အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Sunday, September 13, 2009

နိစ္စဓူဝထဲက အပိုင်းအစတွေ

တစ်နေ့တစ်နေ့ ကြုံတွေ့နေရတဲ့ မရိုးနိုင်တဲ့ ပြောင်းလဲခြင်းတွေထဲမှာ ရှင်သန်နေရတဲ့ ကျွန်တော်တို့လူသားတွေအတွက် ဘယ်အရာကများ အထူးတလည် အံ့သြစေတတ်ခဲ့ပါသလဲ။

မသိလိုက်မသိဖာသာ တရွေ့ရွေ့ခရီးဆက်နေခဲ့တဲ့ အချိန်မှန် နာရီတစ်လုံးရဲ့ ရပ်တည်မှုမျိုးနဲ့ ကျွန်တော် နေထိုင်နေခဲ့တဲ့အချိန်မှာ ဖေးမသူရယ်လို့ မလိုအပ်ခဲ့ရိုးအမှန်ပါ။ ဖြူစင်မှုနဲ့အတူ အရောင်စွန်းထင်းခြင်း မရှိတဲ့ သူငယ်ချင်းလေး တစ်ယောက်လောက်ပိုင်ဆိုင်ရင်ကိုပဲ ကျေနပ်နေတတ်တဲ့ ကျွန်တော့်ရဲ့ နေ့တွေကတော့ သာမန်ထက် ဘာမှ ပိုထူးလာလေ့မရှိတာ ၀တ္တရားတစ်ခုလိုများဖြစ်နေတတ်သလားမသိ။

တကယ်တော့ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက အချိန်ကာလ အပိုင်းအခြားလေးမှာ ကျွန်တော်ဘာကို အကောင်းဆုံးလုပ်ဆောင်ခွင့်ရှိနေပါသလဲ။
အဲ့ဒီအချိန်ကာလ အပိုင်းအခြားလေးကသာလျှင် နိစ္စဓူဝ ဖြစ်နေခဲ့တယ်ဆိုရင်ရော။

မေးခွန်းပေါင်းများစွာနဲ့ ရှုပ်ထွေးနေရတဲ့သူတော့ မဖြစ်ချင်ခဲ့မိပါဘူး။ ဒါပေမယ့် နက်ရှိုင်းစွာပျော်ဝင်နေတဲ့ လေးနက်တဲ့ ရပ်တည်မှုမျိုးနဲ့တော့ ကျွန်တော်ဖြစ်တည်ချင်ခဲ့မိတယ်။

တာဝန်ယူတတ်တဲ့သူအဖြစ် ကိုယ့်ကိုယ်ကိုယ် မသတ်မှတ်လိုက်မိခင်မှာ အတိတ်နဲ့ ပစ္စုပန်အကြောင်းကို အတတ်နိုင်ဆုံး နားလည်ချင်မိတယ်။ အနာဂတ်ဆိုတာက အောင်စာရင်းလေ။

ကောင်းမွန်တယ်လို့ ယူဆမိတဲ့ ခံစားချက်တိုင်းကို ကော်ပီမချချင်ပါဘူး။ သာမန်ဖြစ်ရိုးဖြစ်စဉ်နဲ့ လူတိုင်းမှာ မတူညီတဲ့ ဘ၀ကိုယ်စီရှိကြတယ်ဆိုတဲ့ ခံယူချက်တစ်ခုနဲ့တင် ရှေ့ခရီးက ခရောင်းလမ်းကို ဖြတ်နင်းနေချင်မိတယ်။ အားအင်အဖြစ် ဖြူစင်တဲ့ သူငယ်ချင်းရဲ့ လက်အစုံကိုတော့ ဆုပ်ကိုင်ခွင့် ရှိပါရစေ။

