂနွေအသင်းသို့ သူစရောက်ကတည်းက ဖြစ်သည်။
တမင်တကာ လုပ်ယူခြင်းတော့ဖြင့် မဟုတ်ခဲ့ပါ။
သို့သော် .. သူစောင့်နေချင်ပါသေးသည်။

တစ်ဖြည်းဖြည်းနှင့် တနင်္ဂနွေအသင်းဝင်များ ပြန်ကုန်ကြပြီ။ သူတစ်ယောက်တည်းသာ ဇရပ်တိုင်ကို မှီ၍ အဝေးသို့ ငေးကောင်းဆဲ...။ ဘုရားရင်ပြင်တော်ပေါ်ရှိ လူသွားလမ်းသို့ မျှော်ကြည့်နေရင်းက .. သူ့အမြင်အာရုံတို့ တစ်နေရာသို့အရောက်တွင်တော့.. ရင်၌ ထိတ်ခနဲပင် ဖြစသွားရသည်။
နောက်ဆုံးတော့လဲ သူမျှော်နေသော အချိန်သည် ရောက်လာခဲ့လေပြီ။

ကျေနပ်မှုကြောင့်ထင်.... သူ့မျက်ဝန်းတို့ ရွှန်းလဲ့လာကြသည်။ ခပ်ဝေးဝေးက ဖြစ်လင့်ကစား.. သူသိနေပါသည်။ သူ မြတ်နိုးရသော အရိပ်ကလေးနှစ်ခု။ တစ်ဦးကို တစ်ဦး လက်ချင်းတွဲလို့...။
တစ်ရွေ့ရွေ့ ဖြေးဖြေးညင်ညင် လှမ်းလာနေကြပုံက လေနှင့်အတူ လွင့်မျောလာသကဲ့သို့။
ကြည့်နေရင်းဖြင့် သူထိုင်နေသော ဇရပ်ရှေ့ ညောင်ပင်အောက်သို့ သူတို့ ရောက်လာခဲ့ကြသည်။ ဇရပ်နှင့်ညောင်ပင်သည် ခြေ ၅လှမ်းစာ အကွာအဝေးမျှသာ ရှိသဖြင့် စကားပြောသံကိုပင်လျှင် ပီပီသသ ကြားနေရသည်။
ညောင်ပင်၏ ခြေရင်း၌ ဘုရားရှိခိုးရန်ချထားသော သစ်သားခုံပေါ်သို့ သူတို့နှစ်ဦး ထိုင်လိုက်ကြသည်။ ညင်သာလွန်းလေစွ...။
သယ်ဆောင်လာသော ထမင်းချိုင့်လေးနှစ်လုံးအား ဘေးတွင်အသာချ၍ ပထမဆုံးအကြိမ် ကောင်လေးမှ စကားစပြောခဲ့သည်။

" ချစ်သူ .. ဘုရား ရှိခိုးကြရအောင်။ "
"ဟုတ်ကဲ့... မောင်.. "

ညင်သာ၍ နူးညံ့တိုးတိတ်သော အသံဖြင့် ပြန်ဖြေသော ကောင်မလေး၏အသံ ကောင်မလေး၏ အလှသည် ညနေဦးနှင့်အပြိုင် ကျက်သရေရှိလှပါဘိခြင်း ။
လေနုအေးသည် ပို၍ ဝေ့၀ဲလာလေပြီ။

ကောင်လေးက ရှေ့ကထိုင်၍ ကောင်လေး၏ နောက် .. မကျတကျတွင် ကောင်မလေးက ခပ်ရို့ရို့ထိုင်ခြင်းဖြင့် သူတို့ တိုးတိတ်စွာ ဘုရားဝတ်ပြုကြသည်။ မကြာလွန်းသော ဘုရားဝတ်ပြုခြင်းအပြီး၌ ကောင်လေးက ကောင်မလေးဘက် လှည့်ကြည့်သည်။ ကောင်မလေးကလည်း သဘောပေါက်သည့်အလား ခပ်ဖျော့ဖျော့ပြုံးပြသည်။ ထို့နောက် ကောင်မလေးက သူမ၏ ဆလင်းဘတ်အိတ်ထဲမှ စားပွဲတင်နာရီလေးကို ထုတ်ပေးလိုက်သည်။ ကောင်လေးက ယူ၍ အချိန်တိုက်ခြင်း၊ ရှေ့၌ ချထားခြင်း၊ နေရာယူခြင်းတို့ကို ငြိမ်ငြိမ်သက်သက် ပြုလုပ်သွားသည်။ သူတို့ စကားမဆိုဖြစ်ကြပါ။ သူတို့၏ လှုပ်ရှားမှုတိုင်းသည် ညင်သာအေးဆေးလွန်းလှသည်။ သိမ်မွေ့နူးညံ့သည်။ ငြိမ်ငြိမ်သက်သက် ရှိသည်။ သူ ... ထိုနှစ်ယောက်ကို သတိလက်လွတ်ငေးမောနေမိသည်မှာ ပတ်ဝန်းကျင်ကို မေ့သွားမိသည် အထိ...။

