ရာသီဥတု သာသာယာယာရှိသော တနင်္ဂနွေပီသစွာ ဆည်းဆာ၏ ဖြန့်ကျက်ထားသော အလှက ရွှေအိုရောင် တောက်ပလွန်းလှသည်။ ညင်ညင်သာသာ ပြေးလွှားဆော့ကစားနေသော လေပြည်တို့ လှုတ်ခတ်မှုကြောင့် သစ်ရွက်တို့ ယိမ်းနွဲ့နေကြသည်။ ငြိမ်သက်တိတ်ဆိတ်စွာ လှုပ်ရှားနေကြသော လူနည်းစုလေးကြောင့် ၀န်းကျင်တစ်ခို၌ ဆိတ်ညံခြင်းတို့ အတိပြီးလေ၏။ ဆည်းလည်းသံ လေတိုးသံမှ အပ ဆူညံခြင်း အလျဉ်းမရှိ။
အရိပ်တကာ အရိပ်တို.တွင် ဘုရားရိပ် တရားရိပ် လောက်အေးမြလွန်းသော အရိပ်သည် တစ်လောကလုံးတွင် ရှိလိမ့်မည် မဟုတ်ဟု တွေးနေမိသည်။
တကယ်ဆို သူ အိမ်ပြန်ချင်လှပြီ။ ရက်သတ္တပတ်အတွင်း စာမေးပွဲရှိသဖြင့် ညက အိပ်ယာဝင်နောက်ကျခဲ့ခြင်းကြောင့် သူ အိပ်ချင်စိတ် ဖြစ်နေရသည်။ ထို့ပြင် ရွှေတိဂုံဘုရား တနင်္ဂနွေ သန့်ရှင်းရေးအသင်းနှင့်အတူ ဘုရားကုန်းတော်တစ်ခုလုံးအား တံမြက်လှည်းခြင်း၊ ကြမ်းတိုက်ခြင်း၊ ပန်းအိုးလဲခြင်း၊ ပန်းအိုး သောက်တော်ရေခွက်များ ဆေးရခြင်းတို့ကြောင့် သူ ပင်ပန်းနွမ်းနယ်နေရသည်။ မေမေ့အတွက်ဟု ရည်စူး၍ ကျောင်းကိစ္စ၊ လူမှု အသင်းအဖွဲ့ ကိစ္စများဖြင့် မအားမလပ်ရှိနေသည့်ကြားမှ မေမေ့မွေးနေ့ဖြစ်သော တနင်္ဂနွေနေ့၏ သန့်ရှင်းရေး အသင်းတွင် သူပါဝင်ခဲ့သည်မှာ နှစ်ကာလ အတန်ကြာခဲ့ပြီဖြစ်သည်။
ကျယ်ပြန့်ကြီးမားလှသော ရွှေတိဂုံကုန်းတော်တစ်လျှောက် သန့်ရှင်းရေးလုပ်ရသည်မှာ မလွယ်ကူလှချေ။ သို့သော် သူ အလွန်ပျော်ပါသည်။ အသင်းသူ အသင်းသားများ၏ စိတ်အားထက်သန်မှု၊ သဒ္ဒါနက်ရှိုင်းမှုများကြောင့် ကြည်လင်နေသော မျက်နှာကလေးများက မြင်ရသူရင်ကို အေးမြနေစေသည်မှာ အမှန်။ ထို့ကြောင့် တနင်္ဂနွေညနေခင်းတိုင်းသည် သူ့အဖို့ ရေးကြီးခွင်ကျယ် နေ့ရက်များ ဖြစ်ခဲ့သည်။ အဓိပါယ်အရှိဆုံးသော နေ့ရက်များလည်း ဖြစ်သည်။ သူ မြတ်နိုးရသော အချိန်များလည်း ဖြစ်ခဲ့လေသည်။
( ဒီနေ့ နောက်ကျနေတာလား... မလာတော့တာလား မသိဘူး.....)
