အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Wednesday, July 17, 2013

သူ .... သိစေ။

ကျနော် ပုံအောထားတဲ့ အဲ့ဒီအလင်းတွေ
သူ့တစ်ကိုယ်စာ
ကျနော် ... လဲ့ဖြာရူးသွပ်ထားတယ်။
လမင်းအနားသတ်ကလေးပဲဖြစ်ဖြစ်
ဝလုံးရဲ့ အစဦးပိုင်းလေးပဲဖြစ်ဖြစ်
ကျနော် သိမ်းပိုက်ခမ်းနားချင်တာမဟုတ်ပါဘူး
ကျနော်က ကောင်းကင်ကို ငေးမော့ကြည့်ရုံ။

ဝင်းပလင်းမြလှတဲ့ ကြည်မွေ့မွေ့
သူ့အပြုံးတစ်စွန်းတစ်စမှာ
ကျနော် တုန်ယင်လှိုက်ဖိုသွားဖူးတယ်
နူးညံ့ယောင်ဆောင်ထားတဲ့ အေးစက်စက်စကားလုံးရိုင်းတွေ
ခုချိန်ခါ
ပြန်ကြားယောင်ပါရဲ့ မျက်ခုံးကွေးလေးရယ်
ကျနော်က မြှားဆိပ်သင့်သူ သားကောင်ကောင်းလဲ ဖြစ်ခဲ့တယ်။

သတိရခြင်းတွေဟာ တတိတိနဲ့ ကျနော့်ကို တိုက်စား
နာကျင်နေမှန်းမေ့နေလောက်အောင် နာကျင်ရတယ်
ဖတ်နေတဲ့ စာအုပ်တွေ၊ စိတ်ဖြစ်စဉ် ထိန်းချုပ်မှုတွေကြားမှာ
အလွမ်းက နေရာမလပ် ၀င်ယူ
သူ့ရဲ့ မျက်တောင်စိုက်စိုက်ကလေးရယ်၊
မျက်လုံးဝိုင်းကြည်ကြည်ကလေးရယ်၊
မကြာမကြာ ဘယ်ဘက်ရင်ဘတ်ထဲက ထုတ်ထုတ်ကြည့်ဖြစ်ရတယ်
နေသာပါရဲ့ကွယ်။

တိုက်ခတ်သွားတဲ့လေပြည်တွေရယ်
ဝေ့လွင့်သွားတဲ့ တိမ်တိုက်တွေရယ်
ပျံသန်းသွားတဲ့ အိမ်ပြန်ငှက်တွေရယ်
သူတို့တွေကြားမှာ သူ့ရဲ့ သတင်းစကားကို ကြားရသလို
ကောင်းကင်အနားသတ်တွေဆီမှာ သူ့ရဲ့ အပြုံးကြည်စင်တွေကို မြင်ရသလို
အသားတကျ ကျနော် သတိရတတ်တယ်
အရှက်ရခဲ့တဲ့ ဂုဏ်ပုဒ်တစ်ချို့ကို သေသေသပ်သပ်ဝှက်သိမ်း
ကျနော့်ရဲ့ နွမ်းလျသိမ်ငယ်ခြင်းတွေ ဖြည်းဖြည်းချင်း ရင့်သန်လာခဲ့ပြီ။

မက်ခဲ့တဲ့အိပ်မက်တွေ ..
မျှော်လင့်ခဲ့တဲ့ မျှော်လင့်ချက်တွေ
ကျိုးပျက်သွားတဲ့ အကြောင်းအရာတွေ
ပြန်ပြောင်းအောက်မေ့ရင်း
နေ့ရက်ရှည်တွေ အားစိုက် ဖြတ်သန်းနေခဲ့ရ။
ဘာကိုမှ မတောင့်တတော့ပါဘူး
တစ်ခါတလေ အထီးကျန်ဆန်ဆန် ငြီးငွေ့ဖွယ် နာကျင်ခြင်းတွေနဲ့
ခပ်ပြပြ ဆုတောင်းမိတယ်
ရင်နှင့်အမျှ
(သူ)
ငြိမ်းမြပါစေ။



ဇော်။

Thursday, July 11, 2013

မိုး (၂)

ကျနော့်အတွက် ... ၀ဋ်အကြီးအကျယ်လည်ရမယ့်အခါသမယဟာ ..
ဒီနေ့ညမှာ .. ကျနော့်ဘက်ဘက်ရင်အုံထဲ ..
ဆိုင်းမဆင့် ဘုံမဆင့် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ်။

