အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Sunday, August 21, 2011

ကျနော်ကိုယ်တိုင် ဆွဲထုတ်မိသော အပိုင်းအစများ



နိဒါန်း ၁

တန်မြန်မနေ့က ကိုကျော်စွာဟိန်းဆီမှာ ဦးသုမောင်ရေးတဲ့ သုခသုမောင်စာပေတိုက်ပွဲဆိုတဲ့ ရသစာပေငယ်တစ်ခုကို ကျနော် ဖတ်ခွင့်ရလိုက်တော့ ရင်ထဲမှာ ပြောမပြတတ်အောင် ဖြစ်မိရပါတယ်။ ဆရာကြီး ဦးသုခရဲ့ ပညာရှိဆန်ပြီး ရိုးသားတဲ့ ဟန်ပန်တွေနဲ့ ဆရာဦးသုမောင်ရဲ့ ရိုးသားတဲ့ နောင်တ။

ဖတ်ရင်းနဲ့ ရင်တစ်ခုလုံးလှိုက်ခနဲဖြစ်ရတဲ့ ခံစားချက်ပါ။ ဖတ်ခွင့်ရတာ သိပ်ကောင်းပါတယ်။ တစ်လက်စတည်း ကျနော့်ရဲ့ အတိတ်ပုံရိပ်တွေကို ကျနော်ပြန်မြင်ခဲ့မိတယ်။ ကျနော်လဲ လူထဲကလူပဲ ဖြစ်ခဲ့ပါတယ်။

အမှားနဲ့မကင်းတဲ့ လူတွေထဲမှာ အမှားအများဆုံးလူတွေကို ရွေးထုတ်ရမယ်ဆိုရင် ကျနော်က ထိပ်ဆုံးတန်းကို ၀င်နိုင်လောက်မယ်ထင်ပါတယ်။ ဆရာဦးသုမောင် ပြောခဲ့သလိုပါပဲ။ လူငယ်တစ်ယောက်ရဲ့ ငယ်ဂုဏ်မောက်နေမှုရယ်၊ ၀င်ငွေကောင်းနေမှုရယ်၊ အလုပ်ကောင်းနေမှုရယ်၊ ရနေတဲ့အခွင့်အရေးတွေ ကောင်းနေမှုရယ်ကြောင့် ငါမှန်ရင်ပြီးရော ... ဘယ်သူမှ ဂရုမစိုက်ဘူးကွာဆိုတဲ့ ဖြစ်ရပ်တွေက ကျနော့်ရဲ့ အတိတ်လမ်းမတလျှောက်မှာ ဒုနဲ့ဒေးပါ။ နောက်ကို ပြန်ပြန်ကြည့်တိုင်း နောင်မှပဲတ, တ မိနေတဲ့ နောင်တတွေက မိုင်တိုင်တွေကို ရာနဲ့ချီပြီး စိုက်ထူလို့တောင် နေပါပြီ။ အခုထိလဲ နောင်တနဲ့ ကျနော်နဲ့ ပလဲနံပ သင့်နေဆဲပါပဲ။

အဲ့ဒီနောင်တတွေနဲ့ လုံးလည်ချာလည်လိုက်နေခဲ့ရင်းက ဆရာဦးသုမောင်လို မေ့မရနိုင်တော့မယ့် စကားခွန်းကြီးခွန်းငယ်တွေ ကျနော့်မှာလည်း ရှိခဲ့ဖူးပါတယ်။ ကျနော်မှ မဟုတ်ပါဘူးလေ။ လူတိုင်းမှာ ရှိနေကြမှာပါ။ အမှတ်တရဆိုတာ လူတိုင်းနဲ့ သက်ဆိုင်တဲ့ ပင်လယ်တစ်ခုပါ။ မရှိမဖြစ် လိုအပ်ပါတယ်။

အပိုင်း (က)