ဟော.. ကြည့်နေရင်းက သူတို့ ငြိမ်သက်သွားကြလေပြီ။
ဘုရားဝတ်ပြုတုန်းကအတိုင်းပင် ကောင်မလေးက ကောင်လေး၏ နောက်နားတွင် ခပ်ရို့ရို့ထိုင်နေလေသည်။ ခုတော့ နှစ်ယောက်စလုံး ညောင်ပင်ဘက်သို့ မျက်နှာမူထားခဲ့ကြသည်။ သွယ်ပျောင်းသော ခါးလေးများကို မတ်ထားကြသည်။ တိုးတိတ်စွာ သာသာယာယာ မှိတ်ထားသော မျက်ခွံများအောက်၌ လှုတ်ခတ်လွန်းသော စိတ်ဝိဥာဉ်ကို သူတို့ မုဆိုးပမာ သားကောင်လိုက်ကြလေပြီ။
သူ အလိုလိုသိနေသည်က ထိုနှစ်ယောက် ထိုသို့ ငြိမ်သက်ကြမည်မှာ တစ်နာရီတိတိ ကြာလိမ့်မည်ဆိုတာပင်။
သြော်...... ဒါ ပထမဆုံးအကြိမ် သူငေးကြည့်သည်မှ မဟုတ်ခဲ့ဘဲကွယ်...။

တလွင့်လွင့် လွင့်မြူးလာသော နွေနှောင်းအကုန် မိုးဦး၏ လေပြည်သည် တောင်ပင်လယ်အရပ်မှ ရေခိုးရေငွေ့တို့ကို ပင်ပန်းကြီးစွာ သယ်ဆောင်လာရလေသည်လားမသိ။ ထိခတ်သွားသော လေငွေ့၏ အဖျားခတ်မှုသည် ညနေပီသစွာ အေးစိမ့်ခြင်းကို ပေးစွမ်းနေသည်။ ထိုလေပြည်အေးသည် ညောင်ရွက်တို့ကိုသာ ဆော့ကစားကြသည်မဟုတ်။ ငြိမ်သက်စွာ မျက်လုံးအစုံမှိတ် မလှုပ်မယှက်ထိုင်နေကြသူ ကောင်မလေးနှင့် ကောင်လေး၏ ဆံစများ၊ အ၀တ်စများကိုပါ လမ်းကြုံ လှုတ်ခတ် ကျီစယ်နေကြသည်။
သို့သော် သူတို့နှစ်ဦးကတော့ တစ်လောကလုံးနှင့် မသက်ဆိုင်သကဲ့သို့ ငြိမ်သက်ခြင်း၌သာ မွေ့လျော်နေကြ၏။

( ကျေးဇူးပြုပြီး မရွာပါနဲ့ဦးလား မိုးရယ်...။ )

တိမ်မည်းညိုတို့ လွင့်မျောမှုကို ကြည့်၍ ရုတ်တရက် ရင်ထဲ၌ တိုးတိတ်စွာ သူငြီးတွားမိရသည်။ တကယ်ဆို မိုးများသည်းထန်စွာ ရွာသွန်းသောအချိန်၌ မွေးဖွားခဲ့သော သူသည် မိုးနှင့် မိုးရွာခြင်းကို အလွန်တရာ ချစ်မြတ်နိုးသူ ဖြစ်သည်။ မိုးရွာလျှင် အလွန်ပျော်တတ်ပါသောသူ ... ပထမဆုံးအကြိမ်အဖြစ် မိုးရွာမှာကို မနှစ်မြို့ခြင်း ဖြစ်မိနေလေပြီ။

( သူတို့အတွက်ပါကွယ်...။ ငြိမ်းချမ်းမှုလေး တည်တံ့စေချင်တယ်...။ )

မိုးကိုအားနာသလို သူ ဖွဖွရေရွတ်မိတော့ တိမ်တွေက နားလည်သည့်အလား မိုးကို လက်ဆင့်ကမ်း သယ်ဆောင်သွားပေးကြသည်။ ပြန်လည်ကြည်လင်လာသော ကောင်းကင်အနားသတ်တွင် အနောက်သို့ခရီးရှည်ထွက်ရန် ခြေလှမ်းပြင်နေသော သူရိယမင်းက အားယူ၍ လင်းချင်းပြလေသည်။

ဆံပင်ကုတ်ဝဲလေးနှင့် ကလေးဆန်ဆန် မျက်နှာကလေးနှင့် ချစ်စရာကောင်းသော ကောင်မလေးနှင့် အမြဲလို အဖြူရောင်ရှပ်အကျီကိုသာ ၀တ်လေ့ရှိပြီး ဆံပင်တိုတိုကို ဘေးခွဲဖြီးထားတတ်သော ထိုကောင်လေးကို တနင်္ဂနွေအသင်းသားအဖြစ် ပထမဆုံးအကြိမ် သူလာကတည်းက သတိထားခဲ့မိရသည်မှာ ယခုထက်တိုင်။ ဘုရားရင်ပြင်၌ သန့်ရှင်းရေးအားလုံးပြီးမှ ရောက်လာတတ်သော၊ တနင်္ဂနွေအပတ်တိုင်း တစ်ပတ်ပင်မပျက် လာလေ့ရှိသော၊ ရောက်တိုင်းလဲ ထိုညောင်ပင်ရှေ့ သစ်သားခုံ၌သာ ထိုင်လေ့ရှိသော၊ ညင်သာသိမ်မွေ့အေးချမ်းလွန်းသော ထိုနှစ်ယောက်ကို သူအမြဲလို နှစ်လို သဘောကျစွာ စောင့်ကြည့်နေခဲ့မိပါသည်။ တကယ်ဆို သူ ထိုနှစ်ယောက်ကို မသိပါ။ သိအောင်လဲ မကြိုးစားမိပါ။ မိတ်ဖွဲ့ခြင်းလဲ မရှိခဲ့ပါ။ ထိုနှစ်ယောက်ကလဲ သူ့ကို သိမည်မထင်။ သူထိုင်ကြည့်နေတတ်တာကိုလဲ သတိထားမိမည်မထင်။ သူတို့ လုပ်စရာရှိသည်ကိုသာ အေးအေးသက်သာ လုပ်သွားကြသည်ချည်းသာ။ အသက်နှစ်ဆယ်ပတ်ဝန်းကျင် ငယ်ရွယ်နုနယ်သော မျက်နှာကလေးတွေ၌ ငြိမ်းချမ်း တည်ငြိမ်သော အသွင်သဏ္ဍာန်တို့ ထင်ဟပ်နေသည်မှာ အေးချမ်းလွန်းလှပါဘိ။ အားကျနှစ်လိုခြင်းသည် သူ့ရင်၌ အုံနှင့် ကျင်းနှင့် ဖြစ်တည်ခဲ့ရသည်။

