အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Thursday, September 17, 2009

ဝေး .. လွင့် .. တမ်း .. တ ..

အမုန်း(၁)

သူနဲ့ကျွန်တော်စသိတာ သိပ်မထူးဆန်းပါဘူး။ ကျွန်တော်က အင်္ဂလိပ်စာ အထူးပြုဖြစ်ပြီး သူကလဲ အင်္ဂလိပ်စာ အထူးပြုဖြစ်နေတာကြောင့် တစ်တန်းတည်းသားချင်း သူ့ကို ကျွန်တော်သိလာတာကတော့ မထူးဆန်းဘူး ထင်ပါရဲ့။
ကျွန်တော် သူထိုင်နေတဲ့အတန်းရဲ့ အနောက်က ခုံကို တမင်ရွေးထိုင်ပြီး သူ့ရဲ့ ဘေးတစ်စောင်းမြင်နေရတဲ့ မျက်နှာလေးကို ငေးကြည့်ခဲ့မိဖူးတယ်။ သူ့ဆံပင်ရှည်ရှည်တွေကို ဖြန့်ချထားလို့ ကျွန်တော့်စာအုပ်ပေါ်ကို လာလာထိနေတာလေးကို ကျွန်တော် သိပ်မြတ်နိုးနေခဲ့ဖူးပါတယ်။ အဲ့ဆံပင်အဖျားလေးတွေကို လက်လေးနဲ့ ဖွဖွ (သူမသိအောင်) အသာထိကိုင်ပြီး ချစ်လိုက်ရတာ ကောင်မလေးရယ်လို့လဲ (ရင်ထဲက) တိုးတိတ်စွာ ရေရွတ်ခဲ့မိဖူးတယ်။
ကျွန်တော်က အဲ့ဒီ သူ့နောက်ကခုံမှာထိုင်ပြီး သူ့ဆံနွယ်လေးတွေကိုကြည့်ရင်းသာ ချစ်တဲ့အကြောင်း တိုးတိုးဖွဖွ ရင်ထဲကနေ ပြောရဲခဲ့တဲ့သူပါ။
အချစ်မှာ သတ္တိမရှိခဲ့တဲ့ကျွန်တော့်ကိုယ် ကျွန်တော် မုန်းခဲ့မိတယ်။

အမုန်း(၂)

ကျွန်တော့်ရဲ့ အနှစ်သက်ဆုံးအရာဟာ စာအုပ်ဖြစ်ပြီး ကျွန်တော်က စာချစ်သူတစ်ယောက်ဖြစ်နေခဲ့တာ
ကြောင့် ကျောင်းရဲ့ စာကြည့်တိုက်ဟာ ကျွန်တော့်အတွက် နားခိုရာတစ်ခု ဖြစ်လာခဲ့တာ သိပ်မထူးဆန်းပါဘူး။
ကောင်မလေးကတော့ စာကြည့်တိုက်ရဲ့ ဘုရင်မလေးကိုဖြစ်လို့။ အတန်းပြီးချိန်တိုင်း စာကြည့်တိုက်ကို သွားတတ်တဲ့ကောင်မလေးနဲ့ ကျွန်တော်တို့ အမြဲလို ဆုံဖြစ်ကြတာလဲ သိပ်မထူးဆန်းဘူး ထင်ပါရဲ့။
ကောင်မလေးရွေးဖတ်လေ့ရှိတဲ့ စာအုပ်တိုင်းကို ကျွန်တော်အလွတ်ရနေတတ်တာရယ် .. စာဖတ်ရင်း ကော်ဖီဗူးလေးကို ထုတ်ထုတ်သောက်တတ်တဲ့ ကောင်မလေးရဲ့ ကော်ဖီဗူးလေး ဖြစ်ချင်တယ်လို့ ညည်းညူမိတတ်ခဲ့တာရယ်ဟာ ကျွန်တော့်အတွက်ကတော့ ကဗျာတစ်ပုဒ်လိုပါပဲ။
ဒါပေမယ့် ကောင်မလေးကို တွေ့တိုင်း ကျွန်တော်ခေါင်းငုံ့နေခဲ့မိတာ။ ပြုံးပြဖို့ အင်အားမရှိခဲ့တာ။ မိတ်ဆွေဖွဲ့ဖို့ သတ္တိမရှိခဲ့တာတွေကိုတော့ ကျွန်တော် မုန်းခဲ့မိတယ်။

အမုန်း(၃)

