နှင်းမှုန်တွေကို လက်ခုပ်နဲ့ဖြန့်ခင်းလို့
ဆောင်းအသစ်ရဲ့ နံနက်ခင်းထဲမှာ
ဆည်းဆာရဲ့ဆံနွယ်တွေထဲ မျက်နှာအပ်
ငါ့ လွမ်းချင်းတွေ
ခဏ၀ှက်ထားခဲ့တယ်။
မိုးမသောက်ခင်
အလွမ်းရင့်ရောင်တောက်တောက်တွေနဲ့
ဟော့ဒီ လမ်းကလေးတစ်လျှောက်
ပန်းမြို့ရိုးအထိ
နှင်းစက်မိုးတွေအောက်မှာ
ကြယ်ကြွေကောက်ခဲ့တယ်။
စာမတင်နိုင်ခဲ့တဲ့
ဒီ အန္ဓရဲ့ရာဇ၀င်အအိုအဟောင်းထဲ
ဆယ်ကမ္ဘာတိုင်ပွင့်မယ့် ပန်းတစ်ခင်းစာ
ရင်ဘတ်ရဲ့တစ်နေရာဧက
ဝတ်မှုံရာသီဦး အစမှာ
မိုးမလွန်ခင်က ထွန်ချခဲ့ဖူးတယ်။
နမိတ်ကောင်းတဲ့
အဝေးခေါင်းလောင်းသံကြားတိုင်း
အိမ်ပြန်နောက်ကျတဲ့ လရောင်ကိုကြည့်ရင်း
ကိုယ့်ရင်ခုန်သံ ကိုယ်ပြန်စမ်း
ကံ့ကော်တွေ ကြွေရာလမ်းမှာ
တိတ်တဆိတ် လွမ်းတတ်ခဲ့ဖူးတယ်။
နှင်းဆီပျို
ငါ့အိမ်မက်ကောင်းကင်မှာ
နှလုံးသွေးနဲ့ချယ် အနီရင့်ရင့်
မြစိမ်းရောင် ဆူးခက်တွေဆင့်လို့
ဆွတ်ပျံ့မှိုင်းညို အလင်းတွေပြိုချိန်
ပန်တော်ဆက်ဖို့ဒီနံနက်ခင်းကို
နှင်းထဲကပွင့်စေကြောင်း
ဆုတောင်းပေးခဲ့ဖူးတယ်။
တစ်စစနဲ့ ပျက်သုဉ်း
ပွင့်ချပ်တွေပြုန်းတီးလာတဲ့ည
အဲ့ဒီညမှာပဲ………
ကမ္ဘာမြေရဲ့ ဆောင်းမှတ်တမ်းအစထဲ
ရနံ့တွေ တလက်လက်ခြွေချရင်း
မိုးသောက်အမှီခူးဖို့
အိပ်မက်ဦးမှာ ပန်းတစ်ပွင့် ပွင့်ခဲ့ဖူးတယ်။
မင်း
( ကျနော့်ရဲ့ အိမ်အသစ်မှာ အင်တာနက် စ ရရချင်း .. ကျနော် ပထမဆုံး သတိရမိတာက မင်းရဲ့ ကျနော့်အတွက် အမှတ်တရ ကဗျာလေးပါ။ ကျနော့်ရဲ့ (အွန်လိုင်းပေါ်က နားခိုရာ ) အိမ်လေးနဲ့ ကျနော့်လောကတစ်ခုကို ကျနော့်သူငယ်ချင်းမင်းရဲ့ ကဗျာလေးနဲ့ ပြန်လည်ဝင်ရောက်လိုက်ပါတယ် .. ကောင်းသောနေ့ပါဗျာ .. =] )
1 comment:
ကောင်းလိုက်တဲ့ ကဗျာလေးဗျာ...
တကယ်ကို လွမ်းဆွေးဖို့ကောင်းပါတယ်...
ကျွန်တော် လာဖတ်ခဲ့တုန်းက ကွန်မန့်ပေးလို့ မရလို့ ဖတ်ပြီးပဲ ပြန်သွားခဲ့ရတာ...
ကဗျာကို နူးနူးညံ့ညံ့ ရေးတတ်တဲ့ ဒီအိမ်လေးကို အမြဲရောက်ဖြစ်သလို ကွန်မန့်ပေးလို့ မရတိုင်း ဟာတာတာနဲ့ ပြန်ခဲ့ရတာ...ခုတော့ ဆန္ဒပြည့်ပြီဗျာ...
ခင်မင်စွာဖြင့်
Post a Comment