အဝေးက လွင့်လာတဲ့ မိုးစက်ပွင့်လေးတွေကို ကြည့်ရင်း ခေါင်းကို ဖြေးညှင်းစွာ ခါလိုက်မိတော့ မျက်ရည်စတစ်ချို့ လွင့်စင်သွားခဲ့တယ်။ ရင်တစ်ခုလုံး တင်းကျပ်စွာ ဆုပ်ချေထားသလို။ ဖြေမဆည်နိုင်တဲ့ ခံစားချက်တစ်ချို့ကို ဆုပ်ကိုင်လို့ အနာဂတ် မလှမပဖြစ်ရမှုကို ဘယ်လိုများ ကဗျာဖွဲ့သီနိုင်တော့မှာလဲလေ။
ကလေးရယ် .. ငါ့နံရိုးတစ်ချောင်းကိုထုတ် .. နင့်ကို ဖန်ဆင်းခဲ့တာတောင် .. ငါ့ခန္ဒာကိုယ်တစ်ခြမ်းသာ ပြာကျသွားခဲ့တယ် .. နင်ကတော့ ပြန်ရှင်သန်မလာနိုင်တော့ဘူးနော်..
ရေဝေးသုသာန်က ထွက်လာတဲ့ ကားတန်းရှည်ကြီးကို ကြည့်ရင်း ရင်မှာစို့နစ်လာမှုနဲ့အတူ မီးခိုးဖြူဖြူတွေကို ကြည့်နေမိပြန်ပါတယ်။ ခပ်ဝေးဝေးမှာတော့ တိမ်တွေ မှောင်ကုန်ပြီ။
...........
ငါ နင့်ကို စောင့်နေတာဟ .. ငါခုထိ မအိပ်ရသေးဘူး.. သိလား ..
ချိုသာတဲ့ စကားသံတစ်ချို့နဲ့အတူ နားစည်ကို အသာရိုက်ခတ်သွားတဲ့ ဆည်းလည်းသံလေးကြောင့် ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ အမောတို့ ပြေပျောက်ခဲ့ရပါတယ် ကလေးငယ်။ တစ်နေကုန် ပင်ပန်းခဲ့သမျှ နင်နဲ့ တွေ့ရမယ့်အချိန်လေးကို စောင့်စားရင်း ငါ့ရင်တို့ လှုပ်ခတ် .. စည်းချက်တို့ မမှန်ခဲ့တာ ကာလတို့ ကြာညောင်းနေခဲ့ပြီ။
ညဘက်ပုံမှန် ဖုန်းပြောကြရင်း နင်နဲ့ငါရဲ့ သံယောဇဉ်ကြိုးတို့ ပိုပြီးခိုင်မာလာခဲ့တယ်။ ကျောင်းတက်ရင်းတောင် မတွေ့ဖြစ်ကြတဲ့ ငါတို့နှစ်ယောက်အတွက် ညဘက်ဖုန်းပြောချိန်တွေဟာ တန်ဖိုးဖြတ်မရတဲ့ ကာလတိုလေးတွေ ဖြစ်လာကြတယ်ဆိုတာ နင်ရော ငါရော မသိစိတ်နဲ့အတူ လက်ခံထားမိခဲ့ကြတာပဲလေ။
ငါ ဒီနေ့ နင်ကြိုက်တယ်ဆိုတဲ့ ကြက်သားနဲ့ ဘူးသီး ကာလသားချက် ချက်စားဖြစ်တယ်သိလား။ နင့်ကို သတိရတယ်ဟာ ..
ငါ့ရင်ထဲမှာ တစ်သိမ့်သိမ့်စီးမြောခြင်းနဲ့အတူ ဘာနဲ့မှ မတူတဲ့ ခံစားမှုတစ်ခု ဖြစ်ထွန်းခဲ့တယ်။ ဒါဟာ အချစ်လို့ဆိုရင် နင့်ကို ဘာနဲ့မှမတူအောင် တန်ဖိုးထား မြတ်နိုးမိနေတဲ့ ငါ့နှလုံးသားထဲ ခနလောက် ၀င်ကြည့်ပေးလို့ရနိုင်မလား ကလေးငယ် ..
ပိုးလို့ ငါတယုတယ ခေါ်ခဲ့ရတဲ့ နင့်ကို ငါဘယ်လောက်ထိ ချစ်မြတ်နိုးခဲ့ရပါသလဲ ..