တောင်းဆိုမှုတွေ များလွန်းနေတဲ့ နိစ္စဓူဝထဲမှာ အခက်အခဲပေါင်းစုံနဲ့ စိတ်ညစ်ညူးမှုအပြီး နောက်ဆုံးရလာဒ်က ဘာပါလိမ့်။
သေချာတာကတော့ ကျွန်တော်ဘာကိုမှ အတည်တကျ ဆုပ်ကိုင်ထားနိုင်စွမ်းမရှိခဲ့ဘူးဆိုတာပါပဲ။
ငါနဲ့ငါသာ ဖြစ်တည်ရာတဲ့။ တကယ်ရော အဲ့ဒီငါ ဆိုတဲ့ ငါပါ အမှန်တကယ်ဖြစ်တည်မှုထဲ ပါဝင်ခဲ့ရဲ့လား။
စိတ်တစ်ခု ခံစားမှုကို ကျွန်တော် မလေ့လာတတ်သေးတာ အမှန်။

ဆွံ့အစွာ တိတ်တဆိတ် ငံ့လင့်လို့အပြီးမှာ နေ့တစ်ဓူဝ ကြုံတွေ့နေရတဲ့ မရိုးအီနိုင်တဲ့ ရိုးအီမှုတွေအပြည့် သံသရာ ရထားကြီးကတော့ဖြင့် အချိန်မှန်ကို ဖြစ်လို့။

အိပ်ချင်မှုတွေနဲ့ ပြည့်သိပ်နေတဲ့မျက်ဝန်းတစ်စုံရဲ့ အညိုရင့်ရောင်ဖြစ်မှုဟာ ကဗျာဆန်နေမယ်ဆိုရင် အဲ့ကဗျာကို အပုဒ်ပေါင်းများစွာ နေ့စဉ် ကျွန်တော် ရေးစပ်သီကုံးနေမိတယ်ထင်ပါ့။
လက်တွေတောင် ညောင်းလို့။

အမှန်က ဘာရယ်ညာရယ်တော့မဟုတ်ခဲ့ပါဘူးလေ။ နိစ္စဓူဝကို သာမန်ဖြစ်ရိုးဖြစ်စဉ်အတိုင်း ဖြစ်ပျက်ရှုမှတ်ပြီးတဲ့နောက် ဆူညံနေတဲ့ပတ်ဝန်းကျင်မှာတောင် တိတ်ဆိတ်မှုက အာဏာပြနေလေရဲ့။ ကျွန်တော်က ဟန်ဆောင်အပြုံးကို အပီအပြင်ဖက်တွယ်ထားရလို့ ငိုဖို့အတွက် အားမရှိတဲ့သူပါ။
အထီးကျန်လွင်ပြင်မှာလေ။

နေ့စဉ်စားနေတဲ့ ဒီထမင်းကို ငြီးငွေ့ဖူးပါသလား။ နေ့စဉ်သောက်နေတဲ့ ဒီရေကို ငြီးငွေ့ဖူးပါသလား။ နေ့စဉ် အိပ်နေတဲ့ ဒီအိပ်ရာကိုရော ...

ဒါဖြင့် နေ့စဉ် လုပ်နေရတဲ့ ဟော့ဒီ ဒျူတီဆိုတဲ့ အကျဉ်းထောင်ကရော ..

ဆုတောင်းတိုင်းသာ ဖြစ်မယ်ဆိုရင် .. ဘုရားရေ .. အတောင်ပံသေးသေးလေးတစ်စုံနဲ့ နှင်တံသေးသေးလေး ကိုင်ရတဲ့ ပန်းဝတ်မှုန်တွေအကြား ပျော်မြူးရတဲ့ နတ်သမီးသေးသေးလေး ဖြစ်ပါရစေ ..

