အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Friday, September 24, 2010

ကျနော်မသိလိုက်တဲ့ ကျနော့်ညတွေ



ခပ်ပျပျ အလင်းရောင်တွေ မှုန်ဝါးဝါးလွှမ်းခြုံ
ဆေးပန်းချီတွေ ချယ်မှုန်းဖို့ သူကြိုးစားတယ်
အရောင်တွေလဲ သူထည့်ပါရဲ့
စုတ်ချက်တွေလဲ သူ ဆွဲပါရဲ့
အနက်ရောင်သာ လွှမ်းမိုးခဲ့တာကတော့
သူ့ဘ၀င်မှာ သူ့ဟာသူများ
စူးရှနေခဲ့တာတဲ့လားဗျာ

ညက ကျနော့်စိတ်ကူးတွေကို ခိုးယူစားသုံး
ကျနော့်အိပ်မက်တွေကို အရေဖျော်ခဲ့တယ်
ကျနော့်စိတ်ကို သူနားမလည်ပါဘဲ
ကျနော့်ကိုလဲ ငြိုငြင်ခဲ့တယ်
တမြေ့မြေ့နဲ့ ကျနော့်ကို ဖုံးအုပ်
သူ လွှမ်းခြုံခဲ့တဲ့ အနက်ရောင် ပိတ်သားအောက်မှာ
ကျနော်က ပိုးစုန်းကြူးတစ်ကောင်မျှသာ

ကျနော် စိတ်မဆိုးပါဘူး
စိတ်လဲ မဆိုးတတ်ခဲ့မိဘူး
မှုန်ရီဝိုးတ၀ါးထဲ တစ်စစ လဲပြို
ကျနော်မသိလိုက်ပါဘဲ ကျနော့်ညတွေ
အဓိပါယ်ခွက်ထဲ ပျော်ကျနေခဲ့တယ်

ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ
ကျနော်တွယ်တာတတ်ခဲ့တဲ့ညတွေ
အရုဏ်မတက်ခင် အာရုံတွေထဲ ဖျားနာခဲ့တယ်
ရောင်နီမလာခင် အရောင်တွေထဲ နီထွေးခဲ့တယ်
အလင်းတွေ မခင်းကျင်းခင် အလင်းတွေနဲ့ ထွန်းလင်းခဲ့တယ်

ညဟာ မှော်ဆန်တယ်
ပဉ္စလက်လဲ ဖြစ်တယ်
မာယာတွေထဲ မာန်တွေနဲ့လဲ ရှင်သန်တယ်
လင်းလိုက်မှောင်လိုက်နဲ့ ပညာကုန်သုံး
တိမ်မည်းတွေနဲ့ လှည့်စားတယ်
အဲ့ဒီကောင်းကင်တစ်ခိုမှာပါပဲ
ည ချိတ်ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်
တော်ဝင်ဆန်ခဲ့တယ်

ဟော
ပြောရင်းဆိုရင်း မိုးသောက်ခဲ့ပြီ
ညဟာ မှိန်ဝါးစွာပျောက်ကွယ်
သူ့ရဲ့အိပ်စက်ချိန်လဲ ဖြစ်တည်လာခဲ့တယ်
သူကိုက ပြောင်းပြန်အချိုးကျ
နေ့ဘက်မှာမှ အနားယူတတ်သတဲ့
၃နဲ့၎ လို ကျောချင်းကပ်ချစ်ခြင်းမျိုးနဲ့
ညက နေ့ကို လက်ပြနှုတ်ဆက်
အဲ့ဒီ နှင်းတောထဲမှာပါပဲ
( ကျနော့်ကိုထားပြီး)
ည တိုးဝင် ထွက်ခွာသွားခဲ့တော့တာ
အခုဆို နာရီတစ်ပတ်တောင် ပြည့်ခဲ့ပြီပေါ့ဗျာ

ဇော်

4 comments:

Anonymous said...

ပြောရရင်တော့...ကောင်းတယ်။ ကြိုက်တယ်။
ကျနော်စိတ်မဆိုးပါဘူး
စိတ်လဲ မဆိုးတတ်ခဲ့ပါဘူး...
ညဟာမှော်ဆန်တယ်
ပဉ္စလက်လဲ ဖြစ်တယ်
မာယာတွေထဲ မာန်တွေနဲ့ လဲရှင်သန်တယ်
လင်းလိုက်မှောင်လိုက်နဲ့ ပညာကုန်သုံး
တိမ်မည်းတွေနဲ့ လှည့်စားတယ်...
ကြိုက်တယ်။။။
...အားပေးလျှက်..ခင်မာလာအောင်...:)

အိပ်မက်ရှင် said...

မှော်ဆန်တဲ့ညဟာ ကဗျာဆရာကို ပစ်ထားလို့ သွားရက်သလား ... :)
ညကို အစအဆုံး မြင်တွေ့လိုက်ရပါတယ်၊ သူ စုပ်စမြုပ်စ ပျောက်ကွယ်မသွားခင် အချိန်ကလေး အထိပေါ့လေ ... ။

အိပ်မက်ရှင်

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...
This comment has been removed by a blog administrator.
★သခင်မျိုးဟေ့ဒို့မြန်မာ★ said...
This comment has been removed by a blog administrator.