ရုတ်တရက် ဆူညံစွာမြည်လာတဲ့ နာရီနိုးစက်အသံတစ်ခုကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာမှ သူမ ရုတ်တရက်လန့်နိုးလာခဲ့သည်.. အပြင်တွင်တော့ သြကာသလောကကြီးက အမှောင်ထုဖြင့် အလှဆင်လျှက်...
မှောင်မိုက်နေတဲ့ အိပ်ခန်းငယ်လေးထဲ တစ်ယောက်တည်းဟူသောအသိက ရင်တစ်ခုလုံးကို အေးစက်ထုံကျင်သွားစေသည်အထိ.. ဒီလိုပါပဲလေလို့ သူမတွေးမိတော့ နှုတ်ခမ်းထောင့်စွန်း၌ ခပ်ပါးပါးအပြုံးတစ်ခု လွင့်ကနဲ..
မြည်နေဆဲဖြစ်သော နာရီနိုးစက်လေးကို ပိတ်လိုက်တော့ အမှောင်ထဲ၌ ကြည့်လို့ရသော နာရီလေးက သူ့လက်တံတွေကို တာဝန်ကျေစွာ ၁၂နာရီ တိတိသို့ ညွှန်ပြလျှက်...
သြော်... နှစ်တစ်နှစ်ရဲ့ ဂျူလိုင်လ ၂၂ရက်နေ့ကို ရောက်ခဲ့ပြန်ပြီလို့ သူမ တိုးတိတ်စွာ ရေရွတ်လိုက်မိသည်။ အိပ်ယာမှ အသာအယာထလို့ မှောင်မိုက်နေတဲ့အခန်းလေးနှင့်ကပ်လျှက် ၀ရန်တာဆီ သူမထွက်လာခဲ့မိသည်။ လိုက်ကာကိုအသာမလို့ ၀ရန်တာရဲ့မှန်တံခါးနောက်မှာ ကိုယ်ကို ခပ်ရို့ရို့ကွယ်ရင်း အပြင်ဘက်လောကတစ်ခုဆီ ချောင်းကြည့်မိတော့ .. မှောင်မိုက်တိတ်ဆိတ်လွန်းစွာ သူမကို စောင့်ကြိုနေသလို ခံစားလိုက်ရသည်။ တစ်လောကလုံး ငြိမ်သက်စွာ ... အေးမြစွာ ... ကြည်လင်စွာ........
မေမေ..
ဒီနေ့မှာပဲ မေမေသမီးကို မွေးဖွားပေးခဲ့ပါတယ်.. ဒီနေ့မှာပါပဲ... မေမေ နာကျင်စွာနဲ့ ခွဲခန်းထဲကို ၀င်ခဲ့ရတာ.. ဒီနေ့မှာပဲ မေမေ့အသက်ကို နောက်သက်ရှိတစ်ချောင်းအတွက် ပေးအပ်ထားခဲ့ရတာ.. ဒီနေ့မှာပဲ မေမေ လူသားသေးသေးလေးကို မွေးထုတ်ပေးခဲ့တာ..
မေမေ..
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာလို့ ခေါ်ဆိုလို့ရတဲ့ နှစ်နှစ်ဆယ်ကျော်ကို သမီးဖြတ်ကျော်လာပြီးတဲ့အခုအချိန်မှာ မေမေ့ကိုချစ်တဲ့ မေမေ့သမီးအတွက် မေမေ ဘာတွေများမျှော်လင့်ထားခဲ့လဲဆိုတဲ့ အတွေးတစ်ချို့ သမီးရင်ကို လာရိုက်ခတ်နေပါတယ်.. မေမေ သမီးအတွက် ဘာတွေ မျှော်လင့်ထားခဲ့ပါသလဲ.. သမီးဆီက ဘာတွေများ ပြန်လိုချင်ခဲ့ဖူးပါသလဲ..
မေမေ..
