အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Saturday, August 7, 2010

ပွင့်သစ်ဦးသို့......................

ခြောက်သွေ့ပြီး မြူကင်းတဲ့
အဲ့ဒီတစ်နေ့မှာ
လောကကို အလှဆင်ဖို့
နတ်သမီးတစ်ပါး ဆင်းသက်ခဲ့တယ်

သူ
ပုလဲသီ ခပါရဲ့
ဖြူစင်စွာ ပွင့်ပါရဲ့
စိမ်းမြစွာ လန်းပါရဲ့
နှုတ်ခမ်းတော် နုနုထွေးမှာ
နီရဲခွင့် ခနတာ
မှီနွဲ့စွာဖြစ်တည်
ပန်းတွေတောင် ငိုကုန်ကြပြီ

ဥသြငှက်တို့ တေးသီသံ
သစ်ပင်အိုတို့ နှုတ်ဆက်သံ
လေပြည်ညှင်းတို့ ကယုကယင်
အိုး... မိန်းကလေးရယ်............
လာခြင်းကောင်းခဲ့ချေပြီကောကွယ် .........

မြတ်နိုးခြင်းမှအပ
နက်မှောင်စွာ ဖြစ်တည်
အဲ့ဒီ မျက်ခုံးကလေးက
ဟန်ဝင့်လို့ မာန်ချီ

နွဲ့လျဟန်ပြင်
ပျော့ပြောင်းညက်စင်း
ဆံနွယ်ယဉ်ကျော့ကျော့မှာ
လဲလျောင်းခွင့်ခနတာ
ငါ အဲ့ဒီ ကလစ်လေးတစ်ဖက် ဖြစ်ချင်ခဲ့မိတယ်....

နက်ရှိုင်းတဲ့ ဒီတောအုပ်အလယ်
ဖြူစင်စွာ ပွင့်လန်း
အဲ့ဒီ ပန်းကလေးပေါ့
တော်ဝင် နန်းထိုက်ခဲ့တာ

မိန်းကလေးရယ်...
နင်ပြုံးလိုက်တိုင်း ငါ ရင်ခုန်တယ်
နင်ရယ်လိုက်တိုင်း ငါ လှိုက်မောတယ်
နင် မျက်လွှာဝင့်တိုင်း ငါ မူးမေ့တယ်
စွဲလွန်းစိတ်နဲ့ မြတ်နိုးမှုမှာ
ပျော်ဝင်ပျောက်ဆုံး
အဲ့ဒီ အခိုက်အတန့်တွေက
(ငါအတွက်)
အနိစ္စနဲ့ အိမ်ချင်းကပ်ခဲ့တယ်...

မိန်းကလေးရေ.......
ရိုးသားမှုမှာ အခြေတည်
သစ္စာတရားကို နှလုံးသားပြု
နင့်ရဲ့သွေးကို ချစ်ခြင်းနဲ့အတူ
စီးဆင်းစေပါ
ရှက်ခြင်း ကြောက်ခြင်း သိက္ခာရှိခြင်းဆိုတာ
နင့်ရဲ့ သူငယ်ချင်းကောင်းတွေပေါ့
ဒီမြေ ဒီရေ ဒီလေမှာ
ယဉ်ကျေးမှုနဲ့ ရှင်သန်
နင်ဆိုတာ
ရိုးရာဆန်ဆန်လေးပါ

ပျော့ပျောင်းလှည့်ပါ
နူးညံ့လှည့်ပါ
ရိုသေလှည့်ပါ
နောက် .................
စိတ်အလှတရားတစ်ခုနဲ့အတူ
တောက်ပလှည့်ပါ
နင်မသိတဲ့
ဟော့ဒီ ကမ္ဘာမြေတစ်နေရာမှာ
နင့်အတွက် ငါဆိုတာဖြစ်တည်
အဲ့ဒီ သစ်တစ်ပင်..
ဂုဏ်ယူစွာနဲ့ ရှင်သန်ပြီပေါ့ကွယ်............


ဇော်

( သြဂတ်လ ၃ရက်နေ့ နံနက်ခင်းပိုင်းမှာ မွေးဖွားခဲ့တဲ့ ( ကျနော့်သူငယ်ချင်းလင်မယားရဲ့) သမီးလေးအတွက်ပါ ....... )

2 comments:

နွေဆူးလင်္ကာ said...

အသစ်ပွင့်လန်းလာတဲ့ ကမ္ဘာမြေရဲ့ ပန်းလေး တစ်ပွင့်အတွက် မွှေးပျံ့တဲ့ ရနံ့တွေ လေပြေက သယ်ဆောင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ညလင်းအိမ် said...

ကဗျာလေး ကောင်းလိုက်တာဗျာ ...

ပန်းလေးတပွင့် လေကထဲ ပွင့်လန်းရာမှ အစပြု၍ ထာဝစဉ် လန်းဆန်းပါစေသား ...

ခင်တဲ့
ညလင်းအိမ်