အနောက်ယွန်းယွန်း ကောင်းကင်အစွန်းတွင် နေသူရိန်သည် လောကကို တစ်ရက်တာအတွက် နောက်ဆုံးနှုတ်ဆက်နေသည့်အလား ညှိုးငယ်စွာ မေးတင်လေပြီ။

…….( ကျနော်လဲ နှုတ်ဆက်ပါတယ် နေမင်းရယ်...။)……..

ကောင်းကင်ကိုငေးမောရင်းမှ သူပြုံးပြလိုက်မိပါသည်။ နံနက်ဖြန် အာရုံဦးမှာ နေမင်းပြန်လာမှာပဲ မဟုတ်ပါလားလေ။ သော်တာလကို နှစ်လိုစွာ တစ်လှည့် ကြိုဆိုပါရစေဦးကွယ်....။

တီတီတီ ဟု ရုတ်တရက်ထမြည်သော နှိုးစက်နာရီလေး၏ တိတ်ဆိတ်မှုကို ဖြိုခွင်းခြင်းကြောင့် သူ့အတွေးတို့ တုံ့ခနဲဖြစ်မိရသည်။
သြော်... တစ်နာရီတောင် ပြည့်သွားခဲ့ပြီပဲ........

သူကလေးတို့၏ မျက်တောင်ကလေးများ လှုတ်ခတ်လာကြသည်။ ဖြေးညင်းစွာ ခန္ဒာကိုယ်များကို ဖြေလျော့ကြသည်။ ကောင်လေးက ညင်ညင်သာသာ နောက်သို့ လှည့်ကြည့်လာသည်။ ကောင်မလေးက အလိုက်သင့် ပြုံးပြသည်။ ထို့နောက် ဘုရားဘက်သို့လှည့်၍ ဦးချကန်တော့ကြသည်။
ရွှေတိဂုံသည် အလွန်တရာ သပါယ်ပါပေသည်။ သို့သော် သူကလေးတို့ နှစ်ဦး၏ ရသကြောင့် ပို၍ပင် ပန်းချီဆန်နေသည့်အလား သူ့စိတ်တွင် ထင်မြင်မိရသည်။
သူ...... ထိုအခိုက်အတန့်လေးကို အလွန်တရာ ချစ်မြတ်နိုးလှပါသည်။

ကောင်လေးက ကောင်မလေးဘေးမှ ထမင်းချိုင့်နှစ်လုံးအား ကောက်ယူရင်း ထရပ်သည်။ ကောင်မလေးက နာရီးလေးကို သိမ်းဆည်းရင် ဆလင်းဘတ်အိတ်ကို လွယ်သည်။ ထို့နောက် သူတို့ခြေလှမ်းများ စလေပြီ။ သူသည်လည်း ထိုအခါမှပင် ထိုင်နေရာမှာ ထမိရပါသည့်အဖြစ်။ အချိန်အတော်ကြာ မှီထိုင်နေခဲ့သော ဇရပ်တိုင်နှင့် ဇရပ်ကို အကြည့်ဖြင့် သူ နှုတ်ဆက်လိုက်သည်။
( ကောင်းသောနေ့ပါကွယ်...။)

သူ အသာအယာပင် ရှေ့မှ ထွက်ခွါသူနှစ်ယောက်နောက် တိတ်တဆိတ် လိုက်လာခဲ့လိုက်သည်။ ထိုနှစ်ယောက် ဦးတည်နေသော အရပ်ကို သူသိနေပါသည်။ သိနေခဲ့ ပြီးပါပြီ.......။

" ချစ်သူ ... ခုနက တရားထိုင်ရတာ အဆင်ပြေရဲ့လား... "

" ဟုတ်ကဲ့ .. ပြေပါတယ်မောင်... လေထဲမှာ မိုးငွေ့ကိုရတော့ မိုးရွာမလား စိတ်ပူမိရသေးတယ်.... ဒါပေမယ့် သိပြီး ပျောက်သွားတာပါပဲ မောင်...... "

" ဟုတ်တယ် ... မောင်လဲ အဲ့လိုပါပဲ... နဲနဲပူသွားမိတယ်... နောက်မှ ပြန်ငြိမ်တာ.. "

" မိုးရွာမလား မသိဘူးနော်... မောင် ကျွန်မကို လိုက်မပို့နဲ့တော့လေ..."

" ရပါတယ်ချစ်သူ... မောင် ချစ်သူကို လိုက်ပို့ပြီးမှ ပြန်မှာပါ.. မိုးရွာလဲ ထီးပါတာပဲမို့လား... ပြီးတော့ ချစ်သူတို့ လမ်းနားက ညဈေးမှာ ဘုရားဆွမ်းတော်တင်ဖို့နဲ့ မေမေ့အတွက် ပန်းသီးနဲနဲလောက် ၀ယ်ချင်သေးတယ်..."