ပြင်ဆင်ချိန်မရလိုက်ပါဘဲ .. ကျနော်ဟာ အလဲလဲ အပြိုပြို
ရှိုက်ကြီးတငင် ဒူးထောက်ရခြင်းတွေ ကမ်းပါးမြေမြို ဖြစ်ကြရ
တင်းတင်းစေ့ထားတဲ့ဝါကျတွေဟာ ကျနော့်ရဲ့ သွေးကြောတွေကို ဆွဲညှစ်နေခဲ့
တုန်ရီအေးစက် မေးချင်းရိုက်ခတ်နေတာတောင်မှ
ကျနော့်ကို ကြောက်လန့်ခြင်းတွေ အုတ်အော်သောင်းနင်း ပွဲတော်တည်တယ်

ထားမသွားဖို့ရယ် .. တောင်းပန်စကားရယ် ..
တောင်းပန်စကားရယ် ... ထားမသွားဖို့ရယ် ..
ကျနော် သိတာ အဲ့ဒီ စကားနှစ်ခွန်းထဲ
အဲ့ဒီ စကားနှစ်ခွန်းထဲနဲ့ပဲ ကျနော်...
ဘ၀ကို အဆုံးစီရင်ချင်လာတယ်

ဒီလိုမှန်းသိခဲ့ရင်
ကျနော့်ဆီကို အလင်းတွေ သယ်ဆောင်မလာဖို့ ကျနော်ပြောခဲ့မိပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ပေါ့
ကျနော့်ကို ခွင့်လွှတ်ဖို့အကြောင်း
အဲ့ဒီ အရှေ့မြောက်အရပ်မှာရှိတဲ့ ကျနော့် လမင်းဆီ
ဒူးထောက်ထားတဲ့ သွေးစက်စက်တွေ
တခုတ်တရထုပ်ပိုးပြီး
လေပြေတွေနဲ့ ထည့်ပေးလိုက်ချင်ပါတယ်

ကြေပါစေ။

ဇော်။

Thursday, July 4, 2013

မိုး (၁)

ချစ်သူဟာ
မိုးစက်မှုန်မွှားလေးဖြစ်တယ်
သူ့ စကားလုံးရွာကျမှုတွေနဲ့
သစ်ပင်ကို တတိတိ စိုစွတ်နေစေရဲ့။

ချစ်သူဟာ
ဝလုံးကလေးဖြစ်တယ်
ခုံးနေတဲ့ မျက်ခုံးနက်နက်ကလေးတွေရယ်
ဝိုင်းစက်စက်မျက်လုံးကလေးတွေရယ်နဲ့
သစ်ပင်ကို စကားလုံးတွေ ရေးခြယ်တယ်။

ချစ်သူဟာ
ဘဂ၀ါဂီတလေး ဖြစ်တယ်
တင်းတင်းစေ့ထားတဲ့ ပါးလျလျနှုတ်ခမ်းတစ်စုံနဲ့
သစ်ပင်ရဲ့ ကျမ်းအဆူဆူကို လက်ညှိုးညွှန်
အမိန့်တွေကို စာချွန်လွှတ်တယ်။

ကျနော်က သစ်တစ်ပင်ပါ
ချစ်သူအိပ်တန်းတက်မယ့် တံတျာနဲ့
ရေသောက်မြစ်တွေကို အသက်ဆက်နေခဲ့ရ ...။


ဇော်။


Sunday, June 30, 2013

ဒဏ်။

ညှိုးလျသိမ်ငယ်ခြင်းတွေနဲ့ .. ဘ၀ဟာ အခုမှ ခပ်ကျကျ ခါးသက်နေခဲ့
ဘယ်လိုအကုသိုလ်များလဲ .. အကြိမ်ကြိမ်ပါပဲ .. အဲ့ဒီ တော်သလင်းမှာ ကျနော်သံသရာရှည်နေရတော့တာ။

ခနခနရှိုက်မိတဲ့ ၀င်သက်ထွက်သက်တွေနဲ့ .. တနင်္ဂနွေက ခနခန ထားသွားနေတယ်
ကျနော်ဟာလဲ ခနခန အသက်ရှူကြပ် .. နောက်ဆုံးတော့ မိုးဟာမိုးပါပဲ .. ခနခန အေးစက်စက် နိုင်လွန်းနေလှတယ်။