လူတစ်ချို့ပြောတတ်ကြတဲ့စကားလေးတစ်ခွန်းကို သမီး သွားအမှတ်ရလိုက်မိပါတယ်.. မိဘဆိုတာ သားသမီးဆီက ဘာကိုမှ မမျှော်လင့်တတ်ကြပါဘူးတဲ့.. မိဘဆိုတာ သားသမီးကို အမြဲပဲ ပေးဆပ်ထားတာပါတဲ့.. တကယ်က.. သူတို့ ( အဲ့ဒီ လူတစ်ချို့ ) တကယ်မသိတဲ့နောက်ကွယ်က အကြောင်းအရာတွေကို သူတို့ တကယ်သိအောင် မကြိုးစားတတ်ခဲ့ကြပါဘူးမေမေ.. အစောပိုင်းကာလတွေအထိ .. မေမေ့သမီးလဲ သူတို့ထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်..
တကယ်တော့ မေမေရယ်.. မိဘတွေကလေ .. သားသမီးရဲ့ သိတတ်ခြင်းကို .. သားသမီးရဲ့ ခြေဆုပ်လက်နယ်ပြုစုမှုကို .. သားသမီးရဲ့ ဂရုစိုက်ကြင်နာမှုကို.. သားသမီးရဲ့ ရိုသေသိတတ်မှုကို.. သားသမီးရဲ့ မျိုးဆက်တွေကို အမြဲပဲ အစဉ်သဖြင့် မျှော်လင့်နေတတ်ကြပါတယ်တဲ့..
မေမေ..
သမီးရဲ့ အစောပိုင်း အသက်တာကာလတွေမှာ သမီးဘယ်လောက်ထိ မေမေ့အပေါ်မှာ ရက်စက်ခဲ့တယ်.. ဆိုးခဲ့မိုက်ခဲ့တယ်.. သမီးကြောင့် မေမေ ကျောင်းရုံးခန်းကို အကြိမ်ကြိမ်ရောက်ခဲ့ရတယ်ဆိုတာ အခုအချိန်မှာ သမီးပြန်မတွေးရဲလောက်အောင်ကို နောင်တရနေမိတယ်..
တစ်ခါတရံမှာလေ.. အချိန်တစ်ချို့ကို နောက်ပြန်သွားချင်မိပါသေးတယ်မေမေ..
ဒီလိုနဲ့ သမီးရဲ့ ဘ၀တစ်ဆစ်ချိုးအပြောင်းအလဲကို မမြင်နိုင်တဲ့အရာတွေက ဖန်တီးပေးခဲ့ကြတယ်.. ဟုတ်ပါတယ်မေမေ.. သမီးက အဲ့လိုပဲ ယူဆလိုက်မိပါတယ်.. မမျှော်လင့်ခဲ့မိတဲ့ နေ့တစ်နေ့မှာပေါ့.. သမီးဆယ်တန်းစတက်ခါစအချိန်... ကျောင်းမှာမူးလဲလို့ဆိုပြီး မေမေ့ကို လာပြောကြတော့ မေမေ ဘယ်လောက်ထိ ပြာယာခတ်စိုးရိမ်သွားမလဲဆိုတာ သမီး မှန်းဆမိပါတယ် မေမေ.. အဲ့ဒီနေ့ဟာ သမီးရဲ့ ဘ၀နောက်ဆုံးချိန်လဲ ဖြစ်ခဲ့ပါတယ်..
လူတစ်ယောက် သေဆုံးဖို့ အခြေအနေနဲ့ အချိန်အခါ ဘယ်လောက်များ လိုအပ်ခဲ့ပါသလဲလို့ သမီးတစ်ခါတရံမှာ တိတ်တိတ်လေး တွေးတတ်ခဲ့ဖူးပါတယ်..
အကယ်၍များမေမေရယ်.. သမီးအဲ့ဒီအချိန်မှာ သေဆုံးသွားခဲ့မယ်ဆိုရင်လေ........
သမီး ဆေးရုံကိုစရောက်တဲ့အချိန်ကစပြီး လေးဆယ့်ငါးရက်လုံးလုံး သတိမေ့မြောနေခဲ့တဲ့နောက် မေမေ့ရဲ့ မျက်ရည်တွေ ဘယ်လောက်များ သမီးရင်ဘတ်နဲ့ လက်တွေမှာ ပေကျံစွန်းထင်းခဲ့ကြပါလိမ့် မေမေ.. မေမေ့ရင်ထဲမှာ ဘယ်လောက်များ ယူကြုံးမရခြင်းတွေနဲ့ ဖြစ်တည်နေမှာပါလိမ့်...