တစ်ယောက်တည်း သတိလက်လွတ်ရေရွတ်မိပြီးမှ သူ အလန့်တကြားဖြစ်သွားရသည်။ တစ်စုံတစ်ယောက်များ ကြားသွားလေမလား စိုးရွံ့မှုဖြင့် မလုံမလဲ ဖြစ်မိရသည်။ အူကြောင်ကြောင်နိုင်မိသည့် အဖြစ်ကြောင့် သူ့မျက်နှာ၌ အပြုံးငွေ့ငွေ့ ထင်ဟပ်၏။ တကယ်က သူတစ်စုံတရာကို စောင့်မျှော်နေခဲ့တာပါ။ ဒီလိုစောင့်မျှော်ခြင်းမျိုးသည်လည်း သူချစ်သော တနင်္ဂနွေ၌ တစ်စိတ်တစ်ဒေသ ပါဝင်လာခဲ့သည်မှာ တနင်္ဂနွေအသင်းသို့ သူစရောက်ကတည်းက ဖြစ်သည်။
တမင်တကာ လုပ်ယူခြင်းတော့ဖြင့် မဟုတ်ခဲ့ပါ။
သို့သော် .. သူစောင့်နေချင်ပါသေးသည်။
တစ်ဖြည်းဖြည်းနှင့် တနင်္ဂနွေအသင်းဝင်များ ပြန်ကုန်ကြပြီ။ သူတစ်ယောက်တည်းသာ ဇရပ်တိုင်ကို မှီ၍ အဝေးသို့ ငေးကောင်းဆဲ...။ ဘုရားရင်ပြင်တော်ပေါ်ရှိ လူသွားလမ်းသို့ မျှော်ကြည့်နေရင်းက .. သူ့အမြင်အာရုံတို့ တစ်နေရာသို့အရောက်တွင်တော့.. ရင်၌ ထိတ်ခနဲပင် ဖြစသွားရသည်။
နောက်ဆုံးတော့လဲ သူမျှော်နေသော အချိန်သည် ရောက်လာခဲ့လေပြီ။
ကျေနပ်မှုကြောင့်ထင်.... သူ့မျက်ဝန်းတို့ ရွှန်းလဲ့လာကြသည်။ ခပ်ဝေးဝေးက ဖြစ်လင့်ကစား.. သူသိနေပါသည်။ သူ မြတ်နိုးရသော အရိပ်ကလေးနှစ်ခု။ တစ်ဦးကို တစ်ဦး လက်ချင်းတွဲလို့...။
တစ်ရွေ့ရွေ့ ဖြေးဖြေးညင်ညင် လှမ်းလာနေကြပုံက လေနှင့်အတူ လွင့်မျောလာသကဲ့သို့။
ကြည့်နေရင်းဖြင့် သူထိုင်နေသော ဇရပ်ရှေ့ ညောင်ပင်အောက်သို့ သူတို့ ရောက်လာခဲ့ကြသည်။ ဇရပ်နှင့်ညောင်ပင်သည် ခြေ ၅လှမ်းစာ အကွာအဝေးမျှသာ ရှိသဖြင့် စကားပြောသံကိုပင်လျှင် ပီပီသသ ကြားနေရသည်။
ညောင်ပင်၏ ခြေရင်း၌ ဘုရားရှိခိုးရန်ချထားသော သစ်သားခုံပေါ်သို့ သူတို့နှစ်ဦး ထိုင်လိုက်ကြသည်။ ညင်သာလွန်းလေစွ...။
သယ်ဆောင်လာသော ထမင်းချိုင့်လေးနှစ်လုံးအား ဘေးတွင်အသာချ၍ ပထမဆုံးအကြိမ် ကောင်လေးမှ စကားစပြောခဲ့သည်။
" ချစ်သူ .. ဘုရား ရှိခိုးကြရအောင်။ "
"ဟုတ်ကဲ့... မောင်.. "
ညင်သာ၍ နူးညံ့တိုးတိတ်သော အသံဖြင့် ပြန်ဖြေသော ကောင်မလေး၏အသံ ကောင်မလေး၏ အလှသည် ညနေဦးနှင့်အပြိုင် ကျက်သရေရှိလှပါဘိခြင်း ။
လေနုအေးသည် ပို၍ ဝေ့၀ဲလာလေပြီ။
