ပုံမှန်လည်ပတ်နေတဲ့ နေ့တွေ
တဖြည်းဖြည်း ဟောင်းနွမ်းလာတယ်
ရှူနေရတဲ့ လေတွေကလဲ ညစ်ညမ်းတယ်
စိတ်တွေကလဲ ညစ်နွမ်းတယ်
လမ်းမှားမလိုက်ဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းရင်းက
ဝန်ရိုးတစ်ပတ်ပြီး တစ်ပတ် လည်ခဲ့ပြန်တယ်
တရွေ့ရွေ့ခရီးနှင်ရင်း
မသိလိုက်မသိဖာသာနဲ့ တဖြည်းဖြည်းနီးလာခဲ့ပြီ
ဒီနေ့လား ____ နံနက်ဖြန်လား
ရှင်သန်ထမြောက်ရာကျမ်းထဲကလို
ကမ္ဘာအနှံ့အပြားမှာ
ဖြစ်ခြင်းပျက်ခြင်းတွေ တန်းစီနေလေရဲ့
တရားစီရင်သောနေ့ဆိုတာ
ငါလဲ မသိဘူး၊ သူလဲ မသိဘူး
ဘယ်သူမှလဲ မသိကြဘူး
ဝေးဝေးကို မကြည့်ပါနဲ့ဦးကွယ်
နံနက်ဖြန်အတွက်
ဒီနေ့တွေကို တန်ဖိုးရှိစေချင်တယ်
ငါ ဘာတွေလုပ်ပြီးပြီလဲ
ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်မေးနေရတာကိုက
ခရီးမတွင်ဖြစ်နေရတယ်
အသက်တစ်ခါရှူ ၊ တစ်ခါထုတ်
ငါ့အတ္တတွေ ငါပြန်ဆုတ်မယ်
အဲ့ဒီနေ့မတိုင်မီ
ငါ့ထမ်းပိုး ငါအရင်ဖြိုရမယ်
မျက်စိစုံမှိတ်
ငြိမ်သက်ခြင်းမှာ ငြိမ်သက်ရင်း
ဝင်သက်ထွက်သက်ရဲ့အောက်
နေမ၀င်ခင်
ငါ အိပ်တန်းတက်ခွင့်ရချင်တယ်.......
ဇော်။
No comments:
Post a Comment