" ဒါဆို အတော်ပဲပေါ့ မောင်... ကျွန်မလဲ တစ်လက်စတည်း မောင်နဲ့တူတူ ၀ယ်မယ်လေ... မေမေကတောင် ပန်းသီးစားချင်တယ် ပြောနေသေးတယ် မောင်ရဲ့.... "

ကောင်လေးက ခပ်ဖွဖွပြုံးသည်။ ကောင်မလေး၏ လက်ကလေးကို မလွှတ်တမ်း ဆုပ်ကိုင်ထားခဲ့ရင်းက ဆိုက်ရောက်လာသော ၄၈ အမြန်ကားပေါ်သို့ သူတို့ တက်သွားကြလေသည်။
သူတစ်ယောက်သာ မှတ်တိုင်၌ ယောင်ချာချာ ဖြစ်ကျန်ခဲ့သည်။
နေမင်းသည် အနောက်အရပ်သို့ လုံးလုံး ထွက်ခွါသွားခဲ့ပြီ။
ညဦးသည် နီယွန်မီးရောင်များအောက်၌ လှပတင့်တယ်လာလေပြီ။
သူသည်လဲ အိမ်ပြန်ရတော့မည်။
သူကလေးတို့လိုက်ပါသွားသော ထိုခရီးသည်တင် မထသယာဉ်၏ နောက်မြီးပိုင်းကို သတိလက်လွတ်ငေးမောနေခဲ့မိပြီးမှ သူ ဖွဖွညင်ညင် ပြောလိုက်မိပါသည်။

( နှုတ်ဆက်ပါတယ် စုံတွဲကလေးရယ်.... အကယ်၍ လောကအပြောင်းအလဲတွေ မရှိခဲ့ဘူးဆိုရင်ပေါ့.... နောက်တစ်ပတ် တနင်္ဂနွေညနေမှာ ပြန်ဆုံချင်ပါသေးတယ်ကွယ်....။)


ဇော်။

( ကျနော် တက္ကသိုလ်ကျောင်းသူဘ၀ ရွှေတိဂုံကုန်းတော် သန့်ရှင်းရေး တနင်္ဂနွေအပတ်တိုင်း ကြုံတွေ့ခဲ့ရသော ကျနော်မသိသော စုံတွဲတစ်တွဲအကြောင်း ဖြစ်ပါသည်။
ထိုစုံတွဲကလေးကို ကြည့်ရင်း .. ကျနော် မျှော်လင့်ခဲ့မိဖူးပါသည်။
တစ်နေ့ ကျနော့်တွင် ချစ်သူရှိလာသော အခါ......... )

Tuesday, March 1, 2011

တစ်စုံတစ်ခုရဲ့ နောက်ကွယ်က ကိုယ်...........

ကံကောင်းထောက်မလို့ ရှင်သန်ခွင့်ရနေတဲ့
နေ့တာတိုတိုတွေထဲ
၂၄နာရီလုံး အသက်ရှူကြပ်နေရတယ်

အဲ့ဒီ လူပြောများတဲ့ အဆိပ်ရည်ကို
မတော်တဆ ငတ်ကြီးကျ မြိုမိပြီးကာမှ
ဘယ်ဘက် ရင်ဘတ်တစ်ခြမ်းက မျက်တတ်တတ်နဲ့

ကိုယ့်အပြစ်နဲ့ကိုယ်ပဲလေ
ချစ်တတ်လွန်းခဲ့တာကိုက ကိုယ့်အမှားတစ်စွန်းတစ်စပဲ ဖြစ်ရမယ်

နေသာပါတယ်
ကျကျသွားတဲ့ ရှိစုမဲ့စု သိက္ခာတွေကို
လိုက်လိုက်ကောက်နေရတာနဲ့တင်
ကိုယ့်မှာ လူမှန်းသူမှန်းမသိဖြစ်ဖြစ်နေရတယ်

အပေါ်.. အောက်.. ဘေး
သုံးမျိုးသာ ရွေ့လို့ရတဲ့ ဒီဝလုံးထဲ
သုညကို အိတ်ကပ်ထဲထည့် ရိုးသားခြင်းနဲ့ ရှင်သန်မဟေ့လို့
ပြောပြောမိတဲ့ ကိုယ့်စကားတွေ ကိုယ့်ဟာကိုယ် ပြန်ပြီး
ထမ်းပိုးနေရတာလောက် ဘယ်အရာမှ လေးမယ်မထင်ဘူး

လက်ခုပ်ဆိုတာ တစ်ဖက်တည်းတီးလို့ မြည်ရိုးမှ
မရှိခဲ့ဘဲကွယ်
ဖြစ်ပျက်ခဲ့သမျှထဲ ကိုယ့်ပါဝင်မှုတွေ
ရာခိုင်နှုန်း ဘယ်လောက်များခဲ့တယ်တဲ့လဲ

မြတ်မြတ်နိုးနိုးနဲ့ နက်ရှိုင်းခဲ့ပြီးကာမှ
ကိုယ် လွှင့်ပစ်ခံရဦးတော့မယ်တဲ့လား
အနေအထိုင်မတတ်တဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ
ယဉ်ယဉ်ကျေးကျေး ပြန်ပြုံးပြလိုက်မိတယ်
နေသာပါရဲ့ကွယ်

တွေးပူမိလေတိုင်း
ချမိရတဲ့ သက်ပြင်းတွေ
တထိတ်ထိတ်ဖြစ်ရတဲ့ စိုးရွံ့ခြင်းတွေ
သူမုန်းမှာကို သေမလောက်ကြောက်မိရခြင်းတွေ
ကိုယ် ....................
ရင်ထဲမှာ.............
မ___ ကောင်း____ ဘူး။

