အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Saturday, September 26, 2009

ကျွမ်းလောင်ခြင်း

ညနေတွေထဲမှာ ငါမနေချင်ဘူး..
အသက်ရှုလိုက်တိုင်း သေဆုံးသွားရတဲ့
လေပြည်တွေကို အားနာတယ်.. ။

ပွင့်တဲ့ပန်းတိုင်းက အခူးခံချင်လို့မှ မဟုတ်တာ..
အိမ်မက်ခါးခါးတွေထည့်ဖျော်ထားတဲ့
အမှောင်တံဆိပ်နဲ့ ကော်ဖီတစ်ခွက်လောက်သောက်ချင်တယ်..
လမ်းလို့ထင်ရတဲ့ ဖြောင့်ဖြောင့်ဖြူးဖြူးအရာတွေထဲလျှောက်သွားရင်း
အဆုံးဟာ အစဖြစ်နေပြန်တယ်
အဲ့ဒီညထဲမှာတော့……
ငါက ဘယ်သူဆွဲထားမှန်းမသိတဲ့ စက်ဝိုင်းတစ်ခုပေါ့ ။


အလင်းနဲ့ အမှောင်ကမျှတသတဲ့
တစ်ရက်မှာ နှစ်ဆယ့်လေးနာရီပြည့်အောင်
ဘယ်သူကများ တစ်ကူးတစ်ကဆုတောင်းဖူးလို့လဲ
စိမ့်ဝင်စီးဆင်းနေတဲ့ စကားလုံးတွေက
ဟော့ဒီလက်တစ်ဆုပ်စာ မှတ်ဥာဏ်ကျဉ်းကျဉ်းလေးထဲမှာ
အပြည့်အသိပ်နေရာယူလို့
တိုးတိုးတိတ်တိတ် ကြိတ်မှိတ်အဖြေထုတ်
ဘ၀ဟာ သင်္ချာတစ်ပုဒ်ပဲလား..။

ငါ့နောက်ကိုပြန်လှည့်ကြည့်တိုင်း
သင်းကွဲခြေရာတွေပဲတွေ့နေခဲ့ရတယ်..
လိုက်ဖမ်းရင်းနဲ့ဝေးကွာလွန်းကြတယ်၊
မီးခိုးငွေ့တွေလိုပဲ ပျံသန်းရင်းပျောက်ကွယ်ကုန်ကြတယ်၊
ဖန်မီးအိမ်မှိန်မှိန်အောက်က နေ့အတုတွေလား
အသိမဲ့တဲ့ မနက်ခင်းတွေလား ငါမခွဲခြားတတ်တော့၊
ကမ္ဘာက သူ့ဟာသူနေတာပါ
ငါကသာ ၂၄ ဒီဂရီတိမ်းစောင်းလို့…………။

မင်း


9 comments:

ကိုလူထွေး said...

၂၄ ဒီဂရီတိမ်းစောင်းတာကတော့ စက်ရုံက မှားထုတ်လိုက်တာ ဖြစ်မှာပေါ့...းP

းဝ)

"တကူးတက" လို့ရေးမယ် ထင်ပါတယ်..း)

Angel Shaper said...

မင်းရဲ့ ကဗျာကောင်းလေး လာဖတ်ပါတယ်။

ဝက်ဝံလေး said...

ကဗျာလေး လာဖတ်ပါတယ် ဇော်ရေ

နေကောင်းပါရဲ့လား မတွေ့တာကြာလို့ သတိရပါတယ်

ဘိုင် တာ့တာ

yangonthar said...

ညီဇော်ရေ ကဗျာလေးလာဖတ်တယ် ...... လူတိုင်းဟာ အသီးသီး ၂၄ ဒီဂရီ တိမ်းစောင်း နေကြတာဖြစ်မယ် ......

ခင်တဲ့
ကိုဂျီးရန်ကုန် :)

ကြည်ဖြူပိုင် said...

ညီမလေးဇော်ရေ....ဘာတွေကျွမ်းလောင်နေတုန်း
:P
ညီမလေးကဗျာလေးတွေကညက်နေတာပဲ။ကောင်း

နေ့အိပ်မက် said...

ကောင်းလိုက်တာဖတ်လို့.... ကိုလူထွေးပြောတဲ့ တကူးတကလေးက လွဲလို့....

အနော် said...

တစ်ရက်မှာ နှစ်ဆယ့်လေးနာရီပြည့်အောင်
ဘယ်သူကများ တစ်ကူးတစ်ကဆုတောင်းဖူးလို့လဲ
အဲ့ဒီစာသားလေး ကြိုက်တယ် ဇော်ရေ

မငုံ said...

ကဗျာလာဖတ်တယ်။ :) ပျော်ရွှင်ဖွယ် အိမ်ပြန်ခရီးလေးပါ။

လင်းကြယ်ဖြူ said...

ကဗျာလေးနဲ့ အတူ ပျော်စရာခရီးလေးမှာ
ချစ်ရသူများနဲ့ အတူ ကြည်နူးနိုင်ပါစေ..