ကျနော့်ရဲ့အနေအထိုင်မတတ်ခဲ့မှုတွေအကြောင်း တစေ့တစောင်းကို စကားစပ်မိရင်း သူငယ်ချင်း ကြည်သာမောင် (ကဗျာဆရာ ကြည်သက်ဟန်) ကို ဖွင့်ပြောခဲ့မိတုန်းက ကြည်သာပြန်ပြောခဲ့တဲ့ စကားလေးတစ်ခွန်း ရှိပါတယ်။

" အရှိကို အရှိအတိုင်းနေပါ မိဇော်ရယ်။ အဲ့ဒီလိုနေတာကိုက အဓိပါယ်ရှိနေတာ " တဲ့။

အဲ့ဒီ စကားလေးတစ်ခွန်းဟာ ကျနော့်ရင်ထဲကို အကြိမ်ကြိမ်ဖြတ်စီးနေခဲ့တာ စကြားကတည်းကပါ။ သူက ရိုးရိုးလေး ပြောခဲ့တာပါပဲ။ ဒါပေမယ့် ကျနော့်အတွက်တော့ ပြည့်ဝတဲ့ စကားတစ်ခွန်းဖြစ်ခဲ့ပါတယ်။

အပိုင်း (ခ)

ကျနော်က နဂိုကတည်းက စာပေနဲ့ပတ်သတ်ရင် ၀ါသနာက ပေါ့သေးသေးမဟုတ်ပါဘူး။ လေးကြီးကြီးပါ။ စာတွေကို ကမူးရှူးထိုး ၀ါးစားမတတ် ဖတ်တတ်တဲ့သူတွေထဲ ကျနော်လဲ ပါမယ်ထင်ပါတယ်။ စာအုပ်တွေ ကဗျာတွေ ဖတ်ပါများလာတော့ စာဖတ်များတဲ့သူတို့ ထုံးစံအတိုင်း ကျနော်လဲ ဘောပင်လေးတစ်ကိုင်ကိုင်နဲ့ ပေါက်တတ်ကရလေးတွေ ရေးမိတော့တာပါပဲ။ တကယ်တော့ ကျနော်ရေးခဲ့သမျှ စာတွေ ကဗျာတွေဆိုတာ အခုခေတ် ကိုးတန်း ဆယ်တန်း ကလေးတွေ စိတ်ကစားတတ်ခါစ ဗလာစာအုပ်နောက်ကျောဘက်မှာ ရေးကြတဲ့ အချစ်ကဗျာတွေ စာသားတွေရဲ့ အဆင့်အတန်းနဲ့မှ တန်းတူ ငယ်ပေါင်းကြီးဖော်ရယ်ပါ။
ဒါပေမယ့် ကျနော်က ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့မကြည့်ပါဘဲ သူများရဲ့ ရင်ဘတ်ဟကြားကို လက်ညှိုးအခေါက်ခေါက်အခါခါ ထိုးခဲ့မိဖူးပါတယ်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ သံသရာလည်း အကြိမ်ကြိမ်လည်ခဲ့ဖူးပါတယ်။

တစ်နေ့တော့ သူငယ်ချင်း ဟိန်းလတ်ဇော် (သူလဲ ကဗျာဆရာပါပဲ) နဲ့ စကားပြောခွင့်ကြုံရတဲ့အခါ ကျနော်ကလည်း လတ်တလော စိတ်တိုစရာ ကိစ္စတွေရှိထားခဲ့တော့ သူ့ကို ဒေါသတကြီးနဲ့ ရင်ဖွင့်မိပါတယ်။ ဟိန်းလတ်က ကျနော်ပြောသမျှ အစအဆုံး အေးအေးဆေးဆေး နားထောင်ပြီးမှ တစ်ခွန်းတည်းပဲ ကျနော့်ကို ပြန်ပြောခဲ့ပါတယ်။

" မိဇော် ... ကဗျာရေးတဲ့သူက လူမိုက်ဖြစ်ရတယ်လို့ .... "