အဖြူရောင် ချစ်ခြင်းတွေနဲ့ပါ ကလေးရယ် ..
ငါတို့ကျောင်းမှာဆုံတိုင်း ငါ့ကို အသာအယာလှမ်းပြုံးပြတတ်ခဲ့ပေမယ့် ဖုန်းထဲမှာလောက် စကားမကြွယ်ခဲ့တဲ့ နင်ဟာ ဖုန်းထဲမှာတော့ ငါ့ကိုကလေးဆန်စွာ တွယ်တာလွန်းတာ ငါ သိနေတယ် ပိုး။
ဟဲ့ .. ဒီနေ့လေ .. ငါတို့အခန်းထဲက တရုတ်ကြီးလေ .. သိပ်ရီရတယ်သိလား .. ငါ့သူငယ်ချင်း သီတာ့ကို ရည်းစားစာလိုက်ပေးတာဟယ် .. သူ့မှာ ငါတို့ညှင်းသမျှ ခံလိုက်ရတယ်သိလား .. မျက်နှာကြီးကို ရှုံ့မဲ့နေတာပဲ .. ဟားဟား ..
ပေါ့ပေါ့ပါးပါးနဲ့ ပြောတတ်ခဲ့တဲ့ နင့်အသံလေးကို နားထောင်ရင်း ဖုန်းခွက်ကို လက်နဲ့ အသာဖွဖွကိုင်လို့ နင့်မျက်နှာလေးကို ငါ မှန်းဆ လွမ်းဆွတ်ကြည့်နေမိတတ်ရင်း ညတွေကို ကုန်ဆုံးဖြတ်သန်းခဲ့ရတာ ဟောဒီ တတိယနှစ်ရောက်လာတဲ့အထိပဲနော် ပိုး။ ဒီနှစ်ကုန်ရင် ငါတို့ ကျောင်းတွေပြီးပြီနော်။ ငါတို့ခုလိုပဲ ဖုန်းဆက်ပြောခွင့်ရှိနေဦးမှာလားလို့ ငါတစ်ခါတစ်ခါ စိုးရိမ်မိပါရဲ့။
ဖုန်းထဲမှာ ရင်းနှီးသလောက် အပြင်မှာတော့ ငါတို့နှစ်ယောက်ဟာ သာမန်သူငယ်ချင်းအဆင့်ထက် ဘာမှမပိုခဲ့ဘူးဟာ။ အမှန်က ငါက မ၀ံ့ရဲသလို နင်ကလဲ သိပ်ကို အရှက်အကြောက်ကြီးသလို ဖြစ်နေတာကိုးလေ။ ဒါပေမယ့် ငါတို့ရင်ထဲက သံယောဇဉ်တွေကတော့ အတိုင်းအဆမရှိနော်။ ဒါကိုနင်လဲ သိတယ်ဟုတ်။
ရဲ .. ငါလေ .. အခုတလော သိပ်မောတာပဲဟာ .. အသက်ရှူရတာလဲ မ၀ဘူး.. ဒါပေမယ့် နင်နဲ့ စကားပြောရရင်တော့ သိပ်ပျော်တာပဲ .. သိလား .. ငါဘာဖြစ်လို့ ဖြစ်နေမှန်းမသိဘူးဟာ .. ရင်ထဲမှာ တစ်မျိုးကြီးပဲ .. နေလို့မကောင်းဘူး..
