အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Friday, September 18, 2009

ခရီးဖော်

သူငယ်ချင်းရေ ...
ဟိုးခပ်ဝေးဝေးမှာ မြစ်တစ်စင်း စီးဆင်းနေလေရဲ့

အလင်းရောင်မှိန်ဖျော့ဖျော့နဲ့အတူ
ဘ၀ရဲ့မုန်တိုင်းတွေ ရိုက်ခတ်လာရင်
ငါတို့လက်တွေ မဖြုတ်စတမ်းနော်။

ကျွန်တော့်မှာ မမျှော်လင့်ဘဲ ရိုးသားတဲ့ သူငယ်ချင်းတစ်ယောက် ကောက်ရခဲ့ဖူးပါတယ်။ အဲ့ဒီသူငယ်ချင်းကို ကျွန်တော်က တိုက်ရိုက်မဟုတ်တဲ့ သွယ်ဝိုက်တဲ့နည်းနဲ့ ခင်မင်ရင်းနှီးခဲ့ရတာပါ။ ကျွန်တော်သူ့ကို တစ်ခါမှကို မမြင်ဖူးပါဘူး။ သူ့ပုံစံဘယ်လိုရှိတယ်ဆိုတာ ကျွန်တော်မသိပါဘူး။ အမြဲတမ်းလဲ စကားတွေ မပြောဖြစ်ခဲ့ကြပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရင်ထဲမှာ ကျွန်တော်တို့တွေဟာ သူငယ်ချင်းတွေ ဖြစ်နေကြတယ်ဆိုတာ သူရော ကျွန်တော်ရော အသေအချာကို သိနေပါတယ်။

စိမ်းမြမြတောင်တွေကို ကြည့်လိုက်စမ်းပါဟာ
ငါတို့လှမ်းလျှောက်ဖို့ ရှေ့မှာ ကာစီးနေခဲ့ရင်တောင်
ငါတို့ခိုင်မြဲစွာလက်ကိုတွဲလို့
အနာဂတ်ကိုယ်စီနဲ့
အချင်းချင်း ဖေးမလိုက်ကြရအောင်။

ကျွန်တော်တို့ဟာ ရည်မှန်းချက်ချင်းလဲ မတူပါဘူး။ ပန်းတိုင်လဲ ထပ်တူမကျခဲ့ဘူး။ သူကသူဖြစ်ပြီး ကျွန်တော်က ကျွန်တော်ပဲ ဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျဉ်မြောင်းလာနေတဲ့ ကမ္ဘာ့ရွာထဲမှာ သူနဲ့ကျွန်တော် မတော်တဆ ခလုတ်တိုက်မိခဲ့ကြတယ်။ ထင်မှတ်မထားမိခဲ့ပါဘူး။

တိမ်တစ်ဆုပ် လေတစ်အုပ်နဲ့ လွင့်မျောချိန်မှာ
ငါတို့ရှေ့ဆက်ဖို့
မှိန်ပြပြ အလင်းတစ်ချို့ ငါမြင်လိုက်ရတယ်
နင်ရော .. ငါရော ..
အဲ့ဒီကို အရောက်လှမ်းဖို့ အားယူကြတဲ့အချိန်
ငါတို့ တစ်ယောက်နဲ့တစ်ယောက် ပြုံးပြခွင့်ရလိုက်ချင်ရဲ့။

အမှန်က ကျွန်တော်တို့ သူငယ်ချင်းတွေဖြစ်နေကြတယ်၊ ဖြစ်ခဲ့ကြတယ်ဆိုပေမယ့် သူ့အကြောင်းကို ကျွန်တော် သေချာမသိပါဘူး။ သူက ကျွန်တော်နဲ့ တစ်နယ်တည်းသားမို့ ကျွန်တော်က နယ်သားလို့ခေါ်တာရယ်.. သူက အငယ်ဆုံးဖြစ်တယ်ဆိုတာရယ်ကလွဲရင် ကျွန်တော့်မှာ သူနဲ့ပတ်သတ်ပြီး ချရေးစရာ သမိုင်းဝင်မှတ်တမ်း သိပ်မရှိခဲ့ပါဘူး။ ဒါပေမယ့် ခင်မင်မှု ပြယုဂ်မှာ သမိုင်းမလိုဘူးမဟုတ်လား။ ကျွန်တော် မှတ်မှတ်ရရ အမြဲရှိနေတာကတော့ သူ့ရဲ့ အေးဆေးတဲ့စိတ်နဲ့ ရိုးသားမှုပါပဲ။ ကျွန်တော့်မှာ သူ့လိုသူငယ်ချင်းရှိလို့ သူ့ရိုးဂုဏ်နဲ့ ဂုဏ်တက်ခဲ့ဖူးတယ်ထင်ပါရဲ့။