ကိုယ်ဖြစ်ချင်တာသာ ဖြစ်ခွင့်ရမယ်ဆိုရင်
အဲ့ဒီ ခါးသက်ခြင်းကမ်းပါးက
အနက်ရောင် သံသယနယ်မြေထဲ
ကိုယ် စစ်ရေးမငင်ချင်ဘူး
သံခင်း တမန်ခင်းတွေ မလာခင်ကတည်းက
ကိုယ် အလံဖြူထူပါ့မယ်
လက်နက်ချ ချစ်ကြည်ရေးတွေထဲ
" နောက်တစ်ကြိမ် " ဆိုတာကို နဲနဲလောက်
ပြန်ရချင်တယ်

ဘယ်ဘက်ရင်တစ်ခြမ်းရယ်
လှုပ်ရှားမှုတွေကို တဆိတ် ရပ်တန့်ပေးပါလား
ငြိမ်သက်ခြင်းတွေထဲ ကိုယ်ခြေရာ ခန ဖျောက်ပါရစေ
အားလုံး ပြီးဆုံးသွားရင်တော့
နံနက်ဖြန်မှာ နေသာကောင်းပါရဲ့

ခုလောလောဆယ်
ကိုယ်အရေးတကြီး လုပ်စရာရှိနေတယ်
ချစ်သူအပေါ် ရိုးသားမှု ဘယ်လောက်ရှိလဲ
ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ရဦးမယ်။ ။

ဇော်။

Friday, February 18, 2011

အွန်ဒျူတီ.... ( On Duty )

တာဝန်မဟုတ်တဲ့ တာဝန်တွေထဲ
ခေါင်းနစ်ရင်းက
ဗိုက်ဆာတာကို သတိရတယ်။

ထမင်းဘူးကို ဖွင့်မယ့်အစား
မှတ်စုစာအုပ် ဖွင့်မိတယ်။

တစ်နာရီနားချိန်ဟာ
မွန်းကျပ်နေသူအတွက် ရတနာ။

ရေတစ်ပုလင်း
ရှေ့ချထားရင်း
ကိုဟန်သစ်ရဲ့ စာတွေဖတ်တယ်
ကိုရန်နိုင်ရဲ့ သန်းခြောက်ထောင်ပြန်နားထောင်တယ်
လင်းစက်ရာကို တွေးမိတယ်
ဟိန်းလတ်နဲ့ စကားပြောချင်တယ်
နေပိုင့်ကို ဖုန်းခေါ်တယ်
နောက်
သူ့ကို တမ်းတမ်းတတ
လွမ်းတယ်။

အချိန်တွေရဲ့ ရွေ့လျားမှုက
နှေးလွန်းလေခြင်း
အပြစ်တင်ငွေ့တွေနဲ့ အခန်းတောင်
ပိုမှောင်သွားသလို
ဝန်းကျင်မှာ ငွေ့ရည်တို့
တွဲလွဲခိုတယ်။

ဖတ်ပြီးသား ကဗျာကိုပဲ
နောက်တစ်ကြိမ် ပြန်ဖတ်မိတယ်
နားထဲမှာတော့
လှောင်ရယ်သံတွေ ဆူညံလေရဲ့။

တစ်ခုခုလုပ်မှဖြစ်မယ်
ကော်ဖီတစ်ခွက်ထဲ
အတွေးတွေ ထည့်ဖျော်လိုက်တယ်
ကျတဲ့အခါလဲ ကျတယ်
ဖန်တဲ့အခါလဲ ဖန်တယ်
သက်တဲ့အခါလဲ သက်တယ်
ငါကိုက
ဖြစ်တည်မှုနဲ့ နဲနဲလွဲတယ်။

ဒီနေ့က နိုက်ဒျူတီ
နားရက်ရောက်ဖို့ ၂၄နာရီနှစ်ခါဖြတ်ရဦးမယ်
ဒီနေ့ကုန်ဖို့ အတော်ကြာတာပဲလို့
တွေးမိပေမယ့်
သေဖို့တစ်ရက်နီးတာကိုတော့ မေ့လျော့တယ်။

ငြိမ်ငြိမ်ဆိတ်ဆိတ်နေချင်ကာမှ
ငါ့ကို ဘာလို့လာလာခေါ်နေကြတာလဲ
ခနလောက် နားပါရစေလား
ရွေ့လျားနေတဲ့ ပတ်လမ်းကြောင်းထဲ
အမှုန်တွေ ဘယ်လောက်များ ပါဝင်နေသလဲ
ငါ စူးစိုက်ကြည့်ချင်တယ်
အားလုံးငြိမ်သက်သွားတဲ့ ခနရဲ့နောက်
ငါ နှစ်နှစ်ခြိုက်ခြိုက် ပြန်ဖူးပွင့်မယ်။

နားထဲမှာ အသံတွေ ထပ်နေတယ်
အိမ်ပြန်ချိန်ကို မျှော်ကြည့်မိတယ်
နာရီကို ခနခန ငေးတယ်
ဖြိုးကို တွေ့ချင်တယ်
လင်းစက်ရာကဗျာတွေကို ငတ်မွတ်တယ်
ကျောချမ်းလွန်းတဲ့ အဲကွန်းခန်းထဲ
ရေခိုးရေငွေ့တွေနဲ့
အတွေးတစ်ချို့
ပလူပျံတယ်။

အလကားရလို့သာ တွေးနေမိတာ
အခန်းအေးစက်စက်ထဲ
အတွေးစိုထိုင်းထိုင်းတွေက
အောက်သိုးသိုးနံ့တွေနဲ့။