ကောင်လေးက ရှေ့ကထိုင်၍ ကောင်လေး၏ နောက် .. မကျတကျတွင် ကောင်မလေးက ခပ်ရို့ရို့ထိုင်ခြင်းဖြင့် သူတို့ တိုးတိတ်စွာ ဘုရားဝတ်ပြုကြသည်။ မကြာလွန်းသော ဘုရားဝတ်ပြုခြင်းအပြီး၌ ကောင်လေးက ကောင်မလေးဘက် လှည့်ကြည့်သည်။ ကောင်မလေးကလည်း သဘောပေါက်သည့်အလား ခပ်ဖျော့ဖျော့ပြုံးပြသည်။ ထို့နောက် ကောင်မလေးက သူမ၏ ဆလင်းဘတ်အိတ်ထဲမှ စားပွဲတင်နာရီလေးကို ထုတ်ပေးလိုက်သည်။ ကောင်လေးက ယူ၍ အချိန်တိုက်ခြင်း၊ ရှေ့၌ ချထားခြင်း၊ နေရာယူခြင်းတို့ကို ငြိမ်ငြိမ်သက်သက် ပြုလုပ်သွားသည်။ သူတို့ စကားမဆိုဖြစ်ကြပါ။ သူတို့၏ လှုပ်ရှားမှုတိုင်းသည် ညင်သာအေးဆေးလွန်းလှသည်။ သိမ်မွေ့နူးညံ့သည်။ ငြိမ်ငြိမ်သက်သက် ရှိသည်။ သူ ... ထိုနှစ်ယောက်ကို သတိလက်လွတ်ငေးမောနေမိသည်မှာ ပတ်ဝန်းကျင်ကို မေ့သွားမိသည် အထိ...။
ဟော.. ကြည့်နေရင်းက သူတို့ ငြိမ်သက်သွားကြလေပြီ။
ဘုရားဝတ်ပြုတုန်းကအတိုင်းပင် ကောင်မလေးက ကောင်လေး၏ နောက်နားတွင် ခပ်ရို့ရို့ထိုင်နေလေသည်။ ခုတော့ နှစ်ယောက်စလုံး ညောင်ပင်ဘက်သို့ မျက်နှာမူထားခဲ့ကြသည်။ သွယ်ပျောင်းသော ခါးလေးများကို မတ်ထားကြသည်။ တိုးတိတ်စွာ သာသာယာယာ မှိတ်ထားသော မျက်ခွံများအောက်၌ လှုတ်ခတ်လွန်းသော စိတ်ဝိဥာဉ်ကို သူတို့ မုဆိုးပမာ သားကောင်လိုက်ကြလေပြီ။
သူ အလိုလိုသိနေသည်က ထိုနှစ်ယောက် ထိုသို့ ငြိမ်သက်ကြမည်မှာ တစ်နာရီတိတိ ကြာလိမ့်မည်ဆိုတာပင်။
သြော်...... ဒါ ပထမဆုံးအကြိမ် သူငေးကြည့်သည်မှ မဟုတ်ခဲ့ဘဲကွယ်...။
တလွင့်လွင့် လွင့်မြူးလာသော နွေနှောင်းအကုန် မိုးဦး၏ လေပြည်သည် တောင်ပင်လယ်အရပ်မှ ရေခိုးရေငွေ့တို့ကို ပင်ပန်းကြီးစွာ သယ်ဆောင်လာရလေသည်လားမသိ။ ထိခတ်သွားသော လေငွေ့၏ အဖျားခတ်မှုသည် ညနေပီသစွာ အေးစိမ့်ခြင်းကို ပေးစွမ်းနေသည်။ ထိုလေပြည်အေးသည် ညောင်ရွက်တို့ကိုသာ ဆော့ကစားကြသည်မဟုတ်။ ငြိမ်သက်စွာ မျက်လုံးအစုံမှိတ် မလှုပ်မယှက်ထိုင်နေကြသူ ကောင်မလေးနှင့် ကောင်လေး၏ ဆံစများ၊ အ၀တ်စများကိုပါ လမ်းကြုံ လှုတ်ခတ် ကျီစယ်နေကြသည်။
သို့သော် သူတို့နှစ်ဦးကတော့ တစ်လောကလုံးနှင့် မသက်ဆိုင်သကဲ့သို့ ငြိမ်သက်ခြင်း၌သာ မွေ့လျော်နေကြ၏။
( ကျေးဇူးပြုပြီး မရွာပါနဲ့ဦးလား မိုးရယ်...။ )