မှိတ်တုတ်တုတ်လက်နေတဲ့ ကြယ်တွေကို
ကောင်းကင်အဆုံးအစမရှိ ငါမြင်တိုင်း
နင့်ကို သတိရတယ် သူငယ်ချင်း။
ဟော့ဒီကောင်းကင်ရဲ့ အောက်
ကမ္ဘာမြေကြီးတစ်နေရာမှာ
အိပ်မက်တို့ ငံ့လင့်လို့ လွမ်းဆွတ်ခြင်းနဲ့အတူ
နင် ရှင်သန်နေတယ်ဆိုတာ ...။

သူ့မှာ ဘယ်လို သူငယ်ချင်းတွေ ရှိသလဲဆိုတာတော့ ကျွန်တော်မသိပါဘူး။ ကျွန်တော်ကလဲ စိတ်ဝင်တစား သိပ်မမေးဖြစ်ခဲ့ဘူး။ ကျွန်တော်က ကျွန်တော့်စိတ်ထဲ နှစ်လိုစွာ ခင်မင်ခွင့်ရှိနေတယ်ဆိုရင် လုံလောက်တယ်လို့ ခံစားရတတ်စမြဲမို့ ကျွန်တော်နဲ့ မသက်ဆိုင်တဲ့ ဘ၀ရဲ့ ကျန်မျက်နှာတစ်ခြမ်းကို လိုက်ခံစားလေ့မရှိခဲ့တာ အလေ့အထတစ်ခုလိုပါပဲ။ ဒါပေမယ့် သူကိုယ်တိုင်လဲ ကျွန်တော့်ကို အတော်ခင်တယ်ဆိုတာ ကျွန်တော်ခံစားလို့ရနေတာကတော့ သူငယ်ချင်းတွေကြားထဲက အဖြူရောင်ကြိုးတစ်ချောင်းပဲ ထင်ပါရဲ့။

ဟိုးအဝေးကို ကြည့်လိုက်စမ်းပါ့ သူငယ်ချင်း
ငါတို့အိပ်မက် အရောက်တက်ဖို့
ခြေလှမ်းသွက်သွက် လှမ်းကြစို့။
အားငယ်မှုတွေနဲ့ စိတ်ဓါတ်တော့မကျလိုက်ပါနဲ့
ငါတို့လက်တွေ နွေးထွေးခြင်းနဲ့ ခိုင်မြဲနေကြတယ်လေ

တွေ့ဆုံခြင်းပြီးရင် ခွဲခွါခြင်းက ရောက်လာတတ်စမြဲဆိုတာ လောကရဲ့ နိယာမလို့ဆိုပေမယ့် ကျွန်တော်ကတော့ ဖြူစင်စွာ ခင်မင်ရင်းနှီးခွင့်ရခဲ့တဲ့ကံကြမ္မာကို ကျေးဇူးတင်မိပါတယ်။ တကယ်တော့ ကျွန်တော့်မှာ အသွင်မတူတဲ့သူငယ်ချင်းသုံးယောက်ကို မတူညီတဲ့အချိန်တွေမှာ တူညီစွာ ကောက်ရခဲ့ဖူးပါတယ်။ သူတို့သုံးယောက်စလုံးမှာ တူညီတာတစ်ခုက အလုပ်အကိုင်နဲ့ ပညာရေး လက်ရှိအနေအထားတွေပါ။ နက်ရှိုင်းစွာတူညီနေတာ နောက်တစ်ခုကတော့ သုံးယောက်စလုံးရိုးသားမှုကို အခြေခံလို့ ဖြူစင်တဲ့စိတ်ဓါတ်ကိုယ်စီရှိကြတဲ့ ယောက်ျားကောင်းတွေဆိုတာပါပဲ။ ယောက်ျားကောင်းတစ်ယောက်ကို သူတို့ရဲ့ စိတ်ဓါတ်၊ အမူအကျင့်၊ ကိုယ်ကျင့်သိက္ခာနဲ့ တိုင်းတာတယ်ဆိုတာ ကျွန်တော်ပြောဖို့တောင် မလိုဘူးထင်ပါရဲ့။

လေပြင်းတွေတိုက် လှိုင်းတွေပုတ်လဲ
သူငယ်ချင်းရေ.. မကြောက်လိုက်ပါနဲ့
နင့်ဘေးမှာငါရှိ၊ ငါ့ဘေးမှာနင်ရှိလို့
ငါတို့ဘ၀ လွတ်မြောက်ဖို့က
လက်တစ်ကမ်းမှာကွဲ့။
ကူးခတ်လိုက်ပါ့ သူငယ်ချင်း
နင်လိုတဲ့အချိန် ဖြူစင်တဲ့ချစ်ခြင်းမေတ္တာနဲ့
ငါ
ဒီနေရာမှာ ရှိနေလေရဲ့။