သမီးကို သူတို့ ( ဆရာဝန်ကြီး) တွေက တစ်ဖက်က သွေးတွေ သွင်းပြီး တစ်ဖက်က သွေးတွေလာထုတ်နေကြတယ်.. သမီးကို နှာခေါင်းပိုက်တွေ ထည့်နေကြတယ်.. သမီးကို လျှပ်စစ်နဲ့ နှလုံးကို လာရိုက်နေကြတယ်.. သမီး အရမ်းမောနေခဲ့တယ်.. သမီးအရမ်းနာကျင်နေပါတယ်.. အရာအားလုံးကို သမီးသိနေခဲ့ပါတယ်မေမေ.. ဒါပေမယ့် သူတို့က သမီးကို မေ့မြောနေဆဲဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိနေစေခဲ့တယ်.. တကယ်က မေမေရယ်.. သမီးသိနေပါတယ်.. အရာအားလုံးကို သမီးသိနေခဲ့တာပါ.. မေမေ့ရဲ့ ငိုကြွေးသံ.. မေမေ့ရဲ့ သမီးလေးရယ် ဆိုတဲ့တိုးတိုးလေး ခေါ်သံ.. မေမေ့ရဲ့လက်တွေ သမီးနှဖူးပေါ်က ဆံပင်တွေကို လာထိတာ.. မေမေ့ရဲ့ လက်တွေက အစာအိမ်သွေးကြောတွေပေါက်ပြီး သွေးတွေနဲ့ပြည့်လျှံနေခဲ့လို့ ရေတောင်မှ တစ်ပေါက်စွတ်ပေးခွင့်မရခဲ့လို့ ခြောက်သွေ့ကွဲအက်နေခဲ့တဲ့ သမီးရဲ့ နှုတ်ခမ်းသားတွေကို လာထိနေခဲ့တာ.. အရာအားလုံးကို သမီး သိနေခဲ့ပါတယ်မေမေ.. သမီးရဲ့ နားထဲမှာ.. မေမေ့ရဲ့ ဘုရားစာရွတ်နေတဲ့ အသံတိုးတိုးလေးကို အမြဲကြားနေခဲ့တာပါ.. မေမေ့ရဲ့ သစ္စာဆိုနေတဲ့အသံလေးဟာ သမီးအတွက် ဘာနဲ့မှ လဲလို့မရတဲ့ အသာယာဆုံးသောအသံလေးတစ်ခု ဖြစ်ခဲ့ပါတယ်မေမေ.. သမီးဘ၀ရဲ့ နေ၀င်ချိန်ကို ဖြတ်ကျော်နေခဲ့တဲ့အချိန်မှာ မေမေဟာ သမီးရဲ့ အကောင်းဆုံးသောအဖော်အဖြစ် ရှိနေပေးခဲ့ပါတယ်..
မေမေ..
သမီးဘ၀မှာ ဘယ်အရာကိုမှ မျှော်လင့်တကြီးနဲ့ ရယူပိုင်ဆိုင်လိုစိတ်ဆိုတာ မရှိခဲ့ပါဘူး.. သမီးရဲ့ ဘ၀ရှင်သန်မှုမှာ ဘယ်အရာကိုမှလဲ ဆုပ်ကိုင်ဖက်တွယ်ထားတယ်ဆိုတာ မရှိခဲ့ဖူးပါဘူး... မေမေ့ကိုချစ်တဲ့မေမေ့သမီးမှာ ဘ၀တစ်ခုလုံးအတွက် ရင်နဲ့ရင်းပြီးဖြစ်ချင်ခဲ့တဲ့ ဆန္ဒတစ်ခုပဲ ရှိခဲ့ဖူးပါတယ်မေမေ... သမီး မေမေ့အပေါ်မှာ သိပ်ကိုတာဝန်ကျေတဲ့သမီးတစ်ယောက်ဖြစ်ချင်မိတယ်..
မေမေ..
