ညီလေး
ဖြတ်ခနဲ တိုက်သွားတဲ့ လေ ဆိုတာ
မုန်တိုင်းရဲ့ အစပျိုးလဲ ဖြစ်နိုင်တယ်
အေးမြမှုရဲ့ သင်္ကေတလဲ ဖြစ်နိုင်တယ်
ဖုန်မှုန့်တွေလဲ ပါနိုင်တယ်
ရေငွေ့တွေလဲ ပါနိုင်တယ် ...။
ညီလေး
ဆေးနံ့တွေ တလူလူလွင့်နေတဲ့
သံကုတင် အဆင့်ဆင့်မှာ
အသက်ကို ၀ ၀ ရှူစမ်းပါ
ရနံ့ကို စားသုံးဖို့ လူဖြစ်ကြတာမှ မဟုတ်တာကွာ
ရဲရင့်မှပေါ့ ...။
ညီလေး
တိတ်ဆိတ်ခြင်းမှာ ကာရံတွေဟာ ပိုကြွတတ်တယ်
ဓမ္မကိုရှာဖွေဖို့ ငြိမ်းချမ်းမှုလို့လဲ ဆိုကြလေရဲ့
ဘယ်သူမှ မရှိလို့ အားငယ်မနေနဲ့
ငါတို့အားလုံး တူတူချည်းပဲ
တစ်နေ့နေ့တော့ .... ခွဲရမယ် ...။
အားတင်းထားစမ်း
မင်းရယ်နေတယ်ဆိုတာ ငါသိတယ်
ဒီလိုပေါ့ကွယ်
လင်းတလှည့် မှောင်တလှည့်မှာ
အကျင့်ကို ပျိုးဖို့ဆိုတာ
သွေးရဲဖို့တော့ လိုလိမ့်မယ် ...။
ညီလေး
စိတ်မပျက်နဲ့
ဘ၀ဟာ လှေကားထစ်ပဲ
မင်း အဲ့ဒီတောင်ကိုသာ ကျော်ခဲ့
ငါတို့ ဒီမှာ ရှိနေတယ်။
ဇော်။
(ညီနေပိုင် ဆေးရုံရောက်ခြင်း အမှတ်တရ)
No comments:
Post a Comment