တော်သလင်းရယ် ... တနင်္ဂနွေရယ် .. မိုးရယ် ..
ကျနော်မက်နေမိတဲ့အိပ်မက်ဟာ ရေခဲမြစ်တစ်စင်းလဲ ဖြစ်တယ်။ တိတိပပ ပေါက်ကွဲဖို့ဝန်မလေးတဲ့ သစ်ရွက်လေးလဲ ဖြစ်တယ်။ ကျနော်ဟာလဲ ရူးလွန်းခဲ့တယ်။

မသိကျိုးကျွံချန်ရစ်သွားဖို့ရယ် .. တိတ်တိတ်ဆိတ်ဆိတ်ကျန်ရစ်သွားဖို့ရယ် ... အဲ့ဒီ တနင်္ဂနွေဟာ ကျနော့်ကို ခနခန ပြဌာန်းတယ်။ ရင်ဘတ်တစ်ခုလုံး ထိတ်လန့်သွားလောက်တဲ့အထိ ကျနော် ထုံကျဉ်ခဲ့ရဖူးတယ်။ မိုးရယ်။
စကားလုံးတွေ မရှိတော့လောက်အောင် .. စကားလုံးတွေ ပျောက်ဆုံးနေလောက်အောင် .. အတိတ်ရဲ့ အရိပ်တွေနဲ့ ကျနော့်ကို တနင်္ဂနွေလေး မျက်နှာလွှဲသွားတယ်။

တကယ်လို့များ ... တကယ်လို့များပေါ့လေ ...
ဘ၀ကိုနောက်တစ်ကြိမ်အသစ်က ပြန်စခွင့်ရခဲ့မယ်ဆိုပါစို့ ... တနင်္ဂနွေရဲ့ သံသယငွေ့ငွေ့တွေအောက်
ကျနော် ဘယ်တော့မှ လူမဖြစ်ချင်ဘူး။


ဇော်။

Friday, June 21, 2013

သူသိပါစေ။

သြော် ..
ဒီအချိန်တောင်ရောက်ပြီ။
မနေ့က ဒီအချိန်ပေါ့ ...
ခုတော့ ကျနော့်ရဲ့ သံစဉ်ကလေး
ဝေး ... လွင့်... ပျောက်... ရှ
အလွတ်ရနေတဲ့ ဂဏန်း ၁၂လုံးဟာ
ကျနော့်ကို ပိုပြီး ခါးသက်နေစေတော့တာ ..။

ခုလောလောဆယ်ပေါ့ သံစဉ်ရယ်
ဖုန်းခလုတ်တွေပေါ် လက်မရောက်အောင် နေနေမိတယ်

ဆုတောင်းခြင်းများသာ အသက်ဝင်မယ်ဆို
သက္ကရာဇ်တွေကို ဖြိုချင်တယ်
နောက်ကြောင်းတွေထက်
သံစဥ့်ကိုသာ ကျနော် လိုချင်တယ်
သံစဉ်ရယ် ...။

ခုဆို တနင်္ဂနွေရောက်ဖို့ ၂၄နာရီ ၂ခါ ဖြတ်ရဦးမယ်
အရင်က ချိုမြိန်ခဲ့တဲ့ တနင်္ဂနွေဟာ
အခု ကျနော့်အတွက် ထိတ်လန့်စရာတွေ ဖြစ်လို့
သံစဉ်ရယ် ...။

မခေါ်ဘဲမနေပါဘူးလို့ သံစဉ်ပြောခဲ့တယ်
အမြဲခေါ်မှာပါလို့ သံစဉ်ပြောခဲ့တယ်
ဒီလိုနဲ့ သံစဉ် မရှိတော့ဘူး ..
ခုဘယ်မှာလဲ သံစဉ်။

ကျနော်က အဝေးရောက်လူသားပါ
ဂစ်တာအိုကိုထမ်း
ကဗျာတွေကို ရူးနှမ်းရင်း
သံစဉ်နဲ့တွေ့မှ ကိုယ့်ကိုယ်ကိုယ် အသက်ရှိမှန်းသိခဲ့ရ ...
ပြန်လာခဲ့ပါလား သံစဉ်ရယ် ..။

ဒီလိုပါပဲ ..
ကိုယ်နေတတ်အောင်ကြိုးစားမယ်ဆိုတဲ့
အဲ့ဒီ ဂီတကလေး
ကျနော့်ခပ်ဝေးဝေးကို ပြေးထွက်သွားတာ
ခုဆို ၂၄နာရီကို စွန်းသွားခဲ့ပြီ။