ကျွန်တော်တို့ခင်မင်မှုကာလ ဘယ်လောက်ကြာကြာရှိခဲ့လဲဆိုတာ ကျွန်တော် သေချာ မမှတ်မိ၊ မသိရှိခဲ့သလို ကျွန်တော့်သူငယ်ချင်းလဲ မှတ်မိသိရှိနိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် အသေအချာသိပါတယ်။ ကျွန်တော်တို့က စိတ်ထဲက တစ်ယောက်နဲ့တစ်ယောက်ခင်ကြတဲ့သူတွေမို့ နေ့စွဲတွေနဲ့ အချိန်ကာလတွေကို မှတ်ထားစရာမလိုလောက်ပါဘူးလေ။ ဒါပေမယ့် မှတ်မှတ်ရရပေါ့။
ဒီနေ့ ( စက်တင်ဘာလ ၁၈ရက်) ဟာ သူ့ရဲ့ မွေးနေ့အဖြစ် ပြက္ခဒိန်တစ်ရွက်သစ်ခဲ့ပြန်ပြီလေ။

ကောင်းကင်မှာ ကြယ်တွေလင်းသလို
မြေပြင်မှာလဲ ပန်းတွေပွင့်တဲ့ ဥယျာဉ်တွေနဲ့
ရှင်သန်ခြင်းကို လှပစွာ ကဗျာဖွဲ့သီနေကြတဲ့အချိန်
ငါလဲ နင့်အတွက် ကဗျာတစ်ပုဒ်ကို
နှလုံးသားနဲ့ သီကုံးလိုက်တယ် သူငယ်ချင်း
အိပ်မက်ဆိုးက နိုးထလို့
နံနက်အလင်းရောင်နဲ့အတူ
ရင်ခွင်တံခါးကို ဖွင့်ကြည့်လိုက်စမ်းပါ
နင့်အိမ်ရှေ့ တံခါးဝမှာ
(နင့်သူငယ်ချင်းငါ )
တံခါးခေါက်နေခဲ့တာကြာခဲ့ပြီ။


ကျွန်တော့်ထက် အသက်၂နှစ်စီကြီးတဲ့ ကျွန်တော့်သူငယ်ချင်းသုံးယောက်ကို ကျွန်တော်သိပ်တန်ဖိုးထား မြတ်နိုးပါတယ်။ ထို့အတူ ကျွန်တော့်ရဲ့ ပန်းသုံးပွင့်မှာ တစ်ပွင့်ရဲ့ ရှင်သန်ခြင်း မှတ်တိုင်အဖြစ် ကျရောက်လို့ လာခဲ့ပါပြီ။ ကျွန်တော့်ထက် ကြီးပေမယ့် ကျွန်တော်တို့ ရိုးသားစွာ နင်နဲ့ငါ လို့ သုံးနှုန်းခဲ့ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် လဒလို့ ခေါ်ခဲ့ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အားမနာတမ်း ပစ်ပစ်နှစ်နှစ် ပြောခဲ့ကြဖူးတယ်။ တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်ခဲ့ကြဖူးတယ်။ ဒါပေမယ့် စိတ်မကောင်းစွာ အမြဲတမ်းတော့ မဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့ကိုယ်စီမှာ တာဝန်တွေ ၀တ္တရားတွေနဲ့ မွန်းကျပ်နေခဲ့ကြတာမဟုတ်လား။

လှမ်းကြည့်လိုက်ပါ့ သူငယ်ချင်း
ရင်တစ်ခုဖြစ်ဖို့ နှလုံးသားတစ်ခုလိုတယ်ဆိုရင်
ငါ့ဘ၀ရှင်သန်ဖို့ နင့်လို သူငယ်ချင်းမျိုး ငါသိပ်တမ်းတမိတယ်
ငါတို့တွေ ရှင်သန်နေကြတုန်း
နင့်မွေးနေ့ပေါင်းများစွာမှာ ငါ လက်ဆောင်ပေးပါရစေ ...
တောက်ပတဲ့ ကောင်းကင်တစ်ခု နဲ့ သစ်လွင်တဲ့ နံနက်ခင်းတစ်ခုကို ...
ငါ့ရင်နဲ့ ဖန်ဆင်း နှလုံးသားနဲ့ လမ်းခင်းလို့
နင့်ဆီအရောက် ပို့လိုက်တယ်
မွေးနေ့မှာ ပျော်ရွှင်စေဖို့ ..။

( ကဗျာတွေ စာတွေ ဖတ်ရမှာ ပျင်းတယ်ဆိုတဲ့ ကျွန်တော့်သူငယ်ချင်း မျိုးမြင့် မွေးနေ့မှာ ပျော်ရွှင်ပါစေ။ )


10 comments:

လင်းကြယ်ဖြူ said...