တိမ်မည်းညိုတို့ လွင့်မျောမှုကို ကြည့်၍ ရုတ်တရက် ရင်ထဲ၌ တိုးတိတ်စွာ သူငြီးတွားမိရသည်။ တကယ်ဆို မိုးများသည်းထန်စွာ ရွာသွန်းသောအချိန်၌ မွေးဖွားခဲ့သော သူသည် မိုးနှင့် မိုးရွာခြင်းကို အလွန်တရာ ချစ်မြတ်နိုးသူ ဖြစ်သည်။ မိုးရွာလျှင် အလွန်ပျော်တတ်ပါသောသူ ... ပထမဆုံးအကြိမ်အဖြစ် မိုးရွာမှာကို မနှစ်မြို့ခြင်း ဖြစ်မိနေလေပြီ။
( သူတို့အတွက်ပါကွယ်...။ ငြိမ်းချမ်းမှုလေး တည်တံ့စေချင်တယ်...။ )
မိုးကိုအားနာသလို သူ ဖွဖွရေရွတ်မိတော့ တိမ်တွေက နားလည်သည့်အလား မိုးကို လက်ဆင့်ကမ်း သယ်ဆောင်သွားပေးကြသည်။ ပြန်လည်ကြည်လင်လာသော ကောင်းကင်အနားသတ်တွင် အနောက်သို့ခရီးရှည်ထွက်ရန် ခြေလှမ်းပြင်နေသော သူရိယမင်းက အားယူ၍ လင်းချင်းပြလေသည်။
ဆံပင်ကုတ်ဝဲလေးနှင့် ကလေးဆန်ဆန် မျက်နှာကလေးနှင့် ချစ်စရာကောင်းသော ကောင်မလေးနှင့် အမြဲလို အဖြူရောင်ရှပ်အကျီကိုသာ ၀တ်လေ့ရှိပြီး ဆံပင်တိုတိုကို ဘေးခွဲဖြီးထားတတ်သော ထိုကောင်လေးကို တနင်္ဂနွေအသင်းသားအဖြစ် ပထမဆုံးအကြိမ် သူလာကတည်းက သတိထားခဲ့မိရသည်မှာ ယခုထက်တိုင်။ ဘုရားရင်ပြင်၌ သန့်ရှင်းရေးအားလုံးပြီးမှ ရောက်လာတတ်သော၊ တနင်္ဂနွေအပတ်တိုင်း တစ်ပတ်ပင်မပျက် လာလေ့ရှိသော၊ ရောက်တိုင်းလဲ ထိုညောင်ပင်ရှေ့ သစ်သားခုံ၌သာ ထိုင်လေ့ရှိသော၊ ညင်သာသိမ်မွေ့အေးချမ်းလွန်းသော ထိုနှစ်ယောက်ကို သူအမြဲလို နှစ်လို သဘောကျစွာ စောင့်ကြည့်နေခဲ့မိပါသည်။ တကယ်ဆို သူ ထိုနှစ်ယောက်ကို မသိပါ။ သိအောင်လဲ မကြိုးစားမိပါ။ မိတ်ဖွဲ့ခြင်းလဲ မရှိခဲ့ပါ။ ထိုနှစ်ယောက်ကလဲ သူ့ကို သိမည်မထင်။ သူထိုင်ကြည့်နေတတ်တာကိုလဲ သတိထားမိမည်မထင်။ သူတို့ လုပ်စရာရှိသည်ကိုသာ အေးအေးသက်သာ လုပ်သွားကြသည်ချည်းသာ။ အသက်နှစ်ဆယ်ပတ်ဝန်းကျင် ငယ်ရွယ်နုနယ်သော မျက်နှာကလေးတွေ၌ ငြိမ်းချမ်း တည်ငြိမ်သော အသွင်သဏ္ဍာန်တို့ ထင်ဟပ်နေသည်မှာ အေးချမ်းလွန်းလှပါဘိ။ အားကျနှစ်လိုခြင်းသည် သူ့ရင်၌ အုံနှင့် ကျင်းနှင့် ဖြစ်တည်ခဲ့ရသည်။
အနောက်ယွန်းယွန်း ကောင်းကင်အစွန်းတွင် နေသူရိန်သည် လောကကို တစ်ရက်တာအတွက် နောက်ဆုံးနှုတ်ဆက်နေသည့်အလား ညှိုးငယ်စွာ မေးတင်လေပြီ။
…….( ကျနော်လဲ နှုတ်ဆက်ပါတယ် နေမင်းရယ်...။)……..