ကျောင်းအပြန်တိုင်း စက်ဘီးစီး ပြန်လေ့ရှိတဲ့ ကောင်မလေးနောက်ကနေ ကျွန်တော့်ပြိုင်ဘီးလေးကို နင်းလို့ အမြဲလို သူမသိအောင် အိမ်ပြန်လိုက်ပို့တတ်ခဲ့ဖူးပါတယ်။ သူ့အိမ်ရှေ့ တစ်ဖက်လမ်းက ဗံဒါပင်အရိပ်အောက်မှာ စက်ဘီးကို ရပ်လို့ ကောင်မလေး တွန်းဖွင့်ဝင်သွားတဲ့ တံခါးပေါက်လေးကို လှမ်းကြည့်နေရတဲ့ ညနေခင်းတွေဟာ ကျွန်တော့်အတွက်တော့ သိပ်ကို သာယာလွန်းခဲ့ပါတယ်။ ကောင်မလေးကတော့ သူ့ရဲ့ ထီမထင်တဲ့ ပုံစံလေးနဲ့ ဘာကိုမှ ဂရုပြုမိလေ့မရှိတဲ့ပုံပါပဲ။ အဲ့ဒီ ဂျစ်ကန်ကန်ပုံစံကောင်မလေးကိုမှ ကျွန်တော်သိပ်ကို မြတ်နိုးခဲ့မိရတယ်။
နံနက်စောစော ကျောင်းမသွားခင် အဲ့ဒီ ဗံဒါပင်အရိပ်နောက်က လက်ဖက်ရည်ဆိုင်မှာ ကျွန်တော်ထိုင်ရင်း ကောင်မလေး ကျောင်းသွားဖို့ ထွက်အလာကို စောင့်နေရတာ .. ကောင်မလေး စက်ဘီးလေးတွန်းပြီး ထွက်လာမှ ကျွန်တော်လဲ နောက်ကနေ တိတ်တိတ်လေး အရိပ်လို လိုက်ခဲ့မိရတာတွေဟာ ရာဇ၀င်တစ်ခုလို သက်ဝင်လှုပ်ရှားခဲ့ဖူးတယ်။ ဒီလိုနဲ့ ...
ကျွန်တော့်အတွက်နားခိုရာဟာ အဲ့ဒီ ဗံဒါပင်အရိပ်လက်ဖက်ရည်ဆိုင်လဲ ဖြစ်ခဲ့ပြန်ပါတယ်။
ကျွန်တော် အချစ်မှာ ရိုးအစွာ ပျော်ဝင်နေခဲ့ဖူးတယ်။

အမုန်း(၄)

စာကြည့်တိုက်မှာ ဆံပင်လေးတွေ ရှေ့ကို ၀ဲကျနေတဲ့အထိ စာကို စူးစူးစိုက်စိုက်ဖတ်နေတတ်တဲ့ ကောင်မလေးရဲ့ ပုံကို ကျွန်တော် ခပ်လှမ်းလှမ်းကနေ ထိုင်ပြီး ခဲခြစ်ပန်းချီ ရေးခဲ့မိဖူးတယ်။ သူ့ရဲ့ မျက်ခုံးထူထူလေးကို .. သူ့ရဲ့ နှာခေါင်းသွယ်သွယ်လေးကို .. သူ့ရဲ့ ပါးလျလျ ဆေးမကူဘဲ ပန်းရောင်ပြေးနေတတ်တဲ့ နှုတ်ခမ်းလေးကို .. သွယ်မရောင်နဲ့ အနည်းငယ်ကားပြီး လုံးဝန်းနေတဲ့ မေးရိုးလေးနဲ့ မေးစေ့လေးကို .. အရာအားလုံးပါပဲ။ ကျွန်တော့်နှလုံးသားထဲမှာ ခဲခြစ်ပန်းချီနဲ့အတူ မှတ်တမ်းတင်နေမိတတ်ခဲ့ဖူးတယ်။ သူ့ရဲ့ ဖြူစင်ပြီး အပြစ်ကင်းစင်တဲ့ မျက်လုံး ၀ိုင်းဝိုင်းလေးတွေနဲ့ ဆုံလိုက်ရရင် ကျွန်တော့်အတွက် အရာအားလုံး ပြီးပြည့်စုံသွားသလိုပါပဲ။ သူဟာ ကျွန်တော့်အတွက်တော့ ပန်းလေးတစ်ပွင့်လိုလဲ နူးညံ့လွန်းနေပြန်ပါတယ်။
ကျွန်တော် .. တိုးတိတ်စွာ ရေရွတ်လိုက်မိတယ် ..
ဘယ်အချိန်ထိ ကျဆုံးနေရမှာလဲ ဟင် ...