ကောင်းတယ်..
ကဗျာလေးနဲ့..စာလေးနဲ့ တွဲပြီးရေးထားတာ
ဆက်လက်အောင်မြင်ပါစေ..

စည်သူ said...

မင်းသားလေး လတ်လတ်ဇော်နဲ့အတူ ထပ်ူထပ်မျှ ဆုတောင်းပေးလိုက်ပါတယ်.. ပျော်ရွှင်ပါစေလို့ပေါ့..

စာတွေလည်း.. အရမ်းကိုကောင်းလာတယ်..
ကဗျာတွေလည်း.. အရေးအသားတွေ ကောင်းလာတယ်

စဉ်းစားမိတာတစ်ခုတော့ ရှိတယ်..
အော်.. မျက်စိ မကောင်းပေလို့သာပဲ..းP

ပျော်ရွှင်ပါစေညီမရေ..

yangonthar said...

ညီဇော့်သူငယ်ချင်း မွေးနေ့ မှာ ပျော်ရွှင်ပါစေ ညီဇော်ရေ ကဗျာအပိုင်းလေးတွေ လှတယ် :))
ကိုဂျီးရန်ကုန် :)))

သမီးပျို said...

အင်း...ဘယ်လိုပြောမလဲ ကောင်းတယ်ဆိုတာထက် ဘာမှမပြောတတ်တော့တာအမှန်ပါ


အားပေးလျှက်
သမီးပျို

ကိုလူထွေး said...

ညီဇော်ရေ...
အခုလို သူငယ်ချင်းရဲ့ အမှတ်တရနေ့တနေ့ကို အသိအမှတ်ပြုပေးတာ...
ကြည်နူးစရာပါ...

ခင်တဲ့
ကိုလူထွေး

(စက်တင်ဘာမှာ မွေးသူ တော်တော်များပါလား... မှတ်မှတ်ရရ ၁၈ ရက်နေ့ကိုတော့ မှတ်မိတယ် မဟုတ်လား...)

ဝက်ဝံလေး said...

မှတ်မိတယ် ဦးလူထွေး ၁၈ ရက်နေ့က ညီမမွေးတာ ဟိဟိ အလကားစ တာ စစ်အုပ်ချုပ်ရေးနေ့လေ ဘာလို့မသိရမှာလဲ ဟွင်းးးး

အော် သူပြောမှပဲ လာရင်းကိစ္စတောင် မေ့နေတယ် ဟွန့်

မွေးနေ့မှာ ပျော်ရွှင်ပါစေနော် ဇော့်ရဲ့သူငယ်ချင်း မျိုးမြင့်ရေ

ဘိုင် တာ့တာ

မိုးစက်အိမ် said...

ဒီပို.စ်လေးဖတ်ပြီးတော.၀ိုင်းဝိုင်းရဲ. သူငယ်ချင်း သီချင်းလေး တောင်သတိရသွားတယ် ငဇော်ရေ

Nge Naing said...

ဇော့်သူငယ်ချင်းအတွက် ဇော်ဆုတောင်းသလို ဆုတောင်းပေးပါတယ်နော့်။ ဇော်က စက်တင်ဘာလ ၁၈ ရက်နေ့မှာ မွေးသူအတွက် အမှတ်တရပို့်ကို တင်ထားသလို အစ်မက စက်တင်ဘာလ (၁၈) ရက်နေ့မှာ သေသူတွေအတွက် အမှတ်တရ ပို့စ် တင်ထားပါယတ်။ လဲဖတ်တဲ့သဘော ဖလှယ်တဲ့ သဘောဖြစ်အောင် အစ်မဘလော့ဂ်မှာ တင်ထားတာကိုလည်း လာဖတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်။
ခင်မင်စွာဖြင့်

Anonymous said...

မွေးနေ့အတွက်ရေးထားတာလေး လှတယ်ဗျား.. အဟားဟား.. တော်ပါပေ၏။
ကိုမျိုးမြင့်လား မမျိုးမြင့်လား.. မင်္ဂလာရှိသော မွေးနေ့ပါနော်..။

Angel Shaper said...

ကောင်းလိုက်တာ ငဇော်ရ....