အိပ်မက်ကလန့်နိုးလာတော့ ဒျူတီသွားရဦးမယ်တဲ့။


( ကျွန်တော်အခုတလော မာဖီးယားနေတာရယ် မျက်စိက အောင့်အောင့်နေတာရယ်ကြောင့် ဘလော့ရွာထဲမှာ စာမရေး စာမဖတ်ဖြစ်ခဲ့မိဘူး။ အတော်တောင်ကြာသွားတယ်ထင်ပါ့။ ကျွန်တော့်ကို သတိတရရှိပေးကြလို့ သိပ်ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော် သိပ်ကို မြတ်နိုးတန်ဖိုးထားမိရပါတယ်။ တကယ်တော့ ကျွန်တော်က အဲ့လို အမှတ်တရဖြစ်ရလောက်အောင် မထွန်းတောက်တဲ့ အညတရတစ်ယောက်ပါ။ လူအချို့က ကျွန်တော့်ကို မှတ်မှတ်ရရရှိကြလို့ ကျွန်တော့်ရဲ့ ဖြစ်တည်မှုကို ကျွန်တော် နဲနဲတောင် ဂုဏ်ယူချင်လာမိသလိုပါပဲ။ ကိုသားကြီးနဲ့ ၀က်ကလေးကို ကျေးဇူးတင်ပါတယ်။ ကိုဂျီးရန်ကုန်လဲ ပါတယ်နော်။ နောက် စီပုံးကနေ သတိတရ မေးဖော်ရတဲ့ ဒေါ်လေးလွင်နဲ့ လူနည်းစုလေးကိုလဲ တကယ်ကို ကျေးဇူးတင်မိရတယ်။
သြော် ... ဂျစ်ကို ( အိုက်ခီလောက် ) ကတော့ ထူးပြီး ပြောစရာလိုတော့ဘူးထင်ပါ့။ =)

ဒီ ပိုစ့်ကို တက်ဂ်တဲ့ ဒေါ်လေးနင်း (နှင်းနဲ့မာယာ) ကတော့ ကျွန်တော့်ရဲ့ ပေါက်ကရ ချရေးမှုကို နှာခေါင်းမရှုံ့လောက်ဘူးထင်ပါရဲ့ဗျာ။
ကျွန်တော်လဲ ဆက်ပြီး ကိုလေးထက်အောင် (ဧရာဝတီသား) ကို ဒုက္ခပေးချင်ပါသေးတယ်။ =]
ရတယ်ဟုတ်။ )


16 comments:

လင်းကြယ်ဖြူ said...

တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့ အတွေ့အကြုံတွေကြားထဲက
ရင့်ကျက်မှုတွေ ပိုမို နားလည်တတ်မှုတွေကို နိစ္စဒူဝတွေကြားမှာကောင်းကောင်းခံစားနေရသလိုပါပဲ..
နိစ္စဒူဝတွေအလယ်မှာ
စိတ်လှလူလှနေ အရွယ်ကောင်းတုန်း
အပူအကြောင်းတွေ ကင်းဝေး
ခင်းပေးထားတဲ့ ဘ၀လမ်းထဲ
အလှပန်းများကိုင်ကျဲ
မယိုင်မလဲပဲ အောင်ပန်းဆွတ်နိုင်ပါစေ...လို့...
ပျော်ပါစေ...

ဧရာဝတီသား said...

ဟမ် ... ငါ့တစ်ယောက်တည်း ရွေးပြီးတက်ဂ်ရသလား၊ မရဘူးကွာ မရေးဘူး ဟွန်း :(
မာဖီးယား သင်ပေးပါ ဆိုလို့လည်း သင်ပေးရသေးတယ်၊ တက်ဂ် စရာရှိတော့ သတိရတယ် ဟုတ်လား?

အဲ ... ရန်တွေ့နေရတာနဲ့ မမန့်ရသေးဘူး။ အရေးအသား ကတော့ ပြောစရာမလိုဘူး ညီဇော်ရေ။ အညတရ တစ်ယောက် ဖြစ်တယ် ဆိုရင်တောင်မှ မှတ်မှတ်ရရ ရှိတဲ့ သူတွေက မနည်းပါဘူး လို့။ ညီ့ရဲ့ဖြစ်တည် မှုကို ဂုဏ်ယူလိုက်ပါ။ အိမ်မက်က လန့်နိုးလာတဲ့ အခါ ၀င်ရတဲ့ ဒျူတီမှာလည်း အဆင်ပြေ ပျော်ရွှင်ပါစေ ...
ခင်မင်လျက်

နှင်းနဲ့မာယာ said...