အမုန်း(၅)

ဖွင့်ဟ၀န်ခံဖို့ ခက်ခဲနေဆဲ ကာလမှာ မထင်မှတ်ဘဲ ကောင်မလေး ကျွန်တော့်ရှေ့က ပျောက်သွားခဲ့တယ်။ ကျွန်တော် ဘာလုပ်လို့လုပ်ရမယ်မသိဖြစ်နေတုန်း ကောင်မလေးအိမ်က ကျောင်းရုံးခန်းကို စာရောက်လာတယ်ဆိုတဲ့အကြောင်းကို သူငယ်ချင်းဆီက သိရလို့ အရဲစွန့်ပြီး ဆရာကြီးဆီ ၀င်တွေ့မိတော့မှ ကောင်မလေး ဆေးရုံတတ်နေရတယ်တဲ့။ ရင်တစ်ခုလုံး အလဲလဲ အပြိုပြို။ အဲ့ဒီနေ့က အတန်းတောင် ပြီးအောင် မတတ်နိုင်ခဲ့ပါဘူး။ ကျွန်တော် တောက်လျှောက် မြို့နယ်ဆေးရုံကို အပြေးသွားခဲ့မိတယ်။ ကောင်မလေးကတော့ ကုတင်ပေါ်မှာ အရာအားလုံးကို မသိကျိုးကျွံပြုကာ မှေးစက်လှဲလျောင်းလျှက်...။
သူ့မိဘတွေကတော့ ကျွန်တော့်ကို ကောင်မလေးသူငယ်ချင်းအဖြစ် လက်ခံစကားပြောခဲ့ပေမယ့် ကောင်မလေးကတော့ သတိမရခဲ့သေးပါဘူး။
ဒီတော့မှ ကျွန်တော်သိလိုက်ရတာက ကောင်မလေးမှာ မွေးရာပါ နှလုံးရောဂါ ရှိနေပါတယ်တဲ့။
ဂျစ်ကန်ကန်နဲ့ သေးသွယ်နူးညံ့လွန်းတဲ့ ကျွန်တော့်ချစ်သူမှာ နှလုံးရောဂါဆိုတာချည်း ရှိနေခဲ့လိမ့်မယ်လို့ ကျွန်တော်ဘယ်တုန်းကမှ မမျှော်လင့်ခဲ့မိဖူးပါဘူး။
ကျွန်တော် အရာအားလုံးကို မုန်းတီးမိခဲ့ပါတယ်။

တကယ်ပါ ကောင်မလေးရယ် ..
တစ်လောကလုံး မှောင်ချင်မှောင်သွားပါစေ ..
နင့်ဘေးမှာ ထွန်းလင်းခွင့်ရတဲ့ ငါ ဖြစ်ချင်တယ် ..
နင့်ဘေးမှာ နင်အားငယ်တိုင်း ခိုဝင်ခွင့်ရတဲ့ ရင် .. ငါဖြစ်ချင်တယ် ..
နူးညံ့ပြီး သေးသွယ်ပျော့ပျောင်းတဲ့ နင့်လက်ကလေးကို ငါ့လက်နဲ့ ဆုပ်ကိုင်ပြီး
နင့်အတွက် အင်အားအဖြစ် စီးဆင်းစေချင်တယ် ..
ငါ့သွေးတွေဟာ နင့်အတွက်လည်ပတ်နေတယ်ဆိုတာပဲ ဖြစ်ချင်ခဲ့တဲ့ ကောင်ပါဟာ ...


အမုန်း(၆)

ကျွန်တော်အတန်းလဲ မတက်ဖြစ်တော့ပါဘူး။ ကောင်မလေးရှိနေတဲ့ ဆေးရုံခန်းလေးမှာပဲ ကောင်မလေးမိဘတွေကို တောင်းပန်လို့ အချိန်ပြည့်ရှိနေတတ်ခဲ့ပါတယ်။ ကောင်မလေးကတော့ ဘာမှ ထူးခြားမလာခဲ့ပါဘူး။
ကျွန်တော် သူ့ဘေးမှာ ထိုင်ရင်း သူ့လက်လေးကို ဆုပ်ကိုင်လို့ ကျွန်တော့်ရင်ထဲက ချစ်ခြင်းတွေကို သူကြားအောင် တိုးတိုးလေး ရေရွတ်နေခဲ့ဖူးပါတယ်။
ဖျော့တော့လွန်းတဲ့နှုတ်ခမ်းလေးတွေ ဘယ်တော့ပြုံးလာလေမလဲ ...
ဖြူလျနေတဲ့ မျက်ခွံပေါ်က မျက်တောင်စိပ်စိပ်လေးတွေ ဘယ်တော့များ အသက်ဝင်လာကြမလဲ ...
အေးစက်စက်လက်ဖ၀ါးလေးတွေ ဘယ်တော့များ နွေးထွေးလှုပ်ရှားလာလေမလဲ ..
ကောင်မလေးရယ် .. ပြန်လာပါကွာ .. ငါ့ချစ်ခြင်းနဲ့ နင့်ကမ္ဘာကို သက်ဝင်လှုပ်ရှားဖို့ ငါဖန်ဆင်းချင်တယ် ..။

