အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Tuesday, December 15, 2009

အလင်းမဲ့

ငါ .. မှားခဲ့လို့လား ..
မိုးပြိုမှာကြိုသိခဲ့ရင်တောင်
ကောင်းကင်ရဲ့တေးကိုဆိုနေအုံးမှာ
စွဲလမ်းမှုက အချစ်မဟုတ်ဘူးလို့နင်ပြောလဲ
ငါကတော့ 'ဒဿ' ကိုပဲ အားကျတယ် ..
ရာမရဲ့ မြားချက်က သူ့ချစ်ခြင်းကို
မဖေါက်ထွင်းနိုင်ခဲ့ပါဘူး
နင်သာပါမယ်ဆို ဒီဇာတ်လမ်းမှာ
ငါကလူကြမ်း ဖြစ်ဖြစ်ပေါ့ ...
ကျေးဇူးပြုပြီး အရှုံးသမားလို့ မခေါ်ကြပါနဲ့
ငါ့စာမေးပွဲကို ကိုယ်တိုင် အအောင်ပေးချင်လို့ပါ ..
ဆွံအ နားမကြား နှလုံးသားမှာတော့
နင်က ဘုရင်မတစ်ပါးပေါ့..
စက်တင်ဘာတွေသာ ကုန်သွားပြီ
ငါ့ရင်ခွင်မှာ မိုးမရွာသေးဘူး..
ဆေးစက်ကျတိုင်းလည်း
စိတ်ကူးတွေက အရုပ်မထင်နိုင်တော့
ငါ့အတ္တတစ်ချို့ကို
အဖြူရောင်ကန့်လန့်ကာဖွင့်
ခင်းကျင်းအသုံးတော်ခံဖူးတယ်
အလွမ်းဆိုတာ
တေလေတစ်ကောင်ရဲ့ အိမ်ပြန်လမ်းမှာ
တောင်ဇလတ်ပန်းတွေလို လတ်ဆတ်နေလေရဲ့
ပိုးဖလံတစ်ကောင်လို
အလင်းကိုပွေ့ဖက်ထားချင်လဲ
ပျောက်ဆုံးနေဆဲ နံနက်ခင်းတွေထဲမှာ
နာမည်တစ်ခုကို အကြိမ်ကြိမ်ခေါ်နေမိတယ်
နင်သိသိ မသိသိပေါ့ ……………။

( သူကိုယ်တိုင်ရေးပြီး သူကိုယ်တိုင်ပြန်မကြိုက်တဲ့ ကျနော့်အတွက် မင်းရဲ့ ကဗျာလေးပါ။ )

3 comments:

ညလင်းအိမ် said...

အလွမ်းဆိုတာ
တေလေတစ်ကောင်ရဲ့ အိမ်ပြန်လမ်းမှာ
တောင်ဇလတ်ပန်းတွေလို လတ်ဆတ်နေလေရဲ့
ပိုးဖလံတစ်ကောင်လို
အလင်းကိုပွေ့ဖက်ထားချင်လဲ
ပျောက်ဆုံးနေဆဲ နံနက်ခင်းတွေထဲမှာ
နာမည်တစ်ခုကို အကြိမ်ကြိမ်ခေါ်နေမိတယ်
နင်သိသိ မသိသိပေါ့ ....

ဒီစာသားလေးကို ဖတ်ပြီး တစုံတရာကို သတိရသွားမိတယ်... သူမသိပေမယ့် အကြိမ်ကြိမ်ခေါ်နေမိတဲ့ နေရက်တွေအကြောင်းကိုလေ...

Anonymous said...

နှမတော်ရေ၊အမတော်လာသွားတယ်နော်၊

နေမိုးဝေ said...

“စက်တင်ဘာတွေသာ ကုန်သွားပြီ
ငါ့ရင်ခွင်မှာ မိုးမရွာသေးဘူး..”
ဆိုတာလေးသဘောကျတယ်