ချစ်ညီမလေး
နေကောင်းအောင်နေနော်....
သတိတရနဲ့ ရေးပေးလို့ ကျေးဇူးနော်...
ညီမလေးရေးတဲ့ အရေးအသား အတွေးအခေါ်လေးတွေကလဲ တစ်မျိုးလေး ကောင်းနေတာပဲနော်....
ညီမလေးတောင်းတဲ့ဆုပြည့်ပါစေ....
နှင်တံသေးသေးလေး ဝယ်ပေးမယ်...
နတ်သမီးလေး ဖြစ်စေသတည်း....

yangonthar said...

ညီဇော်ရေ ......
ဆန္ဒနဲ့ ဘဝဟာ ထပ်တူမကျကြပါဘူး
လုပ်သင့်တာတွေကို လုပ်ချင်တာတွေ နဲ့  လဲလဲ ပြီး ယူနေရတာ စိတ်ကတော့ မပါလှဘူးပေါ့ ကိုစွန့် လွှတ်လိုက်ရတာတွေအတွက် တစ်စုံ တစ်ခု ပြန်ရလိုက်ရင်ပဲ “ငါ” ဆိုတဲ့ အတ္တ ကောင် အတွက် ဖြစ်သာပါရဲ့ ညီဇော်ရေ အစ်ကို တို့ တွေရဲ့  “နေကောင်းလား ညီဇော်ရေ” ဆိုတဲ့ ရင်ထဲကလာတဲ့ စကားတွေ ညီဇော်အတွက် အားဖြစ်ပါစေ ..... မာဖီးယား ကစားဖို့ တော့ ဟုတ်ဘူးနော် :))))
လွတ်လပ် ပျော်ရွှင်ပါစေ ညီဇော်ရေ
ခင်တဲ့
ကိုဂျီးရန်ကုန် :))))

ဝက်ဝံလေး said...

ဇော် ရယ် ဝံတော့ မာဖီးလဲမယားနိုင်ပါဘူးလေ အဲဒါ ပါလုပ်လို့ကတော့ စာလဲဖတ်ရမှာဟုတ်ဘူး တနေ့တနေ့ ကျောင်းနဲ့အဆောင်နဲ့ လုံးလည်ချာလည်လိုက်နေတာ ဟဟဟဟ ဘလော့ဂ်ကလဲ ဝါသနာပါတော့ ဂင်းရသေးတယ်လေ ဖီးယား ဖီးယား လုပ်လို့ကတော့ ဟက် ဝံတကောင် ကျောင်းတောင်မသွားနိုင်ပဲ စွဲနေမှာ ဒါကြောင့် မြိုသိပ်ကာ မစ ပဲ နေတာ ဟိဟိ

ဇော်ရေ နေကောင်းရင် ပြီးတာပါပဲဟာ ဝံက ဇော် နေမကောင်းဘူးထင်နေတာ သမီးဂျီးကို မေးကြည့်တော့ သူလဲ အလုပ်တွေ ဆက်နေတယ်လို့ပြောလို့ မအားဘူးမှတ်နေတာ ဟိဟိ

ကဲ ပြန်တော့မယ်နော် ဇော် ဘိုင်တာ့တာ

သီဟသစ် said...

ညီမဇော်ရေ

ဆုတောင်းလေးတွေပြည့်ပါစေ..
မာဖီးယားလဲ လျော့ကစားပါကွယ်

သမီးပျို said...

ဇော်ရေ ဘ၀ဆိုတာ နေတတ်ရင် ပျော်စရာကြီးပါ ဂျူတီကို ထောင်နဲ့တင်စားလိုက်ရင် ဇော့်အတွက် အလုပ်ချိန်တိုင်းမှာ မောလျှနေမှာပေါ့ ပျော်စရာတွေကို ကြံဖန်တွေးရင်း ဂျူတီဆိုတာကြီးကို ပျော်ပျော်ကြီးဖြတ် သန်းလိုက်စမ်းပါဟာ အဆင်ပြေလာပါလိမ့်မယ်

ချစ်တဲ့
သမီးပျို

အိုက်ခီလောက် said...

