အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Friday, June 18, 2010

"ကြားလူ"

မောင်းနှင်သွားတဲ့ မိုးသက်လေပြင်းနောက်မှာ
ဘာသာပြန်နေဆဲ စကားလုံးတွေ
'ကကြီး'ကနေ'အ' အဆုံး အကုန်လုံး တစ်ဝုန်းဝုန်းပြိုကျခဲ့
စာမျက်နှာရဲ့နိဂုံးမှာ
ငါ့အတွက် ဆူးတစ်ခုအသေချာရှိမှန်းသိရဲ့နဲ့
မက်မက်မောမော စူးချင်ခဲ့တယ်။

စောင့်နေကျနံနက်လေးနာရီ
အိမ်ပြန်လမ်းမှာ နှင်းတွေတစ်ငွေ့ငွေ့သွန်း
ရွှေသမင်လေးရဲ့ဇာတ်ညွှန်းကို
ငါကိုယ်တိုင်ဖျက်ခဲ့ပြီကလေးရေ။

တစ်ခန်းတောင်မပြီးပဲရပ်ခဲ့တဲ့ ပြဇာတ်မှာ
ပရိတ်သတ်မရှိ.. လက်ခုတ်သံမရှိ
မင်းသားမရှိ.. ပန်းသီးပင်လေးမရှိ
ဝတ်ရုံအောက်က ကိုယ်ကိုယ့်ကိုအဆုံးစီးရင်ဖို့
ကလေးရဲ့ ချိုချိုရွှင်ရွှင်အပြုံးလေးတစ်ချို့ပဲ ရှိခဲ့တယ်။

မတူတာလား မတန်တာလား
မသင့်မြတ်တာလား မရင့်ကျက်တာလား
အချိုးမကျတဲ့မျှော်လင့်ချက်က
နံနက်ဖြန်တိုင်းမှာ နှလုံးသားကိုပါးပါးမွှန်းသတ်
ကလေးရေ..
အဲ့ဒါ ဓါးတစ်စင်းထက်ဆိုးတဲ့လက်နက်ပေါ့ကွယ်။

လင်းရှအက်ကွဲ
အဆိပ်မိနေတဲ့အသံတွေထဲမှာမှ
ဒီနာမကို ဘာလို့အပ်ကြောင်းထပ်အောင်လွမ်းနေရတာလဲ..
ကြည့်နေရင်းနဲ့ မြင်ကွင်းကမှုန်ဝါး
ငိုချင်နေတာတောင် မျက်ရည်က ကျကျနန ကျခွင့်မရဘူး။

ငါက ဒုတိယလူတဲ့လား
အစားကိုသာ ကုန်အောင်စားပါ
သံယောဇဉ်ကို ကုန်အောင်မပြောပါနဲ့
မြက်ရိုင်းပင်လေးက ပန်းလိုတစ်လွင့်လွင့်ဝေ
သေမယ်ဆိုရင်တောင် မင်းရှေ့ကအရင်သေချင်တဲ့လူပါ။

ကလေးရေ..အသည်းကွဲတယ်ဆိုတာ
ကဗျာတစ်ပုဒ်လည်း ဖြစ်ချင်ဖြစ်မယ်
တစ်ခွက်တစ်ဖလားလည်း ဖြစ်ချင်ဖြစ်မယ်
ငါအသည်းက ကွဲစရာလောက်လောက်လားလားမှမကျန်တော့
မူးယိုင်ဆို့နစ် လမ်းမကြီးကငါ့ကိုယ်စားအော်ဟစ်ပေးရှာရဲ့
(မင်း.. ဖြူစင်စွာ ပွင့်လန်းလှည့်ပါ။)

ချစ်သူဆိုတဲ့တေးသွားကိုနားထောင်ဖို့
နက္ခတ်တွေမလင်းချင်းခဲ့ဘူးလေ
နံနက်ခင်းရဲ့ ပန်းပျိုမလေးပွင့်ချိန်မှာပဲ
ခြောက်တီးခြောက်ကပ် ကောင်းကင်ထက်မှာ
ခပ်စုတ်စုတ်ကြယ်တစ်ပွင့်
'ဖျက်ခနဲ' လွင့်ပြာကြွေကျခဲ့ပြီ။

ဆံနွယ်နက်နက်လေးတွေကို မဖြတ်ပစ်ပါနဲ့ကလေးရေ..
အဲ့ဒီမှာ ငါ့ဝိဥာဉ်လေးခိုကပ်နေတယ်။
မျက်ဝန်းတွေကို မစိုစွတ်ပါစေနဲ့ကလေးရေ..
မျက်တောင်ကော့လေးထက်မှာ
ငါ့ဝိဥာဉ်လေးဖျားနာနေလိမ့်မယ်။

ကလေးရေ..
မင်း.. ဖြူစင်စွာ ပွင့်လန်းလှည့်ပါ။

မင်း
(10.06.10) 06 55 AM


7 comments:

noblemoe said...

ကဗျာလေးလာခံစားသွားပါ၏။
ကောင်မလေးက ဆံပင်ရှည်လေးနဲ့ မျက်တောင်ကော့လေးနဲ့ပေါ့ ဟုတ်လားးP
သာယာချမ်းမြေ့ပါစေနော်
်မိုး

Anonymous said...