သူက အေးအေးဆေးဆေး တစ်ခွန်းတည်းပြောအပြီးမှာ ကျနော်လည်း ဆွံ့အငြိမ်သက်သွားမိရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ရှက်ရွံ့သိမ်ငယ်ခြင်းကြီးစွာနဲ့ ကျနော် နင့်နင့်သီးသီး နာကျင်ခဲ့ရတယ်။

လောကမှာ ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်းပြန်သိရတာဟာ တကယ်ကို လက်ခံရခက်ခဲတဲ့ ကိစ္စတစ်ခုပါလို့ ဆရာတော် ဦးဇောတိက ပြောတာလေး ကျနော် သတိရလိုက်မိပါတယ်။ ကျနော် တကယ်ပဲ လူမိုက်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။

အပိုင်း (ဂ)

ကျနော်က စာသိပ်ရေးချင်တဲ့သူဆိုတော့ ကျနော်ရေးသမျှစာတွေကိုလည်း သူများကို သိပ်ဖတ်စေချင်ခဲ့ဖူးပါတယ်။ မျှော်လင့်ချက်ကြီးတစ်ခုလို ဘယ်သူများဖတ်လိမ့်မလဲဆိုတဲ့ ခံစားချက်နဲ့ ကျနော် ရေနစ်သူ ကောက်ရိုးဆွဲသလို ဖြစ်ခဲ့ရဖူးတာပါ။ ဆိုခဲ့ဖူးသလိုပါပဲ။ ကျနော့်ရဲ့ စာရေးခြင်းအတတ်ပညာက အထက်တန်းကျောင်းသူအဆင့်လောက်ပဲ ရှိလေတော့ မရေးရင်ကောင်းမယ်ဆိုတဲ့ ဝေဖန်ခြင်းကိုတောင် ကျနော် ခံခဲ့ရဖူးပါတယ်။ ကျနော် ရှုက်ကြီးတငင် ငိုခဲ့ရတဲ့ နေ့တစ်နေ့ပါပဲ။

ကျနော်ငိုနေတဲ့အချိန်မှာ တိုက်ဆိုင်စွာ မူလတန်းတုန်းကတည်းက တစ်တန်းတည်းတက်ခဲ့တဲ့ သူငယ်ချင်း စိုးထွန်းနောင် (ကဗျာဆရာ လင်းစက်ရာ) ကို ကျနော်တွေ့လိုက်ရတယ်။ နောင်နောင်က ကျနော်ငိုနေတာကို မသိပေမယ့် ကျနော်ပြောသမျှကို နားထောင်ပေးရှာတယ်။ ကျနော်ကလဲ နားထောင်ပေးမယ့်သူ ရှိနေတော့ အားရပါးရ၀မ်းနည်းပက်လက်နဲ့ ပြောပေါ့။ အဲ့လိုပြောနေရင်းက နောင်နောင်က ကျနော့်ကို ရယ်တယ်။ ပြီးတော့ သူ ပြောခဲ့တယ်။

" လတ်လတ် .. သူငယ်ချင်း ... ငါလဲ ကဗျာတွေ ရေးနေတာ နင်သိပါတယ်။ ငါ ကဗျာတွေ ရေးတယ်။ ပြီးတော့ နင်တို့ဆီ ပို့ပေးတယ်။ ရေးရမှာ ငါ့အလုပ်ပဲ။ ဖတ်တာမဖတ်တာ နင်တို့အပိုင်းပဲ။ ငါရေးချင်စိတ်ရှိလို့ ကဗျာတစ်ပုဒ်ကို ချရေးလိုက်တယ်။ ရေးပြီးရင် ငါ့အတွက်က ပြီးသွားပြီ။ အဲ့ဒီရဲ့ နောက်ပိုင်းက ကိစ္စတွေကို ငါမသိတော့ဘူး။ သိလဲ မသိချင်တော့ဘူး။ ငါလုပ်ရမယ့်ကိစ္စ ငါပြီးသွားပြီလေ။ "

