အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Tuesday, April 6, 2010

ရိုးသားစွာ ငါယုံကြည်ခဲ့တယ်

ဇန်န၀ါရီတွေဟောင်းလို့ ဧပြီကိုတောင် ခုန်ကူးခဲ့ပြီ
နှင်းငွေ့တွေပျောက်လို့ ရော်ရွက်ဝါတွေတောင် ကြွေခဲ့ပြီ
အိမ်ပြန်လမ်းကိုမျှော်လင့် စောင့်စားခဲ့တဲ့နေ့ရက်တွေလဲ
တစ်နေ့ထက် တစ်နေ့ ပြောင်းခဲ့ပြန်ပြီ
ပုပ်သိုးဟောင်းနွမ်းမသွားတဲ့ အရာတွေထဲ အချိန်ဆိုတဲ့ ဒြပ်တစ်ခုကတော့
အပေါ့ဆုံးလို့ လူတိုင်းယူဆနေတဲ့ အလေးဆုံးအရာဆိုတာ
ပါးပါးလေး သဘောပေါက်မိပြန်ပါရဲ့

ဟော .. ဆောင်းခိုငှက်တွေ အိမ်ပြန်ချိန်
ဥသြငှက်တွေ ပျော်ပွဲစားထွက်ဖို့ပြင်နေကြပြီ
ကျီးတွေအာရင် ဧည့်သည်လာမယ်တဲ့
မျှော်သာမျှော် ပေါ်မလာတဲ့ ဧည့်သည်အတွက်
ရောင်နီရေးရေးလေးတောင် ထွန်းလင်းခွင့်မရခဲ့ပါလား
သည်းသည်းမဲမဲရွာတတ်တဲ့မိုးတွေတောင် (တစ်ချိန်ချိန်မှာ) စဲခွင့်ရကြသေးတယ်..
သက်တန့်ပေါ်ချိန်မှာ ရှိနေခွင့်တော့ ရချင်သေးတာပေါ့

မိုးတွေရွာတိုင်း နင့်ကိုလွမ်းတယ် ..
လွမ်းတိုင်း ငါ့မျက်ဝန်းမှာ မိုးတွေရွာတတ်ခဲ့တယ် ..

ခံစားချက်ကိုသာ ဥယျာဉ်ထဲမှာ စိုက်ပျိုးခွင့်ရမယ်ဆိုရင်
အလွမ်းပင်တွေသာ ရပ်တည်နေခဲ့တော့မှာ
ရိုးရာမပျက်တဲ့ အဆင်အလာတွေက ရိုးရာကို စောင့်ထိန်းနေပြန်ရဲ့
ရာဇ၀င်မှာ ခူးဆွတ်ခံဖို့ ပန်းတစ်ပွင့် (သခင့်အတွက်) ပွင့်နေခဲ့တာကြာပြီ
ဟော .. ပြောရင်းဆိုရင် ပထမဆုံး နှင်းပွင့်တွေကို ဖြန့်ကျဲဖို့ တိမ်တွေတောင် အရှိန်ယူနေကြပြန်ပြီ
ဥသြငှက်တွေ အလည်လွန်လို့ ဆောင်းခိုငှက်တွေ အိပ်တန်းက ထွက်ခဲ့ကြပြန်ပြီ
ရာသီတွေ ပြောင်းလို့ သစ်ကိုင်းတွေတောင် ခိုတွဲကျကုန်ပြီ
ငါ့မျက်ဝန်းမှာတော့ ဥတုတစ်ခုထဲ ရပ်တည်နေဆဲပဲ

ချစ်သူရယ်
သုံညဆိုတဲ့ဂဏန်းတစ်လုံးမှာ ဘာများ အထင်ကြီးစရာ ရှိနေသေးလို့လဲလေ
တကယ်က သုညဆိုတာ
(ဘာမှမသိခြင်းရဲ့)
တန်ဖိုးမဲ့မဟုတ်လား ..

8 comments:

အနှိုင်းမဲ့ said...