ဆံနွယ်နက်နက်လေးတွေကို မဖြတ်ပစ်ပါနဲ့ကလေးရေ..
အဲ့ဒီမှာ ငါ့ဝိဥာဉ်လေးခိုကပ်နေတယ်။
မျက်ဝန်းတွေကို မစိုစွတ်ပါစေနဲ့ကလေးရေ..
မျက်တောင်ကော့လေးထက်မှာ
ငါ့ဝိဥာဉ်လေးဖျားနာနေလိမ့်မယ်။

သိပ်ကောင်းတဲ့ ခံစားချက် အရမ်းကောင်းတဲ့ ရေးချက်း))))

ဗညား

မိုးစက်အိမ် said...

ကလေးရေ..အသည်းကွဲတယ်ဆိုတာ
ကဗျာတစ်ပုဒ်လည်း ဖြစ်ချင်ဖြစ်မယ်
တစ်ခွက်တစ်ဖလားလည်း ဖြစ်ချင်ဖြစ်မယ်

အဲအပိုဒ်လေးကတော့ ကဗျာဆန်တယ် ငဇော်ရေ
တကယ်ကြိုက်တယ် ;)

သိင်္ဂါကျော် said...

မြက်ရိုင်းပင်လေးက ပန်းလိုတစ်လွင့်လွင့်ဝေ
သေမယ်ဆိုရင်တောင် မင်းရှေ့ကအရင်သေချင်တဲ့လူပါ။

အဲဒီ အပိုဒ်လေး ကြိုက်တယ်..

အနှိုင်းမဲ့ said...

ဇော်ရေ....ပျောက်နေတာကြာပေါ့..နှိုင်းမှာလဲ
ဘလော့ဂ်ကိုဝင်လို့မရလို့ ဇော်ရဲ့ကဗျာလေးကိုအခုမှပဲ
လာဖတ်ရတော့တယ်...ဒီကဗျာလေးကိုအရမ်းကြိုက်တယ်..ကဗျာတစ်ပုဒ်လုံး ကလေးအတွက်ချည်ပဲပေါ့..ဟုတ်စ :)

ညလင်းအိမ် said...

လင်းရှအက်ကွဲ
အဆိပ်မိနေတဲ့အသံတွေထဲမှာမှ
ဒီနာမကို ဘာလို့အပ်ကြောင်းထပ်အောင်လွမ်းနေရတာလဲ..
ကြည့်နေရင်းနဲ့ မြင်ကွင်းကမှုန်ဝါး
ငိုချင်နေတာတောင် မျက်ရည်က ကျကျနန ကျခွင့်မရဘူး။


ငဇော်ရေ လာခံစားသွားတယ် ... ကဗျာလေးက ရင်ဆို့စေတယ် ...

နေမိုးဝေ said...

“စောင့်နေကျနံနက်လေးနာရီ
အိမ်ပြန်လမ်းမှာ နှင်းတွေတစ်ငွေ့ငွေ့သွန်း
ရွှေသမင်လေးရဲ့ဇာတ်ညွှန်းကို
ငါကိုယ်တိုင်ဖျက်ခဲ့ပြီကလေးရေ။”
ရွှေသမင်လေးဆိုတာ နောက်ခံဇာတ်လမ်းရဲ့ သင်္ကေတ တစ်ခုဖြစ်မှာပါ။ ဒါပေမဲ့ ဖတ်လိုက်ရတာ ရင်ထဲမှာ ကြေကွဲသွားတယ်။ အဲဒီတစ်ပိုဒ်ကတော့ အကြိုက်ဆုံးမို့ ညွှန်းလိုက်တာပါ။
ကဗျာထဲက ပြဇာတ်က တစ်ခန်းတောင်မပြီးပဲ ရပ်ခဲ့ရတယ်။အဲဒါကြောင့်ပဲလားမသိ ပရိတ်သတ်တွေနဲ့ လက်ခုပ်သံတွေက ကဗျာအတွက်ဖြစ်သွားတာလားမသိ။
မျှော်လင့်ချက်ဆိုတာကတော့ အချိုးကျကျ မကျ အချိန်မရောက်ခင်မှာတော့ အချိန်မရွေး ဓါးတစ်စင်းဖြစ်နေမှာပါပဲ။ဖွဲ့ထားတာလှတယ်။
ဒုတိယလူရဲ့ သံယောဇဉ် အင်း ကြောက်ဖို့တောင်ကောင်းပါရဲ့ ပြီးတော့ သနားဖို့လည်းကောင်းတယ်။
အသည်းကွဲ တဲ့ အခါ မူးမူး နဲ့ ကဗျာရေးရမှာပေါ့။
ကောင်မလေးက စိတ်ရှုပ်လို့ ဆံပင်ဖြတ်ချင်တဲ့အခါကျရင်ပဲဖြစ်ဖြစ်၊ ဝမ်းနည်းလို့ ငိုကြွေးရတဲ့ အခါပဲဖြစ်ဖြစ်၊ အဲဒီအခါကျရင် ကဗျာဆရာရဲ့ ၀ိဥာဉ် ကလေး သနားပါတယ်။ သူဖျားနာနေရှာတော့မှာ။

ကဗျာကို ကြိုက်လွန်းလို့ ပါ။ ကျွန်တော်လိုက်ရေးမိတာတွေက ကဗျာကို ဖျက်ဆီးမိသလို ဖြစ်သွားရင် အနူးအညွတ်တောင်းပန်ပါတယ်။ ဒီကဗျာလေးကို လည်းသိမ်းထားပါတယ်။