မေမေ့ကိုချစ်တဲ့ မေမေ့သမီးဟာ သိပ်ချမ်းသာကြွယ်ဝနေတဲ့သူတစ်ယောက်ဖြင့် မဟုတ်ခဲ့ပါဘူး. မေမေ့သမီးဟာ သိပ်ကို ပြီးပြည့်စုံနေတဲ့ သူတစ်ယောက်လဲ မဟုတ်ခဲ့ပါဘူး.. မေမေ့သမီးဟာ သိပ်ပြီး တော်လွန်းတတ်လွန်းနေတဲ့သူတစ်ယောက်လဲ မဟုတ်ပါဘူးမေမေ.. ဒါပေမယ့် မေမေရယ်.. မေမေ့ကိုချစ်တဲ့မေမေ့သမီးကြောင့် မေမေ့မျက်နှာလေး ဂုဏ်ယူဝင့်ကြွားစိတ်နဲ့ လန်းဆန်းနေတာကိုပဲ သမီးမြင်ချင်ခဲ့တယ်.. မေမေ့သမီးမှာ ပိုင်ဆိုင်ရာဆိုတာမရှိပါဘူးမေမေ... မေမေ့ကိုချစ်တဲ့အချစ်နဲ့ မေမေ့ကို စိတ်ချမ်းသာစေချင်တဲ့ဆန္ဒတစ်ခုသာ သမီးရင်မှာ ဖြစ်တည်ပါတယ်...
မေမေ..
လူသားတိုင်းမှာ ရည်မှန်းချက်ကိုယ်စီ ပန်းတိုင်ကိုယ်စီရှိတတ်ကြပါတယ်.. မေမေ့သမီးမှာလဲ ရည်မှန်းချက်တွေ ပန်းတိုင်တွေနဲ့ပေါ့.. သမီးလျှောက်နေတဲ့လမ်းတိုင်းရဲ့ အဆုံးမှာ အမေဆိုတဲ့ ပန်းတိုင်တစ်ခုပဲ ရှိနေခဲ့ဖူးပါတယ်.. သမီးရဲ့ ဦးတည်ရာဟာ အမေဆိုတဲ့ တည်ရှိရာပဲ ဖြစ်နေခဲ့ဖူးပါတယ်.. လူငယ်တစ်ယောက်အတွက် နှလုံးသားရေးရာကဏ္ဍတွေလဲ ရှိနေတတ်ခဲ့ပေမယ့် မေမေရယ်.. မေမေ့သမီးအတွက် ဘုရားပြီးရင် ပထမဦးစားပေးဟာ မိခင်ဆိုတဲ့ သမီးကိုချစ်တဲ့ မေမေပဲ ရှိတယ်ဆိုတာ သမီးနှလုံးသားတစ်ခုလုံးနဲ့ သက်သေပြချင်ပါသေးတယ်..
မေမေ..
သမီးရဲ့ နေ့ရက်တိုင်းနဲ့ သမီးရဲ့ လုပ်ဆောင်မှုတိုင်းဟာ မေမေ့အတွက်ဆိုတာပဲ ဖြစ်ခဲ့ဖူးပါတယ်.. သမီး သိပ်ကိုပင်ပန်းရပါတယ်မေမေ.. သမီးသိပ်ကို စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်ခဲ့ဖူးပါတယ်.. သမီးမှာ နာကျင်နေခဲ့ရတဲ့အချိန်တွေလဲ ရှိခဲ့တယ်.. သမီးတစ်ယောက်တည်း အားငယ်လွန်းလို့ စိတ်ဓါတ်ကျလွန်းလို့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို မခံနိုင်လွန်းလို့ တိတ်တိတ်လေး ငိုကြွေးခဲ့ရတဲ့အဖြစ်တွေလဲ ဒုနဲ့ဒေးပါ... ဒါပေမယ့် မေမေရယ်.. သမီးဘာ့ကြောင့် ဒီလမ်းကို ရွေးချယ်ခဲ့တာတဲ့လဲ.. သမီးဘာ့ကြောင့် တစ်ယောက်တည်း မေမေနဲ့ဝေးရာမှာ နေနေရတာတဲ့လဲ..
သမီးဘယ်လောက်ပဲ ပတ်ဝန်းကျင်ကြောင့် နာကျင်ရပါစေ.. သမီးကိုချစ်တဲ့မေမေ့အတွက်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ သမီးအရာအားလုံးကို ပြုံးနိုင်နေခဲ့ပါပြီ.. ဥပေက္ခာပြုနေနိုင်ခဲ့ပါပြီမေမေ.. ဒီလိုနဲ့ မေမေ့သမီးဟာ အလုပ်ထဲမှာတောင် မေမေ့အတွက် နေရာတစ်နေရာကို ရထားခဲ့ပါပြီ...
