ကြိုတင်မျှော်လင့်ထားခြင်းမရှိပါဘဲ ထိုနေ့က သူ ကျနော့်ကို စကားပြောခဲ့သည်။ ကျနော် ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော အခန်းကဏ္ဍတွင် ကျနော် ရုတ်တရက် သူနှင့် ခလုတ်တိုက်မိခဲ့ဖူးပါသည်။ ထိုသို့ဖြင့် သူ ကျနော့်အနားရောက်လာခဲ့သည်။
နေ့တွေနှင့် အရောတ၀င်နေလေ့မရှိသော ကျနော် ထိုနေ့က အမှတ်တမဲ့ ရင်ခုန်ခဲ့ဖူးပါသည်။ သူသည် ပါးဖောင်းဖောင်းလေးနှင့် အလွန်တရာ ချစ်စဖွယ်ကောင်းနေခဲ့သည်။
" မြင်မြင်ချင်း ချစ်မိတယ်ဆိုတာကို ကျနော် မယုံကြည်ဘူးဗျ "
ကျနော် ကြွေးကြော်ခဲ့ဖူးသော စကားလုံးအချို့ ကျနော့်ကို ဟားတိုက်ရယ်မောနေကြသည်။ သူသည် ကျနော့်အတွက် စံပယ်တစ်ပွင့် ဖြစ်သည်။
ငြိမ်ငြိမ်သက်သက်နှင့် မာနကြီးလွန်းသူ၊
ပျောင်းနွဲ့သိမ်မွေ့စွာ စကားဆိုတတ်သူ၊
လူကြီးဆန်ဆန်နေတတ်သူ၊
တစ်ခါတရံ မှုန်ကုတ်ကုတ်ဖြင့် ရှိနေတတ်ပါသောသူ၊
" ကျနော် ခင်ဗျားကို မိစံပယ်လို့ ခေါ်ပါရစေ ... ချစ်သူ "
ကျနော့် အိမ်ဘေး မြေနီလမ်းလေးတွင် စံပယ်တွေ ကျနော်စိုက်ခဲ့ဖူးပါသည်။ အခု ကျနော့်နှလုံးသား မြေနီနီပေါ်တွင် မိစံပယ် နေရာယူလေပြီ။
" ခင်ဗျားကို ကျနော် မချစ်ချင်ပါဘူးဗျာ "
ကျနော့် သံဓိဌာန်တစ်ချို့ ရနံ့တွေရဲ့ ထုံမွှန်းမှုအောက် ပျက်ပြယ်သွားခဲ့သည်မှာ ရက်ပေါင်း သုံးဆယ်ရှိခဲ့ပြီ။
သူ့မျက်ခုံးနက်နက်လေးတွေထက် ကျနော် ခိုတွယ်ချင်သည်။
သူ့နှုတ်ခမ်းထူထူများကို ကျနော် ပန်းချီဆွဲချင်သည်။
ကျနော့်မြတ်နိုးမှုသည် တစ်စစ နက်ရှိုင်းလာသည်။
သူ့ကို ကျနော် အလွန်ချစ်ပါသည်။
" ခင်ဗျားအခုနေ ဘာလုပ်နေမှာပါလိမ့် "
ကျနော် တမ်းတမ်းတတ သတိရမိပါတယ် မိစံပယ်။
ကောင်းကင်ဟာ ရောင်နီကို သယ်လာသလို ....
အိမ်ခေါင်းရင်းမှာ စံပယ်တွေ လှိုင်နေသလို...
လက်ဆေးမိုးတွေ တစ်ဖြိုက်နှစ်ဖြိုက် ရွာနေသလို...
