အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Monday, April 26, 2010

မှားနေတဲ့ကဗျာ

ခေါက်သိမ်းထားတဲ့
နေ့ရက်အမှားတွေက
မဲ့ပြုံးတွေနဲ့ သိုသိုသိပ်သိပ်
လိပ်ပြာတစ်ကောင်လို
အတောင်ပိတ် နှုတ်ဆိတ်နေကြ
ညကိုသရုပ်ဆောင်ထားတဲ့
ဒီပြဇာတ်က
မိုးသောက်မှထွက်မယ်
မှားနေတဲ့နွေ
ဆောင်းရဲ့ ဒီညမှာ
ခဏလာနေခဲ့လား..
ခြောက်သွေ့
အက်ကွဲ
အသိဥာဏ်တွေမွဲလို့
စကားလုံးတစ်ချို့ရဲ့ အရိပ်ကို
အမှောင်မှာ ကုန်းရုန်းရှာ
သွေးတစ်စက်ရဲ့ ရင့်ကျက်ခြင်းလို
အတိမ်အနက်ကို နားမလည်
လှမ်းတတ်နေရင်း နိမ့်ကျခဲ့ရ
အ၀င်အထွက်တိုင်းမှာ
အသက်ရှုသံ အမှား
စည်းချက်တိုင်းမှာ
နှလုံးခုန်သံ အမှား
မှင်နီတွေတားထားရက်နဲ့
ဒီစာသားထဲမှာပဲ အကြိမ်ကြိမ်ထပ်မှား
တစ်ကွက်မှားတော့
ကိုယ်တိုင်စားဖို့ ထိုးကျွေးရမယ့်ကျား
ဘယ်ခြေနဲ့ အရင်သွားသွား
နာရီအကြီးအသေးပဲကွာမယ်
တစ်စက္ကန့်ရဲ့ အကွာအဝေးကတော့
မှားနေကျအတိုင်း
မှားမနေခဲ့ပါ
အသိမှားတွေသာ
စည်စည်ကားကား
လာရာလမ်းကို နောက်ပြန်သွားနေကြပြီ။

မင်း

3 comments:

လင်းခေတ်ဒီနို said...

မှင်နီတွေတားထားရက်နဲ့
ဒီစာသားထဲမှာပဲ အကြိမ်ကြိမ်ထပ်မှား

ဟုတ်တယ် . . . မှားနေဆဲပါပဲး))))

အနှိုင်းမဲ့ said...

ကဗျာလေးကကောင်းလိုက်တာနော်...
လူတိုင်းကမှားနေတာပါပဲလေ....
အမှားတွေထဲမှာပဲ အသက်ရှင်နေကြရတာ..။
ကဗျာလေးမှားနေလဲ ကောင်းတာပဲ..
အားပေးနေမယ်..ဇော်ရေ

ညလင်းအိမ် said...

မှားတယ် ဇော်ရေ ...
အခါခါကို မှားတယ် ...
မှားပြီးရင် မှားတယ် ...
မှားနေဆဲ မှားနေအုန်းမှာပါလား ...