မေမေ..
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က မေမေချစ်တဲ့မေမေ့သမီးဟာ ပီဘိကလေးငယ်လေးတစ်ယောက်ပါ.. ဘာမှမသိတဲ့ အမေကိုသာဂျီကျ အနိုင်ကျင့်တတ်တဲ့.. ပြောစကားကိုနားမထောင်တတ်တဲ့.. ဂျစ်ကန်ကန်မိန်းမဆိုးလေးတစ်ယောက်အဖြစ် အသက်တာကို ၁၆နှစ်တိတိ ဖြတ်ကျော်ခဲ့ဖူးပါတယ်..
ခုချိန်မှာတော့မေမေရယ်.. မေမေ့သမီးရဲ့ ရင်ထဲမှာ ငြိမ်းအေးမှုတို့ခိုတွဲလို့ အရာအားလုံးကို သဘာဝကို သဘာဝအတိုင်းပဲ မြင်အောင်ကြည့်တတ်နိုင်ဖို့ လုပ်ယူစရာမလိုတဲ့ နေထိုင်ခြင်းမျိုးနဲ့ ကြိုးစားပြီး လျှောက်လှမ်းနေခဲ့ပါပြီ.. မေမေ့သမီးက သေခြင်းတရားနဲ့ မျက်နှာချင်းဆိုင် မိတ်ဆက်ခဲ့ဖူးပါတယ်မေမေ..
မေမေ..
မတူညီတဲ့လူသားတွေအတွက် မတူညီခြင်းကသာ စိုးမိုးနေတတ်ကြပါတယ်.. သမီးမှာ နေ့စဉ်ဘုရားဝတ်တတ်တဲ့ တကူးတကပြုမူခြင်းမျိုးတွေ မရှိခဲ့ပါဘူး... မေမေ့သမီးမှာ ဘုရားစာတွေရွတ်နေတာမျိုးလဲ မရှိခဲ့ပါဘူးမေမေ.. ဒါပေမယ့် မေမေရယ်.. သဘောထားတွေ မတူညီကြတဲ့လူတိုင်းကို သမီး တလေးတစားနဲ့ဆက်ဆံပါတယ်.. သမီးရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုအဖြစ် လူတိုင်းရဲ့ သဘောထားကွဲလွဲမှုတိုင်းကို သမီးအပြစ်မမြင်တတ်အောင် ကြိုးစားနေပါတယ်.. စိတ်ရှည်ခြင်းနဲ့ သည်းခံခြင်းကို အတင်းကျိတ်မှိတ်လုပ်နေမယ့်အစား သမီးရင်ထဲမှာ သတိတစ်ခုကိုပဲ အမြဲဖြစ်တည်ထားပါတယ်..
မေမေရယ်.. သမီးရဲ့တစ်နေ့တာမှာ .. မေမေ့ကိုတာဝန်ကျေချင်တဲ့စိတ်.. သမီးရဲ့လူသားတစ်ယောက်ပီသချင်တဲ့စိတ်နဲ့.. အရာအားလုံးအပေါ်မှာ နောင်တရတာမျိုးမဖြစ်ဘဲ ကုန်ဆုံးသွားချင်ပါတယ်.. အကယ်၍ နံနက်ဖြန်မှာသာ သမီးသေဆုံးသွားခဲ့မယ်ဆိုရင် သမီးနဲ့အတူ သမီးရဲ့ တာဝန်ကျေခဲ့တယ်.. လူသားပီသခဲ့တယ်.. ဆိုတဲ့ စိတ်တစ်ခုကိုသာ သမီးရဲ့ အဖော်အဖြစ် ယူဆောင်သွားချင်ပါတယ်.. သမီးမှာ ပိုင်ဆိုင်ရာဘာမှ မရှိခဲ့ဘူးမဟုတ်လား..
မေမေ..