ကျနော် သိပ်ကို သတိရမိပါတယ်။
သတိရခြင်းတွေကိုသာ စာတစ်ပုဒ်ဖွဲ့သီရရင် သူ့နာမည်တစ်ခုသာ ကျနော်ရေးတတ်တော့မည်ထင်သည်။
" ခင်ဗျားက ကျနော့်ရဲ့ စာအုပ်လေးတစ်အုပ်ပါ မိစံပယ် "
တိုးတိတ်ညင်သာ စကားပြောလေ့ရှိသော သူ့ကို ကျနော် ခနခန ငေးကြည့်ခဲ့မိဖူးပါသည်။
တစ်ခါတရံ သစ်ရွက်ကလေး တစ်ရွက်နှင့် တူသည်။
တစ်ခါတရံ ပီဘီကလေးငယ်လေးတစ်ယောက်ပမာ။
တစ်ခါတရံ ဆီဇာဘုရင်ကြီးကဲ့သို့ ရင်ကော့ခေါင်းမော့ပြချင်နေပါသေးသည်။
မည်သို့ပင်ဆိုစေ သူသည် ကျနော့်ရှေ့တွင် ယုန်ငယ်လေးပမာ အလွန်အပြစ်ကင်းလှသည်။
" ခင်ဗျား ဘာလို့ ချစ်ဖို့ကောင်းနေတာလဲဟင် "
ကျနော့်မေးခွန်းတိုင်းကို မသိချင်ယောင်ဆောင်တတ်ပါသော သူ့ကို ကျနော်ပို၍ မြတ်နိုးရပါသည်။ ကျနော့် မြေရိုင်းရင်တွင် စံပယ်တွေ အုံနှင့်ကျင်းနှင့် ပွင့်လေသည်။
ကျနော့်ဘ၀တွင် စိတ်အချမ်းသာဆုံး အချိန်တစ်ချို့မှာ သူနှင့်အတူ ဘုရားရှိခိုးရသော ကာလများဖြစ်သည်။ ကျနော်တို့ တစ်ပတ်တွင် တစ်ရက် သတ်သတ်လွတ် အတူစားသည်။ ညအိပ်ယာဝင်ခါနီးတွင် ဘုရားအတူရှိခိုးသည်။ ရုပ်ရှင်အတူကြည့်သည်။ စာအုပ်အတူ ဖတ်သည်။ စာအတူ ကျက်သည်။ အချိန်တူ အိပ်ယာဝင်လေ့ရှိသည်။
ထို့သို့ဖြင့် ကျနော့်နေ့ရက်များ အလွန်တစ်ရာ ခမ်းနားလှပလွန်းခဲ့ပါသည်။
" ပြန်လာခဲ့ပေးပါ မိစံပယ်.... ကျနော့်ကို ထားမသွားပါနဲ့ဗျာ.... ပြန်လာနိုင်အောင် ကြိုးစားပေးပါ... "
ကျနော် သူ့ဆီမှ တစ်ကြိမ်တစ်ခါသာ လှိုက်လှုက်လှဲလှဲ တောင်းဆိုခဲ့ဖူးပါသည်။ ကျနော့် စံပယ်ပန်းကလေးနှင့် ဝေးကွာရမှာကို ကျနော် အလွန် တွေးပူမိပါသည်။
" သြော် .. ခင်ဗျားကို ဆုံးရှုံးရမှာ ကျနော်သိပ်ကို စိုးရိမ်မိရပါတယ် မိစံပယ်ရယ်... "
ကျနော် သူ့ကို သိပ်ချစ်ပါသည်။
မြတ်နိုးလွန်းရပါသည်။
ကျနော် စိုက်ပျိုးခဲ့သော ပန်းလေး မိစံပယ်ကို ညင်ညင်သာသာ နမ်းရှိုက်ချင်ပါသည်။
ကျနော့်တွင် ရှိသော မြတ်နိုးရမှုများအားလုံး သူ့တစ်ယောက်တည်းသာ ကျနော် ဆင်မြန်းပေးချင်ပါသည်။
" ကျနော် ခင်ဗျားကို သိပ်ချစ်ရပါတယ်ဗျာ... "
ကျနော့်တွင် ထိုစကားတစ်ခွန်းတည်းသာ ပဲ့တင်ထပ် ကျန်ရစ်နေပါတော့သည်။
ကျနော် ထိုစကားတစ်ခွန်းဖြင့် နံနက်ဖြန်ကို ခရီးဆက်ပါဦးမည်။
စံပယ်သည် ကျနော့်နှလုံးသား မြေနီနီတွင် ဖြူစင်စွာ တည်ရှိနေခဲ့ပြီး ဖြစ်သည်။
ဇော်။
( ဤစာမူကို ကာယကံရှင်များသာ သိသော အထိမ်းအမှတ်တစ်ခုအား ရည်ရွယ်၍ ကျနော်ဖွဲ့သီပါသည်။ )
2 comments:
အလည်ရောက်ပါတယ်ခင်ဗျာ
အရေးအသားတွေက သိမ်သိမ်မွေ့မွေ့နဲ့ ဖတ်ပြီးသွားရင်
စိတ်ထဲမှာတစ်ခုခု ခံစားရသလိုကျန်ခဲ့ရပါတယ်
ပျော်ရွှင်စရာကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေခင်ဗျာ..။
သိပ်ကောင်းတဲ့ အရေးအသားး
ငဇော် ငါ့ညီမ တခုခုရေးတိုင်း အကို့ ကို ရသ တခုခု ပြင်းပြင်းထန်ထန်ပေးတယ် . . . ကဗျာတွေထက် ဒီလို ရသ အက်ဆေး ပုံစံလေး ရေးတာတွေ ပိုထိရှတယ် . . အခု ဒီတပုဒ် အကို့ကို အစကနေ အဆုံး တလုံးမကျန် ချန်ပြီး မဖတ်ရဲလောက်အောင်ကို ကောင်းနေစေတယ် . . . .
သိပ်ကောင်းတယ် ငဇော်
အကို
ကိုရှိန်
Post a Comment