အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Wednesday, November 17, 2010

ကုမ်ရာသီသို့ ပေးစာ

ခနတဖြုတ် မတော်တဆနဲ့
ငါ ရွာချခဲ့လိုက်မိတာပါ
ဒါပေမယ့် တစ်သက်စာလုံး ညို့မှိုင်းလို့

လန်းလန်းဆန်းဆန်းနဲ့ အစွမ်းကုန် ပွင့်အာဖို့
ငါ ဖူးခဲ့တာပါ
မထင်မှတ်ခဲ့မိဘူး
တစ်တောလုံးကြွေတဲ့ ဒီနွေထဲ
ငါ ပါသွားခဲ့လိမ့်မယ်လို့

ရနံ့တွေနဲ့ ထုံမွှန်းထားလို့
(မြတ်နိုးစွာ)
ငါ အသာငုံ့မွှေးလိုက်မိပါတယ်
ငါ့တစ်ကိုယ်လုံး ဆူးတွေ စူးလို့

ကံဇာတာမှာ ရာဟုတွေများ အုပ်စိုးနေခဲ့လားလို့
စစ်ကြည့်မိပါတယ်
ရာသီခွင် ဟောစတမ်းမှာ
ကြာသပတေးဂြိုလ်ထဲ အကျဉ်းကျနေခဲ့ပါသတဲ့

လပြည့်နေ့ရဲ့ ပြယုဂ်လေးရယ်
(ကျေးဇူးပြုပြီး)
အလင်းတွေကို သိပ်မလင်းချင်းပြပါနဲ့
ငါ့ ရင်ကမ်းစပ်မှာ နင့်အလင်းတွေကြောင့်
လှိုင်းခြေရာတွေ လူမြင်ကုန်ပါ့မယ်
ကြယ် ကိုယ်စားလှယ်တွေ ငို ကုန်ပါ့မယ်
မငြူစူလိုက်ပါနဲ့
ငါကိုက နင့်လောင်းရိပ်မှာ မိခဲ့တယ်
မလှန်ဘဲ ထားခဲ့မိတဲ့ အဲ့ဒီ စာမျက်နှာထက်
အော်ခေါ်သံတွေ ထပ်ခဲ့တယ်

လပြည့်နေ့လေးရေ
ဆုံးဖြတ်ခံသူတို့ရဲ့ အဆုံးစီရင်ပွဲမှာ
ငါဆိုတာ ယဇ်ကောင်ပေါ့
နှလုံးသွေးကိုဖောက် အဲ့ဒီ အဆိပ်ကို သောက်ခဲ့မိရင်းက
ရာသီတွေ ကြွေနေခဲ့တာ
( ရင်တစ်ခုလုံး)
မှောင်ပိန်းလို့။

ဇော်

2 comments:

အိပ်မက်ရှင် said...

ကဗျာတစ်ပုဒ်လုံး ဖတ်အပြီးမှာ
မွန်းကြပ်မှုတွေကို ခံစားလာရတယ် ... ။
ကိုယ့်ကိုယ်တိုင် မပိုင်တဲ့ ဘဝတစ်ခုထဲ ကူးခတ်နေရတဲ့ ကဗျာဆရာရဲ့ ခံစားမှုတစ်ခုကို အတိုင်းသား မြင်လာရတယ် ... ။
ကြွေသွားတဲ့ တစ်တောလုံးမှာ ငါ ပါသွားလိမ့်မယ် မထင်ခဲ့ဘူး ဆိုတဲ့ စကားလုံးလေးက ရင်ထဲကို လှုပ်လှုပ်ခတ်ခတ်နဲ့ ထိနေဆဲ ... ။

ခင်မင်လေးစားစွာဖြင့်

နှင်းနဲ့မာယာ said...

ရာသီခွင် ဟောစတမ်းမှာ
ကြာသပတေးဂြိုလ်ထဲ အကျဉ်းကျနေခဲ့ပါသတဲ့....

တော်သေးတယ် ...
တင်္နလာဂြိုလ်ဆို ... ကိုယ်ပါပါနေအုံးမယ်...

ခုတော့ ကြာသပတေးဂြိုလ်မင်းကြီးကို တိုင်တည်ပြီး
သက်သေထူပေးပါ့မယ်....

ကဗျာလေးက အရမ်းနုလို့...
ပုံတူကူးပြီး ခံစားသွားတယ်နော်....

မနှင်း