လူတိုင်းမှာ စိတ်ကောင်းကိုယ်စီရှိကြပါတယ်တဲ့.. သမီးရဲ့ နေ့ရက်တိုင်းမှာ သမီးကိုချစ်တဲ့မေမေ့အတွက် ဘယ်လိုအရာမျိုးကိုမှ သမီးမပေးနိုင်ခဲ့ပေမယ့်.. သမီးရဲ့ သူတစ်ပါးကို လေးစားမှုပေးတဲ့စိတ်နဲ့ လူသားပီသဖို့ ကြိုးစားခြင်းဟာ မေမေ့တစ်ယောက်တည်းအတွက်ပါဆိုတာတစ်ခုတော့ သမီး လုပ်နိုင်ခဲ့ပါတယ်မေမေ..
မေမေ..
သမီးကို သေဆုံးခြင်းမှ ကယ်တင်ခဲ့တဲ့ မေမေ့သစ္စာတရားတွေအတွက် သမီးကျေးဇူးတင်ပါတယ်.. သမီးကို ငြိမ်းချမ်းတဲ့ လွတ်မြောက်ရာကို ရှာဖွေဖို့အတွက် အခွင့်အရေးရခဲ့တဲ့ အချိန်တိုင်းကိုလဲ သမီး ကျေးဇူးတင်ပါတယ်.. သမီးရဲ့ စိတ်နှလုံးကို ပြင်ဆင်ဖို့ အချိန်တစ်ခု အခွင့်အရေးတစ်ခုအဖြစ် ပြောင်းလဲပေးခဲ့တဲ့ သေခြင်းတရားနဲ့နီးကပ်ခဲ့တဲ့ အချိန်တွေကိုလဲ သမီးကျေးဇူးတင်ပါတယ်...
အရာအားလုံးမှာ ကျေးဇူးတင်ခြင်း.. ချစ်မြတ်နိုးခြင်း... သဘာဝတရားကိုနားလည်ခြင်းများနဲ့ သမီးရဲ့ အသက်ရှင်ခွင့်ရတဲ့ နေ့တွေကို နေထိုင်ဖြတ်ကျော်ချင်ပါတယ်မေမေ..
မေမေလဲ သဘောတူလိမ့်မယ်လို့ သမီးယုံကြည်ပါတယ်.. မေမေက သမီးကို သိပ်ချစ်တဲ့မေမေမဟုတ်လား..
မေမေ..
အပြင်မှာ လမင်းကြီး ထိန်ထိန်သာနေပါတယ်...
သမီးကိုမွေးဖွားခဲ့တဲ့အချိန်နဲ့ အဲ့ဒီနေ့ရက်တုန်းက အပြင်မှာမိုးတွေ သည်းထန်စွာ ရွာသွန်းနေခဲ့တယ်တဲ့..
အခု ဒီနေ့မှာတော့ တိမ်ကင်းစင်နေတဲ့ ကောင်းကင်ပြင်ကြီးနဲ့ လမင်းကြီးက သမီးရဲ့ အသက်ရှင်မှုအတွက် ကောင်းချီးပေးနေကြတယ်မေမေ.. သမီးရဲ့ အသက်ရှင်မှုအတွက် မေမေဂုဏ်ယူသလို သူတို့လဲ ဂုဏ်ယူနေကြတယ်လို့ သမီး ယုံကြည်ပါရစေ..
သမီး ဒီနေ့မှာပဲ ရှင်သန်ပြီး နံနက်ဖြန်မှာ သေဆုံးသည်ဖြစ်စေ..
သမီးရဲ့ အသက်တာနဲ့ ရှင်သန်မှုကို မေမေပေးခဲ့လို့ .. မေမေ့ကို သမီး သိပ်ကျေးဇူးတင်ပါတယ် မေမေ..
မေမေ့ကို သမီးချစ်မြတ်နိုးစွာ .. ချစ်ခြင်းနဲ့အတူ နှုတ်ဆက်လိုက်ပါတယ်..
သမီးရဲ့ (၂၃)နှစ်မြောက် ဒီမွေးနေ့မှာ မေမေ ပျော်ရွှင်စေဖို့...
ဇော်။
13 comments:
happy birthday zaw,
you did great today. i would like to have a daughter like you. you have a good attitude and good personality. i wish you could utilize your talent in the right way and in the right place. you have a gift of patient and wise. like friend i deed is a friend in need, i know i cannot be with you all the time but i wish i want to be with you when you are in need. this is all i can give you for your birthday. your bro, your friend, your uncle and so on whatever it is you can name me but i will be the same and will never change the friendship.
wish you all the best,
U Lay
HAPPY BIRTHDAY ပါ ငဇော်ရေ ...