ဇော်။


Thursday, June 20, 2013

ကျနော်နှင့်မိုး

ထိုနေ့က ကျနော်တို့ ဆုံစည်းခဲ့ကြသည်။
ထိုနေ့ပြီးနောက် ကျနော်တို့ ဝေးကွာသွားခဲ့ကြသည်။
တိတိကျကျ ချန်ရစ်ထားဖို့ရော
တိတ်တိတ်ဆိတ်ဆိတ် ကျန်ရစ်ခဲ့ဖို့ရော
သေချာနေခဲ့ပြီးဖြစ်သည့် ကျနော်သည်
လက်ပြနှုတ်ဆက်ခြင်းနှင့် ငြင်းဆန်ပယ်ဖျက်ခြင်းများကို
ငြိမ်ငြိမ်သက်သက် ရပ်ကြည့်နေခဲ့ပြီးပါပြီ။

တစ်နေ့ ပြန်ရောက်လာလေမလားဆိုသည့်မျှော်
လင့်ချက်ဖြင့်
ကျနော် ငေးကြည့်နေလင့်ကစား
မတူညီသော စိတ်တည်ဆောက်မှုများ၌
ကျနော်သည် ကျန်ရစ်ခဲ့ပြီးသူ ဖြစ်ခဲ့သည်။

ကျနော်အမြဲပြောခဲ့သော စကားတစ်ခွန်းရှိပါသည်။
ကျနော်က မိုးကို ချစ်ပါသော်လဲ မိုးက ကျနော့်ကို မချစ်ခဲ့ပါ ဟူ၍။

ထိုသို့ဖြင့် ..
ကျနော့်ရင်ထဲမှ မိုးသည် ..
တနင်္ဂနွေနေ့တွင်ရောက်လာ၍ ဤနေ့တွင် အငြိုးသည်းစွာ ရွာခဲ့လေပြီ။
သေချာပါသည် ...
ကျနော် မငိုပါ။
သို့သော် ....။

ခွဲခွာရခြင်းများတွင် ...
နာကျင်မှုများ ..
ဝမ်းနည်းမှုများ ...
စိတ်မကောင်းဖြစ်မှုများ ..
အသက်ရှူသံပြင်းပြင်းများ ...
အချိုးကျပါဝင်နေကြမည်မှန်း
ကျနော်အစကတည်းက သိခဲ့ပါလျှင် ...

ဆုံစည်းရခြင်းများကို ကျနော် ကောင်းမွန်စွာ ကြိုလင့်ခဲ့လိမ့်မည်မဟုတ်။


ဇော်။

Sunday, June 16, 2013

မိုးရောက်လာတဲ့ တနင်္ဂနွေ

ကျနော်က မြတ်မြတ်နိုးနိုးဖြစ်ရသမျှ
စည်းဘောင်တွေက ကျနော့်ကို ဟန့်တားကြတယ်
မိုးရယ် .....

သူ့ကို မိုးလို့ခေါ်မယ်ဆို
သူ့ရဲ့ ရွာကျမှုတိုင်း ရင်စည်းခံဖို့
မြေကြီးတစ်ကောင်က ကျနော် ...
နောက်ကျသွားပြီလို့တော့ မဆိုပါနဲ့
အစည်းအတားတွေကြားက
အဲ့ဒီမိုးကို ကျနော် ခိုးချင်နေခဲ့တာ ...။

ဘာ့ကြောင့်များ .......
ခုမှ .............
..............
ကျနော် မတွေးဘူး
မတွေးတော့ဘူး ....။
အစကတည်းက ငိုဖို့ဖြစ်လာတဲ့ မိုးကို
ဝါဆိုကောင် ကျနော်က
မြတ်မြတ်နိုးနိုး ထွေးပွေ့ခဲ့မိ
ရွှဲရွှဲနစ်နစ် စိုချင်လဲ စိုပါစေ။

တကယ်တော့
ကျနော်က မချစ်တတ်ခဲ့ပါဘူး
မိုးကလဲ သိမှာမဟုတ်ပါဘူး
ဒါပေမယ့် မိုးအတွက် ရင်ဘတ်တော့ဖြစ်ချင်ခဲ့
တိတ်တဆိတ်ပါပဲ မိုးရယ်
မြတ်နိုးလိုက်မိတယ်။      ။


ဇော်။