အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Tuesday, April 13, 2010

ရေစိုအလွမ်း

အခုအချိန်ဆို
အဝေးက ရွှေရောင်ကောင်းကင်မှာ
မြို့မငြိမ်းရဲ့ သီချင်းသံတစ်ချို့
လွင့်ပျံနေလောက်ရောပေါ့..

ဥသြကတော့
သူလိုကိုယ်လို ငှက်ကလေးတစ်ကောင်ပါပဲ..
ဒီတိုင်းပြည်လေးရဲ့ နွေအလှကိုဖေါ်ညွှန်းပြဖို့
သူကတာဝန်ယူထားလေရဲ့..

လွမ်းတယ်..
လေရူးတွေကြားက လက်ဆေးမိုးရဲ့ရနံ့တွေကိုလွမ်းတယ်..
ပင်လုံးကျွတ်ပွင့်တော့မယ့် ရွှေဝါရောင်ပန်းလေးတွေကို လွမ်းတယ်..
လမ်းထိပ်က အုန်းလက်မဏ္ဍပ်လေးကို လွမ်းတယ်..
မုန့်လုံးရေပေါ်ကို လွမ်းတယ်..
ပါးထက်က ရေစိုနေတဲ့ပါးကွက်ကြားကြားလေးကို လွမ်းတယ်..

တာဝန်ဆိုတဲ့
ခေါင်းစဉ်ကြီးကြီးနဲ့ စာအုပ်ထူထူတွေကြားမှာ ညှပ်ထားတာတောင်
ဘ၀က ခေါက်ရိုးမကျချင်သေးဘူး..
ပိတောက်တွေရဲ့ အိပ်မက်မှာ
ဒီကောင်ပါခွင့်မရတာ
နွေအဆက်ဆက်တောင် ကြာပြီလေ...။

မင်း


5 comments:

လင်းခေတ်ဒီနို said...

အဝေးက ရွှေရောင်ကောင်းကင်မှာ
မြို့မငြိမ်းရဲ့ သီချင်းသံတစ်ချို့
လွင့်ပျံနေလောက်ရောပေါ့..

ငဇော် သိပ်မပြောနဲ့ အကို ပြန်ချင်စိတ်မနည်းထိန်းထားရတာနော် . . . . .

ညလင်းအိမ် said...

အခုအချိန်ဆို
အဝေးက ရွှေရောင်ကောင်းကင်မှာ
မြို့မငြိမ်းရဲ့ သီချင်းသံတစ်ချို့
လွင့်ပျံနေလောက်ရောပေါ့..


ကောင်းလိုက်တာ အစတစ်ပိုဒ်နဲ့တင် လူကို မှိုင်ကျသွားစေတယ် ...

ပိတောက်တွေရဲ့ အိပ်မက်မှာ
ဒီကောင်ပါခွင့်မရတာ
နွေအဆက်ဆက်တောင် ကြာပြီလေ...။


:)))

Angel Shaper said...

ရေစိုအလွမ်းတွေ ရေစီးထဲမျှောပါသွားပါစေ။
နှစ်သစ်မှာပျော်ရွှင်ပါစေ။

ဧရာဝတီသား said...

"မင်း" ရဲ့ ကဗျာလေးလား၊ စာသားလေးတွေ လှလိုက်တာ။ ပထမဆုံး အပိုဒ်က အထိဆုံးပဲ။

ခံစားချက်တွေကတော့ ရင်နဲ့ တထပ်တည်းပဲ ညီဇော်ရေ ...၊ စာမြည်၊ ကဗျာမြောက်အောင် မဖွဲ့တတ်တဲ့ ကိုယ့်ရင်ထဲက ခံစားချက်တွေကို သိပ်လှတဲ့ စာသားလေးတွေနဲ့ ဖွဲ့ပြ သွားတာ ... နှစ်သက်လွန်းလို့ အကြိမ်ကြိမ် ပြုံးမိတယ်။

မင်္ဂလာ နှစ်သစ် ဖြစ်ပါစေ ညီဇော်။ ညီ့ သူငယ်ချင်း "မင်း" နဲ့ "လင်းစက်ရာ" တို့ကိုလည်း လူမသိပေမယ့် ဒီဘလော့ပေါ်ကနေ စာတွေကို ရင်းနှီးနေလို့ နှုတ်ခွန်းဆက် သွားပါတယ်လို့။ အားလုံး ပျော်ရွှင် ကြပါစေ။

ကိုလေး ဧရာ

အနှိုင်းမဲ့ said...

စကားလုံးလေးတွေကတော့ ရွှေလိုပဲ..
စလုံးတိုင်းက အဖိုးတန်တယ်...။