ကောင်းကင်ရဲ့ တေးသွားမှာ
ငါပျော်မြူးချိန်
မုန်တိုင်းတွေ ငိုနေခဲ့တယ်
သက်တံရောင် ဆည်းဆာတစ်ခု
ကောင်းကင်ရဲ့ ထောင့်ချိုးကနေ ချောင်းကြည့်နေလေရဲ့
နေမင်းရယ်
ငြိုးဖျော့စွာ လင်းလက်
နင့်ရဲ့ဆောင်တော်ကူးချိန်မှာ
ငါတစ်ယောက်တည်း အားငယ်တတ်ခဲ့လိုက်တာ
ကောင်းကင်တစ်ခုကနေ
နှုတ်ဆက်လက်ပြ
နင့်အပြုံးတွေ မှိန်လျော့ခဲ့ပြန်ပြီပေါ့
နေမင်းရယ်
ဟိုးတစ်ဘက်ခြမ်းမှာ နင်ပျော်မြူးချိန်
ငါ့ကောင်းကင်က မှောင်နက်နေတယ်
ကဗလာ ခင်းကျင်းခဲ့တယ်
တိမ်မည်းညိုတို့ လွင့်မျောခဲ့
နေမင်းမရှိတဲ့ ကောင်းကင်
လမင်းမသာတဲ့ ဒီည
ငါ့ဘ၀ မျက်နှာငယ်လိုက်တာဟာ
နေမင်းရေ...
နင်ရောက်လာမယ့် နေ့သစ်ဦးစ
ဟိုးခပ်ပြပြမှာ တောင်ခိုးတွေဝေနေကြတယ်
မိုးရာသီရဲ့အေးမြမှုဟာ စက်တင်ဘာတွေကို
လွှမ်းခြုံနေခဲ့ပြန်ပြီ
ငါ တိုးတိတ်စွာ ဟစ်ကြွေး
နင့်ချိတ်ဆွဲနေတဲ့ အဲ့ဒီ ကောင်းကင်ထောင့်ချိုးက ဆည်းဆာလေးတစ်ခု
ငါ့ရင်တွင်းမှာ ခြေရာထင်ကျန်ခဲ့ပေါ့
နေမင်းရယ်
မသွားပါနဲ့လို့ ငါ မတားခဲ့လိုက်နိုင်ပါဘူး
နှုတ်မဆက်ပါနဲ့လို့လဲ ငါမဆိုရက်နိုင်ခဲ့ဘူး
ဒါပေမယ့် နင်ချန်သွားတဲ့ နောက်ဆုံးဆည်းဆာရောင်မှာ
အနေအထိုင်မတတ်ခဲ့တဲ့ငါ
ခိုးခိုးပြီး လင်းနေခဲ့ရပြီပေါ့ဟာ .....
ဇော်
3 comments:
ကဗျာလေးက စိတ်ထဲကိုတစ်မျိုးလေးဖြစ်သွားတယ်..
တယ်ဟုတ်ပါလား....
တော်တော် ကို ခံစားနေရ ပုံပဲ....
အအိပ်အစားတွေ လည်း ပျက်နေပါဦးမယ်....း-)
ဖတ်သွားပါတယ်
Post a Comment