ကွန်ပြူတာကို ကြည့်တယ်
ဗလာကိုသာ မြင်တယ်
ခလုတ်တွေကို နှိပ်နေတယ်
နတ္ထိကိုသာ ခံစားမိတယ်
တစ်စုံတစ်ခုထဲ နစ်မြုပ်နေရင်း
တစ်စုံတစ်ခုရဲ့ ဖိအားတွေကြောင့်
အသက်ရှူ ကြပ်တယ်။

ဟူး.........
တော်ပြီ
ခေါင်းကိုခါတယ်
လက်ကိုခါတယ်
ဆံပင်ကိုခါတယ်
နှလုံးသားကို ဖုန်ခါတယ်
အတွေးတွေကို ပြန်သတ်ရမယ်။

ပြောသာပြောရတာပါ
စိတ်ကူးထဲမှာတော့
အလင်းတွေက
ယိုင်လို့ ကောင်းနေကြတုန်း....။ ။

ဇော်။

Tuesday, February 15, 2011

ကြယ်ရှိုက်သံ

အဲ့ဒီနေ့က မိုးမရွာပါဘူး။ စာဖွဲ့ရလောက်အောင်လဲ ကဗျာမဆန်ခဲ့ဘူး။ နောင်တစ်ချိန်မှာ မချစ်တတ်တဲ့ကျွန်မကို ချစ်မြတ်နိုးတတ်အောင် သင်ပေးခဲ့တဲ့ အဲ့ဒီချစ်သူကို ကျွန်မ စတင်သိကျွမ်းခဲ့ရတဲ့အချိန် ကျွန်မရဲ့ ချစ်သူဟာ တံခါးမခေါက် စစ်မကြေငြာပါဘဲ ကျွန်မနှလုံးသားကို စစ်ဆင်ခဲ့တယ်။ ချစ်သူရဲ့ နည်းဗျူဟာအဆင့်ဆင့်မှာ ကျွန်မ နစ်မွန်း ... ရုန်းမရအောင် နှောင်ဖွဲ့ခဲ့တယ်။
ချစ်သူကို ကျွန်မ သိပ်ချစ်ခဲ့တယ်။

မောင်လို့ နှလုံးသားဆီကနေ ဖြစ်ပေါ်လာတဲ့ အဲ့ဒီ နာမ်စားလေးတစ်ခုမှာ ချစ်မြတ်နိုးခြင်းတို့ အလေးချိန် ဘယ်လောက်များများ ပါဝင်နေမယ်လို့ မောင်ထင်လဲဟင်...
စာအုပ်ရဲ့ ပထမစာမျက်နှာမှာကတည်းက မောင့်ကို ကျွန်မက ချစ်ခဲ့ရတာပါ မောင်..

ကျွန်မကို ချစ်သူလို့ ခေါ်တတ်ခဲ့တဲ့ အေးဆေးငြင်သာစွာ စကားပြောတတ်ခဲ့တဲ့ မောင့်ရဲ့ ရင်ထဲကို ကျွန်မ ခနလောက်ဖြစ်ဖြစ် ၀င်ကြည့်ချင်ပါတယ်။ ချစ်ခြင်းမှာ အပေါ်ယံတွေများ အချိုးညီ ရောပါနေခဲ့ပါသလား။
တိတ်တဆိတ် မေးခွန်းထုတ်ရင်း ဒီသံသယတွေကို ကျွန်မ ခ၀ါချပစ်ခဲ့တာ မောင် စိတ်မကောင်းမှာ စိုးရိမ်မိလို့ တစ်ခုတည်းပါ။

ချစ်သူကို လေးနက်စွာ ကျွန်မချစ်ခဲ့တယ်။ မြတ်နိုးစွာ တန်ဖိုးထားခဲ့တယ်။ ရူးမိုက်စွာ တိတ်တိတ်လေး မျှော်လင့်ခဲ့ဖူးပါတယ်။ ကျွန်မအတွက် တန်ပြန်မှုက တံလျှပ်တဲ့လား မောင်။

မှတ်မိပါသေးတယ်။
အဲ့ဒီ မောင်ခိုဝင်ခဲ့ဖူးတဲ့ ရင်ခွင်ကလေးက ကျွန်မကို သိသွားခဲ့တော့ ကျွန်မရှေ့မှာ သူကလေး ငိုခဲ့တယ်။ ရှိုက်ကြီးတငင် ငိုခဲ့တယ်။ ကျွန်မကို ချိန်းခြောက်ခဲ့တယ်။ တောင်းပန်ခဲ့တယ်။
မောင်.... မတ်မတ်ရပ်နေခဲ့တဲ့ ကျွန်မ၊ တုတ်တုတ်မလှုပ်ခဲ့တဲ့ ကျွန်မ၊ တုံဏှီဘာဝေ နေခဲ့တဲ့ ကျွန်မကို အသည်းနှလုံးမရှိ၊ ကိုယ်ချင်းစာတရားမရှိတဲ့မိန်းမလို့ သူကလေး ထင်ရော့မယ်။
တကယ်က မောင်ရယ်.. ရှင်သာ မြင်နိုင်မယ်ဆိုရင် ကျွန်မ ဘယ်လောက်နာကျင်ခဲ့လဲဆိုတာ ... ဘယ်လောက်ရင်ကွဲခဲ့ရသလဲဆိုတာ.. ဘယ်လောက်အထိ အရုပ်ကျိုးပြတ်ဖြစ်ခဲ့ရသလဲဆိုတာ...
ကျွန်မကိုကျ ဘယ်သူတွေများ စာနာနိုင်ခဲ့ကြပါသလဲ.....
ကျွန်မမောင့်ကို သိပ်ချစ်ခဲ့မိတာ သူကလေးကို မသိခဲ့လို့ပါ။