ကောင်းကင်ကိုငေးမောရင်းမှ သူပြုံးပြလိုက်မိပါသည်။ နံနက်ဖြန် အာရုံဦးမှာ နေမင်းပြန်လာမှာပဲ မဟုတ်ပါလားလေ။ သော်တာလကို နှစ်လိုစွာ တစ်လှည့် ကြိုဆိုပါရစေဦးကွယ်....။
တီတီတီ ဟု ရုတ်တရက်ထမြည်သော နှိုးစက်နာရီလေး၏ တိတ်ဆိတ်မှုကို ဖြိုခွင်းခြင်းကြောင့် သူ့အတွေးတို့ တုံ့ခနဲဖြစ်မိရသည်။
သြော်... တစ်နာရီတောင် ပြည့်သွားခဲ့ပြီပဲ........
သူကလေးတို့၏ မျက်တောင်ကလေးများ လှုတ်ခတ်လာကြသည်။ ဖြေးညင်းစွာ ခန္ဒာကိုယ်များကို ဖြေလျော့ကြသည်။ ကောင်လေးက ညင်ညင်သာသာ နောက်သို့ လှည့်ကြည့်လာသည်။ ကောင်မလေးက အလိုက်သင့် ပြုံးပြသည်။ ထို့နောက် ဘုရားဘက်သို့လှည့်၍ ဦးချကန်တော့ကြသည်။
ရွှေတိဂုံသည် အလွန်တရာ သပါယ်ပါပေသည်။ သို့သော် သူကလေးတို့ နှစ်ဦး၏ ရသကြောင့် ပို၍ပင် ပန်းချီဆန်နေသည့်အလား သူ့စိတ်တွင် ထင်မြင်မိရသည်။
သူ...... ထိုအခိုက်အတန့်လေးကို အလွန်တရာ ချစ်မြတ်နိုးလှပါသည်။
ကောင်လေးက ကောင်မလေးဘေးမှ ထမင်းချိုင့်နှစ်လုံးအား ကောက်ယူရင်း ထရပ်သည်။ ကောင်မလေးက နာရီးလေးကို သိမ်းဆည်းရင် ဆလင်းဘတ်အိတ်ကို လွယ်သည်။ ထို့နောက် သူတို့ခြေလှမ်းများ စလေပြီ။ သူသည်လည်း ထိုအခါမှပင် ထိုင်နေရာမှာ ထမိရပါသည့်အဖြစ်။ အချိန်အတော်ကြာ မှီထိုင်နေခဲ့သော ဇရပ်တိုင်နှင့် ဇရပ်ကို အကြည့်ဖြင့် သူ နှုတ်ဆက်လိုက်သည်။
( ကောင်းသောနေ့ပါကွယ်...။)
သူ အသာအယာပင် ရှေ့မှ ထွက်ခွါသူနှစ်ယောက်နောက် တိတ်တဆိတ် လိုက်လာခဲ့လိုက်သည်။ ထိုနှစ်ယောက် ဦးတည်နေသော အရပ်ကို သူသိနေပါသည်။ သိနေခဲ့ ပြီးပါပြီ.......။
" ချစ်သူ ... ခုနက တရားထိုင်ရတာ အဆင်ပြေရဲ့လား... "
" ဟုတ်ကဲ့ .. ပြေပါတယ်မောင်... လေထဲမှာ မိုးငွေ့ကိုရတော့ မိုးရွာမလား စိတ်ပူမိရသေးတယ်.... ဒါပေမယ့် သိပြီး ပျောက်သွားတာပါပဲ မောင်...... "
" ဟုတ်တယ် ... မောင်လဲ အဲ့လိုပါပဲ... နဲနဲပူသွားမိတယ်... နောက်မှ ပြန်ငြိမ်တာ.. "
" မိုးရွာမလား မသိဘူးနော်... မောင် ကျွန်မကို လိုက်မပို့နဲ့တော့လေ..."