ငါအတော်တော့ စိုးရိမ်ခဲ့ရပေမယ့် စိတ်ထဲမှာ သာမန် အားနည်းလို့ဖြစ်တာနေမှာပါဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ်ရော နင့်ကိုပါ ငါအားပေးခဲ့မိတယ်ပိုးရယ်။ ဒါပေမယ့် မထင်မှတ်တဲ့အချိန်မှာပဲ နင့်ကို ဆေးရုံတင်လိုက်ရပြီဆိုတဲ့သတင်း ငါကြားလိုက်ရတယ်။ ငါ့ရင်ထဲကို ၀င်ကြည့်လိုက်စမ်းပါ။ နင်မမြင်နိုင်လောက်တဲ့ သောကအားတို့ ထုထည်ဖွဲ့ တည်ရှိနေခဲ့သလို ချစ်ခြင်းအားတို့ကလဲ အပြည့်အသိပ်ဖြစ်တည်နေခဲ့ပြီ။
ဆေးရုံရဲ့ အခန်းဝကနေ နင့်ရဲ့ ဖျော့တော့တော့မျက်နှာလေးကို ငါ တရှိုက်မက်မက်ကြည့်နေခဲ့မိတယ်။ အရင်လို ဖုန်းခေါ်လို့မရနိုင်တော့ပေမယ့် နင်အိပ်နေတဲ့ ကုတင်ဘေး စားပွဲခုံပုလေးပေါ်မှာ
မဆူနဲ့နော် .. ပိုးလေး အိပ်နေလို့
ဆိုတဲ့ စာတမ်းလေးကို ဖိုတိုစတန်းလေးနဲ့ထောင်ပေးထားတော့ နင့်မျက်နှာလေးပြုံးပြီး ငါ့ကို မော့ကြည့်နေတာကို ငါ့နှလုံးသားမှတ်ဥာဏ်ထဲက ဘယ်လိုထုတ်ရမလဲ။
တကယ်တော့ ငါက ဆောင်းတွင်းအိပ်မက်လို ကယောင်ကတမ်းနိုင်နေခဲ့ပါတယ် ပိုးရယ်။
ရဲ .. ငါသေရင် နင်ငိုမှာလားဟင် ..
ဖြူဖျော့ဖျော့နှုတ်ခမ်းအစုံနဲ့ နင်ဖျော့တော့စွာမေးလာတော့ ငါ့မျက်ဝန်းမှာ မိုးဖွဲတွေ သည်းနေခဲ့ပြီ။ ဟိုးရှေ့ကောင်းကင်မှာ မိုးတွေ အုံ့မှိုင်းနေသလို ငါ့မျက်ဝန်းမှာလဲ ပြိုတော့မလို..။
နင်သေရင် .. ငါသိပ်နှမြောမိမှာပါ ပိုးရယ် .. ပြီးတော့ ငါ ၀မ်းပမ်းတနည်းကို ငိုကျွေးမိမှာပါ ..
ငါ့ရဲ့ အဖြေတစ်ခုကိုရအပြီးမှာ ပြုံးသွားတဲ့နင့်မျက်နှာလေးရယ် .. မှေးမှိတ်သွားတဲ့ နင့်မျက်တောင်လေးတွေရယ် .. ငါဘယ်လိုဖြေရမှာလဲ ပိုးရယ်။
အဖြူရောင်ချစ်ခြင်းမေတ္တာနဲ့ ထုံမွှန်းဆဲ နင်နဲ့ငါ့ကြားက အခြေအနေကို ငါ မပြောင်းလဲရက်တော့ပါဘူးပိုး။ နင်မရှိတော့တဲ့နောက်မှာ ငါ့အတွက် ဘယ်အရာမှ အသစ်ပြန်မဖြစ်နိုင်တော့ဘူးဆိုတာ .. နင့်နေရာမှာ ငါ အစားထိုးမရနိုင်တော့ဘူးဆိုတာတွေကိုလဲ နင်စိတ်ချမ်းသာအောင် ငါမပြောပြဖြစ်တော့ပါဘူး။ ဒါပေမယ့်ပိုးရယ် .. ငါအခုငိုနေတယ်လေ .. ကောင်းကင်နဲ့ အပြိုင်ပေါ့။
.................