ဒါပေမယ့်မောင်.... ချစ်ခြင်းမှာ တားဆီးလို့ရရိုး ထုံးစံ ရှိခဲ့ပါသလား။
မောင်ပြောသမျှ ကျွန်မနားထောင်ခဲ့တယ်။ မောင်ဆိုသမျှ ကျွန်မလက်ခံခဲ့တယ်။ မောင်ချော့သမျှ ကျွန်မပြုံးခဲ့တယ်။ ကျွန်မကို ဦးနှောက်မရှိသူလို့ပဲ ဆိုဆို၊ အရူးလို့ပဲ သတ်မှတ်ချင်သတ်မှတ်၊ မိုက်မဲသူလို့ပဲ ပြောပြောပါမောင်...
ကျွန်မချစ်တဲ့ ချစ်သူကို ကျွန်မ မြတ်နိုးစွာ ချစ်ချင်ပါတယ်။

မောင့်အပေါ်မှာ တစ်ခါမှ စိတ်မဆိုး စိတ်မကောက်တတ်ခဲ့တဲ့ ကျွန်မကို စိတ်ဆိုးစိတ်ကောက်ဖို့ မောင်ပြောခဲ့တုန်းက ကျွန်မ လေးလေးနက်နက် ပြုံးခဲ့မိတယ်။ ကျွန်မစိတ်ဆိုးရင် မောင် ကျွန်မကို ငြူဆူတော့မှာ၊ ကျွန်မစိတ်ကောက်ရင် မောင်ကျွန်မကို ထားသွားခဲ့တော့မှာ။
ကျွန်မ သိပ်ကြောက်ခဲ့မိပါတယ်မောင်။

ဒါပေမယ့်မောင်ရယ်
အခု ကျွန်မတစ်ယောက်တည်းပါ။ မောင်မေ့လျော့နေတဲ့ မောင့်ကိုသိပ်ချစ်တဲ့ မိန်းကလေးတစ်ယောက် ဒီကောင်းကင်ကြီးအောက်မှာ တစ်ယောက်တည်း ငြိမ်ငြိမ်ဆိတ်ဆိတ်ရှိနေခဲ့ပါတယ်မောင်။ အဲ့ဒီ မိန်းကလေးက သိပ်ဟန်ဆောင်ကောင်းတာမောင်ရဲ့။ သူက အမြဲပြုံးနေတတ်တယ်။ သူ့ကို သူ့ချစ်သူအကြောင်းမေးတာကို ကြုံရတိုင်း ချစ်သူက သူ့ရင်ထဲမှာ အမြဲရှိပြီး ချစ်သူကလဲ သူ့ကို သိပ်ချစ်တာပေါ့လို့ ဖြေတတ်ခဲ့တဲ့ ကောင်မလေးတစ်ယောက်ပေါ့။ ဒါပေမယ့် သူငိုနေတာကိုတော့ ဘယ်သူမှ မသိခဲ့ပါဘူးမောင်။ သူ့ရင်တွေ သိပ်နာကျင်နေရတယ်။ ဒဏ်ရာတွေ ထပ်နေခဲ့တယ်။ ရင်ကွဲနေခဲ့တယ်ဆိုတာတွေကို ဘယ်သူမှ မသိနိုင်ခဲ့ကြပါဘူး။

ကျွန်မဆိုတဲ့ မောင့်ကိုသိပ်ချစ်တဲ့ အဲ့ဒီမိန်းကလေးအတွက် ကံတရားက အဲ့ဒီလို သတ်မှတ်ခဲ့တယ်ဆိုရင်လဲလေ... ကျွန်မတစ်ခုလောက်ပဲ တောင်းဆိုခွင့်ရှိပါရစေ။ ချစ်သူကို သိပ်ချစ်ခဲ့မိတဲ့ ဒီရင်... မြတ်နိုးခွင့်တော့ ရှိသင့်ပါတယ်လေ။

အဲ့ဒီနေ့က မောင့်မွေးနေ့ပါမောင်။ ကျွန်မလေ တစ်နေကုန်ကို စိတ်ပင်ပန်းစွာ စောင့်နေခဲ့မိတာပါ။ မသိစိတ်က မောင် ကျွန်မဆီလာမှာ မဟုတ်ပါဘူးလို့ သိနေခဲ့ပေမယ့် သိစိတ်က ... ဟင့်အင်း... မောင်လာမှာပါ။ မောင်က ငါ့ကို ချစ်ပါတယ်လို့ မျက်လုံးစုံမှိတ် ငြင်းဆန်အားပေးနေမိခဲ့တာ။ ဒါပေမယ့် အချိန်တွေက သစ္စာရှိစွာနဲ့ အခြေအနေမှန် အဖြစ်မှန်ကို သက်သေထူသွားခဲ့တယ်။ ကျွန်မရဲ့ ရှိုက်ကြီးတငင် ငိုကျွေးမှုကိုကျ ဘယ်သူတွေများ အသိအမှတ်ပြုပေးခဲ့ကြပါသလဲ။ ကျွန်မရဲ့ ကွဲအက်နေတဲ့ နှလုံးသားကို ဘယ်သူတွေများ မြင်တွေ့ခဲ့ကြပါသလဲ။

ကျွန်မ ရယ်နေပါတယ်မောင်။ ကျွန်မ ပြုံးနေဆဲပါ။ မျက်လုံးပေါင်းများစွာရှေ့ တည်ငြိမ်စွာ ဟန်ဆောင်နေဆဲပါ ..... ဘယ်ဘက်ရင်အုံအောက် ဒဏ်ရာရ နှလုံးသားတစ်ခုနဲ့အတူ............