ငါ့မျက်ဝန်းမှာတော့ ဥတုတစ်ခုထဲ ရပ်တည်နေဆဲပဲ...တဲ့

လွမ်းစရာကောင်းလိုက်တဲ့ကဗျာလေးပဲ..ဇော်
အရမ်းကြိုက်လို့ print ထုတ်လိုက်ပြီ..:)

အိုက်ခီလောက် said...

လာဖတ်သွားတယ် မပြောလိုပါ မဝေဖန်လို ပါ
အရသာလေးပေါ့သွားမယ် ဒါပဲ

Anonymous said...

တစ်နေ့ထက် တစ်နေ့ ပြောင်းခဲ့ပြန်ပြီ
ပုပ်သိုးဟောင်းနွမ်းမသွားတဲ့ အရာတွေထဲ အချိန်ဆိုတဲ့ ဒြပ်တစ်ခုကတော့
အပေါ့ဆုံးလို့ လူတိုင်းယူဆနေတဲ့ အလေးဆုံးအရာဆိုတာ
ပါးပါးလေး သဘောပေါက်မိပြန်ပါရဲ့

မိဇော်ရေးချက်ကတော့ ပြောင်မြောက်လွန်းတယ်

Anonymous said...

တစ်ချို့ကပြောတယ်..
ကဗျာဆန်တာ သိပ်နုတာပဲတဲ့..
ကျနော်ကတော့ ကဗျာဆန်ရင် သိပ်နုတာပဲလို့မပြောချင်ဘူး..။ ကဗျာဆန်တယ်ဆိုတာ ခံစားချက်တွေကို စကားလုံးလေးတစ်လုံးခြင်းစီက အစ လေးနက်စေတာပဲလေ...။ အခုလဲကျနော့်သူငယ်ချင်းလေး ခံစားချက်တွေ အရမ်းလေးနက်နေပြီထင်တယ်ဗျ.. သူ့စကားလုံးလေးတွေ အရမ်းကဗျာဆန်လွန်းတယ်..။
(killer4luv)

လင်းခေတ်ဒီနို said...

ငဇော်ရေ အကို ဘလော့လေးပြောင်းထားတယ် လင့်လေးပြောင်းချိတ်ပေးပါနော် နတ်ဆိုးကြီး သေသွားပီးလေ ကလိလိုက်တာ ဘလော့ကြီးပျက်သွားတယ် . . . .

အနှိုင်းမဲ့ said...

မန်းပြန်တော့မှာမလို့
ဇော်ကို ရေလာလောင်းတာ.. :)

ဇော် said...

killer ဆိုတဲ့ မင်းရေ ..
ငါ့ရင်ထဲကို နင်တစ်ယောက်သာ မြင်နိုင်မယ်ထင်ပါရဲ့ .. ငါက နင့်ဆီက စာကိုမျှော်နေတာ .. နင်ပြန်သွားရင် နင့်ကွန်းမန့်ကို ရတော့မှာ မဟုတ်ဘူးဆိုတာ ငါသိပါတယ် .. ဒါပေမယ့် နင့်ဆီက မေးလ်ကနေ ပို့လာမယ့် မှတ်ချက်တွေတော့ ငါ့ရင်ထဲမှာ သိမ်းထားချင်တယ် .. သင်္ကြန်မိုးသီချင်းအတွက် နင့်ကို သိပ်ကျေးဇူးတင်တယ် .. နင်ကိုယ်တိုင်ဆိုတဲ့သီချင်းတိုင်းကို ငါသိပ်တန်ဖိုးထားပါတယ်ဟာ .. နင်က ငါ့ကို သင်္ကြန်တစ်ခုအတွက် အမှတ်တရ ဖြစ်စေခဲ့ပြန်ပြီ .. =)

ညလင်းအိမ် said...

ကဗျာ တပိုဒ်လုံးကို ကောင်းတယ် ဇော်ရေ ...
လွမ်းမောဖွယ်ကောင်းအောင် ရေးတက်လိုက်တာဗျာ ...