အဲ့ဒီကတည်းက ကျနော် မငိုတော့ဘူး။ ပြီးတော့ ကျနော်ရေးတယ်။ ရေးတတ်သလိုရေးတယ်။ ပြီးတော့ လူကြားထဲ ချပြတယ်။ ဖတ်ချင်သူက ဖတ်ပြီး မဖတ်ချင်သူက မဖတ်ဘဲ နေပါလိမ့်မယ်။ အဲ့ဒီအတွက် ကျနော် မမျှော်လင့်တော့ပါဘူး။ အပြစ်လဲ မတင်ခဲ့မိတော့ဘူး။

ကျနော့်ရဲ့ ၀ါသနာအရ ကျနော်စာရေးပြီး ၀ါသနာအရပဲ ကျနော် လူကြားထဲ မျက်နှာပြောင်စွာ ချပြနေဦးမှာပါပဲ။ ဒါပေမယ့် နောင်နောင့်စကားလေးကတော့ အမြဲတမ်း ကျနော့်အနီးမှာ လွင့်ဝဲလျှက် ရှိနေခဲ့ပါတယ်။

အပိုင်း ( ဃ )

ကျနော့်မှာ ကျနော်သိပ်ကို ချစ်ခင်ရတဲ့ ညီငယ်လေးတစ်ယောက် ရှိပါတယ်။ သူ့နာမည်က နေဖြိုးပိုင် ( ကဗျာဆရာ နေပိုင်) ပါ။ ကျနော်ကတော့ ညီနေပိုင်လို့ပဲ ခေါ်ပါတယ်။ ညီနေပိုင် ရန်ကုန်ကို ခွင့်ပြန်ရတော့ သူ ရဟန်းခံပါတယ်။ ကျနော်ဖုန်းဆက်ချင်ခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် သူလူထွက်ဖို့ တစ်ရက်အလို ညမှပဲ ကျနော်တို့ ဖုန်းပြောကြရပါတော့တယ်။ ကျနော်က ညီနေပိုင်ကို ....

" ဘုန်းဘုန်းကို တပည့်တော် ဖုန်းထဲကနေပဲ ကန်တော့လိုက်ပါတယ်ဘုရား "

" အင်းအင်း၊ ဟုတ်ပါပြီ ဒကာမကြီး "

" ဘုန်းဘုန်း ... တပည့်တော် ကန်တော့ပြီးပြီးဆိုတော့ ဆုပေးဦးလေဘုရား "

" ဘုန်းဘုန်း ဆုမပေးတတ်ဘူး ဒကာမကြီး "

" ဘုန်းဘုန်းကလဲ ... ဆုပေးပါဘုရား "

" ဒကာမကြီး ... ဒီနေ့ ဘုန်းဘုန်း အသုဘလိုက်ပို့ဖြစ်ခဲ့တယ်.. လောကမှာ ၀ဋ်ဆိုတာ တကယ်လည်တယ် ဒကာမကြီး... ဘုန်းဘုန်းရေးခဲ့ဖူးတဲ့ ကဗျာထဲကလိုပါပဲ.. ငါမွေးတုန်းက ပျော်နေရယ်နေသူတွေကြား ငါတစ်ယောက်တည်း ငိုရတယ်... ခု ငါသေတော့ ငိုနေသူတွေကြား ငါတစ်ယောက်တည်း ပြုံးနေရတယ်... အဲ့ဒါကြောင့် ၀ဋ်ဆိုတာ တကယ်ပဲ လည်တယ်ဆိုတာ သိလိုက်ရတယ်... ဒကာမကြီး .. စိတ်ကောင်းနှလုံးကောင်းထားပါ.. အစမှာရော .. အလယ်မှာရော .. အဆုံးမှာပါ စိတ်ကောင်းထားပါ ... အဲ့ဒီလို စိတ်ကောင်းထားတဲ့သူ ဖြစ်ပါစေလို့ ဘုန်းဘုန်း ဆုပေးလိုက်မယ် "

အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက် စကားသံတို့အဆုံးမှာ ကျနော့်ရင်ထဲ ငြိမ်းချမ်းအေးမြခြင်းတွေ အစုလိုက်အပြုံလိုက် ၀င်တိုးကြတယ်။ တည်ငြိမ်ခြင်း၊ ငြိမ်သက်ခြင်း၊ အေးမြခြင်း ... အဲ့ဒါတွေကသာ ကိုယ့်ရဲ့ ပျော်ရွှင်မှုအစစ်ဖြစ်တယ်ဆိုတာ အသက်ရှူမိလေတိုင်း ကျနော် ပိုပိုသိလာနေရတယ်။

ဘ၀ဆိုတာ ....... ဘာလဲ။

အပိုင်း ( င )

ကျနော် တက္ကသိုလ်တက်နေတုန်းက ကျနော့်ညီငယ်လေးတွေကို အိမ်မှာ စာခေါ်ပြပေးဖူးပါတယ်။ ညီငယ်လေးတွေဆိုပေမယ့် ကျနော့်ထက် တစ်နှစ်ပဲငယ်ကြတဲ့ ကျနော့်ရဲ့ တစ်ဝမ်းတည်းကွဲတဲ့ ညီ မျောက်လောင်းလေးတွေပါ။ တကယ်ဆို သူတို့က ကျနော့်ထက် စာပိုတော်ကြတဲ့ ဂျီတီစီ ကျောင်းသားတွေပါ။ ဒါပေမယ့် ကျနော့်ဆီမှာ အင်္ဂလိပ်စာဘာသာရပ်ကို လာသင်ကြပါတယ်။ သူတို့က ကျနော့်ကို အတော်လေး ခင်တွယ်ကြသလို ကျနော်ကလဲ ချစ်ပါတယ်။
တစ်နေ့တော့ သူတို့ကို စာသင်ပေးရတဲ့ စာသင်ချိန်အပြီး အဲ့ဒီ အုပ်စုထဲက ကျနော့်ညီကလေး ဘိုဘိုနဲ့ ကျနော် လမ်းထိပ်ကို အမေခိုင်းလို့ သွားကြရပါတယ်။ လမ်းထိပ်ဆိုပေမယ့် ဘတ်စ်ကား၂မှတ်တိုင်ကျော်ကျော်လောက်ဝေးတာမို့ စကားတပြောပြောနဲ့ သွားရပါတယ်။ လမ်းမှာ အတွေးတွေအကြောင်း အိပ်မက်တွေအကြောင်းနဲ့ တရားသဘောတွေအကြောင်း ပြောဖြစ်ကြတော့ ဘိုဘိုက ကျနော့်ကို ပြောခဲ့ပါတယ်။

" မဇော် ... စကားမပြောတော့တဲ့အချိန်၊ တစ်ယောက်တည်း ဖြစ်နေတဲ့အချိန်တွေမှာ စိတ်ထဲကနေ ဘုရားဂုဏ်တော်ကိုးပါးကို အနက်အဓိပါယ်နဲ့အတူ ရွတ်နေကြည့်ပါ... သိပ်မတွေးဖြစ်တော့ဘူး ... ကျနော်လဲ အဲ့လိုပဲ လုပ်ဖြစ်တယ်... "

" မဇော် မြန်မာလို မရဘူးရယ် ... "

" ကျနော် ရေးပေးမယ် ... "

လမ်းသွားနေရင်းနဲ့ သူတကယ်ပဲ ကျနော့်ကို ရေးပေးပါတယ်။ လမ်းသွားရင်းနဲ့ပဲ ကျနော့်ကို တစ်ထိုင်တည်း အလွတ်ရအောင် ကျက်ခိုင်းပါတယ်။ ဘိုဘိုက ညီတွေအားလုံးထဲမှာတော့ အလိမ္မာဆုံးနဲ့ ကျနော် အချစ်ဆုံး ညီကလေးပါ။
အဲ့ဒီအချိန်ကစပြီး သတိရတိုင်း ကျနော် လုပ်ဖြစ်ခဲ့ပါတော့တယ်။