မောင်
သူများတွေ အသဲကွဲကြတယ်ဆိုတုန်းက ကျွန်မ ဟားတိုက်ရယ်မောခဲ့ဖူးပါတယ်။
လူတွေပြောကြတဲ့ ချစ်သူကိုလွမ်းကြောင်း စကားလုံးပေါင်းများစွာ စာဖွဲ့မှုပေါင်းများစွာ ကျွန်မ ကြားသိရတိုင်း ကျွန်မ ပြုံးစိစိလုပ်ရင်း ပြန်ငေးကြည့်ခဲ့ဖူးပါတယ်။
အခုတော့..........

မောင်
နာကျင်တယ်ဆိုတာ ဂျိုနဲ့လားလို့ နောက်ပြောင်တတ်ခဲ့ဖူးတဲ့ကျွန်မ မောင့်ရဲ့ မေ့လျော့မှု၊ လစ်လျူရှုမှုအောက်မှာ ဒဏ်ရာနက်နက်တွေနဲ့ပေါ့။
နှုတ်မဆက်ပါနဲ့လားမောင်ရယ်
တွေ့ဆုံခွင့်မရှိခဲ့တော့ဘူးဆိုရင်လေ ကျွန်မကို လှည့်မကြည့်စတမ်း ထားသွားခဲ့လိုက်ပါ။
မောင်ထားခဲ့တဲ့ ဒီနေရာလေးမှာပဲ ကျွန်မ တိတ်တိတ်လေး ရပ်ကျန်ခဲ့ပါရစေ .....
မောင်ချန်ခဲ့တဲ့ အဲ့ဒီခြေရာတွေကို ငေးကြည့်နေခဲ့ရင်း............


ဇော်။

Saturday, January 29, 2011

တိမ်တိုက်ထူသော အခါသမယ

စိတ်ညစ်တယ်
စိတ်ညစ်တယ်
စိတ်ညစ်တယ်
စိတ်ညစ်တယ်ပေါင်းများစွာကို
ငါချရေး
တစ်လုံးတစ်လေမှာများ
ပြေရာပြေကြောင်း
ငါ မြင်ရမတဲ့လား

စိတ်နှစ်ခွ ဒွန်တွဲမှုတွေကြား
ကျနော် မမွေ့လျော်တော့ပါဘူး မေမေရယ်
အဲ့ဒီနေ့တွေရဲ့ မိုးအုံ့မှုကို
ကျနော် မကျေမနပ် ဖြစ်ရတယ်။

မမျှတဘူး ...... မတရားဘူး.........
ငါ ၀ုန်းဒိုင်းကျဲတော့
ငါ ..... လွန်တယ်တဲ့....

ဟက်ဟက်ပက်ပက် ဟားတိုက်ချင်တယ်
ပက်ပက်စက်စက် ရယ်မောချင်တယ်
နောက်
ဝမ်းနည်းပက်လက် ငါ ငိုမယ်
မျက်ရည်တစ်စက်လောက်ကများ
ငါ့ရင်ကို ပေါ့ပါးလေစေမလားလို့ပါ။

ပျော်ရာမှာ မနေ
တော်ရာမှာသာ နေလေတော့လို့
အမိန့်ဆန်ဆန်တွေကြား
ကျနော် မွန်းကျပ်လွမ်းလှပါတယ် မေမေရယ်
ပြည်သူပိုင်လေထဲမှာမှ
လူဖြစ်လာရတာ မောတယ်။

မေမေရယ်
ဘယ်လိုနေရာမျိုးမှာမှ
ကျနော် မပျော်ပိုက်တော့ပါဘူး
ချိုမြိန်တဲ့ အဆိပ်ပျားရည်တွေနောက်
အငမ်းမရ လိုက်လိုက်မှောက်နေရတာကိုက
(ကိုယ့်ကိုယ်ကိုယ်)
မသတီ ဖြစ်လာနေမိရတယ်။

ကဲပါလေ
ရှုံးလက်စနဲ့ အရှုံးသာပေးလိုက်ပါတော့မယ်
သူတို့အလိုပြည့်လို့ ငြိမ်းချမ်းကြတဲ့ခန
ငါ့အပူတွေလဲ ငြိမ်းချမ်းပါရစေ
ငါ နာကျင်သကဲ့သို့
သူတို့ မဖြစ်ကြပါစေနဲ့။

မေမေရယ်
ကျနော် တိုးတိုးတိတ်တိတ်
ကျိတ်မှိတ် မြိုချလိုက်ရတဲ့
မီးကျီခဲတစ်ချို့မှာ
ကျနော့် ကိုယ် .... စိတ်.... နှလုံး.... သုံးပါးလုံး
ဖျားနာကုန်ကြတယ်။

တော်ပါပြီ မေမေရယ်
နံနက်ဖြန်မှာ ကျနော်ကို မေ့သွားကြမယ့် သူတွေထဲ
အာဃာတနဲ့ ကျနော် မပတ်သတ်ချင်တော့ပါဘူး
အလိုရှိသမျှ ယူသွားလိုက်ကြပါ
ငါ မတွယ်တာတော့ပါဘူး
မမြတ်နိုးတော့ပါဘူး
ကိုယ်အလုပ် ကိုယ်လုပ်
အချိန်တန် အိမ်ပြန်
ငါ့ရည်ရွယ်ချက်တွေ ပြီးတဲ့နောက်
ငါ အသေဖြောင့်မယ်
အဲ့ဒါကမှ .... ငါ့ပန်းတိုင်အစစ်ဖြစ်တယ်။

ဇော်။