ဘာတွေ မပြောတာလည်း ညည်းနှယ့်အေ့
ဂျစ်ညီမလုပ်နေပြီး မပွင့်လင်းလိုက်တာအေ့ :P
ငါးရက်ပဲလိုတယ် ဂျစ်ညီမရ ညည်းထက်စောတယ်
ဆုံကြတာပေါ့ နော့်

ကိုလူထွေး said...

နိစ္စဒူဝအလုပ်ထဲမှာ ဘလော့လည်ခြင်းရော မပါဘူးလား...

အခုတလော မအားဘူးပေါ့... ဘာတွေရှုပ်နေလဲ...

းဝ)

မိုးစက်အိမ် said...

စကားလုံးတွေကတော. လူကောင်လေးနဲ.ကို မလိုက်ဘူး
ငဇော်ရေ ... ဟီးးးးးးးးးးး ခင်လို.စသွားတာနော် တကယ်ကို
ကောင်းတာပါကွာ ... တစ်ချို.စားသားတွေက ကဗျာလိုလိုဘဲ ... :)

သားကြီး said...

မာဖီးယားလုံးဝမဆော့တတ်ဘူးကွယ်
သင်ပေးပါလားဟင်
taggedမှာရှိတယ်
နားလိုက်တာကြာပြီ မဆော့တတ်လို့

သားကြီး said...

ပန်းဝတ်မှုံတွေကြားပျော်မြူးရတဲ့
အတောင်ပံပါတဲ့ နတ်သမီးလေးဖြစ်ပါစေလေ
နေ့စဉ်ထမင်းနဲ့ ရေတွေကိုငြီးငွေ့ဖို့သတိမရခဲ့ပေမယ့်
နေ့စဉ်chatနေရတဲ့လူတွေကိုတော့ “ပျင်း”သလိုလိုပဲ :P

သားကြီး said...

ပြောစရာကျန်ခဲ့လို့
“လင်းစက်ရာ”ဆိုတဲ့နာမည်လေးသိပ်လှတယ်
ကဗျာဆန်တယ်
အင်အားတမျိုးမျိုးကိန်းအောင်းနေသလိုလိုပဲအဲ
ဒီနာမည်မှာ

တလနွန် said...

ညီဇော် ရေ ရောက်တယ်ဗျို့ ။

ပန်းဝတ်မှုန်ကြား တောင်ပံသေးသေး နှင်တံသေးသေး

နှင့် မြူးထူးပျံသန်းခွင့်လို ဘဝမှာလည်း အပူအပင်

ကင်းကင်းနဲ့  အေးငြိမ်းစွာ ရှင်သန်နိုင်ပါစေလေ။

အရိုးသီချင်းထဲကလို မဟာလူတန်းစား အိမ်မက်များ

အတွက် ကျုပ်တို့ တစ်တွေ မနက်တိုင်းထကြွ

လူလည်အာရှသား (ဂျုတီတွေကစောင့်ဆိုင်းလို )့။

ခင်မင်စွာနှင့်
ကိုည

စည်သူ said...

အေးပေါ့.. မင်းသားလေး လတ်လတ်ဇော်ရေ..

ဘယ်ချိန် ခရီးဆုံးမယ်မှန်း မသိတဲ့ ဒီလူ့ဘဝကြီးထဲမှာတော့.. အကိုတို့တစ်တွေလည်း အတူတူပါပဲလေ..

သံသရာရားကြီးကို ခုတ်မောင်းရင်း..
နားခိုစရာ ဘူးတာရောက်တော့လည်း နားခိုရတာပေါ့..

ခရီးကတော့ မဆုံးသေးဘူးလေ..
ဆက်လက် ခုပ်မောင်းနေရအုံးမှာပဲ..

ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
စည်သူ။

Angel Shaper said...

တစ်ရပြန်ဘီ။ မရိုးနိုင်တဲ့ နိစ္စဓူဝ ကိုလာဖတ်တယ်။
တောင်းတဲ့ဆုနဲ့ပြည့်စေ။။။။ ဟု ဆုလာပေးသွားသည်။