နိဒါန်း ၂

ကျနော့်ဘ၀မှာ အဲ့ဒီလို အမှတ်တမဲ့စကားလေးတွေကြောင့် ပြောင်းလဲခဲ့ရတာတွေ အတော်များများရှိခဲ့ဖူးပါပြီ။ စကားလေးတစ်ခွန်း၊ စာလေးတစ်ကြောင်းကအစ ကျနော်ချစ်မြတ်နိုးတတ်လာအောင် ကျနော့်ပတ်ဝန်းကျင်ကပဲ ကျနော့်ကို သင်ပေးခဲ့တာပါ။ အဲ့ဒီ ပတ်ဝန်းကျင်ကြောင့်ပဲ ကျနော် ထေရ၀ါဒကောင်းတစ်ယောက်၊ စာပေကို မြတ်နိုးသူတစ်ယောက် ဖြစ်ခဲ့ရပါတယ်။

ညီနေပိုင်ရဲ့ ကဗျာလေးလိုပါပဲ။

" ငါမွေးတုန်းက ပျော်နေသူတွေကြား
ငါတစ်ယောက်တည်း ငိုတယ်။
တစ်နေ့ ငိုနေသူတွေကြား
ငါတစ်ယောက်တည်း ပြုံးပြရဦးမယ် " ..... တဲ့။

ကဗျာလေးကို ပြန်ဖတ်ရင်း စိတ်ထဲကနေ အသာဖွဖွ ရွတ်ဆိုလိုက်မိပါတယ်။

" မဟာကရုဏာတော်ကြောင့် အလွန်တရာ ကြည်လင်အေးချမ်းလှစွာသော မြတ်စွာဘုရား "
" မဟာကရုဏာတော်ကြောင့် အလွန်တရာ ကြည်လင်အေးချမ်းလှစွာသော မြတ်စွာဘုရား "
" မဟာကရုဏာတော်ကြောင့် အလွန်တရာ ကြည်လင်အေးချမ်းလှစွာသော မြတ်စွာဘုရား "




ဇော်။



4 comments:

လင်းခေတ်ဒီနို said...

သူငယ်ချင်း မိတ်ဆွေ မောင်နှမ ခင်မင်တတ်လွန်းတဲ့ ငဇော် . . .

Nge Naing said...

ညီမဇော်ရေ မရောက်တာတောင် ကြာပြီ၊ စာအရေးအသားတွေ တော်တော်လေး တက်လာပါလား။ သံဝေဂစာတွေ ရေးလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ တရားရနေပြီထင်တယ်။ ကောင်းပါတယ် အစ်မလည်း အသက် နှစ်ဆယ် ပတ်ဝန်းကျင်လောက်က ဘာသာတရားကို စပြီးအလေးအနက်ထားခဲ့ပါတယ်။ အဲဒီကတည်းက ဘုရားဂုဏ်တော်တွေရဲ့ တန်ခိုးကိုပါ သိရှိခံစားခွင့်ရတာ ဘာနဲ့မှ တန်ဖိုးဖြတ်လို့မရတာ အမှန်ပဲ။ Malware ဖြစ်ပြီးနောက်ပိုင်း Link တွေ ဖြုတ်ထားတာ နောက်ပိုင်းလည်း ဘလော့ဂ်လိုက်မလည်ဖြစ်တာနဲ့ ပြန်မချိတ်ဖြစ်ဘူး။ အခုတော့ Link ပြန်ယူသွားတယ်နော့်။

Anonymous said...

အလဲ့ ...
တယ်ဟုတ်ပါလား...

mm said...

တြဖြည်းဖြည်းရင်.ကျက်လာနေပြီပေါ.။ ကောင်းလိုက်တာ။