" ရပါတယ်ချစ်သူ... မောင် ချစ်သူကို လိုက်ပို့ပြီးမှ ပြန်မှာပါ.. မိုးရွာလဲ ထီးပါတာပဲမို့လား... ပြီးတော့ ချစ်သူတို့ လမ်းနားက ညဈေးမှာ ဘုရားဆွမ်းတော်တင်ဖို့နဲ့ မေမေ့အတွက် ပန်းသီးနဲနဲလောက် ၀ယ်ချင်သေးတယ်..."
" ဒါဆို အတော်ပဲပေါ့ မောင်... ကျွန်မလဲ တစ်လက်စတည်း မောင်နဲ့တူတူ ၀ယ်မယ်လေ... မေမေကတောင် ပန်းသီးစားချင်တယ် ပြောနေသေးတယ် မောင်ရဲ့.... "
ကောင်လေးက ခပ်ဖွဖွပြုံးသည်။ ကောင်မလေး၏ လက်ကလေးကို မလွှတ်တမ်း ဆုပ်ကိုင်ထားခဲ့ရင်းက ဆိုက်ရောက်လာသော ၄၈ အမြန်ကားပေါ်သို့ သူတို့ တက်သွားကြလေသည်။
သူတစ်ယောက်သာ မှတ်တိုင်၌ ယောင်ချာချာ ဖြစ်ကျန်ခဲ့သည်။
နေမင်းသည် အနောက်အရပ်သို့ လုံးလုံး ထွက်ခွါသွားခဲ့ပြီ။
ညဦးသည် နီယွန်မီးရောင်များအောက်၌ လှပတင့်တယ်လာလေပြီ။
သူသည်လဲ အိမ်ပြန်ရတော့မည်။
သူကလေးတို့လိုက်ပါသွားသော ထိုခရီးသည်တင် မထသယာဉ်၏ နောက်မြီးပိုင်းကို သတိလက်လွတ်ငေးမောနေခဲ့မိပြီးမှ သူ ဖွဖွညင်ညင် ပြောလိုက်မိပါသည်။
( နှုတ်ဆက်ပါတယ် စုံတွဲကလေးရယ်.... အကယ်၍ လောကအပြောင်းအလဲတွေ မရှိခဲ့ဘူးဆိုရင်ပေါ့.... နောက်တစ်ပတ် တနင်္ဂနွေညနေမှာ ပြန်ဆုံချင်ပါသေးတယ်ကွယ်....။)
ဇော်။
( ကျနော် တက္ကသိုလ်ကျောင်းသူဘ၀ ရွှေတိဂုံကုန်းတော် သန့်ရှင်းရေး တနင်္ဂနွေအပတ်တိုင်း ကြုံတွေ့ခဲ့ရသော ကျနော်မသိသော စုံတွဲတစ်တွဲအကြောင်း ဖြစ်ပါသည်။
ထိုစုံတွဲကလေးကို ကြည့်ရင်း .. ကျနော် မျှော်လင့်ခဲ့မိဖူးပါသည်။
တစ်နေ့ ကျနော့်တွင် ချစ်သူရှိလာသော အခါ......... )
2 comments:
သိပ်ကောင်းတယ်ဇော် . . . အေ၇းအသားပိုင်းကို အရမ်း နှစ်သက်တယ် . . . ၀တ္တူတို များများရေးသင့်ပြီး ဇော် . . . လက်ဇ ရှိလို့ တိုက်တွန်းတာပါ ငဇော်
ခင်မင်စွာဖြင့်
အကိုတော် ဗညား
ရင်ကိုထိတယ်ဗျာ..တကယ်ကောင်းတယ်..
ကိုထွဋ်
Post a Comment