အမေကို တမ်းတပြီး ရေးထားတာ အရမ်းကောင်းတယ် ...
မျက်ရည်တောင် ၀ဲမိတယ် ...
ဒီလိုပါပဲ ဇော်ရေ ...
တချိန်ချိန် (အဲဒီတချိန်ဟာ မိဘရင်ခွင်မှာ ရှိနေတဲ့ အချိန်) ဇော့်ဆန္ဒတွေ ပြည့်ဝလာပါလိမ့်မယ် ...
မွေးနေ့လေးမှာ အကောင်းဆုံး ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ ...
ခင်တဲ့
ညလင်းအိမ်
ဇော် ထပ်တူထပ်မျှ ခံစားရလျှက်ပါပဲ . . .
လွယ်လွယ်နဲ့ ဖွားခဲ့တာ မဟုတ်ဘူး
ကိုးလလွယ် ဆယ်လပျိုး
သွေးသံတရဲရဲကြားမှာ
မျက်ရည်ပေါက်ပေါက်နဲ့
အံကြိတ်ပြီး မွေးပေးခဲ့တဲ့ အမေ . . . . .
အကိုကဗျာလေးပဲ အကိုပြန်သုံးသွားပါရစေ . . .း)
မွေးနေ့မှာ ပျော်ရွင်ပါစေ ဇော်
ခင်မင်စွာဖြင့်
ဗညား
မွေးနေ့မှာပျော်ရွှင်ပါစေ..ဇော် :)
့HAPPY BIRTHDAY ပါ
ပထမဆုံးအလည်ရောက်ရင်း မွေးနေ့ နဲ့တိုးသွားလို့ 
ဘဝမှာ ကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းပြီး
စိတ်အေးချမ်းပြီး သာယာချမ်းမြေ့တဲ့ဘဝကိုပိုင်နိုင်ပါစေရန်တောင်းဆုပြုပါတယ်နော်
သာယာချမ်းမြေ့ပါစေနော်
မိုး
ဇော်.. ၂၂ ရက်က ဇော့်မွေးနေ့လား..။
မွေးနေ့မှာ ပျော်ရွှင်ပါစေ..နော်။
ဇော်မေမေ့ကို လွမ်းဆွတ်စွာ ရေးဖွဲ့ထားတဲ့ ဒီပိုစ်လေးသာ ဇော့်မေမေ ဖတ်မိရင် ဘယ်လောက်များ ပီတိဖြစ်နေလိမ့်မလဲလို့ တွေးတော ၀မ်းသာမိတယ်..
ယခုမှစပြီးလည်း အစစ အဆင်ပြေ ပျော်ရွှင်ချမ်းမြေ့ပါစေ.. လို့ ဆုတောင်းထားခဲ့တယ်..။
ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ။ ကျနော့် ညီမလေးလဲ ဒီနေ့ မွေးနေ့ဗျ။ သူကတော့ 25 ပြည့်တာ။
နောက်တော့ကျနေဘီ။
ဒါမဲ့.. Better late than Never .. နော်။
Happy B-Day Zaw!
ခင်မင်လျှက်
ဒေါ်လေးလွင်
မိခင်မေတ္တာကို ဖွဲ့ ဆိုထားတဲ့ စကားလုံးတွေရဲ့  တန်ဖိုးကို လေးစားမိသလို ဇော်ကိုလည်း မွေးနေ့ မှာ
ပျော်ရွင်ပါစေလို့  ဆုတောင်းပေးခဲ့ပါတယ်။
ခင်မင်ခြင်းများနှင့်
တလနွန်
ငါ့ညီမလေး ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ
ဘဝရဲ့ အေးချမ်းရာကိုသာ ရရှိခံစားနိင်ပါစေ။
ဇော်ရေ..ပျော်ရွှင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေ..။
ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ ဇော်ရေ..။
အမေ့ကျေးဇူးတွေကို သိတတ်တဲ့သမီးလိမ္မာလေး လိုအင်ဆန္ဒတွေလည်းပြည့်မြောက်ပါစေလို့ ဆုတောင်းခဲ့ ပါတယ်။
လတ်...အရမ်းကောင်းတယ်လို့ ပဲပြောလိုက်တော့မယ်နော်..
Post a Comment