နောက်ဆုံးကြည့်ခြင်းနဲ့အတူ မျက်နှာကို လွှဲလိုက်တော့ မျက်ရည်စက်တို့ ပါးပြင်ပေါ် ခပ်ကြမ်းကြမ်း ပြိုကျလာတယ်။ ဘယ်လိုမှ ထိန်းမရစွာ ရှိုက်ကြီးတငင် ငိုကြွေးခြင်းရဲ့ အဆုံးမှာ ပိုးပြန်လာနိုင်မှာလား။
ဟင့်အင်း ပိုး။ ငါ ရှိုက်ကြီးတငင်မငိုချင်ပါဘူး။ ငါ့မျက်ရည်စက်တွေကို အသာအယာပဲ ကျဆင်းစေလိုက်မယ်။ ငါ့ရင်ထဲမှာ နာကျင်မှုတွေ ပေါ့ပါးမသွားစေချင်ဘူးလေ။ နင့်ကိုချစ်တဲ့ ချစ်ခြင်းနဲ့အတူပေါ့။
ရှင်ဆုပြည့်
00:55a.m
17 comments:
အင်း ငိုလိုက်ရတာ မျက်ရည်နဲ့ မျက်ခွက် ရွှတ်ခနဲ ဖတ်ကနဲ .... အလွမ်းနောက်က အလွမ်း လိုက် လို့ အလွမ်းတွေဝေနေပါလား ညီဇော်ရာ ..... :P
ကိုဂျီး ရန်ကုန်
ကောင်းလှချည်းလား လွမ်းတောင်လွမ်းသွားတယ်
ဖတ်လို့သိပ်ကောင်းတာပဲ..အော်ဒါနဲ့ ဇော်ကနေ ဘယ်လို ရှင်ဆုပြည့်ဖြစ်သွားပြန်တာတုန်း ကလောင်နာ မည်ထင်တယ် ဟုတ်ရဲ့လား
ခင်လျှက်
သမီးပျို
အလွမ်းဇတ်မှာ လွမ်းမောစွာနဲ့ ဖတ်ရူခံစားသွားပါတယ်ဗျာ...။
လွမ်းနေပါတယ်ဆို သူ့ဆီလာမှ အလွမ်းဇာတ်ဖတ်ပြီး ပိုလွမ်းသွားပြီ။ ကောင်းတယ်။
I enjoy reading your post. :)
ညီဇော်ရေ
လွမ်းအောင် သနားအောင် တော်တော်လုပ်
:)
ခင်မင်စွာဖြင့်
သီဟသစ်
တသိမ့်သိမ့်...တို့ တမျိုးကြီးပဲ... တို့ကို ရေးရင် 'စသတ်' မပါရဘူး ညီဇော်ရ...
ဒီနေ့ မြန်မာပြည်မှာ ပြဌာန်းထားတဲ့ ဗမာစာအသုံးအနှုံးအရ "တစ်ခု..တစ်ကောင်..တစ်ယောက်" ဆိုပြီး အရေအတွက်ကို ဖော်ပြတာ မဟုတ်ရင် "တစ်" လို့မရေးဘူး...
ဒါမှမဟုတ် ဒီအဆိုကို လုံးလုံးဆန့်ကျင်ပြီး "တခု၊ တကောင်၊ တယောက်" လို့ ရေးမယ်ဆိုရင်လည်း ကြိုဆိုပါတယ်...
းဝ)
ဝတ္ထုဖတ်ပြီး...
ကိုင်ဇာရဲ့ 'မနိုးပါစေနဲ့ မိုးရယ်' ဆိုတဲ့ သီချင်းကို သတိရမိတယ်...
'မေအိပ်တဲ့ အုတ်ဂူလေးထက်မှာ မောင်ထီးကလေးမိုးကာပေးပါ့မယ်... ရေစက်ကလေးများ ရွှဲစိုကာမသွားရအောင် စောင့်ကာနေပါမယ်...'
ဒီသီချင်းက ညီဇော်နဲ့ ခံစားချက်ခြင်းတူမယ်ထင်တယ်...
း´(
မိုးသံကြားတိုင်းလွမ်းမိတယ် အခုတော့အလွမ်းတွေ ထပ်ဆင့်ပြန်ပေါ့
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ဖတ်ရတာလေးကတော. ကောင်းပါတယ် ၀မ်းနည်စရာ
ဇာတ်လမ်းဖြစ်သွားရတာတော.မကောင်းဘူး ရှင်ဆုပြည်.
ကရော ဘယ်သူတုန်း ငဇော်ရ ... လင်းပါဦးဟ ...
အလွမ်းတွေကူးစက်သွားပြီကွယ်
ကိုလူထွေး ကိုဇော့်ကိုလဲ သင်ပေးလိုက်ဦး ဇော်တယောက်တည်းကိုပဲ ပြောမနေနဲ့ ကိုဇော်လဲ စာလုံးပေါင်းမှားတယ် ဟိဟိ
ဇော် မကောင်းဘူး ဘာလို့သေခိုင်းနေတာတုံး သေခိုင်း တာ ဖတ်ရတာ ဒါပါနဲ့ဆို ၂ ပုဒ် ရှိပြီ နောက်တပုဒ်မှာ ပေးညားပါ ဒါပဲ ဟွန်းးးး
ဇော်ရေ.. ကွေကွင်းနောက်ဆုံးပေါ့နော်။
စိတ်ထဲမကောင်းလိုက်တာ။
;(
ဝမ်းနည်းစရာ.. :(
ဘူသီးကာလသားချက် ဘယ်တော့မှမစားတော့ဘူး။:(
Post a Comment