အမုန်း(၇)

ရက်တွေတစ်ရွေ့ရွေ့နဲ့ ကုန်ဆုံးလာခဲ့ပေမယ့် ကောင်မလေးကတော့ ထူးခြားမလာခဲ့ပါဘူး။
ဒီလိုနဲ့ ရက်သတ္တပတ်ကုန်ဆုံးသွားတဲ့နေ့မှာ ကောင်မလေး ကျွန်တော့်ကို ခွဲသွားခဲ့ပါတယ်။
ဟင့်အင်း မဟုတ်ဘူး။ ကောင်မလေး ကျွန်တော့်ရင်ထဲမှာ အမြဲရှင်သန်နေဆဲပါ။
သူ့ရဲ့ အိပ်ပျော်နေတဲ့ အသက်မဲ့ခန္ဒာကိုယ်နဘေးမှာ သူ့မျက်နှာလေးကို ကျွန်တော်တစ်ညလုံး မလှုပ်မယှက် ထိုင်ကြည့်ခဲ့မိတယ်။ ကျွန်တော့်ရဲ့ စိတ်အစဉ်ကတော့ ကောင်မလေး ကျွန်တော့်ဆီကို ပြန်လာမှာပါလို့ ယုံကြည်ခဲ့တယ်။ ကျွန်တော်မငိုပါဘူး။ မျက်ရည်ကတော့ ကျွန်တော့်ပါးမှာ အပ်ထားမိတဲ့ သူ့လက်ဖမိုးလေးတွေပေါ်ကို စီးဆင်းနေလေရဲ့။ ဒါပေမယ့် ကျွန်တော်မငိုခဲ့ပါဘူး။
ရင်ထဲမှာတော့ တစ်ခွန်းထဲသော စကားကိုသာ ပြောဖြစ်နေခဲ့မိတယ်။
အဖဘုရား ... ကျွန်တော် သူ့ကို သိပ်ချစ်ခဲ့ပါတယ် ... ဤမှန်သော သစ္စာစကားကြောင့် ...

တကယ်ပါ ကောင်မလေးရယ် ...
နင်ငါ့ဆီ တစ်နေ့ပြန်လာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့တင်
အရာအားလုံးကို မေ့ထားလို့ရခဲ့ပြီ။
ငါ့အနာဂါတ်အတွက် ငါဆက်လျှောက်နေချိန်မှာ
နင့်ရဲ့ ခဲခြစ်ပန်းချီးလေးက ငါနဲ့အနီးဆုံးမှာ ..
နင့်ရဲ့ အသက်မဲ့ ဆံနွယ်လေးတွေက ငါ့ဒိုင်ယာရီစာမျက်နှာကြားမှာ ...
ကောင်မလေးရယ် ..
ငါ့ချစ်ခြင်းနဲ့ နင့်ကို သဂြိုလ်လိုက်ပါတယ် ...
ကောင်းကင်ကို မော့ကြည့်တိုင်း
ကောင်းကင်ရဲ့တစ်ဖက်မှာ နင်ရှိနေတယ်ဆိုတဲ့ မျှော်လင့်ချက်က
ငါ့အတွက် ရှေ့ဆက်လျှောက်ဖို့ အားသစ်တွေကို ဖြစ်စေခဲ့တယ် ..
နင့်ကို ငါ .. သိပ်ချစ်တယ် ကောင်မလေး ..

အဆုံးအစမရှိ အမုန်း

ရှိနေတုန်းကလဲ ကျွန်တော် မတောင်းဆိုခဲ့ဖူးပါဘူး။ ထားခဲ့တော့လဲ တိတ်တိတ်လေးပဲ ကျွန်တော် ကျန်နေခဲ့ဖူးပါတယ်။
ဒါပေမယ့် ကျွန်တော့်ရင်ထဲမှာတော့ နာကျင်ခြင်းနဲ့အတူ စောင့်မျှော်နေဆဲပါ။
သူ ပြန်လာမယ့်နေ့ကို ...


