အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Friday, February 18, 2011

အွန်ဒျူတီ.... ( On Duty )

တာဝန်မဟုတ်တဲ့ တာဝန်တွေထဲ
ခေါင်းနစ်ရင်းက
ဗိုက်ဆာတာကို သတိရတယ်။

ထမင်းဘူးကို ဖွင့်မယ့်အစား
မှတ်စုစာအုပ် ဖွင့်မိတယ်။

တစ်နာရီနားချိန်ဟာ
မွန်းကျပ်နေသူအတွက် ရတနာ။

ရေတစ်ပုလင်း
ရှေ့ချထားရင်း
ကိုဟန်သစ်ရဲ့ စာတွေဖတ်တယ်
ကိုရန်နိုင်ရဲ့ သန်းခြောက်ထောင်ပြန်နားထောင်တယ်
လင်းစက်ရာကို တွေးမိတယ်
ဟိန်းလတ်နဲ့ စကားပြောချင်တယ်
နေပိုင့်ကို ဖုန်းခေါ်တယ်
နောက်
သူ့ကို တမ်းတမ်းတတ
လွမ်းတယ်။

အချိန်တွေရဲ့ ရွေ့လျားမှုက
နှေးလွန်းလေခြင်း
အပြစ်တင်ငွေ့တွေနဲ့ အခန်းတောင်
ပိုမှောင်သွားသလို
ဝန်းကျင်မှာ ငွေ့ရည်တို့
တွဲလွဲခိုတယ်။

ဖတ်ပြီးသား ကဗျာကိုပဲ
နောက်တစ်ကြိမ် ပြန်ဖတ်မိတယ်
နားထဲမှာတော့
လှောင်ရယ်သံတွေ ဆူညံလေရဲ့။

တစ်ခုခုလုပ်မှဖြစ်မယ်
ကော်ဖီတစ်ခွက်ထဲ
အတွေးတွေ ထည့်ဖျော်လိုက်တယ်
ကျတဲ့အခါလဲ ကျတယ်
ဖန်တဲ့အခါလဲ ဖန်တယ်
သက်တဲ့အခါလဲ သက်တယ်
ငါကိုက
ဖြစ်တည်မှုနဲ့ နဲနဲလွဲတယ်။

ဒီနေ့က နိုက်ဒျူတီ
နားရက်ရောက်ဖို့ ၂၄နာရီနှစ်ခါဖြတ်ရဦးမယ်
ဒီနေ့ကုန်ဖို့ အတော်ကြာတာပဲလို့
တွေးမိပေမယ့်
သေဖို့တစ်ရက်နီးတာကိုတော့ မေ့လျော့တယ်။

ငြိမ်ငြိမ်ဆိတ်ဆိတ်နေချင်ကာမှ
ငါ့ကို ဘာလို့လာလာခေါ်နေကြတာလဲ
ခနလောက် နားပါရစေလား
ရွေ့လျားနေတဲ့ ပတ်လမ်းကြောင်းထဲ
အမှုန်တွေ ဘယ်လောက်များ ပါဝင်နေသလဲ
ငါ စူးစိုက်ကြည့်ချင်တယ်
အားလုံးငြိမ်သက်သွားတဲ့ ခနရဲ့နောက်
ငါ နှစ်နှစ်ခြိုက်ခြိုက် ပြန်ဖူးပွင့်မယ်။

နားထဲမှာ အသံတွေ ထပ်နေတယ်
အိမ်ပြန်ချိန်ကို မျှော်ကြည့်မိတယ်
နာရီကို ခနခန ငေးတယ်
ဖြိုးကို တွေ့ချင်တယ်
လင်းစက်ရာကဗျာတွေကို ငတ်မွတ်တယ်
ကျောချမ်းလွန်းတဲ့ အဲကွန်းခန်းထဲ
ရေခိုးရေငွေ့တွေနဲ့
အတွေးတစ်ချို့
ပလူပျံတယ်။

အလကားရလို့သာ တွေးနေမိတာ
အခန်းအေးစက်စက်ထဲ
အတွေးစိုထိုင်းထိုင်းတွေက
အောက်သိုးသိုးနံ့တွေနဲ့။

ကွန်ပြူတာကို ကြည့်တယ်
ဗလာကိုသာ မြင်တယ်
ခလုတ်တွေကို နှိပ်နေတယ်
နတ္ထိကိုသာ ခံစားမိတယ်
တစ်စုံတစ်ခုထဲ နစ်မြုပ်နေရင်း
တစ်စုံတစ်ခုရဲ့ ဖိအားတွေကြောင့်
အသက်ရှူ ကြပ်တယ်။

ဟူး.........
တော်ပြီ
ခေါင်းကိုခါတယ်
လက်ကိုခါတယ်
ဆံပင်ကိုခါတယ်
နှလုံးသားကို ဖုန်ခါတယ်
အတွေးတွေကို ပြန်သတ်ရမယ်။

ပြောသာပြောရတာပါ
စိတ်ကူးထဲမှာတော့
အလင်းတွေက
ယိုင်လို့ ကောင်းနေကြတုန်း....။ ။

ဇော်။

4 comments:

ချမ်းလင်းနေ said...

အလကားရတဲ့အတွေးတွေ အခွန်တောင်ရတော့မယ်တဲ့။ နှလုံးသာဖုံးတက်နေတာကိုး သိပ်မခါနဲ့ ဒါကြောင့် ဒီမှာ ဖုန်ထူထပ်နေတာကိုး။ သိပြီ....သိပြီ...။ ဖုံတက်နေသော ဇော်၏နှလုံးသားကြောင့်။ :P

Anonymous said...

ကောင်းတယ် လတ်ရေ...ဒီနေ့ကုန်ဖို့ အတော်ကြာတာပဲလို့
တွေးမိပေမယ့်
သေဖို့တစ်ရက်နီးတာကိုတော့ မေ့လျော့တယ်။ အဲ့ဒါလေးကိုပိုကြိုက်တယ်

Unknown said...

မိုက်တယ် ဇော်...ကဗျာလေးတွေတအားလှလာတယ်... :)

Unknown said...

nice poem nyimalay
cheer.......