အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Tuesday, October 26, 2010

ချစ်မိလေသောအခါ...

ကဗျာတွေထဲက ကဗျာတွေပါပဲ
ငါ့အပေါ်ကို တစိမ့်စိမ့်ရွာကျ
တိတ်ဆိတ်ခြင်း ဒီညတွေမှာ
ခပ်မဆိတ် အရည်ပျော်ခဲ့တာ
(လူမသိ သူမသိနဲ့)
နှစ်ဆယ့်လေးနာရီတွေ ထောင်ချီနေခဲ့ပြီ ...။

တမေ့တမောပါပဲ
မေ့မေ့လျော့လျော့နဲ့ ရွယ်စူး
အချိန်တိုင်းမှာ ငါ ရူးခဲ့မိတယ်
ဟောဒီ ကဗျာတွေပေါ့
ငါ့ရင်ကိုဖောက် အသိဥာဏ်အချို့ကို
ခိုးယူသောက်သုံးသွားခဲ့တာ ...။

တိတ်တဆိတ် ငြိမ်သက်ခြင်းတွေနဲ့
ဆူညံစွာပေါက်ကွဲ
ရင်တွင်းစစ်ပွဲမှာ
ဘယ်သူကများ အလံထူခဲ့ပါသလဲ...။

မသိဝိုးတ၀ါး ဆိုးရွားမှုတွေနဲ့
ကိုယ့်ကိုကိုယ် လွှမ်းခြုံ
ငါ့နေ့ရက်တွေ ကုန်ဆုံးခဲ့တယ်
ညပေါင်းများစွာ
နာရီပေါင်းများစွာ
အောက်ဆီဂျင်ပေါင်းများစွာ
အိပ်မက်တွေထဲ စိတ်ကူးတွေ ထည့်ဖျော်ရင်း
မသိနိုးနား ငါထုံအခဲ့တယ် ...။

အိုဘယ့် နတ်ဘုရားငယ်
မျက်လွှာတော်တ၀င့်
သံတော်ဆင့်မျှနှင့်
အဘယ်ခင်းကြောင့်များ
ငါ ရင်နင့်ခဲ့ရပါလိမ့် ...။

ချစ်ခြင်းကို ပျိုးခဲ့မိရုံမျှနဲ့တော့
ဥယျာဉ်တော်တစ်ခွင်မှာ
မှော်ရုံတောတွေ မဖြစ်ထွန်းလောက်ဘူး ထင်ပါရဲ့ ...။

မြတ်နိုးခြင်း အင်္သချေ
လွမ်းဆွတ်ခြင်း တစ်ကုဋေနဲ့
ငါ ကဗျာတွေ စပ်လိုက်တယ်
ကောင်းကင်က ရယ်လေရဲ့
ကြယ်တွေက တီးတိုးဆိုတယ်
ရူးလည်းရူးတဲ့ကောင်တဲ့
လေပြေညှင်းကတော့
ငါ့ မျက်နှာကို မော့မော့ကြည့်နေတုန်း ...။

ဇော်

5 comments:

အိပ်မက်ရှင် said...

အို ... လှလိုက်တဲ့ကဗျာ ...
မိန်းမပျိုလေးတစ်ယောက် ကနွဲ့ကလျ ညင်ညင်သာသာ လမ်းလျှောက်လို့ ထွက်လာရင်တောင်
ဒီကဗျာလေးရဲ့ အလှကို မီဦးမယ် မထင်မိပါဘူး ...။

တစ်ရစ်ခြင်း၊ တစ်ရစ်ခြင်းနဲ့ ခံစားမှုကြောင်လိမ်အမြင့်ကို ဆင့်၊ ဆင့် လာလိုက်တာ
ကဗျာဆရာ့ရင်ထဲက အနုပညာအနုအရင့်နဲ့ ဈာဉ်ဝင်စားမှု သိပ်သည်းဆကို ကဗျာဖတ်သူရဲ့ စိတ်နားတွေက ကြားလာရတယ် ... ။

ဒီလိုနဲ့ ကဗျာထဲမှာ နစ်ဝင်လိုက်ပါ၊ တလွင့်လွင့်မြောလို့ ...
အဆုံးသတ်အပုဒ်အကျမှာ ဆောင်ဓါးတစ်လက်နဲ့ ဖျတ်ကနဲ ပိုင်းချလိုက်သလို
အငိုက်မိလို့ ... ခံစားချက်တွေက တုန်၊ ရီ၊ မောလျ ... ။

(သိပ်ကောင်းတဲ့ကဗျာပါ၊ ကြိုက်မိပါသည်)

ခင်မင်လေးစားစွာဖြင့်

လင်းကြယ်ဖြူ said...

ဟုတ်ပါ့ ခင်ဗျာ
အင်မတန်မှ လန်းဆန်းတဲ့
နုလှတဲ့ ကဗျာ တစ်ပုဒ်ပါပဲ..
ဆက်လက်အောင်မြင် ပျော်ရွှင်ပါစေ လို့ ...
ပျော်ပါစေ ညီမလေးရေ

mar naw said...

ဇော်...
နေ့ရက်တွေကြာလာတာနဲ့အမျှအရေးအသားပါတိုးတက် လာတယ်.ဖတ်ရတာတကယ်ခံစားရပါတယ်..professional လိုင်းကိုရောက်ပြီလို့ကျွန်တော် ခံစားမိပါတယ်..
နောက်လည်းဒီဘက်အများကြီးပိုရေးနိုင်ပါစေဗျာ.

Anonymous said...

လေယာဉ်ပေါ်မှာ စပ်ခဲ့တဲ့ ကဗျာမို့လားမသိဘူး ...
ကဗျာက လေထဲမှာလွင့်မြော
ဖတ်ရသူ ရင်မောရတယ်
ကဗျာက အရမ်းလှတယ် ဇော် ...

အိုဘယ့် နတ်ဘုရားငယ်
မျက်လွှာတော်တ၀င့်
သံတော်ဆင့်မျှနှင့်
အဘယ်ခင်းကြောင့်များ
ငါ ရင်နင့်ခဲ့ရပါလိမ့် ...။


nyalynneain

သိင်္ဂါကျော် said...

ကဗျာတွေကို ရူးသွပ်တဲ့ အကြောင်း စပ်ထားတာလေးက တကယ်လှတယ်...