အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Wednesday, December 15, 2010

သစ္စာ၌ ဆန္ဒကို တည်သောအခါ .....

ငါ
အမှတ်မရှိ
အဆုံးအစမဲ့ ဒီခရီးကို
(နောင်တမဲ့)
ထွက်ခဲ့မိတယ်။

မပီပြင်တဲ့ လမ်းကြမ်းတွေထဲ
ပြိုတလှည့် ပျက်တလှည့်
လင်းတလှည့် မှောင်တလှည့်နဲ့
စမ်းတ၀ါးဝါး ငါလျှောက်နေခဲ့ရတယ်။

အနံ့အသက်ဆိုးဝါး
ပုပ်လျှလွန်းတဲ့ ဒီနွံတလွှားမှာ
ကူကယ်ရာလဲ မဲ့လှတယ်။

ဝင်သက်ထွက်သက်ကိုမှ
မသိနိုင်တဲ့ သြကာသထဲ
စွဲလန်းခြင်း ပိုက်ကွန်
အတောမသတ်နိုင်တဲ့
ဒီလောဘတွေနဲ့
ငါ ... လုံးပါး ပါးခဲ့တော့မယ်။

နိုးထခြင်းနဲ့ အိပ်စက်ခြင်းကြား
ကိုယ့်ကိုယ်ကိုယ် မေ့လျော့
သတိကိုမှ မသိနိုင်ဘဲ
ကျော့ကွင်းတွေနဲ့ ၀င်တိုးရင်းက
ငါ ...
အကြိမ်ကြိမ် သေဆုံးနေတယ်။

တောက်လောင်မှုတွေ
မီးလျှံရဲ့အဟုန်နဲ့
ပူပြင်းလောင်မြိုက်
မငြိမ်းတဲ့ အဇ္ဖျတ္တကမ္ဘာမှာ
ငါ ...
လူဖြစ်ရတာ မောတယ်။

ရလိုမှုနဲ့ မက်မောမှုတွေ
ငါ့အား အထပ်ထပ်ရစ်သိုင်း
ငါ့ ခြေလှမ်းတွေ ယိုင်နဲ့ခဲ့ရပြီ။

ငါနဲ့ငါ့ အကြားမှာ
လူးလားခေါက်တုံ့
ဒွေးရောယှက်တင်
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့
စိတ္တဇလဲ ပီသခဲ့ပါပြီ။

အတ္တဟိတနဲ့ ပရဟိတ
သိသလိုလို မသိသလိုလိုနဲ့
သမုဒိသစ္စာနဲ့ ပရမတ္တသစ္စာအကြား
နက်နက်ရှိုင်းရှိုင်း
သမုဒ္ဒရာဆန်စွာ
ငါ ... နစ်မွန်းနေခဲ့ပြီ။

အရှင်
အလင်းကို ပြသောသူ ဖြစ်ပါလော့
အရှင်လျှောက်သောလမ်း၌
ငါ့အား .. တောင်ဝှေးဖြစ်ခွင့် ရှိပါရစေ။

နွေရာသီရဲ့ သစ်တစ်ပင်လို
ရွက်ဟောင်းတွေကြွေ
ရွက်သစ် ဝေမှာကိုလဲ
ငါ စိုးပါရဲ့။

ဒီနေ့မဟုတ်တဲ့ နံနက်ဖြန်အတွက်
(စိုးထိတ်ရင်ပူ)
ပုထုဇဉ်ဆန်ဆန်
အတွေးအကြံတွေလဲ မဖြစ်ရစေ။

လိမ်ညာလှည့်စား
မရိုးဖြောင့်ခြင်းတွေကြားက
အစာတစ်လုတ်အတွက်
အဲ့ဒီ မိုးခါးရေတစ်ခွက်ကို
ငါ မမြိုရပါလို
ငါ့ကို လမ်းပြပေးလှည့်ပါ။

ဆူညံပေါက်ကွဲ
နာခံရာခက်
အရိုင်းဆန်ဆန် သံစဉ်တွေကြားမှာမှ
ငါ့အား တိတ်ဆိတ်ခြင်းလဲ ရှိပါရစေ။

ငြိမ့်ညောင်းနှစ်လိုဖွယ်
ချိုသာယစ်မူး
ပျိုမြစ်မှု ဂီတတွေကြားမှာမှ
ငါ့အား ငြိမ်သက်ခြင်းလဲ ရှိပါရစေ။

အရှင်
ငါ မောလှပါပြီ
ထွန်ယက်မှုလဲ မလုပ်ရစေ
ပျိုးကြဲမှုလဲ ကင်းရစေ
အရှင်ညွှန်ပြရာ ခရီးလမ်းမှာ
ငါ ....
ဥပေက္ခာကို အဖော်ပြုရင်း
သတိတစ်ခုကိုသာ
ကိုင်စွဲထားခဲ့ချင်ပါပြီ။

ငြိမ်သက်ခြင်း သစ်သားနဲ့
စပ်ထားခဲ့တဲ့ ဒီအခေါင်းမှာ
ငါ့ အတ္တခန္ဒာကို ထည့်သိုရင်း
တိတ်တဆိတ်ပဲ
ငါ့ကိုယ်ငါ သရဏဂုံ တင်ခဲ့ပါရစေ။

ငြိမ်းချမ်းသောသူသည် ငြိမ်းချမ်းရာသို့ သွားရာ၏။

အရှင်
ငါ၏ ရင်သည် မီးထက် အဆတစ်ရာ ပူသော
လောင်ကျွမ်းမှုမျိုးဖြင့် ရှိပါ၏
မငြိမ်းသောမီး၌
ငါ့အား တွဲလက်ကို ကမ်းပါလော့...

အရှင်
ငါ့အား ခေါ်ဆောင်ရာသို့ တည်ပါစေ။

ဖတ်ဖူသော ကဗျာထဲကလို
ငါကား ငြိမ်း၏
မီးကား မငြိမ်းတော့ချေ။

ဇော်။

5 comments:

လင်းခေတ်ဒီနို said...

သိပ်ကောင်းတဲ့ ကဗျာလေး . . .

အရှင် ငါကာငြိမ်း၏
မီးကာ မငြိမ်းတော့ချေ တဲ့လား

သုံးသွားတဲ့ စကားလုံးတွေ အသက်ဝင်လွန်းတယ်

ရလိုမှုနဲ့ မက်မောမှုတွေ
ငါ့အား အထပ်ထပ်ရစ်သိုင်း
ငါ့ ခြေလှမ်းတွေ ယိုင်နဲ့ခဲ့ရပြီတဲ့လား

သိပ်ကို ခံစားချက် ၀င်တဲ့ ကဗျာလေး

း)

ခင်မင်တဲ့
ကိုရှိန်

နွေဆူးလင်္ကာ said...

မီးသတ်ခေါ်လိုက်လေ :-)

Anonymous said...

တော်တော်လေးကောင်းတဲ့စာသားလေးတွေပဲ
အင်းဟုတ်တယ် သတ္တ၀ါတွေရဲ့ခန္ဒာအိမ်ပဲခဏခဏငြိမ်း
နေတယ် သူ့လောင်တဲ့မီးတော့ဘယ်တုန်းကမှမငြိမ်းဘူး
လောင်လျက်ပါပဲ လောင်စာရှိရင်တော့မီးကလောင်နေမှာ
ပါပဲ

Anonymous said...

ရေးတတ်ပါပေတယ်လေ ...

Beauty Studio USA Branded Store said...

ကဗျာက အရမ်းထိတယ် ဇော်ရေ။