အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Sunday, January 16, 2011

မိုးကိုချစ်လို့ ငိုရတယ်။

မိုးရယ်
မတွေ့တာ ကြာခဲ့ပြီကွယ်
တိုက်ခတ်လာတဲ့ အရှေ့တောင်အရပ်က
အဲ့ဒီ လေပြည်တွေထဲမှာ
မိုးရဲ့ အငွေ့အသက်များ
ရလိုရငြား
ကျွန်တော်ဟာ မိုးကိုလွမ်းတတ်လာတယ်။

မိုးရယ်
မမြင်တာ ကြာခဲ့ပြီကွယ်
အလွတ်ရနေတဲ့ အဲ့ဒီ ဂဏန်းလေးတွေကို
နှိပ်ဖို့ ကြိုးစားနေရင်းက
သတ္တိမရှိတဲ့ ကျွန်တော်
မိုးကို လွမ်းစိတ်နဲ့
(အကြိမ်ကြိမ်)
ဖျားနာခဲ့ရတယ်။

မိုးရယ်
တိမ်တွေထူတိုင်း ရွာမှာလေလားရယ်လို့
တမ်းတမ်းတတ
ကျွန်တော် ရူးသွပ်ခဲ့ရတယ်
သိနေပါရဲ့နဲ့ မမြင်ချင်ယောင်ဆောင်တဲ့မိုးကို
ကျွန်တော် ဘယ်လို
လှမ်းခေါ်ရပါ့မယ်။

မိုးရယ်
မုတ်သုံလေတွေ မလာခင်ကတည်းက
ကျွန်တော်မိုးကို ချစ်ခဲ့ရပါတယ်
မိုးရဲ့ အေးမြမှုကို
တိတ်တဆိတ် ငံ့လင့်နေခဲ့ရင်းက
ကျွန်တော့်အလွမ်းတွေ
အုပ်စုဖွဲ့တယ်။

ကျွန်တော့်ကို မချစ်နိုင်မှန်း သိရဲ့နဲ့
မိုးခေါ်တေးတွေ
ကျွန်တော် အကြိမ်ကြိမ် ဟစ်ကြွေးခဲ့မိတယ်
ကျွန်တော့်ရင်မှာ မိုးမရွာနိုင်မှန်း
သိနေရဲ့နဲ့
မိုးရဲ့ ငွေ့ရည်ဖွဲ့မှုကို
တိတ်တဆိတ် ကျွန်တော် စောင့်မျှော်ခဲ့မိတယ်။

မိုးရယ်
မိုးနဲ့ဝေးတဲ့အရပ်မှာမှ
ကျွန်တော် ရင်ခုန်ရဲခဲ့ပါတယ်
ရိတ်သိမ်းမိတဲ့ အာရုံတွေတိုင်းမှာ
မိုးက ကျွန်တော့်ရဲ့ ကွန်းခိုရာပါ..
မိုးမသိနိုင်တဲ့ ကျွန်တော့် ရင်ဘတ်တစ်ခြမ်းမှာ
ဝင်သက်ထွက်သက်တိုင်းက
မိုးကို တိုးတိုးဖွဖွ တမ်းတတယ်..

သိပ်ချစ်ရပါတယ်မိုးရယ်
ရွာချင်သလိုသာ ရွာလိုက်ပါ
ပျော်ရာမှာသာ သွန်းဖြိုးပါ
လေနှင်ရာလဲ လွင့်နေပါ
ကျွန်တော်ဆိုတဲ့
ဖြစ်တည်မှု သက်သက်ကောင်ရဲ့ မြေရိုင်းရင်ဟာ
မိုးရဲ့ မျက်နှာလွှဲမှုတိုင်းမှာ
ပက်ကြားတွေနဲ့ ယိုင်နဲ့နေခဲ့
ခြေရာထပ်ခဲ့ပြီပဲ မိုးရယ်.....။

ဇော်။

6 comments:

အနှိုင်းမဲ့ said...

ဒီ မိုး ကဗျာလေးကို အရမ်းကြိုက်ပါတယ်..ဇော်ရေ
စကားလုံးတိုင်း..စာကြောင်းတိုင်းကိုပေါ့..။

ဗညားရှိန် said...

ကျွန်တော့်ကို မချစ်နိုင်မှန်း သိရဲ့နဲ့
မိုးခေါ်တေးတွေ
ကျွန်တော် အကြိမ်ကြိမ် ဟစ်ကြွေးခဲ့မိတယ်
ကျွန်တော့်ရင်မှာ မိုးမရွာနိုင်မှန်း
သိနေရဲ့နဲ့
မိုးရဲ့ ငွေ့ရည်ဖွဲ့မှုကို
တိတ်တဆိတ် ကျွန်တော် စောင့်မျှော်ခဲ့မိတယ်။


ကောင်းလိုက်တဲ့ ရေးချက်

Anonymous said...

မိုးကိုချစ်လို့ မိုးရယ်ကိုယ့်ကိုပြန်ချစ်ပါလို့ ပြောပါရစေ..မိုးရဲ့အကြင်နာမျက်ရည်မိုးပေါက်တစက်ကကိုယ့်ခြောက်ကပ်နေတဲ့ပက်ကြားတွေကို သက်သာစေနိုင်တဲ့ဆေးတခွက်ပါ..မိုးရယ်ကိုယ်နဲ့ ဝေးရာကိုယ့်ကိုထားပြီးမသွားပါနဲ့ ..မိုးကိုချစ်လို့ ငိုရတဲ့ကိုယ်ရင်ခွင်က ပတ်ကြားတွေကြားမှာပျောက်ဆုံးသွားပါပြီ.....

Unknown said...

လင့်ခ်သွားတယ်..ဇော်

Anonymous said...

ပင်လယ်
"ကျွန်တော်က
တိမ်တိုက်ဖြစ်ချင်ခဲ့တဲ့ကောင်ပါ..
ကောင်းကင်ကလက်မခံတော့
ကမ္ဘာတစ်ခြမ်းမှာပဲ
မုန်တိုင်းတွေထန်နေရပြီပေါ့..။

(ကဗျာလေးနှင့်တကွ အရာခပ်သိမ်း စိမ်းလန်းနိုင်ပါစေ..။)

ညလင်းအိမ် said...

ဒီမိုးကဗျာလေးက တော်တော်ကောင်းတယ် ..း)