12 comments:

ကိုလူထွေး said...

သေသွားတာလား...
စိတ်မကောင်းဖြစ်ရပြန်ပြီ ညီဇော်ရယ်..

း(

သမီးပျို said...

ဇော်ရေ....၀တ္ထုလေးကောင်းတယ်ဟ ကောင်လေးသနားပါတယ်နော် ဒါပေမယ့် ကံကောင်းပါ တယ် ချစ်သူတွေဖြစ်ကြပြီးမှဆိုရင် ကောင်လေးပိုခံစား ရမှာနော် ကောင်လေးရဲ့အချစ်ကိုလေးစားမိပါတယ် စကားမစပ် ဒါမျိုးချစ်သူလေးလိုချင်မိတယ် ဟေးဟေး


ပျော်ပါစေ ဇော်ရေ
သမီးပျို

မဟာဆန် said...

ဇော်ရေ..စာရေးကောင်းလိုက်တာ..မနက်စောစောစီးစီး ငိုချင်သွားတယ်။ အဲ့ကောင်လေးကလည်း ဖွင့်မပြောဘဲ ဘာလုပ်နေတာတုန်း။ နောက်တစ်ခါကျရင် ပျော်စရာ ဇာတ်လမ်းတွေ ဖန်တီးဦးနော်။

နှင်းနဲ့မာယာ said...

ဇော်ရေ
စာတွေလာဖတ်တယ်...
သနားစရာဇာတ်လမ်းလေးနော်....
ဇော်လဲ ပျောက်နေပါလား...
ပြန်ခါနီးလို့ပျော်နေတာလား....

နှင်း

မယ့်ကိုး said...

ညီမလေးစာလေးတွေက နုပြီး အမြဲလှနေတယ်။
အားပေးလျက်နော်။

yangonthar said...

ချစ်တတ်လှချီလား ငယ်ငယ်တုန်းက ကောင်မ လေးတွေကို ဒီလိုပဲပိုးခဲ့သလား .... ယောက်ျား တစ်ယောက်အနူးညံ့ဆုံး အချိန်ဟာ အချစ်နဲ့  တွေဆုံရချိန် အချစ်မှာ စီးမျောပျော်ဝင်နေချိန် အချစ်ရဲ့ နွေးထွေးလှိုက်မောမှုကို ခံစားနေရချိန် ချစ်သူကို ချစ်နေရတာလေးကို သဘောကျနေ ချစ်မိနေတဲ့အချိန်မျိုးပေါ့ ...... ညီဇော် ဒီ့အတွက် မချီးကျူးလို့ မဖြစ်ဘူး တော်၏ ညီဇော့် ငယ်ရည်းစားမ လေးတွေ အကြောင်း ပြောပြီး ကောင်မလေးတွေ ဘယ်လို ချစ်ကြ တယ် ဆိုတာလေး ရေးဦး .... :))))
အဖွဲ့ လေးတွေ ကောင်းတယ်ဗျာ
ညီဇော် ပျော်ရွှင်ပါစေ :))))

သီဟသစ် said...

ညီမဇော်ရေ

ဖတ်ရတာ တစ်မျိုးလေး ခံစားရတယ်..
သနားစရာလေးနော်


ခင်မင်စွာဖြင့်
သီဟသစ်

ဂျရတ် said...

ကိုဇော်ရေ ၀တ္ထုလေးက ဖတ်လို့ ကောင်းတယ်ဗျာ ..ဒါပေမယ့် ဇတ်သိမ်းခန်းလေးကိုတော့ သဘောမကျဘူးဗျ.......:D

ဝက်ဝံလေး said...

ဇော်ရေ ဖတ်ရတာ စိတ်မကောင်းလိုက်တာနော် ဟင့် ရွှတ် ဗလွတ် ဟိဟိ

ဝက်ဝံလေး said...

လာတာနောက်ကျတာ စိတ်မရှိနဲ့နော် ဂယ်ကြီးမအားလို့ပါ သိလား ဘိုင် တာ့တာ

Angel Shaper said...

တစ်ရတယ် အောက်ဆုံးက ဟိဟိ။
ကောင်လေးကို သနားလိုက်တာဟယ်။

နေ့အိပ်မက် said...

ဘယ့်နှယ်တုံး လွမ်းစရာတွေချည်းပဲ... :(